(၁)
မနေ့ကညနေ သားကို ရေချိုးပေးတော့ ခေါင်းပါလျှော်ပေးသည်။ သည်တော့သူက
ဖေကြီး၊ ဘာဖြစ်လို့ ခေါင်းကို ဆပ်ပြာနဲ့ မလျှော်ပဲ ခေါင်းလျှော်ရည်နဲ့ လျှော်ရတာလဲ။
ဆပ်ပြာနဲ့ခေါင်းလျှော်ရည် ဘာကွာလို့လဲ ဟု အင်္ဂလိပ်လို မေးလေ၏။
သည်တော့ ကျွန်ုပ်လည်း တတ်သမျှမှတ်သမျှ ပြန်ဖြေရလေ၏။
ဒီလိုကွသားရဲ့၊ ဆံပင်နဲ့ အရေပြား ဖွဲ့စည်းတည်ဆောက်ပုံမတူဘူးကွ။
ဆံပင်ကို ဖြတ်လို့မနာပေမဲ့ အရေပြားကို လှီးမိရင်တော့ နာတယ်မဟုတ်လား။ အရေပြားမှာတောင်
မျက်နှာကအရေပြား၊ လက်က အရေပြား၊ ဗိုက်ကအရေပြား၊ ခြေဖ၀ါးက အရေပြား မတူသေးဘူးကွ။ ခြုံပြောရရင်
ဆံပင်နဲ့အရေပြားဟာမတူတဲ့အတွက် သူတို့ကို သန့်ရှင်းတဲ့နည်း၊ သန့်ရှင်းတဲ့ဆပ်ပြာအမျိုးအစား
ချင်းလည်း မတူဘူးပေါ့ကွာ။
ဒါဆို ဆပ်ပြာနဲ့ ခေါင်းလျှော်လို့ မရတော့ဘူးလား . . . ဟု
အထွန့်တက်ပြန်၏။
ဖေဖေတို့ငယ်ငယ်က တောမှာ ဘယ်က ရှမ်ပူတွေ၊ ရှမ်ပက်တွေရမတုံးကွာ။
ဆပ်ပြာနဲ့ပဲ ကြိတ်လိုက်တာပေါ့။ ဒါပေမဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရင် ဆံပင်တွေ ကြမ်းတယ်လို့
ဆိုကြတယ်ကွ။ အမှန်ကတော့ ဖေဖေတို့တောမှာ သစ်ပင်ကရတဲ့အသီးတွေ အခေါက်တွေနဲ့ ခေါင်းလျှော်သကွ။
သြော် . . ဟုတ်လား။
အေး၊ ဟုတ်တယ်ကွ . . . ဆိုကာ ထိုမှစ၍ ကျွန်တော့်ခေါင်းထဲတွင်
ယခင်ကလူများသည် သဘာဝမှရသည့် ပစ္စည်းများကိုသာ အများဆုံး သုံးစွဲခဲ့ကြကြောင်း အတွေးများ
ဝင်လာလေတော့၏။
(၂)
ငှက်ကလေးက စိုးစီ စိုးစီ
ဝင်းပေါက်မှာမြည်။
ချိန်တန်ပြီ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး … ။ ။
ဝင်းပေါက်မှာမြည်။
ချိန်တန်ပြီ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး … ။ ။
ဦးပေါင်းကို ဆွမ်းတော်တင်
သုံးချောင်းထောက်ပြင်။
သံလွင်လွင် ကြေးစည်တီးလို့
ထွန်းတဲ့ဆီမီး။ ။
သုံးချောင်းထောက်ပြင်။
သံလွင်လွင် ကြေးစည်တီးလို့
ထွန်းတဲ့ဆီမီး။ ။
ဆရာကြီး မင်းသုဝဏ် ၏ ၀ါတွင်းချိန် ကဗျာထဲမှ “ဦးပေါင်းကို ဆွမ်းတော်တင်၊ သုံးချောင်းထောက်ပြင်” ဆိုသောစာသားကို ခုခေတ်
လုံငယ်၊ လုံမငယ်တို့ နားလည်ပါ့မလားမသိ။ ကြားဖူးချင်မှတောင် ကြားဖူးကြလိမ့်မည်။ ရှင်းပြလျှင်တောင်
နားလည် ဘို့ သိပ်မလွယ်။ မြေအိုးနဲ့ထမင်းချက်တယ်ဆိုတာ သူတို့အဖို့ အထူးအဆန်းဖြစ်နေပါလိမ့်မည်။
ကျွန်တော်တို့ငယ်စဉ်ကတော့ ရွာများတွင် (အဲလေ လေးမျက်နှာတို့
ကွင်းကောက်တို့မှာလည်း အတူတူပါဘဲ။) ထမင်းဟင်း ချက်ပြုတ်ကြရာ၌ မြေအိုးများနှင့် ထင်းမီးကိုသာ
သုံးကြသည်။ လေးမျက်နှာ၊ ခတ္တူရပ်ကွက်မှ အဓိက စီးပွားရေးလုပ်ငန်းမှာ အိုးဖုတ်လုပ်ငန်းဖြစ်၏။
လေးမျက်နှာနားမှ မြင်းကုန်းတွင်လည်း အိုးလုပ်ငန်းရှိသည်။ ခတ္တူအိုးဆို နာမည်ကြီးသည်။
အိုးလှ သည်။ မီးကျက်သည်။ ခိုင်သည်။ အိုးကိုတောက်ကြည့်လိုက်လျှင် ခွမ် ခွမ် နှင့် မြည်သည်။
ခတ္တူမှ အိုးလုပ်ငန်းရှင်များတွင် ကျွန်တော်တို့နှင့်ဆွေမျိုးမကင်းသော ဦးအေးမောင်၊
ဒေါ်သန်းကျင်တို့လည်း ပါသည်။ သူတို့သားသမီးများမှာ ကိုအန်းဝင်း၊ ကိုခင်ဝင်း၊ မဌေးကြည်
(အရေးထဲမှ အကြီးမနာမည် မေ့နေပြန်ပြီ၊ ထားပါတော့။) တို့ဖြစ်၏။
အောင်မယ်၊ အိုးကိုရွှံ့နဲ့လုပ်ရတယ်ဆိုပေတဲ့ ရွှံ့တိုင်းမရဘူးဆရာ။
အိုးလုပ်သောရွှံ့ကို နင်းကြမ်းနှင့်မြင်းကုန်းအကြား စိန်ထဲတွင် သွားတူးရသည်။ (စိန်ဆိုသည်မှာ
ရေကြီးလျှင် ရေများဝင်လာကာ အင်းကြီးဖြစ်ပြီး ရေပြန်ကျသွားသည်နှင့် ကုန်းပြင်ဖြစ်ကာ
အပင်များ စိုက်ပျိုးလို့ရသော နေရာဖြစ်သည်။ ရေကြီးလျှင် ကိုင်းပင်များပေါက်သည်။ တစ်တောင်ပိုဆိုသည့်
ရေနက်စပါးများ လည်း စိုက်လို့ရသည်။ တစ်တောင်ပိုဆိုသည်မှာ ထိုစပါးပင်သည် မည်သည့်အခါမှ
ရေမြုပ်မသွား။ ရေမည်မျှ တက်လာပါစေ၊ ရေမျက်နှာပြင်အပေါ် အမြဲ တစ်တောင်ပိုနေသည့် စပါးပင်ဖြစ်၏။)
အိုးလုပ်သည့်ရွှံ့အမျိုးအစားမှာ ရေနှင့်ထိလျှင် အလွန်စေးကပ်ပြီး
ခြောက်သွားသည့်အခါ ကျောက်ခဲကဲ့သို့ မာလေသည်။ ထိုရွှံ့များကို လှေနှင့် စိန်ထဲတွင်သွားတူးကာ
ကျင်းတူး၍ လှောင်ထားရသည်။ အိုးလုပ်သည့်အခါ လိုသလောက် ထုတ်ယူပြီး လူဖြင့် နင်းရသည်။
ရွှံ့နင်းသည်ဆိုတော့ ကိုသန်းစိုးကြီးကို သွားသတိရမိသေး၏။ ကိုသန်းစိုးကြီးမှာ ဗလကောင်းလှ၏။
သူရွှံ့နင်းနေပုံမှာ ကြည့်လို့ကောင်း ကောင်းသေးတော့။ ရွှံ့နင်းရာတွင် ရွှံ့ချည်းမဟုတ်။
သဲနှင့်စပ်သေးသည် ထင်ပါသည်။ အသက် ၁၄ - ၅၊ ၆ နှစ်သားလောက်ကဆိုတော့ မေ့နေပြီ။
နင်းပြီးသောရွှံ့ကို စက်ပေါ်တင်ကာ ရေအိုး၊ ထမင်းအိုး၊ ငါးပိချက်အိုး၊
ဘုရားသောက်တော်ရေအိုး စသည့် အလိုရှိသော အိုးပုံဖော်သည်။ အိုးပုံပေါ်လာတော့ အနည်းငယ်ထပ်သွားအောင်ထားပြီး
အိုးပေါ်တွင် လက်ရိုက်နှင့် တဘုတ်ဘုတ်ရိုက်ကာ ပန်းဖော်သည်။
ထို့နောက်တော့ နေလှန်း၊ ကောက်ရိုး၊ ဖွဲစသည်တို့နှင့်မီးဖုတ်။
ဖောက်သည်များက အိုးလှည်းများနှင့်တင်ကာ သူတို့ရပ်ရွာသို့ သယ်ကြသည်။ ကျွန်တော်တို့ ၅
တန်း၊ ၆ တန်းကျောင်းသားဘ၀ ကွင်းကောက်တွင်နေခဲ့စဉ်ကလည်း အိုးရောင်းခဲ့ဖူးသေး၏။
ဆိုတော့ အိမ်တွင် ထည့်စရာသိုစရာမှန်သမျှ အကုန် မြေအိုးချည်းသုံးသည်။
ရေများများလှောင်တော့ ရာဝင်အိုးဆိုသည့် စဥ့်သုတ်ထားသော အိုးအကြီးကြီးများနှင့်လှောင်သည်။
ငါးပိကိုလည်း မြေအိုးနှင့်ထည့်သည်။ ဆန်အိုး၊ သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဘုရားသောက်တော်ရေအိုး၊
အားလုံးလိုလို မြေအိုးသုံးသည်။ ပန်းကန်တောင် ခွေးကျွေးသည့်ပန်းကန်ဆို စဥ့်ပန်းကန် သုံးသည်။
ဆိုတော့ ထမင်းကို မြေအိုးနှင့်ချက်သည်။ မြေအိုးနှင့်ချက်တော့
အပေါ်မှာ မြေစလောင်းဖုံး ဖုံးထားသည်။ ဟော၊ ထမင်းလည်း ကျက်ရော အပေါ်တက်လာသည့် ထမင်းက စလောင်းဖုံးနှင့်ထိကာ
မို့မို့လေးဖြစ်နေသည်။ ထိုထမင်းကို ထမင်းဦးပေါင်းဟု ခေါ်သည်။ ထိုထမင်းဦးပေါင်းကို
မိမိတို့မစားဘဲ အထွတ်အမြတ်ထားကာ ဘုရားဆွမ်းတော်တင်ကြသည်။
ဝါတွင်းချိန်ကဗျာထဲမှ ဦးပေါင်းကို ဆွမ်းတော်တင်ဆိုသည်မှာ
ထို ထမင်းဦးပေါင်းကို ဆိုလိုသည်။ ယခုခေတ်မတော့ တမင် သက်သက် မြေအိုးနှင့်ချက်လိုပါသည်ဆိုလျှင်တောင်မှ
မြေထမင်းအိုး ရနိုင်ပါတော့မည်လား မသိ။ လူတွေ အသုံးနည်းတာနှင့် အိုးဖုတ်လုပ်ငန်းပင်
တိမ်ကောသွားပြီလားမသိ။ ကျွန်တော်လည်း လေးမျက်နှာမရောက်တာကြာတော့ မသိတော့။ လေးမျက်နှာက
ဘယ်သူတို့၊ ဘယ်ဝါတို့ရေ ပြောကြပါအုံးဟ။
သုံးချောင်းထောက်ဆိုတာလည်း သည်ခေတ်တွင် ခပ်ရှားရှားဖြစ်ပါလိမ့်မည်။
ယခင်က လူကြီးသူမများသည်
အဖိတ်၊ လပြည့်နေ့များတွင် ဘုန်းကြီးကျောင်းများ၌ ဥပုသ်သွားစောင့်လေ့ရှိကြ၏။
ထိုအခါ နေ့လည်စာ (နေ့ဆွမ်း) ကို အိမ်က ပို့သည်။ ထိုသို့ ပို့သည့်အခါ ခြေထောက်သုံးချောင်းပါသည့်
ယွန်းလင်ပန်းထဲ ထမင်း၊ ဟင်းခွက်များထည့်ကာ ခေါင်းတွင်ရွက်ပြီး ပို့လေ့ရှိ၏။ ထိုယွန်းလင်ပန်းကို
ခြေထောက်သုံးချောင်းသာပါသည့်အတွက် သုံးချောင်းထောက်ဟု ခေါ်ခြင်းဖြစ်၏။ သုံးချောင်းထောက်မှာလည်း
နှီးဖြင့်ယက်ပြီး စစ်စေးသုတ်ထားသော ပီဘိ သဘာဝ ပစ္စည်းအစစ်ဖြစ်သည်။ စတီးချိုင့်များတွင်ကျယ်လာသည့်
ခုခေတ်မှာတော့ သုံးကြတော့မည် မထင်။ ခုခေတ်ကလေးများ သုံးချောင်းထောက်ကိုကြည့်ချင်လျှင်
ပြတိုက်သွားကြည့်ရမည့် အခြေဆိုက်နေလေပြီ။ အဲလေ၊ တချို့ ဘုန်းကြီးကျောင်းများ မှာတော့
ရှိချင်ရှိပါလိမ့်ဦးမည်။
(ဆိုတော့ သည်ကဗျာကို ကျောင်းသားတွေနားလည်အောင်သာ ရှင်းပြဘို့ဆိုရင်
ဦးပေါင်းကို ဆွမ်းတော်တင်၊ သုံးချောင်းထောက်ပြင် နဲ့တင် ဆရာမလျှာထွက်နေလောက်ပြီဗျို့။)
အဲလေ ထန်းရည်ခံတော့ ၀ါးကျည်တောက်နဲ့ခံပြီး သောက်တော့လည်း
ကြသောင်းဝါးကို တစ်ပုလင်းစာဖြတ်ထားသည့် ၀ါးခွက်နှင့် သောက်ကြတာဖြစ်ပါသည်။ (အညာမှာတော့
မြေအိုးနဲ့ခံပြီး အုန်းမှုတ်နဲ့သောက်သည်ဟု ကြားဖူးပါသည်။ အညာဒေသ၌ ကျွန်တော် ထန်းရည်မသောက်ဖူးသေးပါ။)
ဆေးလိပ်သောက်တော့လည်း ကြည့်လိုက်အုံး။ ပီဘိ သဘာဝခင်ဗျာ။
ဆေးလိပ်သည့်အရွက်မှာ သနပ်ဖက်ဖြစ်၏။ အပင်မှ အရွက်ကို ကိုယ့်ဘာသာခူးကာ
ကျောက်ပျဉ်ကြီးကိုမီးအပူပေး။ ထိုကျောက်ပျဉ်ကြီးပေါ်တွင် ဖက်များစီကာထပ်ကာ တင်ပြီး အခြောက်ခံ၊
တစ်နည်းအားဖြင့် ဖက်ဘာဘီကျူးလုပ်သည်။ ဆိုတော့ မီးသင်းထားသည့်အတွက် အိုးပေါ်မှချလိုက်သည့်ဖက်ကလေးမှာ
မွှေးလို့။
တစ်ခါ ဆေးရိုးကိုလည်း ဆေးရိုးပင်မှ အကိုင်းကို ဒါးဖြင့် အကွင်းလိုက်
စဉ်းကာ ဆုံထဲထည့်ထောင်း၏။ ထို့နောက် မြေအိုးအကွဲ ထဲထည့်၊ ထင်းမီးနှင့်လှော်လိုက်တော့
ဆေးရိုးကလည်း မွှေးထွက်လာသည်။ ဆေးရိုးမရနိုင်လျှင် အုန်းနှဲပင်မှ အကိုင်းများကို ချိုင်ကာ
ဆေးရိုးလုပ်ရသည်။ ဆေးရိုးလောက်မကောင်းပေမင့် သောက်လို့တော့ ရသပေါ့။ ဆေးရွက်ကြီးထွက်သည့်
ဒေသများ မှာတော့ ဆေးရွက်ကြီးပင်၏ ပင်စည်ကို စဉ်းကာ ဆေးရိုးလုပ်ပါသည်။
ဆေးမှာလည်း ကိုင်းရှိသူများက မိမိကိုင်းတွင်ပင် ဆေးရွက်ကြီးပင်များ
စိုက်ကာ သောက်ကြသည်။ ကိုင်းမရှိသူများကျတော့ တာတွင်းဘက်က ရောင်းသော ဆေးရွက်ကြီးများကို
ဝယ်ကာ မိမိဘာသာ မန်းကျည်း၊ ထန်းလျက်ရည်စသည်တို့ဖြင့် ပြန်နှပ်သည်။ သောက်ခါနီးမှ ဆေးရွက်ကြီးများကို
လိပ်ခါ ဓားဖြင့်အကွင်းလိုက်လှီးလျှက် ဆေးရိုးဖြင့်စပ်၊ မီးသင်းထားသော ဖက်ထဲ ထည့်လိပ်ကာ
သောက်ကြတာဖြစ်၏။
(ဤတွင် တာတွင်းဘက်ဆိုသည်မှာ လေးမျက်နှာက င၀န်မြစ်ရေကြီးသဖြင့်
ရေကာတာကြီးများ ဆောက်ထားရသည်။ ထိုရေကာတာကြီးများ၏ ကုန်းတွင်းပိုင်းကျသောရွာများကို
တာတွင်းဟု ခေါ်ခြင်းဖြစ်၏။ ဤကား စကားချပ်)
အဲလေ ဆေးလိပ်အစီခံကိုတော့ ပြောင်းဖူးရွက်များကိုလိပ်ခါ လုပ်တာထင်ပါသည်။
ကောင်းကောင်းမမှတ်မိတော့။ ချည်ကတော့မခက်ပါ။ အ၀တ်ဟောင်းတစ်စမှ ချည်ကို ဆွဲထုတ်လိုက်လျှင်
ပြီးတော့၏။
ကျွန်တော်တို့ရွာမှ ရွာသူရွာသားများမှာ ဤနည်းအတိုင်းချည်း
ကိုယ့်ဆေးလိပ် ကိုယ်လိပ်သောက်ကြတာ ဖြစ်ပါသည်။ ဟိုအိမ်သည်အိမ် အလည်သွားလျှင်လည်း သူ့လိပ်ထားသောဆေးလိပ်များဖြင့်
တည်ခင်းဧည့်ခံကြ၏။ အဲလေ အလှူ၊ မင်္ဂလာဆောင်ဆိုလျှင်တော့ ဘယ့်နှာလုပ် လိပ်နေနိုင်မှာတုံး။
မြို့မှ လက်ညှိုးလောက် ဆေးလိပ်ကလေးများကို မှာယူ ဧည့်ခံကြ သည်။ ကျွန်တော်တို့ဘက်မှာတော့
ဆေးပေါ့လိပ်ဟုခေါ်၏။ လေးမျက်နှာက မဌေးကြည်ဆေးလိပ်ခုံဆို
နာမည်ကြီးဖြစ်၏။
စကားစပ်၍ ပြောရလျှင် ဖက်ထဲ၌ ဆေးရိုး၊ ဆေးများစပ်ပြီး လိပ်ထားပြီး
အစီခံပါသောဆေးလိပ်ကို ဆေးပေါ့လိပ်ခေါ်၍ ဘာမှမပါဘဲ သည်အတိုင်း ဆေးရွက်ကြီးကို လိပ်ထားသည့်
အပြင်းစား ဆေးလိပ်ကိုတော့ ဆေးပြင်းလိပ်ဟု ခေါ်လေသည်။ တချို့ကျတော့ ဆေးလိပ်မသောက်ဘဲ ဆေးရွက်ကြီးကိုဖြတ်ကာ
လိပ်ပြီး ပါးစောင်ထဲတွင် ငုံသည်။ ၎င်းကို ဆေးငုံသည်ဟု ခေါ်၏။ ထိုဆေးငုံတတ်သူများအတွက် ငုံဆေးဆိုပြီး
သပ်သပ်ရှိသေးသည်။ (ကျွန်ုပ်တို့၏ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့် သေတာ ထိုဆေးပြင်းလိပ်သောက်လွန်းလို့ဟု ဖတ်ဖူးပါသည်။ ဤကား စကားချပ်)
နောက်ပြီး ဆေးလိပ်သည့်အရွက်ကို သနပ်ဖက်မသုံးပဲ ပြောင်းဖူးရွက်ကိုလည်း
သုံးသေးသည်။ ပြောင်းဖူးဖက်ဖြင့် လိပ်ထားသောကြောင့် ပြောင်းဖူးဖက်ဆေးလိပ်ဟု ခေါ်သည်။
ထိုဆေးလိပ်ကြီးများမှာမူ အလုံးက ၁ ကျပ်ခွဲလုံးလောက် တုတ်ပြီး အရှည်မှာ ၁ ပေလောက်ရှည်သည်။
အားရပါးရ သောက်ပေရော့။ တောင်သူကြီးများမှာ ဆေးလိပ်သောက်ဖို့ အတွက် ပြောင်းဖူးဖက်များကို
ဝမ်းစာထည့်တောင် ထားသေးသည်။
ဒါကဆေးလိပ်သောက်တာ။
အိမ်ဆောက်တာလည်း ကြည့်လိုက်ဦး။ ဘာဘိလပ်မြေ၊ ဘာသံမှမပါဘဲ
သည်အတိုင်းဆောက်လို့ရသည်။ ဆောက်လည်း ဆောက်ကြသည်။
အိမ်တိုင်၊ ယက်မ စသည်တို့လုပ်ရန် ၀ါးပိုးဝါးကို သုံးသည်။
အခင်း၊ အကာတို့အတွက် ကြသောင်းဝါး။ နှီးဖြာရန် နှီးဝါး စသည်တို့သုံးသည်။ တိုင်လုပ်ထားသော
ဝါးပိုးဝါးကို အပေါက်ဖောက်ကာ ယက်မလုပ်မည့်ဝါးကို စွပ်ထည့်လိုက်လျှင် ကိစ္စပြီးသည်။ အမိုးကျတော့
အင်ဖက်နှင့်မိုးသည်။ တချို့ကတော့ အကာကို ထရံမသုံးဘဲ အင်ဖက်နှင့် ကာကြသေးသည်။ သို့သော်
အင်ဖက်အကာမှာ ထရံလောက် ကြာရှည်မခံ။
အိမ်ဆောက်ဘို့အတွက် ဘယ်ကန်ထရိုက်မှ ခေါ်စရာမလိုသလို ဘယ်ဈေးသွားပြီး
ဘာပစ္စည်းမှလည်း မ၀ယ်ရ။ တောတက်ပြီး ၀ါးခုတ်သည်။ နှီးဖြာသည်။ မိန်းမများက ဖက်ကောက်သည်။
အိမ်မိုးသည့်ဖက်မှာ အင်ဖက်ဖြစ်၏။ အောင်မယ်။ ဖက်ဆိုလို့ လက်တစ်ဝါးစာလောက်ကလေးတွေ မထင်နဲ့ဆရာ။
အင်ဖက်ဆိုတာ အကြီးကြီးတွေဖြစ်သည်။ မြေပေါ်ကြွေကျနေသည့် အင်ဖက်များကိုကောက်၊ ထပ်ကာ ဖက်ထုပ်ကြီးများကို
ရွာအရောက် ရွက်ပြီးသယ်ရတာ သိပ်တော့ မသက်သာလှ။ ကျွန်တော်တို့အိမ်က ဖြူဖြူဆို ဖက်ကောက်ရမှာ
သေမလောက်ကြောက်၏။ အနို့ အလွန်ပင်ပန်းလှသကိုး။
ထိုဖက်များကို ရေအိုင်ထဲတွင် အတန်ကြာစိမ်ထားရသည်။ သို့မှ
ပိုးထိုးခံနိုင်သည်။ ထို့နောက် ရေထဲမှဆယ်ကာ ၀ါးသီတံများ တွင် ဖက်များကို ထပ်ပြီး ၀ါးအပ်ဖြင့်ထိုးသီရသည်။
၎င်းကို ဖက်ပျစ်ဟုခေါ်၏။ ဖက်ပျစ်ကို အမိုးအတွက်သော် လည်းကောင်း၊ အကာအတွက်သော်လည်းကောင်း
သုံးနိုင်သည်။ သို့သော် သူက ကြာကြာမခံ တစ်နှစ်သာ ခံသည်။ နှစ်တိုင်း အသစ်ပြန်မိုး ရတော့
အလုပ်ရှုပ်သည်။
ပိုက်ဆံလေးဘာလေးရှိသူများကျတော့လည်း ဘယ် ၀ါးတဲနဲ့ နေပါမတုံး။
အိမ်ကို သစ်သားနှင့်ဆောက်သည်။ တိုင်နှင့် ယက်မများကို (တတ်နိုင်သူများက) ပျဉ်းကတိုးသား
သုံးသည်။ အခင်းကို ကျွန်းပျဉ်ခင်းသည်။ အကာကိုတော့ သစ်ပုပ်ပျဉ်ဖြင့် ကာသည်။ ပျဉ်းကတိုးက
ကျစ်သည်၊ မာသည်၊ လေးသည်။ တောင့်တောင့်တင်းတင်းရှိသည်။ ကျွန်းကျတော့ လှသည်။ အရွဲ့ အစောင်းမရှိ။
ရာသီဒဏ် ခံနိုင်သည်။ သို့သော် ကြာလျှင် သံကိုစားသဖြင့် သံခေါင်းများ ချောင်သည်ဆိုကာ
အချို့က ကျွန်းပျဉ်ကို မကြိုက်။ အကာကျတော့ သစ်ပုပ်မှကောင်းသည်။ ရေနံချေးသာ တစ်နှစ်တစ်ခါ
ဝအောင်သုတ်ပေး။ အကြာကြီး ခံသည်။ သစ်ပုပ်က ပေါ့သည်။ သံစွဲသည်။ ကိုင်ရတွယ်ရ လွယ်သည်။
တတ်နိုင်သူများက ပျဉ်ထောင်သွပ်မိုးအိမ်ဆောက်ကြသည်။ ပျဉ်ထောင်ပြီး
သွပ်မိုးထားတော့ မိုးရေးကာရေးကိစ္စ ခေါင်းစားစရာ မလိုတော့။ သွပ်မတတ်နိုင်သူများကတော့
သက်ငယ် (သက်ကယ်) မိုးသည်။ သက်ကယ်ကောင်းလျှင် သုံးနှစ်လောက်ခံသည်။ နောက်ပြီး သက်ကယ်ဟောင်းများကို
အသစ်နှင့်ညှပ်ကာ သုံးနိုင်သလို အိမ်သာ စသည်တို့မိုးရာတွင်လည်း ပြန်သုံးနိုင်သည်။
သို့သော် သက်ကယ်မိုးရတာ အင်မတန် ယားလှသည်။ ကျွန်တော်တို့ငယ်ငယ်တုံးကတော့
ယားတာသောဘာသော ဘယ် သိမတုံး။ ကိုယ့်အိမ်မိုးလျှင်လည်း ပျော်ပျော်ကြီး မိုးလိုက်ကြ။ သူ့အိမ်မိုးမယ်ဆိုလည်း
ပျော်လိုက်ကြ။ အနို့ အိမ်မိုးသော အိမ်က ကြက်သားဟင်းနှင့် ကျွေးတတ်သကိုး။
ကျွန်တော်ပြောချင်သည်မှာ ယခင်အခါကာလများဆီက လူများမှာ ကိုယ့်ဘာသာစိုက်၊
ကိုယ့်ဘာသာစား။ နေရေးစားရေးကို ကိုယ့်ဘာသာ သဘာဝထွက်ပစ္စည်းများသုံးပြီး ဖန်တီးယူတယ်
ဆိုတာ ဖြစ်၏။ သို့သော် ယခုတော့ ထိုအရာများမှာ ပုံပြင်များဖြစ် ကျန်ခဲ့ပြီ။
(၃)
ကျွန်တော်တို့ရွာမှ အမျိုးသမီးများမှာ ခေါင်းလျှော်လျှင်
တယော်၊ ကင်မွန်းနှင့်သာ လျှော်ကြသည်။ ဘယ်ကလာ ရှမ်ပူတွေ၊ ရှမ်အေးတွေ ရပါမတုံး။ (ယခုတော့
တယော်ပင်၊ ကင်မွန်းချဉ်သီး ရမရ မပြောတတ်တော့ပါ။ တစ်ခါသုံး ရှမ်ပူအထုပ်ကလေးတွေ သုံးနေပြီ
ထင်ပါသည်။)
တယော်ပင်ကို တောထဲက ခုတ်လာပြီး အခွံခွာကာ ထုထောင်းလိုက်လျှင်
ချွဲကျိကျိ ဖြစ်သွားသည်။ ထုထားသော တယော်ခေါက်ကို ရေထဲထည့်။ ကင်မွန်းချဉ်ပင်မှ ကင်မွန်းချဉ်သီးရသည်။
ကင်မွန်းချဉ်သီးအခြောက်ကို ခုန တယော်ရေထဲ ထည့်လိုက်လျှင် ခင်ဗျားတို့ ရှမ်ပူထက်ကောင်းသော
ခေါင်းလျှော်ရည် ရပါပြီ။ တချို့ကျ သံပုရာသီးလေးပါ စိတ်ထည့်လိုက်သေး ၏။ တယော်မရလျှင်
ဆွဲလွဲရွက်ကို သုံးသည်။ သိပ်မကောင်းပေမင့် မရှိသုံးပေါ့။
ကျွန်တော်ကတော့ ရှမ်ပူထက် တယော်ကင်မွန်းကို ပိုကြိုက်ပါသည်။
ခေါင်းလျှော်ပြီး အခြောက်ခံဘို့ ဆံပင်ကို ဖြန့်လိုက်လျှင် တယော်ကင်မွန်းနံ့ကလေး သင်းနေသည်။
(အဲလေ၊ ရည်းစားခေါင်းကဆံပင်လို့ မမှတ်လိုက်ပါနှင့်ခင်ဗျား။ ထိုစဉ်က ကျွန်တော့်မှာ ဆယ်ကျော်သက်မျှသာရှိသေးရာ
ကျွန်တော့် အရီးများခေါင်းလျှော်တာကို ရည်ညွန်းပါသည်။) ကျွန်တော်တို့ကတော့ တစ်ခါတရံမှ
အရီးတို့က လျှော်ပေးလို့ တယော်ကင်မွန်းနှင့်လျှော်ပြီး များသောအားဖြင့် ဆပ်ပြာနှင့်
ကြိတ်လိုက်တာ များပါသည်။
ကျွန်တော်ရန်ကုန်တွင်နေစဉ်က ဈေးထဲတွင် တယော်ကင်မွန်းခေါင်းလျှော်ရည်ကို
အထုပ်ကလေးတွေနှင့် ရောင်းတာ တွေ့ခဲ့ဖူးပါသည်။
ယခု ရှိမရှိ မသိတော့ပါ။ မရှိဆိုလျှင်တော့ လွမ်းစရာကလေးတွေ ဖြစ်ကုန်ပြီပေါ့ခင်ဗျာ။
ဤသည်မှာ ယခင်က ကျွန်ုပ်တို့ သဘာဝထွက်ပစ္စည်းများကို သုံးစွဲခြင်းအကြောင်း
ဖြစ်ပါသည်။
နေ့ခင်း နာရီပြန်တစ်ချက်ခွဲနေပြီ။ ဆိုဒ်ထဲသွား ယောင်လိုက်ဦးမဗျို။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၈ ဇွန်၊ ၂၀၁၇။ ၁၃း၃၀ နာရီ
No comments:
Post a Comment