ဆရာမတစ်ယောက်က ပြောသည်ဆို၍ အမျိုးသမီးက သားကို Jurong
Point တွင် ဖွင့်ထားသော English 4 skills ကျူရှင်ကို လွှတ်ချင်သည်။ ယခု သားကို ကလီမင်တီမှဆရာမထံလွှတ်၍
အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ သုံးဘာသာအတွက်လည်း ကျူရှင် သင်နေသေးသည်။ ကျွန်တော်က ထို အင်္ဂလိပ်စာ
4 skills ကျူရှင် ယူရန်မလိုကြောင်း အမျိုးသမီးကို အကျိုးသင့် အကြောင်းသင့် ရှင်းပြသည်။
မိဘတော်တော်များများက ကိုယ့်သားသမီးကို အတန်းထဲမှာ ထိပ် ဆိုသည့်နေရာမှာ
ပါစေချင်သည်။ ကိုနွယ်ဝင်း၏ သား အကြီးကောင်ကလည်း စာဆိုမှစာဖြစ်သည်။ အတန်းထဲမှာ အတော်ဆုံးဆိုသည့်ကျောင်းသားများထဲတွင်ပါ၏။
ကျူရှင်မျိုးစုံ ယူသည်။ ဤသည်ကို ကျွန်တော့်အမျိုးသမီးက အလွန်အားကျသည်။ သို့သော် ကျွန်တော့်အယူအဆမှာ
ဤသို့မဟုတ်။
ကျွန်တော်ငယ်စဉ်ကလည်း မူလတန်းကစ အထက်တန်းထိ အတန်းတိုင်းမှာ
အဆင့် (၁) ချည်း ရခဲ့တာချည်း ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်က ကိုယ့်အထက်မှာ ဘယ်သူမှရှိနေတာကို
မလိုချင်။ ကိုယ်သာ ထိပ်ဆုံးမှာနေချင်သည်။ သို့အတွက် အပတ်တကုတ် ကြိုးစားသည်။ ထို့ကြောင့်ကိုယ်လိုချင်တာကို
လုပ်ယူသည်။ ကိုနွယ်ဝင်းသားလည်း ကျွန်တော့်လို အမျိုး အစားထဲမှာပါသည်။
သို့သော် ကလေးတိုင်းကို ဤကဲ့သို့ဖြစ်ရမည်ဟု တရားသေယူဆ၍ မရပါ။
စာဘက်ကို စိတ်ဝင်စားသောကလေးများရှိသလို စာထက် အခြားအရာများကို ပိုစိတ်ဝင်စားသောကလေးများလည်း
ရှိသည်။
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်ဆို ကိုယ်စိတ်ဝင်စားသည့်
ကွန်ပြူတာကိုသာ ဇောက်ချလုပ်ခဲ့သည်။ ဘွဲ့ရရေးသည် သူ့အတွက် အရေးမကြီး။ ထို့ကြောင့် ယခု
တစ်ကမ္ဘာလုံးလိုလို သူတီထွင်ခဲ့သည့် ကွန်ပြူတာများ သုံးနေကြရသည်။ အခြား ကွန်ပြူတာများဆိုသည်မှာ
သူ့နောက် နှစ်ပေါင်းများစွာကြာမှ ဖြစ်လာတာဖြစ်သည်။ သူ့ကို ကွန်ပြူတာ့အဖေကြီးလို့ ခေါ်လို့
ရသည်။ အဲသဟာ သူစိတ်ဝင်စားတာ သူလုပ်ခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။
ထို့အတူ ယနေ့ ခင်ဗျားတို့ ကျွန်တော်တို့သုံးနေသည့် ဖေ့စ်ဘုတ်တီထွင်သူ
ဇူကာဘတ်သည်လည်း သူစိတ်ဝင်စားတာလုပ်ခဲ့ပြီး အသက် ၂၀ ကျော်လေးနှင့် ဘီလျံနီယာ ဖြစ်နေပြီ။
ကျောင်းစာဟူသည် ပီဘိ အကန့်အသတ်လေးတစ်ခုသာရှိသည်။ ကျောင်းစာထက်
ပြင်ပလောကတွင် လေ့လာစရာ၊ သိစရာ တတ်စရာတွေ အများကြီးရှိသည်။
ကျွန်တော့်သားက ကျောင်းစာကို သိပ်စိတ်မ၀င်စား။ သို့တိုင်
ကျွန်တော်ပြောသည့်လေ့ကျင့်ခဏ်းများကိုတော့ လုပ်သည်။ ထို့ကြောင့်လည်း ကျွန်တော်က မင်း
ကျောင်းစာကျ စိတ်မ၀င်စားဘူးဟု ပြောသည့်အခါ သူက သား ဖေကြီးပေးတဲ့ လေ့ကျင့်ခဏ်းတွေ မလုပ်ဘဲနေလို့လားဟု
complain လုပ်သည်။ အတန်းထဲမှာ ထိပ်ဆုံးဖြစ်မနေသည့်တိုင် သူ AEIS ဖြေစဉ်က ကျွန်တော်
အသည်းအသန်လေ့ကျင့်ပေးထား၍ ယခု ဘာသာတိုင်းမှာ ၈၅ မှတ်လောက်ရသည်ချည်းဖြစ်သည်။
သို့သော် သူ့မှာ သိချင်စိတ်ရှိသည်။
သူက စကြာဝဠာကြီးအကြောင်းသိချင်သည်။
Black hole များအကြောင်း သိချင်သည်။
လူတွေမှာ ဘာလို့ရောဂါဖြစ်ရတာလဲဆိုတာ သိချင်သည်။
ဒီဆေးသောက်ရင် ဘာဖြစ်လို့ ဒီရောဂါပျောက်ရသလဲဆိုတာ သိချင်သည်။
ကမ္ဘာပေါ်မှာ ဘာဖြစ်လို့ မီးတောင်ပေါက်ကွဲရတာလဲ ဆိုတာ သိချင်သည်။
ရုပ်ရှင်ထဲမှာ သွေးတွေထွက်တာ၊ ဓားနဲ့ထိုးလိုက်လို့ ခန္ဓာကိုယ်
ထုတ်ချင်းပေါက်သွားတာ သိချင်သည်။
သူသိချင်သည်များကို Youtube မှာ ရှာကြည့်သည်။ လေ့လာသည်။ မှတ်သည်။
ထို့ကြောင့် သားက အတန်းထဲမှာ ထိပ်ဆုံးမဟုတ်ပေမယ့် -
သူ စကြာဝဠာအကြောင်းပြောပြလိမ့်မည်။
Black hole များအကြောင်း ပြောပြလိမ့်မည်။
လူ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ (Anatomy) အကြောင်း၊ ခန္ဓာကိုယ်ရောဂါပြီးစနစ်အကြောင်း
(Human immunity system) ကျွန်တော်နှင့် ဆွေးနွေးနိုင်သည်။
ရုပ်ရှင်ထဲမှာ သွေးတွေထွက်လာတာ အဲဒီသွေးတွေကို ဘယ်လိုဖန်တီးယူသလဲဆိုတာ
သမိုင်းကြောင်းနှင့်ချီ ရှင်းပြနိုင်သည်။
Pirates of the Caribian က ရေသရဲလူကြီးကို ဘယ်လို ဖန်တီးယူတယ်ဆိုတာ
သူပြောပြနိုင်သည်။
ရုပ်ရှင်ထဲမှာ ဓားနှင့်ထိုးတာ တကယ် ထိုးတာမဟုတ်ဘဲ ဘယ်လိုလုပ်ထားတယ်ဆိုတာ
သူရှင်းပြပါလိမ့်မည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြောင်းပြောပြဆိုလျှင် သူပြောပြနိုင်သည်။
မြောက်ကိုးရီးယားက ၀က်ကလေးအကြောင်း သူကောင်းကောင်းသိသည်။
ရေငုပ်သင်္ဘောအကြောင်း သူပြောပြလိမ့်မည်။
ရေအောက်သတ္တ၀ါများနှင့် ဒိုင်နိုဆောအမျိုးအစားများအကြောင်း
သူရှင်းပြနိုင်သည်။
နောက်ပြီး သူက Youtube အမြဲကြည့်နေတော့ အမေရိကန်အင်္ဂလိပ်စကားကို
ကောင်းကောင်းနားလည်သည်။ ကျွန်တော်တောင် ရာနှုန်းပြည့်နားမလည်ပါ။ အများဆုံး ၅၀% လောက်သာ
နားလည်သည်။ နားကြပ်နှင့်နားထောင်လျှင်တော့ ၆၀ - ၆၅% ရာနှုန်းလောက်နားလည်ပါသည်။ ရုပ်ရှင်ကြည့်လျှင်
တခါတခါ သူတို့ပြောတာ နားမလည်လို့ သားကို မေးယူရ သည်။
ဆိုတော့ အထက်တွင်ပြောခဲ့သည့် 4 skills သားအတွက်လိုပါသလား။
သူက အင်္ဂလိပ်လိုပြောတာ ကောင်းကောင်း နားလည်သည်။ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်သည်။
ကျွန်တော် ၀ယ်ပေးထားသည့် အင်္ဂလိပ်လို ကာတွန်းစာအုပ်များ၊ ပုံပြင်စားအုပ်များကို ကောင်းကောင်း
ဖတ်နိုင်သည်။ စာစီစာကုံးရေးတာလည်း မဆိုးပါ။ ထို့ကြောင်း သားအတွက် ထို 4 skills ကျူရှင်မလိုအပ်ဟု
ကျွန်တော်ဆုံးဖြတ်တာ ဖြစ်ပါသည်။
သားက ခုမှ P3 ။ အသက် ဆယ်နှစ်နှင့် ၆လ သာရှိသေးသည်။ ကျွန်တော်ဆယ်နှစ်သားတုံးက
သားသိတာ၏ ဆယ်ပုံတစ်ပုံပင် မသိပါ။ အခြေအနေကလည်း ကွာသကိုး။ ကျွန်တော်က တောမှာနေခဲ့ရသည့်
ပီဘိ တောသားစစ်စစ် ဖြစ်သကိုး။
ယခု ကျွန်တော့်သားအကြောင်း ကျွန်တော်ကြွားနေတာ မဟုတ်ပါ။ အမှန်တကယ်ဖြစ်နေတာကိုသာ
ပြောခြင်းဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်က ကျောင်းစာကိုချည်း အတင်းတွန်းမလုပ်ခိုင်းပဲ
သူစိတ်ဝင်စားတာ လေ့လာစေဘို့ လွှတ်ပေးထားတာ ကို ပြောလိုရင်းဖြစ်ပါသည်။ အလွန်အကျွံမဖြစ်အောင်ပဲ
ကိုယ်က ထိန်းပေးဘို့လိုသည်။ ကစားချိန်တန်ရင် ကစားစေသည်။ စန္ဒာယားတီးချိန်တိုင် စန္ဒာယားတီးစေသည်။
စာလုပ်ချိန်တိုင် စာလုပ်ခိုင်းသည်။
ကျွန်တော်လိုချင်တာကလည်း
အဲသလိုမျိုးသာ ဖြစ်ပါသည်။
ဆယ်တန်းမှာ ဂုဏ်ထူးငါးဘာသာပါသည့်တိုင် မန္တလေးဘယ်နားနေမှန်းမသိသော
ကျွန်တော့်တူလိုဟာမျိုး ကျွန်တော် မလိုချင်ပါ။
စာတော်တာကောင်းပါသည်။ သို့သော် ကျောင်းစာမှလွဲပြီး ကမ္ဘာလောကကြီးအကြောင်း
ဘာမှမသိသော ကလေးမျိုး ကျွန်တော် မဖြစ်စေချင်ပါ။
ကျောင်းစာဆိုတာ ပီဘိ အခြေခံကလေးမျှ ဖြစ်ပါသည်။ ကျောင်းစာထက်ပိုပြီး
သိစရာတတ်စရာတွေ ဟောသည်ကမ္ဘာကြီးမှာ အနမတဂ္ဂရှိသည်။
စာဆိုမှစာဆိုပြီး တစာစာလုပ်နေသည့် မိဘများထဲတွင် ကျွန်တော်မပါပါ။
ကျွန်တော်ကတော့ သားကို သူစိတ်ဝင်စားတာ လုပ်စေပြီး သူစိတ်ဝင်စားသည့်ဘက်မှာ ထူးချွန်သူ
ဖြစ်စေလိုပါသည်။
ဤသည်မှာ ကျွန်တော့်ခံယူချက်သာ ဖြစ်ပြီး လူတိုင်း ကျွန်တော့်လို
ခံယူရမည်ဟု မဆိုလို။ ကိုယ့်ခံယူချက်နှင့် ကိုယ်သာ ဖြစ်ပါသည်။ ဘာသာရေးအပါအ၀င် ကျွန်တော့်အယူအဆ
တော်တော်များများမှာ လူအများနှင့်မတူပါ။ ကျွန်တော်ကား လူ့ဂွစာ တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့်
ကျွန်တော့်ခံယူချက်နှင့် အများခံယူချက် မတူနိုင်ပါ။ ယခု ကျွန်တော်က ပညာရေးနှင့် ပတ်သက်၍
ကျွန်တော်က သည်လိုခံယူပါသည်ဟု မိတ်ဆွေများကို ပြောပြခြင်းသာ ဖြစ်ပါသည် ခင်ဗျား။
မြန်မာနိုင်ငံသား ကလေးများအားလုံး ထူးချွန်ထက်မြက်သော ကလေးများ
ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဖတ်ရှုအားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁ ဇွန်၊ ၂၀၁၇
No comments:
Post a Comment