Wednesday, June 5, 2019

သောက်ရေ


(၁) သောက်ရေ

ယောက်ျားကြီးတစ်ယောက်၏ ခန္ဓာကိုယ်အလေးချိန် ၆၅%၊ မိန်းမကြီးတစ်ယောက်၏ ခန္ဓာကိုယ်အလေးချိန် ၅၅% မှာ ရေဓာတ် ဖြစ်၏။ လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရေဓာတ်ပါဝင်မှုမှာ ၄၅% နှင့် ကလေးတစ်ယောက်၏ ရေဓာတ်ပါဝင်နှုန်းမှာ ၇၀ မှ ၈၀% ဖြစ်၏။

လူတစ်ယောက် ရေသောက်သုံးရန် မည်မျှလိုသည်ဆိုသည်မှာ ရေသောက်သုံးသူ၏ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှု၊ နေထိုင်ရသည့်/အလုပ်လုပ်ရသည့်နေရာ၊ ကျန်းမာရေးအခြေအနေ စသည့် အချက်များစွာပေါ် မူတည်နေ၏။ သာမန်အပူချိန်တွင် မိန်းမကြီးတစ်ယောက်အတွက် တစ်နေ့ရေလိုအပ်ချက်မှာ ၂.၇ လီတာ ဖြစ်ပြီး ယောက်ျားကြီး တစ်ယောက် အတွက် လိုအပ်ချက်မှာ ၃.၇ လီတာဖြစ်၏။ သို့သော် နေပူကျဲကျဲထဲတွင် အလုပ်လုပ်ရသူများမှာ ရေပိုသောက်ရန်လို၏။
(ရေ ၁ လီတာ = ပုလင်းကြီး ၁ ပုလင်း)

မြေမျက်နှာပြင်ရေ (surface water) နှင့် မြေအောက်ရေတို့တွင် အင်အော်ဂဲနစ်မင်နရယ်များ ပျော်ဝင်လျက်ရှိ၏။ သောက်ရေတွင် လည်း သတ္တုဓာတ်များ ပျော်ဝင်လျက်ရှိပါသည်။

ခန္ဓာကိုယ်တွင် ရေအချိုးအစား မျှတရန်မှာ အလွန်အရေးကြီး၏။ နေပူထဲတွင် အလုပ်လုပ်သည့်အခါ ရေဓာတ်ခန်းခြောက်ပြီး အန္တရာယ်ရှိ၏။ ထို့အတူ အချိန်တိုအတွင်း ရေကို အများအပြားသောက်ပါက ရေအဆိပ် (water intoxication) တက်၍ သေသည်ထိ အန္တရာယ်ရှိ၏။

သောက်ရေ (drinking water) ကို သောက်သုံးရေ (potable water) ဟုလည်း ခေါ်၏။ သောက်ရေဆိုသည်မှာ သောက်ရန် အတွက် သို့မဟုတ် အစားအသောက်များချက်ပြုတ်ရာ၌ အန္တရာယ်ကင်းစွာ အသုံးပြုရန်အတွက် သင့်တော်သည့်ရေကို ခေါ်၏။
အစားအသောက်ပြင်ရန်အတွက်သော်လည်းကောင်း၊ သောက်သုံးရန်အတွက်သော်လည်းကောင်း သုံးသည့်ရေမှာ အလွန်နည်း သည့် ပမာဏပင်ဖြစ်စေကာမူ လူတို့၏ ကျန်းမာရေးအတွက် အလွန်အရေးကြီး၏။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရေပိုက်ခေါင်းမှလာသည့် ရေသည် သောက်သုံးရန် ရေအရည်အသွေးများနှင့် ပြည့်မီသည် ဆို၏။ သောက်သုံးရန်အပြင် အခြားသုံးသောရေများမှာ ရေချိုးရန်၊ ဆေးကြောရန်၊ အိမ်သာသုံးရန်၊ စိုက်ပျိုးရေးအတွက် စသည်တို့ဖြစ်၏။ ရေညို (Grey water) ကို အိမ်သာရေလောင်းရန်၊ အပင်များ ရေလောင်းရန်၊ ဆေးကြောရန်နှင့် စိုက်ပျိုးရေးတို့အတွက် သုံးနိုင်၏။

မှတ်ချက်။            ။ အသုံးရည်ကိုလိုက်၍ ရေကို ရေဖြူ (white water)၊ ရေညို (grey water) နှင့် ရေမဲ (black water) ဟု အမျိုးအစားခွဲနိုင်၏။ ရေဖြူဆိုသည်မှာ သောက်သုံးရန် သင့်တော်သည့်ရေ ဖြစ်၏။ ဥပမာ - မိုးရေနှင့် အဝီစိတွင်းရေ။ မီးဖိုချောင်မှ သော်လည်းကောင်း၊ ရေချိုးခန်းမှ သော်လည်းကောင်း ထွက်လာသည့်ရေများမှာ ရေညိုဖြစ်၏။ ဘက်တီးရီးယားနှင့် ပိုးမွှားများ ပါနိုင်သည့်တိုင် အနည်းငယ်မျှသာပါသည်။ ရေမဲဆိုသည်မှာ အိမ်သာမှထွက်လာသည့် လူ၏မစင်တို့ပါဝင်နေသည့်ရေကို ခေါ်သည်။ ဘက်တီးရီးယားနှင့် ရောဂါပိုးများ အများအပြား ပါဝင်နေသည်။

အဆိပ်အတောက်များပါဝင်မှုပမာဏပေါ်မူတည်ကာ ရေကို အသုံးပြုရန် ငြင်းပယ်နိုင်သည်။ ဥပမာ - စက်ရုံများမှ ထွက်လာသည့် ရေ။

ကမ္ဘာအဝှမ်း၌ ၈၉% ရာခိုင်နှုန်းမျှသော လူများမှာ သောက်သုံးရန်သင့်တော်သည့် ရေကို ရရှိကြသည်။ ကမ္ဘာပေါ်မှ လူဦးရေ ၄.၂ ဘီလီယံတို့သည် ရေပိုက်ခေါင်းမှ ရေကိုရရှိကြပြီး ၂.၄ ဘီလီယံမျှသောလူများမှာ အများပိုင် ရေပိုက်လိုင်းများမှသော်လည်းကောင်း၊ ရေတွင်းရေကန်တို့မှသော်လည်းကောင်း ရေကိုရရှိကြ၏။ အန္တရာယ်ကင်းသည့် သောက်သုံးရေရရှိရေးမှာ လူသားတစ်ယောက်၏ အခြေခံအခွင့်အရေးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆို၏။
(၁ ဘီလီယံ = သန်း ၁ ထောင်)

ကမ္ဘာပေါ်တွင် လူသားပေါင်း ၁ မှ ၂ ဘီလီယံသည် အန္တရာယ်ကင်းသောသောက်သုံးရေကို မရရှိကြ။ သို့မို့ကြောင့်ပင် တစ်ပတ် လျှင် လူပေါင်း ၃ သောင်းခန့် သေကြေပျက်စီးနေကြရသည် ဆို၏။ ၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာပေါ်တွင် အန္တရာယ်မကင်းသည့် သောက်ရေကြောင့် သေဆုံးရသည့် လူအရေအတွက်မှာ ကမ္ဘာစစ်များကြောင့် သေဆုံးရ သည့် လူဦးရေထက်ပင် ပိုမိုများပြားသေးသည်ဟု ပြောခဲ့ပါသည်။

(၂) အန္တရာယ်ကင်းတဲ့သောက်ရေဆိုတာ ဘာလဲ

၂၀၁၇ ခုနှစ်တွင်ထုတ်ပြန်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာအရ "အန္တရာယ်ကင်းသည့် သောက်သုံးရေ" ဟူသည် "အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတို့သက်တမ်းတလျှောက် ရေကိုသောက်သုံးခြင်းကြောင့် လူ့ကျန်းမာရေး ကို တစ်စုံတစ်ရာ အန္တရာယ်မဖြစ်စေမည့်ရေ" ဖြစ်သည်ဟု ဆို၏။

" အန္တရာယ်တစ်စုံတစ်ရာမဖြစ်အောင် စီမံထားသော သောက်သုံးရေ" ဟူသည်မှာ "အညစ်အကြေးတစုံတရာမပါဝင်စေဘဲလျက် လိုသည့်အခါတွင် ရနိုင်သောရေ" ဖြစ်၏။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၇၁% ဖြစ်သော ၅.၂ ဘီလီယံသည် အန္တရာယ် ကင်းသောရေကို ရနိုင်ခဲ့သည်ဆို၏။  

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ် (improved water source)" နှင့် "မတိုးတက်မကောင်းမွန်သေးသော ရေအရင်း အမြစ် (unimproved water source)" ဟူသော စကားလုံးနှစ်ခုကို ၂၀၀၂ ခုနှစ်က UNICEF, WHO နှင့် JMP တို့က သောက်ရေ ကို စောင့်ကြည့်လေ့လာရေး ကိရိယာအဖြစ် သုံးခဲ့၏။

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ် (improved water source)" တွင် အိမ်ရောက်အောင် ရေပိုက်လိုင်းဖြင့် သွယ်တန်း ထားသည့် ရေ၊ အများပြည်သူသုံး ရေပိုက်ခေါင်းမှရေ၊ အဝီစိတွင်းရေ၊ ကောင်းစွာထိန်းသိမ်းထားသည့် တွင်းရေ၊ သေချာစွာ သိုလှောင်ထားသည့် မိုးရေ စသည်တို့ပါဝင်သည်။ ထို့ပြင် တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ်တွင် အလိုရှိသည့်အခါ အလွယ်တကူ အဆင်သင့်ရနိုင်သည့်ရေ၊ အိမ်အတွင်းထိ ရောက်နေသောရေ၊ မည်သည့်အညစ်အကြေးမှ ရောနှောပါဝင်မနေသည့် ရေ၊ အသွားအပြန် နာရီဝက် ခရီးအကွာအဝေးတွင်ရှိသောရေ စသည်တို့ကိုပါ ထည့်သွင်းထားပါသေးသည်။  

မှတ်ချက်။            ။ အသွားအပြန် နာရီဝက် ခရီးအကွာအဝေးတွင်ရှိသောရေ ဟူသည့်သတ်မှတ်ချက်မှာ SDC - Swiss Agency for Development and Cooperarion က သတ်မှတ်ထားတာဖြစ်ပါသည်။ အဘယ်ကဲ့သို့သတ်မှတ်သည်ကို သိလိုပါက အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။ https://www.shareweb.ch/site/Water/resources

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ်" မှာ လူ့အညစ်အကြေားများ ရောနှောမပါဝင်ရလေအောင် ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ပိုက်ဖြင့် သွယ်တန်းထားသည့် ရေလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ်လေ့လာချက်များအရ တိုးတက်ကောင်းမွန် သော ရေအရင်းအမြစ်၏ ၂၅% တွင် လူ့အညစ်အကြေးများ ပါဝင်နေသည်ဟု ဆို၏။



(၃) ရေရနိုင်သော အရင်းအမြစ်များ

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀% ကို ရေထုက ဖုံးလွှမ်းထား၏။ ထိုရေတို့အနက် ၉၇.၂% သောရေတို့မှာ ဆားငံရေများဖြစ်၏။ သို့အတွက် ရေချိုပမာဏမှာ ၂.၈% မျှသာရှိလေသည်။ ရေချိုရရှိနိုင်သော အရင်းအမြစ်များမှာ အောက်ပါတို့ဖြစ်၏။

Ø  မြေအောက်ရေ (ground water) (စိမ့်စမ်းရေ၊ အဝီစိတွင်းရေ)
Ø  မိုးရေ၊ နှင်းရေ၊ မြူရေ (precipitation) (မိုးရေ၊ စမ်းချောင်းရေ၊ ရေခဲမြစ်ရေ) 
Ø  မြေမျက်နှာပြင်ရေ (Surface water) (မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ ရေ)
Ø  ဇီဝရေ (Biological) (အပင်များမှရေ)
Ø  ဆားငံရေကို ကျိုချက်ယူသောရေ (Desalinated seawater) (ပင်လယ်ရေကို ကျိုချက်ယူသောရေ)
Ø  ချွေး (Astmospheric water generator) (စိုထိုင်းဆများသော လေထုကို ပေါင်းခံယူသောရေ၊ ချွေးရေ)

ရေရနိုင်သည့် နောက်အရင်းအမြစ်တစ်ခုမှာ သုံးပြီးသားရေကို ပြုပြင်၍ ပြန်လည်သုံးစွဲခြင်းဖြစ်၏။ လူနေအိမ်များမှ ထွက်လာသည့် ရေဆိုးရေညစ်များကို ပြန်လည်ပြုပြင်သုံးစွဲနိုင်သည်။ ပြုပြင်ထားသည့်ရေများကို စက်မှုလုပ်ငန်းများ၌သော် လည်းကောင်း၊ သစ်ပင် များ ရေလောင်းရာတွင်သော်လည်းကောင်း၊ အိမ်သာရေဆွဲချရာတွင်သော်လည်းကောင်း သုံးနိုင်သည်။ ထိုမျှမက အဆင့်မြင့် နည်းပညာများသုံးလျက် သောက်သုံးရေရသည်ထိပင် ပြုပြင်ယူနိုင်လေသည်။

စမ်းရေကို အချို့နေရာများ၌ ပုလင်းသွတ်၍ ရောင်းချကြ၏။ ရေပိုက်ခေါင်းမှ လာသောရေ၊ အစိုးရရေပေးဝေရေးစနစ်မှ ပေးသော ရေတို့မှာ အန္တရာယ်ကင်းစွာ စိတ်ချလက်ချ သောက်သုံးနိုင်၏။ ထိုရေများကို သောက်ရေအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အန္တရာယ်ကင်းသော သောက်ရေဖြစ်သည်အထိ ပြုပြင်ပေးထားသည်။ ပြုပြင်ထားသည့်ရေကို သုံးစွဲသူများထံ ရောက်အောင် ပိုက်များဖြင့် သယ်ပို့ပေး၏။ ပိုက်များဖြင့်သယ်ပို့ရာတွင် ရေယိုစိမ့်ပြီး ဆုံးရှုံးမည့်အရေးကိုလည်း ထည့်သွင်းစဉ်းစား ရမည်။ ထိုမျှသာမက ရေပိုက်လိုင်းများကို မြေကြီးအောက်မှ သွယ်တန်းရာတွင် ပေါက်နေသည့် ပိုက်နေရာမှ ရေညစ်များ၊ ရောဂါ ပိုးမွှားများ ဝင်လာနိုင်သည့် အန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်၏။

စင်ကာပူတွင် ရေကို အရင်းအမြစ်လေးခုမှ ရယူသည်။ ၎င်းတို့မှာ -
၁။ မလေးရှားမှ ဝယ်ယူသောရေ (Imported Water)
၂။ မိုးရေ (Local Catchment Water)
၃။ ပင်လယ်ရေးကို ကျိုချက်ယူသောရေ (Desalinated Water)
၎။ အိမ်များမှ စွန့်ထုတ်လိုက်သော သုံးပြီးသားရေများကို ပြန်လည် သန့်စင်သုံးသောရေ (NEWater) . . . တို့ ဖြစ်၏။

စင်ကာပူသည် ကောင်းကင်မှရွာချလိုက်သည့် မိုးရေများကို အလဟဿအဖြစ်မခံပါ။ ထိုမိုးရေများကို သေချာစွာပြုပြင်ထားသည့် မြောင်းကြီး၊ မြောင်းငယ်များဖြင့် ရေကန်ကြီးများဆီကဲ့ယူကာ လှောင်ထားသည်။ ထို့နောက် ထိုလှောင်ထားသော ရေများကို ပြုပြင်ကာ ပြန်သုံးသည်။

ထို့အတူပင် အိမ်များမှ စွန့်ထုတ်လိုက်သည့် ရေဆိုးရေညစ်များကိုလည်း လွှင့်မပစ်ဘဲ ပြန်၍သန့်စင်ကာ သုံးသည်။ ထိုရေကို NEWater (ရေသစ်) ဟု ခေါ်၏။ တစ်နိုင်ငံလုံးမှ ရေဆိုးများကို ရေပြုပြင်ရေးစက်ရုံ (water reclamation plant or new water factory) များသို့ပို့ကာ ပြုပြင်ယူ၏။ စင်ကာပူတွင် ရေပြုပြင်ရေးစက်ရုံ လေးခုရှိသည်။

စင်ကာပူသည် မြေအောက်ရေကို လုံးဝထုတ်ယူသုံးစွဲခြင်းမရှိ။ ပင်လယ်ရေကို ကျိုချက်ကာ ရေချိုဖြစ်အောင်သုံးသည့် ကမ္ဘာ့နိုင်ငံ များတွင် စင်ကာပူသည် တစ်နိုင်ငံ အပါအဝင်ဖြစ်၏။ လက်ရှိတွင် ပင်လယ်ရေချက်စက်ရုံ ၆ ခုရှိပြီး ၂၀၆၀ ခုနှစ်သို့ ရောက်လျှင် တစ်နိုင်ငံလုံး ရေလိုအပ်ချက်၏ ၂၅% ကို ဤရေများဖြင့် ဖြည့်ဆည်းမည် ဖြစ်၏။

မလေးရှားမှ ရေကို စာချုပ်နှစ်ခုဖြင့်ဝယ်ယူခဲ့ရာ ပထမစာချုပ်မှာ ၂၀၁၁ ခုနှစ်တွင်သက်တမ်းကုန်သွားပြီဖြစ်၏။ ဒုတိယစာချုပ်မှာ ၂၀၆၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်သည်။ ထိုစာချုပ်သက်တမ်းကုန်လျှင် မလေးရှားမှ ရေကိုဝယ်ယူခြင်းအား ရပ်တန့်လိုက်ပြီး မိမိပိုင်ရေဖြင့်သာ လုံးဝသုံးစွဲသွားမည် ဖြစ်၏။ မိုးရေမှာ အကန့်အသတ်ရှိသဖြင့် ပင်လယ်ရေကို ကြိုချက်သောရေ နှင့် ပြန်ပြင်ရေ (NEWater) ကို အဆများစွာ တိုးမြှင့်လိုက်မည် ဖြစ်သည်။ ထို့ကြောင့် စင်ကာပူနိုင်ငံ၏ ရေအရင်းအမြစ် ရယူပုံမှာ အခြားနိုင်ငံများ ထက် ပိုမိုထူးခြားသည်ဟု ဆိုနိုင်မည် ဖြစ်၏။

ယခုအခါ မြန်မာနိုင်ငံ ဒေသများစွာ၌ပင် သောက်သုံးရေအခက်အခဲကို ကြုံနေကြရပြီ။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် မြေအောက် ရေများကို အကန့်အသတ်မရှိ ထုတ်ယူသုံးစွဲနေကြ၏။ ဤသည်မှာ ကြိုဆိုရမည့်အရာတစ်ခုမဟုတ်။ မြေအောက်ရေဟူသည် အကန့်အသတ်ရှိ၏။

မြန်မာနိုင်ငံအနေနှင့် မိုးရေခံဒေသများစွာရှိလေရာ အခမဲ့ရသော မိုးရေကို ချောင်းမြောင်းများမှ တဆင့် ပင်လယ်ထဲသို့ အလဟဿ စီးဆင်းကုန်ဆုံးစေမည့်အစား စုဆောင်းပြီး အကျိုးရှိရှိပြန်လည် အသုံးချနိုင်ရန် စီမံကိန်းများချလျှက် လုပ်ကိုင်သင့်သည့် အချိန်သို့ ရောက်နေပြီဖြစ်၏။ ယခုကတည်းက မစီမံလျှင် မဝေးလှတော့သော အနာဂတ်ကာလ၌ ရေပြဿနာနှင့် မလွဲမသွေ ကြုံကြရ လိမ့်မည်။

(၄) ရေအရည်အသွေး

ရေအရည်အသွေးကို အောက်ပါအတိုင်း သုံးမျိုး ခွဲနိုင်၏။

Ø  ရုပ်ဂုဏ်သတ္တိ (physical)
Ø  ဓာတ်ဂုဏ်သတ္တိ (chemial)
Ø  အနုဇီဝဂုဏ်သတ္တိ (microbiological)

ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတွင် heavy metal, organic compound, total suspended solids (TSS), turbidity စသည်တို့ပါ၏။ အနုဇီဝဂုဏ်သတ္တိများတွင် ကိုလီဖောင်းဘက်တီးရီယား၊ အီးကိုလီ၊ ကိုလယ်ရာဘက်တီးရီးယား၊ ဗိုင်းရပ်စ် စသည်တို့ပါ၏။

ဓာတ်ဂုဏ်သတ္တိများတွင် နိုက်တြိတ်၊ နိုက်တြိုက်၊ အာဆင်းနစ် စသည်တို့ပါပြီး လူတို့အား နာတာရှည်ရောဂါများကို ဖြစ်စေနိုင် သည်။ ရုပ်ဂုဏ်သတ္တိ၌ အမှုန်အမွှား၊ ပိုးကောင်မွှားကောင်၊ မစင်အညစ်အကြေး စသည်တို့ပါပြီး လူတို့၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အကယ်၍ ရေထဲတွင် fecal coliforms (E.Coli ကဲ့သို့) တွေ့လျှင် ထိုရေတွင် မစင်အညစ်အကြေးများ ရောပါ နေပြီဟု သံသယရှိနိုင်ပါသည်။

ထို့ပြင် ရေထဲတွင် protozoan oocysts (ဥပမာ - Cryptosporidium sp.), Giardia lamblia, Legionella နှင့် viruses (enteric) တို့ပါဝင်နိုင်သေးသည်။ မိုက်ခရိုဘိုင်ယယ်လ် ပက်သိုဂျင်းနစ်များမှာ လူတို့၏ကျန်းမာရေးကို ချက်ချင်းထိခိုက်စေနိုင်လေရာ အထူး အလေးထားရမည့် အရာတစ်ခုဖြစ်၏။

ကမ္ဘာပေါ်တွင် သောက်သုံးရေများကို အဓိကညစ်ပတ်စေသည့်အရာမှာ လူတို့၏ အညစ်အကြေးပင်ဖြစ်၏။ ၂၀၀၆ ခုနှစ်တွင် ရေကြောင့်ဖြစ်ရသော ရောဂါများကြောင့် သေကြေပျက်စီးကြသူများမှာ ၁.၈ သန်းရှိပြီး သန့်ရှင်းသောသောက်ရေ မရှိသူမှာ ၁.၁ ဘီလီယံရှိ၏။ ကျေးလက်တောရွာများတွင် အိမ်သာများကို ချောင်း၊ မြောင်းကမ်းနဖူးတို့တွင် ဆောက်လုပ်လေ့ရှိရာ လူတို့၏ အညစ်အကြေးများ အဓိကပါဝင်နေသည့်ရေမှာ ၎င်းတို့ နေ့စဉ်သုံးစွဲနေသည့် ချောင်းရေပင်ဖြစ်၏။

သောက်ရေ၏ အရည်အသွေးနှင့်ပတ်သက်၍ စံနှုန်း၊ လမ်းညွှန်၊ ဥပဒေ၊ နည်းဥပဒေ များစွာရှိ၏။ အလိုရှိသူများ WHO website တွင် စာအုပ်များကို အခမဲ့ download လုပ်ကာ ဖတ်ရှုနိုင်ပါသည်။ ISO တစ်ခုတည်းပင် ရေအရည်အသွေးနှင့်ပတ်သက် ၍ ISO 24510 အပါအဝင် စံနှုန်းပေါင်း ၃၀၀ နီးပါးရှိ၏။ (Ref: ISO and Water)

ရေအရည်အသွေးနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။







(၅) ရေနှင့် ကျန်းမာရေး

သောက်ရေအတွက် အဓိကပြဿနာမှာ ရေမသန့်ရှင်းမှုပင် ဖြစ်၏။ ရေမသန့်မှုကြောင့်ဖြစ်သည့် ရောဂါမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေသူများ၏ ၉၀ % မှာ အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်၏။ အာဟာရချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ခုခံအား ကျဆင်းရသည်။ ထိုအခါ အလွယ်တကူ ရောဂါရသည်။ ရောဂါဒဏ်ကို ခံနိုင်ရည်မရှိ။ ၂၀၀၀ မှ ၂၀၀၃ ခုနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်သေရသော အသက် ၅ နှစ်အောက် ကလေးငယ်များမှာ ဆာဟာရ အာဖရိကဒေသ၌ ၇၆၉ ၀၀၀၊ တောင်အာရှဒေသတွင် ၆၈၃ ၀၀၀ ရှိသည်ဆို၏။

အကယ်၍ ရေဖြန့်ဖြူးရေးစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်လျှင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုကို ၂၅ % ထိ၊ ရေသိုလှောင်မှုစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်လျှင် ၃၉ % ထိ လျှော့ချနိုင်မည်။

၁၉၈၀ ခုနှစ်တွင် ကုလသမဂ္ဂက "International Decade of Water" (အပြည်ပြည်ဆိုင်ရာ ရေဆယ်စုနှစ်) အဖြစ် ကြေငြာခဲ့၏။ အဝီစိတွင်းရေသည် မြစ်ချောင်း၊ တူးမြောင်း၊ ကန်များမှရေထက် သောက်သုံးရန် ပိုမိုအန္တရာယ်ကင်းသည်ဟု ယူဆခဲ့ကြ၏။ ဂရင်းနိုက်ကျောက်များပျော်ဝင်မှုကြောင့် ရေတွင် ဖလူအိုရိုဒ်အလွန်အကျွံပါဝင်၍ လူပေါင်း သန်း ၆၀ ခန့် အဆိပ်သင့်ခဲ့ကြ၏။ ရလဒ်မှာ ကလေးငယ်များ၌ အရိုးများ ပုံပျက်ပန်းပျက်ဖြစ်ခြင်း ဖြစ်၏။ ဖလူအိုရိုဒ် ပမာဏနည်းလျှင် သွားများကို အထောက်အကူ ပြုသော်လည်း များလျှင်မူ အရိုးများ၏ ပုံပန်းကို ထိခိုက်စေသည်။

နောက်တစ်ခုမှာ အာဆင်းနစ်အဆိပ်သင့်မှု ဖြစ်၏။ ကမ္ဘာ့နိုင်ငံ ၇၀ တွင် လူ သန်းပေါင်း ၁၄၀ မှာ အာဆင်းနစ် အဆိပ်သင့်မှုဒဏ်ကို ခံခဲ့ရသည်ဆို၏။

ဤအချက်များက ပြည်သူများအတွက် သောက်သုံးရေဖြန့်ဖြူးရာတွင် အစိုးရများသည် သောက်ရေ၌ အဆိပ်ဓာတ်ပါဝင်မှုကို သေ သေချာချာ၊ မှန်မှန်ကန်ကန်၊ တိတိကျကျ စစ်ဆေးသင့်ကြောင်း ဖော်ပြနေ၏။

(၆) ရေကို သန့်စင်သုံးစွဲခြင်း

အဝီစိတွင်းရေနှင့် စမ်းချောင်းရေများအပါအဝင် မည်သည့်ရေကိုမဆို မသုံးမီ ပြုပြင်ရန်လို၏။ မည်ကဲ့သို့ပြုပြင်ရမည်နည်း ဟူသည်မှာ သည်ရေကို မည်သည့်နေရာက ရသနည်း ဆိုသည့်အပေါ် များစွာမူတည်နေ၏။ မြို့ကြီးများမှ အများပြည်သူ ရေပေးဝေရေးစနစ်အတွက် ရေသန့်စင်စက်ရုံကြီးများရှိရန် လိုသကဲ့သို့ အိမ်သုံး အဝီစိတွင်း/ရေတွင်းများမှရေကို သန့်စင်သည့် အိမ်သုံး ရေသန့်စင်စက်ကလေးများလည်း ရနိုင်ပါသည်။

ရေသန့်စင်စက် မရနိုင်သောကျေးလက်တောရွာများတွင် ရေကိုကြိုချက်သောက်ခြင်းဖြင့် ရေ၌ပါဝင်သည့် ရောဂါပိုးမွှားများကို သေစေနိုင်၏။ သို့သော် ပြဿနာမှာ ရေကိုကြိုချက်သောက်ရန် လောင်စာ (ထင်း) လိုခြင်းနှင့် ကြိုပြီးသားရေကို မည်ကဲ့သို့ လှောင်မည်နည်း ဟူသည့် ပြဿနာ ဖြစ်သည်။

နောက်တစ်နည်းမှာ လောင်စာမလိုသော ရေသန့်စင်ရုံအသေးစားများ ဖြစ်၏။ ၎င်းကို ကျောက်ခဲ၊ သဲ၊ မီးသွေးတို့သုံး၍ လုပ်နိုင်၏။ နေရောင်မှရသည့် ခရမ်းလွန်ရောင်ခြည်ကို သုံးနိုင်၏။ ဤကဲ့သို့သော ရေသန့်စင်ရုံကလေးများ မည်ကဲ့သို့ ပြုလုပ်အသုံးချရမည်ကို အစိုးရအနေဖြင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန်၊ လိုအပ်သော ပစ္စည်းကိရိယာများ ပံ့ပိုးပေးရန် လို၏။

နောက်တစ်ခုမှာ ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများနှင့် အိမ်သာများကို ဝေးဝေးထားရန် ဖြစ်၏။ အကြံပေးထားသည့် အကွာအဝေး မှာ မီတာ ၃၀ ဖြစ်၏။ ထို့အပြင် ရေကန်ဆောက်လျှင် မြေပြင်အထက် ၂ မီတာအမြင့်၌ ဆောက်ရပါမည်။




နိဂုံး

ရေသည်အသက်ဖြစ်၏။
ဤကမ္ဘာပေါ်မှ ရေအရင်းအမြစ်မှာ မကုန်နိုင်မခမ်းနိုင် ရရှိနေနိုင်သည့် အရာမဟုတ်။ မြေအောက်ရေသော် လည်းကောင်း၊ မြစ်ချောင်းအင်းအိုင်များမှ ရေသော်လည်းကောင်း အကန့်အသတ် ရှိ၏။ အလွန်ကြီးမားလှသော ရေအရင်းအမြစ်တစ်ခုမှာ ရေခဲ တောင်များဖြစ်၏။ ယခုအခါ ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်လာနေ၏။ ဝင်ရိုးစွန်း ရေခဲတောင်များမှ အရည်ပျော်သွားသည့်ရေသည် သမုဒ္ဒအတွင်း စီးဆင်းသွားပြီး သုံးမရသောရေများ ဖြစ်သွား၏။

ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများ၌ အစိုးရက အများပြည်သူသို့ပေးသည့် ရေပမာဏမှာ လိုအပ်ချက်ထက် များစွာလျော့နည်း နေသေးသည်ဖြစ်ရာ ပြည်သူတို့မှာ ရေပြဿနာကို မိမိတို့ဘာသာ ဖြေရှင်းကြရ၏။ ထိုအခါ အိမ်တိုင်းလိုလို အဝီစိတွင်းများ ပေါ်လာ ၏။ ဤသည်မှာ ကောင်းသောလက္ခဏာမဟုတ်။ မြေအောက်ရေကို အတိုင်းအဆမရှိ စုပ်ယူသုံးစွဲနေခြင်းသည် အလွန် အန္တရာယ် များလှ၏။ ဤကိစ္စကို ပြဿနာအကြီးအကျယ်မတက်မီ စောစီးစွာဖြေရှင်းထားရန် သင့်လှ၏။

ထို့ပြင် အများပြည်သူ သောက်သုံးနေသည့်ရေသည် ကျန်းမာရေးနှင့် ညီညွတ်၊ မညီညွတ်ဆိုသည်ကို အစိုးရက ကမကထလုပ်ကာ စစ်ဆေးပေးနေမှုများကိုလည်း မတွေ့ရသလောက်ဖြစ်၏။

ဤသည့်ကိစ္စများကို အာဏာပိုင်အဖွဲ့အစည်းများအနေနှင့် အဆောတလျင်ဆောင်ရွက်ရန် လိုနေပြီဖြစ်ကြောင်း အသိပေး နှိုးဆော် လိုက်ရပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)

References:

https://en.wikipedia.org/wiki/Drinking_water
https://en.wikipedia.org/wiki/Pit_latrine
https://en.wikipedia.org/wiki/Water_supply_and_sanitation_in_Singapore
ISO: ISO and Water
WHO: Guideline for Drinking Quality

No comments: