(၁)
ကျိုက်ထီးရိုးဘုရားဘက်သို့ အလည်အပတ်သွားခြင်း
မြန်မာပြည်ပြန်ရင်
Golden Rock သွားမယ် ဟု သားက အစောကြီးကတည်းက ကြိုပြောထား၏။ ထို့ကြောင့် ကျွန်တော် စာမေးပွဲပြီးသည်နှင့်
ကျိုက်ထီးရိုးသို့ ချီတက်ခဲ့ကြသည်။ ပထမ သူက ရထားနှင့် သွားချင်သည်ဆို၍ ရထားနှင့်သွားရန်
ကြံသေး၏။ မမတို့က မော်လမြိုင်ရထားမှာ အတော်ဆိုးသည်။ စီးလို့အဆင်မပြေဆိုသည်နှင့် သားရယ်
ကားငှားပြီးပဲ သွားကြပါစို့ကွာ ဆိုတော့ သူကလည်း သဘောတူပါသည်။ ထို့ပြင် သွားမည့်နေရာက
ကျိုက်ထီးရိုးတစ်ခုတည်း မဟုတ်။ ကျိုက်ခမီ၊ စက်စဲ စသည်တို့ကိုလည်း သွားဦးမည်ဆိုတော့
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် အဆင်မပြေ လောက်။ အချိန်ကုန်မည်။ လူပင်ပန်းမည်။
ထို့ကြောင့် ကားငှားသွားရန် ဆုံးဖြတ်ရခြင်းဖြစ်၏။
ကားအတွက်
ခရီးဝေးသွားလျှင် ခေါ်နေကျ ကိုမျိုးကိုပင် ခေါ်သွား၏။ ခရီးမထွက်မီ တစ်ပတ်လောက်အလိုကတည်းက
ကိုမျိုးရေ ကားကိုတော့ သေသေချာချာ စစ်ပေးထားပါကွာ။ မတော် လမ်းမှာ တစ်ခုခုဖြစ်နေမှာစိုးလို့
ဆိုတော့ ရတယ်ဦး၊ ကျွန်တော် စစ်ထားလိုက်မယ် ဆို၏။ ကားနှင့်လူ သုံးခ၊ တစ်နေ့ ငါးသောင်းပေး။
ဆီကိုယ့်ဘာသာထည့်ဆိုတော့ အဆင်ပြေပါသည်။ (ယခင်တစ်ခေါက် ပြင်ဦးလွင်သွားတုံးကလည်း ဤနှုန်းအတိုင်းပင်
ဖြစ်ပါ၏။)
ဆီက
အသွားသုံးသောင်းဘိုး၊ အပြန် သုံးသောင်းဘိုး ကုန်သည်။ ဆိုတော့ ခရီးစဉ်တစ်ခုလုံးအတွက်
သယ်ယူပို့ဆောင်ခ နှစ်သိန်းတစ်သောင်း ဖြစ်၏။
ကျွန်တော်တို့
အဝေးသင် ဒုတိယနှစ် စာမေးပွဲကြီးက (၂၉) ရက်နေ့ ပြီး၏။ ထို့ကြောင့် နိုဝင်ဘာ (၃၀) ရက်နေ့တွင်
ခရီးထွက်ခဲ့သည်။ (၃) ရက်လောက်ကြာမည် မှန်း၏။
(၂) ပိုက်ဆံနှစ်သောင်းကို လွှင့်ပစ်မိခြင်း
မနက်
၎း၂၀ နာရီတွင် အိပ်ရာမှ ထ။ မနက်စာ စားသောက်၊ အ၀တ်အစားလဲပြီးတော့ ကားရောက်လာသည်။ မနက်
၅ နာရီတွင် အိမ်မှ ထွက်ခဲ့ကြ၏။
စောသေးသဖြင့်
ကားရှင်းနေသည်။ ရန်ကုန်ဆောင်းသည် ဆောင်းမပီသ။ အအေးဓာတ်ကို ဘုရားစူးရပါစေ့။ ပီဘိ ဆောင်း
ဟု ဆိုရရုံမျှသာရသည်။ မြို့ပြင်ထွက်လာမှ အတော်လေး အေးလာသည်။ အဝေးပြေးကားလမ်းဘက်တွင်
မြူတွေ ဆိုင်းနေ ၏။ ကားလမ်းကို ကောင်းကောင်းမမြင်ရ။ သို့သော် ပဲခူးလမ်းဟောင်းဘက်တွင်မူ
သစ်ပင်များရှိ၍ မြူသိပ်မကျ။ လမ်းကို ပြတ်ပြတ်သားသား မြင်ရသည်။
ထောက်ကြံ့ကိုလွန်လာတော့
အရှေ့ဘက်ကောင်းကင်တွင် ရောင်နီသန်းနေချေပြီ။
ကျွန်တော်နှစ်သက်သည့်အရာများတွင်
နံနက်စောစော ရောင်နီသန်းစအချိန်နှင့် ညခင်းဆည်းဆာချိန်တို့ ပါသည်။ ထိုနှစ်ခုအနက် နံနက်ရောင်နီပျို့စအချိန်ကို
ပိုနှစ်သက်သည်။ အိပ်တန်းထကာ ပျံသန်းလာသော ငှက်ကလေးများကို ရောင်နီနောက်ခံကောင်းကင်တွင်
မြင်တွေ့ရတာ ကျွန်တော်အလွန်နှစ်သက်ပါသည်။
နံနက်ပိုင်းဈေးအမီ
သုတ်ချေတင်နေသည့် ဈေးသည်များကို လမ်းနဘေးတွင် ပုံစံမျိုးစုံဖြင့် တွေ့ရသည်။
အချို့က
ခေါင်းတွင် ကုန်ပစ္စည်းများရွက်လျက်၊ ပုခုံးတွင် ဆိုင်းထမ်းများနှင့် ထမ်းလျက်။ အချို့က
စက်ဘီးနောက်တွင် ကုန်တင်လျက်။ အချို့က ဆိုင်ကယ်ဘေးတစ်ဖက် တစ်ချက်တွင် နင့်လောက်အောင်
တင်လျက်။ အချို့ကတော့ ဝန်ပေါ့ကုန်များကို ဆိုင်ကယ်နှင့်လူကို မမြင်ရတော့လောက်အောင်
တင်လျက်။ အချို့ကျ ထော်လာဂျီများပေါ် တနင့်တပိုး တင်လျက်။ အစောပိုင်းက လမ်းများတွင်
ကားများကို သိပ်မတွေ့ရ။ မိုးစင်စင်လင်းသည့်အခါကျမှ ရန်ကုန်သို့ဝင်လာသော အဝေးပြေးကားများကို
တွေ့လာရလေသည်။ အခွံချည်းမောင်းလာသည့် ကုန်တင်ကားကြီးတစ်စီးတစ်လေ တွေ့ရ၏။
လှည်းကူး
CARTC ရှေ့ဖြတ်သွားတော့ ခင်ခင်မာလာမြင့် စသည့် မိတ်ဆွေဖြစ်ခဲ့ဖူးသူများကို ဖြတ်ကနဲ
သတိရသည်။ သူတို့ ဘယ်တွေရောက်လို့ ဘာတွေများ လုပ်နေကြပါလိမ့်။
ပထမတော့
ပဲခူးတွင် မနက်စာစားရန် ကြံသေးသည်။ သို့သော် မစားဖြစ်ကြ။ ကျိုက်ထိုရောက်မှ စားကြသည်။
ကားလမ်းများမှာ
အလွန်ကောင်း၏။ ချိုင့်ခွက်၊ လှိုင်း စသည်တို့မရှိ။ ညက်နေသည်။ ကျွန်တော် သည်လမ်းကို ၁၉၉၅
ခုနှစ် က ကျောင်းသားများနှင့် တစ်ခေါက် သွားဖူး၏။ ကိုသိန်းနိုင်ဝင်း၊ တရုတ်ကြီး (နာမည်ရင်းကိုတောင်
မေ့နေပြီ။)၊ ကိုဇော်မိုးလွင် (ထင်သည်)၊ ကိုစိုင်းစံပွင့်၊ မအေးမိစံ၊ မသင်းသင်းအောင်တို့
ညီအစ်မတို့နှင့် ကျိုက်ထီးရိုးဘုရားဖူးသွားခြင်း ဖြစ်၏။ မအေးမိစံတို့ရွာဖြစ်သော မရမ်းကုန်းတွင်
တည်းကြသည်။ မအေးမိစံက ဒေသခံဆိုတော့ သူတို့ အနီးတ၀ိုက် လိုက်ပြ၏။
သည်တုံးက
ကားလမ်းမှာ အတော်ဆိုး၏။ စီးသည့်ကားက ဟိုင်းလတ်ကားလေး။ အမျိုးသမီးများမှာ အောက်ကထိုင်ပြီး
ကျွန်တော်တို့ ယောက်ျားလေးများမှာ ခေါင်မိုးပေါ်ထိုင်ကာ လိုက်ရသည်။ ကျွန်တော်တို့က စုစုပေါင်း
ဆယ်ယောက် လောက်ရှိတော့ ခရီးဆောင်အိတ် (၁၀) အိတ်ပါသည်။ ကားစပယ်ယာက အိတ်တွေများလွန်းသည်
ဆို၏။ ကျွန်တော်တို့က တစ်ယောက်တစ်အိတ်နဲ့ ဆယ်အိတ်တင်တာ များသလားဗျ ဟု စပယ်ယာနှင့် အတိုက်အခံပြောခဲ့ရသည်ကို
ယခုတိုင် မှတ်မိသေး၏။ ကျိုက်ထီးရိုးတောင်ပေါ်ကိုလည်း ကင်မွန်းစခန်းမှစကာ ခြေလျင်တက်ကြရသည်။
လမ်းကလည်း အကောင်းကြီးမဟုတ်။ ကျီးကန်းပါးစပ် စသည့်နေရာများကိုလည်း မြေလမ်းကသာ သွားကြရတာဖြစ်၏။
ယခုမူ
လမ်းကောင်းတော့ ကျိုက်ထိုကို သုံးနာရီခွဲသာ မောင်းရသည်။ ကျိုက်ထိုတွင် မနက်စာစားပြီး
ခရီးဆက်ခဲ့၏။ ကင်မွန်းစခန်းတွင် ကားအပ်။ ထို့နောက် ကျိုက်ထီးရိုးတောင်တက်သည့် ကားဂိတ်တွင်
စုံစမ်း၏။ ရှေ့ခန်းတွင် ထိုင်လျင် ၃၀၀၀ ကျပ်၊ နောက်ခန်းတွင်လိုက်ပါက တစ်ဦးလျှင် ၂၀၀၀
ကျပ်ဟု ဆို၏။ သို့နှင့် ခရီးတိုလည်းဖြစ်သည့်အတွက် နောက်ခန်း၌ပင် ထိုင်လိုက်ကြ၏။ တောင်ပေါ်စတက်တော့
မနက် ၉ နာရီသာသာ။
တောင်တက်ကားများမှာ
လော်ရီကားကြီးများ ဖြစ်၏။ အင်ဂျင်အားကောင်းလှသည်။ ခရီးသည်များထိုင်ရသည့် ထိုင်ခုံလေး
များမှာမူ လက်တစ်ဝါးစာလောက်သာ ရှိသည်။ ခရီးသည်များအား ကြက်ခြင်းအတွင်း ကြက်များကို
ထည့်သကဲ့သို့ ထိုးထည့်လေ၏။ အများဆုံး ၅ ယောက်လောက်သာဆန့်သည့် ထိုင်ခုံတန်းကို ၆ ယောက်တင်သည်။
ခရီးသည်များမှာ တစ်ယောက်ကိုတစ်ယောက် ကျားကန်လျက် ထိုင်ကြရ၏။ ရှေ့ခုံတန်းနှင့် နောက်ခုံတန်းမှာလည်း
ဒူးလွတ်ရုံသာရှိ၏။ အရပ်ရှည်သူများဆို ဒူးပင်မလွတ်။
သားက
ထိုင်ခုံတွင် ထိုင်ပြီးပြီးချင်း ထိုင်ခုံ၌ အသေတွဲထားသည့် ခါးပတ်ကို ဂွပ်ကနဲ ပတ်လိုက်၏။
သူက အလွန်လည်းဝ၊ ဗိုက်ကလည်းပူ ဆိုတော့ ပတ်ပြီးမှ အသားကုန်တင်းနေ၍ ပြန်လျှော့ရအောင်
ဖြုတ်ခိုင်းသည်။ ခါးပတ်တဲ့ခင်ဗျား။ တကယ့်ကို ဘုရားစူးရပါစေ့ ခါးပတ်ဖြစ်သည်။ ကျွန်တော်လည်း
ကြိုးစားပမ်းစား ဖြုတ်ပါသည်။ သို့တိုင် တော်တော်နှင့် ဖြုတ်လို့မရ။ သားကလည်း အလွန်တင်းနေသည်ဖြစ်ရာ
ကျွန်တော့်မှာ လက်များနာလျှက် ခါးပတ်ဖြုတ်ရင်း ချွေးပြန်နေ၏။ အတော်ကြီးကို ခက်ခက်ခဲခဲ
ဖြုတ်ယူရသည်။ ကျွန်တော်လည်း ခါးပတ်ပတ်ရန်အကြံကို စွန့်လွှတ်လိုက်ရလေ၏။ အခြားသူများကမူ
ခါးပတ်ရှိမှန်းတောင် သတိမထားမိကြ။
တောင်အတက်မှာ
အလွန်မတ်စောက်လှပေရာ ကားမှာ လီဗာကို အသားကုန်နင်းလျက် တက်ရ၏။ ခရီးသည်များမှာ ဟိုဘက်ယိမ်းလိုက်၊
သည်ဘက်ယိမ်းလိုက်နှင့် ရိုလာကိုစတာ စီးရဘိသကဲ့သို့ ရှိ၏။ တစ်နှစ်လုံးနေလို့ တစ်ခါ ဘုရားမရှိခိုး
ဖူးသော ကျွန်ုပ်မှာ ယခုမှ တစ်ချိန်လုံး ဘုရားကို တ,မိနေရသော ဟူသတတ်။
ကားလမ်းများမှာ
တောင်စောင်းတွင် ဖောက်ထားသည်ဖြစ်ရာ တစ်ဖက်တွင် တောင်နံရံနှင့် အခြားတစ်ဖက်တွင် ချောက်
ကမ်းပါးကြီးဖြစ်၏။ သို့တိုင် ချောက်ကမ်းပါးဘက် နေရာအတော်များများ၌ အကာအရံတိုင်များ
စိုက်ထူထားတာ မတွေ့ရ။ စိုက်ထူထားသည့် ကွန်ကရိ အရံအတားတိုင်များမှာလည်း အဖြစ်သဘောမျှ
စိုက်ထူထားခြင်း ဖြစ်၏။ တကယ့်တကယ်သာ ကားထိုးကျလျှင် ဘယ်လိုမှ အကာအကွယ် မပေးနိုင်တာ
သေချာပါသည်။ သေသေချာချာ ကာထားတာ ဆို၍ တစ်နေရာ နှစ်နေရာလောက်မျှသာ တွေ့ရ၏။
အပေါ်မှဆင်းလာသည့်
ကားများနှင့် လမ်းတွင် ဆုံသည်။ သူတို့ကတော့ ဂီယာကြီးနှင့် ဘရိတ် တွဲဆင်းလာသည် ထင်၏။
သက်တောင့်သက်သာ ရှိတာ တွေ့ရပါသည်။ တောင်တက်လမ်းဆိုတော့ လမ်းဧရိယာ သိပ်မကျယ်။ ကားနှစ်စီး
ရှောင်သာရုံသာ ရှိသည်။
သို့နှင့်ပင်
တောင်ပေါ်ရောက်လာခဲ့၏။ ကားဂိတ်နှင့် ကျိုက်ထီးရိုးစေတီမှာ အတန်ငယ်လှမ်းသေးသည်။ ထိုခရီးတိုကလေး
မှာပင် အတက်အဆင်းများရှိရာ အသက်ကြီးသူများက အထမ်းနှင့်သွားကြ၏။ ကျွန်တော်တို့ကတော့
လမ်းလျှောက်လာခဲ့ ကြပါသည်။
လမ်းတွင်
သားက ကျိုက်ထီးရိုးစေတီအကြောင်းမေး၍ ကျွန်တော်က ရှိခဲ့ပြီး သမိုင်းကြောင်းကို ရှင်းပြသည်။
ထို့နောက် ကျိုက်ထီးရိုးတည်နေပုံနှင့် ပတ်သက်၍ မေးပြန်သဖြင့် ကျွန်တော်က အင်ဂျင်နီယာနည်းနှင့်
ပုံဆွဲကာ ရှင်းပြရ၏။
ကျိုက်ထီးရိုးစေတီရောက်သော်
ရွှေချချင်သည်ဆို၍ ရွှေဆိုင်းသွားဝယ်ရသည်။ လေ အလွန်တိုက်နေ၍ မနည်း ရွှေချရသည်။ ရွှေဆိုင်းများက
အလွန်ပါးလွှာလှသဖြင့် စက္ကူမှခွာလိုက်သည်နှင့် တိုက်နေသော လေနောက် လွင့်ကုန်ရာ စက္ကူကို
ကျောက်တုံးတွင် ဦးစွာကပ်ပြီးမှ ခက်ခက်ခဲခဲ ကပ်ယူရသည်။ ထို့ပြင် ရွှေချသူများမှာ အလွန်များသဖြင့်လည်း
နေရာ အခက်အခဲကြောင့် ခဲယဉ်းရခြင်း ဖြစ်သည်။
တောင်ထိပ်ဖြစ်၍
နေမှာ အသားကုန် ပူ၏။ အပင်ဆို၍ အပင်သေးသေးလေး တစ်ပင်ပဲ ရှိသည်။ အားမကိုးလောက်။ ဘုရားဖူးများမှာ
သိပ် မများလှသည့်တိုင် အရိပ်ရသော ဇရပ်များအတွင်း၌ ပြည့်နေလေ၏။ ကျွန်တော်တို့က ဇရပ်ထဲ၌
ခေတ္တခဏလောက် နားလိုသေးသော်လည်း သားက ဆက်မထိုင်လို။ ရှေ့ဆက်ဘို့ အားသန်နေသဖြင့် ရင်ပြင်ပေါ်တွင်
ခေတ္တခဏမျှနေပြီး ကျီးကန်းပါးစပ်သို့ ဆက်ခဲ့ကြ၏။
ကျွန်တော်တို့
ငယ်ငယ်ကတော့ တစ်နေရာမှ တစ်နေရာသို့ ခြေလမ်းဖြင့် သွားကြရသည်။ ပီဘိ သဘာဝအတိုင်း။ ယခု
တော့ ကျီးကန်းပါးစပ်သွားရာလမ်းမှာ ကွန်ကရိလှေခါးများခင်းထားသည်။ လမ်းတလျှောက်လုံး လမ်းဘေးဝဲယာ
ဆိုင်များ နှင့် အပြည့်။ ဆိုးသည်မှာ လိမ်းဆေး ရောင်းသူများ ဖြစ်၏။ သူတို့က ဈေးခေါ်တာ
ပါးစပ်နှင့်တင် ခေါ်တာမဟုတ်။ လက်မောင်းကိုပါ ဆွဲခေါ်တာဖြစ်၏။
ကိုယ့်ကိုကိုင်တာ
မကြိုက်တတ်သော ကျွန်တော်လည်း စိတ်တိုလာသည်နှင့် ကိုယ့်လူတို့ ရိုးရိုးရောင်းပါ။ ဆွဲလား
လွဲလား မလုပ်ပါနဲ့။ မကြိုက်ဘူး ဟု ခပ်တည်တည် ပြောတော့မှ ရှဲသွားကြလေ၏။
သားက
အလွန်ဝသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်ကြီးကို မနည်းသယ်နေရသဖြင့် အလွန်ပင်ပန်းလှ၏။ ဖြည်းဖြည်းသွားရင်း
ကျီးကန်းပါးစပ်ရောက်၏။ သူက ဘယ်မတုံး၊ ကျီးကန်းပါးစပ် ဆိုလေရာ ကျွန်ုပ်လည်း ကြံဖန်ပြီး
ကျောက်တုံးနှစ်ခုအကြား ပြရလေ၏။ သူက မကျေနပ်။ ဒီကျောက်တုံးတွေ ကြည့်ဘို့ရာ ဒီလောက် အပင်ပန်းခံရပါမလားဟု
ကွန်ပလိန်း တက်လေ၏။ ထို့နောက် ဂူအတွင်း ဆင်းကြသည်။
ထို့နောက်
စိတ်မှ ပျော်ပါစေတော့ဟု ပိုက်ဆံအကြွေများနှင့် ကျောက်တုံးများအကြား ပစ်တင်ကြ၏။ (ပိုက်ဆံအကြွေ
ဟုတ်ချင်မှ ဟုတ်ပါမည်။ ရှိစေ) အတန်ကြာ အပန်းဖြေပြီး ပြန်ခဲ့ကြ၏။ ရှေ့ဆက်ဘို့ မဖြစ်နိုင်။
အတော် ဖားနေလေပြီ။ အပြန်လမ်းကို အသွားတုံးက လာသည့်လမ်း မဟုတ်သည့် နောက်တစ်လမ်းကို ရွေးကြ၏။
သိပ်တော့ မထူးပါ။
သားက
ဝတုတ်ပြဲကလေးဆိုတော့ လမ်းမှ ဆိုင်များက သူ့ကို စိတ်ဝင်စားကြသည်။ သူ့ကို လှမ်းနှုတ်ဆက်ကြသည့်တိုင်
သူ့မှာ ကောင်းကောင်းပြန်မဖြေနိုင်။ ကြည့်လိုက်တော့ လျှာထွက်နေပြီ။ သူက အမှတ်တရ ကျိုက်ထီးရိုးစေတီတော်
ပုံတူ ဝယ်လိုသော်လည်း ပုံကောင်းကောင်း မတွေ့။ ရှိသည့်ပုံများထဲမှ သိပ်မဆိုးလှသည့် စေတီတော်ပုံတူတစ်ဆူကို
ဝယ်ခဲ့သည်။
ရင်ပြင်တော်ပေါ်ပြန်ရောက်သော်
အမောအပန်းဖြေကြသည်။ နေနည်းနည်းစောင်းသွားသမို့ သိမ်တစ်ဖက်တွင် အရိပ်ထိုးနေရာ ထိုအရိပ်တွင်
ထိုင်နားကြ၏။ ကုန်းတော်ပေါ်မှ မြင်ရသော ရှုခင်းများမှာ အလွန်လှသဖြင့် ကျွန်တော်တော့ ဓာတ်ပုံ
အတော်များများ ရိုက်ခဲ့သည်။
ကုန်းတော်ပေါ်မှ ပြန်အဆင်းတွင်
သားပင်ပန်းနေမှာစိုး၍ အထမ်းဈေးမေးတော့ အားပါး၊ တစ်သောင်းနှစ်ထောင် ဟု ဆို၏။ ကျွန်တော်လည်း
တော်ပါပြီမောင်ရယ်၊ ၉၆၉၃ နဲ့ပဲ သွားပါတော့မယ် ဆိုတာတောင် အတင်းလာပြီး တစ်သောင်းပဲ ပေးပါ
စသဖြင့် ကပ်နေသေး၏။
တောင်ပေါ်မှ အဆင်းတွင်မူ အတက်ခရီးလောက်
သည်းထိတ်ရင်ဖို မရှိလှတော့ပါ။ ဘရိတ်နင်းပြီး အသာထိန်း ဆင်းခဲ့၍ အတော် ညက်ညောလှပါသည်။
တောင်ခြေရောက်တော့ နေ့လည်စာ စားကြမည်ဟု
နာမည်ကြီး ထမင်းဆိုင်သို့ ဝင်ခဲ့၏။ ဆိုင်နာမည်က Feel, တကယ်စား တော့မှ တကယ်ဖီးတက်ရတော့သည်။
ဟင်းများမှာ ဆီများလျှံနေအောင်ထည့်ထား၍
ဘယ်လိုမှ စားမဖြစ်။ သားက ကြက်ကြော်မှာသည်။ ဘုရားစူးရပါစေ့ ကြက်ကြော်ဖြစ်၍ သူလည်း မစားနိုင်။
မစားနိုင်သည့်အတွက် ဟင်းပွဲများ မကုန်ဘဲ တော်တော်များများ ကျန်နေသည်။ ကျွန်တော့်မှာ
ထားခဲ့ရမှာလည်း နှမြော။ စားကလည်း မစားနိုင်နှင့် အတော် ဂွကျလျက်ရှိ၏။ ထို့နောက် သစ်သီးဖျော်ရည်
မှာသောက်သည်။ လေးယောက် စားတာသောက်တာ နှစ်သောင်းခြောက်ထောင်ထင်သည်။ ကျ၏။ ကျွန်တော့်မှာ
အတော် အီစလံဝေသွားသည်။ စားကောင်းလို့ ပေးရတာ မနှမြောပါ။ အခုတော့ စားရတာလည်း မတင်းတိမ်၊
ဆက်စားဘို့ရာလည်း ဘယ်လိုမှ မဖြစ်တော့သည်မို့ အစားအသောက်အတော်များများကို လွှင့်ပစ်လိုက်ရလေရာ
ပိုက်ဆံ နှစ်သောင်းကျော်ကို လွှင့်ပစ်လိုက်ရသည်ဟု ခံစားမိပါသည်။
(၃) လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က
အိပ်မက်
စားသောက်ပြီးတော့ မော်လမြိုင်သို့ လာခဲ့ကြသည်။
ကျိုက်ထီးရိုးမှ မော်လမြိုင်သို့လည်း ၃ နာရီလောက် မောင်းရလေရာ ကျိုက်ထိုမှာ ရန်ကုန်
မော်လမြိုင်ခရီးစဉ်၏ အလယ်နီးပါးလောက်တွင် ရှိသည်ဟု ခန့်မှန်းရလေသည်။
ကျွန်တော် ၁၉၉၅ ခုနှစ်လောက်က သည်ခရီးကို
တစ်ခေါက်သွားခဲ့ဖူးသည်ဖြစ်ရာ အသေးစိတ်မမှတ်မိတော့သည့်တိုင် အချို့ အရာများကို ခပ်ရေးရေး
မှတ်မိနေပါသေးသည်။ ထိုစဉ်က လမ်းခရီး အတော်ဆိုးတာတော့ မှတ်မိ၏။ ယခုမူ ရန်ကုန်မှ မော်လမြိုင်
ရောက်သည့်တိုင် လမ်းများမှာ အလွန်ချောမောပြေပြစ်လှသည်ဖြစ်ရာ သွားလေသူ အစိုးရမင်းများကို
ကျေးဇူးတင်လွန်းလှသဖြင့် မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ နို့သောက်နိုင်
(အဲလေ) အနာမျိုး (၉၆) ပါး ကင်းကြပါစေဟု ဆုပေးမိသော ဟူသတတ်။
ထို့ပြင် လမ်း၌ ဓာတ်ဆီဆိုင်များကိုလည်း
မလှမ်းမကမ်းတွင် တွေ့ရသည်။ ကျွန်တော် အိမ်သာတက်ချင်၍ ဓာတ်ဆီဆိုင် တစ်ခုတွင် ဝင်သွားရာ
အိမ်သာများမှာ အလွန်သန့်ပြန့်လှသည်ကို တွေ့ရ၏။ ဘာအနံ့အသက်မှ မရသည့်ပြင် လက်ဆေးစရာ ဆပ်ပြာရည်နှင့်
ရေလည်း ရသည်။ တစ်ရှူးလည်းရှိသည်။
ကားလမ်းနံဘေး၌ အိမ်ဆက်
သိပ်ပြတ်လှသည်မရှိ။ အိမ်များကို ကြိုကြားကြိုကြား တွေ့ရသည်။ များသောအားဖြင့် တွေ့သည်မှာ
ရာဘာစိုက်ခင်းများဖြစ်၏။ အများဆုံးတွေ့ရသည့်ယာဉ်ကို ပြောရမည်ဆိုလျှင် ဆိုင်ကယ်ကို သုံးဘီးသဏ္ဍာန်
ပြန်ပြင်ထားသည့် ယာဉ်များဖြစ်သည်။ ကျွန်တော် အထက်ဘက် မကွေး၊ ရေနံချောင်းဘက် သွားစဉ်ကလည်း
ထို ဆိုင်ကယ်သုံးဘီးများကို တွေ့ခဲ့ရသေးသည်။ မော်လမြိုင်ဘက်က သုံးဘီးများထက် မကွေးဘက်က
သုံးဘီးများက ပိုပြီး တောင့်တောင့်တင်းတင်း ရှိသည်။ မကွေးဘက်မှ ဆိုင်ကယ်သုံးဘီးများမှာ
တစ်မျိုးတည်းလိုလို အတွေ့ရများပြီး မော်လမြိုင်ဘက်တွင်မူ ဆိုင်ကယ်များကိုမူ သုံးမျိုးလောက်
တွေ့ရသည်။
တစ်မျိုးမှာ မကွေးဘက်က
ဆိုင်ကယ်သုံးဘီးများလို ဆိုင်ကယ်ကိုရှေ့တွင်ထားပြီး နောက်ဘက်တွင် ဘီးနှစ်ဘီးဖြင့် တွဲထားသော
ဆိုင်ကယ် သုံးဘီးဖြစ်၏။ နောက်တစ်မျိုးမှာ နောက်တွဲကို နောက်ဘက်တွင်မတွဲဘဲ ဆိုက္ကားများကဲ့သို့
ဘေးတွင် တွဲထားသော ဆိုင်ကယ်ဘေးတွဲယာဉ်ဖြစ်သည်။ နောက်တစ်မျိုးမှာ ကုန်တင်ရုံသက်သက် လုပ်ထားသည့်
ပက်လက်နောက်တွဲယာဉ်များ ဖြစ်၏။
မကွေးဘက်တွင် (ကျွန်တော်နှင့်ဘဲ
မဆုံခဲ့သည်လားမသိ) အမျိုးသမီး ဆိုင်ကယ်သုံးဘီးမောင်းသူများကို မတွေ့ခဲ့ရ။ သို့သော်
မော်လမြိုင်ဘက်တွင်မတော့ မိန်းမဘသားများလည်း တက်မောင်းကြသည်ကို တွေ့ရ၏။
ကားလမ်းဘေးကြောင့်ပဲလားမသိ။
တဲအိမ် စုတ်တုတ်ပြတ်တတ်ကလေးများ သိပ်မတွေ့ရ။ တိုက်ခံအိမ်၊ တိုက်အိမ်၊ သစ်သားအိမ်ကောင်းကောင်းများ
တွေ့ရသည်။
ဤအခြေအနေမှာ ၁၉၉၅ ခုနှစ်လောက်က
ထိုင်းနိုင်ငံ၏ အခြေအနေမျိုး ဖြစ်သည်။ Small Scale Farm Machinery ခေါင်းစဉ်ဖြင့် ကျွန်တော်
ကိုကိုမောင်၊ ကိုမြင့်ဇော်တို့သုံးဦးသား ထိုင်းကို လေ့လာရေးခရီး သွားခဲ့ကြရ၏။ ထိုစဉ်က
ကျွန်တော်တို့ကို မဲဆောက်အထိ လိုက်ပို့ခဲ့ကြရာ ထိုင်းတွင် နယ်စပ်ထိ ကားလမ်းများမှာ
အိစက်ညက်ညောနေသည်ကို ကျွန်တော်တို့မှာ သွားရည်ယိုခဲ့ရသည်။ ဆီဆိုင်များကို တောတွင်း၌ပင်
ဟိုနားတစ်ဆိုင်၊ သည်နားတစ်ဆိုင် တွေ့ကြရသည့် အခါ ထိုခေတ်က ဆီကို စာအုပ်နှင့်သာ ထုတ်ခွင့်ရခဲ့သည့်
ကျွန်ုပ်တို့အဖို့ အထူးအဆန်း ဖြစ်ကြရသည်။ သြော် - ငရို့ တိုင်းပြည်ကြီးလည်း သည်အတိုင်းဆို
ကောင်းလေစွ ဟု တောင့်တခဲ့မိ၏။
ထို့ကြောင့် ကျွန်တော်က
သားကို အခု ဒီအခြေအနေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ဖေဖေတို့ အိပ်မက် မက်ခဲ့ရတဲ့
အခြေအနေပဲကွ ဟု ပြောမိ၏။
ထိုင်းနယ်စပ်နှင့်နီးသော
သံဖြူဇရပ်တွင် မော်တော်ဆိုင်ကယ်ဆိုင်များကို ဟိုနားတစ်ဆိုင်၊ သည်နားတစ်ဆိုင် တွေ့ရ၏။
ရန်ကုန်၌ပင် သံဖြူဇရပ်လောက် ဆိုင်ကယ်ဆိုင်များမည် မထင်။ လမ်းပေါ်၌လည်း ဆိုင်ကယ်များမှာ
ဥဒဟိုသွားလာလျက် ရှိသည်။ စက်ဘီးတောင် သိပ်မတွေ့ရလှ။
အထက်တန်းကျောင်းများသို့
လှမ်းကြည့်သည့်အခါ၌လည်း ကျောင်းဝင်းအတွင်း၌ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများကို အတန်းလိုက်
စီတန်းထောင်ထားသည်ကို တွေ့ရ၏။ ဤသည်ကိုကြည့်ခြင်းဖြင့် သည်ဘက် မြို့ရွာများ၏ လူနေမှု
အဆင့်အတန်းကို အတန်အသင့် ခန့်မှန်းနိုင်ပါသည်။
မည်သို့ဆိုစေ။ ကျွန်ုပ်တို့တိုင်းပြည်
ဤအခြေအနေရောက်လာခြင်းအပေါ် (ကျွန်ုပ်အကျိုးစီးပွားနှင့် တစ်ပြားသားမှ မပတ်သက်သည့်တိုင်)
ကျွန်ုပ်မှာ ဝမ်းသာမိပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၃၁ ဒီဇင်ဘာ၊ ၂၀၁၇
No comments:
Post a Comment