(၁) မသေအောင်လုပ်ဘို့အရေးကို စိတ်မဝင်စားလှသော ကျွန်ုပ်
လူ၊ တိရစ္ဆာန် စသည့် ပုပုရွရွ မြင်သမျှတို့သည် အဆုံးတစ်နေ့၌
သေကြရမည်သာဖြစ်၏။ မမြဲသော အနိစ္စနှင့် သင်္ခါရတရားကို မည်သူကမှ မလွန်ဆန်နိုင်။ မွေးခြင်းသည်
သေခြင်း၏ အစဖြစ်သကဲ့သို့ ဖြစ်တည်ခြင်းသည် ပျက်စီးခြင်း၏ အစဖြစ်၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားက
တစ်ဖန်ပြန်၍ မွေးဖွားခြင်းကို ရပ်တန့်နိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့တာ ဖြစ်၏။ မွေးနေသမျှ
သေနေဦးမှာဖြစ်ပြီး မမွေးတော့မှ မသေတော့မှာ ဖြစ်သည်။
သို့သော် သည်ကိစ္စမှာ လွယ်လွယ်ကလေးမဟုတ်။ လုပ်လို့မရတာ မဟုတ်သည့်တိုင်
လုပ်လို့မလွယ်တာကတော့ သေချာ လှသည်။ လုပ်လို့မလွယ်တာကိုသာ ပြောသည်၊ လုပ်ဖို့မလွယ်တာကို
ပြောချင်းမဟုတ်။ သည်အလုပ်ကို လူတိုင်းလုပ်နိုင်သည်။ နေရာတိုင်းလုပ်နိုင်သည်။ လူမျိုးမရွေး၊
ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျားမ မရွေး လုပ်နိုင်သည်။
နောက်ထပ်တစ်ခါ ထပ်မသေရဘို့ လုပ်ရသည့်အလုပ်လောက် ကောင်းတာ
ဘယ်မှာရှိပါမည်နည်း။ သို့သော် မည်သူကများ ဂရုတစိုက် လုပ်ပါသနည်း။ လုပ်သည်ဆိုရာတွင်
(ကျွန်တော့်သား သူလိုချင်သော ပူစီဖောင်းကို မရသဖြင့် ရထားတစ်စီးလုံး ပွက်လောရိုက်နေအောင်
ငိုတာလို) လိုချင်သကဲ့သို့ လိုချင်မှလည်း ဖြစ်မည်။ အများစုကတော့ ပါးစပ်ဖျားတွင်ပင်
ပြီးသွားတာ ဖြစ်၏။ ဒါဖြင့် မင်းရော လုပ်ဖြစ်သလားလို့ ကျွန်တော့်ကိုမေးပါဦး။ လက်တွေ့လုပ်ဖို့
မပြောနှင့်။ လုပ်ဖို့လို့ (သည်ကနေ့ထိ) အိမ်တောင် မမက်ခဲ့ဖူးသေးပါ။ ဤသည်မှာ အမှန်ကိုပြောခြင်းဖြစ်၏။
(၂) သေခြင်း လေးမျိုး
မသေကြောင်းတရားကို ကျင့်ကြံကြိုးကုတ်အားထုတ်ဘို့ ပျင်းကြသူ
(သို့မဟုတ်) စိတ်မဝင်စားကြသူအပေါင်းမှာ တစ်နေ့တွင် မလွဲမသွေ သေကြရမည်သာ ဖြစ်၏။ သို့ဆိုလျှင်
အနည်းဆုံးတော့ ဘယ်ပုံဘယ်နည်း သေမယ်ဆိုတာလောက်တော့ ပြင်ဆင် ထားဘို့ သင့်မည်ထင်၏။ ဤသည်ပင်လျှင်
သေခြင်းအနုပညာ ဖြစ်လေသည်။
ဗုဒ္ဓဘာသာအလိုအရ သေခြင်းလေးမျိုးရှိ၏။
(၁) သက်တမ်းကုန်၍ သေခြင်း
(၂) ကံကုန်၍ သေခြင်း
(၃) သက်တမ်းရော ကံပါကုန်၍ သေခြင်း
(၄) သက်တမ်းလည်းမကုန်၊ ကံလည်းမကုန်သေးပါဘဲလျက် မတော်တဆမှု
တစ်ခုခုကြောင့်သေခြင်း စသည်တို့ ဖြစ်၏။
သက်တမ်းကုန်၍သေခြင်း ဆိုတာကတော့ ရှင်းပါသည်။ ယခုခေတ် လူတို့၏
အသက်တမ်းမှာ ၇၀၊ ၈၀ ခန့် ဖြစ်၏။ ထိုအသက် ပတ်ဝန်းကျင်၊ တချို့လည်း ၉၀၊ ၁၀၀ လောက်ရောက်မှ
အိုမင်းရင့်ရော်ပြီး သေခြင်းမှာ သက်တမ်းကုန်၍သေခြင်း ဖြစ်၏။ ဥပမာ - ဆီမီးတိုင်တစ်ခုကို
ထွန်းညှိထားရာ အစဉ်အတိုင်းလောင်လာလျက် နောက်ဆုံး ဘာမှလောင်စရာ မကျန်တော့သည်ထိ လောင်ကျွမ်းသွားခြင်းမျိုး
ဖြစ်၏။
ကံကုန်၍ သေခြင်းမှာ သူ့အတွက် သည်မျှလောက်သာ အသက်ရှည်ဘို့
မွေးကတည်းက ပြဋ္ဌာန်းပေးလိုက်သည်။ ထို့ကြောင့် သည်အသက်ထက် ပိုနေချင်လို့မရ။ သည်အချိန်ရောက်လျှင်
မလွဲမသေ သေရမည်သာ ဖြစ်၏။ မည်သို့မည်ပုံသေမည် ဆိုသည်မှာ (ဗုဒ္ဓဘာသာအလိုအရ) အတိတ်ဘဝက သူ
ဘာတွေလုပ်ခဲ့သည် ဆိုခြင်းနှင့် တိုက်ရိုက် ပတ်သက်နေသည်။
ဆိုလိုသည်မှာ အတိတ်ဘဝက သူများကို ဓားနှင့်ထိုးသတ်ခဲ့သူသည်
ယခုဘဝတွင် သူများက ဓားနှင့်ထိုးသတ်တာခံရပြီး သေရမည်။ အတိတ်ဘဝက နွား၏လည်ပင်းကို ကောက်ရိုးကွင်းစွပ်ကာ
မီးရှို့သတ်ခဲ့သူမှာ ယခုဘဝတွင် ကျီးကန်းဖြစ်လျက် ကောင်းကင်တွင် ပျံနေစဉ် အောက်မှ တက်လာသော
မီးကွင်း လည်ပင်းကို စွပ်ကာ သေခဲ့ရသော ဇာတ်လမ်း ရှိ၏။
တဆက်တည်း ပြောရလျှင် ဗုဒ္ဓဘာသာအလိုအရ အသက်ရှည်ခြင်း၊ မရှည်ခြင်း၊
အဆင်းလှခြင်း၊ မလှခြင်း။ ချမ်းသာ ကြွယ်ဝခြင်း၊ ဆင်းရဲခြင်း စသည်တို့မှာ အတိတ်ဘဝနှင့်
များစွာ ပတ်သက်နေသည့် အကြောင်းများ ဖြစ်၏။
သူ့ကို သတ်ဖြတ် သက်တိုတတ်။ မသတ် အသက်ရှည် - ဟူသော သံပေါက်လည်းရှိ၏။
သက်တမ်းရော ကံပါကုန်၍သေခြင်းဆိုသည်မှာမူ လူ့ဘဝသက်တမ်းလည်းကုန်၊
ပြုခဲ့သမျှသော ကံကလည်း သည်မျှ လောက်သာ အသက်ရှည်ဘို့ ပါလာဖြင့် သေခြင်းဖြစ်၏။ ဤသေခြင်းမှာ
ပြန်ရှင်းပြစရာမလိုလောက်အောင်ပင် ရှင်းလှသည်။
(၃) သေရမှာကို မကြောက်အောင်လုပ်နည်း
အထက်ဖော်ပြပါ သေခြင်းလေးမျိုးအနက် ပထမ သုံးမျိုးကို ဘာမှလုပ်လို့မရ။
အဲလေ လုပ်လို့မရဆိုတာတောင် နံပါတ် (၂) ကို လုပ်လို့ရသည်ဟု ပြောနိုင်ပါသေးသည်။ ကိုယ်ပြုသည့်ကံ
ကိုယ်သာခံရမည်ဖြစ်သည့်အတွက် စောစောမသေဘို့ရာ ကံကောင်းအောင် လုပ်ကြရမည်။ အဘယ်ကဲ့သို့
ကံကောင်းအောင်လုပ်မည်နည်း။ မကောင်းတာများ မလုပ်ခြင်းဖြင့် ကံကောင်းအောင် လုပ်လို့ရသည်။
သို့ဆိုလျှင် မကောင်းတာဆိုတာဘာလဲ ဟု အဓိပ္ပာယ်ဖွင့်ဆိုဘို့ လိုလာမည်။
ယေဘူယျအားဖြင့် ကိုယ့်ကြောင့် မိမိကိုယ်ကိုသော်လည်းကောင်း၊
သူတစ်ပါးကိုသော်လည်းကောင်း ထိခိုက်သည့် အလုပ် ကိစ္စမှန်သမျှ မကောင်းမှုဟု ခေါ်နိုင်မည်ထင်ပါသည်။
ဗုဒ္ဓဘာသာတွင်မူ မကောင်းမှုကို ဒုစရိုက် (၁၀) မျိုးဟု ပြဆို၏။
ကောင်းမှုလုပ်ခြင်းနှင့် မကောင်းမှုမလုပ်ခြင်းကို ဗုဒ္ဓဘာသာတွင်
သီလ ဟုခေါ်၏။ ဝါရိတ္တသီလနှင့် စာရိတ္တသီလဖြစ်၏။ မကောင်းမှုမလုပ်ရုံသာမဟုတ်၊ ကောင်းမှုများပါလုပ်ပေးရန်လို၏။
ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဖြစ်၍ သီလတွေ၊ ဒုစရိုက်တွေနှင့် ပြောနေသော်လည်း
ထိုတရားများမှာ ဗုဒ္ဓဘာသာအတွက်သာ မဟုတ်။ ခရစ်ယန်၊ မွတ်ဆလင်၊ ဂျူး၊ တာအို၊ မြန်မာ၊ အင်္ဂလိပ်၊
အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ ကျား၊ မ၊ အသက်ကြီးသူ၊ အသက်ငယ်သူ တစ်နည်းအားဖြင့် လူမျိုးမရွေး၊
ဘာသာမရွေး၊ ကျားမ မရွေး၊ အသက်အရွယ်မရွေး၊ ကာလမရွေး၊ အားလုံးအတွက်၊ အချိန်တိုင်းအတွက်
မှန်ကန်နေသည့် တရားများ ဖြစ်၏ (Universal Truth)။
ကောင်းမှုလုပ်သည်ဆိုရာတွင် မိမိအတွက်၊ မိမိ မိသားစုအတွက်၊
ကိုယ့်ရပ်ရွာအတွက်၊ ကိုယ့်တိုင်းပြည်အတွက်၊ လူသားများ အတွက်၊ တိရစ္ဆာန်များအတွက်၊ ကမ္ဘာလောကကြီးအတွက်
အကျိုးရှိရာရှိကြောင်း အလုပ်အားလုံးပါပါသည်။
(တစ်နည်းအားဖြင့် ကိုယ့်အတွက်လည်းအကျိုးမရှိ၊ ကိုယ့်တိုင်းပြည်အတွက်လည်း
အကျိုးမရှိ၊ လူသားများအတွက်လည်း တစ်စက်ကလေးမှ အကျိုးမရှိသောအလုပ်များကို ကောင်းသည်ဟု
မဆိုနိုင်ပါ။)
ကောင်းတာလုပ်လျှင် ကောင်းတာရမည်၊ ကောင်းတာဖြစ်မည် ဆိုသည့်
သီအိုရီအရ မိမိဘဝတစ်လျှောက်လုံး မကောင်းတာ၊ မမှန်တာ မလုပ်သူအဖို့ သေရမည်ကို ဘယ့်အတွက်
ကြောက်ရမည်နည်း။ သေသွားသည့်တိုင် ကိုယ့်လားရာဂတိကို ခန့်မှန်းနိုင်သည်။ မဟုတ်တာ မလုပ်ခဲ့သူအဖို့
မကောင်းသည့်ဘုံဘဝကို ရောက်စရာမရှိ။ သို့အတွက် သေခြင်းတရားကို ရဲရဲ ရင်ဆိုင်နိုင်ဘို့ရာ
လက်ရှိအချိန်၊ လက်ရှိဘဝ၌ အကောင်းဆုံးနေသွားဘို့ လိုသည်။
ဆရာဇော်ဂျီဘာသာပြန်သည့် ပလေတိုးနိဒါန်း၌ ဆိုကရေးတီး၏ ဘဝအဆုံးသတ်ခန်းကို
ဖတ်ရသည့်အခါ ပညာရှိကြီးက သေခြင်းတရားကို ခံယူပုံအား ကျွန်ုပ်မှာ ကြက်သီးတဖြန်းဖြန်းထသည်ထိ
လေးစားအားကျမိခဲ့သည်။ ပညာရှိကြီးကား ဘဝအကူးအပြောင်းကို သည်အိမ်က ဟိုအိမ်သို့ ကူးသွားသလောက်သာ
သဘောထားခဲ့၏။ အဆိပ်ခွက်ကို ကိုကာကိုလာ သောက်သလို သောက်နိုင်ခဲ့သည်။
အဘယ်ကြောင့်နည်း။
သူ့ဘဝတစ်လျှောက်လုံး မဟုတ်တာ ဘာမှ မလုပ်ခဲ့သည့်အတွက် အဘယ်ကြောင့်
သေမှာကို ကြောက်နေရမည်နည်း။
သူက သေခြင်းတရားဟာ ကောင်းတယ် မကောင်းဘူးဆိုတာ မင်းတို့ ငါတို့
ဘယ့်နှာလုပ် သိမတုံးကွာ ဟု ဆိုခဲ့သည်။
(၄) ဥပစ္ဆေဒကမရဏ အတွက် အန္တရာယ်ကင်းရေး အရေးကြီးခြင်း
သေခြင်းလေးမျိုးအနက် နောက်ဆုံးတစ်ခုမှာ မတော်တဆမှုကြောင့်
ရုတ်တရက် သေရခြင်းဖြစ်၏။ သည်ကိစ္စတွင် ပြောစရာ များစွာ ရှိပါသည်။
အကျဉ်းချုပ် ပြောရလျှင် လူကြောင့်ဖြစ်ရခြင်းနှင့် လူ့ပယောဂမပါဘဲ
ဖြစ်ရခြင်းဟု နှစ်ခုခွဲနိုင်သည်။
လူ့ပယောဂမပါဘဲဖြစ်ရခြင်းတွင် ဆူနာမီ၊ မိုးကြိုးပစ်ခြင်း၊
မုန်တိုင်းတိုက်ခြင်း၊ မြွေကိုက်ခြင်း စသည်တို့ပါသည်။ အချို့အရာများ မှာ ကာကွယ်လို့ရသည်။
အချို့အရာများမှာ ကာကွယ်လို့မရ။ ဆူနာမီကို မည်ကဲ့သို့ ကာကွယ်နိုင်ပါမည်နည်း။ သို့သော်
မြွေမကိုက်နိုင်အောင် ထိုက်သင့်အားလျော်စွာ ကာကွယ်လို့ရသည်။
လူကြောင့်ဖြစ်ရခြင်းတွင် အမျိုးအစားပေါင်း မြောက်များစွာပါသည်။
ဥပမာ - တံတားကျိုးကျ၍ တံတားပေါ်ရှိနေသူများ သေရခြင်းတွင် တံတားပေါ်၌ရှိနေသူများမှာ (မြန်မာလိုဆို)
ဖိုကံဆိုး၊ မယ်ကံဆိုးများဖြစ်၏။ မကျိုးသင့်ဘဲ တံတားကျိုးရသည် ဆိုလျှင် လူ့ပယောဂ များစွာပါနေလိမ့်မည်။
အကယ်၍ ၎င်းတို့ကြောင့် တံတားကျိုးရသည်ဆိုလျှင် ထိုသူများအား အပြစ်ကင်းသူများဟု ခေါ်နိုင်ပါမည်လား။
နောက်တစ်ခုက ဗဟုသုတနည်းမှု၊ ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ကင်းမဲ့မှုကြောင့်
ဖြစ်ရခြင်းများ ပါသည်။
ဥပမာ - ရေတွင်းဆင်းဆယ်ရင်း အောက်ဆီဂျင်ပြတ်သေတာ၊ ပိုးသတ်ဆေးပုံးမှ
နော်ဇယ်ပိတ်နေတာကို ပါးစပ်နှင့်စုပ်ယူ၍ သေရတာ၊ ဓာတုပစ္စည်းများကို အစားအသောက်နှင့် မှားယွင်းသုံးမိတာ၊
ဓာတုပစ္စည်းများကို အစားအသောက်များတွင် ရောသုံးတာ။
အမြင့်မှာတက်လုပ်ရင်း ပြုတ်ကျတာ၊ ဓာတ်လိုက်သေတာ၊ မီးလောင်တာ
. . . . . အများကြီး ဖြစ်ပါသည်။
ထို့ကြောင့် သေခြင်းအနုပညာတွင် Safety ကို ထည့်လျှင် ကျွန်တော့်အလွန်ဖြစ်မည်
မထင်။ လူများ၌ အန္တရာယ်ကင်းရေး ဗဟုသုတများရှိနေလျှင် နံပါတ် (၄) သေခြင်းတရားကို အများကြီး
လျှော့ချနိုင်ပါလိမ့်မည်။
ရေမဆေးကျောက်ရှာရင်း လူ ရာနှင့်ချီကာ မကြာခဏသေနေတာကို ဘာမှ
အရေးတယူမလုပ်ဘဲ နေနိုင်အားသည့် အာဏာပိုင်ဆိုသူများကား အခါ ၃၀၀ ပြန် သြချရလောက်ပါပေသည်။
ထမင်းတစ်လုပ်အတွက် သေပေအုံးတော့မောင်မင်းတို့၊ သည်ကိစ္စ ကျွန်ုပ်ဘာမှမတတ်နိုင်။
မိမိတိုင်းသူပြည်သားများ၏ အသက်များကို တန်ဘိုးထားလျှက် အစိုးရကသာ
ဥပဒေနှင့်၊ စည်းကမ်းနှင့်၊ နည်းလမ်းနှင့် လုပ်ကိုင်ဆောင်ရွက်ပေးမည်ဆိုပါက ကျွန်ုပ်တို့
ပြည်သူပြည်သားများ ထို နံပါတ် (၄) သေခြင်းတရားမှ ရှောင်ကွင်းနိုင် ပါလိမ့်မည်။
ဖေ့စ်ဘုတ်က အော်မှ၊ သူများပြောမှ မျက်လုံးပြူးမျက်ဆံပြူး
ထ ထ လုပ်တာ လူဖျင်းလူညံ့တို့ အလုပ်ဖြစ်သည်။ လူတော်တို့သည် ဘာမှမဖြစ်ခင် ကြိုတင်စီမံထားနိုင်သည်။
Planning ဆိုတာ ဘာလဲ သိသည်။ Management ဆိုတာ ဘာလဲ နားလည်သည်။
ဤသည်ကို Proactive နှင့် reactive ဟု ခေါ်သည်။ အသင်တို့သည်
reactive သမားများအဖြစ်မှ proactive သမားများ ဖြစ်စေရန် ကြိုးစားကြပါကုန်လော။
(အဲဒီပြောပေါက်တွေကြောင့် ဟိုလူကြီးက ကျုပ်ကို မကြည်တာ။ ဤကား
စကားချပ်)
(၅) သေခြင်းအနုပညာ
တစ်နေ့တွင် မလွဲမသွေ ရောက်လာမည့် သေခြင်းတရားအတွက် ကျွန်ုပ်တို့သည်
နေ့စဉ်နေ့တိုင်း ပြင်ဆင်မနေသင့်ပါသလော။ အမှန်ပင် သင့်လှ၏။
သို့ဆိုလျှင် အဘယ်ကဲ့သို့ ပြင်မည်နည်း။ ဤသည်ကား သေခြင်းအနုပညာပင်
ဖြစ်လေသည်။
မနက်မိုးလင်းလာလျှင် "ငါ သည်ကနေ့ မဟုတ်တာ၊ မကောင်းတာ၊
မမှန်တာမှန်သမျှ ဘာမှမလုပ်ဘူး" ဟု သံဓိဋ္ဌာန်ချပါ။ ထိုတစ်နေ့လုံး မဟုတ်တာ၊ မကောင်းတာ၊
မမှန်တာမှန်သမျှ ဘာမှမလုပ်မိပါစေနှင့်။
လူတိုင်းလူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရသည်။ ထိုအခါ
အလုပ်လုပ်နေရင်း အန္တရာယ်မဖြစ်စေရန် မိမိ အလုပ်နှင့်ပတ်သက်သည့် အန္တရာယ်ကင်းရေး စည်းမျဉ်းများ၊
လုပ်ထုံးလုပ်နည်းများကို လေ့လာပါ။ အန္တရာယ်မဖြစ်အောင် အလုပ်လုပ်ပါ။ ဘယ်အရာကိုမှ ပေါ့လေးတဆ
မလုပ်ပါနှင့်။
မိမိ သားသမီး၊ တူတူမ၊ မြေးမြစ်၊ ပတ်ဝန်းကျင်ရှိလူများကို
မိမိသိထားသည့် အန္တရာယ်ကင်းရေး စည်းမျဉ်းများကို ပြောပြပါ။ အသိပညာများ မျှဝေပါ။
ပတ်ဝန်းကျင်ကို ကျန်းမာနေအောင် ထိန်းသိမ်းထားခြင်းသည်လည်း
သေခြင်းတရားနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ထို့ကြောင့် မိမိပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်
မပြုမိပါစေနှင့်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်ပါစေ။
ကျွန်ုပ်ပြောသည့် သေခြင်းအနုပညာသည် မိတ်ဆွေတို့ မျှော်လင့်ထားတာနှင့်
ကွဲပြား ခြားနားနေပါလိမ့်မည်။ သို့သော် ကျွန်ုပ်က လက်တွေ့ဆန်ဆန် ပြောပြခြင်းဖြစ်ပါသည်။
ကျွန်ုပ်၏ ချစ်လှစွာသော မိတ်ဆွေများသည် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းဖြင့်
သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသူများ ဖြစ်ကြပါစေကုန်သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၁ ဇွန်လ၊ ၂၀၁၈။ နေ့လည် ၁၂း၄၁ နာရီ
No comments:
Post a Comment