(၁) စကတည်းက ယဉ်သကို
စင်ကာပူမှ မူလတန်းကျောင်းများတွင် စာသင်နှစ်ကို ပထမနှစ်ဝက်နှင့်
ဒုတိယနှစ်ဝက်ဟု နှစ်ပိုင်းခွဲထား၏။ ပထမနှစ်ဝက်တွင် Term 1 and Term 2 ဟု လည်းကောင်း၊
ဒုတိယနှစ်ဝက်တွင် Term 3 and Term 4 ဟု လည်းကောင်း ထပ်မံခွဲထား၏။ Term 1 နှင့်
Term 2 ကြားတွင် ၉ ရက်။ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ကြားတွင် တစ်လ။ Term 3 နှင့်
Term 4 ကြားတွင် ၁၀ ရက် ပိတ်၏။ Term 4 ပြီးတော့ အတန်းတင်စာမေးပွဲဖြေ။
ဆိုတော့ ပထမနှစ်ဝက်အတွက် မတ်လ ၁၁ မှ ၁၉ ထိ ပိတ်သည်။ ကျောင်းပိတ်ရက်တွင်
မြန်မာပြည်အလည်ပြန်ကြမည်ပေါ့။ မြန်မာပြည်ပြန်မည်ဆိုတော့ ထုံးစံအတိုင်း ဘယ်မှာဘာသင်တန်းတွေ၊
ဟောပြောပွဲတွေလုပ်မည် စသဖြင့် အစီအစဉ်တွေ ဆွဲ၏။ အသွားအပြန် (၂) ရက်နှုတ်လျှင် (၇) ရက်ပဲနေချိန်ရသမို့
ထိုရက်များအတွင်း လုပ်သင့်တာများလုပ်နိုင်ရန် မြန်မာ ပြည်ဘက်မှ မိတ်ဆွေများနှင့် ချိတ်ဆက်ကာ
အချိန်ဇယားဆွဲ၏။
မတ် ၁၁ - မနက်ပိုင်းအလုပ်ဆင်း။ ညနေလေယာဉ်နှင့် ရန်ကုန်ပြန်။
မတ် ၁၂ - ရန်ကုန်တွင်လုပ်စရာရှိသည်များလုပ်။
မတ် ၁၃ - ပြင်ဦးလွင်သွား။ လမ်းတွင် မန္တလေး၌ လည်ရင်းပတ်ရင်း
ညအိပ်။
မတ် ၁၄၊ ၁၅ - ပြင်ဦးလွင် မော်တော်ယာဉ်နည်းပညာသင်တန်းကျောင်းတွင်
(၂) ရက်သင်တန်းပို့ချ။
မတ် ၁၆ - Collaboration Seminar, နေပြည်တော်
မတ် ၁၇ - မအေးနှင်းယုတို့က နေပြည်တော်တွင် SIC သင်တန်း၌ ပါဝင်သင်တန်းပေးရန်ပြော။
မတ် ၁၈ - ရန်ကုန်တွင်ရှိ။
မတ် ၁၉ - စင်ကာပူပြန်လာ။
မိသားစုကိုလည်း ပြင်ဦးလွင်တွင် အလည်အပတ်လိုက်ပို့ရင်း၊ သင်တန်းလည်းပေးရင်း။
တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်စီစဉ်ရတာ ဖြစ်၏။
အလုပ်ရှုပ်သက်သာအောင် မသွားမီတစ်ရက်ကတည်းက online
check-in လုပ်ကာ boarding pass ပါ တစ်ခါတည်း print ထုတ်ထားလိုက်သည်။ လေယာဉ်ကွင်း အသွားအပြန်ကို
ပိုက်ဆံကုန်သက်သာအောင် ကျွန်တော်ကတော့ ရထားပဲစီးပါသည်။ ဘာမှ မပင်ပန်းပါ။
လေဆိပ်ရောက်တော့ luggage များကို ကိုယ့်ဘာသာကိုယ်ချိန်တွယ်ကာ
ခါးပတ်ပေါ်တင်ပေးလိုက်သည်။ ပီဘိ လွယ်လွယ် ကလေး။ ထို့နောက် ဘာဂါကင်းသွားစားကြ၏။ သိပ်ဆာတာတောင်
မဟုတ်ပါ။ သို့သော် လေယာဉ်က ဂျက်စတားဆိုတော့ ရေတောင် တိုက်တာမဟုတ်။ ထို့ကြောင့် ကြိုတင်
ဗိုက်ဖြည့်သွားတာဖြစ်၏။ လေယာဉ်ပေါ်မှာ သူတို့ရောင်းသည့် အစားအသောက်တွေက အသားကုန်ဈေးကြီးသည်။
ရေပုလင်းကလေး တစ်ဘူးကို ၄ ကျပ်။ ထမင်းစားမည်ဆိုပါက မဖြစ်ညစ်ကျယ် ထမင်းလေးတစ်ဘူးကို
၁၂ ကျပ်။
စားသောက်ပြီး immigration ဖြတ်တော့ ၅ နာရီထိုးဘို့ ၁၅ မိနစ်အလို။
ကျွန်တော်နှင့်အမျိုးသမီးက PR ဆိုတော့ automated clearance ဖြင့် ကိုယ့်ဘာသာကိုယ် ဖြတ်သွားလို့ရသည်။
သို့သော် သားက student pass ဆိုတော့ မရ။ သူက Student pass, ဒီမှာဖြတ်လို့မရဘူးဆိုတာတောင်
လာပါကွာ try ကြည့်ဆိုပြီး immigration officer တစ်ယောက်က အတင်းဆွဲခေါ် နေလို့ မကြိုက်လှသော်လည်း
သူစိတ်ကျေနပ်အောင် လိုက်သွားရ၏။ အကြိမ်ကြိမ်ကြိုးစားပြီး မရတော့မှ ပြန်တန်းစီခိုင်း
လေ၏။ ပြန်တန်းစီခိုင်းတော့ ကျွန်တော်တို့ရှေ့မှာ
မိသားစုတစ်စုဝင်သွားလေသည်။ မိသားစုလိုက်ဆိုတော့ ကလေး နှစ်ယောက်၊ လူကြီးနှစ်ယောက်၊ ပေါင်း
(၄) ယောက်။
အဲဒီမှာ ပြဿနာ စတက်တော့တာပဲခင်ဗျာ။ ကျွန်တော်တို့ရှေ့မှာ
မိသားစုသုံးစု ရှိသည်။ ရှေ့ဆုံးမှာ အဖိုးကြီးအဖွားကြီး နှစ်ယောက်၊ သူတို့နောက်က မိသားစုနှစ်စုမှာ
ကလေးနှစ်ယောက်၊ လူကြီးနှစ်ယောက်စီ။ ဆိုတော့ စုစုပေါင်း (၁၀) ယောက်။ ပုံမှန်အတိုင်းဆို
ဒီ ဆယ်ယောက်ဟာ ဘာကြာမတုံးခင်ဗျာ။ အခုတော့ ဘာတွေလုပ်နေသည်မသိ။ ကွန်ပြူတာပဲ ကြောင်နေ
တာလား။ တစ်ယောက်ဖြတ်ဘို့ အကြာကြီးစောင့်နေရလေသည်။ နာရီလက်တံဟူသည် ရပ်နေလို့ ရစကောင်းသည့်အရာ
မဟုတ်သည့်အတွက် အချိန်ကြာလာလေ ကျွန်တော့်မှာ ရန်တုန်ပန်းတုန် ဖြစ်လာလေ။ ကျွန်တော့်ရှေ့မှ
နိုင်ငံခြားသားကြီး တစ်ယောက်မှာလည်း ခေါင်းတစ်ခါခါနှင့် သွားပါပြီကွာ ဟု ငြီးငြူနေလေ၏။
ကျွန်တော်တို့အလှည့်ရောက်တော့ ၅ နာရီနှင့် ၁၅ မိနစ်ရှိနေပြီဖြစ်၏။
Boarding ဂိတ်ပင် ပိတ်နေလေပြီ။ ငါတို့နောက်ကျနေပြီ။ သူ့ကိုပဲလုပ်ပေးလိုက်ဟု ကျွန်တော်လည်း
immigration တွင် သားကိုထားကာ auto pass မှ ဖြတ်ပြီး စောင့်နေသည်။ သားထွက်လာတော့ မင်းတို့နောက်ကသာ
ပြေးလိုက်ခဲ့တော့ကွာ၊ ဖေဖေ အရင်ပြေးနှင့်မယ်ဆိုကာ လေယာဉ်တက်မည့်ဂိတ်သို့ အသားကုန် ပြေးရလေ၏။
ဂျက်စတားဂိတ်မှာ တာမီနယ်အဆုံးတွင်ရှိသဖြင့် ဆယ်မိနစ်လောက်
ပြေးလိုက်ရသည်။ ဂိတ်ရောက်တော့ အမြန်စစ်၊ အမြန်ဝင်။
ကျွန်တော်တို့လည်းရောက်။ လေယာဉ်လည်းတံခါးပိတ်ကာ ထွက်ဘို့ပြင်တော့၏။
ကျွန်တော့်မှာ စိတ်တိုလိုက်သည့်ဖြစ်ခြင်း။ ဖြစ်နိုင်လျှင် မရှင်းဂန်းနှင့်သာ သွားဆွဲပစ်လိုက်ချင်မိတော့သည်။
သားမှာတော့ စကားတောင်မပြောနိုင်။ သူ့ခန္ဓာကိုယ် ၀၀ကြီးနှင့် လမ်းတောင်မနည်းလျှောက်ရတာ။
အဲဒါကို မီတာ ၅၀၀ လောက် အသားကုန်ပြေးရတာဆိုတော့ စဉ်းစားသာ ကြည့်ပေရော့ခင်ဗျာ။ သားရေ
- ဆောရီးကွာ ဆိုတော့ သားက its not your fault. ဟု ပြောရှာပါသည်။
(၂) ခရီးထွက်ရန် ပြင်ဆင်ခြင်း
ရန်ကုန်ရောက်တော့ ရောက်ရောက်ချင်း ညစာကို အမြန်စားကာ ကိုအောင်ကိုးတို့
သင်တန်းကျောင်းသို့လာခဲ့၏။ နောက်ပြီး Safety ဥပဒေကြမ်းအကြောင်း သူတို့ပြင်ထားသည်များကို
ဆွေးနွေးကြသည်။ သူတို့က ချက်ချင်းစာရိုက်ဘို့ပြင်ကြသော်လည်း အချိန်မရှိတော့သောကြောင့်
အေးအေးဆေးဆေးရိုက်ပြီးမှ လာပေးရန် ပြောလိုက်သည်။ နောက်နေ့ ကိုကြွယ်စိုးလာပေးတော့ အတော်ကြီးနောက်ကျနေပြီ။
သူတို့ရေးထားသည်များကို ကျွန်တော်လည်း မနည်းအသည်းအသန် ပြင်ယူရ၏။ အနို့ ရန်ကုန်မှာ အပြီးလုပ်သွားမှ
မဟုတ်လား။ နောက်နေ့ကစ ခရီးထွက်တော့မှာဆိုတော့ ဟိုကျမှ ပရင့်ထုတ်တာ၊ ကော်ပီကူးတာလုပ်ဖို့
အဆင်ပြေချင်မှ ပြေမည်။
၁၂ ရက်နေ့မနက်ပိုင်းတွင် ကိုဟန်မျိုးနောင်၊ မအေးနှင်းယုတို့နှင့်ဆုံကာ
လုပ်ကိုင်ကြမည့်အသေးစိတ်အစီအစဉ်များကို ဆွေးနွေးကြ၏။ ပြင်ဦးလွင်သင်တန်းက ဘာမှမခဲယဉ်း။
ကျွန်တော်ပြင်လာသည့် slide presentation များကိုမှီးလျက် သင်တန်းပို့ချရုံဖြစ်၏။ လုပ်နေကျဖြစ်သည့်အတွက်
သည်သင်တန်းကိစ္စမှာ ကျွန်တော်တို့အတွက် ထမင်းစားရေသောက်မျှသာ ဖြစ်သည်။ အရေးကြီးသည်မှာ
မတ်လ ၁၆ ရက်နေ့၊ နေပြည်တော်၌ပြုလုပ်မည့် ၀န်ကြီးဌာနပေါင်းစုံပါဝင်သော ပေါင်းစည်း ညှိနှိုင်းရေး
ဟောပြောဆွေးနွေးပွဲ ဖြစ်၏။ အကုန်ကြိုတင်ပြင်ဆင်ထားတာဆိုတော့ အားလုံးအဆင်ပြေလိမ့်မည်ဟု
ယူဆပါ သည်။ ဒါတောင် The Voice ကလွဲလို့ ကျန်မီဒီယာတွေက တော်တော်နှင့်ဆက်သွယ်လို့မရ။
ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်များကိုလည်း တက်ရောက်နားထောင်စေချင်သေးသည်ဖြစ်ရာ
အဆက်အသွယ် ရထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဥက္ကာမင်းအား သူတို့ကို မည်ကဲ့သို့ဖိတ်ရမည်နည်း
မေးရ၏။ သူက ယခုပွဲကို organize လုပ်ပေးသည့် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးမှတစ်ဆင့်
လွှတ်တော်ဥက္ကဌဆီ ဖိတ်စာပို့ပါဆို၏။ ကျန်းမာရေးဝန်ကြီးဌာနကို ဖိတ်စာပို့ခိုင်းပြီး အခြားလုပ်စရာများရှိသောကြောင့်
ကျွန်တော်လည်း အမေ့မေ့အလျော့လျော့ နေလိုက်၏။ ပွဲကို လွှတ်တော်ကိုယ်စားလှယ်များတက်လာတာ
တွေ့ရတော့မှ သြော - ဒီကိစ္စ အဆင်ပြေသွားသကိုးဟု သိရလေသည်။
နေ့ခင်းပိုင်း ကိုယ်ရေးကိုယ်တာလုပ်စရာတွေရှိသဖြင့် လုပ်ကိုင်ပြီး
ပြင်ဆင်ထားသော ဥပဒေကြမ်းအကြံပြုချက်များကို လှည်းတန်းတွင် ပရင့်ထုတ်၊ ကော်ပီကူးသည်။
ထို့နောက် ကိုနေမျိုးမောင်ကိုခေါ်ကာ (သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း) တစ်နာရီလောက်
လေပန်းကြသေး၏။
မမတို့ကတော့ လမ်းတွင်စားရန်ဆိုကာ ထမင်းလိပ်များ၊ ကြာဇံကြော်များ၊
ဟင်းများချက်ပြုတ်ပြင်ဆင် ထည့်သိုခြင်းဖြင့် အလုပ်ရှုပ်နေကြလေသည်။ ကော်ဖီများပင်ဖျော်ကာ
ဓာတ်ဘူးကြီးများနှင့် ထည့်ပေးလိုက်ပေလေသေး၏။ ကားကိုတော့ ကျွန်တော်တို့ခေါ်နေကျ ကိုမျိုးကားကိုပင်
ငှားသွားသည်။ သူက ကိုယ့်ဆီကိုယ်ထည့်၊ တစ်နေ့ကို ခြောက်သောင်းပေး ဆိုတော့ မဆိုးပါ။ ယခင်
ရေနံချောင်း၊ မကွေးစသည့်ခရီးရှည်များတုံးကလည်း သူနှင့်သွားခဲ့တာဖြစ်၏။ သားနှင့်လည်း
ခင်သလို ပြင်ဦးလွင်၊ နေပြည်တော်စသည့်နေရာများတွင် တည်းခိုမည့်ကိစ္စများကလည်း သူနှင့်မှ
အဆင်ပြေမည်။ ကိုမျိုးရေ - မနက် (၄) နာရီ ရွှေတောင်ကြားကို အရောက်လာခဲ့ကွ ဟု မှာလိုက်၏။
ညကျတော့ ဂျူးက ကန်တော်ကြီးရှိ Western Park တွင် ညစာကျွေး၏။
ကျွန်တော်တို့ရောက်သွားတော့ မင်္ဂလာပွဲတစ်ခု ကျင်းပနေတာတွေ့ရသည်။ မင်္ဂလာသတို့သား၊ သတို့သမီးများမှာ
မြန်မာစစ်စစ် ဟုတ်ဟန်မတူ။ မင်္ဂလာခန်းမဘက်မှ လွင့်လာသည့် သီချင်းများနားထောင်တော့လည်း
ဘာတွေဆိုနေမှန်း နားမလည်။ ကျွန်တော်ကတော့ မြန်မာသီချင်းလား နိုင်ငံခြားသီချင်းလားတောင်
မခွဲခြားတတ်ပါ။ သည်လို နေရာမျိုးတွင် သည်လိုအစားအသောက်များ စားရတော့ အင်း၊ ရန်ကုန်တောင်
အတော်ပြောင်းလဲသွားမှကိုး ဟု တိတ်တခိုး ရေရွတ်မိလေသည်။
(၃) မန္တလေးခရီး
မတ်လ ၁၃ ရက်နေ့ မနက် ၅း၁၅ နာရီတွင် ရန်ကုန်မှ ထွက်ခဲ့ကြ၏။
ရန်ကုန်-မန်း အမြန်လမ်းမပေါ်တက်တော့ ၆း၀၅ နာရီ။ လမ်းတွင် သားက အိမ်သာတက်ချင်သည်ဆိုလို့
လမ်းဘေးချရပ်ပြီး သွားခိုင်းသည်။ သွားနေကျမဟုတ်တော့ အီးကမထွက်။ ကိုင်း၊ နားတဲ့နေရာရောက်မှ
သွားတော့ကွာဟု အောင့်ထားခိုင်းရသည်။
သို့နှင့် တစ်နာရီလျှင် ကီလို ၁၀၀ နှုန်း မောင်းခဲ့ကြရာ ၁၁၅
မိုင်ရောက်တော့ မနက် ၈နာရီခွဲ။ ဆိုင်တစ်ဆိုင်ဝင်ပြီး မမတို့ ထည့်ပေးလိုက်သော ကြာဇံကြော်
စသည်တို့ကို ထုတ်စားသည်။ သူတို့ဆိုင်ထဲ ၀င်နားကြတာဆိုတော့ ကော်ဖီလေးတော့ မှာသောက်မှ။
ဆိုတော့ ထည့်ပေးလိုက်သော ကော်ဖီများကို မသောက်ဖြစ်။ အသီးတစ်ပွဲမှာစားရာ အသီးများမှာ
ရေခဲသေတ္တာထဲထည့်ထားတာဖြစ်သောကြောင့် ရေခဲရိုက်ပြီး စားမကောင်းတော့ပါ။ သူတို့က အသီးများကို
ထုတ်ကြည့် ဟန်လည်းမတူ။ ရေခဲရိုက်နေလျှင် စားကောင်းမှာ မဟုတ်လို့လည်း တွေးမိရဲ့လား မသိ။
အိမ်သာများမှာတော့ ပြောစရာမရှိအောင် ကောင်းလာပါပြီ။ ဆောင့်ကြောင့်ထိုင်အိမ်သာရော၊
ကမုတ်ပါရှိသည်။ အိမ်သာသုံး စက္ကူလည်း ထားပေးသည်။ ဆပ်ပြာနှင့်ရေလည်းကောင်းသည်။ လက်သုတ်ဘို့
စက္ကူလည်း ရှိ၏။ နောက်ပြီး ဘာအနံ့အသက်မှ မနံ။ စိတ်ချမ်းသာစရာ ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်က
ကြုံခဲ့ရသည့် အိမ်သာများအကြောင်းတော့ မပြောပါနှင့်။ အခုပြောလျှင် အခု အန်ချင်တုံး။
ကျွန်တော် ကျောင်းသားဘ၀က ကြည့်မြင်တိုင်အိမ်သာကို အရေးပေါ်လာလို့ ၀င်မိပါသည်။ တစ်ခါလေး
ဝင်မိတာ၊ ဆယ်ခါပြန် နောင်တရသွားသည်။
အမြန်လမ်း၏ အချို့နေရာများတွင် ကတ္တရာခင်းထားပြီး အချို့နေရာများတွင်မတော့
ကွန်ကရိလမ်းအတိုင်းပင် ရှိနေပါသေး၏။ ကတ္တရာလမ်းနှင့် ကွန်ကရိလမ်း၊ စီးရသည့်ဖီလင်ခြင်းကို
မတူပါ။ ကတ္တရာလမ်းပေါ်တွင် အိစက်ညက်ညောနေသလောက် ကွန်ကရိလမ်းပေါ်ရောက်လာလျှင် တုန်ခါမှုကို
သိသာစွာခံစားရပါသည်။ လမ်းမျက်နှာပြင် (texture) ခြင်းမတူသည့်အတွက် တုန့်ပြန်မှုခြင်း
ကွာတာဖြစ်ပါသည်။
လမ်းတစ်လျှောက် ရဲကင်းများကိုလည်း ဟိုနားဒီနားဆိုသလို တွေ့ရပါသည်။
နောက်တစ်ခုတိုးလာသည်မှာ မိုင်တိုင်များ ဖြစ်၏။ ယခင်က မိုင်တိုင်များသာ ရှိသည်။ ယခုတော့
ကီလိုမီတာကိုဖော်ပြသည့် ကီလိုတိုင်များကိုပါ တွေ့ရပါသည်။ ကီလိုတိုင် ကိုတော့ တစ်ကီလိုလျှင်
နှစ်တိုင်နှုန်း စိုက်သည်။
မနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရောက်သည်။ မိတ္ထီလာ စားသောက်စခန်းသို့
နေ့လည် ၁၂ နာရီတိတိတွင် ရောက်၏။ ထိုနေရာတွင်လည်း မမတို့ပြင်ဆင်ပေးလိုက်သော အစားအသောက်များကိုပင်စားကာ
သူတို့ဆိုင်မှ အအေး၊ ကော်ဖီများ မှာသောက်ကြသည်။ (စင်ကာပူမှာဆိုလျှင်တော့ စားသောက်ဆိုင်များက
အပြင်မှယူလာသောအစားအသောက်များ စားသောက်ခြင်းကို လက်မခံပါ။)
စားသောက်ပြီးတော့ သိပ်အချိန်ဖြုန်းမနေတော့ဘဲ ခဏနားကာ ဆက်ထွက်ခဲ့ကြ၏။
မန္တလေးသို့ နေ့လည် ၂ နာရီ မခွဲခင် ၀င်လာပါသည်။ ရောက်တော့ ကိုခင်မောင်စိုးဆီဖုံးဆက်ကာ
တည်းခိုမည့် ဟော်တယ်သို့သွား၊ အထုပ်အပိုးများချ။ ပြန်ထွက်ကြ ၏။ သူက အကောင်းဆုံးကော်ဖီဆိုင်
လိုက်ပို့မယ်ဆိုကာ ဆိုင်တစ်ဆိုင်လိုက်ပို့ပါသည်။ ကျွန်တော်က ကိုအောင်သန်းဆီ ဖုံးဆက်ကာ
ဆိုင်လာဖို့ ချိန်းလိုက်၏။ သူလာတော့ စကားစနေပြော၏။ သူက ကျွန်တော် စင်ကာပူမှကလေးများအတွက် မြန်မာစာသင်တန်း လုပ်ပေးနေတာ သိတော့ မြန်မာသင်ပုန်းကြီးပေးချင်ပါသည်။
အိမ်လာခဲ့ပါဟုမှာကာ ပြန်သွားသည်။
လာချပေးသည့်ကော်ဖီသောက်ကြည့်လိုက်တော့ . . . ကောင်းလိုက်တာခင်ဗျာ။
ကျွန်တော်သောက်ခဲ့ဖူးသည့် ကော်ဖီများ အနက် အကောင်းဆုံးဖြစ်သည် ဟု ညွှန်းချင်ပါသည်။ ကျွန်တော်က
ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးသူဖြစ်ရာ ကော်ဖီ တော်တော်များများ သောက်ဖူးပါသည်။
ယခု ကော်ဖီမှာမူ အကောင်းဆုံး ဖြစ်၏။ ကော်ဖီဆိုင်နာမည်မှာ Unique Mandalay ဖြစ်ပြီး
တည်နေရာမှာ လမ်း ၇၀ (၂၇၊ ၂၈ လမ်းကြား) ဖြစ်ပါသည်။ မိတ်ဆွေများကြုံလျှင် သွားသောက်ကြဘို့
ညွှန်းလိုက်ရပါ ၏။ လိုက်ပို့ပေးသော ကိုခင်မောင်စိုးကို အထူးကျေးဇူးတင်ပါသည်။
ထို့နောက် ကိုအောင်သန်း၏ သုမင်္ဂလပုံနှိပ်တိုက်သို့ဝင်ပြီး
သူပေးသောစာအုပ်များယူရင်း စကားစနေပြောကြ၏။ ကျွန်တော်က မြန်မာနိုင်ငံတွင် နက္ခတ္တဗေဒဆိုင်ရာစာအုပ်စာတမ်းများ
ရှားပါးမှုကြောင့် နက္ခတ္တဗေဒစာအုပ်ရေးရန် ကြံရွယ်ပြီး စာအုပ်များ စုနေကြောင်းပြောရာ သူက
ဆရာဦးအေးဝင်းကျော် ပြင်ဦးလွင်မှာရှိပါသည်။ သူ့ဆီရောက်အောင်သွားပါဟု ညွှန်းပြီး ဖုံးနံပါတ်
ပေးလိုက်သည်။ (ပြင်ဦးလွင်မှာရှိစဉ် ကျွန်တော်ဆရာ့ဆီဖုံးဆက်တော့ ဧည့်သည်များရောက်နေလို့
အိမ်မှာမရှိပါ ဆို၏။ ကျွန်တော်ကလည်း သင်တန်းကတဖက်၊ နေရမဲ့အချိန်ကလည်းနည်းဆိုတော့ ဆရာနှင့်
မတွေ့ဖြစ်လိုက်တော့ပါ။ ကျွန်တော် ငယ်စဉ် ဗိုလ်ချုပ်ဈေးအပေါ်ထပ်မှာ ဝေဒသင်တန်းတက်တုံးက
ဆရာက နက္ခတ္ဆဗေဒ သင်ပေးတာဖြစ်ပါသည်။)
ထို့နောက် မန္တလေးတောင် တက်ကြသည်။ မန္တလေးတောင်မရောက်မီ မြို့ရိုးတစ်နေရာတွင်ရပ်ကာ
ဓာတ်ပုံရိုက်ကြ၏။ နန်းမြို့ရိုးကြီးကိုကြည့်ရတာ ၀မ်းနည်းသလိုလို ရှိလိုက်ပါဘိတော့။
ကျွန်တော့်စိတ်အာရုံတွင် ဆရာမြသန်းတင့်၏ “တောင်သမန်ရွှေအင်းက လေညင်းဆော်တော့” ထဲမှာ
ဖော်ပြထားသည့်အတိုင်း စုဖုရားလတ်၊ တိုင်တားမင်းကြီး၊ ကင်းဝန်မင်းကြီး၊ ပြင်သစ်သူလျှိုများ၊
ဗြိတိသျှသူလျှိုများ နန်းတော်တွင်း ခြေချင်းလိမ်ကာ ကိုယ်စီအကျိုးစီးပွားအတွက် ရှုပ်ရှက်ခတ်နေပုံများကို
တရေးရေး မြင်ယောင်မိနေလေသည်။
ကျွန်တော်တို့က ခုခေတ်မှ စစ်ဗိုလ်ချုပ်ကြီးတွေ သစ်တောတွေကို
ပြောင်သလင်းခါအောင် ရောင်းစားတာကိုမြင်ကြဖူးတာ ဖြစ်သည်။ အမှန်တွင် မင်းတုံးမင်းတို့ခေတ်ကတည်းက
မြန်မာဝန်ကြီးများက အင်္ဂလိပ်တို့ကို သစ်လုံးတစ်လုံးလျှင် လေးငါးကျပ် မျှဖြင့် တစ်တောလုံး၊
အပြတ်ရောင်းစားခဲ့ကြတာ ဖြစ်၏။ လူရှေ့သူရှေ့ရောက်လျှင် လူကြီးလူကောင်းယောင် ဆောင်တတ်သည့်
အင်္ဂလိပ်များသည်လည်း လူလစ်လျှင် ခိုးတာသာ ဖြစ်ပါသည်။ ထိုခေတ်က မြန်မာသစ်တောအရာရှိများကို
ရွှေတိုငွေစများ ပေးကမ်း၍ ဗြိတိသျှတို့သည် မြန်မာသစ်တောမှ ကျွန်းသစ်လုံးကြီးများကို
တန်ထောင်ပေါင်းများစွာ ခိုးထုတ်ခဲ့လေသည်။ သူခိုးက ခိုးတယ်ပြောတော့ နာသေးသည်။ သူတို့ခိုးသည့်သစ်များအတွက်
လျော်ကြေးတောင်းတော့ အလျော်တောင်းရ ပါမလားဟု ရွှေစိတ်တော်ဆိုးကာ မြန်မာထီးနန်းကိုသိမ်းပိုက်ရန်
ပြဿနာရှာခဲ့တာ ဖြစ်သည်။
ကျွန်တော်တို့အဖြစ်မှာ ဟိုတလောက ကြားလိုက်ရသည့် သတင်းကဲ့သို့ဖြစ်၏။
အိမ်ကိုသူခိုးဝင်ခိုးတာကို သူခိုးသူခိုး အော်မိလို့ သူခိုးကအိမ်ရှင်ကို ဓားနှင့်ထိုးသွားသည့်
ဖြစ်ရပ် ဖြစ်သည်။
သို့သော် အင်္ဂလိပ်တို့က ယခုခေတ်လူများနှင့်စာလျှင် အတော်အတန်
ဥပဒေကို လေးစားလိုက်နာသေးသောကြောင့် ခုတ်သင့်သည့်သစ်များကိုသာ ခုတ်ခဲ့၍ သည်မျှ တောမပြုန်းခဲ့ခြင်း
ဖြစ်လေသည်။ ယခုခေတ် လောဘသားများကား သစ်ပင်မျှသာမက အမြစ်ကိုပါ တူးယူလေသည်။ ပုခုံးပေါ်မှ
အပွင့်တွေ အခက်တွေနှင့် သူတို့ကိုယ်သူတို့ လူကြီးဟု ကင်ပွန်းတပ်ထားသူများမှာ သူတို့
ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် ချမ်းသာရေးက လွဲ၍ တခြားဘာမှ ခေါင်းထဲ ထည့်မထားသူများ ဖြစ်သဖြင့်
မြန်မာနိုင်ငံကြီးမှာ ယခုအခါ ကျွန်စုပ်ပစ်သည့် သရက်စေ့ကဲ့သို့ ဖြစ်နေလေပြီ။
လမ်းတစ်လျှောက် မြင်နေရသည့် တောင်ကတုံးများကို လက်ညှိုးညွှန်ပြလျှက်
ဟောဒီတောင်တွေဟာ တချိန်တုံးက သစ်ကြီး ၀ါးကြီးတွေနဲ့ ပြည့်နေတာပေါ့ကွာ။ အခုတော့ သစ်ပင်ဆိုလို့
တစ်ပင်မှ မရှိတော့ဘူး။ အဲဒီတောင်ကတုံးတွေကို သစ်ပင်တွေနဲ့ ပြန်ပြည့်လာအောင်လုပ်ဖို့
ဖေဖေတို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်ကွ ဟု သားကိုပြောပြသည်။ သူနားလည် မလည်တော့မသိ။
မန္တလေးတောင်သည်လည်း ကျွန်တော်တို့ ငယ်ငယ်ကနှင့် မတူတော့။
တောင်ပေါ်ရောက်သည်ထိ ကားမောင်းတက်လို့ ရနေလေပြီ။ မြွေကြီးနှစ်ကောင်မှာလည်း ယခင်ကလို
တဲစုတ်ကလေးနှင့်မဟုတ်တော့ဘဲ နတ်ဘုံနတ်နန်းနှင့် တခန်းတနား ဖြစ်နေလေ၏။ ကြေးရုပ်မြွေကြီးကို
ပုဝါစိမ်းပတ်ပေးကာ ပိုက်ဆံများ ထိုးကြသည်။ မြွေကြီးနှစ်ကောင်မှာ ငှက်ပျောပွဲ၊ အုန်းပွဲများနှင့်
အတော့်ကို ဘုန်းတန်ခိုးကြီးနေလေသည်။ ဓာတ်ပုံရိုက်ဘို့တောင် တန်းစီယူရသည်။ ကျွန်တော့်မှာ
ကြိတ်ကြိတ်တိုးနေသော လူများကိုကြည့်၍ ခေါင်းညိတ်နေမိ၏။
မန္တလေးတောင်ပြီးတော့ ဘုရားကြီး သွားဖူးကြသည်။ ဘုရားကြီးရောက်တော့
မှောင်နေပြီ။ ထို့နောက် ညစာစားကြ။ အိမ်ပြန် လက်ဆောင် ထိုးမုန့်လေး၊ လမုန့်ကလေးများဝယ်ကြ။
မန္တလေးသားများမှာ အလွန်ချွေတာကြလေသည်။ ဆေးကုန်မှာစိုး၍ လမ်းနာမည်များကို ကြီးကြီးမရေး။
လက်မလောက် စာလုံးလေးများနှင့် လက်တစ်ဝါးစာလောက်ရှိသော ပျဉ်ပြားလေးပေါ်တွင် ရေးထားလေ၏။
ကျွန်တော်တို့မှာ ဟဲ့၊ ဒါ ဘာလမ်းလည်း၊ ကြည့်ကြစမ်းပါအုံးဟဲ့ ဟု မနည်းပြူးပြဲရှာရသည်။
သည်တွင် ထူးဆန်းတာတစ်ခု တွေ့ရပြန်ပါသည်။ ဘာလမ်းလည်း မမှတ်မိတော့ပါ။
လမ်းမကြီးတစ်လျှောက်လုံး လမ်းခင်း နေတာ ဖြစ်၏။ လူအများ ဥဒဟိုသွားလာနေသည့် လမ်းမကြီးကို
အပိုင်းလိုက်မခင်းဘဲ တစ်လျှောက်လုံးခင်းနေသဖြင့် လူများ၊ ကားများမှာ ကျောက်စရစ်များအပေါ်
နင်းကာ သွားကြရသည်။ သည်လမ်းကို သည်လိုခင်းလျှင် လူတွေ သည်လိုသွားကြရ လိမ့်မည်ဟု နည်းနည်းကလေးမှ
မတွေးတတ်သော သည်လမ်းခင်းသူ အင်ဂျင်နီယာ သို့မဟုတ် စည်ပင်လူကြီးများ၏ အမြော် အမြင်နည်းပုံ၊
ဆင်ခြင်တုံတရားမဲ့ပုံများကို ကျွန်တော့်မှာ သြချယူရပါပေသည်။
သည်လမ်းပေါ်တွင် ဆိုင်ကယ်များ၊ သွားများ သွားလာနေကြသည်။ အကယ်၍
ကားဘီးမှယက်ထုတ်လိုက်သော ကျောက်ခဲ တစ်လုံးစင်ကာ နောက်မှကားမှန်သို့သွားမှန်လျှင် မှန်ကွဲနိုင်သည်။
လမ်းသွားလမ်းလာသို့မှန်လျှင် ထိခိုက်ဒဏ်ရာ ရနိုင်သည်။ ဆိုင်ထဲမှထိုင်နေသူကို သွားမှန်လျှင်
မျက်လုံးကန်းနိုင်သည်။
မန္တလေးမှလူများကတော့ ရိုးနေလေပြီ။ ကျွန်တော့်မှာမူ မန္တလေးကိုကြည့်ရတာ
အသက်ရှူလို့ပင်မ၀။ လူများ၊ ဆိုင်ကယ်များ၊ ကားများမှာ သူတို့အထာနှင့်သူတို့ တိုးဝှေ့
သွားလာနေကြသည်။ ကျွန်တော် သူတို့သွားလာနေပုံများကိုကြည့်ကာ နားလည်အောင် မနည်းကြိုးစားနေရ၏။
ဟော်တယ်ပြန်ရောက်တော့မှ နားအေးပါးအေး နားရတော့သည်။ ပင်ပန်းသည်နှင့် ရေခဲသေတ္တာထဲတွေ့သည့်
မြန်မာဘီယာတစ်ဘူးကို ကောက်မော့လိုက်သည်။ ဘီယာမှာ သိပ်မအေးသည့်တိုင် ပင်ပင်ပန်းပန်း
နှင့် ဆိုတော့ သောက်လို့အရသာရှိလိုက်ပါဘိ။
ဆက်ပါဦးမည်။
အေးငြိမ်း
No comments:
Post a Comment