(၁) နိဒါန်း
Risk Assessment ကို လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်း မဟုတ်သူတို့အဖို့
ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မည်။ သိရန်လည်း လိုချင်မှလိုပါမည်။ ဗဟုသုတ အလိုရှိသူမိတ်ဆွေတို့
ဖတ်လိုက ဖတ်တော်မူ။ ဘာမှန်းမသိ၍ ကျော်လိုကလည်း ကျော်သွားနိုင်ပါသည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအလုပ်
လုပ်ကိုင်နေသူ အပေါင်းတို့ သေချာဂဏနားလည်နိုင်ရန် ရည်သန်၍ ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း။
Risk Assessment အဘယ်ကြောင့်ရေးရန်လိုသနည်းဆိုသော် အလုပ်မှန်သမျှ
အနည်းနှင့်အများ အားလုံး အန္တရာယ် ရှိကြသည်ချည်း ဖြစ်၏။ ထို့ကြောင့် လုပ်ကိုင်ရာတွင်
အန္တရာယ်မဖြစ်စေရေး တတ်နိုင်သမျှကာကွယ်ရန် Risk Assessment ကို ရေးပြီး လိုက်နာကျင့်သုံးရန်
လိုသည်။
အမှန်တကယ်ဆိုရလျှင် သေသေချာချာ ရေးဆွဲထားသော Risk
Assessment မှာ ကောင်းမွန်ပြည့်စုံသော လက်နက်ဖြစ်၏။ အသင်သည် Risk Assessment ကို သေချာစွာလေ့လာပြီး
Risk Assessment ကပြဆိုထားသည့်အတိုင်း လိုက်လုပ်လျှင် လုပ်ငန်းခွင်အတွင်း မတော်တဆမှုများကို
သေချာစွာကာကွယ်ထားနိုင်မည် ဖြစ်ပါသည်။
ထို့ပြင် Risk Assessment ဖတ်တတ်သူတစ်ယောက်အဖို့ ဘာကိုဘယ်လိုလုပ်ရမည်မှန်း
ယောင်ဝါးဝါးဖြစ်မနေတော့ဘဲ ထိုစာရွက်ကိုဖတ်ကာ ထိုအထဲတွင်ပါသည့်အတိုင်း လိုက်လုပ်သွားရုံဖြစ်ပါသည်။
သို့သော် Risk Assessment သည် ထိုအလုပ်အတွက် တကယ်နားလည်တတ်ကျွမ်းသူက
ရေးထားတာတော့ ဖြစ်ရပါမည်။ မဟုတ်လို့ ဟိုကကူး၊ ဒီကကူးပြီးယူထားတာဆိုလျှင်တော့ ဘာမှ တန်ဘိုးမရှိပါ။
သုံးလို့ရချင်မှလည်း ရပါလိမ့်မည်။
Risk Assessment ရေးတတ်ဘို့ကတော့ ဆရာကိုယ်တိုင် သေချာကျနစွာ
သင်ပြပေးမှ ဖြစ်ပါလိမ့်မည်။ ယခု ကျွန်တော်က Risk Assessment တွင် မည်သည်တို့ပါသည်။
မည်ကဲ့သို့ အသုံးချရသည်။ မည်ကဲ့သို့ ပြင်ရသည်များကို အရှင်းဆုံး ပြောပြပါမည်။
(၂) Risk Assessment ရေးရန်ပြင်ဆင်ခြင်းနှင့် ကျင့်သုံးခြင်း
အလုပ်တစ်ခုတိုင်းအတွက် Risk Assessment တစ်ခုစီရှိရသည်။
Risk Assessment တစ်ခုကို အသေရေးထားပြီး နေရာတကာ ရေလဲနှင့်သုံးနေလို့မရ။ အခြေအနေအချိန်အခါကိုလိုက်၍
လိုသလို ပြုပြင်ပြောင်းလဲမှုများ လုပ်ရသည်။
ဥပမာ - ဆေးသုတ်တာ ဆိုပါစို့။ အစ်ကိုရေ၊ ကျွန်တော်တို့ဆိုဒ်ထဲမှာ
ဆေးသုတ်စရာလေးရှိလို့ Risk Assessment လေးရှိရင် မ,စ စမ်းပါ ဆိုလာသည် ဆိုအံ့။ ကျွန်တော့်အနေနှင့်
ပေးရန် ၀န်မလေးပါ။ သို့သော် မည်သည့်နေရာတွင် မည်သည့်ပုံစံနှင့် ဆေးသုတ်မည်နည်းဆိုတာ
ရှိသေးသည်။
ဆေးသုတ်တာဆိုပေမင့် အိမ်ခန်းထဲမှာ ဆေးသုတ်သည်။ အပြင်ဘက်နံရံတွင်
ဆေးသုတ်သည်။ အထပ် (၃၀) တိုက်နံရံများကို ဆေးသုတ်သည်။ ဆေးသုတ်ရာတွင် ငြမ်းကိုသုံးမည်။
Boom lift သုံးမည်။ Gondola သုံးမည်။ ရိုးရိုးလက်နှင့်ပဲသုတ်မည်။ စက်နှင့်မှုတ်ဆေးသုံးကာသုတ်မည်။
ဆေးက ရေခံဆေးလား၊ enamel ခံဆေးလား။ အမျိုးမျိုးရှိသည်။ အိမ်ခန်းထဲမှာ ဆေးသုတ်တာနှင့်
အိမ်ပြင်နံရံကို ဆေးသုတ်တာ ဘယ်လိုနည်းနှင့်မှ မတူ။ အပြင်နံရံကို ဆေးသုတ်တာတောင် ၃ ထပ်တိုက်ကို
သုတ်တာနှင့် အထပ် (၃၀) တိုက်ကိုသုတ်တာ အများကြီးကွာသည်။ ထို့ကြောင့် မိမိလုပ်မည့် လုပ်ငန်းအခြေအနေ၊
သဘာဝကို လိုက်၍ Risk Assessment ကို ရေးရသည်။
နောက်ပြီး Risk Assessment ရေးသူသည် မိမိ Risk
Assessment ရေးမည့်လုပ်ငန်းအကြောင်း သေချာဂဏစွာသိထားသူ ဖြစ်ရမည်။ Safety knowledge
တစ်ခုတည်းနှင့်မရ။ လုပ်ငန်းအစအဆုံး အဆင့်ဆင့် မည်ကဲ့သို့လုပ်ရသည်၊ မည်သည့် အန္တရာယ်များနှင့်
ကြုံတွေ့ရတတ်သည်။ ထိုအန္တရာယ်များမဖြစ်အောင် မည်သည်တို့ ပံ့ပိုးပေးရမည် စသည်တို့ကို
သိထားရမည်။
Risk Assessment ရေးရာတွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း
ရေးလို့မရ။ အဖွဲ့နှင့် ရေးရသည်။ ထိုအဖွဲ့ထဲ၌ မန်နေဂျာ၊ အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊
အလုပ်သမားခေါင်းဆောင်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိ စသူတို့ ပါနိုင်သည်။ လုပ်ငန်းအစမှအဆုံး
မည်ကဲ့သို့ အဆင့်ဆင့်လုပ်သွားမည်၊ မည်သည့်စက်ကိရိယာများ သုံးရမည်။ မည်သည့် အန္တရာယ်များ
ကျရောက်နိုင်သည်။ အန္တရာယ်အကြီးအသေး၊ ကာကွယ်ပုံနည်းစနစ် စသည်တို့ကို တိုင်ပင်ဆွေးနွေးကာ
ရေးကြရသည်။
ထို့ကြောင့် လုပ်ငန်းတစ်ခုအတွက် Risk Assessment ရေးတော့မည်ဆိုလျှင်
ထိုလုပ်ငန်းနှင့်ပတ်သက်သူ၊ တတ်ကျွမ်းနားလည် သူများပါဝင်သော Risk Assessment အဖွဲ့ကို
ပထမဦးစွာ ဖွဲ့ရသည်။ ကျန်သည့်အဆင့်များက နောက်မှ ဖြစ်၏။ Risk Assessment ဆိုတာ လုပ်ငန်းမစမီ
ရေးရတာ ဖြစ်ပါသည်။ သို့မှသာ လိုအပ်သည့် စက်ကိရိယာများ၊ အန္တရာယ်ကင်းရေး အသုံးအဆောင်များကို
ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်သည်။ လုပ်ငန်းမစမီကတည်းက Risk Assessment အဆင်သင့် ဖြစ်နေရ
သည်။
Risk Assessment ရေးပြီးသောအခါ မန်နေဂျာသို့တင်ပြ၍ အတည်ပြုချက်ရယူရသည်။
Risk Assessment အဖွဲ့ဝင်အားလုံး ရော အတည်ပြုပေးသည့် မန်နေဂျာပါ လက်မှတ်ထိုးရသည်။ ရက်စွဲတပ်ရသည်။
လုပ်ငန်းသဘောသဘာဝ ပြောင်းသွားလျှင် သော်လည်းကောင်း၊ မတော်တဆမှုတစ်ခုခု ဖြစ်သည့်အခါတွင်သော်လည်းကောင်း
Risk Assessment မှ ပြုပြင်ရန် လိုသည် များ၊ အားနည်းချက်များကို ပြန်လည် သုံးသပ်ရသည်။
အားနည်းချက်များရှိလျှင် ပြန်လည်ပြင်ဆင်၊ သို့မဟုတ် အခြား ပိုကောင်းသည့်နည်းလမ်းဖြင့်
အစားထိုး စသည်တို့ လုပ်ရသည်။
နောက်ပြီး Risk Assessment ဆိုတာ ရေးပြီး ချောင်ထိုးထားဘို့မဟုတ်။
ထိုအတိုင်း လိုက်နာလုပ်ကိုင်နိုင်ရန် အလုပ်သမား များကို ရှင်းပြထားရသည်။ ရှင်းပြတယ်ဆိုတာ
အလုပ်သမားများအား Risk Assessment စာရွက်ကြီးကို ဖတ်ပြခိုင်းတာ မဟုတ်။ သည် Risk
Assessment ကို မိမိကိုယ်တိုင်က သေသေချာချာ နားလည်သဘောပေါက်အောင် လုပ်ကာ အလုပ်သမားများအား
၎င်းတို့နားလည်နိုင်သည့် စကားလုံးများဖြင့် ပြန်ရှင်းပြရပါမည်။
နောက်ပြီး တစ်ခါတည်းနှင့် Risk Assessment တစ်ခုလုံးရှင်းပြဘို့
လိုချင်မှလိုမည်။ လိုသလောက် အပိုင်းလိုက်ရှင်းပြနိုင်သည်။ အစအဆုံး အကုန်ပြောပြလျှင်
သူတို့မှတ်မိနိုင်မှာမဟုတ်။ Tookbox Meeting ဟူသည် နေ့စဉ်နံနက် အလုပ်မစမီ ပြောရတာ ဖြစ်သည်။
ထို Tookbox Meeting တွင် Risk Assessment ကို သည်ကနေ့လုပ်မည့်အလုပ်နှင့် ပတ်သက်သက်လောက်
ပြောပြရမည်။ သို့မှသာ အလုပ်သမားများအနေနှင့် ကျကျနန နားလည်နိုင်မည်။
(၃) Risk Assessment ရေးခြင်း
Risk Assessment ရေးရာတွင် ဦးဆုံးအဆင့်မှာ လုပ်ငန်းအဆင့်ဆင့်ကို
ချရေးခြင်းဖြစ်ပါသည်။ ဥပမာ - ပိုက်ဆင်သည့် လုပ်ငန်းဆိုပါစို့။ ပိုက်ဆင်ရာတွင် အောက်ပါအဆင့်များ
ပါဝင်သည်။
၁) ပိုက်၊ ပိုက်ဆက်ပစ္စည်း၊ လိုအပ်သည့် ကိရိယာများ၊ စက်များ
စသည်တို့ကို လုပ်ငန်းခွင်သို့ သယ်ဆောင်ခြင်း (mobilization)
၂) ပိုက်လိုင်းတိုများ (spools) ဆင်ခြင်း (fabrication)
၃) ပိုက်များကို ပိုက်စင်များ (pipe racks) ပေါ်တင်ခြင်း
(laying on pipe racks)
၎) ပိုက်များနှင့် ပိုက်လိုင်းတိုများကို ပိုက်စင်ပေါ်တွင်ဆက်ခြင်း
(installation)
၅) ပိုက်လိုင်းကို ရေထည့်စမ်းသပ်ခြင်း (hydro static
test)
၆) ပိုက်လိုင်းကို ဆေးကြောခြင်း (flushing)
၇) ပိုက်လိုင်းကို သက်ဆိုင်ရာ ကိရိယာများ၊ ရှိပြီးသားပိုက်လိုင်းအဟောင်းများနှင့်ဆက်ခြင်း
(box up)
၈) ပိုက်လိုင်းကို နောက်ဆုံးအဆင့် တကယ်အလုပ်လုပ်မည့်အခြေအနေတွင်
စမ်းသပ်ခြင်း (commissioning)
၉) ပိုက်လိုင်းကို ပိုင်ရှင်ထံ လွှဲအပ်ခြင်း (Hand over)
Risk Assessment တွင် အပိုင်း သုံးပိုင်းပါ၏။ ၎င်းတို့မှာ -
(၁) ကျရောက်နိုင်မည့်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း
(Hazard Identification)
(၂) အန္တရာယ် အဆင့်အတန်းကို ဆန်းစစ်ခြင်း (Risk
Evaluation)
(၃) အန္တရာယ်ကို ထိန်းချုပ်ခြင်း (Risk Control) - တို့ ဖြစ်၏။
(၁) ကျရောက်နိုင်မည့်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း (Hazard
Identification)
အထက်တွင်ဖော်ပြခဲ့သကဲ့သို့ လုပ်ငန်းအဆင့်ဆင့် ချရေးပြီးပြီဆိုလျှင်
ထိုအဆင့်များတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရန် ဖြစ်ပါသည်။
အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရန် အောက်ပါနည်းများ သုံးနိုင်၏။
Ø လုပ်ငန်းခွင်အတွင်း ကိုယ်တိုင်သွားရောက်စစ်ဆေးခြင်း
Ø ထုတ်လုပ်သူ၏ စက်ပိုင်ရှင်လက်စွဲစာအုပ်များကို ဖတ်ရှုခြင်း
Ø ပြီးခဲ့သော လုပ်ငန်းစစ်ဆေးချက်မှတ်တမ်းများကို လေ့လာခြင်း
Ø ယခင်ကဖြစ်ခဲ့သည့် မတော်တဆမှုမှတ်တမ်းများ
Ø အခြားသူများ၏ Risk Assessment များကို လေ့လာခြင်း
Ø အလုပ်သမားခေါင်း၊ လုပ်ငန်းကြီးကြပ်ရေးမှူးများထံမှ အကြံဉာဏ်ရယူခြင်း
ထိုလုပ်ငန်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူဖြစ်လျှင်
မည်သည့်အန္တရာယ်များ ကျရောက်နိုင်သည်။ ထို အန္တရာယ် မဖြစ်အောင် မည်ကဲ့သို့လုပ်ရမည် စသည့်
အကြံကောင်းများ ထိုသူ့ထံ၌ ရှိနေနိုင်ပါသည်။ ၎င်းကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းခြင်းဖြင့်
အဖိုးတန်အချက်အလက်များ ရနိုင်ပါသည်။
ဥပမာ - ပစ္စည်းများကို လုပ်ငန်းခွင်အတွင်းသို့ သယ်လာရာ၌ လူအားဖြင့်
သယ်ရတာပါမည်။ လော်ရီကရိန်းဖြင့် သယ်ရတာပါမည်။ လူအားဖြင့် ပစ္စည်းများကို မ သည့်အခါ ခါးနာတတ်သည်။
ပစ္စည်းများခြေထောက်ပေါ် ပြုတ်ကျသဖြင့် ခြေထောက်နာတတ်သည်။ ချွန်ထက်သောပစ္စည်းများဖြင့်
လက်ကို ထိုးမိတတ်၊ ရှတတ်သည်။ ပစ္စည်းများကို သေချာစွာမပုံ၍ ပြိုလဲတတ်သည်။ လော်ရီကရိန်းကို
သေချာစွာ ရပ်မထားသဖြင့် လော်ရီကရိန်း လဲပြိုတတ်သည်။ ကရိန်းဖြင့် မ ရာမှ ကြိုးပြတ်ကျတတ်သည်။
ပစ္စည်းကို သယ်မ နေစဉ် ပစ္စည်းနှင့်လူ၊ ပစ္စည်း နှင့် အခြားအဆောက်အအုံစသည်တို့ မတော်တဆ
ထိခိုက်မိတတ်သည်။
(၂) အန္တရာယ်ကို ဆန်းစစ်ခြင်း (Risk Evaluation)
အန္တရာယ်ကို ဆန်းစစ်ရာတွင် နှစ်ပိုင်းပါသည်။ ပထမတစ်ခုမှာ ထိုအန္တရာယ်သည်
လုပ်ငန်းခွင်အတွင်း၌ မည်မျှကြာလျှင် တစ်ခါ ဖြစ်တတ်သနည်း (likelihood) ဆိုသည်နှင့် နောက်တစ်ခုမှာ
ထိုအန္တရာယ်ကြောင့် မည်မျှပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင် သနည်း (severity) ဆိုတာဖြစ်၏။
မည်မျှကြာလျှင် တစ်ခါ ဖြစ်တတ်သနည်း (likelihood)
လုပ်ငန်းခွင်အတွင်း ဖြစ်တတ်သည့် မတော်တဆမှု၏ ဖြစ်နိုင်သည့်
အကြိမ်နှုန်း ဖြစ်သည်။ နေ့တိုင်း ဖြစ်တတ်သည်။ တစ်လကြာ တစ်ခါဖြစ်တတ်သည်။ တစ်နှစ်တစ်ခါဖြစ်သည်။
၅ နှစ်လောက်နေမှ တစ်ခါဖြစ်သည် စသဖြင့်ဖြစ်၏။
ဥပမာ - တာဝါကရိန်း (Tower crane) ဆိုပါစို့။ တာဝါကရိန်းလဲပြိုခြင်းဆိုသည်မှာ
ဆောက်လုပ်ရေးလုပ်ငန်းများ၌ အလွန်ကြားရခဲသော မတော်တဆမှု ဖြစ်၏။ ဆယ်နှစ်ကြာမှ သို့မဟုတ်
အနှစ် (၂၀) လောက်ကြာမှ တစ်ခါ ဖြစ်တာမျိုး ဖြစ်သည်။ သို့တိုင် လုံးဝမဖြစ်နိုင်တာတော့မဟုတ်။
ဖြစ်တော့ ဖြစ်နိုင်သေးသည်။ သို့သော် ခလုတ်တိုက်လဲတာ။ ထုပ်တန်းနှင့်ခေါင်း ဆောင့်မိတာမျိုးကတော့
မကြာခဏ၊ နေ့တိုင်းလိုလို ဖြစ်နေတတ်တာမျိုး ဖြစ်သည်။
Likelihood ကို (၅) ဆင့်ခွဲနိုင်၏။
Rare -
ဖြစ်တောင့်ဖြစ်ခဲ
Remote -
ဖြစ်တတ်သည်
Occasional -
ဖြစ်လေ့ရှိသည်
Frequent -
မကြာခဏ ဖြစ်တတ်သည်
Almost Certain -
အမြဲတမ်းလိုလို ဖြစ်လေ့ရှိသည်
မည်မျှပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင် သနည်း (severity)
လုပ်ငန်းခွင်အတွင်း ဖြစ်တတ်သည့် မတော်တဆမှု၏ ဒဏ်ရာပြင်းထန်မှု
အတိမ်အနက်ကို ဆိုလိုသည်။ ဥပမာ - ခလုတ်တိုက် ၍ ခြေထောက်နာသွားသည် ဆိုပါစို့။ ဘာမှလုပ်စရာမလိုပဲ
ပရုတ်ဆီလေးလိမ်းထားလိုက်ရုံဖြင့် ကောင်းသွားလိမ့်မည်။ သို့သော် ဘိလပ်မြေအိတ် မ လိုက်ရာ
ခါးနာသွားလျှင်မူ ခါးနာတာ တော်တော်နှင့် မပျောက်တတ်။ နောင်အနှစ် (၂၀) လောက်ကြာ တောင်
ပြန်ပေါ်လာတတ်သေးသည်။ သို့သော် သေလောက်သည့် ဒဏ်ရာမဟုတ်သေး။ တိုက်ပေါ် ဆေးတက်သုတ်နေတုံး
ပြုတ်ကျပါမူ သေနိုင်လေသည်။ ထို့ကြောင့် Risk Assessment ရေးဆွဲသူသည် မည်သည့် မတော်တဆမှုမျိုးဖြစ်နိုင်သည်။
မည်မျှ ဒဏ်ရာရသည်၊ ဒဏ်ရာအကြီးသေး စသည်တို့ကို မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုလေသည်။
Severity ကို လည်း (၅) ဆင့်ခွဲနိုင်၏။
Negligible -
မပြောပလောက်ပါ။
Minor -
ဒဏ်ရာသေးသည်။
Moderate -
ဒဏ်ရာပြင်းသည်။
Major -
ဒဏ်ရာ အတော်ပြင်းသည်။
Catastrophic -
သေနိုင်သည်။
မတော်တဆဖြစ်နှုန်း (likelihood) ဆိုသည်နှင့် ဒဏ်ရာပြင်းထန်မှုအဆင့်
(severity) ကို ရပြီဆိုလျှင် အန္တရာယ်အဆင့်ကို ရပါပြီ။ အန္တရာယ်အဆင့်တွက်ရာတွင် Risk
Matrix ကို သုံးသည်။ Risk Matrix ၌ ၃ တန်း၊ ၃ တိုင်ဇယား (3 x 3 Risk Matrix) နှင့်
၅ တန်း၊ ၅ တိုင်ဇယား (5 x 5 Risk Matrix) ဟု ရှိရာ ယခု 5 x 5 Risk Matrix ကို ရှင်းပြပါမည်။
5 x 5 Risk Matrix ဟူသည် likelihood နှင့် severity ကို ဇယားကွက်၌
အလျားလိုက်/ဒေါင်လိုက် အတန်းများတွင် ချပြီး ဆုံရာအကွက်ရှိ ကိန်းများကို မြှောက်ထားခြင်းဖြစ်ပါသည်။
အောက်ဖော်ပြပါ ပုံတွင် ကြည့်ပါ။
ဤတွင် likelihood ၌ Rare ကို 1, Remote ကို 2 စသဖြင့် အစဉ်လိုက်
Almost Certain - 5 ထိ နံပါတ်များပေးထားကို တွေ့ပါလိမ့်မည်။ Severity ၌လည်း
Negligible ကို 1, Minor ကို 2 စသဖြင့် Catastrophic - 5 ထိ နံပါတ်များ ပေးထား၏။
Likelihood Severity
|
Rare
( 1)
|
Remote (2)
|
Occasional
(3)
|
Frequent
( 4 )
|
Almost
Certain
( 5)
|
Catastrophic
(5)
|
5
|
10
|
15
|
20
|
25
|
Major
( 4)
|
4
|
8
|
12
|
16
|
20
|
Moderate
( 3)
|
3
|
6
|
9
|
12
|
15
|
Minor
( 2)
|
2
|
4
|
6
|
8
|
10
|
Negligible(1)
|
1
|
2
|
3
|
4
|
5
|
ဇယားဖတ်ပုံမှာ likelihood အတိုင်မှ Rare (1) နှင့်
Severity အတန်းမှ Negligible (1) တို့ဆုံသည့်နေရာတွင် ၁ နှင့် ၁ မြှောက်ပါက (၁) ပင်ရသည်။
ဆိုလိုသည်မှာ မတော်တဆမှုတစ်ခုသည် ဆယ်နှစ်လောက်ကြာမှ တစ်ခါ ဖြစ်သည်။ ဖြစ်ပြန်လျှင် လည်း
ဘာမှ ကြီးကြီးကျယ်ကျယ် ဒဏ်ရာမရဘဲ ဆေးလိမ်း၊ ဆေးသောက်ရုံမျှလောက်နှင့်ပျောက်မည် - ဆိုလျှင်
ထို အန္တရာယ်မျိုးကို မဖြစ်လောက်သော အန္တရာယ် (အန္တရာယ်အသေး) ဟု သတ်မှတ်သည်။ ထို့ကြောင့်
အစိမ်းရောင်နှင့် ပြထားသည်။
likelihood အတိုင်မှ Almost Certain (5) နှင့် Severity အတန်းမှ
Catastrophic (5) တို့ဆုံသည့်နေရာတွင် ၅ နှင့် ၅ မြှောက်ပါက (၂၅) ရသည်။ ဆိုလိုသည်မှာ
မတော်တဆမှုတစ်ခုသည် မကြာခဏလည်း ဖြစ်နေသည်။ ဖြစ်ပြန်လျှင်လည်း သေလောင်းပျောက်ဝ ဖြစ်တတ်သည်
- ဆိုလျှင် ထို အန္တရာယ်မျိုးကို အလွန်ကြီးကျယ်သည့်အန္တရာယ် (အန္တရာယ်ကြီး) ဟု သတ်မှတ်သည်။
ထို့ကြောင့် အနီရောင်နှင့် ပြထားသည်။
ဤတွင် အန္တရာယ်အဆင့်အတန်းကိုလိုက်၍ အစိမ်း၊ အ၀ါ၊ အနီ တို့ဖြင့်
ပြထားတာ တွေ့ပါလိမ့်မည်။
အစိမ်းရောင်သည် အန္တရာယ် အသေးစား ဖြစ်၏။ (Low Risk)
အ၀ါရောင်သည် အန္တရာယ် အလတ်စား ဖြစ်၏။ (Medium Risk)
အနီရောင်သည် အန္တရာယ် အကြီးစား ဖြစ်၏။ (High Risk)
အန္တရာယ်သည် အစိမ်းရောင်နယ်ထဲကျနေပါက ရှိပြီးသား အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများဖြင့်
လုံလောက်သည်။ ဘာမှ အထွေအထူးထပ်လုပ်စရာမလို။
အန္တရာယ်သည် အ၀ါရောင်နယ်ထဲကျနေပြီး ဆိုပါက ရှိပြီးသား အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများဖြင့်
မလုံလောက်တော့ဘဲ နောက်ထပ် ထိန်းချုပ်ရေးနည်းလမ်းများ ထပ်မံ ပံ့ပိုးပေးရမည်။
(Additionl Control measures)
အန္တရာယ်သည် အနီရောင်နယ်ထဲကျနေပြီ ဆိုပါကမူ အလွန်အန္တရာယ်များသော
အလုပ်ဖြစ်၍ လုပ်ခွင့်မပြု။ တတ်နိုင်သမျှ သော အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများသုံးပြီး
အ၀ါရောင်နယ်ထဲရောက်လာသည်ထိ လုပ်ယူရမည်။ အ၀ါရောင်နယ်ထဲ ရောက်လာသည့်အခါကျမှ လိုအပ်သော
အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများသုံးကာ လုပ်ခွင့်ပြုသည်။
ဇယားကွက်ထဲရှိ ၁ မှ ၂၅ ထိ နံပါတ်များကို အန္တရာယ်အဆင့်နံပါတ်များ
RPN (Risk Prioritization Number) ဟု ခေါ်၏။
(၃) အန္တရာယ်ကို ထိန်းချုပ်ခြင်း (Risk Control)
အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊
စံနှုန်း၊ စနစ်များတွင် ညွှန်ပြထားသည့်အတိုင်း လိုက်နာလုပ်ဆောင်ရန် ဖြစ်ပါသည်။
ဥပမာ - အမြင့်တွင် အလုပ်လုပ်ခြင်းအတွက် ထိန်းချုပ်ရေးနည်းလမ်းများ
ဆိုပါစို့။ စင်ကာပူတွင် WSH (Work At Height) Regulations, Code of Practice for
Working Safely at Height, Guidelines for Safe Use of Ladders စသည်တို့ ရှိပါသည်။
ထိုအထဲတွင် ညွှန်ပြထားသည့်အတိုင်း လိုက်နာလုပ်ဆောင်ရမည် ဖြစ်\။ မိမိဘာသာ အခြား
international good practice များကို ယူငင်၍လည်း သုံးနိုင်ပါသည်။ သို့သော် အခိုင်အမာရှိပြီးသား
ဥပဒေ၊ နည်းဥပဒေများကိုမူ မိမိသဘောနှင့်မိမိ ပြုပြင်ပြောင်းလဲ သုံးစွဲခြင်းမျိုး လုပ်ခွင့်မရှိပါ။
အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများမှာ လုပ်ငန်းတစ်ခုချင်းစီအလိုက်
အလွန်များပြားလှသည့်ဖြစ်ရာ ဤနေရာတွင် အကုန်အစင် ထည့်ရေးပြဘို့ရာ မဖြစ်နိုင်ပါ။ နမူနာအနေနှင့်
အမြင့်တွင် အလုပ်လုပ်ခြင်းကို အနည်းငယ်မျှ ဖော်ပြလိုက်ပါသည်။
ယေဘူယျအားဖြင့် အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်း အဆင့် (၅) ဆင့်ရှိ၏။
၎င်းကို မည်သည့်အလုပ်အတွက်မဆို အသုံးချ၍ ရသည်။ ထို (၅) ဆင့်မှာ အောက်ပါအတိုင်း ဖြစ်၏။
(ပုံတွင်ကြည့်ပါ။)
ပထမဆုံးအနေနှင့် ဖျောက်ပစ်ခြင်း (Elimination) ဖြစ်၏။ အန္တရာယ်လုံးဝမရှိအောင်
ဖျောက်ပစ်ခြင်းဖြစ်၏။ ဥပမာ - နံရံကို ဆေးသုတ်ရမည်ဆိုပါစို့။ လှေခါးဖြင့်တက်သုတ်လျှင်
လှေခါးပေါ်မှ လိမ့်ကျမည့်အန္တရာယ်ရှိသည်။ ဆေးသုတ်သည့်လက်ကိုင် ကို ၀ါးလုံးဖြင့်ဆက်၍ ရှည်အောင်လုပ်ပြီး
မြေကြီးပေါ်မှသုတ်လျှင် လိမ့်ကျစရာမရှိတော့။
ဒုတိယတစ်ဆင့် အစားထိုးခြင်း (Substitution) - လုံးဝဖျောက်ပစ်ဖို့မလွယ်လျှင်
ဒုတိယအဆင့်အနေနှင့် အစားထိုးရန် စဉ်းစားရပါမည်။ အန္တရာယ်များသည့် ပစ္စည်းကို ပိုပြီး
အန္တရာယ်နည်းသည့် ပစ္စည်းနှင့် အစားထိုးမည်။ ဥပမာ - နံရံအမြင့်ကို ဆေးသုတ်ရာတွင် လှေခါးအရှည်ကြီးထောင်ပြီး
တက်သုတ်မည့်အစား ငြမ်းဆင်ပြီးသုတ်ပါက ပိုအန္တရာယ်ကင်းသည်။
တတိယတစ်ဆင့်အနေနှင့် အင်ဂျင်နီယာနည်းနှင့် ထိန်းချုပ်ခြင်း
(Engineering Control) ဖြစ်ပါသည်။ ဤနည်းတွင် အပေါက်များကို ဖုံးထားခြင်း၊ အစွန်းများကို
ကာရံထားခြင်း (barricade) စသည်တို့ပါပါသည်။
နောက်တစ်ဆင့်ကား အုပ်ချုပ်ရေးပိုင်းမှ ထိန်းချုပ်ခြင်း
(Administrative Control) ဖြစ်သည်။ ဤနည်းတွင် အလုပ်သမားများ အသိပညာတိုးစေရန် သင်တန်းများပေးခြင်း၊
ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေခြင်း၊ အလုပ်ကို လုပ်ခွင့်ပြုမိန့် ဖြင့်သာ
လုပ်စေခြင်း စသည်တို့ ပါဝင်ပါသည်။ အလုပ်လုပ်ခွင့်ပြုမိန့်စာရွက်ထဲတွင် ဤအလုပ်လုပ်ပါက
မည်သည်တို့ ပံ့ပိုးပေးရ မည်၊ မည်သည်တို့ လုပ်ကိုင်ထားရမည် စသဖြင့် အပြည့်အစုံညွှန်ကြားထားသည်။
ဆိုလိုသည်မှာ ထိုအရာများ အပြည့်အစုံ တပ်ဆင်ထားမှ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုသည့်သဘော
ဖြစ်သည်။
PPE (Personal Protective Equipment) မှာ နောက်ဆုံးကာကွယ်ရေးလက်နက်ဖြစ်သည်။
ထိုအပိုင်းတွင် အန္တရာယ်ကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်များ (မျက်မှန်၊
ဦးထုပ်အမာ၊ နားကြပ်၊ နှာခေါင်း အကာ၊ လက်အိတ်၊ ကိုယ်သိုင်းကြိုး စသည်တို့) ပါသည်။ အထက်ပါ
အဆင့် (၄) ဆင့်ကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး PPE ကို နောက်ဆုံးကာကွယ်ရေးအဆင့်အဖြစ်သာ
သုံးရသည်။ ဥပမာ လိမ့်ကျစရာမရှိလျှင် ကိုယ်သိုင်းကြိုးဝတ်စရာမလို။ ထို့ကြောင့် လိမ့်မကျစေရန်
အကာအရံအတားအဆီးများ ပံ့ပိုးပေးရမှာက ပထမဖြစ်ပြီး ကိုယ်သိုင်းကြိုးဝတ်ရမှာက နောက်ဆုံး
ဖြစ်သည်။
(၄) နိဂုံး
ဤသည်မှာ Risk Assessment အကြောင်း အကျဉ်းမျှ ရေးပြခြင်းဖြစ်ပါသည်။
စင်ကာပူ၌ BCSS သင်တန်းတက်ဖူးသူတို့ အနည်းအကျဉ်း သင်ယူလေ့လာဖူးပါလိမ့်မည်။ သို့သော်
အချိန်တိုအတွင်း လုသင်ရတာဖြစ်၍ သေသေချာချာ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ အခြေခံမရှိသူများ
နားလည်ရန် အတော်ခဲယဉ်းပါလိမ့်မည်။ Risk Management ဆိုတာ တစ်ရက် သင်တန်းဖြစ်ပါသည်။
ဈေးကလည်း မနည်းလှပါ။
လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနယ်ပယ်တွင် ၀င်ရောက်လုပ်ကိုင်နေသူများနှင့်
ဗဟုသုတလိုသူများအတွက် ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ မရှင်းလင်းသည်များရှိပါက aye475@gmail.com
သို့ စာရေးသား ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အလျဉ်းသင့်လျှင် ရန်ကုန်၌ သင်တန်းဖွင့် သင်ကြားပေးပါဦးမည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၁ ဇွန်လ၊ ၂၀၁၇။ ၀၀း၄၁ နာရီ
No comments:
Post a Comment