(၄) ပြင်ဦးလွင်
မနက်စောစောထ မနက်စာစား၊ ကော်ဖီသောက်ပြီး ၅း၄၀ နာရီတွင် မန္တလေးမှ
ထွက်ခဲ့၏။ မနက်ဆိုတော့ လမ်းရှင်းနေသည်။ ပြင်ဦးလွင်အတက်လမ်းမှာ တောင်တက်လမ်းဖြစ်၏။
အသစ်အဆန်းခရီးဖြစ်၍ သားမှာ အော်ဟစ် ပျော်မြူးနေလေသည်။
ပြင်ဦးလွင်သို့ တစ်နာရီမျှသာ မောင်းရ၏။ တည်းမည့်နေရာသို့
မြို့ရှောင်လမ်းမှပတ်ကာ သွားသည်။ အမျိုးသမီး၏ မောင် တစ်ဝမ်းကွဲက ပြင်ဦးလွင်တွင် မြေတွေဝယ်ကာ
စိုက်ပျိုးရေးလုပ်နေသည်။ မြို့မှခြံသို့ နာရီဝက်လောက် မောင်းရသည်။ ခြံထဲတွင် အိမ်ကြီးဆောက်ကာ
အဆောင်တွေအခန်းတွေဖွဲ့ထားတော့ ကျွန်တော်တို့အတွက် တည်းဘို့ခိုဘို့ အလွန် အဆင်ပြေလှသည်။
ပစ္စည်းတွေထားပြီးနောက် ပြင်ဦးလွင်မြို့ထဲလာသည်။
ကျောင်းမှ ဒေါက်တာအောင်ဟိန်းလတ်ကို ဖုံးဆက်တော့ ကန်တော်ကြီးအ၀ိုင်းနားမှာစောင့်နေပါ။
သူလာခေါ်မည်ဆိုသဖြင့် စောင့်နေကြ၏။ ခဏကြာတော့ သူ ဆိုင်ကယ်လေးတဖုန်းဖုန်းဖြင့် ရောက်လာ၍
မလှမ်းမကမ်းရှိဆိုင်တွင် မနက်စာ သွားစား ကြသည်။ ဆိုင်မှာ ရှေးအိမ်ကြီးကိုဖျက်ကာ ပြန်ဆောက်ထားသဖြင့်
ဒီဇိုင်းအသစ်ဖြစ်နေ၏။ ဆိုင်ရှင်က ၀င်းဦးကို အတော်ကြိုက်သည် ထင်သည်။ ဆိုင်ပတ်လည်တွင်
ဝင်းဦးပုံများကို ချိတ်ထား၏။ အစားအသောက်လည်း မဆိုးလှပါ။
နောက်တော့ ကျောင်းသို့လာကြသည်။ ဖွင့်ပွဲတွေဘာတွေရှိသေးလားဆိုတော့
ဆရာမကြီး မအားလို့ မလာနိုင်ပါ။ နေ့ခင်းပိုင်း ကျမှ ခဏလာပြီး စကားပြောလိမ့်မည်ဟု ဆို၏။
ကျွန်တော်က သင်မည့် သင်တန်းဆရာများနှင့် မိတ်ဆက်ရင်း သည်သင်တန်း ကို ဘာဖြစ်လို့ဖွင့်ရတယ်။
ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်တယ်၊ နောက်လည်း ဘာတွေလုပ်ပေးအုံးမယ် စသည်တို့ ပြောပြ
သည်။
အားလုံးမှာ စိတ်ဝင်တစား လေ့လာသင်ယူကြပါသည်။ Safety ဆိုတာ
သူတို့အဖို့ အသစ်အဆန်းဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ ကျွန်တော်ကတော့ slide များကို
reference မျှထားလျှက် သူတို့နားလည်အောင်သာ ရှင်းပြပါသည်။ အရေးကြီးသော အချက်များကိုသာ
အဓိကထားပြောပြ၏။
ယခုသင်သည်များမှာ ပီဘိ မိတ်ဆက်မျှသာဖြစ်လျှက် တစ်ခန်းချင်းကို
(Electrical safety, Chemical Safety, Mechanical Safety, Fire Safety, Workshop
Safety စသည်) အသေးစိတ်သင်ပေးဘို့ရာ သင်တန်းများစွာ ထပ်ဖွင့်ပေးဘို့ လိုပါလိမ့်ဦး မည်။
ကျွန်တော်က စင်ကာပူတွင် အချိန်ပြည့် အလုပ်လုပ်နေရသည်ဖြစ်ရာ စွပ်ကယ်စွပ်ကယ် ပြန်လာပြီး
သင်ပေးဘို့ မဖြစ်နိုင်။ မြန်မာနိုင်ငံတွင်ရှိနေသူ မိတ်ဆွေများကိုသာ အကူအညီတောင်းရပါမည်။
ထို့ပြင် ယခုကဲ့သို့ အခမဲ့သင်ပေးနိုင်မည် မဟုတ်ဘဲ အခကြေးငွေတစ်ခုတော့ ယူရပါလိမ့်မည်။
ဤသည်မှာလည်း ကျွန်ုပ်တို့အကျိုးစီးပွားအတွက် မဟုတ်ဘဲ ကျွန်တော်တို့အဖွဲ့များ ယခုကဲ့သို့
ရေရှည်ဆက်လက် ရပ်တည်လှုပ်ရှားနိုင်ရေးအတွက် ဖြစ်ပါသည်။ ပိုက်ဆံမရှိဘဲ ဘာလုပ်လို့ ရပါမည်နည်း။
ဘာအလုပ်ကို လုပ်သည်ဖြစ်စေ ပိုက်ဆံကိစ္စကို ပထမဆုံး စဉ်းစားရသည်သာ ဖြစ်လေသည်။
နေ့လည်ပိုင်းတွင် ဒန်ပေါက်သွားစားကြ၏။ မဆိုးပါ။ ကောင်းပါသည်။
ကြက်သားချက်ပုံကလေးတော့ နည်းနည်းလိုသည်။
နေ့ခင်းပိုင်းသင်တန်းကို မအေးနှင်းယုသင်သဖြင့် ကျွန်တော်တို့
ပြင်ဦးလွင်မြို့ထဲ လျှောက်လည်ကြသည်။ ပထမ ကန်တော်ကြီးသွားကြ၏။ ရောင်စုံပန်းခင်းများ
စိုက်ပျိုးထားသည်မှာ အလွန်လှပါသည်။ စင်ကာပူတွင်မတော့ ပန်းမျိုးစုံကို ဖန်ပေါင်းချောင်ကြီးထဲ
ထည့်ကာ Flower doom ဆိုပြီး စိုက်ပြထားသည်။ သူက တကမ္ဘာလုံးမှ ပန်းမျိုးများကို မှာယူ
စိုက်ပျိုးထားတာဆိုတော့ အမျိုးပိုစုံသည်။ သို့သော် ပြင်ဦးလွင်ကတော့ မြေကြီးပေါ်တွင်
ရေလောင်းပေါင်းသင်စိုက်တာဖြစ်၍ ပိုသဘာဝ ကျပါသည်။ ကျွန်တော်ကတော့ flower doom ထက် ပြင်ဦးလွင်
ပန်းခင်းများကို ပိုနှစ်သက်ပါသည်။ အမျိုးပင် မစုံသော်လည်း ပီဘိ သဘာဝအတိုင်း ဖြစ်၏။
ရေကန်ထဲမှ ငန်းဖြူနှင့် ငန်းနက်ကြီးများမှာလည်း အလွန်လှပ ပါပေသည်။
ကုန်းအတက်ကလေးတွင် ငှက်ဥယျာဉ်ရှိသဖြင့် သွားကြည့်သည်။ သူလည်း
Jurong Bird Park အသေးစားလေးပါပဲ။ ငှက်များ သိပ်မရှိသည့်တိုင် နှစ်သက်စရာကောင်းပါသည်။
ပန်းခြံထဲလျှောက်ကြည့်ကြပြီး ညောင်းလာသဖြင့် ကစားကွင်းသွားကာ ခနနားရင်း ကစားကြ။
ကစားကွင်းထဲတွင် တောပိုင်းမှ အလည်လာဟန်တူသည့် မိသားစုများကို
တွေ့ရသည်။ သူတို့ကတော့ ခပ်သာသာပဲ။ စားသောက်ပြီးကျန်သော အစားအသောက်အကြွင်းအကျန်များကို
ကစားကွင်းထဲ ဒီအတိုင်း ပစ်လိုက်ကြသည်။ စားသောက်ပြီး ခေါက်ဆွဲဘူးခွံများကိုလည်း သည်အတိုင်း
ပစ်ထားခဲ့ကြသည်။ အမှိုက်ကို သည်လို တွေ့ကရာမပစ်ရဆိုတာ သူတို့ကို မည်သူ ပညာပေးပါမည်နည်း။
ကျွန်တော် သူတို့မိသားစုများကို ငေးကြည့်နေမိလေသည်။
ပန်းခြံမှပြန်လာပြီး အချိန်သိပ်မရှိတော့သည်နှင့် တခြား ဘယ်မှမသွားတော့ဘဲ
ကျောင်းသို့ ပြန်ခဲ့သည်။ ထို့နောက် ကိုမိုးကြည်ဖြူ၊ မအေးနှင်းယုတို့နှင့် မနက်ဖြန်အစီအစဉ်ကို
တိုင်ပင်ကြသည်။ ကျွန်တော်တို့က နေပြည်တော်တွင် ၁၆ ရက်နေ့ လည်း ဆီမီနာရှိသေးသဖြင့် အချိန်ဆွဲမနေနိုင်။
နက်ဖြန်မနက်ပိုင်း ကိုမိုးကြည်ဖြူသင်မည်။ သူသင်ပြီးသည်နှင့် နေ့လည် ထမင်းစားကာ သူနှင့်
မအေးနှင်းယုကို နေပြည်တော် စောစောဆင်းသွားခိုင်းလိုက်မည်။ ကျွန်တော်က နေ့ခင်းပိုင်း
ဆက်သင်။ ညနေ ၄ နာရီတွင် စာသင်ရပ်ကာ စာမေးပွဲဖြေကြမည်ဖြစ်၏။ စာမေးပွဲကိုတော့ ကျွန်တော်
စောင့်နေစရာမလိုတော့ပါ။ ကျွန်တော်က မေးခွန်းနှင့် အဖြေလွှာများပြင်လာကာ အဖြေလွှာများစစ်ရန်လည်း
template တစ်ခါတည်း လုပ်လာတာ ဖြစ်ပါသည်။ အဖြေလွှာကို ဖတ်စရာမလို။ template ပေါ်တင်လိုက်သည်နှင့်
ဘယ်နှစ်မှတ်ရတယ်ဆိုတာ တစ်ခါတည်း တန်းသိနိုင်သည်။
စာသင်ပြီးသည်နှင့် ကျွန်တော်တို့လည်း နေပြည်တော်ကို ဆင်းကြမည်ဖြစ်၏။
ထို့နောက် အားလုံးစုပြီး ညစာသွားစားကြသည်။ ပြင်ဦးလွင်ကား
နေစောင်းလာသည်နှင့် အေးလာပေပြီ။ ထို့နောက် တည်းသည့်နေရာသို့ ပြန်ခဲ့ကြသည်။ ထိုနေရာကို
ကျည်းကိုင်ရွာဟု ခေါ်၏။ အောင်မယ်၊ ရွာဆိုလို့ အထင်မသေးလိုက်လေနဲ့ ဆရာ။ အိမ်အားလုံးမှာ
တစ်ထပ်တိုက်ကလေးများဖြစ်သည်။ ညဘက်တွင် မီးတွေထိန်လို့။ သူတို့ကိုကြည့်ရတာ သိပ် ၀င်ငွေ
နိမ့်ပုံမရ။ ညတွင် ကျွန်တော့်မှာ လုပ်စရာများ အတော်များများရှိသေး၍ အခြားသူများ အိပ်ကုန်ကြသည့်တိုင်
စောစောမအိပ်နိုင်။ မတ်လရောက်သည့်တိုင် ပြင်ဦးလွင်ညကား အလွန်ချမ်းအေးလှလေသည်။
(၅) မဟာအံ့ထူးကံသာမှ ငှက်ပျောပွဲအုန်းပွဲများ
မတ်လ ၁၅ ရက်နေ့မနက်ပိုင်းတွင်မတော့ အထုပ်အပိုးများအားလုံး
ကားပေါ်တင်ကာ တည်းသည့်နေရာမှ အပြီးထွက်ခဲ့သည်။ အနို့ ပြန်လာစရာလည်း အကြောင်းမှ မရှိတော့ဘဲကိုး။
သင်တန်းကျောင်းကနေ နေပြည်တော် တစ်ခါတည်းဆင်းကြမှာ ဖြစ်၏။
မအေးနှင်းယုက အလိုက်တသိပင် ကျွန်မ ကိုမိုးကြည်ဖြူကို ကူလိုက်ပါမယ်။
ဆရာတို့ လျှောက်လည်ကြပါ ဆို၏။ ထို့ကြောင့် သင်တန်းအတွက် အားလုံးပြင်ဆင်ပြီးသည်နှင့်
ကျွန်တော်တို့လည်း မရောက်သေးသောနေရာများ သွားကြည့်ကြရန် ထွက်ခဲ့ ကြ၏။ ဘယ်သွားကြမတုံးဆိုတော့
နှီးဘုရားနှင့် မဟာအံ့ထူးကံသာဘုရားတို့သို့ သွားကြမည်ဆို၏။
မြို့ထဲကိုဖြတ်လာတော့ အထက်တန်းကျောင်းများရှေ့တွင် ကျောင်းသားများ
စုရုံးနေကြသည်။ ဆယ်တန်းစာမေးပွဲများ မပြီးသေး။ မြန်မာပြည်မှ အလွန်အရေးကြီးသည့် အရာများတွင်
ဆယ်တန်းစာမေးပွဲသည်လည်း တစ်ခုအပါအ၀င်ဖြစ်၏။ ဆယ်တန်းစာမေးပွဲမှရသော အမှတ်သည် တစ်ဘ၀စာလုံးကို
အဆုံးအဖြတ်ပေးလိမ့်မည်။ သို့အတွက် သည်စာမေးပွဲသည် ကျောင်းသားများအတွက်သာမက ကျောင်းသားမိဘများအတွက်ပါ
အလွန်အရေးကြီးသော စာမေးပွဲဖြစ်၏။
ပထမ မဟာအံ့ထူးကံသာဘုရားသို့ သွားကြသည်။
ဘုရားကုန်းတော်ကို သေချာကျနစွာ တည်ဆောက်ထားတာ တွေ့ရပါသည်။ ဂူဘုရားကိုတော့ အာနန္ဒာပုံစံနှင့်ခပ်ဆင်ဆင် တည်ထားသည်။ ကားရပ်စရာများလည်း ရှိ၏။ စေတီတော်ကြီး သာယာသပ္ပာယ်လှချည့်ဟု ချီးကျူးလို့မှ မဆုံးခင် အဘယ်ကြောင့် သည်မျှသပ္ပာယ်ရခြင်းအကြောင်းကို မော်ကွန်းဖတ်ကြည့်တော့မှ သဘောပေါက်တော့၏။ သည်စေတီ တော်ကြီး၏ ထီးတော်နှင့်စိန်ဖူးတော်ကိုတင်ခဲ့သူများမှာ နှယ်နှယ်ရရလူများမှ မဟုတ်ဘဲကိုး။ သြော်သြော် . . . ။
ဘုရားဝင်ဖူးတော့ ဘယ့်နှယ် ဘုရားကလည်း တောင်ပြုံးပွဲနဲ့ နင်လားငါလားပါလား ဟု တွေးမိ၏။ ဘုရားပတ်ပတ်လည်တွင် ရာဂဏန်းမျှသော ငှက်ပျောပွဲအုန်းပွဲများကို စင်ပေါ်တွင်တစ်မျိုး၊ စင်အောက်တွင်တစ်ဖုံ တွေ့ရလေ၏။ ဘာတွေများပါလိမ့်ဟု စူးစမ်းလိုသည့်စိတ်က ငှက်ပျောပွဲများအနားသို့ ဆွဲဆောင်ခေါ်ယူသွားလေသည်။ ထိုအခါကျမှ ထိုငှက်ပျောပွဲများမှာ အကြောင်းမဲ့ တင်ထားတာ မဟုတ်ကြောင်း တွေ့ရလေတော့၏။
အထက်တွင်ဆိုခဲ့သည့်အတိုင်း မြန်မာပြည်မှကျောင်းသားများအဖို့
ဆယ်တန်းစာမေးပွဲသည် ဘ၀နှင့်ချီပြီး အရေးကြီးသည် ဖြစ်လေရာ ကျောင်းသားများ၊ ကျောင်းသားမိဘများမှာ
ဆယ်တန်းတွင် အမှတ်ကောင်းကောင်းနှင့်အောင်ရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းကြလေသည်။ အနှီငှက်ပျောပွဲ၊
အုန်းပွဲများမှာ ထိုနည်းလမ်းများအနက် တစ်ခုဖြစ်၏။
ငှက်ပျောပွဲများတွင် မောင်/မ ဘယ်သူ၊ ခုံနံပါတ်ဘယ်လောက်၊ ဘယ်ကျောင်း
စသဖြင့် ရေးထား၏။ သြော် - ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနှင့်အောင်ရေး ဘုရားလာ အပူကပ်ကြပေတာကိုး။
ဆယ်တန်းစာမေးပွဲအောင်ဘို့များ ဘုရားကို အုန်းပွဲ၊ ငှက်ပျောပွဲကပ်ရတယ်လို့။
သည်ကိစ္စ၊ ဘယ်သူကများ စလိုက်တာပါလိမ့်။ ခင်ဗျားတို့ဟာ တစ်ခုခုတော့ လွဲနေပြီထင်တယ်နော။
အဲလေ သူတို့လွဲတာမဟုတ်ဘဲ။ ကျွန်တော်လို လူ့ဂွစာ လွဲတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မည်။
ထိုငှက်ပျောပွဲ၊ အုန်းပွဲတင်သူများမှာ ကိုယ့်ဘာသာကိုယ်၊ ဘာလုပ်လို့
လုပ်နေမှန်းလည်း မသိကြ။ ဘုရားနဲ့နတ်ကိုလည်း ကွဲကွဲပြားပြား နားမလည်။ မကွဲလို့သာ ဘုရားလာပြီး
ပွဲတွေနဲ့ ပူဇော်ပသနေတာ မဟုတ်ပါလား။ သည်လို ပူဇော်ပသလို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀
အကျော်က ပရိနိဗ္ဗာန်ပြုသွားခဲ့ပြီဖြစ်သော ဂေါတမမြတ်စွာဘုရားက သူတို့ကိုလာပြီး စာမေးပွဲ
အောင်အောင်၊ အမှတ်များကောင်းအောင် မ,စလိမ့်မည်ဟု ထင်နေသလား မပြောတတ်ပါ။ မြတ်စွာဘုရားသည်
ပရိနိဗ္ဗာန် ပြုပြီးသည့်နောက် သည်လူ့လောကနှင့် မည်ကဲ့သို့မှ ဆက်စပ်ခြင်းမရှိတော့ပြီဟု
ကျွန်တော်ကတော့ သည်လိုပင် နားလည်ပါသည်။
ကျွန်တော်တို့ ဘုရားကို ကိုးကွယ်နေကြခြင်းမှာ သြော် - ဘုရားဆိုတာ
တကယ်ရှိခဲ့တယ်။ ငါတို့ကို ဒုက္ခတွင်းကလွတ်အောင် ကယ်တင်ပေးနိုင်တဲ့ တရားတော်တွေကို တကယ်
ဟောခဲ့တယ်။ ငါတို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတွေကို တကယ်ကျင့်ရမယ်
ဟု ရည်စူးဘို့ရာသာ ကိုးကွယ်ရမှာဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်နှိုက်ကလည်း ဟဲ့၊
ဝက္ကလိ၊ နင် ငါ့ခန္ဓာကိုယ် အတ္တဘောကြီးကို ကြည့်နေ၊ ကိုးကွယ်နေလို့ ဘာရမတုံးဟဲ့။ ငါ့ကို
ကိုးကွယ်တယ်ဆိုတာ ငါဟောထားတဲ့တရားတော်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်တာသာ ဖြစ်တယ်
ဟု အတိအလင်း ဟောကြားခဲ့ပါသည်။ မိတ်ဆွေတို့လည်း သည်တရားတော်ကို နာဖူးကြပါသည်။ သဟာနှင့်များတောင်
ငှက်ပျောပွဲ၊ အုန်းပွဲတွေနှင့် ကူပါ၊ ကယ်ပါ လုပ်နေတာကတော့ တဆိတ် မလွန်ပေဘူးလားခင်ဗျာ။
ကျွန်တော်ကတော့ ဘုရားကိုကြည်ညိုတာ ကြည်ညိုတာ တစ်ပိုင်းဖြစ်ပါသည်။
မိမိလိုဘအတွက် ဘုရားကိုခုတုံးလုပ်ဖို့ မည်သည့်အခါကမှ မရည်ရွယ်ခဲ့ပါ။ မိမိ၏ကြီးပွားရေး၊
စီးပွားရေးနှင့် မဆုံးနိုင်သည့်လိုဘများ ပြည့်စေဘို့အတွက်မူ စေတနာကံ ဘိက္ခဝေ၊ ကမ္မံဝဒါမိ
ဟု မြတ်စွာဘုရား ဟောသည့်အတိုင်း ကိုယ့်ကိုယ်နှုတ်နှလုံးသုံးပါးကိုသာ အားကိုးပါသည်။ ကိုယ့်ကြီးပွား၊
စီးပွားရေးအတွက် နတ်တွေ၊ သိကြားတွေကို အားကိုးပြီဆိုကတည်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
လျော့ကျနေပြီ ဖြစ်၏။ မောင်ကလေး၊ မယ်ကလေးတို့အားလည်း ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပါ။
ဘယ် နတ်သိကြားကိုမှ ကိုးကွယ်ပသပြီး ဆုတောင်းမနေပါနှင့်ဟု ဤနေရာမှနေ၍ အလေးအနက် တိုက်တွန်းလိုက်ပါသည်။
အတွေးပေါင်း သောင်းခြောက်ထောင်ကို ရင်ဝယ်ပိုက်ပြီး ကျွန်တော်
ဘုရားပေါ်က ပြန်ဆင်းခဲ့၏။ ထို့နောက် နှီးဘုရားသို့ ခရီးဆက်ခဲ့ကြသည်။
နှီးဘုရားမှာ သိပ်မဝေးလှပါ။ နှီးဘုရားဆိုတာ နှီးနှင့်ယက်လုပ်တည်ထားကိုးကွယ်သောဘုရား
ဟု ဆိုလိုတာ ဖြစ်ပါလိမ့်မည်။ သို့တိုင် ဘုရားတွင် နှီးကိုမတွေ့ရ။ ဘုရားကို ကိုယ်လုံးပြည့်
ရွှေချထားသည်။ နှီးနှင့်တူတာဆို၍ ဘုရားရှေ့မှ ဆွမ်းအုပ်နှင့် သပိတ်သာ ကျန်တော့သည်။
ကျွန်တော်တို့ဆီက လူများမှာ ဘုရားကို ရွှေချတာလည်း အလွန်ဝါသနာကြီးလှ၏။
နှီးဘုရားဟူသည် နှီးဖြင့်ယက်လုပ်ထား သည့်အတိုင်း ထားပါမှ သဘာဝလည်းကျမည်။ နာမည်နှင့်လည်းကိုက်ညီမည်။
လူတွေကိုလည်း ဆွဲဆောင်မှုရှိမည်။ ယခုလို ရွှေချထားသည့်ဘုရားကတော့ မြန်မာပြည်ထဲမှာ သိန်းနှင့်ချီရှိသည်။
ဘာကိစ္စ တကူးတက လာဖူးနေစရာ လိုပါမည်နည်း။ ယခုလို ရွှေတွေကိုယ်လုံးပြည့်ချလိုက်တော့ ဘွဲ့တော်ကို
နှီးဘုရားအစား ရွှေဘုရားဟု ပြောင်းပါမှ ပိုမိုသင့်တော် ကိုက်ညီမည် ဖြစ်ပေသည်။
ဘုရားများအား ရွှေချသည့်ရလဒ်ကို ပြပါဆိုလျှင် အထင်ရှားဆုံးသာဓကမှာ
အင်းလေးမှ ဘုရားများ ဖြစ်ပါသည်။ ဘုရားများကို မည်မျှရွှေချလိုက်သနည်းဟူမူ ဘုရားဟုပင်မထင်ရတော့ပဲ
ရွှေလုံးကြီးကိုသာ မြင်ရတော့သည်။ သာမန်ရွှေလုံးကြီးကို မည်သူ ကိုးကွယ်ပါမည်နည်း။ ဘုရားဆို၍သာ
ကိုးကွယ်ကြတာ ဖြစ်ပါသည်။ သို့နှင့်တိုင် ဘုရားကိုဘုရားအတိုင်း မကိုးကွယ်ဘဲ ရွှေလုံးကြီးလုပ်ကာ
ကိုးကွယ်ကြသည်။ လူများကို ကျွန်တော်နားမလည်နိုင်ပါ။
အဲလေ၊ ဘုရားရွှေချတာကို ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုသူဟူ၍ မြန်မာတစ်နိုင်ငံလုံးတွင်
ကျွန်တော်တစ်ယောက်တည်းသာ ရှိပါလိမ့်မည်။ မတတ်နိုင်။ ကိုယ်မကြိုက်တာကြီးကိုတော့ အတင်းကြိုက်တယ်လို့
မဆိုချင်ပါ။ ကျွန်တော့်ကို ဘာသာမဲ့၊ ကွန်မြူနစ်ဟု သမုတ်ကြပါခင်ဗျား။
(၆) တွေ့၊ ကြုံ၊ ဆုံ၊ ကွဲ၊ ဖြစ်မြဲ ဓမ္မတာ
မတ်လ ၁၅ ရက်နေ့၊ မော်တော်ယာဉ်သုတေသနဌာနမှ Safety မိတ်ဆက်သင်တန်း၊
ဒုတိယနေ့။ နေ့လည်ပိုင်းကို ကျွန်တော် သင်ပါသည်။ ကျွန်တော်က safety အကြောင်းသာမက သင်တန်း၏
သဘောသဘာဝ၊ ခံယူရမည့်သဘောထား၊ သင်ပုံ သင်နည်းများကိုပါ အကြမ်းဖျဉ်းရှင်းပြခဲ့၏။ ဖြစ်နိုင်လျှင်
ကျွန်တော် တစ်ခေါက်ပြန်လာကာ သူတို့ကို Train The Trainer သင်တန်းပါ သင်ပေးချင်သေးကြောင်း
ပြောခဲ့ပါသည်။ (ထိုအကြောင်း ကျွန်တော် ရန်ကုန်ကမိတ်ဆွေများကို ပြောပြတော့ ကျွန်တော့်
slide presentation များပေးပါ။ သူတို့ သွား သင်ပေးပါမည် ဟု ဆိုပါသည်။ ထို့အတွက်လည်း
မစိမ့်ကို ကျေးဇူးအထူးတင်ကြောင်း ပြောပြစေ။)
မြန်မာနိုင်ငံတွင် သင်တန်းဆရာများအား လေ့ကျင့်သင်ကြားပေးသော
သင်တန်းဟူ၍ သီးသန့်မရှိသေးပါ။ သူတို့ဘာသာသူတို့ နားလည်သလို သင်နေကြတာဖြစ်ပါသည်။
သင်တန်းဟူသည် ကလေးငယ်များကို စာသင်နေသော ကျောင်းမဟုတ်။ လူကြီးကိုသင်တာနှင့်
ကလေးကိုသင်တာ အများကြီး ကွာပါသည်။ သင်တန်းမှတ်စုတွေပြင်တာ၊ စာမေးပွဲစစ်တာ၊ သင်ပုံသင်နည်း။
အားလုံးကွာသည်။ သည်အကြောင်းများကို ယခင်ကလည်း ကျွန်တော်ရေးခဲ့ဖူးပါသည်။ ထို့ကြောင့်
အစိုးရသင်တန်းကျောင်းများရော၊ အပြင် ပုဂ္ဂလိကသင်တန်းကျောင်း များအတွက်ပါ Train The
Trainer သင်တန်းများ ဖွင့်လှစ်ပေးရန် လိုပါသည်။
သင်တန်းပြီးလို့ နှုတ်ဆက်တော့ သူတို့က လက်ဆောင်ပစ္စည်းများယူလာကာ
ကြမ်းပြင်ပေါ်ထိုင်၍ ကန်တော့ကြရန် ပြင်ကြသည်။ ကျွန်တော်မျက်လုံးပြူးရ၏။ အာ၊ မလုပ်ပါနဲ့ခင်ဗျ။
ဒီအတိုင်း လက်ဆောင်ကို ရိုးရိုးလေးပေးလဲ ရပါတယ်။ ဒီအထဲမှာ ညွှန်ကြားရေးမှူးတွေ၊ သုတေသနမှူးတွေ၊
ဌာနမှူးတွေ အများကြီးပါတာ ကျွန်တော်သိပါတယ်။
ဘယ်လိုပင်ပြောသော်လည်း မရပါ။ အားလုံးကြမ်းပြင်ပေါ်ထိုင်၍ ကန်တော့ကြပါသည်။
ကျွန်တော့်မှာ ၀မ်းသာဝမ်းနည်း ဖြစ်ရ၏။
ဝမ်းသာရခြင်းမှာ မြန်မာတို့၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါ်
သိတတ်သော ကျေးဇူးတရားကို မျက်ဝါးထင်ထင် တွေ့မြင်ရ၍ ဖြစ်၏။ ထို့ပြင် သူတို့တတွေမှာ အရှိကိုအရှိအတိုင်း
ရိုးရိုးသားသား လက်ခံနေထိုင်ကြသူများဖြစ်သည်ဟု ကျွန်တော်မြင်ရ၍ ဖြစ်ပါသည်။ မြန်မာ့လူမှုဆက်ဆံရေးလောကတွင်
ဆရာဆရာမများကို မိမိတို့မိဘများနှင့် တန်းတူ တန်ဘိုး ထားကြသည်။ အခြားနိုင်ငံများတွင်
မြန်မာနိုင်ငံမှာကဲ့သို့ အာစရိယူပူဇော်ပွဲများကို တွေ့နိုင်မည်မထင်။
တပည့်များက ဆရာဆရာမများကို တန်ဘိုးထား၊ ရိုသေလေးစားသဖြင့်
ဆရာဆရာမများကလည်း တပည့်များ တန်ဘိုးထား၊ လေးစားသည်နှင့်အားလျော်စွာ ဂုဏ်ရှိအောင် နေဘို့လိုသည်။
ပါးစပ်က ပေါက်လွှတ်ပဲစား မပြောသင့်။ တစ်ခုခုပြောတော့ (ဖေ့စ်ဘုတ်တွင်ရေးတော့) မည် ကြံလျှင်
ငါဆရာဆိုတာ အမြဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရမည်။ အပြောတစ်ခုတည်း သာ မဟုတ်သေး။ အနေအထိုင်၊
အပြုအမူ၊ အပြောအဆို အစစ သတိထားကာ ဆရာ့ဂုဏ်နှင့်ညီအောင် ပြုမူနေထိုင်ဘို့ လိုလေသည်။
မဟုတ်လျှင် တပည့်တို့ ကန်တော့ထားသည့် အကြွေးများ ကျေမည်မဟုတ်။
နောက် ကျွန်တော် ၀မ်းနည်းရခြင်းမှာ ဤကဲ့သို့ ဝေးလံခေါင်ဖျားဒေသမှ
သူတို့ကို မည်သူကများ ဂရုစိုက်ကာ လေ့ကျင့် သင်ကြားပေးဖော်ရပါသနည်း။ သူတို့၏ အရည်အသွေးအတွက်
ချမှတ်ထားသော အစီအမံများ ရှိပါသလား။ ဝေးစွ။
အမှန်ဆို ကျွန်တော်တို့ ယခုလုပ်ပေးတာ ဘယ့်ကလောက်မှ မရှိပါ။
သို့သော် သူတို့အတွက်တော့ ဧရာမ အားဆေးကြီး တစ်ခွက် ဖြစ်လေသည်။ ကျွန်တော်ထင်တာ မမှားဘူးဆိုလျှင်
သူတို့ကို သင်ပေးလိုက်သည့် စာများထက် သူတို့၏ စိတ်ပိုင်းဆိုင်ရာခံစားမှုကို ကျွန်တော်တို့
တတ်နိုင်သည့်ဘက်မှ အားဖြည့်ပေးလိုက်သည့်အတွက် သူတို့က ကျေးဇူးတင်တာ ဖြစ်ပါလိမ့်မည်။
သြော် - ငါတို့ကို သတိတရနဲ့ လာပြီး သင်ကြားပေးမဲ့သူတွေ ရှိပါသေးလား ဟူသည့် သူတို့ရင်ထဲမှ
ခံစားမှုကို (ဖွင့်မပြောသည့်တိုင်) ကျွန်တော် ခံစား နားလည်နိုင်ပါသည်။
ဆရာမလေးတစ်ယောက်ဆိုလျှင် မျက်ရည်များကျကာ သမီးတို့ကို ပစ်မထားပါနဲ့ဆရာရယ်
ဟု ပြောပြီး သူ့တွင်ရှိသော ပဲဆီစစ်စစ် (၂) ပုလင်းနှင့် ကန်တော့လေရာ ကျွန်တော့်မှာ အလွန်ဝမ်းနည်းရမိ၏။
သူတို့ သည်လိုထိုင်ကန်တော့လိုက်တော့ ကျွန်တော့်မှာ ကြွေးတင်သွားသလို
ခံစားမိရပါသည်။ ယခု သူတို့ကို လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မိတ်ဆက်မျှသာ သင်ပေးရသေးသည်။
နောက်ထပ် LockOut TagOut Procedure, Accident Prevention and Control, Risk
Management, Emergency Predparedness စသည် အများကြီး သင်ပေးစရာတွေ ရှိသေးသည်။ ထိုသင်တန်းများကို
စင်ကာပူမှမိတ်ဆွေများ၊ ရန်ကုန်မှမိတ်ဆွေများ၏ အကူအညီဖြင့် မပျက်မကွက် ဆက်လက် ဖွင့်လှစ်သင်ကြားပေးသွားပါမည်။
သို့မှသာ သူတို့ကန်တော့ထားသော ကြွေးကျေမည်။
သို့နှင့်ပင် သူတို့ကိုနှုတ်ဆက်ကာ နေပြည်တော်သို့ ဆင်းလာခဲ့၏။
ပြင်ဦးလွင်က ထွက်လာတော့ ညနေ ၅း၁၅ နာရီ။ ဆရာ ဒေါက်တာအောင်ဟိန်းလတ်က စင်ကာပူသွားစရာရှိ၍
နေပြည်တော်တွင် စာရွက်စာတမ်းကိစ္စများ လုပ်ရမည်ဖြစ်သောကြောင့် ကျွန်တော်တို့နှင့်လိုက်ခဲ့သည်။
ည ၈း၅၀ တွင် မိတ္ထီလာ စားသောက်ဆိုင်၌ ညစာစားကြသည်။ အင်း၊ ဟင်းလေးတွေက
သိပ်မဆိုးဘူးဟဲ့။ စားလို့ကောင်းသား ဟု တွေးမိ။ အမောပြေအပန်းပြေ ဘီယာလေး နှစ်လုံးလောက်လဲ
ဆွဲမိ။ ဟင်းကောင်းသလို ဈေးကလည်း ကောင်းလေသည်။ သားရေ ရှင်းရအောင်ကွယ် ဆိုတော့ စာရွက်ဖြတ်ပိုင်းလေး
နှစ်ခု လာပေးသည်။ ဘယ်လောက်ကျလဲဆိုတော့ အလိုလေး သုံးသောင်းခုနစ်ထောင် ဆိုပါကလား ကွယ်ရို့။
ဟင်းပွဲအားလုံးမှာ လက်တစ်ဝါးစာမျှသာ ရှိသည်။ ဘာတွေကများ ဒီလောက်တန်လိုက်ရပါလိမ့်ကွယ်
ဟု ဘောက်ချာကို ဖွင့်ကြည့်လိုက်တော့ ဆိတ်သားနှစ်တုံး တစ်ပွဲက ၄၀၀၀။ ငါးကြီးခြောက်စပ်က
၄၀၀၀။ ငါးကြင်း ၄၀၀၀။ ဘော့ချိတ် ၄၀၀၀။ အားပါး။ သို့သော်လည်းပေါ့လေ။ ဟန်ကိုယ့်ဖို့ပေါ့။
အိတ်ထဲကြည့်လိုက်တော့ ပိုက်ဆံကမပြည့်။ အမျိုးသမီးဆီက လှမ်းတောင်း ရသည်။ ဆိုင်နာမည်က
Feel Express, သြော် - express မို့ ပိုဈေးကြီးတာ ထင်ပါရဲ့။
နေပြည်တော်ရောက်တော့ ည ၁၁ နာရီခွဲနေပြီ။ ညည့်နက်နေပြီမို့
နက်ဖြန်အတွက် ကိုယ်ပြောရမဲ့ slide လေးတွေ အနည်းအပါးကြည့်ပြီး အိပ်လိုက်တော့၏။
ဆက်ပါဦးမည်။
အေးငြိမ်း
No comments:
Post a Comment