Tuesday, March 28, 2017

မြန်မာပြည် အလည်အပတ်ခရီး (၂၀၁၇၊ မတ်လ ၁၁ မှ ၁၉ ထိ)_3

(၇) ငါးပိသည်က အိပ်နေ၍ ဆားသည်က ယင်ယပ်ရခြင်းအကြောင်း

မြန်မာနိုင်ငံ၌ ဖြစ်နေပုံမှာ ၀န်ကြီးဌာနတစ်ခုချင်းအတွင်းတွင်ပင် ဟိုဌာနနှင့်သည်ဌာနမသိ။ သူဘာလုပ်နေတယ်၊ ကိုယ်ဘာလုပ် နေတယ်ဆိုတာ အသာထားလို့ အဲဒီဌာန ကိုယ့်ဝန်ကြီးဌာနမှာရှိနေတယ် ဆိုတာတောင်မသိဟူ၏။ သိတယ်ဆိုရင်လည်း ဟိုဌာနနှင့် ဒီဌာန အစီးမကပ်။ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ။

ဆိုတော့ သူလည်း သူလုပ်ချင်ရာလုပ်သည်။ ကိုယ်လည်း ကိုယ်လုပ်ချင်ရာလုပ်သည်။ သည်တော့ မဖြစ်သင့်သည့် တလွဲတောက်တဲ့ ကိစ္စတွေဖြစ်လာသည်။ (ဒီကိစ္စ ကျွန်တော် ရေရေရာရာ မသိရပါခင်ဗျာ။ သူတို့ပြောလို့ သိရတာပါ။)

ကိုဟန်မျိုးနောင်နှင့် မအေးနှင်းယုတို့ (WSH Myanmar) က ပိုက်ဆံအကုန်အကျခံလျှက် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနကို စည်းရုံးခိုင်းကာ ၀န်ကြီးဌာနပေါင်းစုံပါသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ ပေါင်းစည်းညှိနှိုင်း စည်းဝေးပွဲတစ်ခုကို နေပြည်တော် မင်္ဂလာသီရိဟော်တယ်တွင် ကျင်းပသည်။


မတ်လ ၁၆ ရက်နေ့တွင် မနက်စာစားသောက်ကြပြီး ကြိုတင်ပြင်ဆင်ရန် ဟော်တယ်သို့ သွားကြ၏။ ဟိုရောက်တော့ ကြွရောက်လာသည့် လူကြီးမင်းများကို နှုတ်ဆက်။ စကားစနေပြော။













၉ နာရီတွင် အခန်းအနားစသည်။ ၀န်ကြီးဌာန၊ ဦးစီးဌာန အတော်များများ တက်ရောက်လာတာ တွေ့ရ၏။ အမျိုးသားလွှတ် တော်၊ အလုပ်သမားရေးရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးလည်း တက်ရောက်လာ၏။

ပထမ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန်းဝင်း က အဖွင့်အမှာစကားပြောသည်။ သူက ယခု ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ လုပ်ငန်းခွင်နှင့်ဆက်စပ်နေသည့်ရောဂါများနှင့် ထိခိုက်ဒဏ်ရာရမှုများ မဖြစ်စေရန် တတ်နိုင်သမျှလျှော့ချနိုင်ရေး ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်များကို ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အောက်ပါတို့ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း -
·       လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရေး
·       လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်ကို ချမှတ်ကျင့်သုံးရေး
·       အတိတ်မှ ထိခိုက်ဒဏ်ရာရမှုများအပေါ် သင်ခန်းစာယူကာ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်စနစ် ပိုမိုတိုးတက်အောင် ချမှတ်ကျင့်သုံးရေး
-       စသည်ဖြင့် ၁၀ မိနစ်ခန့်ပြော၏။

ထို့နောက် ကျွန်တော်က Safety for Myanmar Nation နှင့် Safety People in Myanmar အဖွဲ့တို့အကြောင်း မိတ်ဆက်ပြီး ကျွန်တော်တို့ဘာတွေလုပ်နေတယ်ဆိုတာ ရှင်းပြပါသည်။ ကျွန်တော်တို့လို ဘာမှမဆိုင်သည့် ပြင်ပအဖွဲ့အစည်းများပင်လျင် တက်ညီလက်ညီ လက်တွဲဆောင်ရွက်နိုင်သေးသည်ဖြစ်ရာ အစိုးရအဖွဲ့များအနေနှင့် လက်တွဲမလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပါကြောင်း။ တစ်ဦးတစ်ယောက်ချင်းစီလုပ်နေခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းက အကျိုးပိုများကြောင်း။ (အရေးထဲ စည်းလုံးညီညာ အောင်ကြောင်းဖြာ ဆိုသည့် စကားပုံကို မေ့နေသောကြောင့် စည်းလုံးညီညွတ်စွာဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ ရနိုင်ကြောင်း မြန်မာစကားပုံများလည်း ရှိပါတယ် ဟု ဖြန်းချလိုက်ရလေသည်။) 

ကျွန်တော်တို့က ပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်သော်လည်း ၀န်ကြီးဌာနများအလိုရှိပါက ကျွန်တော်တို့ကို ခေါ်ယူ အသုံးချနိုင် ပါကြောင်း။ ကျွန်တော်တို့တတ်နိုင်သမျှ ဟောပြောပွဲများ၊ သင်တန်းများ ပို့ချပေးမည်ဖြစ်ပါကြောင်း စသဖြင့် ပြောခဲ့ပါသည်။

ကျွန်တော်ပြီးတော့ ကိုဟန်မျိုးနောင်က သည်ပွဲကျင်းပရခြင်းအကြောင်းနှင့် WSH Myanmar အကြောင်း မိတ်ဆက်သည်။ သူကလည်း ၀န်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ဤဆွေးနွေးပွဲကို ကျင်းပရပါ ကြောင်း ထည့်ပြောပါသည်။

ဟောပြောကြသည့် ခေါင်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး အလေ့အထကောင်းများ - လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
၂။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး - အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဋ္ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန
၃။ စက်မှုဝန်ကြီးဌာန၏လုပ်ငန်းခွင်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး - စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန

၎။ Occupational Health and Safety Culture in Construction Works of Myanmar - ဆောက်လုပ်ရေးဝန်ကြီးဌာန
၅။ Occupational Safety and Health - ILO
၆။ Sectors Wide Safety and Health - နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန
၇။ Introduction to National Skills Standard Authority (NSSA) - Department of Labour, အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန
အချို့မှာ ဆူညံသံက ဘယ်လောက်ဒက်ဆီဘယ် စသဖြင့် အသေးစိတ်တွေ ထည့်ပြောနေသောကြောင့် တားယူရတာလည်း ရှိ၏။

တစ်ယောက်ပြောပြီးတိုင်း အမေးအဖြေကဏ္ဍပါသည်ဖြစ်ရာ ပြောသည့်အကြောင်းအရာပေါ်မူတည်၍ ဆွေးနွေးကြ၊ အကြံဉာဏ်များပေးကြနှင့် အတော်တော့ စည်စည်ကားကားလေးရှိပါသည်။

ဒါက ရှင်တို့လုပ်ရမှာမဟုတ်ဘူး။ မြန်မာပြည်မှာ ကျွန်မတို့သာ အာဏာအရှိဆုံး။ ကျွန်မတို့အဖွဲ့ကိုတင်မှ အတည်ဖြစ်မှာ ဆိုတာ မျိုးကလည်းရှိသေး၏။

သည်ပွဲကို ကျွန်တော် အစအဆုံး အသံဖမ်းထား၏။ ကိုမိုးကြည်ဖြူလည်း အစအဆုံး ဗီဒီယိုရိုက်ထားပါသည်။ ပထမတော့ အတင်းတုတ်ဦးမလို့။ သို့သော်လည်းပေါ့လေ သူတို့မှာ ဌာနကြီးများမှ ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်အဆင့်ရှိသူများဆိုတော့ ထားလိုက်ပါတော့။ ပြောတော့ပါဘူး။

သည်ပွဲလေးလုပ်လိုက်တာ တော်တော်ကောင်းသွားသည်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘာတွေလုပ်နေတယ်ဆိုတာ သိသွားသည်။ ဘယ်လိုပြဿနာတွေ တက်နေသည်ဆိုတာလည်း အနည်းငယ် တီးမိခေါက်မိ ရှိသွားသည်။ ဥပမာပြောရလျှင် - စည်ပင်ဌာနက ဆွေးနွေးသည်မှာ ဆေးရုံဆေးခန်းများမှ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းနေရသည့် သန့်ရှင်းရေးလုပ်သားများ အတွက် မည်သည့် ကျန်းမာရေးအကာအကွယ်မှ လုပ်ပေးမထားကြောင်း၊ ထိုကြောင့် ၎င်းတို့၏ ကျန်းမာရေးအတွက် အလွန် အန္တရာယ်ရှိကြောင်း။ ဆေးရုံများမှစွန့်ပစ်ရေနှင့် အချို့ solid waste (ဥပမာ အသားစ) များကို လက်ဆေးကန်နှင့် ရေမြောင်း များတွင် သည်အတိုင်း စွန့်ပစ်နေမှု စသည်တို့ဖြစ်သည်။

စိုက်ပျိုးရေးဌာနကလည်း စိုက်ပျိုးရေးလုပ်သားများ မည်သည့်အကာအကွယ်မှမရှိဘဲ ဓာတုဆေးဝါးများဖြင့် အလုပ်လုပ်နေကြ သည့်အတွက် ကျန်းမာရေးနှင့်အန္တရာယ်ကင်းရေးအစီအစဉ်တစ်ခုကို ထည့်သွင်းရေးဆွဲပေးရန် တင်ပြသည်။

သူတို့ပြောတာဟုတ်ပါသည်။ သို့သော် သည်လိုဖြစ်နေတယ်ဆိုတာ သိနေရုံမျှနှင့်မပြီး။ သည်ပြဿနာကို ဘယ်လိုအဖြေရှာကြ မလဲဆိုတာ ပိုလို့အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်တော် နေမကောင်းနေသည့်ကြားမှ သည် စည်းဝေးပွဲမှတ်တမ်းကို လုပ်ဆောင်ရန်များနှင့်တကွ ရေးကာ ပို့လိုက်ပါသည်။ သူတို့တော့ ဘယ်လိုဆက်ပြီး ဆောင်ရွက်ကြမည်မသိ။

သည်တော့ ပြောပြီး ပြီးပြီးပျောက်ပျောက်မဖြစ်ရလေအောင် နောက် (၆) လလောက်ကြာလျှင် ထိုဌာနအားလုံးကို ထပ်မံ ခေါ်ကာ ၎င်းတို့၏ ဆောင်ရွက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးကြမည် - ဟု တိုင်ပင်ကြပါသည်။

အရေးကြီးသည်မှာ ပိုက်ဆံဖြစ်၏။ ကျွန်တော်တို့ ခုပွဲလုပ်တာ ၂၃ သိန်းလောက် ကုန်သွားတယ် ဟု ကိုဟန်မျိုးနောင်က ပြောပါသည်။ နောက်ပွဲလုပ်ရန် ပိုက်ဆံစုရပါဦးမည်။ မည်သို့စုမည်နည်း။ Safety for Myanmar Nation နှင့် Safety People in Myanamar အဖွဲ့တို့အနေနှင့် သင်တန်းများပေးကာ ရန်ပုံငွေရှာမည်။ ကုမ္ပဏီများထံမှ sponsor တောင်းမည်။ ဒါလောက်ပဲ ကျွန်တော်တို့ တတ်နိုင်သည်။ ကျွန်တော်တို့မှာ ငွေကြေးအင်အားတောင့်တင်းသူများ မဟုတ်ကြပါ။ သည့်အတွက် တတ်နိုင်သူ များ ၀ိုင်းကြ၀န်းပံ့ပိုးပေးကြပါရန် ဤနေရာမှ တိုက်တွန်းလိုက်ပါသည်။

ဤသည်မှာ ငါးပိသည်များက အိပ်နေသောကြောင့် မနေနိုင်သော ငမိုက်သား ဆားသည်များက ယင်မောင်းသည့်အလုပ်ကို လုပ်နေရခြင်းအကြောင်း ဖြစ်သတည်း။

(၈) နေပြည်တော်မှ စက်မှုအထက်တန်းကျောင်း

ပြောတော့သာ လေတစ်လုံး၊ မိုးတစ်လုံးနှင့်။ အထဲမှာ ဘာတွေရေးထားမှန်းတောင်မသိပါဘဲလျက် အခြားသူများကို အခြောက်တိုက် ဟောက်လိုက်ချင်သေးသည်။ ကိုယ်ကလည်း အဲသဟာမျိုးဆို သိပ်အသည်းယားတတ်လေတော့ မနေနိုင်။ နည်းနည်းလောက် ထ,ကလိလိုက်သည်။ အဲသည်တော့မှ ကျွန်မပြောတာ အဲသလိုမဟုတ်ပါဘူး ဆိုပါလား။ အဟိ။

ထားပါတော့။ ဟိုဆရာ့ဆရာမကြီးတစ်ယောက် ပြောပါတယ်။ ကျွန်တော် သူများကို နှိပ်ကွပ်ချင်သည့် ဆန္ဒမရှိပါ။ သို့သော် မျက်စိရှေ့အမြင်မတော်တာတွေ့ရင်တော့ နည်းနည်း ၀င်ကလိတတ်ပါသည်။

ညကျတော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေနွေးစရာများရှိ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ဤသည့်ကိစ္စမှာ လူလယ်ခေါင်တွင် ချပြရမည့်ကိစ္စမဟုတ်၍ ဆွေးနွေးသည်ဟုပဲ မှတ်ထားလိုက်ပါ။

ခြင်ကလည်းကိုက်။ တစ်နေ့လုံးလည်းပင်ပန်းထားလို့ အိပ်ကလည်း အိပ်ချင်ဆိုတော့ ညဘက် စည်းဝေးပွဲမှတ်တမ်းရေးဘို့ ကြိုးစားသည့်တိုင် မရေးနိုင်။ အသားကုန် ထိုးအိပ်လိုက်လေသည်။

မတ်လ ၁၇ ရက်နေ့။

ကိုဟန်မျိုးနောင်နှင့် မအေးနှင်းယုတို့က နေပြည်တော်၊ စက်မှုအထက်တန်းကျောင်းမှာ ဆရာဆရာမတွေကို Safety Induction Course သင်ကြား ပို့ချပေးသည်။ ဆရာဆရာမလေးများမှာ နေပြည်တော်မှသာ မဟုတ်။ ဟို့၊ နယ်ဘက် တွေကလည်း ပါသည်။ တချို့ဆို ခန္တီးကတောင်ဆိုလား လာကြရသည် ဟူ၏။

ကျွန်တော်လည်း ကျောင်းလိုက်သွား၏။ ကျောင်းအုပ်ကြီးက သူ့ရုံးခန်းတွင်းခေါ်ကာ ဧည့်ခံပါသည်။ ကျွန်တော်ကလည်း အငြိမ် မနေနိုင်။

ဆရာကြီးခင်ဗျ။ ကျောင်းက သင်ရိုးတွေရယ်။ ဆရာကိုင်၊ ကျောင်းသားကိုင်စာအုပ်တွေရယ် ရနိုင်ရင် ကြည့်ချင်ပါတယ် ဟု လျှာရှည်မိပြန်၏။ ဆရာကြီးက သင်ရိုးညွှန်းတမ်းတွေရော ကျောင်းသားများအတွက်ထုတ်ထားသည့် စာအုပ်များကိုပါ တစ်ထပ်ကြီးယူလာပြီး ပြပါသည်။ နောက်ပြီး သည်သင်ရိုးတွေကိုရေးနေတဲ့ ဆရာဆိုလား ခေါ်လာသည်။

ကျွန်တော်ကလည်း ဘာသာရပ်ပေါင်းစုံမှာ ပါရဂူဘွဲ့ဆွတ်ခူးထားသမို့ သည်သင်ရိုးများကိုကြည့်ပြီး ဆရာစားမိပြန်၏။

အနို့ဆရာလေးရယ်။ ဟောဒါတွေက လိုလို့လားဗျာ။
ဟုတ်ကဲ့။ ဒါက သူတို့ ဗဟုသုတရအောင်လို့ ထည့်ထားတာပါ။
ထားပါတော့။ ဒါပေမဲ့ သူတို့လိုက်နာရမဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ စံနှုန်းတွေကျ မတွေ့မိဘူးဗျ။ ဘာလို့ ထည့်မထားတာလဲ။
ဟုတ်ကဲ့။ စံနှုန်းတွေကိုတော့ လက်တွေ့ပြတဲ့အခါ ကျွန်တော်တို့ ပါးစပ်နဲ့ပြော သင်ပါတယ်။
ဟိုက် ရှားဘား။ တယ်လဲတော်လိုက်တဲ့ ဦးဏှောက်တွေပါလား။ ကျွန်တော်သာဆို မှတ်မိမည်မဟုတ်။

အင်း။ ဥပဒေအရ ဘာတွေလုပ်လို့ရတယ်။ ဘာတွေလုပ်လို့မရဘူး စသဖြင့် ဥပဒေဆိုင်ရာ သိသင့်သိထိုက်တာတွေ ထည့်သင်သင့်တယ်လို့ ကျွန်တော်တော့ ထင်တာပဲ။
ဥပဒေရယ်လို့ သီးသန့်မရှိဘူးဗျ။
လျှပ်စစ်ဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေ ကျွန်တော့်မှာ ရှိပါတယ်။ ခုတော့ပါမလာသေးဘူး။ နောက်မှ ကျွန်တော် ပို့ပေး လိုက်မယ်။ ကျောင်းသားတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ ညွှန်ကြားထားတာတွေ။ စံချိန်စံညွှန်းတွေ ကို သိဘို့လိုပါတယ်။ ဒါမှ အလုပ်လုပ်တဲ့အခါ စနစ်တကျ လုပ်တတ်လိမ့်မယ်။

ကျောင်းသားကိုင်စာအုပ်များမှာလည်း မူရင်း အင်္ဂလိပ်စာအုပ်ကြီးများမှ စာမျက်နှာများကို ကော်ပီကူးထားတာ ဖြစ်၏။

နေပါဦးဆရာရယ်။ (၈) တန်းအောင်ကျောင်းသားတွေအနေနဲ့ ဟောဒီစာတွေကို ဖတ်နိုင်ပါ့မလားဗျာ။ ကျွန်တော်တော့ ဖတ်နိုင်လိမ့်မယ် မထင်ပါဘူး။

ဟုတ်ကဲ့။ ဒါက အထက်ကချပေးတဲ့အတိုင်း ကျွန်တော်တို့က သင်ရတာပါ။ ကျွန်တော်တို့မှာ သူတို့ချပေးထားတာကို ပြင်ပိုင်ခွင့် မရှိပါဘူး။

ဟုတ်ပါတယ်လေ။ အဲဒီ အထက်ကဆိုတဲ့ လူကြီးတွေအနေနဲ့ (၈) တန်းအောင်တစ်ယောက်ကို ဒီလိုစာမျိုးတွေ ပြဌာန်းပေးဘို့ မသင့်ဘူးဆိုတာ နားလည်သင့်တာပေါ့။ ကျွန်တော်သာ တွေ့ခွင့်ရရင် အဲဒီလူကြီးတွေနဲ့ တွေ့ပြီး ပြောချင်ပါသေးတယ်။

ကျွန်ုပ်ကား နေရာတကာ ဆရာလုပ်ချင်သူဖြစ်လေ၏။ ဘယ်ချက်ပြဿနာတက်လေမည်မသိ။

အခြားကျောင်းများထက်စာလျှင် နေပြည်တော်မှ စက်မှုအထက်တန်းကျောင်းကား အတော်ကောင်းသည် ဆိုရမည်။ စည်းဝေးခန်းမတွေနှင့်၊ ပရိုဂျက်တာတွေနှင့်။ အဲယားကွန်းတွေနှင့်။ လက်တွေ့ခန်းတွေ ပြင်ထားတာလည်း မဆိုးလှ။ သူတို့က လက်တွေ့ခန်းများကို လိုက်ပြသည်။ ကျောင်းသားများဆင်ထားသည့် လက်ရာများကိုလည်းတွေ့ရ၏။

စက်မှုအထက်တန်းကျောင်းက ကျွန်တော်တို့ကို နေ့လည်စာကျွေးသည်။

တည်းသည့်နေရာပြန်ရောက်တော့ စည်းဝေးပွဲမှတ်တမ်းများကို တက်သုတ်ရိုက်ရေးရသည်။ သည် စည်းဝေးပွဲမှတ်တမ်းများ အတွက် နေ့လည် (၂) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၌  ချိန်းဆိုထားသည်ဖြစ်ရာ ကျွန်တော်တို့လည်း သွားကြ၏။ မပြီးတတ်သေးသော မှတ်တမ်းများကို ၀န်ကြီးဌာနရောက်မှ ဆက်ရေးရသည်။ သူတို့လည်း ရေးနေ၏။ သို့သော် ဟိုဆရာလေးက မြန်မာလိုမရိုက်တတ်။ သူက ပြောတာတွေနားထောင်ပြီး လက်နှင့်ချရေး။ စာရေးမတစ်ဦးက ပြန်ရိုက်။ ဆိုတော့ လက်ဝင်သပေါ့ဗျာ။ ဒါတောင် စာရေးမက ဒီကွန်ပြူတာနဲ့ မရိုက်တတ်ဘူး ဆိုကာ သူ့အခန်းပြန်သွားလို့ ကိုယ့်ဆရာလေးမှာ နောက်က ကောက်ကောက်ပါအောင် လိုက်သွားရရှာချေသည်။

ကိုင်း ဆရာလေး၊ ဒါပဲရေးပေးဗျာ။ ကျန်တာ ကျွန်တော့်ဘာသာပဲ ရေးလိုက်မယ်ဟု သူ့ကို နည်းနည်းပဲပေးပြီး ကျန်တာ ကိုယ့်ဟာကိုယ် အသားကုန်ရိုက်သည်။ ကျွန်တော်က နေ့ရှိသရွေ့စာရေးနေတာဆိုတော့ စာရိုက်အရမ်းမြန်သည်။ ဆိုတော့ ကျွန်တော်ရေးပြီးသည့်တိုင် ကိုယ်တော်က ပေါ်မလာ။ သူဘယ်ကိုသွားမှန်းလည်း မသိ။ ၄ နာရီက တီးနေပြီ။ အဝေးပြေးကားက ၅ နာရီထွက်မှာ။ စက်မှုအထက်တန်းကျောင်းမှာ မအေးနှင်းယုကို သွားခေါ်ရဦးမည်။

အတော်ကြီးကြာမှ အူယားဖားယားနှင့် ပေါက်ချလာ၏။
ကိုင်း၊ ကိုယ့်ဆရာ။ မပြီးလည်း ကိစ္စမရှိပါဘူးဗျာ။ နောက်မှ ကျွန်တော့်ဆီ အီးမေးနဲ့ပို့လည်းရတာပဲ။ ဘာမှ မပူပါနဲ့။ အေးအေးသာလုပ်ဟု ပြောကာ ပြန်ခဲ့ကြ၏။

ထို့နောက် ညနေ ၅ နာရီထွက်သော မြတ်မန္တလာထွန်း အဝေးပြေးကားဖြင့် ပြန်ခဲ့ကြသည်။ ရန်ကုန် အဝေးပြေးဂိတ်သို့ ည ၁၀ နာရီ ၁၅ မိနစ်တွင် ကားဆိုက်၏။

မတ်လ ၁၈ ရက်၊ စနေနေ့တွင် သံဈေးအပေါ်ထပ်ရှိ Book Plaza သွားကာ စာအုပ်များမွှေနှောက်ရွေးဝယ်။ လူငယ် ပန်းချီဆရာလေးတစ်ဦး၏ စက္ကူညှပ်ပန်းချီကားတစ်ချပ် အားပေး။ ၁၉ ရက်နေ့တွင် ရက်စေ့ပြီဖြစ်သောကြောင့် စင်ကာပူပြန်ခဲ့။

ဤသည်မှာ ရသမျှရက်ကလေးအတွင်း ကျွန်တော်တို့ မြန်မာပြည်မှာ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပုံ ဖြစ်ပါသည်။ ကျွန်တော်တို့မှာ ကိုယ့်မိသားစုအရေး၊ စားဝတ်နေရေးအတွက် ပိုက်ဆံရှာဘို့အရေးများလည်း ရှိသေးရာ စိတ်ရှိတိုင်း လုပ်လို့ မဖြစ်နိုင်။ အခွင့်အရေးရသခိုက် တက်သုတ်ရိုက်လုပ်ရသည်။ နောက်ပြီး သည်ကိစ္စဆိုတာ တစ်ခါတည်းလုပ်လို့ ပြီးသွားသည့် ကိစ္စမျိုးမဟုတ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့လည်း မဖြစ်နိုင်။ တစ်နိုင်ငံလုံးနှင့်ဆိုင်သော အရေးဖြစ်၍ လုပ်တတ်သည့်သူတိုင်းက အချိန်ရတိုင်း လုပ်နိုင်သလောက် လုပ်နေကြရမှာ ဖြစ်ပါသည်။

၂၀၁၇၊ မတ်လ မြန်မာပြည်ခရီးစဉ် ဤတွင် ပြီးပါပြီ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈ မတ်လ၊ ၂၀၁၇

No comments: