(၁)
သည်ကနေ့ (24/5/2018)
စင်ကာပူမှ The Straits Times သတင်းစာတွင် အသက် (၁၃) နှစ်သာရှိသေးသည့် မြန်မာ မိန်းကလေးကို
အိမ်အကူလုပ်သား (FDW - Foreign Domestic Worker) အဖြစ် တင်သွင်းလာသည့် အေးဂျင့်နှစ်ခုကို
ဖမ်းဆီးလိုက်ကြောင်း သတင်းပါလာ၏။ အသက်မပြည့်သူကို FDW အဖြစ် တင်သွင်းလာသည့် ပထမဆုံး
အမှုလည်း ဖြစ်၏။ မြန်မာတို့ကား ပထမစွဲချေပြီ။
ထိုစင်ကာပူအေးဂျင့်နှစ်ခုမှာ
Vista Employment Services နှင့် Casa Employment Specialist တို့ဖြစ်၏။ မြန်မာအိမ်အကူ
မိန်းကလေးနှစ်ဦးမှာ နော်လှစန်း နှင့် ထက်ထက်ဖြိုးဝေ တို့ ဖြစ်၏။ ထိုမိန်းကလေးနှစ်ဦးကို
မြန်မာပြည်ပြန်ပို့ရန် MOM က အေးဂျင့်များသို့ အမိန့်ထုတ်လိုက်သည်။ အနှီမိန်းကလေးနှစ်ဦးမှာ
နောင်တွင် စင်ကာပူမြေသို့ ခြေချခွင့် မရတော့ပြီ။ ထိုအကြောင်း ကို မြန်မာသံရုံးသို့လည်း
သတင်းပို့ထားပြီးဖြစ်၏။
စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်သား
(FDW) အဖြစ်အလုပ်လုပ်ရန် အသက် (၂၃) နှစ်ပြည့်ရမည်။ ၂၀၀၅ ခုနှစ်မတိုင်မီက အသက် (၁၈)
နှစ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစကာ အသက် (၂၃) နှစ်ဟု ပြင်လိုက်ခြင်း ဖြစ်ပါသည်။
ယခု စင်ကာပူအေးဂျင့်နှစ်ခုမှာ
ဒဏ်ငွေ ၅၀၀၀ သို့မဟုတ် ထောင် ၆ လ သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံး ချခံရနိုင်ပါသည်။
(၂)
မြန်မာပြည်မှ အိမ်အကူမိန်းကလေးများ
စင်ကာပူသို့ နေ့ရှိသရွေ့ ရောက်လာနေသည်။ အဘယ်ကဲ့သို့ သိသနည်း။ ကျွန်ုပ်မှာ အိမ်အကူမိန်းကလေးများ
(တခါတလေ ယောက်ျားလေးများလည်းပါသည်။ ဤကား စကားချပ်) စင်ကာပူ ရောက်ရောက်ချင်း မည်ကဲ့သို့
နေထိုင်၊ လုပ်ကိုင်ရမည့်အကြောင်း သင်ကြားပေးရသော သင်တန်းဆရာ ဖြစ်နေသောကြောင့်တည်း။
ဤသင်တန်း တက်ရောက်အောင်မြင်ပြီးမှ အလုပ်လုပ်ခွင့် Work Permit ထုတ်ပေးတာဖြစ်သည်။ စနေနေ့များဆို
အုံလိုက်ကျင်းလိုက် ရောက်လာတတ်၏။
စာသင်နားချိန်တွင် ထိုမိန်းကလေးများအား
ဘယ်အရပ်ကနည်း ဟု တီးခေါက်ကြည့်၏။ အများစုမှာ ချင်းပြည်နယ်နှင့် ဧရာဝတီ တိုင်းက ဖြစ်၏။
ဧရာဝတီတိုင်းက ကရင်နှင့်မြန်မာ ဆတူနီးပါးလောက်လာသည်။ ရခိုင် တစ်ယောက်စ နှစ်ယောက်စ ပါသည်။
အညာဘက်ကလာသူ ခပ်ရှားရှားဖြစ်၏။ ရှမ်းပြည်မှ ကြိုကြားကြိုကြားလာသည်။
အချို့ရုပ်ကလေးများမှာ
အတော်နုသည်။ အသက် ၂၃ နှစ်ပြည့်ပုံမပေါ်။ သို့သော် ပတ်စ်ပို့စာအုပ်ထဲတွင်မတော့ ၂၄ နှစ်
ဖြစ်နေ လေသည်။
အချို့မှာ ကိုယ့်နာမည်ပင်
ဖြောင့်အောင်မရေးတတ်။ ကိုင်ထားတာကတော့ ဆယ်တန်းအောင်လက်မှတ်။ ဒါနဲ့ ကျွန်တော်လည်း ကိုင်း၊
ဒါဆို ဟောဒါလေးတွေ ဖြေကြည့်စမ်းပါဟု ဉာဏ်စမ်းပုစ္ဆာအချို့နှင့် ဂဏန်းသင်္ချာ အနည်းငယ်
မေးလိုက်သည်။ သူဖြေထားတာကြည့်ပြီး အတော်လေး သေချင်စိတ်ပေါက်သွားသည်။ (ပုံတွင်ကြည့်ပါ)
သို့သော် ကျွန်တော်ကတော့ ဘာမှတ်ချက်မှ မပေးလိုက်ပါ။ ရုံးကိုတော့ သူ ဆယ်တန်းအောင်တယ်ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဟု ပြောလိုက်သည်။ ရုံးကတော့ ငါတို့ကတော့ သူကိုင်ထားတဲ့အောင်လက်မှတ်ပဲ
ကြည့်တယ် ဆို၏။ ကျွန်တော် ဘာမှမလုပ်ချင်ပါ။ သူတို့ စင်ကာပူ ရောက်လာဘို့ ဘယ်လောက်တောင်
ရင်းခဲ့ရသလဲ မသိ။ ကိုယ့်ကြောင့် ဒုက္ခရောက်ရမည်ကို ကျွန်တော် မလိုလားပါ။ MOM က မိသွားရင်တော့လည်း
ဘာတတ်နိုင်မတုံး။
ကျွန်တော်ကတော့ သူတို့ကို
ဘယ်လိုနေကြ၊ ဘယ်လိုလုပ်ကြဟဲ့ ဟု (သူတို့သင်ရိုးထက် အပိုဆောင်းကာ) အပင်ပန်းခံ၊ သေသေချာချာ
ကျကျနန ရှင်းလင်းပြောပြပါသည်။ ကိစ္စရှိလျှင် ဖုန်းဆက်ရန် ကျွန်တော့်ဖုန်းနံပါတ်လည်း
ပေးလိုက်၏။ အနို့ ကျွန်တော်တတ်နိုင်တာ ဒါပဲရှိသည်။ ဒီ့ပြင် ဘာများတတ်နိုင်ပါမည်နည်း။
(၃)
ပြောချင်သည်မှာ မြန်မာအစိုးရကို
ဖြစ်၏။
၂၀၁၄ ခုနှစ်မှစကာ နိုင်ငံခြားသို့
မြန်မာအိမ်အကူလုပ်သားများသွားခြင်းကို ပိတ်ပင်လိုက်သည်။ (စာရွက်ထဲမှာ ပိတ်တာဗျ။ လေဆိပ်ရောက်ရင်တော့
ကိုယ့်ဘာသာ ကျုပ်ကျက်လိကြပေါ့နော။)
တားလည်း ထွက်နေကြတဲ့အတူတူ
ဘာဖြစ်လို့ ဖိလစ်ပိုင်လို မလုပ်သနည်း။ ဆန်မရှိ၊ေ-ာက်စားကြီး ဆိုသည့်စကားပုံကို ရှေးလူကြီးများက
မြန်မာအစိုးရအတွက် ရည်စူး၍ ထားခဲ့တာ ဖြစ်မည်။
ထို ပိတ်သည်ဆိုသည့် လူကြီးများကို
ကျွန်ုပ်က လော်ကြီးဖြင့် အော်မေးလိုက်ချင်ပါသည်။
ဟေ့လူတွေ၊ ခင်ဗျားတို့ပဲ
မိတ်တွေပို့တာ ပိတ်ထားတယ်ဆို။ သဟာဖြင့် ဘယ့်နှာကြောင့် မဟာရန်ကုန် ရွှေမြို့တော်က မိတ်
အေဂျင်စီတွေကို လွှတ်ထားသတုံး။
ဟာကွာ၊ တောကကောင်မလေးတွေ
စားဝတ်နေရေး အဆင်ပြေပါစေတော့ရယ်လို့ ငါတို့က စေတနာနဲ့ပါကွ။
ဒါဖြင့်လည်း အဲဒီ ပိတ်တယ်ဆိုတာကြီး
ပြန်ရုပ်သိမ်းလိုက်ပြီး ဖွင့်လိုက်ပါလားဗျ။
အာ၊ ဒါကတော့ ဟို အဲ အဟဲ၊
ဒီကိစ္စတွေ မင်းမသိပါဘူးကွာ။
အနည်းဆုံးတော့ ဘာတွေ
ဘယ်လိုလုပ်ရမယ်ဆိုတာလောက်တော့ သေသေချာချာလေးဖြစ်သွားအောင် အဲသည့်ဟာတွေကို သင်တန်းလေးဘာလေး
ပေးပက်ပြီးမှ လွှတ်ပါလားဗျ။
မင်းပြောသလို အဲသလောက်
မလွယ်ဘူးလကွ။ ကိုယ့်ဘာသာ စင်ကာပူမှာ အေးအေးနေစမ်းပါ ငါ့လူရာ။
ရန်ကုန်တွင် အိမ်အကူသင်တန်းကျောင်းဖွင့်ပါ။
သင်တန်းခန်းများကို စင်ကာပူမှ အိမ်ခန်းများအတိုင်း တသဝေမတိမ်း ပြင်ဆင်ပါ။ စင်ကာပူတွင်သုံးကြသည့်
အိမ်အသုံးအဆောင်များ (ဖုန်စုပ်စက်၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ မီးပူ၊ ဂက်စ်မီးဖို၊
အဲယားကွန်း စသည်) ဖြည့်ဆည်းထားပါ။ ထိုပစ္စည်းများကို မည်ကဲ့သို့ သုံးရမည်ကို mop တိုက်တာကအစ
သင်ပေးပါ။ ဖြစ်နိုင်လျှင် သူတို့ပြောသည့် ဒေသိယ အသုံးအနှုန်းများကိုပါ သင်ပေးပါ။ အင်္ဂလိပ်လို
အချင်းချင်း ပြောခိုင်းခြင်းဖြင့် လေ့ကျင့်ပေးပါ။
ဤကဲ့သို့သာ စင်ကာပူမလာခင်
သူတို့ကို ကျကျနနပြင်ဆင်ပေးပါက ပြဿနာများ အတော်လျော့သွားမည်။
နောက်တစ်ခုမှာ အသက်လိမ်သည့်ကိစ္စ၊
ပညာအရည်အချင်းလိမ်သည့်ကိစ္စများကို ပြတ်ပြတ်သားသား အရေးယူသင့်သည်။ ငါတို့ ပိတ်ထားတာပဲကွ။
မင်းတို့ဟာမင်းတို့ ညာတာပါတေးနဲ့ထွက်နေတာ ငါတို့နဲ့ဘာဆိုင်လို့တုံး ဟု မျက်နှာလွဲ ခဲပစ်စကား
မဆိုပါလင့်။ ဟလို၊ ဟိုဆရာကြီး။ ခင်ဗျားပြောတော့ အိမ်ထောင်ဦးစီးဆိုဗျ။ အိမ်ထောင်ဦးစီးတစ်ယောက်လုပ်နေပြီး
ကိုယ့်သားသမီးတွေ လုပ်ချင်တိုင်း လုပ်နေတာ ပစ်ထားရသလားဗျာ။
ထိုအသက်နှင့် ပညာရေးကို
ညာနေသည့်အထဲတွင် အစိုးရဌာနများလည်း တာဝန်မကင်း။ ဟို နိုတြီပတ်ဘလစ် ဆရာကြီးများ ကလည်း
တုံးများကို ပေါပေါလောလော ထုပေးနေကြသည်။ ကိုယ့်အသက်ကိုမှ ကိုယ်အားမနာ။ ကိုယ်ကိုင်ထားသည့်
ဘွဲ့ကြီးကိုမှ ကိုယ် မရှက်တတ်ကြ။
(၄) ဖိုးတွမ်တီးမြန်မာ
မြန်မာပြည် ညာသည့်ကိစ္စကတော့
ကမ်းကိုကုန်နေပြီ ဖြစ်ပါသည်။
သွားလေသူ ဦးနေဝင်းလက်ထက်က
စာတတ်မြောက်ရေး လှုပ်ရှားမှုဆိုတာကြီး လုပ်သည်။ တစ်နိုင်ငံလုံး ဟီးထနေအောင် လုပ်သည်။
ကျွန်တော်တို့လည်း ပါသပေါ့။ ပထမ မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲကျင်းပသည်။
သောက်ကျိုးနဲ။ ဘာတဲ့ မြဝတီမင်းကြီးဦးစ စစ်ကြောင်း၊ လှိုင်ထိပ်ခေါင်တင် စစ်ကြောင်း စသည်ဖြင့်
ရွာများမှ လှည်းအစီးရေ ရာနှင့်ချီကာ မြို့သို့ ချီတက်လာကြ၏။ တကယ့်ကို ကြီးကြီးကျယ်ကျယ်
ကျင်းပကြတာဖြစ်၏။
ပါးကွက်ကျားကြီးနှင့်၊
ခေါင်းပေါင်းကြီးပေါင်းထားသည့် အဒေါ်ကြီးက စင်ပေါ်တက်ကာ ကျုပ်တို့ တစ်သက်လုံး ကန်းလာခဲ့တာ၊
အခု စာတတ်မြောက်ရေးကောင်းမှုကြောင့် မျက်စိမြင်ပြီတော့ ဆိုကာ အသံကြီးများ တုန်ယင်၊ မျက်ရည်စက်ကြီးများ
ပေါက်ပေါက် ပေါက်ပေါက်ကျလျက် သတင်းစာကြီးကို ဟုတ်တိပတ်တိ ဖတ်ပြ၏။ ကျွန်တော်သည်ပင်လျှင်
အဲဒါ ငါတို့သင်တာကွ ဟု ဝမ်းသာ လွန်းလှသဖြင့် ကျလာသည့်မျက်ရည်များကို သုတ်တာ ပတ်တီး
(ဟုတ်ပေါင်) တစ်သျှုးသုံးလိပ်လောက် ကုန်သွားသည် ဟူ၏။
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကလည်း
အသားကုန် လော်ကြသည်။ ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဆိုတာ အဲသည်အကြောင်း ကို ရိုက်ထားတာဖြစ်၏။
လုပ်အားပေးဆရာမလေးတွေအပြန် လက်ဆောင်တောင်းကြီးထမ်းကာ လှည်းနောက်က အပြေး လိုက်လာသော
အံ့ကျော်ကြီးကိုကြည့်ကာ ကျွန်ုပ်သည်ပင် ဝမ်းနည်းဝမ်းသာဖြစ်လျက် မျက်ရည်သုံးပေါက်လောက်
ကျသွား သေး၏။
နောက်တော့ မြို့နယ်လုံးကျွတ်အောင်ပွဲနှင့်အားမရတော့ဘဲ
တိုင်းလုံးကျွတ်အောင်ပွဲလုပ်သည်။ ဒါလည်း အားမရသေး နိုင်ငံလုံးကျွတ် စာတတ်မြောက်ရေးဆိုကာ
ကမ္ဘာကိုပါ ညာလေသည်။ ကမ္ဘာကြီးကလည်း ဟုတ်တိပတ်တိ၊ အညာခံကာ ဘာတဲ့၊ မိုဟာမက် ရီပါဘာလာဘီဆိုလား
ဆုကြီးတောင် ပေးလိုက်သေးသည်။
ကျွန်ုပ်တို့ကား ညာသည့်
ယဉ်ကျေးမှုတွင် ကြီးပြင်းလာသူများဖြစ်လေရာ ယခုထိ အလိမ်အညာကို နေ့စဉ် ထမင်းစားရေးသောက်
လုပ်တတ်နေကြသည်မှာ အဆန်းမဟုတ်ပါလေတော့။
ကျွန်တော်ကတော့ သင်တန်းတွင်
သူတို့ကို ရိုးသားခြင်းအကြောင်း အကျယ်တဝင့် ရှင်းပြကာ ရိုးရိုးသားသား နေထိုင် လုပ်ကိုင်ကြဘို့
သင်ပေးလိုက်ပါသည်။ ဘယ်လောက်လိုက်နာကြလိမ့်မည် မသိ။
နိဂုံး
အစိုးရအရာရှိမင်းများ
ခင်ဗျာ -
တစ်လတစ်လ ရာနှင့်ချီထွက်နေသည့်
အိမ်အကူလုပ်သား မိန်းကလေးများကိစ္စကို သည်အတိုင်း လက်ပိုက်ကြည့်မနေကြပါနှင့်။ တစ်ခုခုတော့
အရေးတယူလုပ်ကာ စီစီစစ်စစ် လုပ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
လိုအပ်လျှင် ကျွန်တော့်ကို
ခေါ်လိုက်ပါ။ လာကူပါမည်။ သို့သော် နိုင်ငံနှင့်ချီသည့်ကိစ္စဖြစ်၍ ကိုယ့်ထမင်းကိုယ်စားပြီး၊
ကြီးဒေါ့်နွား ကိုတော့ အလကား ကျောင်းမပေးနိုင်ပါ။ ထိုက်သင့်အားလျော်စွာသော ဉာဏ်ပူဇော်ခတော့
ယူပါမည်။
သည်က ဥပဒေများအကြောင်းကို
သေသေချာချာရှင်းပြမည် ဖြစ်သလို ဘာတွေ ဘယ်လိုလုပ်ရမည်ကိုလည်း ကျကျနန သင်ပေးပါမည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
No comments:
Post a Comment