Sunday, December 31, 2017

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဂျာနယ်

Safety ဂျာနယ် အမှတ် (၂) ထွက်ပါပြီ။

အမှတ် (၁) တုံးက ကျွန်တော် ရန်ကုန်မှာ ရှိနေတာတကြောင်း၊ အလုပ်ရှုပ်နေလို့ တစ်ကြောင်းကြောင့် ဂျာနယ်မိတ်ဆက် မရေးလိုက်ရပါ။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သတင်းစာ၊ ဂျာနယ်များ မရှိသေးပါ။ ကျွန်ုပ်တို့မှာ ဖေ့စ်ဘုတ်မှ သတင်းများကိုသာ ဖတ်ရှုနေရပါသေးသည်။

သည်ကဲ့သို့ လစဉ်ထုတ် ဂျာနယ်တစ်စောင် ရှိရေးမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများ အတွက်ရော၊ အများပြည်သူအတွက်ပါ အလွန်အရေးကြီးပါသည်။

ကျွန်တော်တို့သည် safety နှင့် ပတ်သက်လာလျှင် တဆင့်စကား၊ တဆင့်နားဖြင့်သာ သိမှတ်လေ့လာနေကြရသည်။ ယုံကြည်စိတ်ချရသော ခိုင်ခိုင်မာမာ စာအုပ်စာတမ်းများ အလွန်အားနည်းနေပါသေးသည်။

ယခု WSH Myanmar အဖွဲ့က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဂျာနယ် ကို လစဉ်ထုတ်ဝေနေပါပြီ။

၂၀၁၇ ဒီဇင်ဘာလက ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည်။ ဤဂျာနယ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးထုတ်ဝေလိုက်သော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဂျာနယ် ဖြစ်ပါသည်။

ဂျာနယ်ပါ စာမူများကို ကျွန်တော်က ဦးဆောင် စီစစ်ပါသည်။

ကျွန်တော်တို့က စာစောင်အပြင်အဆင်ရော၊ အတွင်းစာသားများ အရည်အသွေးကိုပါ ဦးစားပေးပါသည်။

ထိုစာစောင်သည် တစ်ခါဖတ်ပြီး လွှင့်ပစ်လိုက်ရမည့် စာစောင်မျိုးမဟုတ်။ အမြဲသိမ်းထား၍ လိုသည့်အခါတိုင်း ပြန်လည် ရည်ညွှန်းနေရမည့် စာစောင်လည်း ဖြစ်ပါသည်။

ထို့ကြောင့် စာရွက်ကို Art paper ဖြင့် ရောင်စုံရိုက်နှိပ်ပါသည်။

ကျွန်တော်တို့က အကျိုးအမြတ်ကို အဓိက မထားပါ။ ရေရှည်ရပ်တည်နိုင်ရေးအတွက် အရင်းကြေလျှင် တော်ပြီဆိုပြီး ထုတ်တာ ဖြစ်ပါသည်။

အဓိက ရည်ရွယ်သည်မှာ မြန်မာနိုင်ငံသား လူအများတို့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန်၊ ဤစာစောင်မှ ရရှိသော အသိပညာများကို လက်တွေ့လိုက်နာကျင့်သုံးကြခြင်းဖြင့် မတော်တဆ မှုများကို လျှော့ချနိုင်ရန် ဖြစ်ပါသည်။

ယခုလထုတ် အမှတ်စဉ် (၂) စာစောင်တွင် အောက်ပါအကြောင်းအရာများကို ဖတ်ရှုကြရမည်။


၁။ သင်တန်းကျောင်းတစ်ခု တည်ထောင်ခြင်း - အေးငြိမ်း (လေးမျက်နှာ)

၂။ လုံခြုံရေး မိုးကုတ်စက်ဝိုင်း - လင်း (ဆေး -၁)

၃။ ဘိုဖား အဆိပ်သင့် ဘေးဒုက္ခ -  စွမ်းထက်နောင်

၎။ ညွှန်းကိန်း(သို့မဟုတ်) ပေတံ  (၆) ခု - နေမျိုးမောင်

၅။ အခမဲ့တက်ရောက်နိုင်သော သက်မွေးပညာသင်တန်းများ - ဒေါ်ခင်မာအေး

၆။ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းအား လေ့လာခြင်း - ရဲဝင်း

၇။ အမေအိုကြီး (ဝတ္ထု) - ရဝေ

၈။ အာဆီယံနိုင်ငံများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်အား ခြုံငုံလေ့လာခြင်း - ကိုကိုနိုင် (ရန်ကုန်စက်မှုတက္ကသိုလ်)

၉။ အာဆီယံဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကွန်ယက်ကပေးမည့် အန္တရာယ်ကင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ဆုများ - မင်းမောင်အောင်

၁၀။ ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်များနှင့် မတော်တဆ ထိခိုက်မှုများ  -  နေစိုးလှိုင်

၁၁။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိ - နေရီချို

၁၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး အမေးအဖြေကဏ္ဍ - ကွီးဟန်

၁၃။ ဓာတုပစ္စည်းများနှင့်လုပ်ငန်းခွင်အန္တရာယ် - သက်ထွန်းဦး (မောင်သာ)

၁၄။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး အမေးအဖြေကဏ္ဍ - လူသား

၁၅။ ကြိုတင်ကာကွယ်ခြင်းဖြင့် မီကို အနိုင်ယူကြပါစို့ - ကြည်ဇော်ထိုက်

၁၆။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး - ဥက္ကာသိန်း

ကလောင်သစ်များ ဖိတ်ခေါ်ခြင်း

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးဆိုင်ရာ ကဗျာ၊ ဝတ္တု၊ ဆောင်းပါး၊ စာညွန့်၊ အက်ဆေး ရေးလိုသူများ ကျွန်တော်တို့ထံ ရေးသားပေးပို့နိုင်ပါသည်။ စာရေးကျင့်မရှိသေးသူများပင် ဖြစ်စေ ရေးသာရေးပါ။ လိုအပ်သည်များကို ကျွန်တော်တို့ အယ်ဒီတာအဖွဲ့မှ ရှင်းလင်းပြောပြကာ ပြန်ပြင်သုံးပါမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃၁ ဒီဇင်ဘာ၊ ၂၀၁၇















မွန်ပြည်နယ်သို့ အလည်သွားခြင်း (2)

(၄) မော်လမြိုင်ညဈေးမှ စင်းဂါးဘီယာ

မအေးနှင်းယုက မော်လမြိုင်ရှိ သူ့ဘကြီးများ တည်းခိုခန်းသို့ ဖုံးကြိုဆက်ပေးထားသည်။ တည်းခိုခန်းနာမည်က လေညင်းသာ။ Breeze ဆိုသော စာလုံးက ကြီးပြီး လေညင်းသာ ဟူသောစာလုံးက သေးနေရာ မနည်းမျက်လုံးပြူး လိုက်ဖတ်နေ၍ တော်တော့သည်။

ရောက်ရောက်ချင်း ရေမိုးချိုး၍ ညစာစားရင်း လမ်းလျှောက်ထွက်ခဲ့ကြ၏။ စင်ကာပူမှာတော့ ၇ နာရီလောက်မှ မှောင်သည်။ မြန်မာပြည်တွင်မတော့ ဆောင်းတွင်းဘက်ဖြစ်၍ ၅ နာရီဆိုလျှင်ပင် မှောင်နေလေပြီ။

မော်လမြိုင် ညဈေးမှာ ပုသိမ် ညဈေးနှင့် တစ်ပုံစံတည်းဖြစ်နေ၍ ပထမ - နေပါဦး၊ ငါ ဒီကို ဘယ်တုံးက ရောက်ဖူးလိုက်ပါ လိမ့် ဟု မရွံ့မရဲတွေးမိ။ နောက်မှ - သြော် - ပုသိမ်ဈေးနဲ့ တစ်ထေရာတည်းတူနေတာကိုး ဟု သဘောပေါက်ရ။ အစား အသောက်တွေလည်း ကြည့်လိုက်ဦး။ အားလုံးမှာ အကင်ဆိုင်ချည်းလိုလို ဖြစ်သည်။ သည်အကင်မျိုးများစားရမှာ ကျွန်တော် သိပ်မသတီလှ။ နောက်ပြီး ခေါက်ဆွဲနှင့် မုံ့ဟင်းခါးများမှာလည်း စားချင်စရာမကောင်း။ စိတ်ပျက်လှ၏။

သားကို ဘာစားမလဲဆိုတော့ ဟိုဘက်မှာ စူရှီရှိတယ်ဆို၍ သူ့ကို စူရှီဝယ်ပေးသည်။ ကျွန်တော်က ဘာမှ စားချင်စိတ်မရှိ၍ တိုက်ဂါးတစ်လုံးပေးကွာ ဆိုတော့ တိုက်ဂါးမရဘူးဘကြီး ဟု ဆို။ (နင့်မေကလွှား ဘကြီးလားဟ။ ၆၀ ပြည့်ဘို့ ၄ နှစ်ကြီး များတောင် လိုသေးမင့် ဥစ္စာ)။ တိုက်ဂါးမရရင် မြန်မာဘီယာပေးကွာ ဆိုတော့ မြန်မာဘီယာလည်း မရှိဘူးဗျ။

ကိုင်း၊ ဘာရှိတုံးဆိုတော့ စင်းဂါးဘီယာရှိတယ် ဟု ဖြေ၏။ ကျွန်တော်က စင်းဂါးဘီယာကို ကြိုက်လှသည်မဟုတ်။ သို့သော် မတတ်နိုင်။ ရှိတာနှင့်ပဲ တင်းတိမ်ရလေသည်။

ဘေးနားက စားပွဲဝိုင်းများတွင် လူရွယ်လူလတ်၊ လူကြီးများ စားကြသောက်ကြ၊ ပျော်ကြပါးကြနှင့်။ ဆူညံပွက်လောရိုက် နေ၏။ ကိုမျိုးကတော့ ဝက်သားဒုတ်ထိုး မှာစားသည်။ သားက တုတ်နှစ်ချောင်းလောက်ယူကာ အနား၌ ရစ်သီရစ်သီ လုပ်နေသည့် ခွေးကို ကျွေးချင်လို့ ဆို၏။ အဲသလို သားချကျွေးရင် ခွေးက အနားက ခွာတော့မှာ မဟုတ်ဘူးကွ ဆိုတော့ ဦးမျိုး၊ ဟိုနားသွားပြီး ခွေးကျွေးပေးစမ်းပါ ဆို၏။ ကိုမျိုးလည်း ခပ်လှမ်းလှမ်းသွားပြီး ခွေးကို ဒုတ်ထိုးနှစ်ချောင်း ကျွေး၏။ သူပြန်လာတော့ ခွေးက နောက်က ကပ်လိုက်လာသည်။

စားသောက်ပြီးကြသော် ဈေးတန်းအတွင်း အနည်းငယ် လှည့်ကြည့်ပြီး ပြန်ထွက်ခဲ့ကြ၏။ သူတို့ကိုကြည့်ပြီး ကျွန်တော် ဆရာဇော်ဂျီ၏ ပုဂံဈေးကို သွားသတိရမိသေးတော့သည်။ ထို့နောက် လဖက်ရည်ဆိုင် ခဏတဖြုတ်ထိုင်ကာ စကားလေး ဘာလေးပြော၊ ကော်ဖီလေး ဘာလေးသောက်ကြမယ်ဆိုကာ လဖက်ရည်ဆိုင် လိုက်ရှာသည်။ ပထမ ကမ်းနားလမ်း တလျှောက် မောင်းကြည့်ကြသည်။ တစ်ဆိုင်မှမတွေ့။ သို့နှင့် အပေါ်လမ်းတက်ကာ ရှာကြပြန်သည်။ လဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ဆို၍ တစ်ဆိုင်မှ မတွေ့ရပါ။ ရှာမရသည့်အဆုံး တည်းခိုခန်း ပြန်ခဲ့ကြရသည်။ မော်လမြိုင်ကလူတွေ လဖက်ရည်မကြိုက်တတ်ကြဘူး ထင့်။

ဧည့်ခန်း၌ နိုင်ငံခြားသား တော်တော်များများကို တွေ့ရသည်။ တည်းခိုခန်းပိုင်ရှင် အဖိုးကြီးများမှာ ယခင် ကွန်ဗင့် ကျောင်းထွက်များဖြစ်၍ (မအေးနှင်းယုပြောပြလို့ သိရ) အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်သည်။ သူတို့ပြောနေတာ ကျွန်တော် တစွန်းတစ နားထောင်မိ၏။ နိုင်ငံခြားသားများက ထိုင်းနယ်စပ်ကို ဘယ်လိုသွားရသလဲ ဆိုတာ စုံစမ်းနေခြင်းဖြစ်သည်။ မြန်မာဧည့်သည် နှစ်ယောက်သုံးယောက်လောက်သာ တွေ့ရပြီး ကျန်အားလုံးမှာ အနောက်တိုင်းသား တိုးရစ်စ်များ ဖြစ်လေသည်။

အခန်းတွင်း အလုံပိတ်ကာ အဲယားကွန်းဖွင့်ထားသည် မှန်သော်ငြား ခြင်များ တဝီဝီ လာသည်။ အပြင်ဘက်တွင် တဖျောင်းဖျောင်းနှင့် ခြင်ရိုက်နေသံကြားရ၏။

တည်းခိုခန်း၌ ဝိုင်ဖိုင်ပေးထားသော်လည်း အဝိုင်းလည်နေပြီး အလုပ်မဖြစ်။ အွန်လိုင်းဂိမ်းဆော့နေသော သားက စိတ်မရှည်သည်နှင့် ကျွန်တော့်ဖုံးယူကာ personal hotspot နှင့် သုံးလေရာ မအိပ်မီပင် ထည့်ထားသောပိုက်ဆံအားလုံး တက်တက်ပြောင်လေတော့သည်။

ညသည်တိတ်ဆိတ်အေးချမ်းလှ၏။ အေးအေးဆေးဆေး စာလေးဘာလေးများ ရေးရမလားအောက်မေ့။ ခြင်များ နှိပ်စက်လှသည်နှင့် စောင်ကို ခေါင်းမြီးခြုံကာ အိပ်လိုက်ရတော့သည်။

(၅) ဝင်းစိန်တောရ

မနက် (၇) နာရီတွင် တည်းခိုခန်းက ကျွေးသော မနက်စာစား၏။ ပေါင်မုံ့မီးကင်၊ ထောပတ်၊ ကြက်ဥပြုတ်တစ်လုံး၊ ငှက်ပျောသီးတစ်လုံး၊ ကော်ဖီတစ်ခွက်။ တည်းခိုခန်းမှာ ရှေးဟောင်းအိမ်ကြီးဖြစ်၏။ ကျွန်တော်မမှားလျှင် ၁၉၀၀ ခုနှစ် လောက်က ဆောက်ခဲ့သည့် အိမ်ကြီးဖြစ်သည်။ ထိုအိမ်က ဘကြီးကိုမေးကြည့်တော့ သူလည်း သေသေချာချာမပြောနိုင်။ သူတို့ငယ်ငယ်ကတည်းက အိမ်ကြီး ရှိနေခဲ့တာ ဖြစ်သည်။

စားသောက်ပြီးတော့ ကျိုက်ခမီသို့ ထွက်ခဲ့ကြသည်။

ကျိုက်ခမီရေလယ်ဘုရားမှာလည်း ကျွန်တော် ယခင်တစ်ခေါက်ရောက်ခဲ့စဉ်ကနှင့် မတူတော့။ အဆောက်အဦကြီးများနှင့် အတော် တင့်တယ် သပ္ပာယ်လို့ နေချေပြီ။ ရေလယ်ဘုရားနား၌ အမျိုးသမီးတစ်ဦးမှာ စင်္ကြန်လက်ရမ်းပေါ်တွင် ၃ နှစ်သား ခန့်ရှိမည့် ကလေးငယ်တစ်ဦးကို ရပ်ခိုင်းစေကာ သူကတော့ ဟိုကြည့် သည်ကြည့်နှင့် ရှိလေသည်။ ကျွန်တော်လည်း မနေနိုင်သောကြောင့် ကလေးကို အောက်ချထားရန် သွားပြော၏။

အောက်ငုံ့ကြည့်ပြန်သော် ကလေးငယ်များပါသည့် မိသားစုတစ်သိုက်၊ ရေစပ်တွင် ငါးစာကျွေးနေကြသည်။ မတော် ခြေချော်၊ လက်ချော် ကလေးတစ်ယောက်လောက် ရေထဲကျလျှင် သေမည်မုချ။ သူတို့ကိုတော့ (ပတ်ဝန်းကျင်ကလည်း အလွန်ဆူနေသည်နှင့်) အော်ပြောမနေတော့ဘဲ မျက်စိမှိတ်ကာ ဘုရားဘက် ထွက်လာခဲ့သည်။

ဘုရားရောက်သော်လည်း ကောင်းကောင်း ရှိမခိုးရ။ အနားမှ နံရံကို breaker များဖြင့် တဒိုင်းဒိုင်း ခွဲနေသည်ဖြစ်ရာ ဆူညံ ပွက်လောရိုက်နေလေ၏။ ကျွန်တော် သွားကြည့်သော် လူရွယ်အလုပ်သမား ၄ ယောက်အနက် နှစ်ယောက်မှာ ကြမ်းပြင်ပေါ်မှနေ၍လည်းကောင်း၊ အခြားနှစ်ဦးမှာ ကချော်ကချွတ် ထိုးထားသော ငြမ်းစင်ပေါ်တွင် ရပ်၍လည်းကောင်း breaker ဖြင့် ခွဲနေကြလေ၏။ ဦးထုပ်မရှိ၊ မျက်မှန်မပါ။ နားကြပ်ဆိုတာ ဝေလာဝေး။ စွပ်ကျယ်လက်ပြတ်များနှင့်။ တစ်ကိုယ်လုံး ဖုံအလိမ်းလိမ်းတက်လျက်။ ကျွန်တော် သူတို့ကိုကြည့်ပြီး သက်ပြင်းချမိ၏။ မရှိတာထက်၊ မသိတာခက် သူများ ကျွန်ုပ်တို့တိုင်းပြည်၌ အတော်ပေါများလေသည်။



ကျိုက္ခမီ ရေလယ်ဘုရား


ဘာမှ ၀တ်ဆင်မထားဘဲ အလုပ်လုပ်နေကြပုံ


ရေစပ်ဆင်း၍ ငါးကျွေးနေကြပုံ

အတန်ကြာ ဘုရားကို လှည့်လည်ဖူးပြီးနောက် ပြန်ထွက်ခဲ့ကြ၏။ ထမင်းစားချိန် ရောက်နေပြီဖြစ်၍ ထမင်းဆိုင် ရှာကြ၏။ လမ်းကြားလေးတစ်ခုတွင် Family မည်သော ထမင်းဆိုင်ကလေးတစ်ဆိုင် တွေ့သည်။ ဟင်းများမှာ၍ စားသောက်ကြ၏။ အောင်မယ်၊ ကင်မွန်းစခန်းက Feel ထက် အများကြီးသာသည်။ ကျွန်တော်တို့ လေးယောက်စားတာ ၄၈၀၀ ကျပ်သာ ပေးရ သည်။ သားကိုမေးကြည့်တော့ သူလည်း အတော်စားကောင်းကြောင်း သိရ၏။ ဤဆိုင်တွင်မူ ကျွန်တော်တို့မှာထားသည့် ဟင်းများကို တက်တက်ပြောင်အောင် စားပစ်လိုက်ကြသည်။ ဆိုင်ရှင် အစ်မကြီးကိုလည်း ကင်မွန်းစခန်းမှ နှစ်သောင်း ကျော်တန် အစားအသောက်များထက် အများကြီးပိုကောင်းကြောင်း ချီးကျူးဖြစ်အောင် ချီးကျူးခဲ့ပါသေးသည်။

မနက် ၁၁း၂၀ တွင် ကျိုက္ခမီမှ ထွက်ခဲ့ပြီး စက်စဲသို့ ၁၁း၄၈ တွင်ရောက်သည်ဖြစ်ရာ ကျိုက္ခမီ - စက်စဲခရီးမှာ နာရီဝက်နီးပါး မျှသာ ကြာလေသည်။

စက်စဲရောက်တော့ ဘာလုပ်စရာရှိမတုံး။ သားအဖနှစ်ယောက် ပင်လယ်ရေချိုးကြသပေါ့။ ကမ်းနားမှ သဲသောင်ပြင်ကိုဖြတ်ပြီး ပင်လယ်ရေစပ်သို့လာရာ နေရှိန်ဖြင့် သဲများမှာ အလွန်ပူလှသည်။ ကျွန်တော့်ဖိနပ်က ကတ္တီပါဖိနပ်ဖြစ်၍ ရေစပ်သို့ မယူခဲ့တော့သောကြောင့် ခြေဗလာဖြင့် သဲပေါ်နင်းရသည်မှာ အလွန်အင်မတန်ပူလှ၍ ပြေးဆင်းရသည်။ မိတ်ဆွေတို့သွားလျှင် ရာဘာဖိနပ်တစ်ရံ အပိုလောက်ယူသွားကြရန် အကြံပြုပါသည်။

လှိုင်းလုံးများ ကမ်းစပ်သို့ တလိမ့်လိမ့်နှင့် ဝင်လာသည့်အပေါ် စီးရသည်မှာလည်း အရသာတစ်မျိုးဖြစ်၏။ အပေါ်ပိုင်းတွင် လေတိုက်သဖြင့် အေးနေပြီး ပင်လယ်ရေက ခပ်နွေးနွေးဖြစ်သည်။ ဆားငံရေများ မျက်စိတွင်းဝင်ရာ စပ်လှ၏။ သားကတော့ ပင်လယ်လှိုင်းစီးရသည်ကို အလွန်သဘောကျနေသည်။ တော်တော်နှင့် ပြန်မတက်ချင်။ ကျွန်တော် တက်မည်ပြောတိုင်း ဒီလောက် အဝေးကြီးလာပြီးမှ ခဏလေးနဲ့တက်ရင် ဘယ် တန်လိမ့်မတုံး ဆို၏။

လှိုင်းလုံးများကို ဝလောက်အောင် စီးပြီးမှ ကုန်းပေါ်ပြန်တက်၊ ရေချိုး။ ရေတစ်ခါချိုး - ၅၀၀။ ရေဖြည့်ထားသည့်ကန်နှင့် ဖင်ဖောက်ထားသည့် ခွက်တွေကလွဲလို့ တခြား ဘာမှပေးမထား။ ကျွန်တော်တို့လည်း ပင်လယ်ရေစင်လောက်အောင် လောင်းပြီး ပြန်ထွက်ခဲ့ကြ၏။

ရေချိုးပြီးတော့ အုန်းရေသောက်။ အုန်းသီးတစ်လုံး - ၁၀၀၀။ ကောင်းပါသည်။ အုန်းရေကချိုသလို အုန်းသီးဇွန်းခြစ် ကလည်း စားကောင်းသည်။


စက်စဲကမ်းခြေ

နေ့လယ် ၁း၄၅ နာရီတွင် စက်စဲမှ ပြန်ထွက်ခဲ့ကြ၏။ ဝင်းစိန်တောရဘုရားကြီးသို့ ၃း၁၄ နာရီတွင်ရောက်ရှိ။ ၁၉၉၅ ခုနှစ် ကျွန်တော်တို့လာစဉ်က သည်ဘုရားကြီးမှာ ဆောက်လက်စတန်းလန်း။ မပြီးသေး။ လမ်းများလည်း မရှိသေး။ အဝေးမှသာ လှမ်းဖူးခဲ့ရသည်။

သည်လောက် ထုထည်ကြီးလှသော ဘုရားကြီးကို တောင်ပေါ်တွင်တည်ထားသည်ဆိုတော့ မည်သည့် အင်ဂျင်နီယာက ဒီဇိုင်းထုတ်ထားပါသနည်း ဟု (တောင်အောက်မှရပ်ကြည့်လျက်) သားက စပ်စု၏။ ငမ်၊ အဲသဟာတော့ ဖေဖေလည်း သေသေချာချာ မသိဘူးလကွ ဟု ပြန်ဖြေတော့ သူက ဒါဆို စိတ်ချလက်ချ တက်လို့ ဖြစ်ပါ့မလားဟု မေးလေသည်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကနေ ဒီကနေ့အထိ ဘာမှ မဖြစ်သေးဘူးဆိုတော့ စိတ်ချလို့ ရကောင်းပါရဲ့ကွာ ဟု မယုံမရဲ ဖြေရလေ၏။ (သောက်ကျိုးနဲ၊ ဒီကောင်။ Primary 3 ပေမို့သာကပဲ။)

ဘုရားကြီးပေါ်တက်သည့်လမ်း နှစ်သွယ်ရှိ၏။ တစ်ခုမှာ ဦးခေါင်းတော်တည့်တည့်မှ တက်သော ဖြတ်လမ်းဖြစ်ပြီး နောက်တစ်ခုမှာ အတော်ရှည်လျားလှသော စောင်းတန်းဖြစ်၏။ ကျွန်တော်တို့က ဖြတ်လမ်းကို ရွေးသည်။ ဖြတ်လမ်းမှာ အုတ်စီလှေကားဖြစ်၏။ မတ်စောက်လှသော်လည်း လက်ရမ်းဆင်မထား။ အသည်းယားစရာ ဖြစ်သည်။


ဝင်းစိန်တောရ အဝင်




ဝင်းစိန်တောရ ဘုရားကြီး


အကာအရံမရှိသော လှေခါးထစ်များ


အသစ်တည်နေသည့်ဘုရား



နောက်ပြီး သူတို့က တောင်ခြေတွင်ပင် ဖိနပ်ချွတ်ခဲ့ဘို့ လမ်းညွှန်ထား၏။ နေပူထားတော့ အုတ်လှေခါးပေါ်နင်းရတာ ပူလှသည်။

ဗုဒ္ဓ၀င်ပြခန်းများ၌ ဘီလူးများနှင့် ငရဲခန်းများပါလေရာ သားက မကြည့်ရဲသဖြင့် လမ်းတလျှောက်လုံး သူ့မျက်လုံးကို ပိတ်လာခဲ့ရလေသည်။ အရုပ်များမှာ ဖုံသောသောနှင့်။ အနှစ် (၂၀) ကျော်ကြာသည့်တိုင် ဘုရားကြီးတည်ဆောက်ရေးမှာ လက်စမသပ်သေးပါ။ ပြန်အဆင်း၌ ကျွန်တော်တို့ ကြွေပြားများ လှူခဲ့ကြသည်။

ထိုဘုရားကြီးအနီး၌ နောက်ထပ် ဘုရားကြီးတစ်ဆူလည်း ထပ်မံတည်ဆောက်နေရာ ဆောက်လုပ်ဆဲအဆောက်အအုံကို ရေကြည့်ရာ စုစုပေါင်း ၁၂ ထပ်ရှိလေသည်။ ထို့ပြင် တောင်ခြေ၌လည်း ဝင်းစိန်တောရ ဆရာတော်ကြီး၏ စံကျောင်းတော် အနီးတွင် ရုပ်တုအကြီးကြီးများ ထုလုပ်ထားသည်ကို တွေ့ရ၏။ ဆရာတော်ကြီးကား ပျံလွန်တော် မူရှာလေပြီ။ ကျွန်ုပ်မှာ ရုပ်တုကြီးများကိုကြည့်ရင်း ရုပ်တုအကြီးကြီးထုတော့ ကုသိုလ်အကြီးကြီးရပြီး နိဗ္ဗာန်ကို အကြီးကြီး (ဟုတ်ပေါင်) ခပ်မြန်မြန် ရောက်လေမည်လားဟု ကြံကြံဖန်ဖန် တွေးမိလေသော ဟူသတတ်။

အားလုံးကို လှည့်ပတ်ကြည့်ရှုပြီး ခရီးဆက်ခဲ့ကြသည်။ မော်လမြိုင်မှ ဘုရားကြီးကို သွားဖူးမည် ကြံသေးသော်လည်း သားက ဘာထူးသေးတုံး ဖေကြီးရာ၊ ပန်းရံဆရာတွေက ဒီလိုဒီလိုလုပ်ပြီး ဆေးသုတ်ထားတဲ့ဥစ္စာချည်းပဲဟာ၊ ဝင်မနေတော့ ပါဘူး။ ပြန်ကြမယ် ဆိုလေ၏။  သူပြောတာလည်း ဟုတ်တုတ်တုတ်။ ဖအေ့ခြေရာ တစ်ထပ်တည်းနင်းသည့် သား ဖြစ်၏။

မော်လမြိုင်အဝင်တွင် ဒူးရင်းသီးယိုဝယ်ရင်း လဖက်ရည်ဆိုင် ဘယ်နားရှိတုံးမေးသော် ဟောဟိုနားမှာ ဆိုင်ရှိတယ်။ အစုံရတယ် ဆိုသဖြင့် ထိုဆိုင်သို့ လာခဲ့ကြသည်။ နေလည်း အတော်ကျနေပြီဖြစ်သဖြင့် လဖက်ရည်သာမက ညနေစာပါ တစ်ခါတည်း မှာစားလိုက်ကြလေ၏။

ကျွန်တော်တို့ ထမင်းကြော်၊ ထမင်းပေါင်း၊ ဘိတ်ကပ်ကြေးကိုက် စသဖြင့်မှာစားရာ မဆိုးပါ။ စားလို့ကောင်းပါသည်။ လေးယောက်စားတာ (အအေးသောက်တာအပါအ၀င်) စုစုပေါင်းမှ ၉၀၀၀ ကျော်သာ ကျသည်။ စားသောက်ပြီးနောက် လေညင်းသာသို့ ပြန်ခဲ့ကြ၏။


လေညင်းသာ တည်းခိုခန်း

(၆) ဘိုင့်ဘိုင် မော်လမြိုင်

ညဘက် စာဖတ်နေစဉ် သီချင်းသံများကြား၍ နားထောင်ကြည့်ရာ ခရစ်စမတ်အတွက် လှည့်လည် သီချင်းဆိုနေကြ ကြောင်း သိရ။ တော်တော်ညဥ့်နက်သည်ထိ သီချင်းသံများ ကြားနေရ၏။

မနက်စောစောတွင်လည်း အသံများကြား၍ ထွက်ကြည့်သော် ဆောင်းတွင်းမနက် စုပေါင်းလမ်းလျှောက်ကြသည်ကို တွေ့ရ၏။ အတော်များသည်။ နောက် အရုဏ်ဆွမ်းခံထွက်လာသည့် ကိုရင်၊ ဦးပဉ္စင်းများ စီတန်းကြွချီလာသည်ကို တွေ့ရသည်။ နောက်ဆုံးတွင် ကျောင်းသား ကျောင်းသူများဖြစ်ဟန်ရှိသည့် ကလေးငယ်များ ဆက်လက် စီတန်းလာကြရာ ကျွန်ုပ်လည်း တစ်ခုသော ကလေးငယ်ထံချဉ်းကပ်လျှက် ဒါ ပရဟိတကျောင်းကလားဟု စပ်စု၏။ ကလေးက ကြိုက်ဟန် မတူ။ ဘုကြည့်ကြည့်ကာ ခပ်ဆတ်ဆတ် ခေါင်းငြိတ်ပြသွားလေသည်။

ကျွန်တော်လည်း သားကိုခေါ်ကာ ကမ်းနား၌ လမ်းလျှောက်ကြသည်။ ညဈေးတန်းနေရာတွင် အမှိုက်သရိုက်လုံးဝမရှိဘဲ ပြောင်ရှင်းနေသည်ကိုတွေ့ရ၏။ နံနက်စောစော နှင်းဝေဝေ၌ လမ်းလျှောက်သူများကို ကြိုကြားကြိုကြားတွေ့ရသည်။ ကမ်းနားတွင်ထိုင်ရင်း ကျွန်တော်က သားကို အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အမှည့်ချွေချွေကာ သိမ်းယူပုံအကြောင်းများ ပြောပြ၏။

ထို့နောက် လှေဆိပ်တစ်ခုသို့လာကာ လျှောက်ကြည့်ကြသည်။ ခရမ်းချဉ်ပင်၊ ကန်စွန်းပင်များကို ဘောင်ခတ်စိုက်ထား သည်ကို တွေ့ရ၏။ အနားတွင် အိန္ဒိယနွယ်ဖွားအမျိုးသမီးကြီးတစ်ယောက်နှင့်တွေ့၍ အလ္လာပ၊ သလ္လာပ ပြောကြ၏။

မြူကွဲသွားပြီး မိုးစင်စင်လင်းသွားပြီဖြစ်သောကြောင့် လေညင်းသာသို့ပြန်ခဲ့ကာ နံနက်စာ စားကြသည်။ သားက တည်းခိုခန်းမှ ခွေးကလေးနှင့် ကစားကာ အလွန်သဘောကျလျက်ရှိ၏။ စားသောက်ပြီး၍ မော်လမြိုင်ကိုနှုတ်ဆက်ကာ ထွက်ခွာလာချိန်၌ သူ့ကို ခွေးတစ်ကောင် ဝယ်ပေးပါမည့်အကြောင်း ပူဆာလေတော့၏။ (အမှန်မှာ အခုမှ မဟုတ်။ စင်ကာပူမှာတုံးကတည်းက ခွေးမွေးချင်သည့်အကြောင်း ပူဆာဖူးသည်။ သို့သော် ခွေးမွေးရသည်မှာ အလွန် ကရိကထ များလှ၍ ကျွန်ုပ်ကသဘောမတူ။ ထိုအခါ သူက ခွေးအစား ငါးမွေးရန် တောင်းဆို၍ ငါးကန်နှင့် အလှမွေးငါး သုံးကောင် ဝယ်ပေးသည်။ အထိန်းအသိမ်းမတတ်၍ ထင့်။ ငါးကလေး နှစ်ကောင်မှာ သေသွားလေသည်။ နောက်ထပ် နှစ်ကောင် ထပ်ဝယ်သေးသော်လည်း သေပြန်သည်။ ငါးကလေးတွေ သေတော့ သားမှာ အတော်စိတ်မကောင်း ဖြစ်သည်။ ငါးအသေ ကလေးကို ပန်းအိုးထဲရှိ မြေကြီးထဲတွင် တူးမြှုပ်သည်။ ကျွန်ုပ်က အလိုက်ကန်းဆိုးမသိ ရီသောအခါ မောင်မင်းကြီးသားက ရှိုက်ကြီးတငင်ငို၍ မနည်းပြန်ချော့ရသည်။ အကောင်ပလောင်များကို စိတ်မဝင်စားသည့် ကျွန်တော်က သည်ငါးများကို မည်ကဲ့သို့ ပြုစုရမည်ကို နားမလည်။ သူ့ကို Youtube မှ ကြည့်ကာ လေ့လာခိုင်းသည်။ ဤကား စကားချပ်)

လမ်းက အလွန်ကောင်းတော့ ကားများကလည်း အသားကုန် မောင်းသပေါ့။ ကျွန်တော်တို့ကားရှေ့ မလှမ်းမကမ်းတွင် မောင်းနှင်လျက်ရှိသည့် ဘတ်စ်ကားကြီးမှာ ကျွန်တော်တို့ ကားထက်ပင် မြန်သေးသည်။ တွေ့သမျှ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများကို တစ်ဖက်လမ်းကြောမှ ကျော်ကာ အသားကုန် မောင်းသွားလေသည်။ အဝေးပြေးကားဖြစ်၍ ကားပေါ်၌ ခရီးသည်အများ လိုက်ပါလာကြမည် မချွတ်။ အကယ်၍ တစုံတစ်ခုဖြစ်ခဲ့ပါက အများအပြား အသက်ဆုံးရှုံး၊ ဒဏ်ရာရ စသည်တို့ ဖြစ်မည်မချွတ်။ အဘယ်ကြောင့် သည်မျှ အလျင်လိုရပါသနည်း။ ကျွန်တော်ကတော့ ကိုမျိုးကို အရှိန်လျှော့ မောင်းဘို့ တစ်ချိန်လုံး သတိပေးနေသည်။ အထူးသဖြင့် အကွေ့များတွင် ဖြစ်၏။

လမ်းတွင် မချိမဆန့်တင်လာသည့် ထော်လာဂျီများကိုလည်း မကြာခဏဆိုသလို တွေ့ရလေသည်။





ကျိုက်ထို၌ အဆာပြေ စားကြသောက်ကြသည်။ ဆိုင်တစ်ဆိုင်လုံးလိုလို ကလေးလုပ်သမားများချည်း တွေ့ရ၏။ ခပ်ကြီးကြီး (အသက် ၁၄ နှစ်ခန့်ရှိ) ကောင်လေးတစ်ယောက်က ကျန်ကလေးများကို ကြီးကြပ်နေသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ဤမြင်ကွင်းမျိုးမှာ အဆန်းမဟုတ်တော့ပါ။ တစ်ခါက အလုပ်သမား သမဂ္ဂများက ကလေးလုပ်သားများ ခိုင်းစေမှုနှင့် ပတ်သက်၍ ကုမ္ပဏီ/ဆိုင် တစ်ခုကို ဝိုင်းဝန်းအရေးဆိုကြရာ ထို ကုမ္ပဏီ/ဆိုင်က သူတို့ခိုင်းထားသည့် ကလေးများ အားလုံးကို ဖြုတ်လိုက်သည်။ ပြဿနာက ထိုကလေးများ၏ မိသားစုဖြစ်သည်။ ထိုကလေး ဝင်ငွေလျော့သွားတော့ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်လေ၏။ ထိုအခါ ကလေးများမှာ သည်သခင်လက်က ဟိုသခင်လက်သို့ ပြောင်းသွား တာပဲ အဖတ်တင်သည်။ လုပ်တာကတော့ လုပ်ရမြဲ။ အလုပ်သမားသမဂ္ဂ ဆိုသူများကလည်း ထိုမျှ များပြားလှသော ကလေးများ၏ မိသားစုများကို ဘယ့်နှာလုပ် ထောက်ပံ့နိုင်ပါမည်နည်း။

ပြောတော့ အလွယ်လေး ခင်ဗျား။ တကယ်လုပ်ကြည့်တော့ တကယ်မလွယ်ပါ။ စိန်ခေါ်မှု များစွာနှင့် ဖြစ်သည်။

ပဲခူးတွင် ရွှေမော်ဓောစေတီတော်သို့ ဝင်ဖူးကြ၏။ ရင်ပြင်တော်ပေါ်မှ အပင်ကြီးများမှာ ထီးကြီးကို ဖြန့်မိုးထားသည့်အလား အလွန်လှပစွာ ရှိနေပါသည်။ ကျွန်တော်တော့ ဘာပင်မှန်းမသိပါ။ အရိပ်အာဝါသ ကောင်းလှသည့် ထိုအပင်ကြီးများကို ကျွန်တော် အလွန်သဘောကျလှသည်။


သူ့အမေက သင်ပေး၍ သားက သူ့မွေးနံထောင့်တွင် ဘုရားကို ရေသပ္ပာယ်သည်။ လူကြားကောင်းအောင်သာ ဘုရားကို ရေသပ္ပာယ်သည် ဟု ခေါ်ပြီး အမှန်မှာ ခေါင်းမှ ရေဖြိုလောင်းခြင်း ဖြစ်ပါသည်။ ကိုယ်ကိုးကွယ်သည့်ဘုရားကို ခေါင်းမှ ရေဖြိုလောင်းရတာကို သဘောကျ၊ နှစ်ခြိုက်သူများထဲတွင် ကျွန်တော် မပါပါ။ ကျွန်တော်ကား လူ့ခွစာ ဖြစ်ပါသည်။ သို့သော် သားကိုမူ ငယ်သေးသည်ထင်၍ ဘာမှ မပြောခဲ့ပါ။ နောင်အလျဉ်းသင့်သည့် တစ်ချိန်တွင်မူ ဤကဲ့သို့ မလုပ်သင့် ကြောင်း အကျိုးသင့် အကြောင်းသင့် ရှင်းပြပါမည်။

နေ့ခင်းပိုင်းဖြစ်၍ ပဲခူး - ရန်ကုန် ကားလမ်းကြောမှာ ရှင်းနေပါသည်။ သိပ်မမောင်းလိုက်ရဘဲ ရန်ကုန်ပြန်ရောက်လာခဲ့၏။

ကျွန်ုပ်တို့က ဘုရားကိုအကြောင်းပြ၍ ဘုရားဖူးခရီးဟု အမည်တပ်ကြ၏။ ဘုရားသို့လည်း သွားကြပါသည်။ လမ်းပြများကလည်း ဘုရားကိုသာ အဓိကထားလျက် အခြား နေရာများကိုမူ ဘုရားဖူးခရီး၏ ခရီးသွားဟန်လွှဲ ခရီးစဉ်ဟုသာ သဘောထားကြသည်။ ဘုရားဖူးသွားရင်း ဒေသန္တရ ဗဟုသုတ ရှာမှီးကြခြင်း ဖြစ်၏။ အမှန်က ဘုရားမရှိဘဲလည်း ခရီးထွက်နိုင်သည်သာ ဖြစ်၏။ ထိုအခါ ထိုခရီးကို ဘုရားဖူးခရီးဟု မခေါ်နိုင်တော့။ ထိုအခါ ဘာခရီးခေါ်ရပါ့ဟု ကျွန်ုပ်မှာ အလုပ်မရှိ၊ အလုပ်ရှာကာ တွေးနေမိပါသည်။

နောက်တစ်ခု ကျွန်တော်သတိထားမိသည်မှာ မြို့ရွာ အဘယ်မျှ စုတ်ချာနေပါစေ၊ (ယခုခေတ်တွင်တော့ ခပ်စုတ်စုတ် မြို့ရွာများကို မတွေ့ရတော့ပါ။ မတွေ့ရသလောက်ဟု ထင်ပါသည်။) သာသနိက အဆောက်အဦးများကိုမူ ခမ်းခမ်းနားနား လုပ်ထားကြသည်ချည်း။ ဤသည်ကို ကြည့်ခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် မြန်မာလူမျိုးတို့ အဘယ်မျှ ယုံကြည် ကိုးကွယ်ကြကြောင်း သိမြင်နိုင်ပါသည်။

ကျိုက်ထီးရိုး၊ ဝင်းစိန်လျောင်းတော်မူဘုရားကြီး စသည့် သာသနိက အဆောက်အအုံများ ထင်ထင်ရှားရှားရှိတာ ကောင်းပါသည်။ ထို့ထက် ဘုရားဟောထားသည့် တရားတော်များကို နှလုံးသားနှင့် ကျကျနန သဘောပေါက် နားလည်မှ ဗုဒ္ဓဘာသာ ဖြစ်ရကျိုး နပ်မည်ဟု ကျွန်တော်ကတော့ ခံယူပါသည်။ ဤသည်မှာ ကျွန်တော့်သဘောထားကိုသာ ပြောပြခြင်း ဖြစ်၍ ကျွန်တော်သာမှန်ပြီး အများမှားသည်ဟု မဆိုလိုကြောင်း မိတ်ဆွေတို့ သဘောပေါက်ပါသည်။

ဤသည်ကား ကျွန်ုပ်တို့မိသားစု ဘုရားကိုအကြောင်းပြုပြီး မော်လမြိုင်ဘက်သို့ လည်ကြပတ်ကြခြင်းအကြောင်း ဖြစ်ပါတော့သည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၁ ဒီဇင်ဘာ၊ ၂၀၁၇

မွန်ပြည်နယ်သို့ အလည်သွားခြင်း (1)

(၁) ကျိုက်ထီးရိုးဘုရားဘက်သို့ အလည်အပတ်သွားခြင်း

မြန်မာပြည်ပြန်ရင် Golden Rock သွားမယ် ဟု သားက အစောကြီးကတည်းက ကြိုပြောထား၏။ ထို့ကြောင့် ကျွန်တော် စာမေးပွဲပြီးသည်နှင့် ကျိုက်ထီးရိုးသို့ ချီတက်ခဲ့ကြသည်။ ပထမ သူက ရထားနှင့် သွားချင်သည်ဆို၍ ရထားနှင့်သွားရန် ကြံသေး၏။ မမတို့က မော်လမြိုင်ရထားမှာ အတော်ဆိုးသည်။ စီးလို့အဆင်မပြေဆိုသည်နှင့် သားရယ် ကားငှားပြီးပဲ သွားကြပါစို့ကွာ ဆိုတော့ သူကလည်း သဘောတူပါသည်။ ထို့ပြင် သွားမည့်နေရာက ကျိုက်ထီးရိုးတစ်ခုတည်း မဟုတ်။ ကျိုက်ခမီ၊ စက်စဲ စသည်တို့ကိုလည်း သွားဦးမည်ဆိုတော့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် အဆင်မပြေ လောက်။ အချိန်ကုန်မည်။ လူပင်ပန်းမည်။ ထို့ကြောင့် ကားငှားသွားရန် ဆုံးဖြတ်ရခြင်းဖြစ်၏။

ကားအတွက် ခရီးဝေးသွားလျှင် ခေါ်နေကျ ကိုမျိုးကိုပင် ခေါ်သွား၏။ ခရီးမထွက်မီ တစ်ပတ်လောက်အလိုကတည်းက ကိုမျိုးရေ ကားကိုတော့ သေသေချာချာ စစ်ပေးထားပါကွာ။ မတော် လမ်းမှာ တစ်ခုခုဖြစ်နေမှာစိုးလို့ ဆိုတော့ ရတယ်ဦး၊ ကျွန်တော် စစ်ထားလိုက်မယ် ဆို၏။ ကားနှင့်လူ သုံးခ၊ တစ်နေ့ ငါးသောင်းပေး။ ဆီကိုယ့်ဘာသာထည့်ဆိုတော့ အဆင်ပြေပါသည်။ (ယခင်တစ်ခေါက် ပြင်ဦးလွင်သွားတုံးကလည်း ဤနှုန်းအတိုင်းပင် ဖြစ်ပါ၏။)

ဆီက အသွားသုံးသောင်းဘိုး၊ အပြန် သုံးသောင်းဘိုး ကုန်သည်။ ဆိုတော့ ခရီးစဉ်တစ်ခုလုံးအတွက် သယ်ယူပို့ဆောင်ခ နှစ်သိန်းတစ်သောင်း ဖြစ်၏။

ကျွန်တော်တို့ အဝေးသင် ဒုတိယနှစ် စာမေးပွဲကြီးက (၂၉) ရက်နေ့ ပြီး၏။ ထို့ကြောင့် နိုဝင်ဘာ (၃၀) ရက်နေ့တွင် ခရီးထွက်ခဲ့သည်။ (၃) ရက်လောက်ကြာမည် မှန်း၏။

 (၂) ပိုက်ဆံနှစ်သောင်းကို လွှင့်ပစ်မိခြင်း

မနက် ၄း၂၀ နာရီတွင် အိပ်ရာမှ ထ။ မနက်စာ စားသောက်၊ အ၀တ်အစားလဲပြီးတော့ ကားရောက်လာသည်။ မနက် ၅ နာရီတွင် အိမ်မှ ထွက်ခဲ့ကြ၏။

စောသေးသဖြင့် ကားရှင်းနေသည်။ ရန်ကုန်ဆောင်းသည် ဆောင်းမပီသ။ အအေးဓာတ်ကို ဘုရားစူးရပါစေ့။ ပီဘိ ဆောင်း ဟု ဆိုရရုံမျှသာရသည်။ မြို့ပြင်ထွက်လာမှ အတော်လေး အေးလာသည်။ အဝေးပြေးကားလမ်းဘက်တွင် မြူတွေ ဆိုင်းနေ ၏။ ကားလမ်းကို ကောင်းကောင်းမမြင်ရ။ သို့သော် ပဲခူးလမ်းဟောင်းဘက်တွင်မူ သစ်ပင်များရှိ၍ မြူသိပ်မကျ။ လမ်းကို ပြတ်ပြတ်သားသား မြင်ရသည်။

ထောက်ကြံ့ကိုလွန်လာတော့ အရှေ့ဘက်ကောင်းကင်တွင် ရောင်နီသန်းနေချေပြီ။
ကျွန်တော်နှစ်သက်သည့်အရာများတွင် နံနက်စောစော ရောင်နီသန်းစအချိန်နှင့် ညခင်းဆည်းဆာချိန်တို့ ပါသည်။ ထိုနှစ်ခုအနက် နံနက်ရောင်နီပျို့စအချိန်ကို ပိုနှစ်သက်သည်။ အိပ်တန်းထကာ ပျံသန်းလာသော ငှက်ကလေးများကို ရောင်နီနောက်ခံကောင်းကင်တွင် မြင်တွေ့ရတာ ကျွန်တော်အလွန်နှစ်သက်ပါသည်။

နံနက်ပိုင်းဈေးအမီ သုတ်ချေတင်နေသည့် ဈေးသည်များကို လမ်းနဘေးတွင် ပုံစံမျိုးစုံဖြင့် တွေ့ရသည်။
အချို့က ခေါင်းတွင် ကုန်ပစ္စည်းများရွက်လျက်၊ ပုခုံးတွင် ဆိုင်းထမ်းများနှင့် ထမ်းလျက်။ အချို့က စက်ဘီးနောက်တွင် ကုန်တင်လျက်။ အချို့က ဆိုင်ကယ်ဘေးတစ်ဖက် တစ်ချက်တွင် နင့်လောက်အောင် တင်လျက်။ အချို့ကတော့ ဝန်ပေါ့ကုန်များကို ဆိုင်ကယ်နှင့်လူကို မမြင်ရတော့လောက်အောင် တင်လျက်။ အချို့ကျ ထော်လာဂျီများပေါ် တနင့်တပိုး တင်လျက်။ အစောပိုင်းက လမ်းများတွင် ကားများကို သိပ်မတွေ့ရ။ မိုးစင်စင်လင်းသည့်အခါကျမှ ရန်ကုန်သို့ဝင်လာသော အဝေးပြေးကားများကို တွေ့လာရလေသည်။ အခွံချည်းမောင်းလာသည့် ကုန်တင်ကားကြီးတစ်စီးတစ်လေ တွေ့ရ၏။

လှည်းကူး CARTC ရှေ့ဖြတ်သွားတော့ ခင်ခင်မာလာမြင့် စသည့် မိတ်ဆွေဖြစ်ခဲ့ဖူးသူများကို ဖြတ်ကနဲ သတိရသည်။ သူတို့ ဘယ်တွေရောက်လို့ ဘာတွေများ လုပ်နေကြပါလိမ့်။

ပထမတော့ ပဲခူးတွင် မနက်စာစားရန် ကြံသေးသည်။ သို့သော် မစားဖြစ်ကြ။ ကျိုက်ထိုရောက်မှ စားကြသည်။
ကားလမ်းများမှာ အလွန်ကောင်း၏။ ချိုင့်ခွက်၊ လှိုင်း စသည်တို့မရှိ။ ညက်နေသည်။ ကျွန်တော် သည်လမ်းကို ၁၉၉၅ ခုနှစ် က ကျောင်းသားများနှင့် တစ်ခေါက် သွားဖူး၏။ ကိုသိန်းနိုင်ဝင်း၊ တရုတ်ကြီး (နာမည်ရင်းကိုတောင် မေ့နေပြီ။)၊ ကိုဇော်မိုးလွင် (ထင်သည်)၊ ကိုစိုင်းစံပွင့်၊ မအေးမိစံ၊ မသင်းသင်းအောင်တို့ ညီအစ်မတို့နှင့် ကျိုက်ထီးရိုးဘုရားဖူးသွားခြင်း ဖြစ်၏။ မအေးမိစံတို့ရွာဖြစ်သော မရမ်းကုန်းတွင် တည်းကြသည်။ မအေးမိစံက ဒေသခံဆိုတော့ သူတို့ အနီးတ၀ိုက် လိုက်ပြ၏။

သည်တုံးက ကားလမ်းမှာ အတော်ဆိုး၏။ စီးသည့်ကားက ဟိုင်းလတ်ကားလေး။ အမျိုးသမီးများမှာ အောက်ကထိုင်ပြီး ကျွန်တော်တို့ ယောက်ျားလေးများမှာ ခေါင်မိုးပေါ်ထိုင်ကာ လိုက်ရသည်။ ကျွန်တော်တို့က စုစုပေါင်း ဆယ်ယောက် လောက်ရှိတော့ ခရီးဆောင်အိတ် (၁၀) အိတ်ပါသည်။ ကားစပယ်ယာက အိတ်တွေများလွန်းသည် ဆို၏။ ကျွန်တော်တို့က တစ်ယောက်တစ်အိတ်နဲ့ ဆယ်အိတ်တင်တာ များသလားဗျ ဟု စပယ်ယာနှင့် အတိုက်အခံပြောခဲ့ရသည်ကို ယခုတိုင် မှတ်မိသေး၏။ ကျိုက်ထီးရိုးတောင်ပေါ်ကိုလည်း ကင်မွန်းစခန်းမှစကာ ခြေလျင်တက်ကြရသည်။ လမ်းကလည်း အကောင်းကြီးမဟုတ်။ ကျီးကန်းပါးစပ် စသည့်နေရာများကိုလည်း မြေလမ်းကသာ သွားကြရတာဖြစ်၏။

ယခုမူ လမ်းကောင်းတော့ ကျိုက်ထိုကို သုံးနာရီခွဲသာ မောင်းရသည်။ ကျိုက်ထိုတွင် မနက်စာစားပြီး ခရီးဆက်ခဲ့၏။ ကင်မွန်းစခန်းတွင် ကားအပ်။ ထို့နောက် ကျိုက်ထီးရိုးတောင်တက်သည့် ကားဂိတ်တွင် စုံစမ်း၏။ ရှေ့ခန်းတွင် ထိုင်လျင် ၃၀၀၀ ကျပ်၊ နောက်ခန်းတွင်လိုက်ပါက တစ်ဦးလျှင် ၂၀၀၀ ကျပ်ဟု ဆို၏။ သို့နှင့် ခရီးတိုလည်းဖြစ်သည့်အတွက် နောက်ခန်း၌ပင် ထိုင်လိုက်ကြ၏။ တောင်ပေါ်စတက်တော့ မနက် ၉ နာရီသာသာ။

တောင်တက်ကားများမှာ လော်ရီကားကြီးများ ဖြစ်၏။ အင်ဂျင်အားကောင်းလှသည်။ ခရီးသည်များထိုင်ရသည့် ထိုင်ခုံလေး များမှာမူ လက်တစ်ဝါးစာလောက်သာ ရှိသည်။ ခရီးသည်များအား ကြက်ခြင်းအတွင်း ကြက်များကို ထည့်သကဲ့သို့ ထိုးထည့်လေ၏။ အများဆုံး ၅ ယောက်လောက်သာဆန့်သည့် ထိုင်ခုံတန်းကို ၆ ယောက်တင်သည်။ ခရီးသည်များမှာ တစ်ယောက်ကိုတစ်ယောက် ကျားကန်လျက် ထိုင်ကြရ၏။ ရှေ့ခုံတန်းနှင့် နောက်ခုံတန်းမှာလည်း ဒူးလွတ်ရုံသာရှိ၏။ အရပ်ရှည်သူများဆို ဒူးပင်မလွတ်။


သားက ထိုင်ခုံတွင် ထိုင်ပြီးပြီးချင်း ထိုင်ခုံ၌ အသေတွဲထားသည့် ခါးပတ်ကို ဂွပ်ကနဲ ပတ်လိုက်၏။ သူက အလွန်လည်းဝ၊ ဗိုက်ကလည်းပူ ဆိုတော့ ပတ်ပြီးမှ အသားကုန်တင်းနေ၍ ပြန်လျှော့ရအောင် ဖြုတ်ခိုင်းသည်။ ခါးပတ်တဲ့ခင်ဗျား။ တကယ့်ကို ဘုရားစူးရပါစေ့ ခါးပတ်ဖြစ်သည်။ ကျွန်တော်လည်း ကြိုးစားပမ်းစား ဖြုတ်ပါသည်။ သို့တိုင် တော်တော်နှင့် ဖြုတ်လို့မရ။ သားကလည်း အလွန်တင်းနေသည်ဖြစ်ရာ ကျွန်တော့်မှာ လက်များနာလျှက် ခါးပတ်ဖြုတ်ရင်း ချွေးပြန်နေ၏။ အတော်ကြီးကို ခက်ခက်ခဲခဲ ဖြုတ်ယူရသည်။ ကျွန်တော်လည်း ခါးပတ်ပတ်ရန်အကြံကို စွန့်လွှတ်လိုက်ရလေ၏။ အခြားသူများကမူ ခါးပတ်ရှိမှန်းတောင် သတိမထားမိကြ။



တောင်အတက်မှာ အလွန်မတ်စောက်လှပေရာ ကားမှာ လီဗာကို အသားကုန်နင်းလျက် တက်ရ၏။ ခရီးသည်များမှာ ဟိုဘက်ယိမ်းလိုက်၊ သည်ဘက်ယိမ်းလိုက်နှင့် ရိုလာကိုစတာ စီးရဘိသကဲ့သို့ ရှိ၏။ တစ်နှစ်လုံးနေလို့ တစ်ခါ ဘုရားမရှိခိုး ဖူးသော ကျွန်ုပ်မှာ ယခုမှ တစ်ချိန်လုံး ဘုရားကို တ,မိနေရသော ဟူသတတ်။

ကားလမ်းများမှာ တောင်စောင်းတွင် ဖောက်ထားသည်ဖြစ်ရာ တစ်ဖက်တွင် တောင်နံရံနှင့် အခြားတစ်ဖက်တွင် ချောက် ကမ်းပါးကြီးဖြစ်၏။ သို့တိုင် ချောက်ကမ်းပါးဘက် နေရာအတော်များများ၌ အကာအရံတိုင်များ စိုက်ထူထားတာ မတွေ့ရ။ စိုက်ထူထားသည့် ကွန်ကရိ အရံအတားတိုင်များမှာလည်း အဖြစ်သဘောမျှ စိုက်ထူထားခြင်း ဖြစ်၏။ တကယ့်တကယ်သာ ကားထိုးကျလျှင် ဘယ်လိုမှ အကာအကွယ် မပေးနိုင်တာ သေချာပါသည်။ သေသေချာချာ ကာထားတာ ဆို၍ တစ်နေရာ နှစ်နေရာလောက်မျှသာ တွေ့ရ၏။




အပေါ်မှဆင်းလာသည့် ကားများနှင့် လမ်းတွင် ဆုံသည်။ သူတို့ကတော့ ဂီယာကြီးနှင့် ဘရိတ် တွဲဆင်းလာသည် ထင်၏။ သက်တောင့်သက်သာ ရှိတာ တွေ့ရပါသည်။ တောင်တက်လမ်းဆိုတော့ လမ်းဧရိယာ သိပ်မကျယ်။ ကားနှစ်စီး ရှောင်သာရုံသာ ရှိသည်။

သို့နှင့်ပင် တောင်ပေါ်ရောက်လာခဲ့၏။ ကားဂိတ်နှင့် ကျိုက်ထီးရိုးစေတီမှာ အတန်ငယ်လှမ်းသေးသည်။ ထိုခရီးတိုကလေး မှာပင် အတက်အဆင်းများရှိရာ အသက်ကြီးသူများက အထမ်းနှင့်သွားကြ၏။ ကျွန်တော်တို့ကတော့ လမ်းလျှောက်လာခဲ့ ကြပါသည်။

လမ်းတွင် သားက ကျိုက်ထီးရိုးစေတီအကြောင်းမေး၍ ကျွန်တော်က ရှိခဲ့ပြီး သမိုင်းကြောင်းကို ရှင်းပြသည်။ ထို့နောက် ကျိုက်ထီးရိုးတည်နေပုံနှင့် ပတ်သက်၍ မေးပြန်သဖြင့် ကျွန်တော်က အင်ဂျင်နီယာနည်းနှင့် ပုံဆွဲကာ ရှင်းပြရ၏။

ကျိုက်ထီးရိုးစေတီရောက်သော် ရွှေချချင်သည်ဆို၍ ရွှေဆိုင်းသွားဝယ်ရသည်။ လေ အလွန်တိုက်နေ၍ မနည်း ရွှေချရသည်။ ရွှေဆိုင်းများက အလွန်ပါးလွှာလှသဖြင့် စက္ကူမှခွာလိုက်သည်နှင့် တိုက်နေသော လေနောက် လွင့်ကုန်ရာ စက္ကူကို ကျောက်တုံးတွင် ဦးစွာကပ်ပြီးမှ ခက်ခက်ခဲခဲ ကပ်ယူရသည်။ ထို့ပြင် ရွှေချသူများမှာ အလွန်များသဖြင့်လည်း နေရာ အခက်အခဲကြောင့် ခဲယဉ်းရခြင်း ဖြစ်သည်။

တောင်ထိပ်ဖြစ်၍ နေမှာ အသားကုန် ပူ၏။ အပင်ဆို၍ အပင်သေးသေးလေး တစ်ပင်ပဲ ရှိသည်။ အားမကိုးလောက်။ ဘုရားဖူးများမှာ သိပ် မများလှသည့်တိုင် အရိပ်ရသော ဇရပ်များအတွင်း၌ ပြည့်နေလေ၏။ ကျွန်တော်တို့က ဇရပ်ထဲ၌ ခေတ္တခဏလောက် နားလိုသေးသော်လည်း သားက ဆက်မထိုင်လို။ ရှေ့ဆက်ဘို့ အားသန်နေသဖြင့် ရင်ပြင်ပေါ်တွင် ခေတ္တခဏမျှနေပြီး ကျီးကန်းပါးစပ်သို့ ဆက်ခဲ့ကြ၏။

ကျွန်တော်တို့ ငယ်ငယ်ကတော့ တစ်နေရာမှ တစ်နေရာသို့ ခြေလမ်းဖြင့် သွားကြရသည်။ ပီဘိ သဘာဝအတိုင်း။ ယခု တော့ ကျီးကန်းပါးစပ်သွားရာလမ်းမှာ ကွန်ကရိလှေခါးများခင်းထားသည်။ လမ်းတလျှောက်လုံး လမ်းဘေးဝဲယာ ဆိုင်များ နှင့် အပြည့်။ ဆိုးသည်မှာ လိမ်းဆေး ရောင်းသူများ ဖြစ်၏။ သူတို့က ဈေးခေါ်တာ ပါးစပ်နှင့်တင် ခေါ်တာမဟုတ်။ လက်မောင်းကိုပါ ဆွဲခေါ်တာဖြစ်၏။

ကိုယ့်ကိုကိုင်တာ မကြိုက်တတ်သော ကျွန်တော်လည်း စိတ်တိုလာသည်နှင့် ကိုယ့်လူတို့ ရိုးရိုးရောင်းပါ။ ဆွဲလား လွဲလား မလုပ်ပါနဲ့။ မကြိုက်ဘူး ဟု ခပ်တည်တည် ပြောတော့မှ ရှဲသွားကြလေ၏။

သားက အလွန်ဝသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်ကြီးကို မနည်းသယ်နေရသဖြင့် အလွန်ပင်ပန်းလှ၏။ ဖြည်းဖြည်းသွားရင်း ကျီးကန်းပါးစပ်ရောက်၏။ သူက ဘယ်မတုံး၊ ကျီးကန်းပါးစပ် ဆိုလေရာ ကျွန်ုပ်လည်း ကြံဖန်ပြီး ကျောက်တုံးနှစ်ခုအကြား ပြရလေ၏။ သူက မကျေနပ်။ ဒီကျောက်တုံးတွေ ကြည့်ဘို့ရာ ဒီလောက် အပင်ပန်းခံရပါမလားဟု ကွန်ပလိန်း တက်လေ၏။ ထို့နောက် ဂူအတွင်း ဆင်းကြသည်။

ထို့နောက် စိတ်မှ ပျော်ပါစေတော့ဟု ပိုက်ဆံအကြွေများနှင့် ကျောက်တုံးများအကြား ပစ်တင်ကြ၏။ (ပိုက်ဆံအကြွေ ဟုတ်ချင်မှ ဟုတ်ပါမည်။ ရှိစေ) အတန်ကြာ အပန်းဖြေပြီး ပြန်ခဲ့ကြ၏။ ရှေ့ဆက်ဘို့ မဖြစ်နိုင်။ အတော် ဖားနေလေပြီ။ အပြန်လမ်းကို အသွားတုံးက လာသည့်လမ်း မဟုတ်သည့် နောက်တစ်လမ်းကို ရွေးကြ၏။ သိပ်တော့ မထူးပါ။

သားက ၀တုတ်ပြဲကလေးဆိုတော့ လမ်းမှ ဆိုင်များက သူ့ကို စိတ်ဝင်စားကြသည်။ သူ့ကို လှမ်းနှုတ်ဆက်ကြသည့်တိုင် သူ့မှာ ကောင်းကောင်းပြန်မဖြေနိုင်။ ကြည့်လိုက်တော့ လျှာထွက်နေပြီ။ သူက အမှတ်တရ ကျိုက်ထီးရိုးစေတီတော် ပုံတူ ဝယ်လိုသော်လည်း ပုံကောင်းကောင်း မတွေ့။ ရှိသည့်ပုံများထဲမှ သိပ်မဆိုးလှသည့် စေတီတော်ပုံတူတစ်ဆူကို ဝယ်ခဲ့သည်။

ရင်ပြင်တော်ပေါ်ပြန်ရောက်သော် အမောအပန်းဖြေကြသည်။ နေနည်းနည်းစောင်းသွားသမို့ သိမ်တစ်ဖက်တွင် အရိပ်ထိုးနေရာ ထိုအရိပ်တွင် ထိုင်နားကြ၏။ ကုန်းတော်ပေါ်မှ မြင်ရသော ရှုခင်းများမှာ အလွန်လှသဖြင့် ကျွန်တော်တော့ ဓာတ်ပုံ အတော်များများ ရိုက်ခဲ့သည်။

ကုန်းတော်ပေါ်မှ ပြန်အဆင်းတွင် သားပင်ပန်းနေမှာစိုး၍ အထမ်းဈေးမေးတော့ အားပါး၊ တစ်သောင်းနှစ်ထောင် ဟု ဆို၏။ ကျွန်တော်လည်း တော်ပါပြီမောင်ရယ်၊ ၉၆၉၃ နဲ့ပဲ သွားပါတော့မယ် ဆိုတာတောင် အတင်းလာပြီး တစ်သောင်းပဲ ပေးပါ စသဖြင့် ကပ်နေသေး၏။

တောင်ပေါ်မှ အဆင်းတွင်မူ အတက်ခရီးလောက် သည်းထိတ်ရင်ဖို မရှိလှတော့ပါ။ ဘရိတ်နင်းပြီး အသာထိန်း ဆင်းခဲ့၍ အတော် ညက်ညောလှပါသည်။

တောင်ခြေရောက်တော့ နေ့လည်စာ စားကြမည်ဟု နာမည်ကြီး ထမင်းဆိုင်သို့ ဝင်ခဲ့၏။ ဆိုင်နာမည်က Feel, တကယ်စား တော့မှ တကယ်ဖီးတက်ရတော့သည်။

ဟင်းများမှာ ဆီများလျှံနေအောင်ထည့်ထား၍ ဘယ်လိုမှ စားမဖြစ်။ သားက ကြက်ကြော်မှာသည်။ ဘုရားစူးရပါစေ့ ကြက်ကြော်ဖြစ်၍ သူလည်း မစားနိုင်။ မစားနိုင်သည့်အတွက် ဟင်းပွဲများ မကုန်ဘဲ တော်တော်များများ ကျန်နေသည်။ ကျွန်တော့်မှာ ထားခဲ့ရမှာလည်း နှမြော။ စားကလည်း မစားနိုင်နှင့် အတော် ဂွကျလျက်ရှိ၏။ ထို့နောက် သစ်သီးဖျော်ရည် မှာသောက်သည်။ လေးယောက် စားတာသောက်တာ နှစ်သောင်းခြောက်ထောင်ထင်သည်။ ကျ၏။ ကျွန်တော့်မှာ အတော် အီစလံဝေသွားသည်။ စားကောင်းလို့ ပေးရတာ မနှမြောပါ။ အခုတော့ စားရတာလည်း မတင်းတိမ်၊ ဆက်စားဘို့ရာလည်း ဘယ်လိုမှ မဖြစ်တော့သည်မို့ အစားအသောက်အတော်များများကို လွှင့်ပစ်လိုက်ရလေရာ ပိုက်ဆံ နှစ်သောင်းကျော်ကို လွှင့်ပစ်လိုက်ရသည်ဟု ခံစားမိပါသည်။

(၃) လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က အိပ်မက်

စားသောက်ပြီးတော့ မော်လမြိုင်သို့ လာခဲ့ကြသည်။ ကျိုက်ထီးရိုးမှ မော်လမြိုင်သို့လည်း ၃ နာရီလောက် မောင်းရလေရာ ကျိုက်ထိုမှာ ရန်ကုန် မော်လမြိုင်ခရီးစဉ်၏ အလယ်နီးပါးလောက်တွင် ရှိသည်ဟု ခန့်မှန်းရလေသည်။

ကျွန်တော် ၁၉၉၅ ခုနှစ်လောက်က သည်ခရီးကို တစ်ခေါက်သွားခဲ့ဖူးသည်ဖြစ်ရာ အသေးစိတ်မမှတ်မိတော့သည့်တိုင် အချို့ အရာများကို ခပ်ရေးရေး မှတ်မိနေပါသေးသည်။ ထိုစဉ်က လမ်းခရီး အတော်ဆိုးတာတော့ မှတ်မိ၏။ ယခုမူ ရန်ကုန်မှ မော်လမြိုင် ရောက်သည့်တိုင် လမ်းများမှာ အလွန်ချောမောပြေပြစ်လှသည်ဖြစ်ရာ သွားလေသူ အစိုးရမင်းများကို ကျေးဇူးတင်လွန်းလှသဖြင့် မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ နို့သောက်နိုင် (အဲလေ) အနာမျိုး (၉၆) ပါး ကင်းကြပါစေဟု ဆုပေးမိသော ဟူသတတ်။

ထို့ပြင် လမ်း၌ ဓာတ်ဆီဆိုင်များကိုလည်း မလှမ်းမကမ်းတွင် တွေ့ရသည်။ ကျွန်တော် အိမ်သာတက်ချင်၍ ဓာတ်ဆီဆိုင် တစ်ခုတွင် ဝင်သွားရာ အိမ်သာများမှာ အလွန်သန့်ပြန့်လှသည်ကို တွေ့ရ၏။ ဘာအနံ့အသက်မှ မရသည့်ပြင် လက်ဆေးစရာ ဆပ်ပြာရည်နှင့် ရေလည်း ရသည်။ တစ်ရှူးလည်းရှိသည်။

ကားလမ်းနံဘေး၌ အိမ်ဆက် သိပ်ပြတ်လှသည်မရှိ။ အိမ်များကို ကြိုကြားကြိုကြား တွေ့ရသည်။ များသောအားဖြင့် တွေ့သည်မှာ ရာဘာစိုက်ခင်းများဖြစ်၏။ အများဆုံးတွေ့ရသည့်ယာဉ်ကို ပြောရမည်ဆိုလျှင် ဆိုင်ကယ်ကို သုံးဘီးသဏ္ဍာန် ပြန်ပြင်ထားသည့် ယာဉ်များဖြစ်သည်။ ကျွန်တော် အထက်ဘက် မကွေး၊ ရေနံချောင်းဘက် သွားစဉ်ကလည်း ထို ဆိုင်ကယ်သုံးဘီးများကို တွေ့ခဲ့ရသေးသည်။ မော်လမြိုင်ဘက်က သုံးဘီးများထက် မကွေးဘက်က သုံးဘီးများက ပိုပြီး တောင့်တောင့်တင်းတင်း ရှိသည်။ မကွေးဘက်မှ ဆိုင်ကယ်သုံးဘီးများမှာ တစ်မျိုးတည်းလိုလို အတွေ့ရများပြီး မော်လမြိုင်ဘက်တွင်မူ ဆိုင်ကယ်များကိုမူ သုံးမျိုးလောက် တွေ့ရသည်။

တစ်မျိုးမှာ မကွေးဘက်က ဆိုင်ကယ်သုံးဘီးများလို ဆိုင်ကယ်ကိုရှေ့တွင်ထားပြီး နောက်ဘက်တွင် ဘီးနှစ်ဘီးဖြင့် တွဲထားသော ဆိုင်ကယ် သုံးဘီးဖြစ်၏။ နောက်တစ်မျိုးမှာ နောက်တွဲကို နောက်ဘက်တွင်မတွဲဘဲ ဆိုက္ကားများကဲ့သို့ ဘေးတွင် တွဲထားသော ဆိုင်ကယ်ဘေးတွဲယာဉ်ဖြစ်သည်။ နောက်တစ်မျိုးမှာ ကုန်တင်ရုံသက်သက် လုပ်ထားသည့် ပက်လက်နောက်တွဲယာဉ်များ ဖြစ်၏။

မကွေးဘက်တွင် (ကျွန်တော်နှင့်ဘဲ မဆုံခဲ့သည်လားမသိ) အမျိုးသမီး ဆိုင်ကယ်သုံးဘီးမောင်းသူများကို မတွေ့ခဲ့ရ။ သို့သော် မော်လမြိုင်ဘက်တွင်မတော့ မိန်းမဘသားများလည်း တက်မောင်းကြသည်ကို တွေ့ရ၏။

ကားလမ်းဘေးကြောင့်ပဲလားမသိ။ တဲအိမ် စုတ်တုတ်ပြတ်တတ်ကလေးများ သိပ်မတွေ့ရ။ တိုက်ခံအိမ်၊ တိုက်အိမ်၊ သစ်သားအိမ်ကောင်းကောင်းများ တွေ့ရသည်။

ဤအခြေအနေမှာ ၁၉၉၅ ခုနှစ်လောက်က ထိုင်းနိုင်ငံ၏ အခြေအနေမျိုး ဖြစ်သည်။ Small Scale Farm Machinery ခေါင်းစဉ်ဖြင့် ကျွန်တော် ကိုကိုမောင်၊ ကိုမြင့်ဇော်တို့သုံးဦးသား ထိုင်းကို လေ့လာရေးခရီး သွားခဲ့ကြရ၏။ ထိုစဉ်က ကျွန်တော်တို့ကို မဲဆောက်အထိ လိုက်ပို့ခဲ့ကြရာ ထိုင်းတွင် နယ်စပ်ထိ ကားလမ်းများမှာ အိစက်ညက်ညောနေသည်ကို ကျွန်တော်တို့မှာ သွားရည်ယိုခဲ့ရသည်။ ဆီဆိုင်များကို တောတွင်း၌ပင် ဟိုနားတစ်ဆိုင်၊ သည်နားတစ်ဆိုင် တွေ့ကြရသည့် အခါ ထိုခေတ်က ဆီကို စာအုပ်နှင့်သာ ထုတ်ခွင့်ရခဲ့သည့် ကျွန်ုပ်တို့အဖို့ အထူးအဆန်း ဖြစ်ကြရသည်။ သြော် - ငရို့ တိုင်းပြည်ကြီးလည်း သည်အတိုင်းဆို ကောင်းလေစွ ဟု တောင့်တခဲ့မိ၏။

ထို့ကြောင့် ကျွန်တော်က သားကို အခု ဒီအခြေအနေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ဖေဖေတို့ အိပ်မက် မက်ခဲ့ရတဲ့ အခြေအနေပဲကွ ဟု ပြောမိ၏။

ထိုင်းနယ်စပ်နှင့်နီးသော သံဖြူဇရပ်တွင် မော်တော်ဆိုင်ကယ်ဆိုင်များကို ဟိုနားတစ်ဆိုင်၊ သည်နားတစ်ဆိုင် တွေ့ရ၏။ ရန်ကုန်၌ပင် သံဖြူဇရပ်လောက် ဆိုင်ကယ်ဆိုင်များမည် မထင်။ လမ်းပေါ်၌လည်း ဆိုင်ကယ်များမှာ ဥဒဟိုသွားလာလျက် ရှိသည်။ စက်ဘီးတောင် သိပ်မတွေ့ရလှ။

အထက်တန်းကျောင်းများသို့ လှမ်းကြည့်သည့်အခါ၌လည်း ကျောင်းဝင်းအတွင်း၌ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများကို အတန်းလိုက် စီတန်းထောင်ထားသည်ကို တွေ့ရ၏။ ဤသည်ကိုကြည့်ခြင်းဖြင့် သည်ဘက် မြို့ရွာများ၏ လူနေမှု အဆင့်အတန်းကို အတန်အသင့် ခန့်မှန်းနိုင်ပါသည်။ 

မည်သို့ဆိုစေ။ ကျွန်ုပ်တို့တိုင်းပြည် ဤအခြေအနေရောက်လာခြင်းအပေါ် (ကျွန်ုပ်အကျိုးစီးပွားနှင့် တစ်ပြားသားမှ မပတ်သက်သည့်တိုင်) ကျွန်ုပ်မှာ ဝမ်းသာမိပါသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၃၁ ဒီဇင်ဘာ၊ ၂၀၁၇