Thursday, June 28, 2018

ကြိုးကြာတောင်ပံ နှင့် ဝသန်လေ

(၁) ဂျင်းထည့်သည် ဆိုခြင်း

မနေ့က ဆရာဝန်တစ်ယောက်၏ ပို့စ်တစ်ခုကို ဖတ်လိုက်ရပါသည်။

သူက စာရေးဆရာများသည် ခေတ်အဆက်ဆက်က ဆရာဝန်များကို ဂျင်းထည့်ခဲ့ကြောင်း၊ သူတို့ရေးခဲ့သောစာများကြောင့် ဆရာဝန်များအပေါ် လူနာများ နားလည်မှုလွဲခဲ့ရကြောင်း (သူက ဝတ္တုများထဲတွင် ဆရာဝန်များက အစဉ်အမြဲပြုံးရွှင်နေသည့် အတွက် ပြင်ပလောက၌ ဆရာဝန်များက ပြုံးမပြသည့်အခါ လူဆိုးကြီးများဖြစ်ကြရကြောင်း စသဖြင့်ရေးထားပါသည်။ မူရင်းတွင် ဖတ်ကြည့်ပါ။)

ဝတ္တုထဲက ဆရာဝန်များမှာ အလွန်တော်ကြ၊ တတ်ကြကြောင်း၊ ထိုအခါ ပြင်ပလောကမှ ၎င်းတို့ကဲ့သို့ ဆရာဝန်ငယ်များမှာ အလွန် မျက်နှာငယ်ကြရကြောင်း။

လင်္ကာရည်ကျော်၏ ဇာတ်ကောင်ဆရာဝန်မှာ နယ်သို့အလွန်သွားချင်သူဖြစ်ကြောင်း၊ ထိုကဲ့သို့ လမ်းပမ်းဆက်သွယ်ရေး မကောင်း သည့်နေရာသို့သွားပြီး လူစွမ်းကောင်းလုပ်ပြခြင်းသည် ထိုနေရာများသို့ မသွားချင်သူ ဆရာဝန်များအား လူဆိုးကြီးများဟု အထင်ခံရစရာ ဖြစ်လာကြောင်း၊ လူအများအား ထိုဒေသများကို လမ်းပမ်းဆက်သွယ်ရေး ကောင်းလာအောင် လုပ်ပေးရမည် ဟူသော အတွေးအခေါ်များမှ ကင်းဝေးသွားစေကြောင်း . . စသဖြင့် ရေးထားပါသည်။ (လမ်းပမ်းဆက်သွယ်ရေး ခေါင်းပါးတဲ့ဒေသ က သူတွေအတွက် လုပ်ကိုင်ပေးချင်လို့သွားတာနဲ့ "လူတွေအမြင်မှာ လမ်းပမ်းဆက်သွယ်ရေးကောင်းလာအောင် ဘယ်လို လုပ်ပေးရမယ်ဆိုတဲ့ အတွေးမဝင်တော့ပါဘူး" ဆိုတော့ကာ အင်း၊ ဘယ်လိုအတွေးအခေါ်တွေနဲ့များ ဆြာဝန်ဖြစ်လာပါလိမ့်။ အံ့သြဘ။)

ထို့ပြင် တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်ဆောင် အထူးကုဆရာဝန်ကြီးက အစိုးရဆေးရုံမှာ တောကအဘွားကြီးကို နားဖောက်ပေးတာ ပင် အပြစ်တစ်ခုလို ဝေဖန်ထားပါသည်။ တစ်ယောက်က ကွန်မင့်မှာ ထိုအခန်းကို ဝတ္ထုမှ screen shot ရိုက်ကာ တင်ပေးထားပါ သည်။ မိတ်ဆွေတို့ သွားဖတ်ကြည့်ပါ။ ဘယ်သူကမှ သူ့နားကို ဖောက်မပေးလို့ ဆရာဝန်ကြီးဆီလာ မေတ္တာရပ်ခံလို့ ဆရာဝန်ကြီးက မေတ္တာနဲ့ နားဖောက်ပေးတဲ့ကိစ္စကို နားမလည်နိုင်တာ ကျွန်တော်ဖြင့် အံ့သြလို့ မဆုံးနိုင်ပါ။

ထို့ပြင် ကြိုးကြာတောင်ပံခတ်သံမှ ဆရာဝန်မှာ ထမင်းစားချိန်ပင် မရလောက်အောင် လူနာများအပေါ် စေတနာလွန်ကဲလှပါသည်။ ထမင်းစားချိန်သည် ၁၀ မိနစ် ၁၅ မိနစ်ထက် ပိုမကြာပါ။ သို့အတွက် လူနာများကို ကုသနေရ၍ ထမင်းငတ်သည်ဆိုသည်မှာ လွန် လွန်လွန်းလှသည်ဟု ဆိုပါသည်။ သူပြောတာ ဖြစ်နိုင်ပါသည်။ သို့သော် အချိန်မီမခွဲလိုက်ရလျှင် ထို ၁၀ မိနစ် ၁၅ မိနစ်အတွင်း သေသွားနိုင်သည့် ကိစ္စများလည်းရှိကြောင်း ဆရာဝန်တစ်ဦးနေနှင့် သူမသိတာမဖြစ်နိုင်ပါ။ (ထိုကဲ့သို့ဆရာဝန်များ အပြင်တွင် တကယ်ရှိကြောင်း စာရေးသူ ဆရာဝန်ကြီးက ဝန်ခံထားတာကို အမှာစာတွင် ဖတ်နိုင်ပါသည်။)

သူအဓိကဝေဖန်သည်မှာ စာရေးစရာ သုံးဦးကို ဖြစ်၏။ တက္ကသိုလ်ဘုန်းနိုင်၊ လွန်းထားထား (ဆေးတက္ကသိုလ်) နှင့် လင်္ကာရည်ကျော် တို့ ဖြစ်၏။

သူ့အပြောအရ ထိုစာရေးဆရာများ၏ ဆရာဝန်များမှာ အလွန်သိ၊ အလွန်တတ်၊ အလွန်တော်၊ အလွန်စိတ်ထားမြင့်မြတ်၊ အလွန် ချမ်းသာသူများဖြစ်ပြီး ဝတ္ထုအလွန်ဆန်လွန်းနေသည် ဟု ဆိုပါသည်။ (အယ်မယ်လေးဗျာ၊ ဝတ္ထုထဲကဇာတ်ကောင်ကို ဝတ္ထုဆန်ပါ သည် ဆိုတော့ ကျွန်တော့်မှာ ငါးသလောက်ပြုံးသလို ပြုံးမိလိုက်ရပါ၏။)

သူကိုယ်တိုင်က မေ့နေသည်မှာ သူသည် ကောင်းကင်တစ်နေရာမှထိုင်ကာ တကယ့်လူ့လောကမှ လူများကို ကြည့်နေခြင်း မဟုတ်ဘဲ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေသည်ဟု သတိမထားမိခြင်း ဖြစ်ပါသည်။

Post link:
https://www.facebook.com/min.htetnaing.18/posts/2011208935580471

(၂) အနုပညာ

ဝတ္တုဆိုသည်မှာ တကယ့်အဖြစ်အပျက်များပေါ်အခြေခံကာ စာရေးဆရာ၏ စိတ်ကူးနှင့်ပေါင်းစပ်ပြီး စာဖတ်သူကို တစ်ခုခုပေးရန် ရေးသားထားသည့် စာပေတစ်မျိုးဖြစ်ပါသည်။ သို့အတွက် ဝတ္တုအားလုံးမှာ စိတ်ကူးယဉ်ချည်းဖြစ်ပြီး မည်သည့်ဝတ္တုမှ အပြင် လောကမှာ တကယ်ဖြစ်ပျက်နေသည့်အတိုင်း ရေးသားထားတာ မရှိပါ။ အပြင်လောကမှာ တကယ်ဖြစ်ပျက်နေသည့်အတိုင်း ရေးမည်ဆိုလျှင် ဝတ္တုမဟုတ်တော့ဘဲ အတ္ထုပ္ပတ္တိသာ ဖြစ်ပါလိမ့်မည်။ အတ္ထုပ္ပတ္တိတွင်ပင် ဖတ်ကောင်းအောင် အနည်းငယ် ပြုပြင် ရေးရပါသေးသည်။

ဝတ္ထုရေးရာတွင် ချန်သင့်သည့်အရာများကို ချန်ခဲ့ရသည်။ ထည့်သင့်သည့် အရာများကို ထည့်ရသည်။ ဖိသင့်သည့်အကြောင်းအရာ များကို ဖိရသည်။ ဖော့သင့်သည့် အကြောင်းအရာများကို ဖော့ရသည်။ ပြင်ပလောကအတိုင်း ရေးလို့ ဘယ်လိုမှမရပါ။ မိမိပေးလိုသည့် သတင်းစကားကို လူအများသတိပြုမိလာအောင် မီးမောင်းထိုးပြခြင်းသည်ပင်လျင် အနုပညာဖြစ်ပါသည်။

ဤသည်မှာ အနုပညာ၏လုပ်ရပ်၊ အနုပညာ၏ တာဝန်ပင်ဖြစ်၏။

မိတ်ဆွေတို့ ဝတ္တုများစွာဖတ်ဖူးပါလိမ့်မည်။ ရုပ်ရှင်ကားများစွာ ကြည့်ဖူးကြပါလိမ့်မည်။ ကာတွန်းစာအုပ်များစွာ ဖတ်ဖူးကြပါ လိမ့်မည်။ မည်သည့်ရုပ်ရှင်၊ ကာတွန်း၊ ဝတ္တုသည် အပြင်၌ တကယ်ဖြစ်ပျက်နေသည့်အတိုင်း ရေးသား၊ ရိုက်ကူးထားတာ ရှိပါ သနည်း။ အကယ်၍သာ အပြင်မှာဖြစ်ပျက်နေသည့်အတိုင်း ရေးသား၊ ရိုက်ကူးမည်ဆိုလျှင် ထိုဝတ္ထုရေးဆရာမှာ ထမင်းငတ်ကိန်း ရှိပြီး ထို ရုပ်ရှင်မှာ ခွက်ခွက်လန်အောင်ရှုံးကာ ရုပ်ရှင်ကုမ္ပဏီမှာ ဒေဝါလီခံရကိန်းရှိသည်။

ယခု - တစ်ပတ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ လောက်ဝင်ငွေရခဲ့သည့် Jurassic World, Deadpool 2, Infinity World စသည်တို့ကို ကြည့်ပါ။ မည်သည့်ကားသည် အပြင်လောကနှင့် ကိုက်ညီပါသနည်း။ ဤကားများထဲကအတိုင်းသာ အပြင်၌ ဖြစ်ကြစတမ်းဆို လူတွေတောင် နေစရာရှိတော့မည် မဟုတ်ပါ။ ဤမျှသဘာဝမကျသောကားများဖြစ်ပါလျက် အဘယ်ကြောင့် လူကြိုက်များရပါသနည်း။ ထိုကားများဆိုလျှင် ပြင်ပလောကမှ တကယ့်အဖြစ်အပျက်များကို အခြေခံတာပင် မဟုတ်။ တစ်ကားလုံး စိတ်ကူးယဉ်ချည်း ဖြစ်၏။

အနုပညာတွင် ပရိသတ်ကိုဆွဲဆောင်ရန် ဇာတ်နာအောင် လုပ်ပေးရတာတွေ ရှိသည်။ အပြင်လောက က အတိုင်းသာရေးပါက မည်ကဲ့သို့ စိတ်ဝင်စားစရာ ကောင်းပါမည်နည်း။ လူကြမ်းက မင်းသားကို နှိပ်စက်သည့်အခန်း၌ သာသာထိုးထိုးကလေး နှိပ်စက် ပေးရသည်။ သို့မှသာ ပွဲကြည့်ပရိသတ်က လူကြမ်းကိုမုန်းပြီး မင်းသားကို သနားမည်မဟုတ်ပါလော။

မိတ်ဆွေတို့ သတိထားမိပါလိမ့်မည်။ မည်သည့်ရုပ်ရှင်၊ ဝတ္ထုဖြစ်စေ၊ ဇာတ်အထွဋ်ကိုရောက်ပြီဆိုလျှင် မင်းသားမှာ သေခါနီးထိ အလူးအလဲခံရတာချည်း ဖြစ်၏။ လူဆိုးများက ဇာတ်လိုက်ကို အသဲအသန် နှိပ်စက်နေစေခြင်းဖြင့် ပရိသတ်ကို မရိုးမရွ ဖြစ်စေသည်။ သို့သော် မင်းသားဟူသည် သေရိုးထုံးစံမရှိ။ နောက်ဆုံးတွင် သေခါနီးဆဲဆဲမှ ထလာကာ ၎င်းကို အပြတ်အသတ် နှိပ်စက်ခဲ့သော အင်မတန် အားခွန်ဗလ ကောင်းလှသည့် လူဆိုးကြီးကို လက်သီးကလေးတစ်ချက်တည်း ထိုးကာ အနိုင်ယူ လိုက်နိုင်သည်ချည်း ဖြစ်၏။ ဤသည်မှာ သဘာဝကျပါသလား။ လုံးဝမကျပါ။ သို့ပေမင့် ဤသည်ကိုပင် ပရိသတ်က သဘောကျ နှစ်ချိုက်နေကြတာ ဖြစ်လေသည်။

Infinity world တွင် ဇာတ်လိုက်ကို အနိုင်မပေးဘဲ သေပစ်လိုက်သည့်အတွက် ကျွန်ုပ်သည်ပင်လျှင် ရုံထဲကထွက်လာသည့်အခါ ရင်ထဲ၌ မတင်မကျ၊ ခိုးလိုးခုလု ဖြစ်ခဲ့ရပါသေးသည်။ ကလေးဆန်တယ်ပဲပြောပြော Avengers အဖွဲ့ကို အနိုင်ရစေချင်သည်။

ဤသည်ကိုမှ သဘာဝမကျ၍ မကြည့်ချင်ပါဆိုလျှင် မကြည့်ပါနှင့်။ ဘာမှမဖြစ်ပါ။ ကြည့်ချင်သူတွေ ကြည့်ပါလိမ့်မည်။

အကယ်၍ သင်သည် သဘာဝအတိုင်းချည်းသာ ကြည့်လိုပါသည်ဆိုလျှင်၊ သဘာဝအလွန်ကျသည့် ဇာတ်ရုပ်များကိုသာ ဖတ်လိုသည် ဆိုပါလျှင် သင်္ဘောဆိပ်၊ ဘူတာရုံ၊ စူပါမားကက်ကြီးများ၊ သီရိမင်္ဂလာဈေး၊ လှိုင်သာယာက မီးခွက်ဈေး၊ ကျူးကျော် တဲများ စသည်တို့သို့သွားကာ တစ်နေကုန် တစ်နေခမ်း ထိုင်ကြည့်ပါလေ။ အလွန်သဘာဝကျလှသည့် လှုပ်ရှားမှုများကိုသာ တွေ့ရမည်ဖြစ်သတည်း။

သို့မဟုတ် လက်တွေ့ဆန်သည့်စာများကိုသာ ဖတ်လိုပါသည်ဆိုလျှင် သတင်းများကိုဖတ်ပါ။ သတင်းများသည် လက်တွေ့အဖြစ် အပျက်များကို တကယ်ဖြစ်သည့်အတိုင်း ရေးထားတာဖြစ်ပါသည်။

ဝတ္ထုများ၊ ကာတွန်းများ၊ ရုပ်ရှင်များ၌ သဘာဝကျသည့် အချင်းအရာကိုရှာနေပါသည် ဆိုလျှင်တော့ အတော်ရူးသည့်သူဟုသာ သမုတ်ရပေလိမ့်မည်။

(၃) ကြိုးကြာတောင်ပံခတ်သံ

အဝေးသင်တက္ကသိုလ်၊ တတိယနှစ်မြန်မာစာ၌ ကြိုးကြာတောင်ပံခတ်သံ သည် ပြဋ္ဌာန်းစာတစ်ပုဒ်အဖြစ် ပါလာ၏။ ထို့ကြောင့် ကျွန်တော်လည်း ဆရာလင်္ကာရည်ကျော်၏ ကြိုးကြာတောင်ပံခတ်သံကို ဖတ်ပါသည်။ ဝတ္တုကလေးမှာ တော်တော်ကောင်း၏။ တက်သစ်စ ဆရာဝန်ကလေးများကို သူ့ဝတ္တုဖြင့် ဆရာဝန်တို့၏ကျင့်ဝတ်၊ ပြောဆိုနေထိုင်၊ လုပ်ကိုင်ရမည့် သဘောတရားများကို ညွှန်ပြသွားသည်ဟု နားလည်မိပါသည်။

ဆရာကြီးကိုယ်တိုင်ကလည်း သူ့ဝတ္တုမှ ဒေါက်တာလတ်ငြိမ်းမှာ ပြင်ပလောကတွင်  သူတွေ့ခဲ့ဖူးသည့် ဆရာဝန်များ၏ စွန့်လွှတ် စွန့်စားခဲ့မှု၊ အနစ်နာခံခဲ့မှုများကို ကိုယ်စားပြုရေးဖွဲ့ထားခြင်းဖြစ်ကြောင်း ဝန်ခံထားပါသည်။ ဆိုလိုသည်မှာ ဒေါက်တာလတ်ငြိမ်း သည် စိတ်ကူးယဉ်သက်သက်မဟုတ်။ ဒေါက်တာလတ်ငြိမ်းကဲ့သို့ ဆရာဝန်တွေ ပြင်ပလောကမှာ အများကြီးရှိသည်။ (သို့သော် ဒေါက်တာလတ်ငြိမ်းမှာ ပြင်ပလောကမှ ဆရာဝန်တစ်ယောက်ကို ကိုယ်စားပြုခြင်းမဟုတ်မူ၍ အပြင်တွင် တကယ်ရှိခဲ့ဖူးသော ဆရာဝန်များ၏ ကောင်းမြတ်သည့် လုပ်ရပ်များကို စုစည်းကာ ဒေါက်တာလတ်ငြိမ်း၌ အားလုံးစုပြုံထည့်ထားခြင်း ဖြစ်ပါသည်။)

ကြိုးကြာတောင်ပံခတ်သံမှ ဆရာကြီးပေးချင်သည့် သတင်းစကားမှာ ဆရာဝန်များသည် လူနာများကို ပြုစုကုသရာ၌ စေတနာ၊ မေတ္တာအပြည့်ထားပါ ဆိုတာ ဖြစ်ပါသည်။ ဤသတင်းစကားလေးတစ်ခုကို ကြိုးကြာတောင်ပံခတ်သံအဖြစ် ဖန်တီးထားတာ ဖြစ်၏။ ဝတ္ထုရေးဆရာတို့၏ အတတ်ပညာဖြင့် ဒေါက်တာလတ်ငြိမ်းကို ပရိသတ် သဘောကျလာအောင်၊ ဒေါက်တာလတ်ငြိမ်းကဲ့သို့ လုပ်ချင်ကိုင်ချင်စိတ်များ စာဖတ်သူရင်ထဲရောက်သွားအောင် ဒေါက်တာလတ်ငြိမ်းကို သာမန်လူသားများထက် ပိုလွန်ဖန်တီးရမည် မှာ သေချာလှပါသည်။

(သို့တိုင် ကြိုးကြာတောင်ပံခတ်သံ၏ ဇာတ်သိမ်းပိုင်းကိုမူ ကျွန်တော်မကြိုက်ပါ။)

ဆရာကြီးမင်းသိင်္ခ၏ လျက်ဆားပုလင်းအာဖျံကွီး (ဟုတ်ပေါင် မောင်ဝဏ္ဏနဲ့ မှားကုန်ပြီ) ဆားပုလင်းနှင်းမောင်လိုလူမျိုး မြန်မာပြည်၌ ပေါ်ထွန်းခဲ့ဖူးသည်ဟု အသင်တို့ ကြားဖူးပါသလော။ ဆားပုလင်းနှင်းမောင်၌ သဘာဝ ယုတ္တိမတန်သည့် အရည်အချင်းများ အကုန် ရှိသည်။ သို့သော် ကျွန်ုပ်တို့သည် ဆားပုလင်းနှင်းမောင်ကို မချစ်ပါသလော။ အဘယ်ကြောင့်နည်း ဥပဒေဘက်တော်သားဖြစ်ကာ မကောင်းမှုကို နှိမ်နှင်းနေသူဖြစ်သည့်အတွက် ချစ်ကြပါသည်။ ၎င်း၏ယောက်ျားပီသမှု၊ အရာရာကို တတ်သိနားလည်မှုများကပင် ပရိသတ်ကို လူစွမ်းကောင်းတစ်ဦးအဖြစ် နှစ်သက်လာစေရန် ဆွဲဆောင်ပေးထားသည်။

အကယ်၍ ဝတ္ထုဇာတ်လိုက်တစ်ဦးသည် သူလိုငါလို ငဒူတစ်ယောက်သာဖြစ်သည် ဆိုလျှင်ဖြင့် မည်သူ စိတ်ဝင်စားပါမည်နည်း။
ဤသည့်အချက်လောက်မှ အကဲမခတ်တတ်သည့် ထို ဆရာဝန်အား ကျွန်ုပ်မှာ လွန်စွာမှ သနားကရုဏာ သက်မိပါသည်။

ဤသည်မှာ ကျွန်တော့်အယူအဆ သက်သက်ဖြစ်၏။ မှန်ရမည်။ မိတ်ဆွေတို့ သဘောတူရမည်ဟု မဆိုလို။
လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ သဘောကွဲလွဲနိုင်ခွင့် လူတိုင်းတွင်ရှိ၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၈ ဇွန်လ၊ ၂၀၁၈

No comments: