မြန်မာစကားတွင်
အခြားဘာသာများမှ မွေးစားထားသော စကားလုံးများ အတော်များများ ရှိ၏။
ဥပမာ
-
မေတ္တာ၊
စေတနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ နိဗ္ဗာန်၊ သံသရာ၊ ဒုက္ခ၊ သစ္စာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဒေါက်တာ၊
ဖောင်တိန်၊
ဘောပင်၊ ပလာတာ၊ နံပြား၊ ချာပါတီ၊ မော်တာ၊ ဘိုင်စကယ်၊ ရေဒီယို၊ ပလပ်ပေါက်၊ ဘတ်သီး၊
ဟိုတလောက
မြန်မာစကားထဲသို့ ထိုးဖောက်နေရာယူထားသော "ဓာတ်" အကြောင်း ကျွန်တော် ရေးခဲ့၏။
ယခု
ခေါင်းထဲရောက်လာသည့် စကားလုံးမှာ "ဘိလပ်" ဟူသော အသုံးအနှုန်းဖြစ်၏။
ယခင်ခေတ်က
အင်္ဂလန်ပြည်မှ ပြန်လာသူများကို ဘိလပ်ပြန်ဟု ခေါ်၏။
ထို့အတူ
ဘိလပ်ဟူသော စကားလုံးကို အခြားနေရာများတွင်လည်း တွေ့ရပါသေးသည်။
ဥပမာ
- ဘိလပ်မြေ၊ ဘိလပ်ရေ၊ ဘိလပ်တံခါး၊ ဘိလပ်ဆံထုံး
အင်္ဂလန်ကို
ဟိန္ဒူလို "၀ိလယတ်" ဟု ခေါ်၏။ မြန်မာပါးစပ်ထဲရောက်တော့ ဘိလပ် ဖြစ်သွားသည်။
ဗြိတိသျှ
ဆိုသည်မှာ ဘရစ်တစ်ရှ် (British) ကို အနီးဆုံး မြန်မာအသံထွက်သို့ ပြောင်းထားခြင်း ဖြစ်၏။
အင်္ဂလိပ်ကတော့
အလွန်ရှင်းသည်။ English ကို တိုက်ရိုက်အသံလှယ်ထားတာဖြစ်၏။ အင်းဂလစ်ရှ်ကို မြန်မာ့လျှာနှင့်
ကိုက်အောင် အင်္ဂလိပ် ဟု လုပ်လိုက်တာ ဖြစ်ပါသည်။
သို့ဆိုလျှင်
ဘိလပ်ရည် ဆိုသည်မှာ အဘယ်နည်း။
ကျွန်တော်တွေးကြည့်မိသည်မှာ
ယခင်က အချိုရည်များကို အင်္ဂလန်မှ တင်သွင်းလာသောကြောင့် ဘိလပ်မှ တင်သွင်းလာသည့် အရည်ကို
ဘိလပ်ရည် ဟု ခေါ်တာများလား- ဟု ဖြစ်၏။
သဟာဆို
ဘိလပ်မှတင်သွင်းလာသည့် မြေကြီးနှင့်တူသောအမှုန့်ကို ဘိလပ်မြေ၊ ဘိလပ်မှ တင်သွင်းလာသော
တံခါးကို ဘိလပ်တံခါး ဟု နာမည်ပေးလိုက်တာ ဖြစ်ပါလိမ့်မည်။
သို့သော်
ဘိလပ်ဆံထုံးကတော့ အင်္ဂလိပ်မများ ထုံးသောဆံထုံးပုံစံ ဖြစ်မည်မထင်ပါ။
ယခင်ခေတ်
ရန်ကုန်တက္ကသိုလ်က ဘီအေမမများ ထုံးသောဆံထုံးပုံစံကို ဘိလပ်ဆံထုံး ခေါ်တာ ဖြစ်ပါလိမ့်မည်။
ဤသည်မှာ
ကျွန်တော် ယော်ရမ်းမှန်းဆ တွေးကြည့်ခြင်း ဖြစ်ပါ၏။
ကျွန်တော်ငယ်ငယ်က
ရွာကလူတွေ လိုင်မကြူးလို့ပြောတာ ကြားခဲ့ဖူးသည်။ သောက်စရာ အရည်တစ်ခုကို ခေါ်ခြင်းဖြစ်ပြီး
သူတို့ ဘာကြောင့် လိုင်မကြူခေါ်တယ်ဆိုတာ မသိခဲ့ပါ။ ယခုမှ သြော် - lime juice (လိုင်းမ်ဂျူးစ်)
ကို ခေါ်တာကိုးဟု သဘောပေါက်ရ တော့၏။
ထို့အတူပင်
ပလပ်စတစ်ကိုလည်း "၀ါတာဖလူး" ဟု ခေါ်ကြသည်။ သူတို့အခေါ် ၀ါတာဖလူးမှာ အင်္ဂလိပ်စကား
"၀ါတာပရုဖ်" (water proof) ကို မြန်မာသံနှင့်ထွက်ခြင်းဖြစ်၏။
ကျွန်တော်ငယ်ငယ်က
အရီးတို့က "ဘယ်သူတို့တော့ ပါစင်ဂျာမရလို့တဲ့ဟေ့။ ဒီနေ့ ခါလီချည်း ပြန်လာရတယ်"
ဟု ပြောသံ မကြာခဏ ကြားရသည်။ သူတို့ပြောသည့် ပါစင်ဂျာနှင့် ခါလီကို ကျွန်တော် တော်တော်နှင့်
နားမလည်။ နောက်မှ သြော် - ပါစင်ဂျာဆိုတာ ခရီးသည်ကို ခေါ်သကိုး ဟု နားလည်ရသည်။ အင်္ဂလိပ်လို
passenger ကို မြန်မာမှု ပြုထားခြင်း ဖြစ်၏။ သို့သော် သည်ဘက်ခေတ်တွင် သိပ်သုံးတာ မတွေ့ရပါ။
သို့ဆိုလျှင်
ရခိုင်ရိုးမတောင်ခြေမှ သည်ရွာကလေးထံ သည်အသုံးအနှုန်းများ ဘယ်က ရောက်လာပါသနည်း။
လွတ်လပ်ရေးရပြီးနောက်
အကွဲအပြဲများဖြစ်ကြရာ တောခိုသွားကြသော ကွန်မြူနစ်ပါတီတပ်ဖွဲ့များမှာ ကျွန်တော်တို့ရွာဘက်သို့ပါ
ရောက်ခဲ့၏။ ထိုကွန်မြူနစ်များကို အစိုးရက စစ်ကြောင်းကြီးများဖြင့် အပြင်းအထန် နှိမ်နှင်းသည်။
ထိုအခါ ရိုးမနားကပ်နေသည့် ကျွန်တော်တို့ (၀ါးတောကွင်း) ရွာမှာ အစိုးရတပ်များ စခန်းချရာနေရာဖြစ်လာသည်။
စစ်တပ်က
သီးသန့်တပ်စခန်းဟူ၍ ဆောက်မနေတော့ဘဲ ကျေးရွာရှိအိမ်များတွင် တည်းခိုနေထိုင်ကြ၏။ ကွန်တော်တို့အိမ်တွင်
လည်း စစ်သားများတည်းခိုကြပါသည်။ ထိုစစ်သားများထံတွင်ပါလာသည့် ၀တ္ထုစာအုပ်မှာ ကျွန်တော့်ဘ၀တွင်
ပထမဦးဆုံး ဖတ်ဖူး သော ၀တ္ထုဖြစ်ခဲ့၏။
ထိုစဉ်က
စစ်တပ်မှာ စားရေရိက္ခာ ပေါများပါသည်။ ကျွန်တော်တို့အိမ်ရှေ့တွင် ဒန်အိုးအကြီးကြီးဖြင့်
ရေနွေးတည်ကာ လဖက်ရည် ဖျော်သောက်ကြပါသည်။ စစ်သားတစ်ယောက်လျှင် လဖက်ရည် မတ်ခွက်တစ်လုံးရသည်။
ကျွန်တော်တို့လည်း သောက်ရသည်။
မနက်ဖက်ဆိုလျှင်
လဖက်ရည်နံ့သင်းပံျ့ပျံ့မှာ ကျွန်တော်တို့ဗိုက်ကို အလွန်ဆာလောင်စေသည်။ သောက်လို့လည်း
ကောင်းလှ၏။
ဆိုတော့
စစ်သားများက သူတို့နှင့်အတူ အစားအသောက်များသာမက ဝေါဟာရအသစ်များလည်း ယူဆောင်လာခဲ့ကြ၏။
ကျွန်တော့်စိတ်ထင် ထို "၀ါတာဖလူး""လိုင်မကျူရေ" ဆိုသည့် ဝေါဟာရများမှာ
စစ်သားများ သယ်ဆောင်လာသည့် ဝေါဟာရများ ဖြစ်ပါလိမ့်မည်။ ထိုစဉ်က ကျွန်တော်တို့ရွာမှလူများမှာ
မြို့ပြများသို့ သွားလေ့သွားထမရှိသဖြင့် မြို့သွားသူများက ထိုစကားလုံးများကို သယ်လာဘို့ရာ
မဖြစ်နိုင်ပါ။
ထို့ပြင်
လူသိများသည့် "လော်စမီတာ" ဆိုသည်မှာ လောက်စပီကာ (loud speaker) မှ ဆင်းသက်လာခြင်းဖြစ်၏။
မြန်မာလို "အသံချဲ့စက်"၊ "ဓာတ်စက်" ဟူသော စကားလုံးများရှိသည့်တိုင်
လူ အတော်များများက လော်စမီတာ ဟုသာ ခေါ်ကြသည်။
ထို့အတူ
သေနတ်ရှေ့တွင် တပ်ရသည့် လှံစွပ် (ဓား) ကိုလည်း ဘက်နက် ဟု ခေါ်ကြသည်။ ဤသည်မှာလည်း အင်္ဂလိပ်စကားလုံး
bayonet ဖြစ်သည်။ ကျွန်တော်သည်ပင် ငယ်သေးသည့်တိုင် ဘက်နက်ဆိုသည်မှာ ထို လူကိုထိုးလို့ရသည့်ဓားမှန်း
နားလည်ခဲ့၏။
ကျွန်တော်တို့ငယ်စဉ်က
တောကလူကြီးများမှာ တောသားပေမင့် ရုပ်ရှင်ကို ရုပ်ရှင်ဟု သိပ်မခေါ်။ ဘိုင်စကုပ် (Bi
Scope) ဟုသာ အသုံးများ သည်။ ထို့အတူ စက်ဘီးကိုလည်း ဘိုင်စကယ် (Bi cycle) ဟု ခေါ်ရတာ
ပိုလျှာတွေ့ကြသည်။ ၎င်းတို့သည် ဘိုင်စကုပ်၊ ဘိုင်စကယ်ဟူသောစကားများမှာ အင်္ဂလိပ်စကားများဖြစ်သည်ဆိုတာ
သတိပြုမိဟန်မတူ။ ဘိုင်စကုပ်ဆိုတာ ဘာဖြစ်သည်ဆိုတာ လည်း ရှင်းပြစရာမလိုလောက်အောင် လူတိုင်း
နားလည်နေကြ၏။
သို့သော်
ယခုခေတ်တွင်မူ လူငယ်များ ပါးစပ်ဖျားတွင် ရုပ်ရှင်၊ စက်ဘီး စသဖြင့်သာ အပြောများပြီး
ဘိုင်စကုပ်၊ ဘိုင်စကယ် စသဖြင့် သုံးတာ မတွေ့ရတော့ပါ။
ပြန်ကောက်ရလျှင်
ဘိလပ်ဟူသော စကားလုံးမှာ အချို့ တွင်ကျယ်နေသေးသော်လည်း အချို့ စကားလုံးများမှာ တိမ်မြှုပ်
ပျောက်ကွယ် ကုန်ပါပြီ။ ဥပမာ - ဘိလပ်မြေ မှာ ယခုတိုင် သုံးစွဲနေသေးသော်လည်း အင်္ဂလန်မှ
ပြန်လာသူများကိုမူ မည်သူမှ ဘိလပ်ပြန် မခေါ်တော့ပါ။ အကယ်၍ တစုံတယောက်သည် ဘိလပ်ပြန်ဟု
သုံးစွဲသည်ဆိုအံ့။ ထိုအသုံးမှာ ရှေးယခင် ၀တ္တုများထဲက ဇာတ်လိုက်တစ်ဦးဦးကို ရည်ညွှန်းသည်ဟုပင်
တွေးထင်ကြပါလိမ့်မည်။ ဘိလပ်တံခါးကိုမူ ရံဖန်ရံခါ သုံးသေးသည့်တိုင် ရှေးကလောက် အသုံးမများတော့ဟု
ထင်ပါသည်။
ဘိလပ်ရေ၊
ဘိလပ်ဆံထုံး စသည်တို့မှာမူ လုံးဝ ကွယ်ပျောက်သွားခဲ့ပါပြီ။
ဤသည်မှာ
ဘိလပ်ဟူသောစကားလုံးနှင့် စပ်လျဉ်း၍ ကျွန်တော်တွေးမိသမျှ မြန်မာမွေးစားစကားလုံးများအကြောင်း
ဖြစ်ပါသတည်း။
စာမေးပွဲပြီးလျှင်
အဝေးသင်တက္ကသိုလ်၊ ဒုတိယနှစ်မြန်မာစာပြဋ္ဌာန်းစာအုပ်မှ အမှားများအကြောင်း ရေးပါမည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၆
နိုဝင်ဘာ၊ ၂၀၁၇
No comments:
Post a Comment