Tuesday, June 11, 2019

အန္တရာယ်ကင်းစွာ ဝန်ချီခြင်း (၁)


နိဒါန်း

            လူတို့သည် နေ့စဉ် ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရန် သယ်ပိုးကြရ၏။ ဤကဲ့သို့ သယ်ပိုးရာတွင် လူအားဖြင့် သယ်ပိုးခြင်းနှင့် စက်ကိရိယာသုံး၍ သယ်ပိုးခြင်းဟု နှစ်မျိုးရှိ၏။ သယ်ယူပို့ဆောင်ရာတွင် မှန်ကန် စနစ်ကျစွာ မသယ်ပိုး နိုင်ပါက လူအပေါ်တွင် ဒဏ်သက်ရောက်နိုင်၏။ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးနိုင်သည်။ ထို့ကြောင့် စနစ်တကျ သယ်ယူ ပို့ဆောင်နိုင်ရေးမှာ အလွန်အရေးကြီးလေသည်။
            လုပ်ငန်းခွင်၌သာမက လူအားဖြင့် သယ်ယူပို့ဆောင်ခြင်းကို နေ့စဉ်လူနေမှုဘဝတွင်ပါ လုပ်ဆောင်နေကြရသည်ဖြစ်ရာ လူတိုင်းလူတိုင်း မှန်ကန်စွာ သယ်ပိုးနည်းကို သိထားရန်လို၏။

၁။ လူအားဖြင့် သယ်ပိုးခြင်း

            လူအားဖြင့် သယ်ပိုးခြင်း၌ ဝန်ကို ချီမ,ခြင်း၊ အောက်သို့ချခြင်း၊ ဆွဲယူခြင်း၊ တွန်းပို့ခြင်း၊ သယ်ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ချီမ,ထားခြင်း စသည်တို့ပါ၏။
            အကယ်၍ ချီမ,ပုံမမှန်ပါက အရိုးနှင့်ကြွက်သားများပုံပျက်ခြင်းရောဂါ (musculoskeletal disorder) ဖြစ်တတ်၏။ ခါးနာ တတ်သည်။ လည်ပင်း၊ ပုခုံး၊ လက်မောင်းနှင့် လက်များ ဒဏ်ရာ အနာတရဖြစ်တတ်၏။
            ဤထိခိုက်ဒဏ်ရာရခြင်းများကို စနစ်တကျ အစီအမံများ ကြိုတင်ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်၏။
            လူတစ်ယောက် သယ်ပိုးနိုင်သော အလေးချိန်ကို ၂၅ ကီလို (၁၅ ပိသာ) ဟု ဆိုပါသည်။ ထို့ထက်ပိုလျှင် လူ့ခန္ဓာကိုယ် အပေါ် ဒဏ်သက်ရောက်နိုင်သည်ဆို၏။
            လူအားဖြင့် သယ်ပိုးရာတွင် ဖြစ်နိုင်သော အန္တရာယ်၊ အနာတရဖြစ်မှုများ -
Ø  အလွန်လေးသည့်ဝန်ကို မ ရခြင်းကြောင့် ခါးနာခြင်း၊ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခြင်း
Ø  ချွန်ထက်၊ စူးရှနိုင်သည့်ပစ္စည်းများကြောင့် လက်ကို စူးခြင်း၊ ရှခြင်း
Ø  ကိုင်တွယ်စရာနေရာမပါသဖြင့် လွတ်ကျခြင်း
Ø  ကြီးမားသည့်ပစ္စည်းကိုသယ်ရာတွင် မြင်ကွင်းကို ကွယ်နေသဖြင့် တိုးမိတိုက်မိခြင်း၊ ခလုတ်တိုက်လဲခြင်း
Ø  စင်ပေါ်မှပစ္စည်းများကို မမီမကမ်းလှမ်းတင်၊ လှမ်းချခြင်းကြောင့် ပစ္စည်းများ ပြိုကျခြင်း
Ø  စက်ဆီ၊ ချောဆီ၊ အမဲဆီများနှင့် ထိမိခြင်း
Ø  ဓာတုပစ္စည်းများနှင့် ထိမိခြင်း
Ø  ဖုန်များ၊ မီးခိုးများ၊ ဓာတ်ငွေ့များကို ရှူမိခြင်း

၁၊ ၁။ မှန်ကန်စွာ ချီ မ, ခြင်း

Ø  ဝန်နှင့်အနီးဆုံးတွင် နေရာယူပါ။
Ø  ဝန်ကို မြဲမြံစွာကိုင်ပါ။
Ø  ခြေထောက်ကိုသုံး၍ ထ ပါ။
Ø  ဝန်ကို ချီ မ, ထားစဉ် ခါးကို မကွေးပါနှင့်။ မလှည့်ပါနှင့်။ လှည့်ရန်လိုလျှင် ခြေနှစ်ဖက်သုံး၍ တစ်ကိုယ်လုံးလှည့်ပါ။
Ø  ပစ္စည်းကို ချလျှင်လည်း ခါးကိုမကွေးပါနှင့်။ ခြေထောက်များကိုသုံး၍ ထိုင်ချပါ။

အရေးကြီးသည်မှာ ဝန်ကိုချီ မ,ထားစဉ် ခါးကို လှည့်ခြင်း၊ ကွေးခြင်းမပြုလုပ်ရန် ဖြစ်ပါသည်။






၁၊ ၂။ အခြားအကူအညီ ကိရိယာများသုံးခြင်း

            အကယ်၍ ဝန်သည် အလွန်လေးပါက လူချည်း မ,မ ဘဲ အကူကိရိယာတစ်ခုခု သုံးပြီးသယ်မည်ဆိုလျှင် လူပေါ်ပိမည့်၊ သက်ရောက်မည့်ဒဏ်ကို လျှော့ချ၊ ဖယ်ရှားနိုင်ပါသည်။
            အကူကိရိယာများတွင် ဆွဲလှည်း၊ တွန်းလှည်း၊ တစ်ဘီးလက်တွန်းလှည်း၊ ဟိုက်ဒြောလစ်ဂျက် စသည်တို့ပါ၏။
            အကယ်၍ အနီးအနားတွင် လူရှိပါက အကူအညီတောင်းပြီး နှစ်ယောက် မ,ပါ။ ဖောက်ကလစ်ရှိလျှင် ဖောက်ကလစ် သုံးပါ။












၁၊ ၃။ မှန်ကန်သော တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ခြင်း

            ပစ္စည်းများကိုင်တွယ် သယ်ပိုးရာတွင် လက်ကိုထိခိုက်ရှနာဖြစ်စေတတ်သဖြင့် မှန်ကန်သော လက်အိတ်ဝတ်ရန် လိုပါသည်။ ထို့ပြင် ပစ္စည်းများ ပြုတ်ကျလျှင် ခြေထောက်ကို မထိခိုက်စေရန်နှင့် ခြေထောက်ကို သံစူးမည့်ဘေး စသည်တို့မှ ကာကွယ်ရန် အန္တရာယ်ကင်းဘိနပ် (safety shoe) ဝတ်ဆင်သင့်ပါသည်။
            သာမန် သယ်ပိုးခြင်းများအတွက် ရိုးရိုးချည်လက်အိတ်သုံးနိုင်သော်လည်း သံထည်ပစ္စည်း၊ အုတ်ခဲ၊ ကျောက်ခဲ၊ လက်ကို ပြတ်ရှစေနိုင်သော သွပ်ပြား စသည်တို့သယ်လျှင် ဂျင်းလက်အိတ် သုံးသင့်ပါသည်။ ဓာတုဆေးများကိုင်တွယ်ရလျှင် ရာဘာ လက်အိတ်ဝတ်သင့်၏။ ဓာတုဆေးများ ကိုင်တွင်ပြီးလျှင် ရာဘာလက်အိတ်ကို ဆေးကြောထားသင့်ပါသည်။
            အကယ်၍ ဓာတုပစ္စည်းများ ကိုင်တွယ်ရလျှင် အငွေ့များ ထွက်နိုင်သဖြင့် အသက်ရှူထောက်ကူပြုကိရိယာ (respirator) ကိုပါ ဝတ်ဆင်သင့်ပါသည်။ ဆေးများကိုင်တွယ်စဉ် မျက်လုံးထဲသို့ ဝင်ခြင်းမှကာကွယ်ရန် အန္တရာယ်ကင်းမျက်မှန် (safety glasses) ကိုလည်း ဝတ်ဆင်သင့်၏။
           
၂။ စက်ကိရိယာများသုံး၍ ဝန်ချီခြင်း

            စက်ကိရိယာများသုံး၍ ဝန်ချီခြင်းတွင် -
Ø   ဝန်ချီလုပ်ငန်းကျွမ်းကျင်သူ
Ø   ဝန်ချီကိရိယာများ
Ø   ဝန်ချီစက်များ
Ø   ဝန်ချီခြင်းအစီအမံများ

            - ဟု လေးပိုင်းပါ၏။

            စက်ကိရိယာသုံး၍ ဝန်ချီခြင်းတွင် ဖြစ်တတ်သည့် မတော်တဆမှုများမှာ အောက်ပါတို့ဖြစ်၏။
Ø  ဝန်ပိုမ,ခြင်း
Ø  မိုဘိုင်းကရိန်း၏ ခြေတံ (out rigger) ကို ဆန့်မထုတ်မိခြင်း (သို့မဟုတ်) အပြည့်ဆန့်မထုတ်မိခြင်း
Ø  မကျွမ်းကျင်သူများ၊ လေ့ကျင့်ပေးမထားသူများက ဝန်ချီလုပ်ငန်းလုပ်ကိုင်ခြင်း
Ø  ကြိုးကို သေချာစွာမချည်ခြင်း
Ø  တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် ကြည်လင်ပြတ်သားစွာ မကြားရခြင်း
Ø  ပစ္စည်းအလွတ်များကို တောင်းစသည်တို့နှင့် သေချာစွာမထည့်ဘဲ ချီမ,ခြင်း
Ø  ဝန်၏အလေးချိန်ကို လျှော့တွက်မိခြင်း
Ø  ဝန်ချီခြင်းအစီအမံမရှိဘဲ ဝန်ချီလုပ်ငန်း လုပ်ကိုင်ခြင်း
Ø  ပျက်စီးချို့ယွင်းနေသည့် ဝန်ချီကိရိယာများ သုံးခြင်း
Ø  ဝန်ချီစက်များနှင့် ဝန်ချီကိရိယာများကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း

၂၊ ၁။ တာဝန်နှင့် ဝတ္တရားများ

            အလုပ်ရှင်အပါအဝင် ဝန်ချီလုပ်ငန်းတွင်ပါဝင်သူအားလုံး၌ အသီးသီး အသကအသက တာဝန်ဝတ္တရားများ ရှိကြ၏။ ဝန်ချီလုပ်ငန်းနှင့် ပတ်သက်၍ အစစတာဝန်ရှိသူမှာ အလုပ်ရှင် (ကန်ထရိုက်တာ) ဖြစ်၏။ အလုပ်ရှင်သည် ဝန်ချီလုပ်ငန်းနှင့် ပတ်သက်သမျှ လုပ်ငန်းအားလုံးကို ဥပဒေတွင် ပြဌာန်းထားသည်နှင့်အညီ စီမံ၊ လုပ်ကိုင်ရမည်။
            အလုပ်ရှင်သည် -
Ø  ဝန်ချီလုပ်ငန်းအတွက် အန္တရာယ်ကင်းရေးအစီအစဉ်များ ရေးဆွဲထားရမည်။ ဖြစ်နိုင်သမျှသော နည်းလမ်းများသုံးကာ ဝန်ချီလုပ်ငန်း၌ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို လျှော့ချ၊ ဖျောက်ဖျက်ပစ်ရမည်။
Ø  လုပ်ငန်းခွင်သည် ဝန်ချီလုပ်ငန်းလုပ်ကိုင်ရေးအတွက် အန္တရာယ်ကင်းရမည်။ ဝန်ချီလုပ်ငန်းကို အနှောက်အယှက် ဖြစ်စေမည့် အဟန့်အတားများ မရှိစေရ။
Ø  ဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ဝန်ချီကိရိယာများသည် အန္တရာယ်ကင်းနေစေရမည်။ သက်တမ်းရှိသေးသော စစ်ဆေးချက် လက်မှတ် ရှိရမည်။ သေချာစွာ ပြုပြင်မွမ်းမံထားရမည်။
Ø  အန္တရာယ်ကင်းစွာ ဝန်ချီနိုင်ရေးအတွက် လိုအပ်သော ပံ့ပိုးမှုများ စီစဉ်ပေးရမည်။ ဥပမာ - အုတ်ခဲကဲ့သို့သော ပစ္စည်းများ အတွက် ထည့်သိုရန် ဇလား ထားပေးရမည်။
Ø  ဝန်ချီလုပ်ငန်းလုပ်ကိုင်ရန် တာဝန်ပေးထားသူများသည် လက်မှတ်ရသူများ၊ လုပ်ငန်းကျွမ်းကျင်သူများဖြစ်ကြောင်း သေချာစေရမည်။ ဝန်ချီလုပ်ငန်းနှင့်ပတ်သက်၍ ၎င်းတို့ကို ရှင်းလင်းပြောပြထားရမည်။
Ø  အကယ်၍ ဝန်ချီလုပ်ငန်းလုပ်ကိုင်သူသည် ဆပ်ကန်ထရိုက်တာဖြစ်လျှင် ထိုဆပ်ကန်ထရိုက်တာသည် ဝန်ချီလုပ်ငန်းကို ကျွမ်းကျင် နိုင်နင်းစွာလုပ်ကိုင်နိုင်ကြောင်း သေချာစေရမည်။
Ø  အကယ်၍ ဝန်ချီလုပ်ငန်းလုပ်ကိုင်စဉ် ပျက်စီးချို့ယွင်းမှု၊ မတော်တဆမှုများဖြစ်ခဲ့လျှင် ထိုမတော်တဆမှုများကို စုံစမ်း စစ်ဆေးရမည်၊ ပြန်လည်ပြင်ဆင်ချက်မှတ်တမ်း၊ စစ်ဆေးချက်မှတ်တမ်းများ ထားရမည်။
Ø  အလုပ်ရှင်သည် ဝန်ချီလုပ်ငန်းမှ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရန်၊ သင့်တော်သည့် အရေးယူဆောင်ရွက်ချက်များ ပြုရေး အကြံဉာဏ်များပေးနိုင်ရန် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အရာရှိတစ်ဦးကို ကျွမ်းကျင်သူအဖြစ် ခန့်ထား နိုင်သည်။

            ဝန်ချီလုပ်ငန်းကျွမ်းကျင်သူတို့၏ တာဝန်ဝတ္တရားများကို သက်ဆိုင်ရာနေရာများတွင် ဖော်ပြသွားပါမည်။

၂၊ ၂။ ဝန်ချီလုပ်ငန်းကျွမ်းကျင်သူ

            ဝန်ချီလုပ်ငန်းကျွမ်းကျင်သူတွင် ဝန်ချီလုပ်ငန်းကြီးကြပ်သူ၊ ကြိုးချည်သူ၊ အချက်ပြသူ၊ ဝန်ချီစက်မောင်းသူဟု လေးယောက်ပါ၏။ အလုပ်ရှင်သည် လက်မှတ်ရထားသူ၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို ဝန်ချီလုပ်ငန်းကျွမ်းကျင်သူများအဖြစ် ခန့်အပ် ဆောင်ရွက်နိုင်သည်။
            ဝန်ချီလုပ်ငန်းကျွမ်းကျင်သူအဖြစ် လုပ်ကိုင်မည့်သူများသည် သက်ဆိုင်ရာ သင်တန်းများကို တက်ရောက်အောင်မြင်ပြီးသူ များ ဖြစ်ရမည်။ ဝန်ချီလုပ်ငန်းကြီးကြပ်သူသည် Lifting Supervisor course ကိုလည်းကောင်း၊ ကြိုးချည်သူနှင့် အချက်ပြသူသည် Rigger and Signalman သင်တန်းကိုလည်းကောင်း တက်ရောက်အောင်မြင်ပြီးရမည်။ ဝန်ချီစက်မောင်းသူသည် ဝန်ချီစက် မောင်းသူ သင်တန်းကိုသာမက ဝန်ချီစက်တစ်မျိုးမျိုးကို မောင်းနှင်ရန် သက်ဆိုင်ရာ ဝန်ချီစက်မောင်းလိုင်စင် ရှိရမည်။ ဥပမာ - တာဝါဝန်ချီစက်ကို မောင်းလိုလျှင် တာဝါဝန်ချီစက်မောင်းလိုင်စင်၊ မိုဘိုင်းဝန်ချီစက်ကို မောင်းလိုလျှင် မိုဘိုင်းဝန်ချီစက်မောင်း လိုင်စင် စသည်။

၂၊ ၂၊ ၁။ ဝန်ချီလုပ်ငန်းကြီးကြပ်သူ


ဝန်ချီလုပ်ငန်းကြီးကြပ်သူကို အလုပ်ရှင်သည် ၎င်းအား ဝန်ချီ လုပ်ငန်းများကို ကြီးကြပ်မည့်သူဖြစ်ကြောင်း အလုပ်ခန့်စာ ထုတ်ပေးရမည်။ ဤရာထူးယူထားသူသည် ဝန်ချီလုပ်ငန်းကိစ္စအဝဝကို ကြီးကြပ်လုပ်ကိုင်ရန် တာဝန်ယူရမည်။ ဝန်ချီလုပ်ငန်း ကြီးကြပ်သူသည် ၎င်းအတွက် သတ်သတ် မှတ်မှတ် ထုတ်ပေးထားသည့် ဝတ်စုံကို ဝတ်ဆင်ရမည်။ အကယ်၍ ဝန်ချီ လုပ်ငန်းနှစ်ခု သည် နီးကပ်စွာတည်ရှိနေပါက ဝန်ချီလုပ်ငန်းကြီးကြပ်သူ တစ်ယောက်တည်းက ထိုလုပ်ငန်းနှစ်ခုလုံးကို ကြီးကြပ်နိုင်သည်။
            ဝန်ချီလုပ်ငန်းကြီးကြပ်သူသည် ဝန်ချီခြင်းလုပ်ငန်းအစီအစဉ် (Lifting Plan) ကို ပါဝင် ရေးဆွဲရမည်။ ဝန်ချီလုပ်ငန်း ကြီးကြပ်သူ၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်၏။
Ø  ဝန်ချီလုပ်ငန်းအစီအစဉ်အတိုင်း ဝန်ချီခြင်းလုပ်ငန်းကို အန္တရာယ် ကင်းစွာလုပ်နိုင်ရန် စီမံဆောင်ရွက်ရမည်။
Ø  ဝန်ချီလုပ်ငန်းအတွက် ရေးဆွဲထားသော အန္တရာယ်ကင်းစွာ အလုပ်လုပ်နည်း အစီအစဉ်၊ အန္တရာယ်များကို ဆန်းစစ်ခြင်း အစီအမံ၊ ဖြစ်နိုင်သော အန္တရာယ်နှင့် ထိုအန္တရာယ်များကို ကာကွယ်တားဆီးပုံများအား ဝန်ချီလုပ်ငန်းတွင် ပါဝင်သူ အားလုံးကို ပြောပြရမည်။
Ø  ခန့်အပ်ထားသည့် ကြိုးချည်သူ၊ အချက်ပြသူ၊ ဝန်ချီစက်မောင်းသူများသာ ဝန်ချီအဖွဲ့အတွင်းပါဝင်ကြောင်း သေချာစေရမည်။
Ø  ဝန်ချီခြင်းသည် ရေးဆွဲထားသည့် ဝန်ချီလုပ်ငန်းအစီအစဉ်အတိုင်း လုပ်ကိုင်နေကြောင်း သေချာစေရန် ဝန်ချီလုပ်ငန်းစဉ် တစ်လျှောက်လုံး အနီးကပ်စောင့်ကြည့် ညွှန်ကြားပေးနေရမည်။
Ø  အကယ်၍ ဝန်ချီလုပ်ငန်းတွင် အန္တရာယ်မကင်းသည့် အခြေအနေတစ်ခုခု တွေ့ခဲ့ပါက လုပ်ငန်းကို ချက်ချင်းရပ်ကာ အန္တရာယ်ကင်းသည်ထိ ပြင်ဆင်ပြီးမှ ဆက်လုပ်စေရမည်။

 ၂၊ ၂၊ ၂။ ဝန်ချီစက်မောင်းသူ

            Tower crane, mobile crane, crawler crane, gantry crane, overhead crane, lorry crane စသည်ဖြင့် ဝန်ချီစက် အမျိုးအစားများစွာရှိရာ ဝန်ချီစက်မောင်းသူသည် ထိုဝန်ချီစက် အမျိုးအစားအလိုက် သက်တမ်းမကုန်သေးသော အမောင်းလိုင်စင် ရှိရမည်ဖြစ်၏။ ဝန်ချီစက်မောင်းသူသည် ဝန်ချီလုပ်ငန်း၌ အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသူဖြစ်ရာ ၎င်းသည် ဝန်ချီလုပ်ငန်းတစ်ခုလုံး ခြုံငုံကာ ကြီးကြပ်နေရန်လို၏။
            Tower crane, mobile crane, crawler crane မောင်းသူများအတွက် အရေးကြီးသော အချက်တစ်ခုမှာ ဝန်အား ဂရပ် (load capacity chart) ကို သေချာစွာ ဖတ်တတ်ရန်ဖြစ်၏။ ၎င်းတို့သည် စုစုပေါင်းအလေးချိန် (gross capacity) နှင့် အသားတင် အလေးချိန် (net capacity) ကိုသိရမည်။ ထို့ပြင် ဝန်ပိုမ,ခြင်းမဖြစ်စေရန် ဝန်ချီစက်မောင်းတံ အချင်းဝက်မည်မျှ၌ ဝန်အားမည်မျှကို မ,နိုင်သည် (Safe Working Load) ကိုလည်း သိထားရမည်။
            ဝန်ချီစက်မောင်းသူ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်၏။
Ø  ဝန်ချီလုပ်ငန်းအစီအစဉ်အတိုင်း အန္တရာယ်ကင်းစွာ ဝန်ချီခြင်းပြုရမည်။
Ø  ဝန်ချီကိရိယာများကောင်းမကောင်း လုပ်ငန်းမစမီ စစ်ဆေးရမည်။
Ø  ဝန်ချီစက်မှ အထိန်းခလုပ်များ ကောင်းကောင်း အလုပ်လုပ်မလုပ် စစ်ဆေးကြည့်ရှုရမည်။
Ø  ဝန်ချီစက်ရပ်ထားသည့် မြေသည် ကောင်းစွာ တောင့်တင်းမာကြောမှုရှိမရှိ၊ ဝန်ချီလုပ်ငန်းလုပ်ကိုင်မည့် အနီးပတ်ဝန်းကျင်တွင် ချီမ, လာသည့် ဝန်နှင့် တိုးတိုက်မိမည့် အဆောက်အအုံ၊ ပစ္စည်းစသည်တို့ရှိမရှိ စစ်ဆေးကြည့်ရှုရမည်။
Ø  အန္တရာယ်ရှိသည့် မည်သည့် ဝန်ချီ၊ ဝန်မ,ခြင်းမျိုးကိုမှ မပြုရ။ ချက်ချင်းရပ်တန့်ရမည်။
Ø  ဝန်ချီနေစဉ်အတွင်း လေတိုက်မှု၊ မိုးရွာမှု၊ မိုးကြိုးပစ်မှုစသည့် ဝန်ချီခြင်းအပေါ် အကျိုးသက်ရောက်စေနိုင်သည့် ရာသီဥတု အခြေအနေကိုလည်း မပြတ်စောင့်ကြည့်နေရမည်။
Ø  အကယ်၍ တစ်စုံတစ်ခု၌ အပြစ်အနာအဆာတွေ့ပါက ဝန်ချီလုပ်ငန်းကြီးကြပ်သူကို ချက်ချင်းသတင်းပို့ရမည်။
Ø  အန္တရာယ်ရှိသည့် အခြေအနေတစ်ခုခုကို တွေ့သည်နှင့်တပြိုင်နက် ဝန်ချီခြင်းလုပ်ငန်းကို ချက်ချင်းရပ်တန့်ရမည်။
Ø  ကရိန်းမှ ဝန်ချီကြိုးများအခြေအနေ ကောင်းမကောင်း နေ့စဉ် စစ်ဆေးကြည့်ရှုရမည်။

၂၊ ၂၊ ၃။ အချက်ပြသူ

            အချက်ပြသူအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားခြင်းခံရသူသည် အချက်ပြသူများဝတ်ဆင်ရန် သတ်မှတ်ထား သော ဝတ်စုံကို သေချာစွာဝတ်ဆင်ရမည်။ ယေဘူယျအားဖြင့် အချက်ပြသူတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်၏။

Ø  ဝန်ချီရန် အချက်မပြမီ ဝန်ကို သေချာစွာ ချည်နှောင်ပြီးကြောင်း သေချာစေရမည်။
Ø  တစ်နေရာမှ တစ်နေရာသို့ ဝန်ကိုချီပို့ရန် ဝန်ချီစက်မောင်းသူကို မှန်မှန်ကန်ကန်နှင့် ပြတ်သားတိကျစွာ အချက်ပေးရမည်။
Ø  ဝန်ချီနေစဉ် တလျှောက်လုံး ဝန်ချီစက်မောင်းသူနှင့် အဆက်အသွယ်မပြတ်စေရ။
Ø  ဝန်ကို စတင်ချီမသည့်နေရာမှသည် နောက်ဆုံးချမည့်နေရာထိ လမ်းကြောင်းတလျှောက် အတားအဆီး၊ အဟန့်အတားများ ကင်းစင်နေစေရမည်။
Ø  ဝန်ချီနေစဉ်အတွင်း မိမိကိုယ်တိုင် အန္တရာယ်စက်ကွင်းအတွင်း ကျရောက်မနေစေရ။
Ø  ကြိုးချည်နေစဉ်၊ ဝန်ကိုနေရာတကျဖြစ်အောင် ကိုင်တွယ်နေစဉ်အတွင်း ဝန်ချီစက်မောင်းသူကို အချက်မပြရ။

၂၊ ၂၊ ၄။ ကြိုးချည်သူ

            ကြိုးချည်သူအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားခြင်းခံရသူသည် ကြိုးချည်သူများဝတ်ဆင်ရန် သတ်မှတ်ထား သော ဝတ်စုံကို သေချာစွာဝတ်ဆင်ရမည်။ ယေဘူယျအားဖြင့် ကြိုးချည်သူတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်၏။

Ø  ဝန်ချီရာတွင်သုံးမည့် ဝန်ချီကြိုးများ၊ ဝန်ချီကိရိယာများသည် ကောင်းမွန်သောအခြေအနေတွင် ရှိကြောင်း၊ သက်တမ်း ရှိသော လက်မှတ်များ ရှိကြောင်း သေချာစေရမည်။
Ø  ချီမ,မည့် ဝန်၏ အလေးချိန်သည် ဝန်ချီကိရိယာများ၏ အန္တရာယ်ကင်း ချီမ,နိုင်သည့် အလေးချိန် (Safe Working Load) အတွင်း ရှိနေစေရမည်။
Ø  ဝန်ကိုချည်နှောင်ရာတွင် ဝန်သည် စောင်းရွဲ့မနေစေရန်၊ တည်ငြိမ်စွာလိုက်ပါရန်၊ အညီအမျှရှိနေစေရန် (မြေဆွဲအားဗဟို သည် ချိတ်မည့်ချိတ်တည့်တည့်တွင် ရှိနေစေရန်) သေချာစေရမည်။
Ø  ဝန်ပေါ်တွင် မည်သည့်ပစ္စည်းမှ အလွတ်တင်မထားရ။ (loose items)
Ø  ကြီးမား/ရှည်လျားသော ဝန်ဖြစ်ပါက ဝန်ကိုထိန်းနိုင်ရန် အထိန်းကြိုး (tag line) ချည်ပါ။
Ø  အကယ်၍ ဝန်ချီးကြိုးများ၊ ဝန်ချီကိရိယာများ ပျက်စီးချို့ယွင်းနေသည်ကို တွေ့ခဲ့လျှင် ဝန်ချီလုပ်ငန်းကြီးကြပ်သူထံ ချက်ချင်း သတင်းပို့ပါ။

၂၊ ၃။ ဝန်ချီကိရိယာများ

            ဝန်ချီကိရိယာများတွင် ဝန်ချီပစ္စည်းများ (lifting gears) နှင့် ဝန်ချီကိရိယာများ (lifting appliances) ဟု နှစ်မျိုးရှိ၏။

၂၊ ၃၊ ၁။ ဝန်ချီပစ္စည်းများ (lifting gears)

            ဝန်ချီပစ္စည်းများ (ချိတ်များနှင့်ကြိုးများ) ဆိုသည်မှာ ဝန်နှင့် ဝန်ချီစက်အကြား ချိတ်ဆက်ပေးထားသည့် ပစ္စည်းများကို ဆိုလိုသည်။ ဝန်ချီပစ္စည်းများ ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။
Ø  ပစ္စည်းအရွယ်အစားနှင့် အလေးချိန်
Ø  ဝန်ချီရာတွင် ချိတ် ချိတ်ရမည့်နေရာ
Ø  မြေဆွဲအားဗဟိုတည်နေရာ
Ø  ဝန်ချီကိရိယာကို မည်ကဲ့သို့သုံးမည် (ဇယားတွင်ကြည့်ပါ)
Ø  ကြိုးကိုမည်ကဲ့သို့ချည်မည်၊ မည်သည့်အမျိုးအစား ကြိုးကိုသုံးမည်
Ø  လေတိုက်ခြင်း၊ မိုးရွာခြင်းစသည့် ရာသီဥတုအနေအထား






             အသေးစိတ်ကို ဤ WSH ဂျာနယ်၌ "ဝန်ချီကိရိယာများကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း" ဟူသည့် ဆောင်းပါး ရေးသားဖြော်ပခဲ့ပြီးဖြစ်သဖြင့် ယခု ထပ်မံမဖော်ပြတော့ပါ။ ထိုဂျာနယ်ကို ရှာဖွေဖတ်ရှုကြပါကုန်။


၂၊ ၃၊ ၂။ ဝန်ချီကိရိယာများ (lifting appliances)

            ဝန်ချီကိရိယာများတွင် ချိန်းဘလောက်နှင့် စက်သီးများပါသည်။ ၎င်းတို့ကိုသုံး၍ ဝန်များကို အတင်အချ လုပ်နိုင်သည်။ ဝန်ချီကိရိယာများတွင်လည်း မ,နိုင်သော အလေးချိန်အတိုင်းအဆရှိသည်။ ဤသည်ကို safe working load (SWL) ဟု ခေါ်၏။ ဤဝန်ချီကိရိယာများကို အသုံးပြုသူများသည် ထို ဝန်ချီကိရိယာများ၏ မ,နိုင်အား (SWL) ကို သိထားရန် အရေးကြီး၏။






၂၊ ၄။ ဝန်ချီစက်များ (Lifting Machines)

            Tower crane, mobile crane, crawler crane, gantry crane, overhead crane, lorry crane စသည်ဖြင့် ဝန်ချီစက် အမျိုးအစားများစွာရှိ၏။ လုပ်ငန်းလိုအပ်ချက်အရ ဝန်ချီစက်များကို ရွေးချယ်သုံးပါသည်။
            ဝန်ချီစက်တိုင်းတွင် အန္တရာယ်ကင်းစွာ မ,နိုင်သော ဝန်အား (Safe Working Load = SWL) ရှိရာ မိမိအသုံးပြုသည့် ဝန်ချီစက်၏ SWL ကို သိထားရန် အလွန်အရေးကြီးပါသည်။ မ,မည့်ဝန်၏ အလေးချိန်သည် ဝန်ချီစက် မ,နိုင်သော ဝန်ဖြစ်ရမည်။ ဝန်ချီစက် မ,နိုင်သော ဝန်အားမှာ စက်၏ လက်တံအတိုအရှည်၊ ထောင့်၊ လေတိုက်နှုန်း စသည်တို့ပေါ် မူတည်နေသည်။





ဆက်ပါဦးမည်။

No comments: