(၁)
ဖေ့စ်ဘုတ်ကြွလာ
မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ကျွန်ုပ်စင်ကာပူအကြောင်းရေးတာ
အတော်များပါပြီ။
ထို့ကြောင့်လည်း
အချို့က "စင်ကာပူအကြောင်းကလွဲပြီး တခြား မရေးတတ်တော့ဘူးလား" ဟု လည်း မေးငေါ့၊
မျက်မုန်းကျိုးသူ များလည်း ရှိ၏။
ဤသည်ကို
ကျွန်ုပ်လည်း သိပါ၏။
သို့သော်
၎င်းတို့ကို အပြစ်မတင်ပါ။ ကျွန်ုပ်က စင်ကာပူတွင်နေထိုင်တာဖြစ်၍ စင်ကာပူအကြောင်းပဲ သိပါသည်။
အမေရိကားတို့၊ အင်္ဂလန်တို့၊ သြစတေးလျားတို့အကြောင်းတွေ မသိပါ။ ထို့ကြောင့် ကိုယ်သိသည့်အကြောင်းပဲ
ရေးရတာ ဖြစ်ပါ၏။
ဝါးတောကွင်းရွာအကြောင်း၊
ဝါးတောကွင်းကလူတွေအကြောင်းကို ဝါးတောကွင်းမှာ ၃ - ၄ နှစ် အနည်းဆုံးနေဖူးမှ သိနိုင်မှာ
ဖြစ်ပါ သည်။ ဝါးတောကွင်းကို တစ်ခေါက်မျှရောက်ဖူးပြီး ဝါးတောကွင်းသားတွေက ဘယ်လိုဟု ပြောလျှင်
အသင်တို့သည်လည်း -
စင်ကာပူကို
တစ်ခေါက်မျှရောက်ဖူးရုံမျှနှင့် ငါတို့ စင်ကာပူကို စားအုန်းဆီနဲ့ ကြော်ပြမယ် ဟု အခြောက်တိုက်
ကြုံးဝါးနေသူများ ကဲ့သို့ ဖြစ်ချိမ့်မည်။ (အဲလေ - မဆိုင်တဲ့သူတွေအကြောင်း ပါသွားတာ
ဆော်တီးပါ ခညာ။)
၂ဝဝ၈
ခုနှစ် ကျွန်ုပ် "အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း" စာအုပ်ကို ရေးစဉ်ကတည်းက
ပညာရေးအပါအဝင် စင်ကာပူ အကြောင်း လေ့လာခဲ့မိပါ၏။ သို့ဆိုစေ၊ စာထဲရေးထားတာလောက်သာ သိပါသည်။
ယခု
သား စင်ကာပူမှာ ကျောင်းတက်ပြီဆိုတော့မှ သူတို့တွေ ဘယ်လိုတွေ သင်နေကြတယ်၊ လုပ်နေကြတယ်
ဆိုတာကို သေသေချာချာ သိလာရတာဖြစ်၏။ ဒါတောင် သူတို့ ပညာရေးဝန်ထမ်းတွေလောက် ဂဃနဏမသိနိုင်ပါ။
ထို့ကြောင့်လည်း ကျွန်ုပ် စင်ကာပူပညာရေးအကြောင်း စာအုပ်ရေးမည်ဟု ကြံခဲ့စဉ်က စင်ကာပူကျောင်းတွင်
ဆရာမလုပ်ခဲ့ဖူးသည့် ဦးဇော်အောင်၏သမီးကို အင်တာဗျူးရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။ (စာအုပ်စာတမ်း၊
အချက်အလက်များစွာ စုဆောင်းပြီးမှ ဤစာအုပ်လည်း မရေးဖြစ်ပါ။)
စင်ကာပူအကြောင်းချည်းရေးနေ၍
ကျွန်ုပ်ကို မျက်မုန်းကျိုးနေသူများ ဤနေရာတွင် ရပ်တန်းကရပ်လို့ရပါပြီ။
ကျွန်ုပ်မူ
ကျွန်ုပ်ရေးချင်သည့် အကြောင်းကိုမှ မရေးလိုက်ရလျှင် စားမဝင်၊ အိပ်မပျော်ဖြစ်တတ်သောကြောင့်
ယခုည ကောင်းကောင်း အိပ်ရနိုင်စေရန် စင်ကာပူကျောင်းတွင် တက်နေသည့် ကျွန်ုပ်သားလုပ်ကိုင်နေပုံများကို
လေ့လာရသမျှနှင့် "စင်ကာပူတွင် စာသင်ကြပုံအကြောင်း တစေ့တစောင်း" ကို ရေးလိုက်ရပြန်ချေပြီ
တမုံ့။
နည်းနည်းရှည်ပါမည်။
သည်းခံဖတ်တော်မူကြပါ။
(၂)
ကျောင်းဆိုသည်မှာ
ကလေးငယ်တွေကို စာသင်ပေးရုံမျှသာမဟုတ်။ လူ့ဘဝတွင် နေပုံထိုင်နည်းများကိုပါ လေ့ကျင့်ပေးသည့်
နေရာ ဖြစ်၏။ စင်ကာပူကကျောင်းများတွင် ဤသည်ကို ပြတ်ပြတ်သားသား တွေ့နိုင်၏။ သူတို့က စာသင်ပေးရုံ
သက်သက်မျှ မဟုတ်။
သည်ကနေ့
(စနေနေ့) မနက် အစောကြီးထပြီး သားကို ကျောင်းလိုက်ပို့ရ၏။ သားက နားရမည့်ရက်မှာ မနားရ၊
အစောကြီး ထရသည်ဆိုပြီး ဂျီကျနေသေးသည်။ ကျောင်းကနေ မနက် ၇ နာရီ ကားထွက်မှာဆိုတော့ ကျောင်းကို
၇ နာရီမတီးခင် ရောက်အောင် သွား၏။ အစီအစဉ်က နေ့လည် ၁း၄၅ နာရီ ထိ။ ထိုပွဲကို Pi
Force Challenge ဟု ခေါ်၏။
အစီအစဉ်မှာ
စင်ကာပူတဝှမ်းရှိကျောင်းများမှ Primary 5 နှင့် 6 ကျောင်းသားများကို ဖိတ်ပြီး သင်္ချာနှင့်
သိပ္ပံပြိုင်ပွဲ လုပ်ပေးတာ ဖြစ်၏။ ပြိုင်ပွဲဖြစ်သည့်အတွက် အတန်းထဲမှာ ထိပ် ဆိုသည့်ကျောင်းသားများကိုသာ
ရွေးခေါ်၏။ အနို့ ဘယ်သူဖြစ်ဖြစ် ကိုယ့် ကျောင်းကိုယ်သာ နိုင်စေချင်ကြတာကိုး။
ပြိုင်ပွဲတွင်
သင်္ချာနှင့် သိပ္ပံဆိုင်ရာ ပြဿနာများ ပေးထားမည်ဖြစ်၏။ ထိုပြဿနာများကို အုပ်စုလိုက် ဖြေရှင်းပြီး
အုပ်စု ကိုယ်စားလှယ် ကျောင်းသားတစ်ယောက်က မိမိတို့ ဖြေဆိုထားသည်ကို ရှင်းပြရ၏။ အနိုင်ရသူများကို
ဆုပေး၏။
ဤပြိုင်ပွဲလုပ်ပေးခြင်းဖြင့်
ကျောင်းသားများမှာ အုပ်စုလိုက် လုပ်ကိုင်ရပုံ (Team work) ဆိုတာကို ကောင်းကောင်း နားလည်
သွားမည်။ ကိုယ့်ရလဒ်ကို အားလုံးရှေ့ ထွက်ရှင်းပြရခြင်းကြောင့် တင်ပြပုံစွမ်းရည်
(presentation skill) ကို လေ့ကျင့်ပြီးသား ဖြစ်သွားမည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ဘယ်လိုဖြေရှင်းရမလဲ
ဆိုသည့် ပြဿနာဖြေရှင်းနည်း (problem solving skill) တတ်သွားမည်။ "ငါမရှိရင် မင်းတို့
ဘာဖြစ်သွားမယ်ထင်သလဲ" ဆိုသည့် အတွေးအခေါ်အယူအဆများ အလိုလို ပျောက်ကွယ် သွားပေမည်။
(ကျုပ်သားအကြောင်း ကျုပ်ပြောတာနော။ ဟိုလူကြီးတွေ - ဒါ ငါတို့ကိုစောင်းပြောတာဆိုပြီး
မဆီမဆိုင် နာမနေကြ နဲ့ဦး။)
သည်လိုအစီအစဉ်များ
မကြာခဏရှိသည်။ တစ်နေရာကို သွားလေ့လာကြသည်။ အားကစားပြိုင်ပွဲ လုပ်သည်။ သီချင်းဆိုကြသည်။
က ကြသည်။ အပင်လေးများကို လေ့လာကြသည်။ မုန့်လုပ်စားကြသည်။
ကျောင်းက
တစ်လလျှင်တစ်ကြိမ် Touching Base ဟု ခေါ်သည့် စာစောင်ပို့ပေးသည်။ (ပုံကို screen
shot ရိုက်ပြထားပါသည်။)
Touching
Base ၌ ကျောင်းအုပ်ကြီး၏ အမှာစကားဖြင့် ဖွင့်၏။ ထိုအမှာစကားတွင် မိဘများ သိသင့်သိထိုက်သည်များကို
ရေးထား သည်။ ဥပမာ - ကလေးတွေကို အင်တာနက်သုံးခြင်းအား ကန့်သတ်ထားသင့်ကြောင်း၊ အင်တာနက်မှ
မြှုဆွယ်မှုများ၏ သားကောင်များဖြစ်မသွားစေရန် မည်ကဲ့သို့ တားဆီးရမည်။ ကျောင်းဖွင့်စဆိုလျှင်
မိဘများမှာ ကျောင်းမှ လှုပ်ရှားမှုများနှင့် အဆက်မပြတ်စေလိုကြောင်း။ မိမိသားသမီး၏
student handbook ကို မပြတ်လေ့လာနေစေလိုကြောင်း။ ကျောင်းမှ သင်ခန်းစာ များကိုကြည့်၍
အားနည်းချက်များကို ပြောပြခြင်းဖြင့် ကလေးများ၏ ပညာရေး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
အရွယ်ရောက် လာပြီဖြစ်သည့် လူပျိုပေါက် အပျိုပေါက်များမှာ စိတ်ကစားလာတတ်သဖြင့် ၎င်းတို့ကို
မည်ကဲ့သို့ နူးညံ့စွာကိုင်တွယ်ရမည် ဆိုသည့် အကြောင်း။ ကလေးများ မသိနားမလည်၍ မေးလာခဲ့သည်ရှိသော်
သူတို့ကို အော်ငေါက်မပစ်ဘဲ နားလည်သည်ထိ ရှင်းပြရမည် ဖြစ်ကြောင်း။ ကလေးများနှင့်အတူ
အပြင်စာများကို ဝိုင်းဖတ်ပေးခြင်းဖြင့် ကလေးများ စာဖတ်ခြင်း၌ စိတ်ဝင်စားလာမည် ဖြစ်ကြောင်း။
စာကြည့်တိုက်ကိုလည်း မကြာခဏ သွားပေးစေလိုကြောင်း။ Wow.
တစ်လတစ်ခါ
အကြောင်းအရာမထပ်ရပါ။ အမှန်ဆိုလျှင် ဤစာများအားလုံးကိုသာ ဘာသာပြန်လိုက်ရလျှင် အလွန်စိတ်ဝင်စားဖွယ်
ကောင်းမည့် ပညာပေးလမ်းညွှန်စာအုပ်တစ်အုပ်ပင် ဖြစ်လာနိုင်စရာ ရှိပါသည်။
ထို
Touching Base ထဲ၌ ကျောင်းလှုပ်ရှားမှု အချိန်များနှင့်တကွ အသေးစိတ်ကို ဖော်ပြထား၏။ မည်သည့်အတန်းက
မည်သည့်ရက်၊ မည်သည့်အချိန်၌ မည်သည့်လှုပ်ရှားမှုရှိသည်။ မည်သည့်နေ့တွင် ကျောင်းပိတ်မည်။
စာမေးပွဲရက်က မည်သည့် နေ့ဖြစ်သည် စသဖြင့်။
ထိုမျှသာမက
ကျောင်းတွင်းလှုပ်ရှားမှုပြက္ခဒိန် (Activity Calendar) ကိုလည်း ရက်၊ အချိန်၊ နေရာ စသည့်
အသေးစိတ် အချက် အလက်များနှင့် ပေးထားသေး၏။ ဘာမှ မှားစရာမရှိရ။ သူတို့ activities တွေက
များလှသည်ဖြစ်ရာ ကျွန်တော်က သား အတန်းနှင့်ပတ်သက်သည့် activities များကို white
board တွင် သပ်သပ်ရေးကာ မှတ်ထားရ၏။ ဒါတောင် တခါတလေ မေ့သွားတတ်တာမျိုးတွေ ရှိသေး၏။
ကျောင်းက
ကျောင်းသားတွေကို Student handbook လုပ်ပေးထား၏။ ကြီးကြီးကျယ်ကျယ် ပြောကြစတမ်းဆို
Management calendar ဖြစ်ပါသည်။
သည်
Student handbook ထဲတွင် သည်ကနေ့ ဘာအိမ်စာတွေ ပေးလိုက်သည်။ နက်ဖြန် ဘာလုပ်ရမည်။ ဘာတွေယူလာရမည်
စသည့် ဆရာ/ဆရာမပြောသည့်တို့ကို ကျောင်းသားများက မှတ်လာကြရ၏။ အိမ်ပြန်ရောက်တော့ ထို
handbook ကိုဖွင့်ကာ အိမ်စာလုပ်ကြသည်။ နက်ဖြန်အတွက် လိုအပ်သည်များကို ပြင်ဆင်ကြသည်။
(Student handbook နမူနာကို လေ့လာနိုင်ရန် ပုံတွင် ပြထားပါသည်။)
ထိုမျှသာမက
activity တစ်ခုချင်းစီအတွက် ထိုအစီအစဉ်ကို တက်/မတက်၊ လာ/မလာဆိုသည်ကို မိဘများက လက်မှတ်ထိုးရ၏။
ထိုစာရွက်ထဲတွင်လည်း မည်သည့်အချိန်စမည်။ မည်သည့်နေရာကိုလာရမည်။ ကျောင်းက ကားကြိုမည်။
သို့မဟုတ် မိဘများ လိုက်ပို့ရမည်။ ဘာတွေယူလာရမည် စသည့် အသေးစိတ် ညွှန်ကြားချက်ပါ၏။
မိမိကလေးတွင်
ကျန်းမာရေးနှင့် ပတ်သက်၍ ပြဿနာတစုံတရာရှိပါကလည်း ကြေငြာရသည်။
(Activity
consent form နမူနာကို လေ့လာနိုင်ရန် ပုံတွင်ပြထားပါသည်။)
သြော်
- မေ့တော့မလို့ သူတို့ Parent-Teacher meeting လုပ်ပုံလေးအကြောင်း ပြောပါရစေဦး။
သူတို့မိဘဆရာအစည်းအဝေးဆိုတာ
အခန်းကျယ်ကြီးထဲတွင် မိဘများအားလုံးကို ထိုင်စေကာ ဆရာမကြီးက အိမ်သာဆောက် တာ ဘယ်လောက်ကုန်သည်။
သောက်ရေအိုးဝယ်တာက ဘယ်လောက်၊ တံမြက်စည်းဝယ်တာ ဘယ်လောက် စသည့် စာရင်းဇယားကြီးများကို
ဖတ်ပြတာ မဟုတ်ပါ။
ကျောင်းသားတစ်ယောက်လျှင်
meeting အတွက် တစ်ချိန်စီပေးထား၏။ မိဘများက ကိုယ့်သားသမီးကိုခေါ်ကာ သတ်မှတ်ထား သည့်အချိန်ရောက်အောင်
သွားရ၏။ ဆရာမများက (မြန်မာပြည်တွင်သာ မဟုတ်ပါ။ စင်ကာပူတွင်လည်း အမျိုးသားဆရာ အတော်နည်း၏။
ကျွန်တော်တွေ့သမျှ အမျိုးသမီးဆရာမများသာ များပါသည်။) မိဘများကို ၎င်းတို့စာသင်သည့် အခန်းတွင်း၌သာ
တွေ့၏။ တွေ့တယ်ဆိုတာ မိဘအားလုံးကို ရောနှောသောကော တွေ့တာမဟုတ်။ ကျောင်းသားတစ်ဦးချင်းစီအလိုက်
ခေါ်တွေ့တာ ဖြစ်၏။
သားတို့အတန်းမှာ
သင်္ချာ၊ သိပ္ပံ၊ အင်္ဂလိပ် သုံးဘာသာသင်ရသည်ဆိုတော့ ဘာသာရပ်ဆိုင်ရာ ဆရာမသုံးဦး ထိုင်နေ၏။
ထို့နောက်
အင်္ဂလိပ်၊ သိပ္ပံ၊ သင်္ချာဆရာမ အသီးသီးက သက်ဆိုင်ရာဘာသာရပ်အလိုက် သူကတော့ ဘယ်နေရာမှာ အားသာ
တယ်။ ဘာအားနည်းချက်တွေရှိတယ်၊ မိဘက ဘယ်လိုလုပ်ပေးသင့်တယ် စသည်တို့ကို အသေးစိတ် ဆွေးနွေး၏။
သို့အတွက် မိမိ သားသမီးအခြေအနေကို အသေးစိတ် သိခွင့်ရပါသည်။ ဘာလိုနေသည်၊ ဘာတွေလုပ်ပေးသင့်သည်
စသည်။
နောက်ပြီး
ကျောင်းသားများကို စခန်းသွင်း (camp) လေ့ကျင့်ပေး၏။ ကိုယ့်အိပ်ယာလိပ်၊ ကိုယ့်အသုံးအဆောင်
(အဝတ်အစား၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်မှ အစ)(ဘာတွေယူလာရမည်ဆိုသည်ကို
စာရင်းပြုစုပေးထား၏။) မိဘများ လိုက်စရာမလို။ သူတို့ဘာသာသူတို့ ကျောင်းက အစီအစဉ်ဖြင့်သွားကာ
ကျောင်းမှပင် ပြန်လာတာ ဖြစ်၏။
ကလေးတွေကို
သည်လို စခန်းသွင်းလေ့ကျင့်ပေးလိုက်တော့ ရေချိုးတာ၊ အိမ်သာတက်တာ စသည့် ကိုယ့်ဝေယျာဝစ္စ
ကိုယ့်ဘာသာ လုပ်တတ်သွားသည်။ ကိုယ့်တာဝန်ကိုယ် ယူတတ်စေသည်။ နောက်ပြီး အပေါင်းအသင်း သူငယ်ချင်းတွေကို
အချင်းချင်း ကူညီတတ်စေ၊ အများနှင့် နေတတ်စေသည်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဆိုတာ ဘာဆိုတာ
နားလည်စေသည်။
သည်နှစ်တော့
P5 ကျောင်းသားတွေကို နိုင်ငံခြားလေ့လာရေးခရီး လွှတ်၏။ သားတို့အတန်းအတွက် ဘရူနိုင်းနှင့်
တရုတ် နှစ်နိုင်ငံ ရွေးစေရာ ကျွန်ုပ်က တရုတ်နိုင်ငံကို ရွေးလိုက်၏။ ကျောင်းသားအများစုမှာလည်း
တရုတ်ကိုသာ ရွေးပါသည်။ ဤတွင်လည်း သူတို့ လုပ်ပုံကိုင်ပုံကို ပြောပြပါရစေဦး။
သည်ခရီးစဉ်အတွက်
တစ်လခွဲနှစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်ပါသည်။ ဟိုရောက်ရင် ဘယ်လိုနေရထိုင်ရမည်၊ ဘယ်လို
အစားအသောက်တွေ စားရမည်။ ရာသီဥတု ဘယ်လိုရှိသည်။ ဘယ်ဘာသာစကား ပြောသည်။ ဘာတွေကိုတော့ဖြင့်
လုပ်သင့်သည်။ ဘာတွေမလုပ်သင့်။ Luggage ထဲမှာ ဘယ်ပစ္စည်းတွေထည့်ရမည်။ Hand carry ထဲမှာ
ဘာပစ္စည်းတွေ ပါရမည်။ ဘယ်ပစ္စည်းတွေ မယူခဲ့ရ။ ဘယ်လေကြောင်းလိုင်းဖြင့် သွားမည်။ ခရီးသွားချိန်မည်မျှကြာမည်။
ဘယ်ဟိုတယ်မှာ တည်းမည်။ ဘယ်နေ့ ဘယ်တွေသွားမည်။ ဘာတွေလုပ်မည် အားလုံးကို လက်စွဲစာအုပ်ကလေးရိုက်နှိပ်ပေးထားပါသည်။
ကလေးနှင့် မိဘများကိုလည်း တစ်နေ့ခေါ်တွေ့ကာ အသေးစိတ်ညွှန်ကြားချက်များ ပြောပြ၏။
မိဘများက
မိမိကလေးများကို ကျောင်းသို့လိုက်ပို့ရုံ။ တရုတ်ပြည်မှ ပြန်ရောက်လာတော့လည်း ကျောင်းတွင်
သွားကြိုရုံသာ ဖြစ်ပါသည်။ ဗီဇာ၊ လေယာဉ်လက်မှတ် စသည်တို့ကို ခရီးသွားအေးဂျင့်နှင့် အကုန်စီစဉ်ထား၏။
နောက်တစ်ခုက
ကျောင်းမှ အတန်းပိုင်ဆရာ၊ သင်တန်းနည်းပြ စသည်တို့နှင့် ကျောင်းသား၊ မိဘတို့ကို အမြဲဆက်သွယ်
နေနိုင်သည့် Class Dojo ဆိုတာ ရှိ၏။ သားနေမကောင်း၍ ကျောင်းမသွားနိုင်လျှင် ကျွန်ုပ်က
Class Dojo မှနေ၍ ခွင့်တိုင်လိုက်ရုံ ဖြစ်၏။ "အတန်းပိုင်ဆရာမ မှ တစ်ဆင့် ကျောင်းအုပ်ကြီးထံသို့"
ဘာသို့ တွေ လုပ်နေစရာမလို။ "ဆရာမနှင့် ဆရာမ အမျိုးသားလည်း အဆင်ပြေပါစေ" ဘာတွေ
ရေးနေစရာမလို။
ဆိုတော့
Class Dojo တွင် တရုတ်ခရီးစဉ်တာဝန်ခံ ဆရာမက ရောက်သည့်နေရာမှ ဓာတ်ပုံ၊ ဗီဒီယိုများကို
တင်ပေးနေခြင်းဖြင့် ကိုယ့်ကလေး ဘယ်နေရာရောက်နေသည်၊ ဘာတွေလုပ်နေသည်၊ ဘာတွေစားကြသောက်ကြသည်
ဆိုသည်ကို မပြတ်တွေ့နေရ လေ၏။ ဘယ်တွေရောက်နေလို့၊ ဘာတွေများဖြစ်နေပါလိမ့်ဟု စိတ်ပူစရာအကြောင်း
တစက်ကလေးမှ မရှိ။
ထို
Class Dojo မှပင် ကျောင်းမှလှုပ်ရှားမှုများကိုလည်း မပြတ်တွေ့နေရပါသည်။ သားတို့လှုပ်ရှားမှု
ဓာတ်ပုံတချို့ကို နမူနာ တင်ပေးထားပါသည်။
ထိုမျှသာမက
ကျောင်းမှ လှုပ်ရှားမှု၊ စည်းဝေးပွဲ စသည့်ဖိတ်စာများကို မိဘများထံပေးရန်၊ မိဘများက စည်းဝေးပွဲ
တက်နိုင်/မတက် နိုင် အကြောင်းပြန်ရန် Parent Gateway ဆိုသည့် Apps လည်း ရှိပါသေး၏။
ကျောင်းမှာ ဘာအစည်းအဝေးတွေ၊ ဘာလှုပ်ရှားမှု တွေရှိသည်ကို သည်မှာ ကြည့်နိုင်သည်။ (ပုံတွင်ကြည့်ပါ။)
ကျောင်းသားများအတွက်
အိမ်စာကို အွန်လိုင်းမှ လုပ်ခိုင်းသည်များလည်း ရှိပါသည်။ သူတို့က အချိန်ကို ကန့်သတ်ပေးထားသဖြင့်
သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးအောင်လုပ်ရ၏။ ထို့ကြောင့် ကလေးများကို မိဘများကတောင်
အတင်းတွန်းစရာမလို၊ အချိန်ကျော်သွားလျှင် တင်လို့မရတော့မှာစိုးသဖြင့် ကလေးကိုယ်တိုင်
အချိန်မီပြီးရန် အားထုတ်ရလေသည်။ ဒါဆို အိမ်တိုင်း၊ အိမ်တိုင်း ကွန်ပြူတာရှိရတော့မလား
ဟု မေးစရာရှိပါသည်။ အိမ်မှာ ကွန်ပြူတာမရှိသည့် ကလေးများအတွက် ကျောင်းမှာ လုပ်လို့ ရပါသည်။
(မြန်မာပြည်မှာ မီဒီယာရွမ်းတွေလုပ်တော့ စင်ကာပူကလည်း အတုယူကာ မီဒီယာရွမ်းတွေ လုပ်တာဖြစ်နိုင်ပါသည်။
ဤကား စကားချပ်)
(၃)
စာရေးတာလည်း
အတော်များသွားပြီမို့ နိဂျုံးခုတ် (ဟုတ်ပေါင်) နိဂုံးချုပ်ပါမည်။
ကျွန်ုပ်က
ဤကဲ့သို့ရေးလိုက်ခြင်းဖြင့် စင်ကာပူဆိုတာ တုသိတာနတ်ဘုံတမျှ ကောင်းနေသည်။ စင်ကာပူမှ
ကလေးများမှာ အလွန်တော်၊ အလွန်တတ်သည့် ကလေးများဖြစ်သည်ဟု မဆိုလိုကြောင်း ဒုံးမဝေးသော
ကျွန်ုပ်မိတ်ဆွေတို့ သိပါသည်။
အစိုးရ
အကုန်ပံ့ပိုးပေး၊ ထောက်ပံ့ပေး၊ စီစဉ်ပေးထားတာဆိုတော့ သူတို့ကိုယ်သူတို့ အင်မတန် ဘဝင်ကိုင်နေသူများလည်း
ကျောင်းသားများထဲမှာ မနည်းလှပါ။ ဤသည်ကို သူတို့ အစိုးရလည်း သိပါသည်။ ယခုကဲ့သို့ ပြည်ပလေ့လာရေးခရီးများ
လွှတ်ပေးခြင်းမှာ အခြားတိုင်းပြည်များတွင် ကလေးတွေ ဘယ်လို ပညာသင်ယူနေကြရသည်၊ သူတို့ပညာရေး
အခြေအနေ ဘယ်လိုရှိသည် ဆိုတာကိုလည်း သိစေလိုတာ ဖြစ်ပါသည်။
ကျွန်ုပ်ပေးချင်သော
သတင်းစကားမှာ သူတို့ ဘယ်လိုတွေလုပ်နေသည် ဆိုတာကို သိသာစေရုံမျှ ဖြစ်ပါသည်။
ကြိုက်သူတို့
ယူစေ၊ မကြိုက်သူတို့ အားမနာပါးမနာ လွှင့်ပစ်လိုက်လို့ ရပါသည်။
အမှန်ဆို
သည်ကနေ့ အစီအစဉ်နှစ်ခုရှိ၏။ သို့သော် ပထမအစီအစဉ် (Pi Force Challenge) ကိုသာ မသွားမနေရဖြစ်ပြီး
ဒုတိယ အစီအစဉ်ဖြစ်သည့် Arts Elective Programme Exhibition ကမူ မသွားလိုက မသွားဘဲနေနိုင်၏။
တစ်ကြောင်းမှာလည်း ပထမ အစီအစဉ်က နေ့လည် ၁း၄၅ နာရီမှ ပြီးမည်။ ဒုတိယအစီအစဉ်က ၂ နာရီစမည်ဆိုတော့
အဆင်မပြေ။ တစ်နေရာနှင့် တစ်နေရာ အဝေးကြီးဆိုတော့ တက္ကစီနှင့်သွားလျှင်တောင် မမီနိုင်။
သည့်အတွက် ဒုတိယအစီအစဉ်ကို ဝမ်းနည်းစွာနှင့် စွန့်လွှတ်လိုက်ရ၏။ အမှန်ဆို ကျွန်ုပ်က
သားကို ဒုတိယအစီအစဉ်ကိုပါ သွားစေချင်တာဖြစ်၏။ အနို့ သူက ပန်းချီကို အင်မတန်စိတ်ဝင်စားသူ
မဟုတ်ပါ လော။
ကျွန်ုပ်သာ
အင်ဂျင်နီယာဘွဲ့လက်မှတ်ယူခဲ့သော်ငြားလည်း သားကိုတော့ ငါ့လို အင်ဂျင်နှရာကြီးဖြစ်ရမကွ
ဟု မည်သည့်အခါကမှ မကြုံးဝါးခဲ့စဖူးပါ။ ကျွန်ုပ်က သားကို လေယာဉ်ပိုင်းလော့ ဖြစ်စေချင်သည်။
သို့သော် သူက ပန်းချီကိုသာ ဝါသနာပါ၏။ ကျွန်ုပ်မူ သူဝါသနာပါတာကိုသာ အားပေးရုံဖြစ်ပါသည်။
သူလိုချင်သည့် Art supplies မှန်သမျှ အကုန်ဝယ်ပေးသည်။ သူလျှောက်မည့်လမ်း ကို သူ့ဘာသာ
ရွေးစေပါသည်။
Ooooopppps
!!!!
ဟိုးထားဆရာ
-
အောင်မငီး၊
အရေးကြီးတာတစ်ခု မေ့တော့မလို့။
ဖတ်လက်စနဲ့
နည်းနည်းလောက် ဆက်ဖတ်လိုက်ပါဦး။ အကျဉ်းရုံးသာပြောပါမည်။ လေမရှည်တော့ပါ။
စင်ကာပူမှကျောင်းသားများမှာ
အင်္ဂလိပ်စာအပြင် အမေ့လျှာ (mother tongue) ကိုလည်း မယူမနေ ယူကြရ၏။
(ခေတ်ပေါ်
ဘာသာပြန်ဆရာကြီးများကို အားကျ၍ သူတို့လို ဘာသာပြန်ကြည့်တာ ဖြစ်ပါသည်။)
ကျောင်းသားများသည်
မလေး၊ တရုတ်၊ တမီလ် စသည့် ဘာသာရပ်တစ်ခုခုကို မယူမနေရ ယူရ၏။ Mother tongue သင်တယ် ဆိုတာလည်း
ပီဘိ မဖြစ်ညစ်ကျယ် အဖြစ်မျှ သင်တာမဟုတ်ပါ။ ဝတ္ထုများဖတ်နိုင်သည်ထိ၊ ဂန္ထဝင်စာပေများ လေ့လာနိုင်သည်ထိ
သင်ပေးတာ ဖြစ်ပါသည်။ Mother tongue မအောင်လျှင် တက္ကသိုလ်ဆက်တက်ခွင့် မပြုပါ။
ကျွန်ုပ်တို့ပြည်ထောင်စု
ရွှေနိုင်ငံတော်ကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသား
လူမျိုးနွယ်စု ကြီးများ ရှိပါသည်။ မြန်မာတွေအနေနှင့် အခြားဘာသာစကားကို မသင်လိုဘူးဆိုစေ။
ထို တိုင်းရင်းသား ကလေးသူငယ်များ အတွက် တိုင်းရင်းသားစာပေကို mother tongue အနေနှင့်
မယူမနေရ ပြဋ္ဌာန်းပေးလျှင်ကောင်းမည်ဟု ကျွန်ုပ် ဆန္ဒဖြစ်မိပါသည်။
သို့သော်လည်း
ဆောင်ပုဒ်ကြီးများကို ဆင်လောက်ရှိသည့်စာလုံးကြီးများနှင့်ရေး၊ ဆင်ဖမ်းလိုက်မကွ၊ ကျားဖမ်းလိုက်မကွ
ဟု အသားကုန်ကြုံးဝါးကာ တကယ်ထွက်လာတော့ ချိုမိုင်မိုင်နှင့်ထွက်လာတတ်သည့် မြန်မာပြည်မှ
အစိုးရ အရာရှိမင်းများကိုတော့ ကျွန်ုပ် အလွန်လန့်လည်းလန့်၊ ကြောက်လည်းကြောက်ပါသည်။
Mother
tongue ပရောဂျက်ဟု နာမည်တပ်လိုက်သည်နှင့် ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်ချမ်းသာအောင် ကြံဆောင်နိုင်သည်မှာ
မြန်မာပြည်၌သာ ရှိသည်။
ယခုလည်း
တိုင်းရင်းစာပေသင်ဘို့ ဘာတဲ့၊ ၉ တန်းအောင်ကို ခန့်မည်ဆိုလား သတင်းဖတ်လိုက်ရ၏။ အဟက်ဟက်။
အဲလေ၊
သည်ကိစ္စ ကျွန်ုပ်လည်း ဘာမှမတတ်နိုင်တာ။ ထားလိုက်ပါ။
အဲသလို
အင်မတန်ကြီးကျယ်သည့်ကိစ္စမပြောပါနှင့်။
ကျောင်းသုံးစာအုပ်မှာ
အမှားတွေပါနေလို့ ပြင်စေချင်လို့ အပင်ပန်းခံလုပ်ပေးတာတောင် ဘယ် . . . . . . . . သားကမှ ဂရုမစိုက်ပါ။
နိဂုံးချုပ်မည်ဆိုပြီးမှ
အတော်ရှည်သွားတာ တောင်းပန်ပါသည်။
ဒီတခါ
အဟုတ်တော်၊ တကယ်တော်၊ ဘုရားစူးရပါစေ့ တော်ပါပြီ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၇
ဇူလိုင်၊ ၂ဝ၁၉
No comments:
Post a Comment