(၁) စကားများခြင်း၏ အပြစ်
ရှေးသရောအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုသတတ်။
မင်းကြီးထံတွင် အလွန်စကားများသော ပုဏ္ဏား တစ်ယောက် ရှိလေသည်။
တစ်နေ့သောအခါ မင်းကြီးက ပုဏ္ဏားစကားပြောနေစဉ် လက်ဖြောင့်စစ်သည်တစ်ဦးကို
ပုဏ္ဏား၏ပါးစပ်အတွင်းသို့ ဆိတ်ချေး လုံးများ ပစ်ထည့်စေသည်။ စကားများနေသည့် ပုဏ္ဏားမှာ
မိမိပါးစပ်အတွင်း ဆိတ်ချေးလုံးကလေးများ ၀င်လာလို့ ၀င်လာမှန်း ပင်မသိ။ ၀င်လာသမျှ ဆိတ်ချေးလုံးများကို
အတွင်သာမြိုချပြီး စကားဆက်များနေသော ဟူ၏။
နောက်တော့မှ မင်းကြီးက ပုဏ္ဏားကို အသင်ပုဏ္ဏား၊ အသင် ဘယ်မျှစကားပြောသနည်းဟူမူ
သင့်ပါးစပ်အတွင်း ဆိတ်ချေး တစ်ပြည်ဝင်သွားသည်ကိုပင် အသင် မသိမဟုတ်လော ဟု မေးယူရသည်
ဆို၏။
မိတ်ဆွေတို့ အလောင်းတော် တေမိမင်းသားအကြောင်း ကြားဖူးကြပါလိမ့်မည်။
ဖခမည်းတော်မင်းကြီးသည် အလောင်းတော် ငယ်စဉ်က ရင်ခွင်ထဲပိုက်ကာ တရားစီရင်မှုများ ပြုလုပ်သည်ဆို၏။
ဤကဲ့သို့တရားစီရင်ရာတွင် အမှုကြီးငယ်အလိုက် တစ်ဦးကို ဆူးဖြင့်ပြီးသောကြိမ်ဒဏ်၊ တစ်ဦးကို
သံခြေချင်းခတ်လျက် ထောင်ဒဏ်၊ တစ်ဦးကို လှံဖြင့်ထိုးသတ်စေ၊ တစ်ဦးကို တံကျင်လျှို သတ်စေ
စသဖြင့် အမိန့်ချမှတ်ရ၏။ ဤသည်ကို အလောင်းတော်ကလေးငယ် ကြားလေလျှင် ဘုရင်လုပ်ရမည့်အရေးတွေးပြီး
ပြင်းစွာတုန်လှုပ်ကာ စကားမပြောဘဲ နေလေ၏။ ဇာတ်တော်မှာကတော့
ယခင်ဘ၀က အမိတော်ခဲ့ဖူးသော ထီးဖြူစောင့် နတ်သမီးက စကားမပြောဘဲနေရန် အကြံပြုသည်ဟု ဆိုလေသည်။
ကျွန်တော်ကတော့ အလောင်းတော်သည် စကားများခြင်း၏ အပြစ်ကိုတွေးမိသောကြောင့်
မပြောဘဲနေခြင်းဖြစ်သည်ဟု ယူဆပါသည်။
ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်ကာလ တစ်နေ့တွင် ဟိုင်းလတ်ကားလေးနှင့်
မြို့တွင်းမှကျောင်းသို့ ပြန်လာ၏။ ကားပေါ်တွင် ကျွန်တော်နှင့်ကပ်လျက်၌ အိန္ဒိယအမျိုးသမီးကြီးနှစ်ဦး
ပါလာ၏။ လမ်းတလျှောက်လုံး စကားပြောလိုက်လာသည်။ ကားစပယ်ယာက ဘီပီအိုင်၊ ဘီပီအိုင်ဟု အော်လေသော်
ဘီပီအိုင်ပါသဗျို့ ဟု ကျွန်ုပ်လည်း အော်၏။ ထိုအခါမှ ထိုအမျိုးသမီးကြီးနှစ်ဦးက -
ဟယ်၊ ကြို့ကုန်းတောင် ရောက်လာပြီလား။
ဟုတ်တယ်ဒေါ်ကြီး၊ ဘယ်မှာဆင်းမှာလဲ။
ငါတို့က ဟံသာဝတီမှာ ဆင်းမှာဟဲ့။
ကျွန်တော် ဟံသာဝတီလို့အော်နေတုံးက မကြားဘူးလား။
သည်တော့မှ အမျိုးသမီးကြီးနှစ်ဦးလည်း ကွိစိ၊ ကွစပြောကာ ကမျောသောပါး
ဆင်းသွားကြလေသည်။
ဤသည်မှာ စကားများခြင်း၏ အပြစ်တည်း။
(၂) ကျွန်တော်၏ စကားပြောခြင်း အတွေ့အကြုံများ
ကျွန်တော်စကားအပြောမတတ်၍ ငယ်စဉ်က လူကြီးတစ်ဦး အတော်ဒေါခီးသွားပုံကလေး
ပြန်ပြောင်း ဖောက်သည်ချပါရစေဦး။
ထိုစဉ်က ကျွန်တော် ၅ တန်းကျောင်းသားဘ၀ဆိုတော့ ၁၁ နှစ်သားလောက်
ရှိပါလိမ့်မည်။ တစ်ခုသော ကျောင်းပိတ်ရက် ရွာသို့ပြန်ရောက်နေစဉ်အတောအတွင်း ဦးအောင်စိန်ဆိုသော
လူကြီးနှင့် ကျွန်တော့်မိဘများ စကားပြောနေစဉ် ဘာကိစ္စနှင့် ပတ်သက်၍မသိ။ ဒီလူကြီး အတော်
အူကြောင်ကြောင်ဖြစ်သွားတယ် ဟု ကျွန်တော် ပြောလိုက်မိပါသည်။ ကလေးတစ်ယောက်က သူ့ကို အူကြောင်ကြောင်
ပြောရပါမလားဆိုကာ ဒေါသအလွန်ထွက်၍ ဦးအောင်စိန်က ကျွန်တော့် မိဘများကို တိုင်၏။ ကျွန်တော့်အမေက
ကိုအောင်စိန်ရယ်၊ သူက ကလေးမို့ စကားမပြောတတ်လို့ပါ။ ဗွေမယူပါနဲ့ရှင်။ လူလေးကလည်း လူကြီးကို
အဲလိုမပြောရဘူးကွဲ့ ဟု ရှင်းပေးပါသည်။ ဦးအောင်စိန်ပြန်သွားတော့ ကျွန်တော့်အမေက ဟက်ဟက်ပက်ပက်ရီပါသည်။
လူလေး နောက်ကိုအဲလိုမပြောနဲ့နော်ဟုလည်း ဆုံးမပါ၏။ မောင်နှမ (၆) ယောက် ရှိသည့်အနက် ယောက်ျားလေးဆို၍
တစ်ဦးတည်းသာပါလေရာ ကျွန်တော့်အမေက ကျွန်တော့်ကို အလွန်ချစ်သည်။
ထိုဖြစ်ရပ်နှင့် မရှေးမနှောင်းဖြစ်ပါလိမ့်မည်။ စကားပြောခြင်းနှင့်ပတ်သက်၍ပင်
ကျွန်တော် ချောက်ကျခဲ့ရပုံအကြောင်းလေး လည်း သတိရမိပါသေး၏။ ကျွန်တော်ခြောက်တန်းကျောင်းသားဘ၀၊
ရွာပြန်ရောက်နေစဉ် ရွာမှလူငယ်များ၏ အစည်းအဝေး တစ်ခုသို့ ကျွန်တော်ရောက်သွား၏။ ထိုစဉ်က
ရွာမှာ လေးတန်းအောင်ပြီး ကျောင်းဆက်တက်သူ မရှိသမို့ ၆ တန်းကျောင်းသား ကြီး ကျွန်တော့်ကို
ရှေ့ဆုံး၌ နေရာပေးကြ၏။ သူတို့ပြောကြဆိုကြ၊ ဆွေနွေးကြနှင့် အရှိန်အတော်လေးရလာသော် ရွာမှ
မူလတန်းကျောင်းအုပ် ဆရာဦးဝင်းကြည်က အခု မောင်အေးငြိမ်းက လူငယ်သစ္စာဓိဌာန် (၅) ချက်ကို
ရှင်းပြပါလိမ့်မယ် ဟု ဆိုင်းမဆင့် ဗုံမဆင့်ကြေငြာလေ၏။ ဟိုက်ရှားဘား၊ ကျွန်တော့်ကို
ဒီနေ့ည ဒါပြောရမယ်ဆိုတာလည်း ကြိုပြောမထား ပါဘဲလျှက် အခုမှ ကောက်ခါငင်ကာ ပြောခိုင်းတာဖြစ်သည့်အတွက်
ကျွန်တော့်မှာ ဒုက္ခနှင့်လှလှနှင့် တိုးလေတော့၏။
ဆိုရှယ်လစ်စနစ်ကောင်းမှုကြောင့် ကျွန်တော်လည်း အများတကာနည်းတူ
လူငယ်သစ္စာဓိဋ္ဌာန် (၅) ချက်ကို ကျက်မှတ်ခဲ့ဖူး ပါ၏။ အေးအေးဆေးဆေး စကားဝိုင်းတွင် ပြောပြပါဆိုလျှင်တော့
ပြန်စဉ်းစားပြီး ပြောကောင်းပြောနိုင်ပါလိမ့်မည်။ ယခုတော့ လူရှေ့သူရှေ့မှာ ရုတ်တရက်ပြောခိုင်းတာဆိုတော့
- အဲ၊ လူငယ်သစ္စာဓိဌာန် (၅) ချက်ဆိုတာ ဟိုဒင်း ငါးချက်သစ္စာ၊ အဲလေ၊ အ၀ှာ သစ္စာ ၅ ချက်
. . . အာ . . ဟိုဗျာ နှင့် တစ်ကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်လာပြီး ချွေးစေးများပြန်ကာ
. . . ဟို . . ဟို . . နောက်တော့မှ ပြောပြမယ်ဗျာ။ အခု မေ့နေလို့ . . ဟု မနိုင့်ရင်ကာ
ရပ်တန်းက ရပ်လိုက်ရလေ၏။
အမှန်ဆို ကျွန်တော်ကား သိပ်ခေသူမဟုတ်လှပါ။ လေးတန်းကျောင်းသားဘ၀တွင်
ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဆရာ ဦးမောင်ကြည်က အာဇာနည် ၉ ဦး၏ မှတ်စုများထုတ်ပေးကာ အာဇာနည်နေ့၌
ကျွန်တော့်ကိုပြောခိုင်းသဖြင့် ပြောခဲ့ဖူးသည့် အတွေ့အကြုံရှိပါသည်။ ဘာမှပြင်ဆင်ချိန်မပေးဘဲ
ခုလို ချောက်တွန်းတာကတော့ နည်းနည်းလေး များတာပေါ့ခင်ဗျာ။
ကျွန်တော့် ပရိသတ်ရှေ့တွင် စကားပြောသည့် အတွေ့အကြုံမှာ ထိုမျှသာမကသေးပါ။
ဆယ်တန်းအောင်ပြီး ဟင်္သာတတွင် ဒေသကောလိပ်တက်တော့ ပထမနှစ်တွင် ကြက်ခြေနီသင်တန်း တက်ပါသည်။
သင်တန်းတွင် တပ်စုတစ်ခုလျှင် တစ်ယောက် ထင်ပါသည်။ အတန်းရှေ့ထွက်ပြီး ရှင်းပြရ၏။ ကျွန်တော့်အလှည့်တွင်
လူခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ (Anatomy) အကြောင်း ပြောရသည်။
သည်လိုပြောဘို့ ကျွန်တော်တည်းသည့် ဘုန်းကြီးကျောင်းတွင် အထပ်ထပ်
လေ့ကျင့်ထားခဲ့တာ ဖြစ်၏။ တကယ် လက်တွေ့ မျက်တွေ့ စင်ပေါ်တက်ပြောရပြီလည်းဆိုရော ကိုယ့်ကို
ဝိုင်းကြည့်နေကြသည့် မျက်လုံးများဒဏ်ကို မခံနိုင်တော့ဘဲ ဒူးများတုန်၊ အသံကမထွက်၊ ဇောချွေးများပြန်ကာ
ဘာတွေပြောလို့ ပြောမိမှန်းပင်မသိလိုက်ပဲ စင်အောက်သို့ အမြန်ပြန်ဆင်း လာခဲ့ရပါ သည်။
အသံတိုးပြီး စကားပြောတာ အရမ်းမြန်တယ်။ ဘာပြောမှန်း မသဲကွဲဘူး ဟု စစ်သည့်ဆရာက မှတ်ချက်ပေးပါသည်။
ခင်ဗျားတင် ဘာပြောမှန်းမသိတာ မဟုတ်ဘူးဗျို့။ ကျွန်တော်ကိုယ်တိုင်လည်း ဘာတွေပြောခဲ့မှန်း
သိကိုမသိလိုက်ဘူး။ ပါးစပ်ထဲတွေ့တာတွေ လျှောက်ပြောခဲ့တာပဲ။
သည်လို ဒုက္ခတော်တော်များများရောက်ပြီးမှ လူရှေ့သူရှေ့တွင်
စကားပြောရဲလာတာဖြစ်ပါသည်။
(၃) တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် စကားပြောခြင်း အရေးကြီးပုံ
လူတို့သည် တစ်ကြောင်းမဟုတ် တစ်ကြောင်းဖြင့် အချင်းချင်း ဆက်သွယ်ကြရ၏။
ထိုသို့ဆက်သွယ်ရာတွင် စာနှင့်ရေးပြီး ဆက်သွယ်ခြင်း၊ လက်ဟန်၊ ခြေဟန်ဖြင့် ဆက်သွယ်ခြင်း၊
စကားပြောပြီး ဆက်သွယ်ခြင်း ဟူသော နည်းလမ်းများအနက် စကားဖြင့် ဆက်သွယ်ခြင်းက လွယ်ကူသည်။
ဆွဲဆောင်မှုပိုရှိသည်။ ထိရောက်သည်။
သို့သော် အချိန်တိုအတွင်း စကားလုံးနည်းနည်းဖြင့် မိမိဆိုလိုသည်ကို
တပါးသူနားလည်အောင် ပြောတတ်ဘို့လည်း အရေးကြီးသေး၏။
အချို့သူများမှာ စကားတွေသာအများကြီး ပြောသွားသည်။ သူဘာဆိုလိုချင်သည်ကို
တဘက်သား နားမလည်။ ဆိုလိုရင်းသို့ ရောက်အောင် မပြောတတ်။ အချို့သူများမှာမူ မိမိဆိုလိုသည့်အချက်ကို
ဒက်ကနဲထိအောင် ပြောတတ်သည်။ (ကျွန်တော် ကတော့ စကားပြောလျှင် ပိသာလေးနှင့် ဘေးပစ်သကဲ့သို့
ပြောတတ်လေသည်။ ဤကား စကားချပ်)
အချို့မှာ စကားပြောလျှင် မျက်နှာကိုကြည့်မပြော။ ဘေးတစ်နေရာရာ
သို့မဟုတ် အောက်ကိုငုံ့ပြောတတ်သည်။ (ယခု ကျွန်တော်တို့အလုပ်ထဲမှ Mr. Wong ဆိုသည့် တရုတ်အဖိုးကြီးမှာ
ဤကဲ့သို့သော လူစားမျိုးဖြစ်၏)၊ အချို့မှာ စကားပြောလျှင် လက်နှစ်ဖက်ကို ဖျစ်ညှစ်၊ ဆုပ်နယ်နေတတ်သည်။
အချို့မှာ စကားပြောလျှင် ပါးစပ်ကို လက်နှင့်ကွယ်၍ ပြောတတ်သည်။ အချို့မှာ စကားပြောလျှင်
သမီးရည်းစားစကားပြောသလို အသံတိုးတိုးလေး ပြောတတ်သည်။ အချို့မှာ စကားကို ဗလုံးဗထွေး
ပြောတတ်သည်။
စကားပြောလျှင် တံတွေးစင်တတ်သူတွေလည်း ရှိသေး၏။ (ကျွန်တော်တို့ဘက်က
ဦးလှဌေး စကားပြောလျှင် ကျွန်တော့်မှာ ခပ်ဝေးဝေးသို့ ခွာနေရသည်။) တချို့ကျတော့ ဟောင်ဖွာဟောင်ဖွာနှင့်
ပြောတတ်သည်။ (ကျွန်တော်တို့ရွာမှ ဦးကြီးထွန်းလှိုင် (ဖားဝိုင်း) ပြောပုံမှာ ဤကဲ့သို့ဖြစ်သည်။)၊
အချို့မှာမူ မည်သည့် အကြောင်းအရာဟု မယ်မယ်ရရ ဦးတည်ချက်မရှိပဲ ပါးစပ်ထဲတွေ့ရာကို တောင်စဉ်ရေမရ
ပြောတတ်သည်။
ဤသို့ဖြင့် လူအမျိုးမျိုးကိုလိုက်၍ စကားပြောဟန် အမျိုးမျိုး
ကွဲသွားလေသည်။
ရှေးဟောင်းဂရိမြို့ပြနိုင်ငံများတွင် အမှုအခင်းဖြစ်လျှင် ရှေ့နေရှေ့ရပ်မရှိ။
တရားလိုကလည်း မိမိဘာသာလျှောက်လဲရ၍ တရားခံကလည်း မိမိဘာသာပင် ပြန်လည်ချေပရသည်။ တရားခွင်တွင်
တရားလို၊ တရားခံ သူပြန်ကိုယ်ပြန် အသေအကျေ တိုက်ပွဲဆင်နွှဲရသည်။ ဤကိစ္စမှာ အလွန်အရေးကြီး၏။
မိမိတရားရှုံးလျှင် စည်းစိမ်ပြုတ်သွားနိုင်သည်။ ထောင်နန်းစံရနိုင်သည်။ အသက်ပင် သေနိုင်လေသည်။
သို့အတွက် စကားကို သေသေချာချာပြောတတ်ဘို့ရာ ဆရာများနှင့် ကျကျနန သင်ယူကြ သည်။ စကားပြောအတတ်ပညာမှာ
ထိုခေတ်က အတော်ထွန်းကားခဲ့သည် ဆို၏။
ကျွန်တော်တို့နိုင်ငံမှာသာ မရှိသေးသော်လည်း ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးများတွင်
စကားပြောခြင်း အတတ်ပညာကို လေ့လာသင်ယူကြသည်။ သို့သော် စကားပြောနည်းသင်တန်းဆိုပြီး မဖွင့်။
Communication Skill ဟု နာမည်ပေးသည်။ (ယခုတော့ လှည်းတန်းမှ ကိုရန်နိုင်ဘိုတို့
Knowledge Sharing Centre တွင် ထိုသင်တန်းမျိုး မကြာခဏ ဖွင့်ပေးတာ တွေ့ရပါသည်။)
ထင်ရှားသော နိုင်ငံခေါင်းဆောင်ကြီးများသည် ပရိသတ်ရှေ့တွင်
စကားပြောတော့မည်ဆိုလျှင် ပွဲမ၀င်မီ အပြင်ကကျင်းပ ဆိုသလို ကြိုတင်ပြီး အပြောလေ့ကျင့်ကြသည်ဆို၏။
ကျွန်တော်မှတ်မိသလောက် ဟစ်တလာထင်ပါသည်။ သူမိန့်ခွန်း ပြောတော့မည်ဆိုလျှင် ကိုယ်လုံးပေါ်မှန်ကြီးရှေ့တွင်
တကယ့်ပရိသတ်ရှေ့မှာပြောသကဲ့သို့ ဟန်တွေမာန်တွေအပြည့်နှင့် မိန့်ခွန်းပြော လေ့ကျင့်သည်ဟူ၏။
မိမိသည် ပရိသတ်ရှေ့တွင် မိန့်ခွန်းပြောရသူ မဟုတ်စေကာမူ စည်းဝေးပွဲများ၊
စကားဝိုင်းများတွင် ပြောရတော့မည်ဆိုပါက မိမိပြောလိုသည်ကို အခြားသူများ နားလည်အောင်တော့
ပြောတတ်ရပါမည်။ မလိုအပ်သော စကားများကို ချဲ့ထွင်မပြောပါနှင့်။ ဥပမာနည်းနည်းပါးပါးပေးနိုင်သည့်တိုင်
အလွန်ချဲ့ကားပြောနေမည်ဆိုလျှင် နောက်ပွဲများ၌ သင့်ကိုဖိတ်ဘို့ ၀န်လေးကြပါ လိမ့်မည်။
(၄) မြန်မာယဉ်ကျေးမှုနှင့် စကားအသုံးအနှုန်း
မြန်မာယဉ်ကျေးမှုမှာ အခြားယဉ်ကျေးမှုများနှင့် အနည်းငယ်ကွဲပြားသည်
ထင်ပါသည်။ မြန်မာတို့က အသက်၊ ဂုဏ်၊ ၀ါ ကြီးသူများကို ရိုသေကြသည်။ ထို့ကြောင့် မိမိဆရာသမား၊
အထက်လူကြီး၊ မိဘ၊ သံဃာများနှင့် စကားပြောသည့်အခါ ရိုကျိုးစွာ ပြောကြသည်။ ခါးကလေးကုန်း၊
ခေါင်းကလေးငုံ့၊ လက်ကလေးနောက်ပစ်ကာ ပြောကြသည်။ (မြန်မာ့ယဉ်ကျေးမှုကို နားမလည်သူ အချို့လူမျိုးများက
ဤသည်ကို နာမ်နှိမ်ခံရသည်။ လူအချင်းချင်း တင်စီးသည်။ အောက်ကျသည် ဟု ယူဆကြသည်များလည်း
ရှိ၏။ သူတို့ယဉ်ကျေးမှုအတရတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မည်။ သို့သော် မြန်မာ့ယဉ်ကျေးမှုအရ
တော့ မမှန်ပါ။ မှားပါသည်။)
အင်္ဂလိပ်စကားတွင် You and me သုံးတတ်လျှင် ပြီးသော်လည်း မြန်မာစကားတွင်မူ၊
မင်း၊ နင်၊ ငါ၊ ကျွန်တော်၊ ကျွန်မ၊ ခင်ဗျား၊ ဆရာ၊ အရှင်ဘုရား၊ တပည့်တော်၊ သားသား၊ မီးမီး
စသဖြင့် နေရာဌာနကိုလိုက်၍ သုံးတတ်ရသည်။
သွားတော့မယ်ဆိုတာတောင် -
သူငယ်ချင်း အချင်းချင်းကျတော့ - ငါသွားတော့မယ်ဟေ့။
ကိုယ့်ထက် အသက်ကြီးသူများကိုမူ - ကျွန်မပြန်လိုက်ပါဦးမယ်ရှင့်။
ခွင့်ပြုပါဦးခင်ဗျ။
ဘုန်းကြီးများနှင့်ပြောသည့်အခါ - တပည့်တော်ကို ပြန်ခွင့်ပြုပါဦး
ဘုရား။
- စသည်ဖြင့် သုံးရသည်။
(ဒါပေသိ အသက် နှစ်တွမ်တီးလောက်ကြီးက “ဦး၊ မီးပြန်တော့မယ်နော်”
လို့ ဆိုလာရင်တော့ အင်မတန် အမြင်ကပ်သဗျာ။ ဤကား စကားချပ်)
တို့ကလေးတွေကတော့ဟေ့ ဘုန်းကြီးတွေနဲ့တွေ့ရင် စကားမပြောတတ်ကြတော့ဘူး
ဟု ဂုဏ်ယူဝံ့ကြွား မနေကြပါနှင့်။ ဤသည်မှာ ကောင်းသည့်လက္ခဏာမဟုတ်ပါ။ နောင်လာနောက်သား
မျိုးဆက်များ မိမိတို့ယဉ်ကျေးမှု ဆုတ်ယုတ် ကျဆင်းကုန်ခြင်းမှာ ဂုဏ်ယူရမည့် ကိစ္စပါလား။
မပြောတတ်လျှင် ပြောတတ်လာအောင် ကလေးများကို လေ့ကျင့်သင်ကြား ပေးဘို့ရာ လူကြီးမိဘများတွင်
တာဝန်ရှိပါသည်။
အထက်လူကြီးများကို အောက်ကလူများက ရိုရိုသေသေဆက်ဆံရသကဲ့သို့
အထက်လူကြီးများကလည်း မိမိလက်အောက်မှ လူများကို လေးလေးစားစား ဆက်ဆံရသည်။ မခန့်လေးစားမဆက်ဆံရ။
သဟောက်သဟာ မဆက်ဆံရ။ နင်ပဲငဆ မပြောရ။ ဤသည်မှာ အချင်းချင်း အပြန်အလှန်လေးစားမှု
(mutual respect) ဖြစ်၏။ တခါတလေ စကားအပြောမတတ်တာနှင့် စကား တစ်လုံးကြောင့် အသက်ပင်
ဆုံးရှုံးရတတ်ပေလေသေး၏။
ပုဂံရာဇ၀င်တွင် နရသီဟပတေ့အား ရာဇသင်္ကြန်အမတ်ကြီးက “ပန်းပွတ်သည်သားမြေးတို့
သူကောင်းဖြစ်၍ ပန်းပွတ်မည့်သူ မရှိသောကြောင့် ပန်းကပ်ပဲ့ကို စားရပါသည်” ဟု ပြောခဲ့လေသောကြောင့်
ဒလသို့ အပို့ခံခဲ့ရဖူးလေပြီ။
ထိုမျှသာမက ဦးဖိုးကျား၏ ခေတ်မီမြန်မာရာဇ၀င်အကျဉ်းတွင် အောက်ပါအတိုင်း
ပါရှိ၏။
နရသီဟပတေ့မင်းက ဥဇနာ၊ ကျော်စွာ၊ သီဟသူ ဟူ၍ သားတော်သုံးပါးရှိသည့်အနက်
ဝက်သားချက်သည့်အခါ ဥဇနာနှင့် ကျော်စွာကို ၀က်လက်ပေးစေပြီး သီဟသူကိုမူ ၀က်ပေါင် ပေးစေသည်။
ဤသည်ကို သီဟသူ၏မယ်တော်က မကျေနပ်၍ စားတော်ကဲကို လာဘ်ထိုးကာ ကျော်စွာအား ၀က်ပေါင်ကိုပေးစေပြီး
သားတော် သီဟသူကို ၀က်လက်ပေးစေသည် ဟူ၏။ ဤသည်ကို ကျော်စွာ၏မယ်တော်သိလေသော် မင်းကြီးကိုပြန်လျှောက်သည်။
(ဒီမယ် ကိုဟ၀ှာ၊ တော့် ဟိုဟာမ လုပ်ပုံ ကောင်းသလား . . . စသည်)
မင်းကြီးစိတ်ဆိုးသည့်အခါ သို့မဟုတ် နောက်ပြောင်လိုသည့်အခါ
သီဟသူ၏ မယ်တော်ကို ၀က်လက်ခိုးမ၊ သီဟသူကို ၀က်လက်ခိုးမသားဟု နောက်ပြောင်ခေါ်သည် ဆို၏။
ဤသို့ခေါ်သည်ကို သီဟသူက အငြိုးထား၍ နောင်တွင် ဖခမည်းတော်၏ စားတော်ပွဲတွင် အဆိပ်ခပ်လုပ်ကြံရာ
မင်းကြီး မာလက ဈာန်ကြွလေသည်။
ဤသည်မှာ စကားကို မဆင်မခြင်ဆိုခြင်း၏ အကျိုးဖြစ်၏။
(၅) စကားနှင့်ပတ်သက်သော ဆိုရိုးစကား၊ စကားပုံ၊ ဆုံးမစာများ
မြန်မာယဉ်ကျေးမှု၌ စကားနှင့်ပတ်သက်သော စကားပုံ၊ ဆိုရိုးစကား
အတော်များများရှိ၏။ ထိုအထဲမှ အနည်းငယ် ထုတ်ဆောင်ပြရလျှင် အောက်ပါတို့ဖြစ်၏။
စကားချိုစေ၊ မယားပျိုစေ၊ သမားအိုစေ
ဤသည်မှာ စကားကို ချိုသာစွာပြောသင့်ကြောင်း ဆုံးမထားခြင်းဖြစ်၏။
မယားပျိုစေ ဆိုသည်မှာ အိမ်ထောင်ပြုသည့်အခါ အိုမင်းရင့်ရော်သော
မိန်းမကို မယူလေနှင့်။
သမားဟူသည် ဆေးကုသော သမားတော် ဆေးဆရာကို ဆိုလိုသည်။ အသက်ကြီးရင့်သော
သမားတော်တွင် အတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်၍ ရောဂါကို မှန်ကန်စွာဆုံးဖြတ်နိုင်မည်။
ဆေးပေးမှန်မည်ဟု ဆိုလိုသည်။
နှုတ်ချို လျှိုတစ်ပါး
ဤသည်မှာ စကားကိုသာ သူများနားဝင်အောင် ချိုချိုသာသာ ပြောတတ်ပါက
တစ်ဘက်သား၏ အတွင်းရေးများကိုပင် နှိုက်ယူရရှိနိုင်သည် ဟု ဆိုလိုသည်။ အထူးသဖြင့် နိုင်ငံရေးကိစ္စများတွင်ဖြစ်မည်
ထင်ပါသည်။ သံခင်းတမန်ခင်းရေးရာ ကိစ္စများတွင် အပြောညက်ဘို့လိုသည်။
စကားစကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ
စကားဟူသည် ပြောဘန်များလာပါက မိမိ၏ အတွင်းသရုပ်များ ပြောစကားထဲ၌
အကုန်ပါလာနိုင်သည်ဟု ဆိုလိုသည်။ ယခု ခေတ်တွင်မူ လူတို့သည် မိမိမည်ကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း
ဖေ့စ်ဘုတ်၌ အသားကုန် ဖွင့်ဟပြကြကုန်၏။ လူတစ်ဦးကို မည်ကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း
သိလိုပါက သူ့ဖေ့စ်ဘုတ်ကို လေးငါးမိနစ်မျှကြည့်ရုံဖြင့် သိနိုင်လေသည်။
ထို့ကြောင့် ပြောသင့်မှပြောပါ။ မပြောသင့်ပါက မပြောပဲ စောင့်ထိန်းရန်
လိုပါသည်။ စကားဟူသည် ပြောတိုင်း ကောင်းတာမျိုး မဟုတ်။ (၆၆ဃ နော် ဟင်းဟင်း)
ကြမ်းကျွံလျှင် နှုတ်လို့ရ၊ စကားကျွံလျှင် နှုတ်မရ
ဤစကားပုံမှာ ကတိကို အလွန်အကျွံ၊ အရမ်းကာရောမပေးရန် သတိပေးခြင်း
ဖြစ်၏။ ကြမ်းပေါက်ကျွံသွားက အလွယ်တကူ ဆွဲထုတ်နိုင်သည်။ အများဆုံးရှိလှမှ ခြေသလုံးစုတ်ပြတ်သွားရုံဖြစ်၏။
ဆေးလိမ်းလိုက်လျှင် ရက်ပိုင်းအတွင်း ကောင်းသွား နိုင်သည်။ သို့သော် စကားကျွံမိလျှင်မူ
သိပ်မလွယ်ပါချေ။ အခန့်မသင့်လျှင် ဘ၀နှင့်ပင် ရင်းသွားရနိုင်သည်။
အထူးသဖြင့် အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင်၊
မြို့၊ တိုင်းခေါင်းဆောင်၊ ထို့ထက် နိုင်ငံခေါင်းဆောင်များဆို ပိုသတိထားရသေးသည်။ ရပ်ကွက်ထဲတွင်၊
လဖက်ရည်ဆိုင်တွင် အပြောမတတ်ပါက မသကာ အရိုက်ခံရရုံကလွဲလို့ တိုးမရှိ။ သို့သော် နိုင်ငံခေါင်းဆောင်များ
အပြောမတတ်ပါက နိုင်ငံနှင့်ချီ၍ နစ်နာစရာ ရှိလေသည်။ ထို့ကြောင့် အပေါ်ပိုင်းရောက်လာ လေ၊
အပြောအဆို ဆင်ခြင်ရလေ ဖြစ်၏။
ယခုခေတ်စကားနှင့်ပြောရပါမူ စကားကျွံသည်ဆိုခြင်းမှာ စာချုပ်မှားချုပ်မိခြင်းဖြစ်၏။
ဤကဲ့သို့လုပ်ခဲ့သောကြောင့် ယခုဆိုလျှင် မြစ်ဆုံဆည်ကိစ္စကြီးမှာ ထွေးမရ၊ အန်မရပြဿနာကြီး
ဖြစ်နေလေပြီ။
နှုတ်ကြောင့်သေ၊ လက်ကြောင့်ကျေ
လက်ကြောင့်ကျေ ဆိုသည်မှာ ထုထောင်းရိုက်ပုတ်၍ အရိုးအဆစ်များ
ကျိုးကြေကုန်ခြင်းကို ဆိုခြင်းဖြစ်ပြီး နှုတ်ကြောင့်သေ ဆိုသည်မှာ အပြောမတတ်၍ မခံနိုင်သူက
ဓားဖြင့်ထိုးလိုက်လျှင် အသက်သေနိုင်ကြောင်း သတိပေးထားခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ကိုယ်ထိလက်ရောက်
ထုထောင်းရိုက်ပုတ်ခြင်းထက် စကားပြောခြင်းက ပိုအန္တရာယ်များကြောင်း သတိပေး ထားခြင်း ဖြစ်၏။
ဤသည်ကိုကြည့်ခြင်းဖြင့် ရှေးလူကြီးများသည် စကားနှင့်ပတ်သက်၍
အတော် အလေးထားခဲ့ကြောင်း သိနိုင်ပါသည်။
ထိုမျှသာမကသေး။
စကားခြောက်ခွန်း လူ၌ ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းထယ် ဟူ၍
အကျိုးရှိသောစကားကိုသာ ပြောသင့်ကြောင်း။
ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး စသည့် စကားကြီး ဆယ်မျိုး (စကားပြောနည်း
ဆယ်မျိုး)
စကားအရာ အင်္ဂါလေးတန်၊
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သဖပ္ပလာပ၀ါစာ စသည့် ၀စီဒုစရိုက်
လေးပါး စသဖြင့် များစွာရှိပါသည်။
စာရှည်မည်စိုး၍ အကျယ်မရေးတော့ပြီ။ ကျွန်ုပ်မိတ်ဆွေများမှာ
တစ်မိုက်ပြလျှင် တစ်တောင်မြင်တတ်သူများဖြစ်သမို့ ဤမျှနှင့် နားပါမည်။
မိတ်ဆွေများသည်လည်း -
-
အကျိုးရှိမည့်စကားကိုသာ
-
တဖက်သား နားဝင်ချိုစေမည့်စကားလုံးများသုံးလျက်
-
ထိထိရောက်ရောက်၊ ကျစ်ကျစ်လျစ်လျစ်၊
ပြတ်ပြတ်သားသားပြောတတ်ရန် -
လေ့ကျင့်ထားကြပါဟု တိုက်တွန်းလိုက်ရပါကြောင်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၈ ဖေဖော်ဝါရီ၊ ၂၀၁၇။ ၀၀း၂၅ နာရီ
No comments:
Post a Comment