(၁)
၂ဝ
ရာစု ဗားရှင်း
မောင်လေးရေ
ထပါတော့ကွယ်။
အရှေ့ဘက်မှာ
ရောင်နီသမ်းလာနေပြီ။
ငှက်ကလေးတွေလည်း
တေးသီနေကြပြီကွဲ့။
ကြွေကျနေတဲ့ပန်းခရေလေးတွေ
သွားကောက်ရအောင်ကွယ်။
၂၁
ရာစု ဗားရှင်း
မောင်လေးရေ
ထ ပါတော့
ဟင်
ဒါလောက်နှိုးနေတာတောင် ခုထိ သေတုန်း။
ပျင်းလိုက်တဲ့ဘဝတော့၊
ကြီးပွားအုန်းမယ့်အမျိုး။
ဟဲ့
သောက်ဂမြင်းမသား။ ထ မလား မထဘူးလား။
နင်တော့
နာချင်ပြီထင်တယ်။
အောင်မငီး
-
သူ
မောင်လေးကိုနှိုးပုံကလည်း ကျောင်းဆရာကြီး။
ဆောတီးပါခင်ဗျာ။
ကျွန်ုပ်စိတ်မကောင်းဖြစ်ရတာ တကျော့နှစ်ကျော့ တေးကိုသီ ကြောင့် လုံးဝ မဟုတ်ရပါ။
(၂)
တမြန်မနေ့က
ကျွန်ုပ် (သင်တန်းမရှိ၍) အိမ်၌ သန့်ရှင်းရေးလုပ်နေစဉ် ဖုန်းဝင်လာ၏။
အကြောင်းကား
-
စင်ကာပူကို
ယခုမှလာသည့် လူသစ်များအတွက် SIP သင်တန်းကို မတက်မနေရ တက်ရ၏။ ထိုသင်တန်းဆင်းလက်မှတ်နှင့်မှ
Work Permit ကဒ် ထုတ်ပေး၏။
ထိုသင်တန်းတွင်
အလုပ်သမားများ သိသင့်သိထိုက်သည်တို့ကို သင်ပေး၏။
ထိုအထဲ၌
အလုပ်သမားများသည် IPA letter ထဲ၌ ဖော်ပြထားသည့်အတိုင်း လခကို ရရမည်။ မရလျှင် MOM ကိုတိုင်ပါ
ဟု ပါ၏။
MOM
website ၌လည်း အလုပ်ရှင်များကို MOM သို့ declare လုပ်ထားသည့်အတိုင်း လခပေးရမည်ဟု ညွှန်ကြားထား၏။
IPA
letter ထဲ၌ လခကို ၄၅၀၊ ၅ဝဝ စသဖြင့် ဖော်ပြထားသူတို့အဖို့ အကြောင်းမဟုတ်။ သူတို့မှာ
အဲသလောက်ပဲ ရကြသည်။ ဒါကို သူတို့လည်းသိသည်။
သို့သော်
တချို့ကျတော့ IPA letter ထဲ၌ လခကို ၁၆ဝဝ ဟု ပြထားပြီး မြန်မာပြည်မှအေးဂျင့်က နင်တို့နော်
တစ်နေ့ကို ၂၁ ကျပ်ပဲ ရမှာဟု မှာလိုက်သည် ဆို၏။
အကယ်၍
လခမှာ တစ်နေ့လျှင် စင်းဒေါ်လာ S$21.00 ဖြစ်မည်ဆိုပါက တစ်နာရီလျှင် $2.625 ဖြစ်မည်။ သို့ဆိုလျှင်
လခမှာ $500.50 သာ ဖြစ်ရမည်။ လခ ၅ဝဝ ကို အဘယ်ကြောင့် IPA letter ၌ S$1600 ဟု ပြရဘိသနည်း။
ထိုအခါ
IPA letter ၌ လခကို S$1600 ဟုဖြော်ပထားသည့် သကောင့်သားကလေး သုံးယောက်မှာ MOM သို့သွား၏။
အင်းဂလစ်ရှ်လို တစ်လုံးမှ မမှုတ်တတ်။
သို့မို့ကြောင့်
ဘာသာပြန်ပေးဘို့ရာ ကျွန်ုပ်ထံ ဖုန်းဆက်ခြင်းဖြစ်သတည်း။
သို့သော်
officer က "သူက ဘာကောင်မှန်းငါမသိဘဲ ငါ ဘယ်လိုလုပ်စကားပြောမတုန်းကွ" ဆိုကာ
သူပေးသည့်ဖုန်းကိုမကိုင်လေ။
ထိုအခါ
ကျွန်ုပ်လည်း မနေနိုင်သည်ဖြစ်၍ -
ကိုင်း
- ကိုယ့်လူတို့ ဘယ်မှလျှောက်မသွားနဲ့။ အဲဒီမှာပဲ စောင့်နေ။ ကိုယ်လာခဲ့မယ် ဆိုကာ
MOM သို့လိုက်သွား၏။
သို့သော်
အရာမထင်ပါ။ သူတို့က ရောက်ခါက၊ work permit တောင်မထုတ်ရသေးသဖြင့် ဝပ်ပါမစ်ထုတ်ပြီးမှလာခဲ့ဆိုကာ
ပြန်လွှတ်လိုက်၏။
ထိုအကြောင်း
အေးဂျင့်မမသိသော် အကြီးအကျယ်ဒေါပွလေ၏။
နင်တို့
ငါတို့ပေးတဲ့လခနဲ့မလုပ်နိုင်ဘူးဆို "ပြန်ပို့မယ်"
အနှီ
"ပြန်ပို့မယ်" ဆိုသည့်စကားလုံးမှာ ပြဿနာတစ်ခုခုဖြစ်တိုင်း ထုတ်သုံးသည့် ၎င်းတို့၏
လက်နက်ဖြစ်၏။
ဝပ်ပါမစ်သမားတို့
အကြောက်ရဆုံးသော စကားလုံးတစ်ခုလည်း ဖြစ်လေသည်။
ကျွန်ုပ်ကိုလည်း
အနှီမမက ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ် ဟု ခြိမ်းခြောက်သည်ဆို၏။
၎င်း၏ခြိမ်းခြောက်စကားကို
ကြားလိုက်ရပြီးသကာလ ကျွန်ုပ်မှာ ကြောက်လွန်းလှသည်ဖြစ်၍ ရင်တုန်ပန်းတုန် (ရင်တုန်တာတော့
သိပါရဲ့။ ဘာ့ကြောင့် ပန်းက တုန်ရသနည်းဆိုတာ ကိုယ့်ဘာသာကိုယ် ကြံဆကြပါကုန်။ ဤကား စကားချပ်)
ဖြစ်ကာ ရေထ သောက်လိုက်ရာ ရေသုံးခွက်ပင် ကုန်သွားလေသော ဟူ၏။
များမကြာမီပင်
အနှီ ငနဲကလေးသုံးယောက်ထဲမှ တစ်ယောက်က ဖုန်းဆက်လာ၏။
သူတို့ကို
အလုပ်ရှင်ဆီမှာ ခေါ်ထားတယ်။ အထုပ်အပိုးတွေလည်း ပြင်ပြီးပြီ။ ပြန်ပို့ဘို့ ရဲတွေလည်း
ခေါ်ထားတယ် ဆို၏။
အဲ့ငှယ်
- အလုပ်ရှင်နဲ့ အလုပ်သမားကိစ္စ။ ဘယ့်နှာကြောင့် ရဲက ပါရမတုန်း။ (နောက်မှ ထိုလူများမှာ
ရဲမဟုတ်။ Gang star များ ဖြစ်မည်ဟု ခန့်မှန်းမိလေသည်။)
ထို့နောက်
ဖုန်းအဆက်အသွယ်မရတော့။ သူတို့ဖုန်းကို ကျွန်ုပ်ဆက်တော့ အမျိုးသမီးတစ်ယောက်ကိုင်၏။ ငါ
. . . . နဲ့ စကား ပြောချင်တယ် ဆိုတော့ ဖုန်းမှားနေတယ် ဆိုကာချသွား၏။ သူတို့ ဖုန်းကို
သိမ်းလိုက်လေပြီ။
နောက်တစ်ကြိမ်
ဖုန်းဆက်တော့ ကျွန်တော်တို့ လေဆိပ်ထဲရောက်နေပြီ ဆို၏။ ဟိုက် ရှားဘားစ်။
ကျွန်ုပ်လည်း
ကိုယ့်လူတို့ immigration မဖြတ်နဲ့အုံး။ အဲဒီမှာ ရဲတွေရှိတယ်။ MOM case ဆိုပြီး အပြင်မှာ
စောင့်နေ ဆိုတော့ -
ကျွန်တော်တို့ကို
immigration အတင်းဖြတ်ခိုင်းတယ်။ အထဲရောက်မှ ဖုန်းပေးတာ ဆိုလေသည်။ ကောင်းလေစွ။
ကျွန်ုပ်လည်း
MWC (Migrant Worker Centre) ကို ကသုတ်ကရက် ဆက်သွယ်ရ၏။ (အမှန်ဆို သည်ကိစ္စ နေ့လည်ကတည်းက
ကျွန်ုပ်ပြောထားတာဖြစ်ပါသည်။ သို့သော် ကျွန်ုပ်မိတ်ဆွေ MWC မှ မမကလေးမှာ သူ့နားရက်ဖြစ်နေသဖြင့်
ကျွန်ုပ်လည်း မနှောက် ယှက်လိုသည်နှင့် ထပ်မဆက်သွယ်တာ ဖြစ်၏။)
သူက
ဟဲ့၊ သူတို့ ဘယ်လေယာဉ်နဲ့တဲ့လဲ၊ ဘယ် terminal မှာလဲ။ ဂိတ်နံပါတ်ဘယ်လောက်လဲ။ သူတို့ကို
လေယာဉ်ပေါ် မတက်နဲ့ အုံးလို့ ပြောလိုက်။ ငါ immigration နဲ့ ဆက်သွယ်လိုက်မယ် ဆိုလေသော်
-
ကျွန်ုပ်လည်း
ဖိုးကံဆိုးကလေးများထံ ထပ်ဆက်သွယ်၏။
သို့သော်
မြန်မာပြည်မှ လူကြီးမင်းမှာ စင်ကာပူသို့ ပြောင်းရွှေ့လာသည်ထင့်။
လူကြီးမင်းဆက်သွယ်သောဖုန်းမှာ
စက်ပိတ်ထားပါသဖြင့် . . . ဟိုက်ရော
ကျွန်ုပ်လည်း
မျက်စိများပြာဝေလျှက် ၂ ခါပြန် ဆက်သွယ်၏။ ၃ ခါပြန် ဆက်သွယ်၏။ ၄ ခါ ၅ ခါပြန် ဆက်သွယ်၏။
အခါခါပြန် ဆက်သွယ်သည့်တိုင် လုံးဝမရတော့ပါလေ။ ည ၁၁ နာရီလောက်တွင် စိတ်မကောင်းစွာနှင့်ပင်
လက်လျှော့လိုက်ရလေတော့ သတည်း။
ထို့နေ့က
ကျွန်ုပ်မှာ သားက မနက်ဖြန် ကျောင်းကအစီအစဉ်နှင့် တရုတ်ပြည် သွားမှာဆိုတော့ လိုသည့်ပစ္စည်းများ
luggage ထဲထည့်၊ လိုသေးတာတွေ ထပ်ဝယ် စသဖြင့် အလွန်အလုပ်ရှုပ်သောနေ့လည်း ဖြစ်၏။ မနက်
၃ နာရီခွဲလောက် အိပ်ယာက ထရမှာဆိုတော့ သားကို စောစောအိပ်ဖို့ သူနှင့်အတူ အိပ်ယာထဲလဲ
အိပ်ပေးနေရသေးသည်။ ဖြစ်ချင်တော့ အဲယားကွန်းက ရေများ ယိုလာသဖြင့် အိပ်ယာတွေ ရွှေ့၊ ရေခံနှင့်
အလုပ်က ရှုပ်သေး။ စောနေသေးတော့ သားက တော်တော်နှင့် အိပ်မပျော်။
ကျွန်ုပ်မှာ
ရူးချင်စိတ်တောင် ပေါက်မိ၏။
သည်ကနေ့မနက်ကျတော့
ဘုန်းကြီးတစ်ပါး Whatsapp ကနေ ဖုန်းဆက်လာ၏။
ဒဂါဂျီး
-
တင်ပါ့ဖျာ့
-
ဒဂါဂျီးကူညီပေးလိုက်တဲ့
မောင်ဟဝှာရဲ့ဦးလေးဘုန်းကြီးပါ။ သူတို့ ညကပဲ ပြန်ရောက်တယ်။ အဲဒါ ဒီကအေးဂျင့်ကို တိုင်ချင်တယ်။
ဘယ်လိုလုပ်ရမလဲ။
အဲဗျ။
တပည့်တော် စင်ကာပူက ဥပဒေတွေအကြောင်းတော့ သိပါရဲ့။ ဒါပေမယ့် မြန်မာပြည်ကအကြောင်းတွေတော့
မသိဘူးဖျာ့။
(သေဇမ်းဘာ့၊
မြန်မာပြည်သားလုပ်နေပြီး သူများဥပဒေတော့သိတယ်။ ကိုယ့်တိုင်းပြည်က ဥပဒေတော့ မသိဘူးတဲ့လား။)
အဲဒီအတွက်
တပည့်တော် မကူညီနိုင်တာ ခွင့်လွှတ်ပါ ဖျာ့။
(၃)
မိတ်ဆွေများခင်ဗျား
-
စင်ကာပူကိုလာရတာ
လွယ်သည်မထင်ပါနှင့်။ သူရို့ခမျာ - သိန်း ၆၀ - ၇၀ လောက်ရင်းပြီးလာရတာဖြစ်သည်။ ပိုက်ဆံမရှိလို့
စင်ကာပူ လာပါတယ်ဆိုမှ ဘယ့်နှာ သိန်း ၄ - ၅ - ၆၀ လက်ထဲ ရှိပါမတုန်း။ ဟိုကဆွဲ။ သည်ကဆွဲ။
ဟိုဟာရောင်း။ သည်ဟာပေါင် ပြီး လာကြရတာ ဖြစ်၏။
အခုလို
သူတို့ကို ပြန်လွှတ်လိုက်တော့ အေးဂျင့်ခ တစ်ဝက်ပဲ ပြန်ရတယ်ထားပါဦး။ သိန်း ၃ - ၄၀ လောက်
ပလုံသွားပြီ ဖြစ်၏။
ကိုယ်ရစရာရှိတာ၊
ရပိုင်ခွင့်ရှိသလောက်တောင်းတာ အပြစ်ဟုတ်ပါသလား။
မည်သူသည်
ဥပဒေဘောင် ပြင်ပက ဖြစ်ပါသနည်း။
ထို့ပြင်
ဟိုတစ်ယောက်ကို စင်ကာပူလိုင်စင်လည်း မရှိပါဘဲလျက် ကားမောင်းခိုင်းစေလေသေး၏။ ဤသည်ကရော
ဥပဒေနှင့် ညီပါသလား။ ကားမောင်းလျှင် ကားမောင်းလိုင်စင်ရှိရမည်ဆိုတာ IPA letter ထဲ၌
အလုပ်ရှင်များကို ညွှန်ကြားထားပါသည်။
ထိုငနဲကလေးများနှင့်
ကျွန်ုပ် မည်ကဲ့သို့မှ သွေးမတော်၊ သားမစပ်ပါ။
သို့သော်
သူတို့ကို ချက်ချင်းလက်ငင်း ဤကဲ့သို့ပြန်လွှတ်လိုက်ခြင်းအတွက်မူ ကျွန်ုပ် ဘယ်လိုမှ မခံစားနိုင်ပါ။
တစ်နေ့လုံး
စိတ်မကောင်းဖြစ်ပြီး ရင်ထဲတွင်လည်း တနုပ်နုပ်ဖြစ်နေသည်။
စားချင်စိတ်၊
သောက်ချင်စိတ်လည်းမရှိ။ ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိ။ စိတ်ဓာတ်လည်း ကျနေလေသည်။
အသင်တို့
ကာယကံရှင်များနေရာကို ခဏလောက်ဝင်ကာ စဉ်းစားကြည့်လိုက်ကြစမ်းပါဘိ။
အိမ်အကူမိန်းခလေးတွေမှာလည်း
ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့်ဖြစ်သည်။
သည်လို
ပြဿနာမျိုးတွေ ဘယ်တော့များမှ ဆုံးခန်းတိုင်မှာပါလိမ့်။
ကာလဝိပါက်ဆိုတာ
နောက်ပိုးတက်တတ်သည်။
ကျွန်ုပ်တို့
စိတ်ဆင်းရဲသလို အသင်လည်း စိတ်မဆင်းရဲရပါစေနှင့်ဟု ဆုတောင်းလိုက်ပါသည်။
လူအချင်းချင်း
မတရားလုပ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၅
ဇွန်လ၊ ၂၀၁၉။ ည ၁၀ နာရီတိတိ
No comments:
Post a Comment