Sunday, June 17, 2018

သူများမျက်ရည်နှင့် ထမင်းစားခြင်း

(၁)

ဤဒွန္နယာကြီးတွင် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့်သူများသည် ရှိ၏။ အခြားသူများ ဘယ်လိုနေနေ၊ ဘာဖြစ်ဖြစ် သူတို့ ဂရုမစိုက်။ ငါ့ဘို့တစ်ဘို့တည်းသာ တွေးကြလေသည်။ အခြားသူများ မျက်ရည်ပေါက်ကြီးငယ်ကျတာ သူတို့အလုပ်မဟုတ်။ အခြားသူများ ဒုက္ခပင်လယ်ဝေသွားတာ သူတို့နှင့် လားလားမှ မပတ်သက်။ သူတို့ရဘို့သာ သိသည်။ သူတို့ရဘို့ဆို ဘာမဆို လုပ်ရဲသည်။ ဘာမဆို လုပ်ဝံ့သည်။ သံသရာတို့၊ ငရဲတို့၊ ဝဋ်တို့ဆိုတာ သူတို့ အဘိဓာန်တွင် မရှိ။

ထိုသူများသည် ၎င်းတို့ပြုခဲ့သော မကောင်းမှုများကို ချေဖျက်ရန် ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း စသော အမှုများကိုလည်း ပြုကြလေသေး၏။ သို့သော် မကောင်းမှုသည် မကောင်းမှုသာ ဖြစ်၍ ကောင်းမှုသည် ကောင်းမှုသာ ဖြစ်လေသည်။ ကောင်းမှုနှင့် မကောင်းမှုကို ချေဖျက်လို့ရသည်ဟု ၎င်းတို့ကို မည်သူကများ သင်ပေးထားပါလိမ့်။ ကုသိုလ်ပြုသည်ဆိုရာ၌ မည်မျှကုသိုလ်ရသည် ဆိုသည်မှာ ပြုသူ၏ စိတ်စေတနာပေါ် များစွာ မူတည်နေ၏။ မကောင်းမှုလုပ်တာတွေကို ချေဖျက်ဘို့ ကုသိုလ်လုပ်သည်ဆိုလျှင်ဖြင့် စကတည်းက မမှန်သောစေတနာဦးဆောင်နေ၍ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ ဖြစ်ဘို့သာများလေသည်။

ထိုငတေများထဲတွင် ခေါင်းပေါင်းကြီးနှင့်၊ တိုက်ပုံကြီးနှင့် လူရှေ့သူရှေ့တွင် ဟန်ကြီးပန်ကြီး၊ ဆောင့်ကြွား ဆောင့်ကြွား လုပ်နေသူများလည်းပါ၏။ လည်ပင်းတွင် လက်မလုံးလောက် ရွှေဆွဲကြိုးကြီးဆွဲထားကာ တစ်လောကလုံးကို သူတစ်ယောက်တည်း လုပ်ကျွေးနေရသည့် မျက်နှာပေးမျိုးရှိသော ဒေါ်စိန်မမတို့လည်း ပါ၏။ 

တော်တန်ရုံလူ သူတို့အနားမသီဝံ့။ မျက်နှာကျောတစ်ချက်လောက် မြင်ရရုံနှင့် ဆယ်ခါပြန် ဖျားသွားလောက်သည်။ ထို့ကြောင့် သူတို့ပါးစပ်ဖျားမှထွက်သမျှ ဥပဒေကဲ့သို့ယူမှတ်ကာ လိုက်နာလက်ခံကြရ၏။ တော်တန်ရုံလူ အထွန့်မတက်ရဲ။ မမှန်ဘူးထင်၍ မဝံ့မရဲများ အထွန့်တက်မည်မကြံနှင့်။ မျက်ခုံးတစ်ဖက် ပင့်ကြည့်လိုက်ရုံနှင့် "မဟုတ်၊ မဟုတ်ပါဘူးခင်ညာ၊ ကျွန်တော်က ဒီလိုထင်လို့ ပြောမိတာပါ၊ တောင်းပန်ပါတယ်" ဟု ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းသွားရလိမ့်မည်။

(၂)

ကျွန်တော်က စင်ကာပူမှာ အိမ်အကူအနေနဲ့အလုပ်လုပ်ဖို့ အနည်းဆုံး အသက် ၂၃ နှစ်ပြည့်ရမယ် ဟု ဆိုသည့်အခါ အသက်ခပ်ကြီးကြီး သင်တန်းသူတစ်ဦးက အသက်အငယ်ဆုံးက ၂၃ နှစ်ဆိုတော့ အသက်အကြီးဆုံးကို ဘယ်လို သတ်မှတ်ထားပါသလဲ ဟု မေးလာ၏။ ဟုတ်ကဲ့၊ လျှောက်လွှာတင်တဲ့အချိန်မှာ အသက် ၅၀ ထက် မကျော်ရင်ရပါတယ် ဟု ဖြေလိုက်သောအခါ သူ့ခမျာ ပင့်သက်ရှိုက်သွားရှာ၏။

ဟင်၊ ကျွန်မကို အသက်ကြီးလို့ဆိုပြီး အသက်လျှော့ဘို့အတွက် ပိုက်ဆံ ၅ သိန်းတောင်းသွားတယ် ဆို၏။
ဒါဖြင့် ခင်ဗျားအသက်က ဘယ်လောက်မို့လို့လဲ ဆိုတော့ ၃၅ နှစ်ဆို၏။
အသက် ၃၅ နှစ်က အရမ်းကြီးနေလို့ ၃၂ နှစ်ကို လျှော့ချရမယ်။ အဲဒီအတွက် ၅ သိန်းကျမယ်။ မဟုတ်ရင် ထွက်လို့ရမှာ မဟုတ်ဘူး ဆိုတာနဲ့ ကျမလဲ လာချင်နေတော့ ၅ သိန်းပေးလိုက်ရတယ်။ ပိုက်ဆံကမရှိတော့ အတိုးနဲ့ချေးပေးလိုက်ရတယ် ဆိုကာ ငိုသံပါလာလျှက် မျက်ရည်များပါ ကျလာလေ၏။

သူမျက်ရည်ကျတော့ ကျွန်ုပ်လည်း မျက်ရည်ကျချင်လာသည်နှင့် မျက်တောင်ကို အသားကုန် ပုတ်ခတ်ပုတ်ခတ်လုပ်ရ၏။

ဒါတောင် ၅ သိန်းနဲ့မလောက်လို့ဆိုပြီး နောက်ထပ် တစ်သိန်းခွဲ ထပ်တောင်းသွားသေးတယ် ဆို၏။
အဲဒီ အေးဂျင့်နာမည်သိလားဆိုတော့ အင်္ဂါနံနှစ်ထပ်ကို ဗုဒ္ဓဟူးနောက်ပိတ်ထားသည့် နာမည်တစ်ခု ရွတ်ပြ၏။

အင်း၊ မြန်မာပြည်က အေးဂျင့်တွေကတော့ လူတွေရဲ့ မသိနားမလည်မှုပေါ် အခွင့်ကောင်းယူပြီး လုပ်စားနေကြတာ အတော် စိတ်ပျက်စရာ ကောင်းတယ်ဗျာ။ ဒါနဲ့ အေးဂျင့်ဖီးက ဘယ်လောက်ပေးခဲ့ရသလဲ ဆိုတော့ -
(၇) လ စာဟု ဆို၏။ ဟိုက် ရှားဘားစ်။
ဘယ့်နှယ်ဗျာ။ လူတကာ (၆) လစာပဲယူတဲ့ကိစ္စ သူက ဘာကိစ္စ (၇) လဖြစ်သွားရသလဲဟု ကျွန်ုပ်လည်း ငိုချင်ရက်ဖြစ်နေသူကို လက်တို့လိုက်၏။
နောက်ပြီး သူများတွေပြောတာ အိမ်ပြောင်းရင် (၁) လစာ ပေးရတယ် ပြောတယ်။
ဟုတ်တယ်လေ။ အိမ်တစ်ခါပြောင်းရင် (၁) လစာ၊ ဒါ ထုံးစံဘဲ။
မဟုတ်ဘူးရှင့်။ အိမ်တစ်ခါပြောင်းရင် နှစ်လစာပေးရမယ်လို့ ကျွန်မကို ပြောလိုက်တယ်။

ကိုင်း၊ သူ့ထက်ဆိုးတဲ့သူတောင် သူ့လောက်ဆိုးမယ်မထင်ပါလား အရပ်လူကြီးတို့။ စင်ကာပူမှာ လုပ်သမျှ သူ့အတွက်ချည်း ဖြစ်နေပါပေါ့လား။ ဘုရား၊ ဘုရား။

သင်တန်းအပြီးတွင် -
ကိုယ်က ပညာလည်းမတတ်တော့ အဆင်မှပြေပါ့မလားလို့ တချိန်လုံး အားငယ်လိုက်ရတာ။ အခု ဆရာပြောပြမှ အတော် အားတက်သွားတော့တယ် ဟု ဆိုကာ ထိုင် ကန်တော့ရှာပါသည်။
မဟုတ်တာဗျာ။ ကျွန်တော်က သင်ပေးရမယ့် ဝတ္တရားရှိလို့ သင်ပေးတာပဲ။
ဒါပေမယ့် အခု ကျွန်မ အများကြီးသိသွားပြီ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။
ဟုတ်ကဲ့ပါ။ အခက်အခဲရှိလို့ဖြစ်ဖြစ်၊ အကူအညီလိုရင်ဖြစ်ဖြစ် အချိန်မရွေး၊ နာရီမရွေး ဖုန်းသာဆက်လိုက်ပါဗျာ။ ကျွန်တော် တတ်နိုင်သလောက် ကူညီပါမယ် ဟု ပြောလိုက်ပါသည်။

(၃)

စင်ကာပူလာသူ အိမ်အကူများထဲတွင် သူ့လို ဘယ်နှစ်ယောက်ရှိမည် မဆိုနိုင်။ သူတို့ခမျာ အေးဂျင့်များ ပြုသမျှ နုကြရရှာသည်။
စီးပွားရှာတာ ရှာပေါ့။ ဒါပေသိ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်မျှ မကြည့်သင့်ပါလားခင်ဗျာ။
ယောက်ျားလေးတွေ Work Permit နဲ့လာတော့လည်း အေးဂျင့်ဖီး ၃၀၀၀ ကျော်လောက်ပဲ ပေးရတာပါဘဲ။ ဒါပေသိ သူတို့က အိမ်အကူတွေထက် လခအများကြီး ပိုကောင်းသည်။ ပိုပြီး လွတ်လွတ်လပ်လပ်ရှိသည်။ အိမ်အကူဆိုသည်မှာ ၂၄ နာရီပတ်လုံး လုပ်ငန်းခွင်တွင် ရှိနေတာ။ အိမ်ရှင်၏ မျက်မှောက်မှာ ရှိနေရတာ ဖြစ်သည်။

ကျွန်တော်ကတော့ သူတို့ကို သစ္စာတွေရော၊ မေတ္တာတွေရော၊ ရိုးသားခြင်းဆိုတာဘာ၊ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက် ဘာတွေလုပ်လို့ရတယ် ဆိုတာများပါမကျန် အကုန် သေသေချာချာ ရှင်းပြပါသည်။ တစ်ခါတလေ တစ်ယောက်တည်း ရှိသည့်တိုင် ကျွန်တော့်စံချိန်ကို မလျှော့ပါ။ တစ်ယောက်တည်းပေမယ့် သူတို့က စာသင်ခကို အပြည့်ပေးထားတာ မဟုတ်ပါလား။

နောက်ပြီး အကြောင်းရှိကဆက်ရန် ကျွန်တော့်ဖုန်းနံပါတ်ပါပေးလိုက်ပါသည်။ ဒါ ကျွန်တော်လုပ်ပေးနိုင်တာ အကုန်ဖြစ်၏။

သေလျှင်ကိုယ့်နောက်ပါသွားမှာမဟုတ်သည့် ပစ္စည်းဥစ္စာများအတွက် လောဘဇောကလေးများကို နှစ်ပြားဘိုးလောက်လျှော့ကာ အိမ်အကူကလေးများဘက်မှ နည်းနည်းလောက်စဉ်းစားပေးပါရန် ဦးဦးအေးဂျင့်၊ ဒေါ်ဒေါ်အေးဂျင့်၊ ကိုကိုအေးဂျင့်၊ မမအေးဂျင့် တို့အား မေတ္တာရပ်ခံလိုက်ပါသည်။

လူအချင်းချင်း ညာတုတ်ခြင်း၊ ကင်းရှင်းကြပါစေ။

အေးငြိမ်း

၁၅ ဇွန်၊ ၂၀၁၈

No comments: