Saturday, December 21, 2019

ကျွန်ုပ် ငို၍ရီ၍မရသောမျက်နှာ ဖြစ်ရခြင်းအကြောင်း


အမှန်က ပညာပြလွန်းလှသော လူကြီးများကြောင့် ကျွန်ုပ် seminar များ လုပ်ဖို့ကို အတော် စိတ်ကုန်နေပြီ ဖြစ်ပါသည်။

သည်ကနေ့မနက်၌ ကျွန်ုပ်၏ seminar တက်ရောက်လာသူများ၏ အသံများကို စုစည်းကာ မအေးနှင်းယုက အီးမေးပို့ လာ၏။ ကျေးဇူး အထူးတင်ရပါသည်။

တက်ရောက်လာသူများထံမှ​ မှတ်ချက်စကားများကို ကြားရသည့်အတွက် ဝမ်းလည်းသာပါ၏။ ဝမ်းလည်း နည်းမိပါ၏။
ဝမ်းသာရခြင်းအကြောင်းကား ကျွန်ုပ်၏ ဟောပြောပွဲကို တလေးတစား နားထောင်ကာ လေ့လာမှတ်သားသူများလည်း ရှိသေးကြောင်း သိရသောကြောင့် ဖြစ်၏။ ဝမ်းနည်းရခြင်းအကြောင်းကား ပညာလိုလား အမျိုးကောင်းသား၊​ အမျိုးကောင်းသမီးလေးများအတွက် လေ့လာသင်ယူရန် အခွင့်အလမ်းများ နည်းပါးလှခြင်းကြောင့် ဖြစ်သတည်း။

သို့တိုင် ကျွန်ုပ်နားမလည်နိုင်သောအကြောင်းတစ်ခုမှာ safety engineering အကြောင်းပြောစဉ်က ကျွန်ုပ်၏ Name card များပေးကာ standard စာအုပ်များ၊ ဒီဇိုင်းစာအုပ်များ တောင်းကြပါဟဲ့ ဟု ဆိုလင့်ကစား တစ်ဦးတစ်ယောက်ဆီ ကမှ အီးမေး ရောက်မလာတာဖြစ်ပါသည်။ တစ်ယောက်ကတော့ slide များလှမ်းတောင်း၏။ ကိုယ့်ဘာသာ စာအုပ်ဖတ် လေ့လာရမှာ ပျင်းကြရှာရော့ထင့်။

သည်လောက်ကျယ်ပြန့်လှသည့် Safety engineering ဘာသာရပ်ကို ဟောပြောပွဲလေး မဖြစ်ညစ်ကျယ် လုပ်ပေးရုံမျှဖြင့် တတ်သိနားလည်ဘို့ မလွယ်လှပါ။ ဘာသာရပ်တစ်ခုချင်းအလိုက် သင်တန်းဖွင့်ကာ ကျကျနန သင်ပေးမှ ရပါမည်။ စင်ကာပူ၌ အချိန်ပြည့်အလုပ်လုပ်နေရသော ကျွန်ုပ်အဖို့ မြန်မာပြည်ပြန်ရက်က အကန့်အသတ်နှင့်ဖြစ်၍ ရက်ရှည်ပြန်ဘို့ မလွယ်လှပါ။ တစ်ကြောင်းမှာလည်း ရက်ရှည်သင်တန်းဖွင့်လျှင် အလုပ်တစ်ဖက်နှင့်မို့ တက်ချင်သည့်တိုင် တက်နိုင်ကြပါ မည်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။

ယခုတစ်ခေါက်ပြန်စဉ် ရက်မရ၍ ဖောင်ဝပ်သင်တန်းကို ကြားရက် (အင်္ဂါ၊ ဗုဒ္ဓဟူး) ၌ ဖွင့်လိုက်ရာ တက်သူအတော်နည်း သွားပါသည်။ အကြောင်းကား အလုပ်မှ ထွက်မရကြသောကြောင့် ဖြစ်၏။ သွားရေးလာရေးအဆင်မပြေလှသော ရန်ကုန် တွင် ညနေပိုင်းသင်တန်းဖွင့်ဘို့ဆိုသည်မှာလည်း အဆင်မပြေလှ။

စင်ကာပူတွင်မတော့ တက်စရာသင်တန်းတွေများသလို သင်တန်းချိန်တွေကလည်း အဆင်ပြေလှ၏။
ကြားရက်တွေမှာရှိသည်။ ပိတ်ရက်တွေလည်းရှိသည်။ ညနေပိုင်းသင်တန်းတွေလည်း ရှိ၏။ ကိုယ်အားသည့်အချိန် ရွေးတက်လို့ရသည်။
သွားရေးလာရေးကလည်း အလွန်အဆင်ပြေ၏။ ကား၊ ရထားများမှာ ည သန်းခေါင်ထိရှိသည်။ ဆိုတော့ ညနေပိုင်း သင်တန်းတွေကို အခက်အခဲမရှိဘဲ တက်နိုင်၏။ သင်တန်းချိန်မှာ ညနေ ၆ နာရီမှ ၁၀ နာရီ။

နောက်ပြီးတော့ စင်ကာပူက ဘတ်စ်ကားများမှာ ကိုယ်နေသည့်အိမ်နားထိ ရောက်သည်။
အလွန်အင်မတန်မှ​ ပညာရှိလှသည့် မြန်မာပြည်ကြီးကို အုပ်ချုပ် မင်းလုပ်သောလူကြီးတို့က နာနတ်တောလမ်းတွင် နေသူအားလုံးကို သူဌေးတွေချည်းဟု မှတ်လေသည်။ တစ်အိမ်ထောင်လျှင် ကားတစ်စီးပိုင်သည်ဟု ယူဆကြသည်ထင့်။

ရန်ကုန်က ကျွန်ုပ်တို့အိမ်မှာ နာနတ်တောလမ်းတွင်ရှိ၏။ သည်လောက် လူအများနေကြသည့် နာနတ်တောလမ်းပေါ်တွင် ဘတ်စ်ကားဆို၍ တစ်စီးကမှ မရှိ။ ထိုမျှသာမကသေး နာနတ်တောလမ်းနှင့် အနီးတဝိုက်တွင် ဘာဘတ်စ်ကားမှတ်တိုင်မှ​မရှိပါ။ ကျွန်ုပ်တို့လို ၉၆၉၃ သမားများမှာ ဘတ်စ်ကားစီးချင်လျှင် စိုက်ပျိုးရေးမှတ်တိုင် သွားလျှင်သွား၊​ မဟုတ်လျှင် လှည်းတန်းမှတ်တိုင်ကို သွားစီးရ၏။

ကျွန်ုပ်တို့ကျောင်းသားဘဝက ထိုနေရာတွင် လိုင်းပေါက်မှတ်တိုင်ရှိ၏။ နောက်တော့ စည်ပင်လူကြီးများက သက္ကရာဇ် ၂၀၀၀ မှာ လူတိုင်းကျန်းမာ ဟူသောဆောင်ပုဒ်ကို အကောင်အထည်ဖော်သည့်အနေနှင့် ပြည်ရိပ်မွန်နေသူအပေါင်းကို ကျန်းမာရေးကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ထို လိုင်းပေါက်မှတ်တိုင်ကို ဖျက်လိုက်သည်။ ထိုနံရောအခါမှစကာ ကျွန်ုပ်တို့ ပြည်ရိပ်မွန်သူ၊ ပြည်ရိပ်မွန်သားအပေါင်းမှာ တစ်နေရာရာသို့ သွားလိုသည့်အခါ မချိမဆန့် လမ်းလျှောက်ရခြင်း တည်းဟူသော ဒုက္ခဝေဒနာကို စတင် ခံစားရလေတော့၏။ အထူးသဖြင့် အထုပ်အပိုးများနှင့် ပြန်လာသည့်အခါများတွင် ဖြစ်၏။

ကျွန်ုပ်က နာနတ်တောတွင်နေသူမို့ နာနတ်တောလမ်းလောက် သိတာဖြစ်၏။ ကျွန်ုပ်တို့လို ဒုက္ခများနေသူ ရန်ကုန်တွင် မည်မျှ များနေပြီမသိ။

ကားပိုင်သည့်သူများ၏ ဒုက္ခမှာလည်း မသေးလှပါ။ သူတို့ တစ်နေ့တစ်နေ့ ကားပေါ်တွင် ဖြုန်းတီးလိုက်ရသည့် အချိန်များ ကိုသာ စုပေါင်း အသုံးချလိုက်ပါက စင်ကာပူကို ၂၀၂၀ ခုနှစ်တွင် ကျိန်းသေပေါက် ကျော်တက်သွားလိမ့်မည်။ (အဲလေ၊ အခုလည်း ကိုလှရွှေတို့အဖွဲ့မှာ ဟဟပေါင်း လေးသောင်းခွဲနီးပါးဖြင့် စင်ကာပူကိုသာမက အာရှကိုပါ ကျော်တက်သွားပြီ ဖြစ်၍ ကျွန်ုပ်မှာ ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်မိ၏။ ကျွန်ုပ်မှာသာ လုပ်ခွင့်ရှိလျှင် အနှီကိုလှရွှေတို့ တစ်ဖွဲ့လုံးကို ကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်မားဆုံးဆုကို ၆ ထပ်ကွမ်း ပေးပစ်မိမည်မှာ သေချာလှပေ၏။ အနို့ ပို့စ်တစ်ခုတည်းနှင့် ဟဟ လေးသောင်းခွဲရဘို့ဆိုတာ တော်ရုံတန်ရုံ (...) နှင့် ဘယ်လိုမှ မဖြစ်နိုင်။)(ကွင်းထဲမှ စာသားကိုမူ မိတ်ဆွေတို့ ကြိုက်နှစ်သက်ရာ ထည့်နိုင်စေရန် အထူးစပယ်ရှယ် အော့ပ်ရှင် ပေးထားတာဖြစ်ပါသည်။)

Ref:

သည်တစ်ခေါက် ကျွန်ုပ်ပြန်လျှင်တော့ ရန်ကုန်တွင် seminar များလုပ်ချင်မှ လုပ်ပါတော့မည်။ လူငယ်၊ လုံမငယ်များ အတွက် အကျိုးရှိမည့် အင်ဂျင်နီယာဆိုင်ရာ သင်တန်းတစ်ခုခု ဖွင့်ချင်ဖွင့်ပါမည်။ ဘာလုပ်ဖြစ်မယ်ဆိုတာ မသေချာပါ။ လုပ်ဖြစ်သည်ဆိုလျှင်တောင် ကိုယ့်ကို ပြန်ပြီး ပညာပေးသည့် အစီအစဉ်မဖြစ်ဘို့ အထူး သတိထားရပါလိမ့်မည်။ ကျွန်ုပ် နှစ်ခါ မမိုက်လိုပါ။

မည်သို့ပင်ဆိုစေကာမူ ယခုလို feedback ကလေးများ ဖတ်လိုက်ရပြန်တော့ မြန်မာပြည်မှာ ဘယ်လိုအကြောင်းကြောင့်မှ ဘာ seminar မှ​ မလုပ်တော့ဟု တွေးထားသည်များလည်း ရေပေါ်တွင် ရေးလိုက်သော အရုပ်ကဲ့သို့ ပျက်ပြယ်သွားပြန် သည်သာ ဖြစ်ပါတော့သတည်း။ (လှိုင်တက္ကသိုလ်နယ်မြေဘက်ကို ခြေဦးမလှည့်တော့တာကတော့ သေချာပါသည်။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ ဒီဇင်ဘာ၊ ၂၀၁၉

No comments: