Sunday, July 5, 2020

Risk Management Course အကြောင်း

Risk Management သင်တန်းအတွက် စာရင်းပေးကြတော့ အတော်များများက အောက်မှာ message လေးတွေပါ ရေးခဲ့ကြပါတယ်။ ဟိုတစ်နေ့ကလည်း တစ်ခါပြောခဲ့ပါတယ်။ Message တွေ ဖတ်ကြည့်တော့ ဒီသင်တန်းအပေါ် သူတို့ တော်တော်လေး မျှော်လင့်ထားတာ တွေ့ရသလို။ ဒီ သင်တန်းတက်ပြီးရင်တော့ ငါတို့ Risk Assessment ကို ကိုယ်ကိုယ်တိုင် ရေးတတ်တော့မကွ လို့ တွက်ထားကြတယ်လဲ ထင်ပါရဲ့။ ဆိုတော့ ကျွန်တော် နည်းနည်းတော့ စိုးရိမ်ပူပန်မိပါတယ်။

ကျွန်တော် ဒီသင်တန်းကို ၈ နာရီ သတ်မှတ်တာဟာ စင်ကာပူကအတိုင်း သတ်မှတ်ထားတာပါ။ စင်ကာပူက Risk Management သင်တန်းကလည်း တစ်ရက်စာ၊ ၈ နာရီပါဘဲ။ စင်ကာပူက သင်တန်းကတော့ သူတို့က နည်းနည်းလေးပဲ ရှင်းပြပြီး ကျန်တာ အကုန် ကိုယ့်ဘာသာကိုယ် လုပ်ခိုင်းတာပါ။ Hazard ကို ကိုယ့်ဘာသာရှာခိုင်းတယ်။ Risk ကို ကိုယ့်ဘာသာ Assess လုပ်ရတယ်။ Risk Assessment ကိုယ့်ဘာသာ ရေးရတယ်။ 

ကျွန်တော် ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့က နေပြည်တော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှာ Risk Management သင်တန်း သွားပေးဖူးပါတယ်။ အဲဒီတုံးကလည်း သူတို့ကို Hazard Identification သင်ပေးလိုက်။​ အဖွဲ့လိုက် လက်တွေ့ လုပ်ခိုင်းလိုက်နဲ့ တော်တော် အဆင်ပြေပါတယ်။ သူတို့လည်း တစ်ခါတည်း နားလည်သွားတာပေါ့။

ဒါပေမယ့် အခုကျတော့ အဲသလိုလုပ်ဖို့ လွယ်မယ်မဟုတ်ပါဘူး။ Zoom က hangout group ဖွဲ့လုပ်ဖို့ ကြံပါတယ်။ ဒါပေမယ့် ကျွန်တော်ပေးထားတဲ့ဇယားကို ဖြည့်ဘို့က ကွန်ပြူတာနဲ့မှ အဆင်ပြေမယ်။ ဖုန်းနဲ့ဆို အဆင်မပြေလောက်ဘူး ထင်တယ်။ မပြောတတ်ဘူး။ လူချင်းတွေ့သင်ရရင်တော့ စာရွက်ပေါ်ချရေးခိုင်း။ လိုတာပြပေး ဆို ပိုအဆင်ပြေတယ်။

ဖုန်းနဲ့ join မယ့်သူတွေ Office (word, excel) ကို ဖတ်ဘို့ WPS Office application ကို install လုပ်ထားဘို့ လိုပါတယ်။ ပိုက်ဆံမပေးရပါဘူး။ အခမဲ့ပါ။ အဲဒါမှ ကျွန်တော်ပေးထားတဲ့ Risk Assessment template ကို ဖွင့်လို့၊ ပုံစံမှာ ဖြည့်ဘို့ အဆင်ပြေပါလိမ့်မယ်။ နို့မို့ ရေးလို့ရမှာ မဟုတ်ဘူး။ 

အမှန်တကယ်ပြောရရင် Risk Assessment ရေးဘို့ဆိုတာ တော်ရုံတန်ရုံ သိရုံ တတ်ရုံနဲ့ မရပါဘူး။

မှန်ကန်၊ ကောင်းမွန်၊ ပြည့်စုံတဲ့ Risk Assessment ရေးဘို့အတွက် ကိုယ်လုပ်မယ့်လုပ်ငန်းကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် သိနေဘို့ လိုပါတယ်။ Technically strong ဖြစ်ရမယ်။ လုပ်ငန်းအဆင့်တိုင်းကို အသေးစိတ် သိရမယ်။ နောက်ပြီးတော့ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဗဟုသုတလည်း ရှိအုံးမှ။ ဒါမှသာ အဲဒီလုပ်ငန်းမှာ ဘယ်လို အန္တရာယ်တွေရှိတယ်။ အဲဒီအန္တရာယ်တွေကို ဘယ်လိုထိန်းချုပ်ရမယ် ဆိုတာ သိမှာပါ။ အဲဒါတွေသိရမှာက အရင်ဖြစ်ပြီး
Risk Management သင်တန်းက နောက်ဆုံးအဆင့်ပါ။

Hazard တို့၊ Control measure တို့တော့ သိပါရဲ့။ Risk Management သင်တန်း မတက်ပြန်ရင်လည်း Risk Assessment ရေးဘို့ မလွယ်ပြန်ပါဘူး။ ဆိုတော့ အဘက်ဘက်က ပြည့်စုံရမယ်ဆိုတဲ့ သဘောပါ။ 

ဟိုတစ်နေ့က Integrated Management System သင်တန်းတုံးက ကျွန်တော် လူအများနားလည်နိုင်တဲ့ အထည်ချုပ် လုပ်ငန်းကို ဥပမာပေးခဲ့ပါတယ်။

အထည်ချုပ်လုပ်ငန်းအတွက် Risk Assessment ရေးမယ် ဆိုပါတော့။
အဲဒီအထည်ချုပ်လုပ်ငန်းရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အရင်ဆုံးသိထားရပါမယ်။
(ကျွန်တော်က အထည်ချုပ်လုပ်ငန်းကို လုပ်ဖူးတာမဟုတ်တော့ ဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်နဲ့ အန္တရာယ်တွေကို မှန်းဆပြီး ပြောတာပါ။ တကယ့်လက်တွေ့လုပ်ငန်းနဲ့ ကွဲလွဲမှုရှိနိုင်ပါတယ်။)

အထည်ချုပ်လုပ်ငန်းမှာ လုပ်ငန်းစဉ်အဆင့်ဆင့်က -

၁။ အထည်တွေ စက်ရုံကို ရောက်လာမယ်။​ အဲဒီအထည်ထုပ်တွေကို ဖောက်ကလစ်နဲ့မ,ပြီး ဂိုဒေါင်ထဲ သွင်းမယ်။
၂။ ဂိုဒေါင်ထဲက အထည်ထုပ်တွေကို အထည်ချုပ်တဲ့စက်ရုံကို သယ်လာမယ်။
၃။ အထည်တွေကို ချုပ်မယ့်အဝတ်ပုံစံ တိုင်းထွာပြီး စက်နဲ့ဖြတ်မယ်။
၄။ ဖြတ်ပြီးသား အဝတ်စတွေကို စက်ပေါ်တင် ချုပ်မယ်။
၅။ ချုပ်ပြီးသားအထည်တွေကို အဝတ်လျှော်စက်ပို့ပြီး လျှော်မယ်။ မီးပူတိုက်မယ်။ ခေါက်မယ်။ ထုပ်ပိုးမယ်။
၆။ ထုပ်ပြီးသား အထည်ထုပ်တွေကို ဂိုဒေါင်ပို့မယ်။ ဂိုဒေါင်မှာ သူ့နေရာနဲ့သူ အုပ်စုလိုက်ထားမယ်။
၇။ အထည်တွေကို မှာထားတဲ့သူတွေဆီ ပို့မယ်။
၈။ စက်ရုံမှာ သန့်ရှင်းရေးလုပ်မယ်။
၉။ အထည်ချုပ်စက်တွေ ပျက်တဲ့အခါ ပြင်မယ်။
၁၀။ အထည်ချုပ်စက်တွေကို ကြံ့ခိုင်ရေးလုပ်မယ်။

အဲဒီ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို အင်္ဂလိပ်လို Process လို့ ခေါ်ပါတယ်။
အဲဒါကြောင့် Risk Assessment ရေးတဲ့အခါကျတော့ Process နေရာမှာ အထည်ချုပ်လုပ်ငန်း လို့ ထည့်ရမှာပေါ့။

အဲဒီ process ကြီးတစ်ခုလုံးမှာ လုပ်ငန်းတွေ ထပ်ခွဲလိုက်ရင် အပေါ်မှာ ပြထားတဲ့အတိုင်း (၁၀) ခုရမယ်။
အဲဒီတစ်ခုချင်းမှာလည်း အသေးစိတ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိတယ်။

ဥပမာ ပစ္စည်းတွေစက်ရုံရောက်လာတော့ လော်ရီကားကြီးတွေနဲ့ ရောက်လာမယ်။ လော်ရီကားကြီးပေါ်က အထည်ထုပ်တွေကို ဖောက်ကလစ်နဲ့ သယ်မယ်။ ဂိုဒေါင်ရောက်တော့ ဂိုဒေါင်မှူးက စစ်ဆေးပြီးလက်ခံမယ်။ နောက်ပြီး ဒီအထုပ်က ဘယ်နေရာမှာထား စသဖြင့် ညွှန်ကြားမယ်။ အလုပ်သမားတွေက သူပြောတဲ့အတိုင်း လုပ်ရမယ်။ 
အဲသလို အဲဒီလုပ်ငန်းကို ဘယ်လိုလုပ်ရမလဲလို့ ရေးထားတာကိုကျတော့ Method statement လို့ ခေါ်တယ်။
တစ်နည်းပြောရရင် Method Statement ဆိုတာ လုပ်ငန်းလုပ်ပုံအဆင့်ဆင့် ပဲ။
အဲဒါကြောင့် ပြည့်ပြည့်စုံစုံ ရေးထားတဲ့ method statement သာရှိရင် အလုပ်သမားဟာ ဘာမှ မလုပ်တတ်စရာမရှိဘူး။

အဲသလိုလုပ်တဲ့အခါမှာ အန္တရာယ်မရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကျတော့ Safe Work Procedure လို့ ခေါ်ပါတယ်။
ပစ္စည်းတွေကို လော်ရီပေါ်ကနေ ဖောက်ကလစ်နဲ့မ,ပြီး ဂိုဒေါင်ကို သယ်တဲ့အခါ ဘယ်လိုအန္တရာယ်ကင်းရေး စည်းမျဉ်း တွေကို လိုက်နာရမလဲ။ အထည်ထုပ်တွေကို ဂိုဒေါင်ထဲမှာ စင်ပေါ်တင်တဲ့အခါ အန္တရာယ်ကင်းအောင် ဘယ်လို တင်ရမလဲ။ အဲဒါက Safe Work Procedure ပါ။

အဲဒီအတွက် အထည်ချုပ်လုပ်ငန်းမှာ method statement (၁၀) ခု၊ Safe Work Procedure (၁၀) ခုရှိရမယ်။

Risk Assessment ကျတော့ ခုနင်က ပြောခဲ့တဲ့ လုပ်ငန်းစဉ် (၁၀) ခုကို (၁) ကနေ (၁၀) ထိ စဉ်ပြီး ရေးသွားရတယ်။ 
နောက်ပြီး လုပ်ငန်း (၁) ကိုလုပ်ရင် ဘယ်လို အန္တရာယ်တွေဖြစ်နိုင်တယ်။ အဲဒီအန္တရာယ်တွေက ဘယ်လောက် ပြင်းထန်တယ်၊ အဲဒီအန္တရာယ်တွေကို ဘယ်လိုထိန်းရမယ်၊ ဘယ်သူ့မှာ တာဝန်ရှိတယ်၊ ဘယ်အချိန်မှာ လုပ်ရမယ် စတာတွေကို အကုန်ဖော်ပြရတယ်။ ဖြစ်နိုင်တဲ့အန္တရာယ်အကုန်ထည့်ရတယ်။ ရနိုင်သမျှ ထိန်းချုပ်ရေးနည်းလမ်း အကုန် ဖော်ပြရတယ်။  

လုပ်ငန်း (၁) ကနေ (၁၀)​ ထိလည်း စုံသွားရော အဲဒီ Risk Assessment ထဲမှာ အဲဒီ အထည်ချုပ်စက်ရုံကြီး တစ်ခုလုံးမှာ ဖြစ်နိုင်တဲ့ အန္တရာယ်တွေရော၊ အန္တရာယ်ထိန်းချုပ်နည်းတွေရော အကုန်လုံးပါပြီးသား ဖြစ်သွားပြီ။ ကျွမ်းကျင် လိမ္မာတဲ့ Supervisor တွေ အနေနဲ့ အဲဒီ Risk Assessment ကို ဖတ်ပြီး လိုက်လုပ်သွားရုံဘဲ။ ဘာကို ဘယ်လိုလုပ်ရမလဲလို့ ခေါင်းစား နေစရာမလိုတော့ဘူး။

ဟာ - မင်းဟာက လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဆိုတော့ Risk Assessment (RA) ကြီးက အရမ်းထူနေ၊ များနေမှာပေါ့။ ဖတ်ရ ဘယ်လွယ်မတုံး။

ဟုတ်ပါ့။ ကျွန်တော်က နမူနာ ပြောပြတာပါ။

အဲဒီတော့ ဖတ်ရ၊ မှတ်ရလွယ်သွားအောင် -
လုပ်ငန်း (၁) ကို RA 001
လုပ်ငန်း (၂) ကို RA 002
လုပ်ငန်း (၃) ကို RA 003 . . စသဖြင့် လုပ်ငန်း (၁၀) ခုအတွက် RA (10) ခု ရေးလို့ရပါတယ်ဗျာ။

RA 001 ကို စတိုမန်နေဂျာက ကိုင်။
RA 003 ကို အထည်ချုပ် စူပါဗိုက်ဆာက ကိုင် ပြီး အလုပ်လုပ်လို့ရသပေါ့။

အဲဒီအတွက် Method Statement, Safe Work Procedure, RA တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ လုပ်ငန်းမှန်သမျှ ဘယ်လုပ်ငန်းမဆို အဲဒီ စာရွက်စာတမ်း (၃) ခုဟာဖြင့် မရှိမဖြစ် လိုပါတယ်။

အဲဒါဟာ ကျွန်တော် Risk Management မှာ သင်မယ့် အကြောင်း အကျဉ်းချုပ်ပါဘဲ။
ဒါကိုကြည့်ခြင်းအားဖြင့် Risk Assessment ရေးဘို့ သိပ်မလွယ်လှဘူးဆိုတာ သိနိုင်ပါတယ်။
လုပ်ငန်းခွင်ထဲမှာ လက်တွေ့လုပ်တဲ့ လုပ်ငန်းအတွေ့အကြုံမရှိသူတစ်ယောက်အဖို့ Risk Assessment ရေးဘို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ 
ရေးတယ်ဆိုရင်လည်း သူရေးတဲ့ Risk Assessment ဟာ အင်္ဂါဂြိုဟ်သားရဲ့ပုံကို စိတ်ကူးနဲ့မှန်းရေးတဲ့ ပန်းချီဆရာရဲ့ ပန်းချီကားချပ်လို ဖြစ်နေမှာပါဘဲ။

သင်တန်းနေ့မှ ထပ်ပြောကြသေးတာပေါ့။ နည်းနည်းတော့ နားငြီးလိမ့်မယ်ဆိုတာ ကြိုပြောထားပါရစေ။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၅ ဇူလိုင် ၂၀၂၀

No comments: