နိဒါန်း
လွန်ခဲ့သည့်
၎ နှစ်ခန့်က ကျွန်တော် အမှိုက်မှသည် စွမ်းအင်ဆီသို့ ဟူသောအမည်ဖြင့် ဆောင်းပါးတစ်ပုဒ်
The Voice တွင် ရေးခဲ့ပါသည်။ အကြောင်းမှာ စင်ကာပူတွင် အမှိုက်များကို မီးရှို့ပြီး လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်း
အကြောင်း ဖြစ်၏။ ထိုစက်ရုံကို
Incineration
plant ဟု ခေါ်သည်။
နေ့စဉ်လူတို့စွန့်ပစ်နေသည့်
အမှိုက်များကို နိုင်နိုင်နင်းနင်းစွန့်ပစ်ရန် ကြံဆကြရာ မီးရှို့ဖျက်ဆီးသောနည်းကို တွေ့သည်။
အမှိုက်ကို မီးရှို့လိုက်လျှင် ပြာသာကျန်မည်ဖြစ်ရာ ထုထည်အားဖြင့် များစွာလျော့ကျသွားသောကြောင့်
အမှိုက်ပြဿနာကို ရှင်းနိုင်မည်။ အမှိုက်ကို မီးရှို့ရုံသာရှို့သောနိုင်ငံများ ရှိ၏။ စင်ကာပူကျတော့
မီးရှို့ရာမှထွက်လာသည့် အပူကို လျှပ်စစ်ထုတ်ရန် ပြန်သုံးသည်။
ထိုစက်ရုံအကြောင်း
မသိသေးသူများအား အကျဉ်းမျှ ပြန်ပြောပြပါမည်။
အမှိုက်ကိုမီးရှို့ပြီး
လျှပ်စစ်ထုတ်ပေးသော စက်ရုံဖြစ်သောကြောင့် ထိုစက်ရုံကို Waste-To-Energy plant (အမှိုက်မှ
စွမ်းအင်ပြောင်းစက်) ဟု ခေါ်ပါသည်။
စက်ရုံအလုပ်လုပ်ပုံကတော့
ရိုးရှင်းပါသည်။
စင်ကာပူနိုင်ငံတစ်ဝှမ်းလုံးမှ
အမှိုက်များကို အဓိကအားဖြင့် ကန်ထရိုက်တာလေးဦးက စုဆောင်းကာ ထိုစက်ရုံများဆီပို့သည်။
၎င်းတို့မှာ အများပြည်သူထံမှ ထွက်သောအမှိုက်ကိုသိမ်းသည့် public waste collector များဖြစ်ပြီး
အခြား စက်ရုံအလုပ်ရုံများမှ ထွက်သော အမှိုက်များကို သိမ်းသူများလည်း အများအပြားရှိပါသည်။ ထိုစက်ရုံတွင် အမှိုက်များကို မီးရှို့သည်။ မီးရှို့ရာမှ
ရလာသောအပူဖြင့် ရေနွေးငွေ့တာဘိုင်များကို လည်စေကာ ဂျင်နရေတာများဖြင့် လျှပ်စစ် ထုတ်ခြင်း
ဖြစ်၏။ ဤသည်မှာ သူသူငါငါ သိရှိထားသည့် ဗဟုသုတ ဖြစ်သည်။
သို့သော်
လက်တွေ့တွင် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိ၏။
ယခု
မြန်မာနိုင်ငံတွင် ဂျပန်အကူအညီဖြင့် Waste-To-Energy plant များ စတင်ဆောက်လုပ်နေပြီဖြစ်၏။
များမကြာမီ စတင် လည်ပတ်ပေတော့မည်။ ဂျပန်နိုင်ငံက လုပ်တာဖြစ်သည့်အတွက် ဖြစ်ကတတ်ဆန်း
လုပ်မှာမဟုတ်တာတော့ သေချာပါသည်။ သို့သော် မည်ကဲ့သို့ အကောင်အထည်ဖော်မည်နည်း ဆိုတာရှိသေးသည်။
သည်စက်ရုံလည်ပတ်ခြင်းဖြင့် လူတို့၏ ကျန်းမာရေး မထိခိုက်အောင်၊ ပတ်ဝန်းကျင်မထိခိုက်အောင်
လုပ်ရန် အဆင့်မြင့်နည်းပညာများ လိုသည်။ သို့ဆိုလျှင် မြန်မာနိုင်ငံတွင် လူတို့၏ ကျန်းမာရေးနှင့်
လေထု၊ မြေထုမညစ်ညမ်းစေရန် ဤနည်းပညာများသုံးပြီး လုပ်ကိုင်ပါမည်လား။
သည်စက်ရုံနှင့်
ပတ်သက်၍ အသေးစိတ်သိနိုင်ရန် ထိုစက်ရုံ၌ လုပ်ကိုင်နေသည့် မြန်မာအင်ဂျင်နီယာတစ်ဦးကို
အင်တာဗျူး၍ သော်လည်းကောင်း၊ သက်ဆိုင်ရာ အင်တာနက်စာမျက်နှာများကို မွှေနှောက်ရှာဖွေ၍သော်လည်းကောင်း
အများပြည်သူများသိရန် စုစည်းရေးသားလိုက်ပါ၏။
၁။
Waste-To-Energy စက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအတွက် ပြဿနာတစ်ခု
သည်စက်ရုံတွင်
အမှိုက်များကို မီးရှို့ပြီး ရေနွေးငွေ့တာဘိုင်ကို မောင်းနှင်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူကြောင်း
ပြောခဲ့ပါပြီ။ သို့သော် ပြဿနာမှာ ရေနွေးငွေ့တာဘိုင်၏ စွမ်းရည် (Efficiency of
steam turbine) ဖြစ်၏။
လျှပ်စစ်ဓာတ်အား
ကောင်းကောင်း ထုတ်လုပ်နိုင်ရန် ရေနွေးငွေ့ အလုံအလောက်နှင့် တည်ငြိမ်သော steam flow
rate လိုပါသည်။
အမှိုက်များကို
မီးရှို့သည်ဆိုရာတွင် အမှိုက်က အမျိုးအစားတစ်ခုတည်း လာတာမဟုတ်။ နေရာပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံ၊
အိမ်ပေါင်းစုံမှ စွန့်ပစ်လိုက်သော အမှိုက်ပေါင်းစုံများ ရောက်လာတာ ဖြစ်သည်။ အမှိုက်ခြောက်များပါသလို
အမှိုက်စိုများလည်း ရောပါလာသည်။ မီးအလွယ်တကူ လောင်နိုင်သည့် အမှိုက်ပါသလို မီးလောင်ရန်မလွယ်သည့်
အမှိုက်များလည်း ပါသည်။ အမှိုက်ထဲတွင် ရေခဲသေတ္တာများ ပလတ်စတစ်များ ပါလာသည်။ ရေခဲသေတ္တာကို
မီးလောင်ရန် မလွယ်။
ထိုအခါ
အမှိုက်ကိုမီးရှို့ရာမှ ရလာသည့်အပူမှာလည်း မတည်ငြိမ်တော့။ မီးပြင်းသည့်အခါ ပြင်းသည်။
မီးအားလျော့သွားသည့်အခါ လျော့သည်။ ရောပါလာသည့် အမှိုက်စိုများကို ခြောက်အောင် အမှိုက်ကန်ကြီးထဲတွင်
ရက်အတန်ကြာထားပြီး ခြောက်စေသည်။ ထို့နောက် အမှိုက်သစ်၊ အမှိုက်ဟောင်း၊ အမှိုက်စို၊ အမှိုက်ခြောက်တို့ကို
ဝန်ချီစက်ဖြင့် ဖွပေးပြီး ရောနှောစေပါသည်။
ထို့ကြောင့်
အမှိုက်အားလုံးကို ရောပြီး မီးရှို့ရသည်။ ထိုအခါ အမှိုက်စိုနည်းလျှင် မီးအားပြင်းသည်။
အမှိုက်စိုများလျှင် မီးအား လျော့သွားသည်။ ထိုအခါ ရေနွေးငွေ့တာဘိုင်၏ စွမ်းရည်လည်း ကျဆင်းသွားတော့သည်။
တစ်နည်းအားဖြင့်ဆိုရလျှင်
အမှိုက်ကိုမီးရှို့ပြီးရသောအပူဖြင့် လည်ပတ်သည့် ရေနွေးငွေ့တာဘိုင်၏ စွမ်းရည်သည် လောင်စာများဖြစ်သော ရေနံ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့၊
ကျောက်မီးသွေးတို့ဖြင့် လည်သည့် ရေနွေးငွေ့တာဘိုင်ထက် စွမ်းရည် များစွာ နိမ့်ကျသည်။
လောင်စာများတွင် heating value မြင့်သော်လည်း အမှိုက်မှာ heating value နိမ့်သည်။ လောင်စာ
၁ ကီလိုဂရမ်ကိုမီးလောင်၍ ထွက်လာသည့်အပူကို Calorific value ဟု ခေါ်ပြီး Megajoule
per kilogram ဖြင့်တိုင်းသည်။ အမှိုက်မှ ရသည့်အပူမှာ 7 MJ/kg လောက်သာ ရှိ၏။
လောင်စာတွင်
ရေပါလာပါက ထိုရေအငွေ့ပျံရန် အပူအချို့ထုတ်သုံးလိုက်ရသည်။ ထိုအခါ မီးလောင်လိုက်၍ ရသော
အပူအချို့ ဆုံးရှုံးသွားသည်။ မီးလောင်၍ရသော အပူစုစုပေါင်းကို GCV (Gross Calorific
Value) ဟု ခေါ်ပြီး ထိုအထဲမှ ဆုံးရှုံးသွားသည့် အပူကို နှုတ်လိုက်လျှင် Nett
Calorific Nalue (NCV) ကို ရသည်။ အမှိုက်တွင် အမှိုက်စိုများရောပါလာ၍ အပူဆုံးရှုံးမှု များသည်။
ထို့ကြောင့် လောင်စာများ၏ NCV မှာ အလွန်နည်းသည်။
ခြုံ၍ဆိုရလျှင်
အမှိုက်ကိုမီးရှို့ရာမှရသည့်အပူသည် လျှပ်စစ်ဓာတ်အားထုတ်ရန်အတွက် အားမထားလောက်။ မီးရှို့ရာမှ
ရသည့်အပူ များကို အလဟဿ ဆုံးရှုံးမသွားစေဘဲ ဘယ်လောက်ရရ၊ ရသလောက်ယူမည် ဆိုသည့်သဘောနှင့်
သုံးတာလောက်သာ ရှိပါသည်။
နောက်တစ်ခုမှာ
သည်စက်ရုံလည်ပတ်ရန် လာပစ်သည့်အမှိုက်များကို တစ်တန်လျှင် စင်ကာပူဒေါ်လာ ၇၇ ကောက်ပါသည်။
အမှိုက်ကျုံးသည့်ကန်ထရိုက်တာများကို ပေးရန်လည်း အမှိုက်ခွန် အလုံအလောက် ကောက်ရန် လို၏။
စင်ကာပူမှ ရေခမီးခ တောင်းခံသည့် ဘောက်ချာစာရွက်ကိုကြည့်လိုက်လျှင် အမှိုက်ပစ်ခပါ ထည့်ထားသည်ကို
တွေ့ရပါလိမ့်မည်။
စင်ကာပူ
စွမ်းအင်ဈေးကွက်အာဏာပိုင် (Singapore Energy Market Authority) က ထုတ်ပြန်ထားသည့်
စာရင်းဇယားများအရ အမှိုက်မှစွမ်းအင်ထုတ် စက်ရုံအားလုံးမှရသော လျှပ်စစ်သည် ၂၀၀၅ ခုနှစ်တွင်
တစ်နိုင်ငံလုံးထုတ်လျှပ်စစ်၏ ၃.၁ % မျှသာရှိပြီး ၂၀၁၇ ခုနှစ်တွင် ၁.၉ % မျှသာ ရှိပါသည်။
ဤသည်မှာ
အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရာတွင် အဓိကကြုံတွေ့ရသော ပြဿနာ တစ်ခု ဖြစ်သည်။
၂။
အမှိုက်ကိုမီးရှို့ရာမှ ထွက်လာသည့် လေတွင်ပါသည့် အဆိပ်အတောက်များ
အမှိုက်မှစွမ်းအင်စက်ရုံ၏
နောက်ပြဿနာတစ်ခုမှာ ကျန်းမာရေးပြဿနာ ဖြစ်သည်။ ဤတွင်လည်း နှစ်ပိုင်းရှိ၏။ တစ်ခုမှာ စက်ရုံအနီးနေထိုင်သူ
ပြည်သူလူထု၏ကျန်းမာရေး ဖြစ်ပြီး နောက်တစ်ခုမှာ စက်ရုံ၌ အလုပ်လုပ်နေသူ လုပ်သားများ၏
ကျန်းမာရေး ဖြစ်သည်။
အမှိုက်မှစွမ်းအင်စက်ရုံနှင့်
ပြည်သူလူထု၏ ကျန်းမာရေးပြဿနာအကြောင်းကို အမေရိကန်နိုင်ငံ၊ National Center for
Biotechnology Information ဌာနမှ သုတေသနပြုထားသည့် Understanding Health Effects
of Incineration - Waste Incineration & Public Health စာတမ်းတွင် အတော်ပြည့်စုံစွာ
ဖော်ပြထား၏။ ၄၃ မျက်နှာရှိသော ဤစာတမ်းကြီးကို ဤနေရာတွင် အပြည့်အစုံဖြော်ပရန် မဖြစ်နိုင်သကဲ့သို့
တော်တော်များများမှာ ပညာရှင်များအတွက်သာဖြစ်၍ သာမန်စာဖတ်ပရိတ်သတ်အတွက် မလိုအပ်သော သတင်း
အချက်အလက်များ ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်တော်က အရေးကြီးသည့် အချက်များကိုသာ ထုတ်နုတ်
တင်ပြသွားပါမည်။ ထိုစာတမ်းကို အပြည့်အစုံဖတ်လိုသူများ NCBI website/bookshelf တွင်
download လုပ်ယူနိုင်ပါသည်။ အောက်တွင် link ကို ဖော်ပြထားပါသည်။
အမှိုက်ကိုမီးရှို့လိုက်သည့်အခါ
အမှိုက်ထဲမှ ပါဝင်ပစ္စည်းများကို မီးလောင်သောကြောင့် မီးခိုးထဲတွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော
ဓာတ်ပစ္စည်းများ ပါဝင်လာသည်။ ထိုဓာတ်ပစ္စည်းများတွင် အမှုန်အမွှား ကာဘွန်မိုနောက်ဆိုဒ်
နိုက်တြိုဂျင်အောက်ဆိုဒ်၊ ဆာလဖာ ဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒြိုဂျင်ကလိုရိုဒ် စသော အက်စစ်ဓာတ်ငွေ့များ
နှင့် အက်စစ်အမှုန်အမွှားများ ကက်ဒ်မီယမ်၊ ခဲ၊ မာကျူရီ၊ ခရိုမီယမ်၊ အာဆင်းနစ်၊ ဘေရီလီယမ်စသည့်
သတ္တုအမှုန်အမွှားများ၊ အော်ဂဲနစ်ကွန်ပေါင်းများဖြစ်သည့် ဒိုင်အောက်ဇင် နှင့် ဖျူရမ် တို့ပါဝင်သည်။
ထို့အပြင် အပြည့်အဝမီးမလောင်နိုင်ရာမှ ထွက်လာသည့် ပိုလီကလိုရီနိတ်တက် ဘိုင်ဖီနိုင်း၊
ပိုလီအေရိုမက်တစ် ဟိုက်ဒြိုကာဘွန် စသည်တို့လည်း ပါသည်။
(particulate
matter (PM), carbon monoxide (CO), acidic gases (i.e., NOx, SO2, HCl), (acidic
particles), (certain metals (cadmium, lead, mercury, chromium, arsenic, and
beryllium), dioxins and furans, polychlorinated biphenyls (PCBs), and polyaromatic
hydrocarbons (PAHs)).
ယခင်က
စင်ကာပူ၊ ဥလုပန်ဒန်း၌ Waste_To_Energy စက်ရုံတစ်ရုံကို ၃၀ ဇူလိုင် ၁၉၇၉ ခုနှစ်က ဆောက်လုပ်
လည်ပတ်ခဲ့ပါသည်။ ထိုစက်ရုံက တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၁၀၀ ကို မီးရှို့ပေးခဲ့ပြီး
တစ်လလျှင် လျှပ်စစ် 5800 MWh ထုတ်ပေးခဲ့၏။ ထိုလျှပ်စစ်ဖြင့် အိမ်ပေါင်း တစ်သောင်းခြောက်ထောင်ကို
မီးပေးနိုင်သည်။ သို့သော် ပတ်ဝန်းကျင်၌ အိမ်ခြေ တိုးတက်များပြားလာခြင်းကြောင့် အနှစ်
(၃၀) လည်ပတ်ခဲ့ပြီး သြဂုတ်လ ၁၁ ရက်၊ ၂၀၀၉ နေ့တွင် ပိတ်ပစ်ခဲ့သည်။
စက်ရုံမှထွက်သည့်မီးခိုးများတွင်
ပါလာသည့် အဆိပ်အတောက်များကို လျှော့ချရန် ထုံးမှုန့် (lime powder - calcium
hydroxide) များကို မီးခိုးခေါင်းတိုင်အတွင်း မှုတ်ထည့်သည်ဟု ဆိုပါသည်။ ထို့ပြင် ဒိုင်အောက်ဇင်များကို
ဖယ်ထုတ်ပစ်ရန် activated carbon မှုန့်များလည်း ထည့်သည်။ ထိုအမှုန်အမွှားများ လေထဲရောက်မသွားစေရန်
လေစစ်ဖြင့် ထပ်စစ်သည်။ လေစစ်တွင် အမှုန်များ ကပ်ကျန်ခဲ့ပြီး သန့်စင်သောလေ ထွက်သွားသည်။
ထိုလေစစ်မှ အမှုန်များကို ခွာချပြီး ပင်လယ်မြေဖို့သည့်နေရာသို့ ပို့သည်။
Tuas
South Incineration Plant ၌ လေကိုစစ်ရန် တပ်ဆင်ထားသော ကိရိယာများမှာ အောက်ပါတို့ ဖြစ်၏။
1.
6
two-zone electrostatic precipitators
2.
6
ten-compartment catalytic bag lters each comprising 2,240 fabric bags
3.
2
concrete chimneys of 150m height with ceramic brick inner lining (အမြင့် မီတာ
၁၅၀ ရှိ မီးခိုးခေါင်းတိုင် နှစ်ခု)
4.
2
lime silos and 2 reaction product silos
ထွက်လာသည့်လေ၏
အရည်အသွေးကိုတိုင်းရန် မီးခိုးခေါင်းတိုင်များ၌ စက်များတပ်ထားရသည်။ ဖတ်၍ရသည့် တန်ဘိုးများကို
အင်တာနက်မှတစ်ဆင့် NEA (National Environment Agency) က စောင့်ကြည့်သည်။ လေအရည်အသွေးကို
ဥပဒေဖြင့် သတ်မှတ်ထားရာ ဥပဒေမှာ Environmental Protection and Management Act (Air
Impurities) Regulations ဖြစ်၏။ လေတွင်ပါဝင်ခွင့်ပြုထားသော အများဆုံး အညစ်အကြေးပမာဏမှာ
အောက်ပါအတိုင်းဖြစ်သည်။
Parameter
|
Limit (units in mg/ Nm3)
|
Particulate substances
|
50
|
Hydrogen chloride
|
200
|
Sulphur dioxide
|
1700
|
Carbon monoxide
|
250
|
Dioxin and furans
|
0.1
ng TEQ/ Nm3
|
Mercury and its compounds
|
0.05
|
အကယ်၌
မီးခိုး၌ပါလာသည့် အညစ်အကြေးပမာဏသည် သတ်မှတ်ထားသော ပမာဏထက် ပိုများနေပါက စက်ရုံသို့
လှမ်း အကြောင်းကြားပြီး အရေးယူဆောင်ရွက်ရန် နာရီဝက်အချိန်ပေးသည်။ နာရီဝက်အတွင်း မဖြေရှင်းနိုင်ပါက
လက်ခံနိုင်လောက် သော ဖြေရှင်းချက် ပေးရသည်။ အကယ်၍ ဖြေရှင်းချက်မပေးနိုင်ပါက သို့မဟုတ်
ထိုပမာဏသည် (၃) နာရီထက် ပိုမို ကျော်လွန်နေပါက စက်ရုံကို ရပ်နားသည်ထိ အရေးယူသည်။
လေအရည်အသွေးတိုင်းရာတွင်ပင်
ဒိုင်အောက်ဇင်းပါဝင်နှုန်းကိုတိုင်းရာ၌ အလွန်ဈေးကြီးသဖြင့် စင်ကာတွင်မတိုင်းပဲ တစ်နှစ်လျှင်
နှစ်ကြိမ်၊ လေနမူနာယူကာ အမေရိကန်သို့ပို့၍ တိုင်းသည် ဆိုပါသည်။
WHO
ကသတ်မှတ်ထားသော Waste_To_Energy စက်ရုံမှထုတ်သည့် လေအရည်အသွေးစံမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။
ဤသည်မှာ
အမှိုက်ကိုမီးရှို့ရာမှ ထွက်လာသည့် အဆိပ်အတောက်များနှင့် ထိုအဆိပ်အတောက်များ လေထုထဲ
ရောက်မသွားစေရန် ဥပဒေဖြင့် ထိန်းချုပ်ထားခြင်းအကြောင်း ဖြစ်ပါသည်။ ယခု ဆက်လက်ပြီး ထိုအဆိပ်အတောက်များကြောင့်
ဖြစ်ရသည့် ကျန်းမာရေးချို့ယွင်းချက်များအကြောင်း ဖော်ပြပါမည်။
၃။
အမှုန်အမွှား (particulate matter (PM)
မီးခိုး၌ပါလာသည့်
ပြာအမှုန်အမွှားများထဲတွင် ပစ္စည်းမျိုးစုံရောပါလာသည်။ အမှုန်အမွှား၏အရွယ်အစားမှာလည်း အမျိုးမျိုးဖြစ်၏။
မည်သည့်ပစ္စည်းများ မည်မျှပါလာသနည်း ဆိုသည်မှာ incineration plant မှထွက်လာသည့် မီးခိုးကို
နည်းပညာဖြင့် မည်မျှ ပြုပြင် ထားသနည်းဆိုသည့်အပေါ် မူတည်ပါသည်။
အမှုန်အမွှားကို
၎င်း၏အရွယ်အစားဖြင့်တိုင်း၏။ အမှုန်၏အချင်း ၂.၅ မိုက်ခရိုမီတာ (တစ်မိုက်ခရိုမီတာ = တစ်မီတာ၏
တစ်သန်းပုံ တစ်ပုံ) ကို PM2.5, အမှုန်၏အချင်း ၁၀ မိုက်ခရိုမီတာကို PM10, အမှုန်၏အချင်း ၁၅
မိုက်ခရိုမီတာ ကို PM15 ဟုခေါ်၏။ အသက်ရှူလိုက်သောအခါ
အမှုန်အမွှားများ အသက်ရှူလမ်းကြောင်းအတိုင်း ဝင်သွားသည်။ အမှုန်သေးလေလေ ဝင်နိုင်အား ပိုကောင်းလေလေဖြစ်၏။
PM10 အမှုန်သည် အဆုပ်အထိဝင်နိုင်၏။
PM2.5 အမှုန်မှာမူ အဆုပ်မှ
လေပြွန်ကလေးများအတွင်းထိ ဝင်နိုင်၏။ ထိုအမှုန်ကလေးများကို ကြာရှည်ရှူနေရသူသည် အဆုပ်ရောဂါဖြစ်နိုင်သည်။
လေထဲတွင် အမှုန်ပါနှုန်းကို PSI (Pollutant Standards Index) ဖြင့်တိုင်း၏။ လေထဲတွင်
PSI ပါဝင်နှုန်း ၁၀၁ နှင့်အထက်ကို ကျန်းမာရေးအတွက် မသင့်တော်သည့် လေဟု သတ်မှတ်သည်။ လေတွင်
အမှုန်အမွှားပါဝင်မှုနှင့် ကျန်းမာရေးအတွက် စင်ကာပူမှ သတ်မှတ်ထားသည်မှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။
ရှင်းလင်းချက်
၂၄
နာရီ - PSI တန်ဘိုး
|
ကျန်းမာရေးကောင်းသူများ
|
အဘိုးအဘွား၊
ကလေးငယ်၊ ကိုယ်ဝန်ဆောင်များ
|
အဆုပ်ရောဂါ၊
နှလုံးရောဂါ ရှိသူများ
|
၁၀၀
ထက်နည်း
(ပြဿနာမရှိ)
|
ပုံမှန်သွားလာလှုပ်ရှားနိုင်
|
ပုံမှန်သွားလာလှုပ်ရှားနိုင်
|
ပုံမှန်သွားလာလှုပ်ရှားနိုင်
|
၁၀၁
မှ ၂၀၀
(ကျန်းမာရေးအတွက်
မကောင်း)
|
ပြင်ပတွင်
ကိုယ်လက်လှုပ်ရှား လုပ်ခြင်းများ လျှော့ချပါ။
|
အပြင်တွင်
ကြာရှည်မနေသင့်။ ချက်ခြင်းအိမ်ထဲ ပြန်ဝင်ပါ။
|
ပြင်ပ၌ကြာရှည်နေခြင်း၊
ကိုယ်လက်လှုပ်ရှားခြင်းများ မပြုသင့်။
|
၂၀၁
မှ ၃၀၀
(ကျန်းမာရေးကို
ဆိုးရွားစွာ ထိခိုက်နိုင်)
|
ပြင်ပတွင်ကြာရှည်နေခြင်း၊
အလုပ်လုပ်ခြင်းများ မပြုပါနှင့်။
|
တတ်နိုင်သမျှ
အပြင်မထွက် ပါနှင့်။
|
အပြင်မထွက်သင့်။
|
၃၀၀
အထက်
(အန္တရာယ်ရှိ)
|
တတ်နိုင်သမျှ
အပြင်မထွက် ပါနှင့်။
|
လုံးဝအပြင်သို့မထွက်သင့်။
|
လုံးဝအပြင်သို့မထွက်သင့်။
|
စင်ကာပူတွင်
လေထဲ၌ အမှုန်အမွှားပါဝင်နှုန်းကို NEA website ၌ အချိန်နှင့်အမျှ ဖော်ပြထားပါသည်။ အကယ်၍
အမှုန်အမွှား ပါဝင်နှုန်းမြင့်တက်လာပါက သတိထားကြရန် (သို့မဟုတ်) အပြင်ထွက်ခြင်း၊ ပြင်ပ၌အလုပ်လုပ်ခြင်းများ
လျှော့ချရန် အများ ပြည်သူသို့ ကြေငြာပါသည်။ N95 ဖုံကာများ ရောင်းချပေးပါသည်။
အကယ်၍
incineration plant ဆောက်ပြီဆိုပါက ထိုအနီး၌ အမှုန်အမွှားပါဝင်နှုန်း တိုင်းသည့်စက်များ
တပ်ဆင်ထားပြီး အများပြည်သူသို့ ထုတ်ပြန်ကြေငြာသင့်ပါသည်။ ထိုစက်အနီး နေသူများအားလည်း
ပညာပေး အစီအစဉ်များ လုပ်ရပါမည်။ N95 ဖုံကာများ အခမဲ့ ဖြန့်ဝေရပါမည်။
၎။
နိုက်တြိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)
အမှိုက်ကိုမီးရှို့ရာမှထွက်လာသည့်
မီးခိုးတွင် နိုက်ထြစ်အောက်ဆိုဒ် (Nitric oxide (NO) ပါလာသည်။ ၎င်းသည် လေနှင့်ထိတွေ့ပြီး
ဓာတ်ပြုကာ နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ် (NO2) ဖြစ်သွားသည်။ နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ်ကြောင့်
ကျန်းမာရေးကို နည်းလမ်း နှစ်သွယ်ဖြင့် ထိခိုက်နိုင်သည်။
ပထမနည်းမှာ
နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို တိုက်ရိုက်ရှူသွင်းမိခြင်းဖြစ်၏။ ဒုတိယနည်းမှာ
နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ် သည် လေထဲမှ အိုဇုန်းနှင့်ဓာတ်ပြုခြင်းဖြစ်၏။ ဤဒုတိယနည်းက
နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ်ကို တိုက်ရိုက်ရှူမိခြင်းထက် အသက်ရှူလမ်းကြောင်းကို ပိုမို
ဒုက္ခပေးနိုင်သည်။
နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ်သည်
ရေ၌ ပျော်ဝင်နိုင်၏။ အသက်ရှူသွင်း၍ အဆုပ်တွင်းဝင်သွားသောအခါ အဆုပ်တွင်း လေပြွန်များရှိ
ရေနှင့် ဓာတ်ပြုကာ နိုက်ထြပ်အက်စစ် (HNO2) နှင့် နိုက်ထြစ်အက်စစ် (HNO3) များဖြစ်သွားသည်။
ထိုအက်စစ်များသည် အဆုပ် ရောဂါများကို ဖြစ်စေ၏။
အထူးသဖြင့် ထိုမီးခိုးကို ကြာရှည်ရှူနေရသည့် ကလေးငယ်များတွင် ပို၍ အဖြစ်များသည်။
၅။
ဟိုက်ဒြိုဂျင် ကလိုရိုဒ် - Hydrogen Chloride (HCL)
မီးခိုးတွင်ပါလာသည့်
ဟိုက်ဒြိုဂျင်ကလိုရိုဒ်က လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်သည်။ လေထဲတွင်
HCL ပါဝင်နှုန်း 5 ppm (ppm = parts per million) မျှပါလျှင်ပင် မျက်စိများယားယံခြင်း၊
လည်ချောင်းယားခြင်း စသည်တို့ ဖြစ်နိုင်သည်။ အကယ်၍ ပါဝင်နှုန်းသည် 50 - 100 ppm ထိရှိလာလျှင်
နှာခေါင်းသွေးယိုခြင်း၊ နှာခေါင်း၊ ပါးစပ်၊ အာခေါင်စသည်တို့၌ ပြည်တည်နာများ ဖြစ်ခြင်း
စသည်တို့ ဖြစ်နိုင်သည်။ ထို့ပြင် HCL နှင့်
ကြာရှည်ထိတွေ့ရပါက သွားများပဲ့ခြင်း၊ စားသွားခြင်း စသည်တို့လည်း ဖြစ်တတ် သည်။
၆။
ကာဘွန်မိုနောက်ဆိုဒ် (CO)
အမှိုက်များကို
အားလုံးလောင်ကျွမ်းသွားလျှင် (complete combustion) ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့
(CO2) ထွက်သည်။ မီးခိုးများမှာ
များသောအားဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များဖြစ်၏။
သို့သော်
အမှိုက်များကို မီးရှို့ရာ၌ အားလုံး လောင်ကျွမ်းသွားသည်မဟုတ်။ အပြည့်အဝ မီးလောင်မသွားသည့်
အစိတ်အပိုင်းများ လည်း ကျန်ခဲ့သည်။ ထိုကဲ့သို့ အပြည့်အဝမီးမလောင်ခြင်း (imcomplete
combustion) ကြောင့် မီးခိုးထဲတွင် ကာဘွန် မိုနောက်ဆိုဒ် ဓာတ်ငွေ့များပါလာသည်။
သွေးထဲရှိဟေမိုဂလိုဘင်နှင့်ပေါင်းစပ်ရာတွင်
ကာဘွန်မိုနောက်ဆိုဒ်က အောက်ဆီဂျင်ထက် အဆ ၂၀၀ သာသည်။ ထို့ပြင် ကာဘွန်မိုနောက်ဆိုဒ်နှင့်ပေါင်းမိသွားသော
ဟေမိုဂလိုဘင်ကို သန့်စင်သော ဟေမိုဂလိုဘင်အဖြစ် လုံးဝပြန်မရနိုင်တော့။ ဤဖြစ်စဉ်က သွေး၏
အောက်ဆီဂျင်သယ်ပို့နိုင်သည့် စွမ်းရည်ကို ကျဆင်းစေသည်။
ကျွန်ုပ်တို့သည်
အောက်ဆီဂျင်ဖြင့် အသက်ရှင်နေရခြင်းဖြစ်၏။ လူ့ဦးဏှောက်သည် အောက်ဆီဂျင်မရတော့ပါက ၃ မိနစ်အတွင်း
မေ့မြောနိုင်သည်။ ၅ မိနစ်ကြာလျှင် သေဘို့ခြေလှမ်းစပြင်နေပြီဖြစ်၏။ ၁၀ မိနစ်ကြာသည့်အခါ
ဦးဏှောက်သည် အလုပ်လုပ် နေသည့်တိုင် မေ့မြောသွားလိမ့်မည်။ အကယ်၍သာ ဦးဏှောက်သည် ၁၅
မိနစ်ကြာ အောက်ဆီဂျင်ပြတ်လပ်သွားပါက အသက် ရှင်ဘို့ရာ မလွယ်တော့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ဦးဏှောက်အတွက်
အောက်ဆီဂျင်သည် အလွန်အရေးကြီးလေသည်။
အကယ်၍
လူသည် ကာဘွန်မိုနောက်ဆိုဒ် 25 ppm ပါသည့်လေကို ရှုသွင်းမိလျှင် carboxyhemoglobin
(COHb) ပါဝင်နှုန်း ၅% ကိုဖြစ်စေသည်။ ထိုအခြေအနေတွင် အသက်ရှုလမ်းကြောင်း ပြဿနာများဖြစ်နိုင်သလို
ကလေးရရန် ခဲယဉ်းသွားပေတော့မည်။
COHb
ပါဝင်နှုန်း ၅၀% တွင် အဆုတ်နှင့် ဦးဏှောက်၌ အကြီးစားပျက်စီးမှုများဖြစ်လာမည်။ အကယ်၍
ဤပါဝင်နှုန်း ၇၀% ထိ မြင့်တက်လာပါက အသက်ဆုံးရှုံးမည်။
ကာဘွန်မိုနောက်ဆိုဒ်
35 ppm ပါသည့်လေထဲတွင် ၆ နာရီမှ ၈ နာရီကြာ နေထိုင်ရပါက COHb ပါဝင်နှုန်း ၅% ဖြစ်ဘို့
သေချာ သလောက်ဖြစ်သည်ဟု စစ်တမ်းများက ဖော်ပြထား၏။
ပတ်ဝန်းကျင်လေထုအတွင်း
ကာဘွန်မိုနောက်ဆိုဒ်များ ရောက်မသွားစေဘို့ Waste-To-Energy စက်ရုံများတွင် အမှိုက်များကို
မီးကောင်းကောင်းရှို့ပေးရန် လိုပေသည်။
၇။
ကက်ဒ်မီယမ်
အမှုက်ကိုရှို့လိုက်ရာမှ
ထွက်လာသော မီးခိုးထဲတွင် သတ္တုမှုန်များလည်း ပါလာသည်ဖြစ်ရာ ထို သတ္တုမှုန်များကြောင့် လူ၏ကျန်းမာရေးကို
ထိခိုက်ခြင်းအကြောင်း အကျဉ်းမျှ တင်ပြပါဦးမည်။
လေထဲတွင် ကက်ဒ်မီယမ် သတ္တုမှုန် 1.8
× 10−3 per µg/m3 ခန့်ပါလာပါက သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။ ပမာဏ
သိပ်မများလျှင် ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်နာ စသည်တို့ ဖြစ်တတ်သည်။
၈။
ခဲ (Lead)
ခဲဓာတ်ပါသည့်
လေကိုရှုမိလျှင် ခဲဆိပ်သင့်မည်။ ခဲဆိပ်သင့်ပါက အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊
ဝမ်းချုပ်ခြင်း၊ ပင်ပန်းခြင်း၊ မှတ်ဉာဏ်နည်းခြင်း၊ အားနည်းခြင်း၊ ခြေလက်တို့ နာကျင်ခြင်း
စသည်တို့ ဖြစ်တတ်သည်။
၉။
ပြဒါး (Mercury)
ပြဒါးကို
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အများပြည်သူကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ထိပ်ဆုံး ဓာတုပစ္စည်း
(၁၀) မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည် ဟု သတ်မှတ်ထားသည်။
ပြဒါးပါသည့်လေကို
ရှုမိလျှင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းများကို ဖြစ်စေသည်သာမက နာ့ဗ်ကြောစနစ်၊
အစာချေအဖွဲ့အစည်း၊ အဆုပ်၊ ကျောက်ကပ် နှင့် ခန္ဓာကိုယ်ရောပြီးစနစ်များကို ထိခိုက်စေနိုင်သည်ဟု
WHO ၏ Mercury and Health စာမျက်နှာတွင် ဖော်ပြထားသည်။
၁၀။
ခရိုမီယမ် (Chromium)
ခရိုမီယမ်သည်
ရင်ကြပ်ပန်းနာ၊ လည်ချောင်းနာ၊ အာသီးယောင်ခြင်းတို့ကိုဖြစ်စေ၏။ ခရိုမီယမ်အများအပြားပါသည့်လေကို
ရှုရှိုက်မိပါက အဆုပ်ကင်ဆာကိုပင် ဖြစ်စေနိုင်သည်။
၁၁။
အာဆင်းနစ် (Arsenic)
အာဆင်းနစ်ကို
ကင်ဆာဖြစ်စေနိုင်သောပစ္စည်းဖြစ်သည်ဟု သတ်မှတ်ထားသဖြင့် လူတို့ကျန်းမာရေးအတွက် အလွန်
အန္တရာယ် ရှိသော ဓာတ်ပစ္စည်းဟု မှတ်ယူထားရမည်။ အာဆင်းနစ်အများအပြား ရှူမိ၊ စားမိပါက ဝမ်းလျှောခြင်း၊
အော့အန်ခြင်း၊ ဗိုက်နာခြင်း တို့ဖြစ်ပြီး သေသည်ထိ ဖြစ်တတ်သည်။
အာဆင်းနစ်ပါသည့်လေကို
ကြာရှည်ရှူနေရပါက နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုပ်ကင်ဆာတို့ဖြစ်စေနိုင်သည်။ မွေးလာမည့်
သန္ဓေသားကို ထိခိုက်နိုင်သည်။ အရေပြားများ ကျွဲပုခုံးထလာမည်။ အရေပြားကင်ဆာ ဖြစ်တတ်သည်။
၁၂။
ဘေရီလီယမ် (Beryllium)
ဘေရီလီယမ်သည်လည်း
ကင်ဆာဖြစ်စေနိုင်သောပစ္စည်းဖြစ်ပါသည်။ အဓိကအားဖြင့် အဆုပ်ကို ဒုက္ခပေးသည်။ ခန္ဓာကိုယ်အတွင်းသို့
ဘေရီလီယမ်ဝင်သွားသည့်အခါ အချို့ပရိုတိန်းများဖြင့် ဓာတ်ပြုပြီး အဆိပ်များထုတ်သည်။ ထိုအဆိပ်များသည်
သွေးမှတဆင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများဆီ ရောက်သွားပြီး အရေပြား၊ အသည်း၊ ကျောက်ကပ်၊
နာ့ဗ်ကြောစနစ်များကိုပါ ထိခိုက်စေသည်။
ဘေရီလီယမ်ကြောင့်ဖြစ်သော
ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အသက်ရှူမဝခြင်း၊ ညဘက်ချွေးအများအပြားထွက်ခြင်း၊ ချောင်းဆိုးခြင်း၊
ခန္ဓာကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်သည်။ သို့သော် ကာလကြာရှည်စွာ ရောဂါလက္ခဏာမပြဘဲလည်း
နေတတ်သည်။
၁၃။
ဒိုင်အောက်ဇင်စ် နှင့် ဖျူရမ်များ (Dioxins and Furans)
ထိုပစ္စည်းများသည်လည်း
ကင်ဆာဖြစ်စေနိုင်သည်။ ကြာရှည်ထိတွေ့ရလျှင် မျိုးပွားအင်္ဂါစနစ်၊ ခန္ဒာကိုယ် ရောဂါပြီးစနစ်များကိုပါ
ထိခိုက်စေနိုင်၏။
ခန္ဓာကိုယ်အတွင်းသို့
ဒိုင်အောက်ဇင်းဝင်သွားပါက (၇) နှစ်မှ (၁၁) နှစ်ကြာထိ တည်ရှိနေနိုင်သည်။ ဒိုင်အောက်ဇင်းကြောင့်
အရေပြားဆိုင်ရာ ရောဂါများ၊ အသည်းရောဂါများ၊ နာ့ဗ်ကြောဆိုင်ရာရောဂါများ ဖြစ်နိုင်သည်။
နိဂုံး
ယခု
ကျွန်တော် အမှိုက်မှသည်စွမ်းအင်ဆီသို့ (WTE = Waste-To-Energy) စက်ရုံများမှ ထွက်သော
မီးခိုးတွင်ပါသည့် ဓာတ်ပစ္စည်းများနှင့် ထိုဓာတ်ပစ္စည်းများကြောင့် အများပြည်သူ ကျန်းမာရေးကို
ထိခိုက်စေနိုင်သည့်အကြောင်းများ ရေးသားဖော်ပြခဲ့ပါသည်။
နောက်ထပ်လည်း
WTE စက်ရုံများ ထပ်ဆောက်ပါလိမ့်ဦးမည်။ ထိုစက်ရုံများဆောက်ခြင်းကို ကြိုဆိုရမည်ဖြစ်ပါသည်။
သို့သော် စက်ရုံဆောက်ခြင်းနှင့်အတူ အများပြည်သူ ကျန်းမာရေးမထိခိုက်အောင် တပါတည်း ထည့်သွင်းစီမံထားဘို့
လိုပါလိမ့်မည်။ ထည့်သွင်းစီမံကြလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ မစီမံရသေးဆိုလျှင်လည်း
စက်ရုံမလည်မီ အဆောတလျင် စီမံကြဘို့ တိုက်တွန်းပါသည်။
စင်ကာပူတွင်
ရေထု၊ လေထု၊ မြေထု မညစ်ညမ်းအောင် တာဝန်ယူထားသည့်အဖွဲ့မှာ NEA (National
Environment Agency) ဖြစ်ပါသည်။ သူတို့က ရေထု၊ လေထု၊ မြေထုညစ်ညမ်းစေမည့်ကိစ္စရပ်များကို
ထိန်းချုပ်နိုင်ရန် အဆင့်မြင့်နည်းပညာများသုံးလျက် မပြတ် စောင့်ကြည့်နေပါသည်။ ဥပဒေများလည်း
ပြဌာန်းထားပါသည်။ ပြဌာန်းထားသည်တို့ကို မလိုက်နာပါကလည်း ပြတ်ပြတ် သားသား အရေးယူ အပြစ်ပေးပါသည်။
ဤသည်မှာ
တရားဥပဒေစိုးမိုးမှ ဖြစ်သည်။ မြန်မာပြည်မှ တရားဥပဒေစိုးမိုးမှုမှာ ယခုထိ မေးခွန်းထုတ်စရာဖြစ်နေသေးသည်။
လေထုကိုတိုင်းတာဘို့ဆိုတာ၊ တိုင်းတာ၍ရသည့် ရလဒ်များကို အင်တာနက်နှင့်ချိတ်ထားပြီး မပြတ်စောင့်ကြည့်နေဘို့ဆိုတာ
မြန်မာနိုင်ငံ လက်ရှိအနေအထားအရ ဖြစ်နိုင်ပါဦးမည်လား။ လက်တွေ့တွင်မတော့ မိုးရွာလို့ရေလျှံပြီး
အိမ်သာကျင်းများထဲမှ ထွက်လာသည့်ရေများထဲတွင်ပင် လူများ သည်အတိုင်း သွားလာနေကြရသေးသည်။
ဆေးရုံမှထွက်လာသည့်
အမှိုက်များကို မည်သို့ပစ်ကြသနည်း။ ဆေးရုံဆေးခန်းများမှ ခွဲစိတ်ပြီး ဆေးကြောလိုက်သည့်
ရေများကို မည်သည့်နေရာတွင် သွန်ကြသနည်း။ ဓာတုအမှိုက်များကို မည်ကဲ့သို့ စီမံကြသနည်း။
မည်သို့မှ
မစီမံပါ။ သည်အတိုင်း ပစ်လိုက်ကြသည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ကား ရောဂါပိုးပေါင်းစုံပြည့်နေသည့်
ပတ်ဝန်းကျင် တွင် နေထိုင်ကြရကုန်၏။ မဖြစ်သင့်သော ရောဂါများသည်လည်း ဖြစ်ကြကုန်၏။ မသေသင့်ဘဲလည်း
စောစီးစွာ ပျော်ပျော်ကြီး သေကြကုန်၏။
အသက်ဉာဏ်စောင့်
ဟူသောစကားသည် ရှိ၏။ ဉာဏ်ဖြင့်စောင့်ဘို့ရာ ထိုက်သင့်အားလျော်သော အသိပညာ၊ ဗဟုသုတ ရှိမှ
ဖြစ်မည်။ သို့မဟုတ်ပါက အဘယ်ကဲ့သို့ စောင့်မည်နည်း။
ကောင်းမွန်သော
စနစ်တစ်ခုကို ချမှတ်ကျင့်သုံးကြသူများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသတည်း။
အေးငြိမ်း
(လေးမျက်နှာ)
၅ ဇန္နဝါရီ၊
၂၀၁၈
ရည်ညွှန်းအင်တာနက်စာမျက်နှာများ
https://www.ncbi.nlm.nih.gov/
http://www.nea.gov.sg/
http://www.who.int/mediacentre/
https://www.ccohs.ca/oshanswers/
No comments:
Post a Comment