(၁)
ကျွန်တော့်ဘဝတွင် သည့်ကနေ့အထိ မေ့လို့မရသော ထမင်းပွဲများ ရှိခဲ့ပါသည်။
သို့သော် ထမင်းပွဲခေါ်မလား၊ ထမင်းဝိုင်း ခေါ်မလားတော့ မပြောတတ်ပါ။ ထမင်းဝိုင်းလည်းမမည်
ထမင်းပွဲလည်းမကျ ဖြစ်ပါလိမ့်မည်။
မေ့မရသော ထမင်းပွဲဆို၍ အလွန် စားကောင်းသောက်ကောင်းလှသော ဟိုတယ်ကြီးများမှ
ထမင်းဝိုင်းများဟု မိတ်ဆွေတို့ထင်လျှင် မှားပါလိမ့်မည်။
ဟော်တယ်များ၌
ထမင်း အနပ်တော်တော်များများ ကျွန်ုပ်စားဖူးပါ၏။ သို့သော် ထိုဟော်တယ်များမှ ထမင်းဝိုင်းများသည်
ကျွန်ုပ် ယခုဖော်ပြလတ္တံ့သော ထမင်းပွဲများလောက် ကျွန်ုပ်အာရုံကို ဆွဲဆောင်မှု မရှိပါ။
သို့ဆိုလျှင်
သည်ထမင်းဝိုင်းများသည် အဘယ်ကဲ့သို့သော ထမင်းဝိုင်းများ ဖြစ်ချိမ့်မည်နည်း။ ဋီကာချဲ့ပါအံ့။
(၂)
ကျွန်တော်ငယ်စဉ်က
၅ တန်းမှ ၈ တန်းအထိကို ကွင်းကောက် တွဲဘက်အလယ်တန်းကျောင်းတွင် တက်ခဲ့ရ၏။ တောကျောင်းကလေးဆိုတော့
ကျောင်းသားများမှာလည်း တောသားများပေပေါ့။ တောသားရိုက်တော့ ပေါကားပွဲ ထွက်တော့မပေါ့။
(ဟုတ်ပေါင်၊ ဆွေဇင်ထိုက်နဲ့ ရောကုန်ပြီ။ ဘဘဘိုကလေးတင့်အောင် မသိပါစေနဲ့ဗျာ။)
ကျွန်တော်တို့မောင်နှမတစ်စုမှာ
ကွင်းကောက်တောင်ဘက်ကမ်းရှိအိမ်တွင် နေကာ မြောက်ဘက်ကမ်းမှ ကျောင်းကို ခြေလျင်တလှည့်၊
ကုန်းကြောင်းတလှည့်သွားကာ ကျောင်းတက်ကြ၏။ ဆိုတော့ နေ့လည်စာကို အိမ်မှ စားသွားကြသည်။
(ထင်ပါသည်၊ မေ့နေပြီ။) ကျွန်တော်တို့သူငယ်ချင်း အဖတ်ကြီး (နာမည်ရင်းမှာ သိန်းအောင်
ဖြစ်ပြီး သူ့ကို အဖတ်ကြီးဟု ခေါ်ကြ၏။ ဘာကြောင့် အဖတ်ကြီးခေါ်မှန်းမသိ။ မေ့နေပြီ။) ကတော့
မြောက်ဖက်ကမ်းမှ တောင်ဘက်ကမ်းသို့ ပြန်ကာ နေ့လည်စာ စားသည်။ သူက လမ်းကို တစ်နာရီ မိုင်
၃၀ နှုန်းနှင့် အသားကုန်နှင်၏။ သူ့အစား ကျွန်တော် ပင်ပန်းလှပါဘိ။
ကျွန်တော့်ထက်
ကျွန်တော့်အစ်ကိုဝမ်းကွဲ ကိုသန်းနိုင်က အသက် ၂ နှစ်ပိုကြီးသလို အတန်းလည်း ၂ တန်းပိုကြီး၏။
