ကျွန်ုပ်
မြန်မာပြည်ပြန်သည့်အခါများတွင် ဟောပြောပွဲများလုပ်ခြင်း၊
သင်တန်းများပို့ချခြင်းတို့မှာ လုပ်ရိုးလုပ်စဉ် အလုပ်များ ဖြစ်၏။
သို့အတွက်
ယခုတစ်ခေါက် ပြန်သည့်အခါတွင်လည်း ဟောပြောပွဲများ၊ သင်တန်းများ လုပ်၏။
အစက
ရန်ကုန်တွင် ဟောပြောပွဲတစ်ခုသာ လုပ်ဖို့ဖြစ်၏။
ပြောမည့်
အကြောင်းအရာမှာလည်း Internation Standard for Occupational Health and Safety (ISO
45001) အကြောင်း ဖြစ်၏။
ကိုနေမျိုးမောင်က
ခင်ဗျား၊ ရောက်တုံးရောက်ခိုက် UMFCCI မှာလည်း seminar တစ်ခုလုပ်ပါလားဗျာ . . ဟု
ဆိုလာသည် နှင့် ကျွန်ုပ်က အဲသဟာဆို 30/11/19, UMFCCI မှာ Safety Engineering
အကြောင်း ပြောမယ် ဟု လုပ်ပြန်၏။
ဆရာနေက
သဘောမတူ။
ဖိတ်မှာက
အလတ်စား၊ အသေးစား လုပ်ငန်းရှင်တွေဗျ။ ခင်ဗျား Safety Engineering အကြောင်း
သူတို့နားလည် မှာမဟုတ်ဘူး။ ခင်ဗျားရေးထားတဲ့ Safety Management System for SME
အကြောင်းလုပ်ဗျာ။ အဲဒါဆို သူတို့နဲ့ ပို ကိုက်ညီတယ်။
သို့နှင့်
UMFCCI တွင် Safety Management System for SME နှင့် အင်ဂျင်နီယာအသင်း တွင် Safety
Engineering အကြောင်းပြောရန် သဘောတူလိုက်ကြ၏။
အစကတော့
Safety Engineering ဆိုတော့ သူတို့အဖို့ အသစ်အဆန်း ဖြစ်နေမှာပဲ။ မေးခွန်းတွေမေးကြ၊
ပြန်ဖြေကြနဲ့ အတော်စည်ကားလိမ့်မယ် ဟု ထင်ခဲ့မိ၏။ သို့သော် ဤမျှမျှော်မှန်းမိခြင်းကား
ကျွန်ုပ်၏ ရူးမိုက်မှုသာ ဖြစ်ချေသည်။
ပထမနေ့
UMFCCI seminar တွင် အစပိုင်း၌ တော်တော်များများ လာသည်တွေ့၍ ဝမ်းသာမိပါ၏။ သို့သော်
ကိစ္စများမြောင် လူတို့ဘောင် ဟူသည့် ဆိုစကားရှိသည့်အတိုင်း ဟောပြောပွဲတစ်ဝက်ခန့်၌
အစားအသောက်ဖြင့် ဧည့်ခံအပြီးတွင် မိမိတို့ မိသားစုအရေး၊ သားရေးသမီးရေး
စသည်တို့ဆောင်ရွက်ရန် သုံးပုံတစ်ပုံခန့်မှာ ပြန်သွားချေပြီ။
ထို့နောက်
ကျွန်ုပ်လေကြောရှည်နေသည်ကို မစောင့်နိုင်ကြကုန်သော ပိတ်သတ်အချို့မှာ ထ ပြန်ကုန်ကြပြန်သည်ဖြစ်ရာ
ဟောပြောပွဲ ပြီးခါနီးတွင်မူ မူလပိတ်သတ်၏ ထက်ဝက်ခန့်ပင် အနိုင်နိုင် ကျန်ရလေသော
ဟူသတတ်။
မေးကြပါ၊
မေးကြပါဆိုတော့ တစ်ဦးစနှစ်ဦးစ ထ မေး၏။
အကောင်းကြီးမဟုတ်သည့်တိုင်
ကျွန်တော် ကျေနပ်ပါသည်။
သတ်ပုံမှားသည်မှာ
ဒုတိယနေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းချုပ်၌ ပြုလုပ်သော Introduction to
Safety Engineering ဟောပြောပွဲ ဖြစ်၏။ လာကြသူများထဲ၌ ကျွန်ုပ်မိတ်ဆွေများကိုလည်း
တွေ့ရ၏။
CPD
တန်ခိုးနှင့် ခန်းလုံးပြည့်မျှလာကြ၏။
နောက်ပြီးတော့
တစ်ယောက်မှလည်း ထ မပြန်ကြပါခင်ဗျား။
အနို့
မပြန်ဆို CPD Hr ဆိုတာကြီးက ဟောပြောပွဲပြီးမှ ထုတ်ပေးသဟာကိုး ခင်ဗျ။
ကျွန်ုပ်က
တစ်ခန်းပြီးတိုင်းတစ်ခါ မရှင်းတာ၊ မေးစရာရှိတာတွေရှိရင် မေးကြပါ။
ပိုက်ဆံမပေးရပါဘူး . . ဟု ပြော၏။ သို့တိုင် ဘာမှမမေးကြေးဟု တိုင်ပင်ထားကြသည့်အလား
တစ်ယောက်မှ တုတ်တုတ်မလှုပ်ပါ။ ဒေါ်မြမြဝင်း၏ အမျိုးသားက ဘွိုင်လာအန္တရာယ်ကင်းရေးနှင့်
ပတ်သက်၍ မေး၏။ ရှားရှားပါးပါး မေးသူများအနက် နောက် တစ်ယောက်မှာ safety
သမားဖြစ်ပါသည်။
ဝမ်းနည်းစရာကောင်းသည်မှာ
ကျွန်ုပ်က ချောင်းများဆိုး၍ အသံများပင် ဝင်နေသည်ဖြစ်စေ၊ ကြိုးစားပမ်းစားနှင့်
အသံကို ဖျစ်ညှစ်ထုတ်ကာ ပြောနေလင့်ကစား လူကြီးလူကောင်း ၂၀ ခန့်မှာ
အခန်းပြင်သို့ထွက်လျက် ဖုန်းပွတ်သူက ပွတ်သည်။ ရှေးဟောင်းနှောင်းဖြစ်များ ပြောသူက
ပြောသည်။ တချို့ဆို တခေါခေါနှင့်ဟောက်ကာ အိပ်လိုက်တာများ လွန်ခဲ့သည့်
သုံးနှစ်အတွင်း တစ်ညမှ မအိပ်ခဲ့ရသေးသူအလား ဖြစ်ဘိသည် ဆို၏။ (သည်အကြောင်းများကို
အဘယ်ကြောင့် ကျွန်ုပ် သိရသနည်းဟူမူ ကျွန်ုပ်၏ စာအုပ်များကို ရောင်းရန်
အခန်းအပြင်တွင် ကျွန်ုပ်လူများ စောင့်ဆိုင်းနေသောကြောင့် သူတို့ ပြန်ပြောပြ၍
သိရခြင်း ဖြစ်ပါသည်။)
ဆရာ့ပွဲမို့လို့
အဲသလောက်ပဲ အပြင်မှာ တွေ့ရတာ။ တချို့ပွဲတွေများဆို အခန်းထဲမှာ
တစ်ဝက်လောက်ပဲရှိပြီး အကုန် အခန်းအပြင်ထွက်နေကြတာ။ တချို့ဆို အပြင်သွားနေပြီး
ပွဲပြီးခါနီးကျမှ CPD လက်မှတ်လာယူကြတာတွေတောင် ရှိတယ်။ မြတ်စွာဘုရား
ဟောပြောပွဲပြီးတော့
ကျွန်ုပ်မိတ်ဆွေက သူတို့ကို အလှူငွေထည့်ရမယ်လို့ ပြောတယ် ဟု ဆိုလှာ၏။ ဘယ်လောက်တုံး
ဆိုတော့ ၅ သိန်း တဲ့။ ငမ်
အလှူငွေဆိုတာ
ကိုယ်စေတနာရှိသလောက် ထည့်ရမှာမဟုတ်ဘူးလား။ ၅ သိန်းထည့်ပါဆိုတာကတော့ အလှူငွေ ထည့်ခိုင်းတာ
မဟုတ်ဘူး။ ဆက်ကြေးတောင်းတာ ဖြစ်နေပြီ။ ၂ သိန်းပဲထည့်ဟု ပြောလိုက်၏။
ကျွန်ုပ်ပြောသလို
သူတို့လည်း ၂ သိန်း သွားပေးလိုက်၏။ ထိုအခါ ထိုအဖွဲ့မှ လူဂျီးမင်းက ခင်ဗျားတို့က ၂
သိန်းပေးတယ် ဆိုတော့ ကျွန်တော်တို့က ၂ သိန်းခွဲ စိုက်ရမှာပေါ့ ဟု ပြောသည်ဆို၏။
ဂျီးဆပ်စ်ခရိုက်စ်
အလဲ့ကွယ်၊
လာတဲ့သူတွေကို CPD hr အတွက် ၄၅၀၀ ကောက်ထားတဲ့ ပိုက်ဆံတွေက ရွှေစည်းခုံဘုရားကို
လှူလိုက်လို့လား ဟု ကျွန်ုပ်က ဘုတောလေသော် -
CPD
hr ပိုက်ဆံတွေက အဖွဲ့ချုပ်က ယူပါတယ်။ မက်ခယ်နီကယ် ချက်ပတာ (ဗမာလိုလုပ်ပါဗျာ၊
ခင်ဗျားတို့ဟာ ပြောရတာ တံတွေးစင်တယ်) က MES က အခန်းငှားပြီးလုပ်တာဖြစ်တဲ့အတွက်
သူတို့က MES ကို အခန်းငှားခ ပိုက်ဆံ ပေးရခြင်း ဖြစ်ပါသတဲ့။ တကယ်လို့ဆရာမပေးရင်
ဆရာနေက စိုက်ပေးလိမ့်မယ်။ အရင်တုံးက ပွဲတွေလည်း ဆရာနေပဲ အကုန်စိုက်ပေးနေတာ . . တဲ့။
ဟိုက် . . . ရှားဘားစ်
ကိုင်း
မမ၊ အကုန်လုံး ၄ သိန်းခွဲစလုံးသာ သွားပေးလိုက်ပါတော့။
ဤစကားပြောနေစဉ်
ကျွန်ုပ်၏မျက်နှာကို ဓာတ်ပုံရိုက်မထားမိခြင်းအတွက် ကျွန်ုပ်မှာ အတော်နောင်တရမိလေ၏။
ကျွန်ုပ်မျက်နှာအနေအထားကား ၃ ရက်လောက် ဝမ်းချုပ်နေသူက အဲယားကွန်းအခန်းထဲ၌
ဓာတ်ငွေ့ဗုံး လွှတ်လိုက်သည်ကို ရှူမိသူ၏ မျက်နှာအနေအထားမျိုးဖြစ်သတည်း။
ထို့နောက်
ကျွန်ုပ်ဆက်၍ တွေးမိသည်မှာ အင်း - သူတို့စီပီဒီအာဝါဆိုတာကြီးရဘို့ စာရွက်စာတမ်းတွေ
အပင်ပန်းခံပြင်၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အခန်းငှားပြီး တစက်ကလေးမှ စိတ်မဝင်စားတဲ့သူတွေကို
အသံချစ်ချုပ်ပြောခဲ့တယ် ဆိုတော့ ငါ့လောက်မိုက်မဲတဲ့သူဖြင့် ဒီကမ္ဘာပေါ်မှာ
ရှိလိမ့်မယ် မထင်ဘူး . . ဟု ဖြစ်လေ၏။
မန္တလေးပွဲတွင်မတော့
ရန်ကုန်မှ အခြေအနေများကို ဟောပြောပွဲမစမီ ကြိုပြောထားသဖြင့် ရွှေပွဲလာအားလုံးပင် တစ်ယောက်မှ
ထပြန်တာ၊ အခန်းအပြင် ထွက်ထိုင်တာ မတွေ့ရပါ။ အဲလေ ထွက်ထိုင်ရလောက်အောင်လည်း
အခန်းအပြင်မှာ ထိုင်ခုံဘာညာ မရှိပါ။ မေးခွန်းမမေးတာကတော့ ရန်ကုန်အတိုင်းပင်
ဖြစ်ပါသည်။ Safety နှင့်ပတ်သက်၍ ၂ ယောက်လား၊ ၃ ယောက်လား မေးသည်။ ကျွန်ုပ်လည်း
သေသေချာချာပင် ရှင်းပြခဲ့၏။
နိဂျုံးခုတ်
(အဲလေ) နိဂုံးချုပ်ရလျှင် -
နောင်
မြန်မာပြည်ပြန်လျှင် ဤကဲ့သို့ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ နိုင်ငံအတွက်လည်း
အကျိုးမရှိ၊ အများပြည်သူအတွက်လည်း အကျိုးမရှိ၊ ဘာအတွက်မှ အကျိုးမရှိသော
အလုပ်များကို မိုက်မဲစွာ မလုပ်တော့ဟု သန္နိဌာန် ချလိုက်ပါတော့သတည်း။
တစ်နည်းအားဖြင့်ဆိုရလျှင်
ဘယ်လိုအကြောင်းကြောင့်မှ ဘာ seminar မှ မလုပ်တော့ပါ။
အပေါင်းအသင်းတွေနဲ့
ဘီယာသောက်၊ သီချင်းဆိုတာ ပို ဟန်ကျပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၂
ဒီဇင်ဘာ၊ ၂၀၁၉
No comments:
Post a Comment