ဤဒွန္နယာကြီးတွင်
လူ့ဗရုတ်သုက္ခများရှိနေခြင်းကြောင့် ခုနစ်ရက်သားသမီးအပေါင်းတို့ အတော်
ဒုက္ခရောက်ကြရ ကုန်၏။
ချီးမကျူးလိုပေမင့်
ချီးကျူးလိုက်ရဦးမည်။
စင်ကာပူတွင်
လူ့ဗရုတ်သုက္ခများကို ဦးနှိမ်ကာ ထားနိုင်ခြင်းကြောင့် အလုပ်မဟုတ်သည့်
အလုပ်ပိုများကို အတော်များများ လျှော့ချထားနိုင်၏။ တိုင်းသူပြည်သားအပေါင်းတို့သည်
အလုပ်မဟုတ်သည့် အလုပ်များကို မလုပ်ကြရသောကြောင့် ပိုက်ဆံရမည့်အလုပ်များကို
အာရုံစိုက် လုပ်နိုင်ကြ၏။ ထို့ကြောင့်လည်း တစ်ဦးချင်းဝင်ငွေ မြင့်ကြရခြင်းမှာ
အဆန်းတော့ မဟုတ်ပါလေ။
ကျွန်ုပ်တို့ရွှေပြည်ကြီးတွင်
လူအတော်များများသည် ပိုက်ဆံလည်းမရ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိသည့်
အလုပ်များနှင့် အချိန်ကုန်နေကြရ၏။ မြန်မာပြည်တွင် အတွေ့ရအများဆုံးအလုပ်ကြီး၊
အကိုင်ကြီးများကို ပြပါဆိုလျှင် ဝန်းရံပွဲ၊ ဆန္ဒဖော်ထုတ်ပွဲ၊ ထောက်ခံပွဲ၊
ကန့်ကွက်ပွဲ၊ ရှုတ်ချပွဲ စသည့် အရေမရ၊ အဖတ်မရပွဲကြီးများ ဖြစ်ကုန်၏။ ဤပွဲများ
ကျင်းပခြင်းဖြင့် ကျွန်ုပ်ကတော့ မြန်မာနိုင်ငံ၏ GDP တိုးလာရေးကို
အထောက်အကူပြုမည်ဟု နည်းနည်း ကလေးမှ မထင်မိပါလေ။
ယခုတလော
မြန်မာပြည်တွင် အလုပ်အရှုပ်ဆုံးကိစ္စကို ပြပါဆိုလျှင် ဝိတိုရိယကိစ္စကို ပြရပေမည်။
(အများကတော့
ဗစ်တိုးရီးယားဟု ခေါ်၏။ ကျွန်ုပ်ကတော့ ရှေးက အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်ကြီးများ
ခေါ်ခဲ့ကြသည့် ဝိတိုရိယကိုသာလျှင် လျှာတွေ့ပါသည်။ ဤကား စကားချပ်)
ဤမျှကိစ္စများကြရသည့်
ဝိတိုရိယအမှုမှာလည်း အမှန်တရားကို မျက်ကွယ်ပြုလိုသည့် ဗရုတ်သုက္ခလူတစ်စုကြောင့်
မဟုတ်တုံလော။ ကျွန်ုပ်တို့သည် ဆင်ကြီးကို တွေ့နေပါလျက် ဆင်ချေးတုံးကို
အပင်ပန်းခံကာ လိုက်ရှာနေကြရကုန်၏။ ဤသည်မှာ အလုပ်မဟုတ်မှန်းလည်း လူတိုင်းသိ၏။ ဆင်ကြီးတစ်ကောင်လုံးကို
မြင်နေရပါလျက် ကြွက် ဟု အတင်းရော အဓမ္မပါ သက်သေပြနေသူ လူတစ်စုကြောင့်
ရှေ့နေကလေးများရော၊ ဆရာဝန်ကလေးများပါ အပါအဝင် လုပ်သား ပြည်သူ တစ်ရပ်လုံးက ဤအရာသည်
ကြွက်မဟုတ်တုံ၊ ဆင်ကြီးစစ်စစ် ဖြစ်ပေသည် ဟု အခိုင်အမာ သက်သေပြနိုင်ရေး၊
အလုပ်ရှုပ်ခံလျက် ကြိုးစားနေရချေသည်။
မွေးကတည်းက
ရှက်ကြောဖြတ်ခံထားရသူ သကောင့်သားကြီးခမျာများမှာလည်း ‘ဟောသည်ကိုယ်လုံးမှာ အမွေးတွေ
ပါသည်။ နားရွက်ကလေးကလည်း ဝိုင်းသည်။ အမြီးလည်းပါသည်။ ခြေထောက်
လေးချောင်းလည်းရှိသည်။ အသွေး အရောင်ကလည်း မည်းသည်။ ထို့ကြောင့် ဤအရာမှာ
ကြွက်ဖြစ်သည်’ ဟု ဒုတိယအကြိမ် သက်သေပြပြန်ရာ ဟဟပေါင်း လေးသောင်းခွဲဖြင့် ကမ္ဘာ့
ဟဟအများဆုံးဆုကို မစ္စတာဇူကာဘတ်ကိုယ်တိုင် လာရောက်ချီးမြှင့်သည်ဟု ကျွန်ုပ်တို့
ကြားသိရပေသည်။
သည်ကိစ္စတစ်ခုတည်းသာ
မဟုတ်သေး။
မြန်မာပြည်တွင်
သည်ကဲ့သို့သော လူ့ဗရုက္ခများကြောင့် ခုနစ်ရက်သားသမီးအပေါင်းတို့
ဒုက္ခများခဲ့ကြရသည့် သာဓကများ အမြောက်အများပင် ရှိပေသည်။
မည်သူသည်
အမှားနှင့်ကင်းပါသနည်း။
ကျွန်ုပ်တို့
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးပင်သည်ပင်လျှင် ဘုရားဖြစ်ခါနီးဆဲဆဲ၌
အမှားကြီးမှားခဲ့ပေလေ သေးသည် မဟုတ်လော။ အင်မတန် ဉာဏ်ကြီးပေလို့သာ သဗ္ဗညုတဉာဏ်ကို ရခဲ့တာဖြစ်၏။
(ဘုရားအလောင်းတော်က
သူ့ဘာသာ ဉာဏ်ဖြင့်ဆင်ခြင်ပြီး မဇ္ဈိမပဋိပဒါလမ်းကို ပြန်တည့်မတ်ခဲ့တာကိုတောင်
နတ်သားက စောင်းဖြင့် တရားပြ သည်ဟု မဟုတ်တန်းလျားတွေလျှောက်ရေးသော
ဗုဒ္ဓဝင်ဆရာများကို ကျွန်ုပ်က တတောင်ဖြင့် နာနာထောင်းချင်လှ၏။ ကိုယ့်ဘာသာကိုယ်တော့
တရားမကျင့်ဘဲ နက်ဖြန်သဘက် ဘုရားဖြစ်မည့်သူကို လာတရားပြနေသည့် အမောင် နတ်သားကို
ကျွန်ုပ်ဖြင့် အံ့ဩမကုန်နိုင်အောင် ရှိချေသည်။ ဤကား စကားချပ်။)
ယခုကိစ္စတွင်လည်း
မှားခဲ့ပြီးပြီမို့ ဘာမှမတတ်နိုင်တော့။ မိမိအပြစ်ကို ဝန်ခံပြီး နစ်နာသူကို
ထိုက်သင့်သည့် ပြန်လည် ပေးဆပ်မှုများ လုပ်ပေးမည်။ တရားဥပဒေက ပေးအပ်သည့် ပြစ်ဒဏ်ကို
ရဲရဲဝံ့ဝံ့ ခံယူမည်ဆိုလျှင် သည်မျှ အရုပ်ဆိုးစရာ အကြောင်းမရှိ။ ယခုတော့ သမိုင်းတွင်
အမည်းစက် ထင်ခဲ့ပြီ။
မဟုတ်တာလုပ်သူသည်
အခြားသူကိုသာ လိမ်လို့ရပေမည်။ ကိုယ့်ကိုယ်ကိုယ်တော့ မည်သည့်နည်းနှင့်မှ
လိမ်လို့မရနိုင်။ တခြားသူတွေ ပြောဆိုနေတာ ကြားရုံမျှနှင့်ပင် သိမ်ငယ်လှပေပြီ။
မည်သည့်နည်းနှင့်မှ လူမွေးလူရောင် မပြောင်နိုင်တော့။
သို့သော်
အမှားကို ဝန်ခံဘို့ရာ မည်သည့်အခါမှ နောက်ကျသည်မရှိ။
ယခုလည်း
အချိန်ရှိပါသေးသည်။
သင်တို့သည်
မိမိအမှားကို ဝန်ခံဘို့ရာ အချိန်တန်နေပေပြီ။
ခုနစ်ရက်သားသမီးများကို
အားနာသောအားဖြင့် မိမိအမှားကို ဝန်ခံစေလိုသည့် စေတနာရှေ့ထား၍ ယခုပို့စ်ကို
ရေးလိုက်ရပါကြောင်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၇
ဒီဇင်ဘာ၊ ၂၀၁၉
No comments:
Post a Comment