(၁)
မချူတတ်၍ အရုံနီးလျက်နှင့် မကျခြင်း
WSH
Myanmar က လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး ဂျာနယ်ထုတ်မည်ဆိုတော့ နီးစပ်ရာ
ဟိုလူ ဒီလူများထံက စာမူများတောင်း၏။ ကျွန်တော်က ဖတ်ရှု တည်းဖြတ်ပေးရ၏။
ပြဿနာမှာ
ကျွန်တော်က အတန်းတင်စာမေးပွဲဖြေရမည့် ကာလဖြစ်နေ၍ အချိန်သိပ်မပေးနိုင်။ အထပ်ထပ် အသေးစိတ်
လိုက်ဖို့ရာ မလွယ်။
စာရေးသူများမှာ
စာရေးခြင်း အတွေ့အကြုံရှိသူများပါသလို သတင်းစာ၊ ဂျာနယ်များ၌ တစ်ခါမှ မရေးဖူးသူ ပီဘိ
အသစ်ကျပ်ချွတ် စာရေးဆရာများလည်း ပါလာလေ၏။
စာရေးကျင့်မရှိတော့
အမှားများ သောက်သောက်လဲ ပါလာလေ၏။ စာရေးကျင့်ရှိပါသည်ဆိုသူများမှာလည်း ဟန်မကျပါ။ ယခင်က
သူတို့ ဘယ်လိုတွေ ရေးနေသည်မသိ။ ကျွန်တော်ဖတ်ရသည့်စာမူများမတော့ သိပ်ကို အဆင်မပြေလှပါ။
အမှန်ဆို
စာကိုမည်ကဲ့သို့ရေးရမည့်အကြောင်း နှင့် မည်ကဲ့သို့ ဘာသာပြန်ရမည့်အကြောင်းများကို အဝေးသင်တက္ကသိုလ်
မြန်မာစာအထူးပြု ဘာသာရပ်တွင် အပြည့်အစုံ ပြဋ္ဌာန်းကာ သင်ကြားပေးထား၏။ သို့သော် -
ယူတတ်မှ
ရ၏။ ချူတတ်မှ ကျ၏။
မယူတတ်လျှင်
အပုံကြီးလျက်နှင့် မရ။ မချူတတ်လျင် အရုံနီးလျက်နှင့် မကျ။ - ဟူသောစကားအရ ကျွန်ုပ်တို့
တူ၊ တူမ ကျောင်းသား၊ ကျောင်းသူကလေးများမှာ မယူတတ်သောကြောင့် အပုံကြီးလျက်နှင့် မရဖြစ်ချေသည်။
၎င်းတို့ကား စိန်တုံး ပေးသည်ကို ဖိုခုံလောက်တုံးအဖြစ်လောက်သာ အသုံးချတတ်သူနှင့် အလားသဏ္ဍာန်
တူ၏။ ကြီးစွာသော ဆုံးရှုံးမှုဖြစ်လေသည်။
စာရေးရာတွင်
မည်သည်တို့ကို သတိထားရမည့်အကြောင်း မိတ်ဆွေများကို မနေ့ညက ပြောပြဖြစ်၏။
ကျွန်ုပ်၏
ဖေ့စ်ဘုတ်မိတ်ဆွေများလည်း ဗဟုသုတအဖြစ် ဖတ်ရှုမှတ်သားလိုလျှင် မှတ်သားနိုင်ကြပါစေရန်
ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ပါသည်။
အချက်တော်တော်များများမှာ
မနက်ဖြန် (၂၇ နိုဝင်ဘာ၊ ၂၀၁၇) တွင်ဖြေရမည့် မ ၂၁၀၃ - စကားပြေအရေးအသား ဘာသာရပ်မှ ထုတ်နုတ်ယူထားခြင်းဖြစ်ပါသည်။
(၂)
စာရေးရာတွင် ထားရှိအပ်သော သဘောထားနှင့် လိုက်နာရမည့် အင်္ဂါရပ်များ
ပထမဦးစွာ
စာရေးသူ၌ ထားရှိအပ်သော သဘောထား (၃) ရပ်ကို ဆရာကြီးပီမိုးနင်း၏ စာရေးဆရာဖြစ်လိုသော်
ဆောင်းပါးမှ ကောက်နုတ် ဖော်ပြပါမည်။ (မနက်ဖြန်ဖြေရမည့် မေးခွန်းတစ်ခုဖြစ်သောကြောင့်
အမောင် ကျောင်းသား၊ ကျောင်းသူကလေးများ အလွတ်ကျက်ထားသင့်၏။)
စာရေးသူသည်
မိမိ၏ပညာစွမ်းကို ပြလိုသောစိတ်ဖြင့် မရေးအပ်။ (၁) ဖတ်သူပျော်ပါစေ။ (၂) အသိအလိမ္မာ ရပါစေ။
(၃) အကျိုးရှိပါစေ ဟူသော စေတနာကို အရင်းထား၍ ရေးရမည် ဟု ဆရာကြီးက လမ်းညွှန်ထား၏။
သို့ဆိုလျှင်
စာကို မည်ကဲ့သို့ရေးရမည်နည်း။ ထိုအကြောင်းကို ဆရာကြီး ရွှေဥဒေါင်း၏ စာပေအရေးအသား ဆောင်းပါး၌
ပြဆိုထား ၏။ ထိုဆောင်းပါးမှာ ဆရာကြီး၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်မှ
ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဤအကြောင်းသည်လည်း မနက်ဖြန်စာမေးပွဲတွင် ဖြေရမည့် မေးခွန်းတစ်ခုဖြစ်၍
မောင်တို့မယ်တို့ ကျက်မှတ်ထားကြပါကုန်။
စာရေးရာ၌
မရှိမဖြစ်ပါရမည့် အင်္ဂါသုံးရပ်မှာ -
(၁)
ရိုးရိုးကလေးရေးခြင်း
(၂)
အဓိပ္ပာယ်ရှင်းရှင်း ရေးခြင်း
(၃)
ဖတ်၍ချောခြင်း - တို့ ဖြစ်၏။
စာကို
ကွန့်၊ ညွန့်၍ မရေးပါနှင့်။ အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းသာ ရေးပါ။
စာကို
ရိုးရှင်းစွာရေးပါက စာဖတ်သူအနေနှင့် စာရေးသူ ဘာကိုဆိုလိုချင်ကြောင်း ဒက်ကနဲ နားလည်နိုင်သည်။
ပြောလိုသည့် အကြောင်းအရာအားလုံးကို တစ်နေရာတည်း စုပြုံထည့်လိုက်ခြင်းဖြင့် မိမိဆိုလိုရင်းအဓိပ္ပာယ်မှ
မျက်ခြေပြတ်သွားတော့၏။
နောက်တစ်ခုမှာ
အဓိပ္ပာယ်ရှင်းရှင်းရေးခြင်း ဖြစ်၏။
ဆရာကြီးရွှေဥဒေါင်းက
မည်မျှခက်ခဲနက်နဲသည့်စာဖြစ်ပါစေ၊ တစ်ခေါက်ဖတ်လိုက်ရုံနှင့် နားသယ်ကိုနှက်လိုက်သကဲ့သို့
အလန့်တကြားနားလည်စေရမည်ဟု ဆို၏။
အောက်ပါစာပိုဒ်ကလေးကို
ဖတ်ကြည့်ကြစမ်းပါ။ (သူတို့စာအုပ်မှ စာသားကို ကိုးကားဖော်ပြခြင်းသည် ၎င်းတို့ကို ကဲ့ရဲ့သင်္ဂြိုဟ်
အတင်းဆိုလို၍ မဟုတ်။ မြန်မာစာအရေးအသား တိုးတက်စေရန် နမူနာမျှ ပြခြင်းသာဖြစ်ကြောင်း
စာအုပ်စီစဉ်သူတို့ သဘောပေါက်လိမ့်မည်ဟု ယူဆပါသည်။ ကျွန်ုပ်ကိုလည်း ၆၆ဃ ဖြင့်သော်လည်းကောင်း၊
အခြားပုဒ်မတစ်ခုခုဖြင့်သော် လည်းကောင်း တရားစွဲလိမ့်မည်မဟုတ်ဟုလည်း ယူဆပါသည်။ မကြိုက်လျှင်
ကျွန်တော့်ထံ ဖုံးဆက်ပြောပါ။ ကျွန်တော် ပြန်ဖြုတ်ပေးပါမည်။ ကျွန်တော့်ဖုံးနံပါတ်မှာ
၀၉ ၇၉၄၃ ၅၅၀၃၄ ဖြစ်ပါသည်။)
ဤစာပိုဒ်ကို
မိတ်ဆွေ ရှင်းရှင်းလင်းလင်း နားလည်ပါသလား။ ကျွန်တော်ကတော့ ဦးဏှောက်သိပ်မပြေးသူမို့
သူ ဘာကို ဆိုလိုချင် ကြောင်း သိရန် သုံးခေါက်လောက် ပြန်ဖတ်လိုက်ရ၏။ ဒါတောင် ကောင်းကောင်း
သဘောမပေါက်။
တတိယအရည်အသွေးတစ်ခုမှာ
ဖတ်၍ချောခြင်း ဖြစ်၏။
စာကောင်းတစ်ပုဒ်ကိုဖတ်ရသည့်အခါ
နေပြည်တော်လမ်းမကြီးများပေါ်တွင် ကားမောင်းရသကဲ့သို့ လျှောလျှောရှူရှူ ရှိလှပါသည်။
(နမူနာဖော်ပြစရာ
အများအပြားရှိသော်လည်း ကျွန်ုပ်မှာ တရားစွဲခံရခြင်းတည်းဟူသော ဘေးဒုက္ခဆိုးကြီးကို ကြောက်လွန်းလှ၍
တစ်ကြောင်း၊ ကျွန်တော်ပေးမည့်နမူနာမှာ ကျွန်တော်တို့ဂျာနယ်သို့ ပေးပို့လာသောစာမူဖြစ်၍
နောင်တွင် စာမူမပေးတော့ဘဲ ရန်သူကြီးအဖြစ် သတ်မှတ်လိုက်မည် စိုးသောကြောင့်တစ်ကြောင်း
ပြန်ဖျက်လိုက်ရခြင်း ဖြစ်ပါသည်။ ဤကား စကားချပ်။)
ဆရာကြီးရွှေဥဒေါင်းကမူ
ဖတ်၍ချောခြင်းကို အောက်ပါအတိုင်း ဖော်ပြထား၏။
"ဖတ်၍ချောခြင်းဆိုသည်မှာ
စာတစ်ပုဒ်ကိုဖတ်လိုက်သည့်အခါ ဒေါင်းဒေါင်း၊ ဒေါင်းဒေါင်းပြေး၍ နားထဲသို့ အလိုက်သင့်
ဝင်သွားသော စာမျိုးကို ဆိုလိုသည်။ ၎င်းအင်္ဂါနှင့်မပြည့်စုံသောစာမျိုးကို ဖတ်ရသည့်အခါ သမံတလင်းပေါ်
သဲဖြူးပြီး သတ္တုအိုး ဖင်နှင့်ပွတ်သောအသံကဲ့သို့ ကျွန်ုပ်၏နားထဲ၌ အခံရခက်လှပေသည်။"
(၃)
မြန်မာစာရေးနည်း
သို့ဆိုလျှင်
စာအရေးကောင်းအောင် မည်ကဲ့သို့ လုပ်ရပါမည်နည်း။
စာရေးခြင်းသည်
အတတ်ပညာတစ်ခုဖြစ်၏။ မည်သည့်အတတ်ပညာကိုမှ ဖြတ်လမ်းနည်းနှင့် မရနိုင်ပါ။ အချိန်ယူကာ ကြိုးစား
အားထုတ်ရပါမည်။
ဤတွင်
ကျွန်တော်ပေးမည့်နည်းလမ်းမှာ ဆရာကြီး မင်းသုဝဏ်၏ နည်းလမ်းဖြစ်၏။ ဆရာကြီးက (မည်သည့်အလုပ်ကိုမဆို)
လုပ်ရာတွင် လိုက်နာရန် နည်းလမ်းပေးသွား၏။ သူ့နည်းမှာ အလွန်ရှင်းပါသည်။ အတိုကောက် စု၊
တု၊ ပြု ဟု ခေါ်၏။
စာကောင်းကောင်းရေးတတ်လိုသူတို့အဖို့
-
ပထမ
- စာကောင်းပေကောင်းများကို စုဆောင်းရမည်။ ထိုစာကောင်းပေကောင်းများကို အချိန်ရတိုင်း
ဖတ်ရမည်။ ဖတ်ပြီးလျှင် ထိုစာများကို မည်ကဲ့သို့ ရေးထားကြောင်း ရေးပုံရေးနည်းကို လေ့လာရမည်။
ဒုတိယ
- ဆရာကြီးများရေးသားထားသည်ကို နမူနာယူလျက် အတုယူကာ ရေးသားရမည်။ ရေးရာတွင် အကြောင်းအရာတိုင်းကို
ရေးရမည်။ များများရေးရမည်။ ရေးရင်းနှင့်မှ လက်တက်လာတာဖြစ်သည်။ စာကိုလေ့ကျင့်မရေးပါဘဲလျက်
ရွှေဥဒေါင်း လုပ်ချင်လို့ မရ။
တတိယ
- မိမိကိုယ်မိမိ ယုံကြည်စိတ်ချရလောက်သော အနေအထားရောက်ပြီဆိုလျှင် ကိုယ်ပိုင်ဟန်ကို
ဖန်တီးယူရမည်။ ကာတွန်း ပုံတစ်ခုကို ကြည့်လိုက်သည်နှင့် ဒါကတော့ ငွေကြည်၊ ဒါကတော့ မြေဇာ၊
ဒါကတော့ တင်အောင်နီ၊ ဒါကတော့ သော်က၊ ဒါကတော့ မောင်စိန်၊ ဒါကတော့ ရွှေမင်းသား၊ ဒါကတော့
ဆွေမင်း(ဓနုဖြူ)၊ ဒါကတော့ ဆရာကြီးဦးဘကြည် စသဖြင့် အတတ်ပြောနိုင်ရမည်။ သို့မှ ကိုယ်ပိုင်ဟန်
ဖြစ်မည်။ တစ်အုပ်လုံးသာဆုံးသွားရော ကာတွန်းဆရာ ဘယ်သူမှန်းမသိဆိုလျှင် ဟန်မကျသေးဟု ဆိုရမည်ဖြစ်၏။
သို့ဆိုလျှင်
စာချည်းဖတ်ပြီး ထင်ရာတွေ လျှောက်ရေးနေရင်ပြီးရောလား။ ရေးထုံးတွေ၊ သတ်ပုံတွေ လေ့လာစရာ
မလိုတော့ဘူးလား ဆိုအံ့။ လိုပါသည်။ အလွန့်အလွန်ကို လိုပါသည်ဟု ဆိုရပါမည်။
စာရေးတတ်ချင်သူသည်
- မြန်မာစာဝါကျဖွဲ့ထုံးကျမ်း၊ မြန်မာသဒ္ဒါကျမ်း၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့်
ခွဲထား၊ ဆရာမောင်ခင်မင် (ဓနုဖြူ) ၏စာအုပ်များကို ကောင်းစွာ လေ့လာရမည်ဖြစ်ပါသည်။ မဟုတ်လျှင်
မောက်ချနှင့် ၀ိုက်ချကိုပင် နားလည်လိမ့်မည်မဟုတ်ပါ။
(၄)
စာရေးရာတွင် သတိထားရမည့်အချက်များ
မြန်မာစကားသည်
လုံးကောက်အဓိပ္ပာယ်ထွက်သော ဧကက္ခရ ဘာသာစကား ဖြစ်၏။ ထို့ကြောင့် သတ်ပုံ၊ အဖြတ်အတောက်များ
မှားလျှင် အဓိပ္ပာယ်ပါ မှားသွားသည်။ ထို့ကြောင့် အဖြတ်အတောက်နှင့် သတ်ပုံတို့ကို အထူးဂရုပြု၍
ရေးသားကြရမည်။
ပထမဆုံးပြောလိုသည်မှာ
စာလုံးများကို ဖြတ် ရေးပါ။ တစ်ဆက်တည်းမရေးပါနှင့်။ ဤနေရာတွင် ကိုဟန်မျိုးနောင် ရေးထားတာကို
နမူနာပြပါမည်။
"
|
မြန်မာပြည်တွင်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာဥပဒေအတွက်ဝန်ကြီးဌာနအသီးသီးတို့၏ကြိုတင်ပြင်ဆင်မှုများ၊မူဝါဒများနှင့်လက်ရှိဆောင်ရွက်ချက်များသဘောပေါက်နားလည်ခဲ့ကြခြင်း"
ဖြစ်သင့်သည်မှာ
-
"မြန်မာပြည်တွင်
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေအတွက် ဝန်ကြီးဌာနအသီးသီးတို့၏
ကြိုတင်ပြင်ဆင်မှုများ၊ မူဝါဒများနှင့် လက်ရှိဆောင်ရွက်ချက်များကို သဘောပေါက်နားလည်ခဲ့ကြခြင်း"
- ဖြစ်ပါသည်။
နောက်
အဖြတ်အတောက် မှားခြင်း ဖြစ်၏။ အဖြတ်အတောက်မှားလျှင် အဓိပ္ပာယ်ပါ ကွဲလွဲသွားသည်။ ထို့ကြောင့်
အဖြတ်အတောက် မှန်ရန်လည်း အရေးကြီး၏။
ရေးချတွင်
ဝိုက်ချ (-ာ) နှင့် မောက်ချ ( -ါ ) ဟု နှစ်မျိုးရှိ၏။
မောက်ချကို
"ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀" အက္ခရာ (၆) မျိုးအတွက်သာ သုံးသည်။ သို့တိုင် အခြားအက္ခရာများနှင့်ပေါင်းသွားသည့်အခါ
ဝိုက်ချသို့ပြောင်းသည့် စာလုံးများလည်း ရှိ၏။ ဥပမာ -
ခွာသည်၊
အဓိပ္ပာယ်
ဤတွင်
အများဆုံးမှားသည့် ရေးချမှာ (ဓား) ကို (ဓါး)၊ (ဓာတ်) ကို (ဓါတ်) ဟု ရေးခြင်းဖြစ်၏။
နောက်တစ်ခုမှာ (အဓိပ္ပာယ်) ကို (အဓိပ္ပါယ်) ဟု ရေးကြသည်။ ဒုတိယနှစ် မြန်မာစာပြဋ္ဌာန်းစာအုပ်များတွင်လည်း
(အဓိပ္ပါယ်) ဟု ရေးထားသည်ကို အများအပြား တွေ့ရသည်။
နောက်တစ်ခုကတော့
ဇော်ဂျီဖောင့် ပြဿနာဖြစ်ပါသည်။ ယူနီကုဒ်တွင်မူ မြ၊ ငြိမ်း၊ ပြု၊ မြို့၊ ချ၊ ချွင် စသည်တို့အတွက်
ယပင့်၊ ရရစ် တစ်မျိုးသာ ရှိသည်။ စာရိုက်သည့်အခါ စာလုံးကိုလိုက်၍ စနစ်က အလိုလိုပြောင်းပေးသည်။
ဇော်ဂျီမှာမူ သီးသန့် ယပင့်၊ ရရစ်များ သုံးရသည်။ ဥပမာ - ရရစ်အပြည့်ဖြင့် (ကြီး) ဟု
ရေးလျှင် မှားသည်။ အပေါ်တစ်ခြမ်းဖဲ့ထားသည့် (ကြီး) ဟု ရေးမှ မှန်သည်။
ထို့ကြောင့်
ဇော်ဂျီဖြင့် စာရိုက်သူများ ထို အရစ်များကို သတိထားရေးရန် လိုပါသည်။ မိမိလိုချင်သည့်
အရစ်များကို အလွယ်တကူ ရှာနိုင်ရန် ကီးဘုတ်လက်ကွက်ကို ပရင့်ထုတ်ကာ စားပွဲတွင် ကပ်ထားပါ။
နောက်တစ်ခုမှာ
မလိုအပ်ဘဲ အောက်ကမြစ် ထည့်ခြင်းဖြစ်၏။ ဥပမာ - အမှု့ ဟု အောက်ကမြစ်ထည့်ရေးလျှင် မှားသည်။
အမှု ဟု ရေးမှ မှန်သည်။
နောက်တစ်ခုမှာ
ဥ (အု) နှင့် ညလေး (ဉ ) အသုံး ဖြစ်သည်။ ဉ မှာ ည ကို တစ်ခြမ်းဖဲ့ထားခြင်းဖြစ်၏။
အဆောက်အဦကို
အဆောက်အဉီ ဟု ရေးလျှင် မှားသည်။
အစီအစဉ်
ကို အစီအစဉ် ဟု ရေးလျှင် မှားသည်။
ဌ တွင်
ဌ နှင့် ဋ္ဌ ဟု နှစ်မျိုးရှိ၏။ ဋ္ဌ မှာ တသတ်နှင့် ဌကိုပေါင်းထားသော (တ်+ဌ) (အတ်ထ) ဖြစ်သည်။
ထို့ကြောင့်
အဋ္ဌမ
(အတ်ထမ)၊ အဋ္ဌကထာ (အတ်ထကထာ)၊ အဋ္ဌာရသ (အတ်ထာရသ) အတတ်၊ အနိဋ္ဌာရံ (အနိတ်ထာရုံ) စသဖြင့် သုံးသည်။
ပြဋ္ဌာန်း ကိုလည်း (ဋ္ဌ) နှင့်ပင် သုံးသည်။
ဌာန
(ထာန)၊ ဌာန်ကရိုဏ်း (ထန်ကရိုင်း) စသည်တို့တွင်မူ (တသတ်သံ) မပါ၍ (ဌ) နှင့် သုံးသည်။
နောက်တစ်ခု
မှားရေးသည်မှာ ယောက်ျား ဖြစ်၏။
ယောက်ျား
ဆိုသည်မှာ (ယောက်ကျား) တွင်ပါသည့် (က် နှင့် ကျား) မှ (က) နှစ်ခုကိုပေါင်းကာ (က်ျား)
ဟု ရေးခြင်းဖြစ်သည်။ (နံနက်) ကို (နံက်) ဟု ရေးသည့် သဘောဖြစ်ပါသည်။
ယောင်္ကျားဟုရေးလိုက်လျှင်
(ယောင်ကျား) ဖြစ်သွားပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် ယောင်ခြောက်ဆယ် ကျားသတ္တ၀ါ
များ ဖြစ်သွားပါလိမ့်မည်။
ထို့အတူ
(စင်္ကြာဝဠာ) ဟု မရေးရပါ။ (စကြာဝဠာ) ဟု ရေးရပါမည်။ စင်္ကြ၀ဠာ ကို (စင်ကြာဝလာ) ဟု အသံထွက်၍
မှားပါသည်။ (ကြာ) တွင် (အက်) သံပါပြီးဖြစ်၍ (စကြာဝဠာ) ကို (စက်ကြာဝလာ) ဟု အသံထွက်ပါသည်။
နောက်တစ်ခုမှားသည်မှာ
(နှင့်) နှင့် (ဖြင့်) အသုံးဖြစ်သည်။ (ဖြင့်) တွင် ပြုလုပ်သူ (ကတ္တား) သဘောပါသည်။ (နှင့်)
ဆိုသည်မှာ အတူတကွ (with) သဘောဖြစ်သည်။ ထို့ကြောင့် နေရာတကာ မ (ဖြင့်) ကြပါနှင့်ဟု မေတ္တာရပ်ခံလိုပါသည်။
နောက်တစ်ခုမှာ
(မှ) နှင့် (က) အသုံးဖြစ်၏။
(မှ)
သည် ထွက်ခွာရာပြပုဒ် ဖြစ်၏။ ထို့ကြောင့် ရုပ်မြင်သံကြားသတင်းကြေငြာသူက "ဥက္ကဌကြီးမှ
အမှာစကား ပြောကြားသွားပါတယ်ရှင်" ဆိုလျှင် မှားသည်။ "ဥက္ကဌကြီးက" ဖြစ်ရမည်။
(က) သည် ပြလုပ်သူ သဘောပါသည်။
ဥပမာ
- ထက်ပိုင်စိုးက ယမင်းသွဲ့သွဲ့အောင်ကို နဘန် ကျင်းထည့်လိုက်သည်။
ယခု
ဖေ့စ်ဘုတ်တွင် ဆရာလေး၊ ဆရာလတ်၊ ဆရာကြီးများကအစ ဧရာမဆရာကြီး၊ ဆရာ့ဆရာကြီး၊ ဆရာချုပ်မှူးကြီးများပါမကျန်
တလွဲတောက်တဲ့ ရေးနေသည့်အမှားကား ကျွန်ုပ်မောင်အေးငြိမ်း အလွန်သောက်မြင်ကပ်လှသည့် (ကသတ်
- က်) နှင့် (တသတ် - တ်) ကို နေရာလွဲသုံးခြင်း ဖြစ်သတည်း။
တစ်ခုခုကို
လုပ်တတ်သည်ဟု ဆိုလိုလျှင် (able to do) (တတ်သည်) ဟု (တသတ် - တ်) နှင့် သုံးသည်။
လုပ်တတ်တယ်၊
သွားတတ်တယ်၊ လာတတ်တယ်၊ ပြောတတ်တယ်၊ ဆိုတတ်တယ်။
ကျွန်တော့်ဆီကို
သင်တန်းစုံစမ်းလာသူများက (သင်တန်းတတ်ချင်လို့ပါ) ဟု ရေးလာခဲ့ငြားအံ့။ ကိုယ့်လူ (သင်တန်းတက်ချင်လို့ပါ)
လို့ ပြင်ရေးပေးပါ ဟု စာလုံးပေါင်းကို ဦးစွာ ပြင်ခိုင်းပါသည်။ ၎င်းက (သင်တန်းတက်ချင်လို့ပါ)
ဟု ပြန်ပြင်ရေးလာသည့်အခါမှ ရှေ့ဆက်ပါသည်။ ဤကဲ့သို့ ပြန်ပြင်ရေးမလာသည်များကိုမူ အကြောင်းမပြန်ခဲ့ပါ။
ကျွန်တော့်ကို လူ့ခွစာဟု ခေါ်ကြပါခင်ဗျား။
နောက်တစ်ခုမှာ
(ကို) နှင့် (အား) အသုံးဖြစ်သည်။ (ကို) မှာ တိုက်ရိုက်အသုံးဖြစ်ပြီး (အား) မှာ တစ်ဆင့်ခံ
အသုံးဖြစ်သည်။
ဥပမာ
- ဖိုးထွန်းသည် သူ့ချစ်သူအား နှင်းဆီပန်းတစ်ပွင့်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးသည်။
- ဆိုလျှင် မှားပါသည်။
ဖိုးထွန်းသည်
သူ့ချစ်သူကို နှင်းဆီပန်းတစ်ပွင့် မွေးနေ့လက်ဆောင် ပေးသည်။ - ဆိုမှ မှန်သည်။
ဖိုးထွန်းသည်
သူ့ချစ်သူအား နှင်းဆီပန်းတစ်ပွင့်အား မွေးနေ့လက်ဆောင်အဖြစ် ပေးသည် - ဆိုလျှင်မူ ဆရာကြီးရွှေဥဒေါင်းက
အလွန် နားကလောလှကြောင်း သူ၏ တစ်သက်တာမှတ်တမ်း စာအုပ်ကြီးထဲတွင် ဖော်ပြထားပါသည်။
နောက်ပြီး
ဆယ်တန်းကို (ဒသမတန်း) ဟု ရေးသည်။ ဖတ်တော့ (ဒတ်သမတန်း) ဟု ဖတ်သည်။ သကြီး (ဿ) သုံး၍
(ဒဿမတန်း) ဟု မရေးရ။ ထို့အတူပင် ခေါင်းဆယ်လုံးနှင့်ဘီလူးမင်းကို (ဒသဂီရိ) (ဖတ်တော့
ဒတ်သဂီရိ) ဟု ရေးရသည်။
နောက်ဆုံးပိတ်အနေနှင့်
ပြောလိုသည်မှာ (တွင်၊ နှင့်၊ အား) စသည့် စကားဆက်များကို ထပ်ကာထပ်ကာသုံးပြီး စာကြောင်း
အရှည်ကြီးများ ရေးခြင်းကို ရှောင်ပါ။ ၀ါကျတိုများသုံးပြီး မိမိဆိုလိုချင်သည့်အဓိပ္ပာယ်ကို
စာဖတ်သူ ဒက်ကနဲ နားလည် သဘောပေါက်အောင် ကြိုးစားရေးကြပါမည့်အကြောင်း တိုက်တွန်းလိုက်ရပါသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၆
နိုဝင်ဘာ၊ ၂၀၁၇
No comments:
Post a Comment