Thursday, July 23, 2020

ကျွန်ုပ်၊ ပုံစံ (၁၅) နှင့် မြန်မာနိုင်ငံ ရုံးပြင်ကနားများ အကြောင်း

(၁)

၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ပရောက်နိုင်ငံသားများ မဲပေးနိုင်စေရေးအတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးသို့ ပုံစံ (၁၅) ဖြင့် လျှောက်ထားရ၏။ 

ဂဏန်း၊​ ပုတ်သင်၊ ဝါးပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ တည်းဟူသော လူ (၆) မျိုးထဲ၌ပါသည့် ဟိုအကောင်များ နောက် တစ်ခေါက် ပြန်ရောက်လာမည်ကို သေမလောက် ကြောက်လှသော ကျွန်ုပ်သည်လည်း စင်ကာပူရှိ မြန်မာနိုင်ငံသားများ မဲပေးနိုင်ရေးအတွက် တတ်စွမ်းသမျှ အကူအညီ ပေးနေပါ၏။ ကျွန်ုပ်အကူအညီပေးသလို သူတို့အချင်းချင်းလည်း အကူအညီပေးကြပါ၏။ တစ်ယောက်က နီးစပ်ရာသူငယ်ချင်းများထံမှ အချက်အလက်များစုကာ ကျွန်ုပ်ဆီ ပို့ပေး၏။ 

များသောအားဖြင့် အကူအညီတောင်းခံလာသူများမှာ အလုပ်သမားများ၊ အိမ်အကူများ ဖြစ်သဖြင့် ပညာနည်းသူများ ဖြစ်ကြ၏။ သို့အတွက် ပြဿနာပေါင်းစုံလည်း တွေ့ရ၏။

ပုံစံ (၁၅) တွင်ဖြည့်ရသည့်အချက်အလက်များမှာ သိပ်မများသလို လူတိုင်းသိနိုင်သည့် ယေဘူယျအချက်အလက်များ လည်း ဖြစ်၏။ ကိုယ့်နာမည်၊ မိဘများနာမည်၊ ကိုယ့်မွေးသက္ကရာဇ်၊ ကိုယ့်မှတ်ပုံတင်နံပါတ်၊ မြန်မာပြည် နေရပ်လိပ်စာ၊ စင်ကာပူနေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ လက်မှတ် . . သည်မျှသာဖြစ်ပါ၏။ ပညာအခြေခံလေး အနည်းအပါးမျှ ရှိလျှင်ပင် သည်အချက်များကို ဘယ်စာရွက်စာတမ်းမှ လှန်စရာမလိုဘဲ သည်အတိုင်း ကောက်ကက် ဖြည့်လိုက်လို့ ရသည်သာ ဖြစ်၏။

သို့သော် ၎င်းတို့အတွက်မူ အဲသလောက် မလွယ်ပါ။

နေရပ်လိပ်စာပေးတော့ ဒက္ခိဏခရိုင်၊ နေပြည်တော် ဟု ပေး၏။ 
ရပ်ကွက်ပါတော့ လမ်းနာမည်မပါ၊ အိမ်နံပါတ်မပါ။
အိမ်နံပါတ်၊ လမ်းနာမည်ပါတော့ ရပ်ကွက်မပါ။
တချို့ကျတော့ မြို့နယ်ပဲပါသည်။ ပြည်နယ်/တိုင်း မပါ။
တချို့ကျတော့ ပြည်နယ်/တိုင်း ပါပါ၏။ မြို့နယ်မပါ။
ရွာကလူတွေအများစုက ကျေးရွာအုပ်စု ထည့်မပေး။
ကျေးရွာအုပ်စုဆိုတာကိုတောင် မသိသူများလည်း ပါ၏။

စင်ကာပူက လိပ်စာကျတော့ postal code ကို ကိုယ့်ဘာသာရှာထည့်ရသည်။ အဲသလောက်က ပြဿနာမရှိပါ။

နောက်ပြီး မှတ်ပုံတင်နံပါတ် . . 
တချို့ကျတော့ ရှေ့က တိုင်း/ပြည်နယ် ဂဏန်းတွေမပါ။
တချို့ကျတော့ နောက်က ဂဏန်းတွေမပါ။
ဟဲ့၊ ဂဏန်းတွေမပါဘူး၊ ပြန်တောင်းပေးအုံးဆိုတော့ တောင်းပေးပါ၏။
မသင်္ကာလို့ အဲဒါ ဘယ်သူ့နံပါတ်တွေလဲ မေးတော့ သူ့အဖေနံပါတ် ဟု ဆို၏။
ဟဲ့ . . . သူ့အဖေနံပါတ်ကို ငါက နင့်ဂျီးဒေါ် သွားပေးရမှာလား။ သူ့နံပါတ်တောင်းပေး ဟု ဒေါကန်ရပြန်၏။

လက်မှတ်ထိုးပေးပါဆိုတော့ ထိုးပေးပါ၏။ 
လက်မှတ်က ပုရွက်ဆိတ်၏ လက်သန်း လက်သည်းခွံလောက်သာ ရှိ၏။
ဟဲ့ . . လက်မှတ်တောင်းနေတယ်လေ . . ဆိုတော့ . . ဟင်၊ အဲဒီမှာ ပေးပြီးပြီ ဆို၏။
သူပြောလို့ အတင်းပြူးပြဲပြီးလိုက်ရှာတော့ ဟို့ . . . . . . .. စာရွက်အောက်ဆုံးမှာ အပိန်ဆုံးနှမ်းစေ့၏ သုံးပုံတစ်ပုံမျှရှိသော လက်မှတ်ကို မြင်ရ၏။ 
အဲသလောက် အကြီးကြီးထိုးရသလား၊ မင်ကုန်နေမယ်။ ခပ်သေးသေးပဲထိုးပေး ဆိုတော့ ရယ်နေသည့် အီမိုဂျီလေးပို့၏။
ကျွန်ုပ်မှာ အငိုမျက်လုံး၊ အပြုံးမျက်နှာ ဖြစ်ရပြန်၏။

ပတ်စ်ပို့၊ workpass များအား ဓာတ်ပုံရိုက်တာကိုလည်း ဘယ်လိုရိုက်ပါဟု အသေအချာ ညွှန်ပြထားပါ၏။ သို့သော် ကျွန်ုပ်ရေးထားတာကို ဘယ်နှယောက်များ ဖတ်ပါသနည်း။ ဓာတ်ပုံကလည်း ဒီဇိုင်းမျိုးစုံနှင့်လာ၏။
အချို့ဓာတ်ပုံများမှာ ကျွန်ုပ်သား၏ နှာခေါင်းပေါက်ဝလောက်သာ ရှိ၏။
အတော်များများ ပုံများကတော့ တစောင်းဖီလာများ ဖြစ်၏။

ဟိုတစ်ယောက်ကတော့ ပတ်စ်ပို့ဓာတ်ပုံပို့ပါဆိုတော့ ပို့ပါ၏။ တကယ့် ပတ်စ်ပို့ဆိုဒ်ရိုက်ထားသည့် ဓာတ်ပုံပို့၏။ အောင်မယ် နက်ခတိုင်တွေ၊ ကုတ်တွေနဲ့ မောင်မင်းကြီးသားက ခန့်ခန့်ကြီးပါလားဗျို့။
ကိုယ့်လူ၊ ပတ်စ်ပို့ဓာတ်ပုံတောင်းနေတယ် ဆိုတော့ ပို့ပြီးပြီဆရာ၊ အဲဒီမှာ နှစ်ယောက်စလုံးပုံ ပို့ထားတယ် ဆို၏။
ဟုတ်ပါ့၊ နောက်တစ်ယောက်မှာ ဖီးမေးဖြစ်၏။ ကုတ်နှင့်၊ ပြင်ဆင်ထားတော့ တကယ့် အလန်း။
နာ ရှင်ချင်တယ်။ အဲဒီဓာတ်ပုံပြောတာမဟုတ်ဘူး လကွ။
ကိုရင့် ပတ်စ်ပို့စာအုပ်ကိုယူ။ အလင်းရောင်ကောင်းကောင်းရတဲ့နေရာကိုသွား။ ဓာတ်ပုံပါတဲ့စာမျက်နှာကိုလှန်။
ဖုန်းကိုယူပြီး ရိုက်ပို့ဟု သေသေချာချာပြောမှ ပတ်စ်ပို့စာအုပ်ပုံ ရ၏။

ဟမ်မှာလှေးလှေး။ မလွယ်။ မလွယ်။ တကယ့်ကို မလွယ်။

သူတို့ဘာသာ ပုံစံတွေဖြည့်ပြီး သံရုံးကို ကိုယ်တိုင်သာ သွားတင်လျှင်ဖြင့် . . . 
တွေးကြည့်ရုံဖြင့် သံရုံးကလူတွေကို ကျွန်ုပ် အလွန်သနားမိလေတော့၏။

(၂)

အမှန်က သနားမိသည်မှာ ကိုယ့်ကိုယ်ကိုယ် ဖြစ်၏။

မြန်မာပြည် အစိုးရရုံးကလူတွေ ဘာကြောင့် သည်မျှ စနစ်ဆွေး၊ ခေတ်ဆွေးကြီးကို မက်မောတွယ်တာနေကြပါလိမ့်ဟု ကျွန်ုပ် ယနေ့ထိတိုင် တွေးလို့မရ။

မြန်မာပြည်ထဲက အစိုးရရုံးတွေကိုတော့ ထားလိုက်ပါတော့။ ဘယ်တိုင်းပြည်မှ မရောက်ဖူးလို့။ သူများတွေ ဘာတွေ လုပ်နေတယ်ဆိုတာကို မလေ့လာဘဲ ၁၉ ရာစုလယ်လောက်က စနစ်ဆွေး၊ ခေတ်ဆွေးထဲမှာ အိပ်ပျော်နေတုံးမို့ ထားပါတော့။ ထားလိုက်ပါတော့။ ကိုယ်ဘာမှတတ်နိုင်သည့် ကိစ္စမဟုတ်လို့ မနိုင့်ရင်ကာ ခွင့်လွှတ်နိုင်ပါသေးသည်။

စင်ကာပူနိုင်ငံထဲမှာရှိနေပြီး စင်ကာပူနိုင်ငံမှာ နေနေသည့်လူများဖြစ်နေသည့်တိုင် စင်ကာပူနိုင်ငံ၊ မြန်မာသံရုံးက လူတွေသည် မြန်မာပြည်က ၁၉ ရာစုစနစ်တွေအတိုင်း လိုက်လုပ်နေတာကိုဖြင့် ကျွန်ုပ်မှာ အသည်းယားလှ၊ အဲလေ တစ်ကိုယ်လုံး ယားလှ၏။

ကျောင်းအပ်တွေ လက်ခံပြီဆိုတော့ ဟိုတစ်နေ့က သားအတွက် (မြန်မာပြည်အစိုးရကျောင်း) ကျောင်းသွားအပ်၏။
ကျောင်းအပ်ရာတွင် ပူးတွဲပေးပို့ရသည့် စာရွက်စာတမ်းများမှာ . . . 
ကျောင်းသား၏ ပတ်စ်ပို့ နှင့် Student Pass 
အဖေ၏ ပတ်စ်ပို့ နှင့် စင်ကာပူတွင်နေသည့် အထောက်အထား (PR Card)
အမေ၏ ပတ်စ်ပို့ နှင့် စင်ကာပူတွင်နေသည့် အထောက်အထား (PR Card)
(ယခုမှ စာတစ်ရွက်လျော့သွားတာ ဖြစ်၏။ ယခင်အခါကာလများက သံရုံးသို့သွားလျှင် အခွန်ဆောင်ထားသည့် စာရွက်များပါ ယူသွားရလေ့ရှိ၏။ ဘာမှ $$ရေးပါသည့် လုပ်ရပ်မဟုတ်။)
စုစုပေါင်း (၃) စုံတင်ရတာဆိုတော့ စာရွက်များမှာ မနည်းလှ။

ကျွန်ုပ်က အိမ်ပေါ်တွင် စားလိုက်၊ အိပ်လိုက်၊ ဂိမ်းဆော့လိုက်နှင့် အလွန်ဇိမ်ကျနေသော ခန္ဓာကိုယ် ကီလို ၁၀၀ လောက် ရှိသည့် မယားပါတူကို လွှတ်လိုက်၏။
သံရုံးရောက်တော့ ဖုံးဆက်၏။ ပုံစံ (၇) ပေးပါဆိုလား။ 
ပုံစံ (၇) ဆိုသည်မှာ Re-entry permit ဖြစ်၏။ 
ဤသည်မှာ ဘာမှ $$ရေးမပါသည့် လုပ်ရပ်ဖြစ်၏။ Re-entry permit မရှိဘဲ စင်ကာပူအစိုးရက နေခွင့်ပေးထားသည် လို့များ ထင်နေသလား မပြောတတ်။ နောက်ပြီး မိတ္တူကူးခက တစ်မျက်နှာ ငါးမူးခင်ဗျ။
(ဗမာပြည်ကနေ စင်ကာပူပြန်လာတော့လည်း လေဆိပ်မှာ ပတ်စ်ပို့နှင့်အတူ Re-entry permit ကို တောင်း၏။ ကာယကံရှင်နိုင်ငံဖြစ်သည့် စင်ကာပူကတောင်မှ တစ်ခါမှ Re-entry permit ကို မတောင်းဖူးပါ။ အဲသဟာကို မြန်မာပြည်က တောင်းရသည်ဆိုတော့ ဩော် - သူရို့နိုင်ငံသားတွေကို ဟိုတိုင်းပြည်ဝင်ခွင့်မရရှာမှာ စိတ်ပူပေးသဟဲ့ ဟု ကျွန်ုပ်မှာ သူတို့ကို ကျေးဇူးတင်ရမည့်အစား မလိုအပ်သည့် ၆လုပ်များ လုပ်ခြင်းအတွက် ခေါင်းကို သုံးချက်လောက် ခေါက်ချင်မိလေ၏။)

သည် ပုံစံ (၁၅) တင်တာ၊ ကျောင်းအပ်တာတို့ကို ကျွန်ုပ်သာ လုပ်ခွင့်ရမည်ဆိုလျှင် ဘာမှ သည်လောက် ၆လုပ် ရှုပ်စရာ အကြောင်းမရှိပါ။ သည်ခေတ်ကြီးမှာ ပုံစံဖြည့်တာ၊ စာရွက်စာတမ်းတွေ attach လုပ်တင်တာတို့ကို ဘာမှ စာရွက်ကြီး ပရင့်ထုတ်၊ လက်မှတ်ထိုးနေစရာမလို။ အင်တာနက်ဖောင်ဖြည့်တာသည် ဘယ် ဟိုက်ယားတက်ခနော်လော်ဂျီ (တံတွေး စင်လိုက်တာကွာ၊ ငါ့လခွမ်းတဲ့မှ) မှ မလိုပါ။ ပီဘိ ဘေ့ဇစ် အလုပ်များ ဖြစ်၏။ သင်တို့မလုပ်တတ်လျှင် အကူအညီ တောင်းလိုက်ပါ။ စင်ကာပူတွင် ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ့်နွားကျောင်းပေးမည့်သူတွေ ရိုက်သတ်လို့ မကုန်နိုင်အောင် ရှိ၏။

၎င်းတို့သည် အဘယ်ကြောင့် သစ်တောပြုန်းတီးမည့် အလုပ်များကို လုပ်ချင်နေရသည် ဆိုခြင်းကို ကျွန်ုပ် နဖူးပေါ် လက်တင်၍သော်လည်းကောင်း၊ လက်ပေါ် နဖူးတင်၍သော်လည်းကောင်း အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်မိ၏။ ဘယ်လိုမှ အဖြေမထွက်။ 

၎င်းတို့သည် အဘယ်ကြောင့် စာရွက်ကြီးများကို လှန်ကြည့်ရမှ အားရပါးရ ရှိရပါသနည်း။ ငွေသားကို ပွတ်ကြည့်လိုက်ရမှ ပယ်ပယ်နယ်နယ် ရှိရပါသနည်း။ 

သံရုံးတွင် ဘဏ်စာရင်းတစ်ခု ဖွင့်ထားလိုက်ပြီး အွန်လိုင်းငွေလွှဲသည့်စနစ် လုပ်ထားလိုက်ပါက သံရုံးသို့ ငွေသွင်းစရာ ရှိလျှင် ထမင်းစားနေရင်း လွှဲလို့ရသည်။ ဘတ်စကား၊ ရထားစီးရင်းလွှဲလို့ရသည်။ ကောင်လေးနှင့် အီစီကလီ လုပ်နေရင်း လွှဲလို့ရသည်။ သူငယ်ချင်းများနှင့် ဘီယာသောက်နေရင်း လွှဲလို့ရသည်။ ယုတ်စွအဆုံး အီးပါနေရင်းတောင် လွှဲလို့ရသည်။
ဘာမှ သည်မျှ ဝေးလံခေါင်ဖျားလှသည့် နေရာကြီးကို တကူးတက သွားနေစရာမလို။

(၃)

ထို့ကြောင့် NLD ကိုသာ မဲထည့်ကြပါကုန်။ (ဟင် . . . . မင်းဟာကလည်း အရင်းမရှိ၊ အဖျားမရှိ။) ဆောရီး။

ငါ့ကိုက ကုသိုလ်ကံဆိုးလှပါတယ် . . အီးဟီးဟီး . . . . . 
ဟုသာ ငိုချင်းချလိုက်ကြပါကုန်။

ဝမ်းနည်းပါသည်။

အေးငြိမ်း
၂၃ ဇူလိုင်၊ ၂၀၂၀

No comments: