ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်နေသည့် အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ မန်နေဂျာ စသည့် ပုဂ္ဂိုလ်ကြီးများအား ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဆရာဖြစ် သင်တန်းပေးရန် နှင့် နောက်တစ်ခုမှာ စက်မှုဇုံလုပ်သားများအား လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အသိအမြင်မြှင့်တင်ရေး သင်တန်းများ သင်ကြားပို့ချပေးရန် ဖြစ်၏။
ပထမသင်တန်းတစ်ခုပြီးတော့ တစ်ရက်အနားရ၏။ ထိုအခါ ကျွန်ုပ်က ရွှေမန္တလေး၏ ယာဉ်အသွားအလာများနှင့်ပတ်သက်၍ ပို့စ်တစ်ခုရေးတင်လိုက်၏။ ၎င်းကိုဖတ်မိသော မန်းစည်ပင်မှ အသိတစ်ယောက်က ကွန်မင့်ပေးရာမှ သူနှင့်အဆက်အသွယ်ရ၏။ ထို့နောက် ချက်ချင်းပင် တွေ့ကြ၏။ ပိုက်လိုင်းသွယ်တန်းခြင်းကို ဘာမှမသိဘဲ ရမ်းလုပ်နေကြရသဖြင့် အလွန်အန္တရာယ်လည်းများ၊ ဒုက္ခသုက္ခလည်းများလှကြောင်း နှင့် မန်းစည်ပင်မှ ပိုက်လုပ်ငန်းနှင့်ဆက်နွယ်နေသည့် အင်ဂျင်နီယာများအား ပိုက်သွယ်တန်းခြင်း အကြောင်း သင်ကြားပေးပါရန်ပြော၍ အချိန်မဆွဲတော့ဘဲ သည်ကနေ့ညနေတွင်ပင် စ ရန် စိုင်းပြင်းကြ၏။
ပိုက်လိုင်းသွယ်တန်းခြင်းမှာ အင်ဂျင်နီယာ ပညာရပ်တစ်ခုဖြစ်၏။ သေသေချာချာ သင်ကြားပေးမှ ကျကျနန နားလည် တတ်ကျွမ်းနိုင်မည်။ ကျွန်တော်က ပိုက်လုပ်ငန်းတွင် နှစ်အတော်ကြာကြာ လုပ်ကိုင်ခဲ့ဖူးသဖြင့် အတော်လေး တီးမိခေါက်မိ ရှိသည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကျွန်တော်သိသမျှ သူတို့ကို ပြန်လည် ဝေငှပေးပါသည်။
မြန်မာနိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် အစိုးရကို တတ်နိုင်သည့်ဘက်က ကူညီရန် ကျွန်တော်တို့မိတ်ဆွေတစ်စု ကြိုးစားခဲ့ ဖူးကြပါသည်။ သို့သော် မအောင်မြင်ပါ။ မအောင်မြင်ဟု ဆိုရပါမည်။ ပေးချင်သူက ပေးပါမည်ဆိုတာတောင် ယူမည့်သူမရှိ။ မယူချင်တာကြီးကို ဘယ့်နှာလုပ် အတင်းပေးပါမတုံး။
မန်းစည်ပင်မှ မိတ်ဆွေများကတော့ လိုလိုချင်ချင်ရှိပါသည်။ သူတို့အားတက်သရော လေ့လာသင်ယူတာတွေ့တော့ ကျွန်တော် အလွန်ဝမ်းသာမိ၏။ အစိုးရအဖွဲ့ အင်အားတောင့်တင်းဘို့ရန် အစိုးရယန္တယားကြီးကို လည်ပတ်နေသည့်သူများ ထူးချွန် ထက်မြက်နေဘို့လိုသည်။ အထူးသဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်လေးများကို ထူးချွန်သူများဖြစ်လာအောင် မြေတောင် မြှောက်ပေး၊ လေ့ကျင့်သင်ကြားပေးဘို့လိုသည်။ ယခု ပိုက်သင်တန်းတွင် ၁၅ ယောက်လောက် ရှိသည်။ လူကြီးလူငယ် အရွယ်စုံ ဖြစ်၏။ ဦးဆောင်လုပ်ကိုင်သည့် လူကြီးများအနေနှင့်လည်း ဒါတွေ ဒီလိုရှိပါလားဟု သိထားဘို့လိုသည်။
ကျွန်တော်ကလည်း ကိုယ့်အလုပ်နှင့်ကိုယ်၊ သူတို့ကလည်း ရုံးလုပ်ငန်းတွေနှင့်ဆိုတော့ သင်တန်းကို ညနေ (၇) နာရီမှ (၉) နာရီထိ သာ သင်နိုင်သည်။ ရက်ကလည်း သိပ်မရ။ ထိုနေ့အပါအဝင် (၃) ရက်ပဲဆိုတော့ အကုန်အစင်သင်ပေးဘို့ရာ မလွယ်။ သို့သော် အခြေခံများတော့ ရသွားသပေါ့။ ပိုက်ဆိုတာဘာ၊ ပိုက်ဆက်ပစ္စည်းတွေမှာ ဘာတွေပါလို့ ဘယ်နေရာတွေမှာသုံးတယ်၊ ပိုက်လိုင်း အတွင်းသုံးနေသည့် ဗားများနှင့် စက်ကိရိယာများ၊ ပိုက်လိုင်းအတွက် သုံးသည့်ပုံ စသည်တို့ ပြောနိုင်ခဲ့ပါသည်။
ပရောဂျက်အတွက် ရက်များကလည်း ကြပ်လှသည်။ ယခုစီစဉ်ထားတာကို တစ်ရက်တည်း ပွဲနှစ်ခုထပ်နေတာတွေ ရှိ၏။ လူအင်အားကလည်း နည်းတော့ အင်အားကုန်ထုတ်သုံးကာ ကြဲနေကြရသည်။ သည်ကြားထဲ ရက်အားကလေးများ သုံးလေးရက် လောက်ရလျှင် မန္တလေးသို့ ပြန်သွားချင်ပါသေးသည်။ ကျွန်တော်စခဲ့သည့် ဇာတ်လမ်းကို အဆုံးသတ်ပေးခဲ့ချင်သည်။ အားလုံးမဟုတ်တောင် ကိုယ့်ဘာသာ တွက်နိုင်ချက်နိုင်၊ မဟုတ်တာတွေကို ထောက်ပြနိုင်၊ ဘယ်လိုလုပ်မှ အမှန်ဖြစ်နိုင်သည်၊ ဘယ်လိုလုပ်သင့်သည် ဆိုသည့်အဆင့်ရောက်အောင် သင်ပေးခဲ့ချင်ပါသည်။
သူတို့သာ စနေ၊ တနင်္ဂနွေနားရသည်ဆိုလျှင် တစ်နေ့လုံး သင်ပေးလို့ရသည်။ တစ်နေကုန် သုံးရက်လောက် သင်လိုက်ရလျှင် တော်တော်များများ တတ်သွားစရာရှိသည်။ သူတို့က အင်ဂျင်နီယာတွေဆိုတော့ အသေးစိတ် အကုန်လိုက်ပြောနေစရာမလို။ နည်းနည်းပါးပါး ပြောပြလိုက်လျှင်ပင် နားလည်နိုင်စွမ်းရှိသည်။ သင်ရတာ ခရီးရောက်သပေါ့။
နောက်ပြီး စာချည်းသင်နေတာမျိုးမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်မှ သဘောတရားကို ပိုနားလည်စရာရှိသဖြင့် လက်တွေ့ ပုံဆွဲကြည့်၊ တွက်ချက်ကြည့်စေချင်သည်။ နောက် မြို့ထဲကို လှည့်လည်ကြည့်ကြပြီး မြို့မြေပုံပေါ် အခြေခံကာ GA drawing ထုတ်ကြည့်တာတွေ လုပ်နိုင်သည်။ စနစ်ကျသော မြို့ပြရေပေးဝေရေးစနစ်ကို ဤနည်းဖြင့် စတင် အကောင်အထည် ဖော်လို့ရသည်။
ကျွန်တော်တို့အဖွဲ့သားများနှင့်တိုင်ပင်ကာ ကျွန်တော်စင်ကာပူမပြန်ခင် မန္တလေးသို့ တစ်ခေါက်ရောက်နိုင်အောင် ကြိုးစားပါဦးမည်။
ရုံးချိန်ပြီးသည့်တိုင် အိမ်မပြန်သေးဘဲ အားတက်သရော လေ့လာသင်ယူကြသည့် မန်းစည်ပင်မှ မိတ်ဆွေအားလုံးကို ကျေးဇူးအထူး တင်ပါကြောင်း။
အေးငြိမ်း
၆ ဖေဖော်ဝါရီ၊ ၂၀၁၈
No comments:
Post a Comment