(၁) ကျွန်ုပ်တို့ရွာ
--------------------
ကျွန်ုပ်တို့ရွာမှာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဝါးတောကွင်းကျေးရွာ ဖြစ်၏။ ကြွားရမည်ဆိုလျှင် ကျွန်ုပ်တို့ရွာမှာ လေးမျက်နှာမြို့နယ်အဆုံး၊ အနောက်ရိုးမတောင်ခြေတွင်ရှိပြီး ကျွန်ုပ်တို့ရွာ၏ ဟိုမှာဘက်တွင် ဘာရွာမှ မရှိတော့ဘဲ တောကြီးမျက်မည်းသာ ရှိတော့၏။
(တောကြီးမျက်မည်းဆိုသည်မှာ ယခင် ကျွန်ုပ်တို့ငယ်စဉ်အခါကာလက ဖြစ်ပြီး ယခုမတော့ မြန်မာနိုင်ငံမှ အခြား ဒေသများနည်းတူ အဘတို့ကောင်းမှုဖြင့် တောလည်းမကြီး၊ မျက်လည်း မမည်းနိုင်တော့ဘဲ တောလေးမျက်ဖြူ ဖြစ်နေချေပြီ။ ဤကား စကားချပ်)
ကျွန်ုပ်တို့ရွာမှနေ၍ အနောက်ရိုးမကို တစ်ညအိပ်မျှကျော်လျှင် ရခိုင်ပြည်နယ် ဂွမြို့သို့ ရောက်သည်ဟု ကျွန်ုပ်တို့ ရွာသားများ ပြောသံကြားဖူးပါ၏။
ကျွန်ုပ်မှာ ငယ်စဉ်က ရိုးမတွင်းဝင်ပြီး ကျားဖမ်းဘို့ စိတ်ကူးယဉ်မိသေးသော်လည်း ထိုစဉ်က ကတွတ်ပီမှာ မသေးမျှင်နှင့် မငြားသေးသောကြောင့် အမဲပစ်ထွက်ရန် နားပူမည့်သူမရှိ။ လူပျိုပီပီ ရွာရိုးကိုးပေါက်လျှောက်ကာ အချိန်ဖြုန်းနေသဖြင့် ကျွန်ုပ်မှာ တောပစ်ထွက်ရန် အဖော်မရှိ၍ ကျားပစ်မည့်အကြံကို လက်လျှော့ထားရခြင်း ဖြစ်လေသည်။ အဖော်လိုက်မည့် ဗိုက်ကလေးမှာလည်း ထိုစဉ်က ပုဆိုးကွင်းသိုင်းကာ ဂွေးတန်းလန်းနှင့် ဂွေလှိမ့်တုံးပင် ရှိသေး၏။
တောင်ရိုးနား ကပ်နေပေမင့် ကျွန်ုပ်တို့ရွာမှာ ရွာကြီးဖြစ်၏။ ဗကပ သူပုန်များကို နှိမ်နှင်းရန် ဆင်မင်းစစ်ဆင်ရေးဖြင့် စစ်တပ်က ရွာကို အသစ်ပြန်တည်ပေးသွားသည်ဖြစ်ရာ ရွာမှာ လေးထောင့်စပ်စပ် ပုံကျပန်းကျဖြစ်၏။
ရွာမှာ နီလာလမ်း ၊ဆင်မင်းလမ်း၊ ချစ်မြေလမ်းတည်းဟူသော အလျားလိုက် လမ်းမကြီး သုံးခု။ ပတ္တမြားလမ်း၊ ရွှေလမ်း၊ရတနာလမ်းတည်းဟူသော ကန့်လန့်ဖြတ်လမ်းမကြီး သုံးခု၊ ထိုလမ်းမကြီးများအကြားတွင် မိုးထိလမ်း၊ ကျိန်တလီလမ်း၊ သံလမ်း၊ ကိုင်းတောင်လမ်း စသော လမ်းသွယ်ကလေး ၁၀ ခု၊ အိမ်ယာကွက်ပေါင်း ၂၂၈ ကွက်တို့ဖြင့် စနစ်တကျ တည်ထားတာ ဖြစ်၏။
ရွာလယ်တွင် ဘုန်းတော်ကြီးကျောင်း၊ ဘောလုံးကွင်း၊ အစိုးရမူလတန်းကျောင်း၊ ဆေးခန်း၊ သမဝါယမဆိုင်၊ စာကြည့်တိုက်၊ ဈေးနေရာ စသဖြင့် အစုံရှိ၏။
အဘယ်ကြောင့် ကျွန်ုပ်တို့ရွာအကြောင်းကို ဤမျှ ကြွားလုံးထုတ်နေရသနည်း ဆိုလျှင် ကျွန်ုပ် ယခုပြောပြမည့် အကြောင်းအရာမှာ ယုံတမ်းပုံပြင်မဟုတ်။ ဤမည်သော ဝါးတောကွင်းရွာကြီးမှ တကယ့် အဖြစ်အပျက်ဖြစ်ကြောင်း သက်သေထူလို၍ ဖြစ်သတည်း။
(၂) သူတို့ညီအစ်ကိုတစ်သိုက်
-----------------------------------
ကာယကံရှင်များ၏ ဂုဏ်သိက္ခာကို ထောက်ရှု၍ နာမည်ရင်းများကို မဖော်ပြဘဲ နာမည်ပြောင်များဖြင့်သာ ပြောပါအံ့။ သည်ဇာတ်လမ်းကို ဖတ်မိလျှင် သူတို့ ဘယ်သူဆိုတာ ကျွန်ုပ်တို့ရွာသားများကတော့ ကောင်းကောင်း သိပါသည်။
ကျွန်ုပ် ယခုပြောရခြင်းမှာ ၎င်းတို့ကို သိက္ခာချလို၍ မဟုတ်။ အဘယ်ကြောင့်ဆိုသည်ကို စာဆုံးလျှင် မိတ်ဆွေတို့ နားလည်သွားပါလိမ့်မည်။
အဖေနာမည်ကို မြန်မာပြည်မှ ကျောင်းသားများ၏ ဘုံအဖေ ဖြစ်သော “ဦးဘ” ကို ယူသုံးပါမည်။ မိခင်ကတော့ “ဒေါ်ညို” ပေါ့ဗျာ။
(စာရေးခါနီး သူတို့နာမည်တွေ မေ့နေလို့ နှမတွေကို လှမ်းမေးရသေးတယ်။)
ဦးဘ နှင့် ဒေါ်ညိုတို့တွင် သားသုံးယောက်၊ သမီးနှစ်ယောက် ရှိ၏။
သားများကို မောင်ဝ၊ မောင်လှ၊ မောင်မြ ဟု နာမည်ပေးပါမည်။ သမီးများမှာ ဤဇာတ်လမ်းနှင့်မဆိုင်သဖြင့် မေ့ထားကြပါစို့။
မောင်ဝ၊ မောင်လှ၊ မောင်မြတို့ ညီအစ်ကို သုံးဖော်မှာ ဇ ရှိသူများဖြစ်၏။
တောသူတောင်သားတို့သဘာဝ အိမ်ကိုဧည့်သည်လာလျှင် အိမ်မှကြက်ကို ရိုက်သတ်ကာ ချက်ကျွေးလေ့ရှိ၏။
တောဖြစ်၍ ဟင်းကျွေး ငတ်လှသည်။
ထို့ကြောင့် မောင်ဝ၊ မောင်လှ၊ မောင်မြတို့ ညီအစ်ကိုများမှာ ဧည့်သည်မျှော်လေ့ရှိ၏။
သို့သော် သူတို့အိမ် ရောက်လာသည့် ဧည့်သည်များမှာ မသက်သာလှပါ။
ဧည့်သည်များ ကြက်သားဟင်းနှင့် လွေးကောင်းနေတုံး မောင်ဝတို့ ညီအစ်ကိုတစုက အိမ်အောက်မှနေ၍ “ဒို့ဘို့ချန်ထားအုံး၊” “ဒို့ဘို့ ချန်ထားအုံး” နှင့် ဧည့်သည်များ၏ ဖင်ကို ဒုတ်နှင့် ထိုးကာ သတိပေးကြ၏။
(တောဆိုတော့ လျှပ်စစ်မီး မရှိသဖြင့် အဲယားကွန်းတပ်မည့် အကြံကို လက်လျှော့ကာ သဘာဝ လေဝင်လေထွက် ကောင်းအောင် ဝါးကြမ်းခင်း ခင်းထားကြတာ ဖြစ်၏။)
သည်တော့ စားပါအုံးဟု အိမ်ရှင်များက လောကွတ်ချော်သည့်တိုင် ဧည့်သည်များမှာ မချိသွားဖြဲနှင့် ဝလိုက်ရသည်ချည်း ဖြစ်၏။
ယောင်လို့များ ငှက်ပျောဖီးများဝယ်ကာ ယူမလာလေနှင့်။ အိမ်ပေါ်မှာ စကားကောင်းနေတုံး မောင်မြတို့ညီအစ်ကို တစ်စုက အိမ်အောက်မှနေကာ ငှက်ပျောသီးများကို ခြွေစားပြီးနှင့်လေပြီ။ ကိုင်း - စကားလဲ ကောင်းပါရဲ့။ ပြန်လိုက်အုံးမယ်ဟု အိမ်ပေါ်မှဆင်းကာ ငှက်ပျောဖီးကို ဆွဲလိုက်လျှင် ငှက်ပျောဖီးမှာ အသီးများ ပျောက်ချင်းမလှပျောက်လျက် အညှာများသာကျန်တာ တွေ့ရလိမ့်မည်။
ဤမျှဆိုလျှင်ပင် မောင်ဝ၊ မောင်လှ၊ မောင်မြတို့ ညီအစ်ကိုများအကြောင်း အတန်အသင့် ရိပ်မိပြီ။
(၃) ဖျောက်ရခက်လှသည့် ဝါသနာ
------------------------------------------
၎င်းတို့၏ အဖေ၊ အမေ၊ နှမများမှာ ရိုးသားသူများ ဖြစ်သည့်တိုင် မောင်ဝ၊ မောင်လှ၊ မောင်မြတို့ ညီအစ်ကိုတသိုက်မှာမူ ဘယ်ဘဝက ပါရမီကြောင့်မသိ။ ခိုးတာ အလွန်ဝါသနာပါလှ၏။
ခိုးတာမိ၏။ အပြစ်ပေး၏။ သို့သော် နောက်တစ်ခါ ပြန်ခိုးတာသာ ဖြစ်လေသည်။
သို့တိုင် ရွာမှာ သူတို့ညီအစ်ကိုများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသည်၊ ခွန်းကြီးခွန်းငယ် စကားများကြရသည်ဟု တစ်ခါဖူးမှ ကျွန်ုပ် မကြားမိခဲ့ဖူးပါ။ သူတို့က ဝါသနာအရသာ ခိုးတာဖြစ်ပြီး တပါးသူနစ်နာလောက်အောင် ခိုးတာ မဟုတ်၍ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်က ငယ်သေးတော့ မသိပါ။
သူတို့ညီအစ်ကိုတစ်သိုက် ဘုန်းကြီးကျောင်းတွင် ကျောင်းတက်နေစဉ် တစ်ခါသော် မောင်လှကို ခိုးမှုဖြင့် လက်ပူးလက်ကြပ် မိသည်ဆို၏။
သည်တော့ ဆရာတော်ဘုရားက “သည်လောက် ခိုးချင်လှတဲ့ကောင်၊ မှတ်လောက်သားလောက်ရှိအောင် ဆုံးမမှဘဲ” ဆိုကာ မောင်လှကို တိုင်တွင်ဖက်စေလျက် ကြိမ်ဖြင့် အသားကုန် သမလေ၏။
မောင်လှလည်း အောင်မယ်လေး၊ ဘလေးဖြင့် ကော့နေအောင် ခံရ၏။
ရိုက်လို့မောသွားတော့ ဆရာတော်ဘုရားက မောင်လှကို ကြမ်းပြင်ပေါ်ချကာ မေး၏။
“ဟဲ့ - ငလှ”
“ဘုရား”
“နင် နောက်ကို ခိုးချင်စိတ် ရှိသေးရဲ့လား”
“မှန်လှပါ၊ နည်းနည်းတော့ ရှိပါသေးတယ် ဘုရား”
ကြိမ်ဖြင့် အသားကုန်သမလို့ သေလုမျောပါးဖြစ်နေတာတောင် ခိုးချင်စိတ် မပျောက်သေးသည့် မောင်လှကို ဆရာတော်လည်း လက်မြှောက်လိုက်ရလေသတည်း။
(၄) ယုံရခက်သူများ
------------------------
နိဂုံးချုပ်ပါမည်။
“သည်တစ်ခါတော့ ကျွန်တော်တို့ မခိုးတော့ပါဘူး ခင်ဗျ” ဆိုသံ သဲ့သဲ့ကြားမိလိုက်ပါ၏။
စားနေကျ ကြောင်ဖားများမှာ ဘယ်လို အချောင်စားရမည်ကို သိနေသဖြင့် ကြွက်မခုတ်တော့ဘဲ ခိုးစားဘို့သာ ချောင်းနေတတ်ပါသည်။
ခိုးဖူးသူများသည်လည်း မခိုးတော့ပါဘူးဟု မည်မျှပင် ကြိမ်ပြောနေသည်ဖြစ်စေ အချိန်တန်တော့ ခိုးမှာသာ ဖြစ်၏။
မြေကြီးကို လက်နှင့်ပုတ်က လွဲချင်လွဲဦးမည်။
အနို့ အကျင့်က ပါနေသကိုး။
သည်တော့ သင်တို့သည် သူခိုးကို ဘဏ္ဍာစိုးမခန့်မိဘို့ အရေးကြီးလှ၏။
ခိုးတာဝါသနာပါနေသဖြင့် သူတို့ကို မခိုးပါနှင့်ဟု ရှိခိုးတောင်းပန်နေလို့မရ။
သူတို့ကို ခိုးခွင့်မရအောင် တားဆီးဘို့အရေးမှာ သင်တို့ ကျွန်ုပ်တို့အရေး ဖြစ်ချေသည်။
သည်မျှဆိုလျှင် အဘယ်ကြောင့် သည်စာကို ကျွန်ုပ် ရေးရကြောင်း သင်တို့ သဘောပေါက်ပါပြီ။
သူတို့အကြောင်းကို ခုတုံးလုပ်ကာ ရေးသဖြင့် ကိုလှတို့ညီအစ်ကိုတစ်သိုက် ကျွန်ုပ်ကို စိတ်မခုဟု ယူဆပါသည်။
ကျွန်ုပ်သည်ပင်လျှင် အသက် ၆၀ ပြည့်တော့မှာမို့ သူတို့လည်း အသက် ၇၀ ကျော်နေပါရော့မည်။ ရှိရော ရှိကြသေးရဲ့လား မသိ။
သူခိုးများအသင်း မဲထည့်ခြင်း၊ ကင်းရှင်းကြပါစေ
အေးငြိမ်း
၆ ဩဂုတ်လ၊ ၂၀၂၀
No comments:
Post a Comment