ကျွန်တော်က အစ်ကိုဖြစ်သူ၏ သူငယ်ချင်းများနှင့်လည်း ခင်သည်။ ကိုသန်းနိုင်၏ငယ်နာမည်မှာ
တင်ထူး ဖြစ်ပြီး ကျွန်တော်က ကိုကိုတင်ထူး ဟု ခေါ်၏။
တစ်နေ့သ၌
ကျွန်တော်တို့ကျောင်းသွားရန် ကိုကိုတင်ထူး၏သူငယ်ချင်းဖြစ်သူ ကိုမြငွေကို သွားခေါ်ကြသည်။
ကိုမြငွေတို့ အိမ်မှာ နန္ဒာလဘုရားကုန်းခြေရင်းမှ ဘောလုံးကွင်း ဘေး၌ရှိ၏။ အမှန်ဆို ကျွန်တော်တို့အိမ်မှာ
ကျောင်းဘက်ပိုကျသည်ဖြစ်ရာ ကိုမြငွေကို ခေါ်ရန် နောက်ကြောင်းပြန်သွားရ၏။
ကိုမြငွေ၏
မိဘများမှာ ဆင်းရဲလှသဖြင့် လေးတိုင်စင် ခြေတံရှည်အိမ်ကို အင်ဖက်မိုး၊ အင်ဖက်ကာကာ ဝါးခြမ်းများဖြင့်
ကြမ်းခင်း ထား၏။ ဝါးကြမ်းခင်းမှာ ကျိုးတို့ကျဲတဲ။ အိမ်ပေါ်သို့ မနည်းသတိထား တက်ရသည်။
ကျွန်တော်တို့ရောက်သွားတော့
ကိုမြငွေမှာ နှပ်ထားသော ထမင်းအိုးကို ချခါစ ဖြစ်၏။ သန်းနိုင်ရေ၊ ခဏကွာ ဟု ဆိုကာ သူက
မြေအိုးထမင်းအိုးထဲမှ အငွေ့တထောင်းထောင်းထနေသည့် ထမင်းများကို ဆေးများကွာနေပြီဖြစ်သော
ကြွေပန်းကန်ထဲသို့ သစ်သားယောက်မကလေးဖြင့် ကော်ထည့်၏။
ထို့နောက်
ဆားအနည်းငယ်ဖြူးကာ ထိုထမင်းပူပူကို အသားကုန် လွေးပါလေတော့၏။ ကျွန်တော်တို့မှာ သူ့ကိုစောင့်ရင်း
သူထမင်းစားတာကို ငေးကြည့်နေမိ၏။ သူစားတာကြည့်ပြီး ဗိုက်တောင် အတော်ဆာလာပါသည်။
ရခိုင်ရိုးမတောင်ခြေတွင်
ကပ်နေသည့် ရွာကလေးမှလာသော ကျွန်တော်တို့လည်း မချမ်းသာပါ။ သို့တိုင် (မှတ်မှတ်ရရ) ထမင်းကိုတော့
တစ်ခါမှ ဆားဖြူးပြီး မစားခဲ့ရစဖူးပါ။
ကျွန်တော်အသက်
၁၁ နှစ်သားလောက်က တွေ့ခဲ့ရသော ကိုမြငွေ၏ ထမင်းဝိုင်းကို ယနေ့ထက်တိုင် မေ့လို့မရပါ။
ယခုတွေးလျှင် ကိုမြငွေ ထမင်းစားနေသည့်ပုံရိပ်မှာ ယခု အတွေးထဲ ဝင်လာပါသည်။ ဘာကြောင့်လဲဟု
မမေးပါနှင့်။ ကျွန်တော်လည်း မပြောတတ်ပါ။
ဤသည်မှာ
ကျွန်တော့်ဘဝတွင် ပထမဆုံးတွေ့ခဲ့ရသည့် မေ့မရနိုင်သော ထမင်းဝိုင်းတစ်ခု ဖြစ်ပါသည်။
(၃)
နောက်တစ်ခုမှာလည်း
ထိုကွင်းကောက်မှာ ကျောင်းတက်နေစဉ်ကပင် ဖြစ်ပါသည်။ အရီးက အိမ်ဆိုင်ကလေးဖွင့်ကာ ဈေးရောင်းတော့
တောဘက်ကျေးရွာများမှ မိတ်ဆွေများကို အကြွေးရောင်းပါသည်။
အရီးက
အနောက်ဘက်ရှိရွာများသို့ ကြွေးတောင်းရန်သွားတော့ ကျွန်တော်လည်း လိုက်သွားသည်။ ထန်းပင်ကုန်းဟု
ခေါ်သော ရွာကလေးသို့ရောက်သော် အသိတစ်ယောက်အိမ် ဝင်ကြသည်။
လူကြီးမှာ
အသက် ၄၀ ခန့် လယ်သမားကြီးဖြစ်၏။ ကျွန်တော်တို့ ရောက်သွားတော့ လယ်ထဲမှ တက်လာခါစ။ အပေါ်ပိုင်း
အင်္ကျီမရှိ။ ပုဆိုးနံငယ်ပိုင်းဝတ်ကာ ထမင်းစားနေသည်။
ဟင်းမှာ
ရွှေဖရုံသီးဟင်း တစ်မယ်တည်းဖြစ်၏။ လူကြီးမှာ ထမင်းကိုရွှေဖရုံသီးဟင်းနှင့်နယ်လျှက် အားရပါးရလွေးနေ၏။
ကျွန်တော့်မှာ သူစားနေတာကြည့်ကာ အလွန်အားကျမိလေသည်။ နောင် အလျဉ်းသင့်၍ ရွှေဖရုံသီးဟင်းနှင့်
ထမင်းစားတိုင်း မကြာခဏဆိုသလို ထိုလူကြီး၏ ထမင်းဝိုင်းကို သတိရမိ၏။
မင်းကွာ၊
ရွှေဖရုံသီးဟင်းနဲ့ထမင်းစားတာများ ဘာဆန်းတာလိုက်လို့။ ကနေ့ထိ မေ့လို့မရဘူးဆိုတာကတော့
လွန်ကို လွန်လွန်းတယ်ဟု ထင်ချင် ထင်ကြပါခင်ဗျား။
ထိုလူကြီးထမင်းစားနေပုံကိုလည်း
ကိုမြငွေ ထမင်းစားသည့်ပုံရိပ်ကဲ့သို့ ယခုတွေးလိုက်လျှင် ယခု အတွေးပုံရိပ်ထဲ ထင်မြင်လာဆဲ
ဖြစ်ပါသည်။
လမ်းလျှောက်ရလွန်းသဖြင့်
ခြေညောင်းကာ ထမင်းအလွန်ဆာနေသောကြောင့် ဖြစ်နိုင်ပါသည်။ ကျွန်တော် သေသေချာချာ မသိပါ။
(၄)
နောက်တစ်ခုမှာ
ကိုယ်တိုင်စားရတာ ဖြစ်၏။
ကျွန်တော်
ဒေသကောလိပ်ကျောင်းသားဘဝက တစ်ဝမ်းကွဲအစ်ကို ကိုအေးသောင်းမှာ စိုက်ပျိုးရေးဝန်ထမ်းဘဝဖြင့်
ဝါးခယ်မတွင် တာဝန်ကျသည်။ တစ်ခါသော် ကိုကိုတင်ထူး၏ အဖေဖြစ်သူ ဦးကြီးဖိုးထောင်နှင့်
ကျွန်တော်တို့ ကိုအေးသောင်းရှိရာ ဝါးခယ်မသို့ အလည်သွားကြ၏။
ချောင်းကလေးဘေးနားတွင်ရှိသော
ရွာကလေးတစ်ရွာက ကျွန်တော်တို့ကို ညစာထမင်းဖိတ်ကျွေးသည်။ ငါးသလောက် အစိမ်းချက် ဟင်းနှင့်။
ကျွန်တော့်ဘဝတစ်လျှောက်တွင်
ငါးသလောက်အစိမ်းချက်ဟင်း အကြိမ်များစွာ စားဖူးပါသည်။ သို့သော် ဝါးခယ်မတွင် စားခဲ့ရသော
ငါးသလောက် အစိမ်းချက်ဟင်းကိုတော့ ဘယ်ဟင်းမှ မမီဟု ထင်ပါသည်။ ဦးကြီးကတော့ ပင်လယ်ထဲက
လတ်လတ် ဆတ်ဆတ် ဖမ်းလာတဲ့ငါးတွေမို့ စားကောင်းတာ ဟု ဆို၏။ (စားကောင်းကောင်းနဲ့ အသားကုန်လွေးလို့
လည်ချောင်းပင် နင်လိုက် ပါသေး။)
ထို
ငါးသလောက်အစိမ်းချက်ဟင်းကိုလည်း ကျွန်တော် ပြန်တွေးတိုင်း သတိရ၊ လွမ်းဆွတ်မိပါသည်။
ထမင်းဘိတ်ကျွေးသော ဘကြီးများကိုလည်း ကျေးဇူးတင်မိ၏။
(၅)
နောက်
မမေ့နိုင်သော ထမင်းဝိုင်းမှာ ရေဆင်းမှာတုံးက ဖြစ်၏။ ကျောင်းဆရာလခနှင့် မစားလောက်တော့
မမတို့က အိမ်ရှေ့မှာ မုန့်ဟင်းခါးဆိုင် ဖွင့်သည်။ အဖေကြီးက ဟင်္သာတမုန့်ဟင်းခါး ဟု သူ့ဘာသူ
ကတ္ထူစက္ကူတွင် လက်ရေးနှင့်ရေးကာ ဆိုင်းဘုတ် တင်၏။ (ပြောရလျှင် သည်ဆိုင်းဘုတ်ကိစ္စ ကျွန်တော်
ဘာမှ လုပ်မပေးဖြစ်ခဲ့။ လက်ထောက်ကထိကတန်မယ့် မုန့်ဟင်းခါး ရောင်းရတာ ရှက်နေလို့လားမပြောတတ်။)
မုန့်ဟင်းခါးဖတ်ကို
ရေဆင်းရွာ၊ တင့်တင့်တို့ မုန့်ဟင်းခါးဖိုမှ ကျွန်တော် သွားယူသည်။ ညှပ်ခေါက်ဆွဲကိုမူ
မမတို့က ကိုယ်တိုင်လုပ်၏။ ညှပ်ခေါက်ဆွဲလုပ်ဘို့ မုန့်ရည်ကျိတ်ရန် ကျွန်တော်က ဟီးရိုးစက်ဘီးကိုစီးကာ
ပေါက်ကုန်းရွာမှ မုန့်ကြိတ်ဆုံတွင် သွားကြိတ်၏။ မုံ့ကြိတ်ဆုံဆိုလို့ ကြီးကြီးကျယ်ကျယ်
မမှတ်ပါလင့်။ ကျောက်ဆုံကို ခနော်နိ၊ ခနော်နဲ့ လေးတိုင်စင် ကလေးမိုးကာ အဖွားကြီးမြေးအဖွားက
ကြိတ်ထိုးပေးတာဖြစ်၏။ ကျွန်တော်ရောက်ပြီဆို အဖွားကြီးက ပေါ်ကြီးရေ ဟု အသက် ၇ နှစ်၊ ၈
နှစ်အရွယ် သူ့မြေးကို မုန့်ကြိတ်ရအောင် အမြဲ လှမ်းအော်ခေါ်တတ်သည်။
တစ်နေ့
ကျွန်တော် မုံ့ကြိတ်သွားတော့ ပေါ်ကြီးထမင်းစားနေတာ တွေ့၏။ ဘာတွေနဲ့စားနေတုံးက ဟု ကျွန်တော်စပ်စုတော့
ပေါ်ကြီးက နှပ်ကို ရှူးကနဲရှုတ်သွင်းကာ မော်ကြည့်သည်။
ပေါ်ကြီး၏
ထမင်းပန်းကန်ထဲတွင် ထမင်းကို ဘူးရွက်ပြုတ်ရေ ဆမ်းထားလျက် ဟင်းအဖြစ် ဘူးရွက်တစ်ရွက်ကို
ကိုက်စား နေ၏။ ကျွန်တော် အတော်စိတ်မကောင်းဖြစ်မိသည်။ ပေါ်ကြီးကတော့ နှပ်တရှုတ်ရှုတ်နှင့်
ထမင်းကို မြိန်ရှက်စွာပင် စားနေလိုက်ပါသေး။ ထိုစဉ်ကနှပ်တွဲလောင်းနှင့် ပေါ်ကြီးလည်း
ယခုလောက်ဆို လူပျိုကြီးဖြစ်လို့ အိမ်ထောင်ရက်သားကျကာ ကလေးတွေ မြေးကင်းတွေနှင့် ဖြစ်နေလောက်ပါပြီ။
ကျွန်တော်ကတော့ ပေါ်ကြီး၏ ထမင်းပွဲကို ယနေ့ထက်တိုင် မျက်စိထဲက မထွက်သေး။
(၆)
နောက်ထမင်းတစ်ဝိုင်းမှာ
ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေထားစဉ်က ဖြစ်၏။ ထိုစဉ်က ဦးကြီးဖိုးထောင်နှင့် တာတွင်း
(ငဝန်မြစ် အရှေ့ဘက်ခြမ်း) ရှိ အလှူတစ်ခုသို့ လိုက်သွားသည်။
အလှူမှာ
တော်တော်ကြီးကြီးကျယ်ကျယ် လှူတာ ဖြစ်၏။ ထိုအလှူတွင် ငါးခြောက်နှပ်၊ ငါးပိကြော်၊ ဟင်းချိုတို့နှင့်
ထမင်းကျွေးသည်။ ထိုအလှူမှ ငါးခြောက်နှပ်နှင့် ငါးပိကြော်သည်လည်း ကျွန်တော့်အတွက် အမှတ်ရစရာ
ဖြစ်ခဲ့၏။ ထမင်းစားပြီးတော့ ဖရဲသီးများ ကျွေးသေးသည်။
နောက်တစ်နပ်မှာ
ရှမ်းပြည်နယ်၊ ရပ်စောက်တွင်ဖြစ်၏။ ကျွန်တော် ကျောင်းဆရာဘဝက တိုးတိုးရှိရာ ရပ်စောက်သို့
အလည်လိုက် သွားသည်။ ရပ်စောက်ရောက်တော့ ည ၇ နာရီလောက်ရှိပြီ။ ဗိုက်ကလည်းဆာနေတော့ စားရသည့်
ရှမ်းထမင်းနှင့် ငါးသလောက် ပေါင်းမှာ အလွန်ခံတွင်းမြိန်လှသည်။ သည်ထမင်းဝိုင်းကိုလည်း
မမေ့။
နောက်ထမင်းဝိုင်းမှာမူ
အတော်လေး ဓာတ်ပျက်ခဲ့သော ထမင်းဝိုင်းဖြစ်၏။
ကျွန်တော်
ဆယ်တန်းဖြေပြီး အောင်စာရင်းမထွက်သေးခင် အားနေတော့ အနီးအနား ဟိုရွာသည်ရွာ သွားလည်သည်။
တစ်ခါသား အရီးမလှတင်တို့ အမျိုးများရှိရာ ရှားတောရွာသို့ ရောက်သွား၏။ သူတို့ကလည်း ကျွန်တော့်ကို
ခင်ရှာပါသည်။ ခင်တော့ ဝက်သားနှင့် ထမင်းကျွေး၏။
ဟိုက်ရှားဘားစ်၊
ဝက်သားမှာ မနူးသေး။ သူတို့က ဝက်သားဆိုတာ ကိုက်စားရမှ အရသာရှိတာကွ ဟုပြော၏။ နောက်ပြီး
ဝက်သားတုံးကြီးတွေကို အကြီးကြီးတွေ တုံးထားသည်။
ခုမှ
မီးဖိုပေါ်ကချခါစ ဝက်သားဟင်းမှာ အငွေ့တထောင်းထောင်းနှင့် စားချင့်စဖွယ် မွှေးနေပါသည်။
သို့သော် ကျွန်တော့်မှာ ကိုက်မရ၊ ဖဲ့မရဝက်သားတုံးနှင့် အတော် ဒုက္ခရောက်နေ၏။ သူတို့ကတော့
စားကွ၊ စားကွ နှင့် ဟင်းများ ထည့်ပေး၏။ အတုံးလိုက်မြိုချရအောင်ကလည်း ဟင်းတုံးကြီးတွေမှာ
အကြီးကြီးဆိုတော့ ဘယ်လိုမှ မြိုချလို့မဖြစ်။ ဤထမင်းပွဲမှာ ကျွန်တော့်ဘဝတွင် အတော်ချွေးပြန်ခဲ့ရသော
ထမင်းပွဲ ဖြစ်ချေသည်။
ကျွန်တော်မမေ့ခဲ့နိုင်သော
ထမင်းပွဲများအကြောင်းကို ကျွန်တော့်ဘဝ၌ ဓာတ်အပျက်ရဆုံး ထမင်းပွဲနှင့် အဆုံးသတ်ပါမည်။
တစ်ခါသော်
ကျွန်တော် ဗိုလ်ချုပ်တို့မြို့ဖြစ်သည့် နတ်မောက်သို့သွား၏။ ဘာကိစ္စမှန်းမမှတ်မိတော့ပါ။
ကျွန်တော် နတ်မောက်ကို သွားမည်ဆိုတော့ နတ်မောက်နယ်ခံတွေက ကျွန်တော် အီးအီးပါဘို့အရေးကို
ခေါင်းချင်းဆိုင် တိုင်ပင်ကြ၏။ ဟဲ့၊ ဘုန်းကြီးကျောင်း က အိမ်သာဆို ဖြစ်လောက်တယ် ဟု
တီးတိုးတီးတိုး သဖန်းပိုးလုပ်ကြ၏။
သို့နှင့်
ဒေါ်ဆိုးရင်ကို လမ်းပြအဖြစ်ခေါ်ကာ ကျွန်တော် နတ်မောက်ကို ထွက်ခဲ့သည်။ လမ်းတွင် လေးတိုင်စင်ရွာ၌
ကားပြောင်းစီးရ သည်။ လေးတိုင်စင်တွင် ကားစောင့်နေစဉ် ကျွန်တော်တို့ နေ့လည်စာ စားကြ၏။
အနီးအနားတွင် အိမ်၌ဖွင့်ထားသော ထမင်းဆိုင် ကလေးကလွဲလို့ တခြား ဘာမှ စားစရာမရှိ။
ကျွန်တော်လည်း
တစ်ခုတည်းသော ထိုဆိုင်ကလေးသို့သွားလျက် ဘာဟင်းတွေရသလဲ မေးသော် ကြက်သားဟင်းရတယ် ဆို၏။
ထို့ကြောင့် ကျွန်တော်လည်း ကြက်သားဟင်း နှင့် ထမင်းနှစ်ပွဲမှာကာ ဒေါ်ဆိုးရင်နှင့် တစ်ယောက်တစ်ပွဲစီ
စားကြ၏။
ဟင်းခွက်ကိုမြင်လိုက်ကတည်းက
အင်း၊ သည်တစ်ခါတော့ မှားပြီထင်ပါရဲ့ဟု တွက်ဆမိ။
ကျွန်တော့်ဘဝတွင်
စားခဲ့ဖူးသော ထမင်းဟင်းများအနက် အနှီ လေးတိုင်စင်ရွာမှ ကြက်သားဟင်းလောက်ညံ့ဖျင်းသောဟင်းဟူ၍
သည်ကနေ့ထိ မတွေ့ခဲ့ဖူးသေးပါ။
ကျွန်တော်
အစားအသောက်နှင့်ပတ်သက်၍ သိပ်ချေးများတတ်သူ မဟုတ်ပါ။ သို့တိုင် သည်ကြက်သားဟင်းကိုမူ
ဘယ်လိုမှ စားမဖြစ်၍ အနည်းငယ်သာ စားပြီး ပြန်ပေးလိုက်ပါသည်။
ဆရာတော့
မစားနိုင်ဘူးထင်တယ် ဟု ဒေါ်ဆိုးရင်က ပြော၏။
နတ်မောက်ခရီးတွင်
ကြက်သားနှင့် အဖော် နောက်တစ်မျိုးရှိသေးသည်။
နတ်မောက်သို့
ည ၇ နာရီလောက် ရောက်သွား၏။
ရောက်သော်
ကိုင်း၊ ညစာစားဘို့ ဘယ်မှာ ဆိုင်ရှိသတုံး ဆိုသော် တရုတ်ထမင်းဆိုင်တစ်ခုသို့လိုက်ပို့၏။
အင်း၊
တရုတ်ဆိုင်ဆိုတော့ သိပ်မဆိုးဘူး ထင်ပါရဲ့ဟု တွက်မိ။
သို့နှင့်
ခေါက်ဆွဲကြော် နှစ်ပွဲမှာသည်။ ဒေါ်ဆိုးရင်ဘို့ တစ်ပွဲပေါ့။
အောင်မယ်လေးဗျ။
ခေါက်ဆွဲကြော်ကလည်း
နေ့ခင်းက စားခဲ့ရသည့် ကြက်သားဟင်းနှင့် သမီးယောက္ဖတော်သည်။
ချွဲပြစ်ပြစ်
ဆီများနိုင်းချင်းနှင့် အချိုမှုန့်များများခတ်ထားသော သည် ခေါက်ဆွဲကြော်ကိုလည်း ကျွန်တော်
ပွဲတစ်ဝက်ပင် ကုန်အောင် မစားနိုင်။
(၇)
ဤသည်မှာ
ကျွန်တော် မမေ့နိုင်ခဲ့သော ထမင်းပွဲများအကြောင်း ဖြစ်၏။ အခြားထမင်းပွဲများပင် ရှိသေးသော်လည်း
ထို ထမင်းပွဲများ လောက် အမှတ်ထင်ထင် (အမှတ်ထင်ထင် ဟုသာ ဆိုပါသည်။ ရွှေရေးထင်ထင် ဟု မဆိုပါ။)
မဖြစ်မိခဲ့။
မိတ်ဆွေတို့တွင်လည်း
ကျွန်တော့်လို့ အမှတ်တရ ထမင်းပွဲများ တစ်နည်းမဟုတ်တစ်နည်း ရှိနေနိုင်ပါသည်။ အသင်တို့၏
အမှတ်ရစရာ ထမင်းပွဲများအကြောင်း ကျွန်တော့်ကို ရှဲချင်ပါက ပိုင်အိုးနီးယားဘူတာနားမှ
၂၄ နာရီဆိုင်သို့ လာခဲ့ပါ။ ဘီယာစုပ်ရင်း (ဟုတ်ပေါင်) လဖက်ရည်သောက်ရင်း လေကန်နိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၇
ဇွန်လ၊ ၂၀၁၈
No comments:
Post a Comment