Tuesday, March 28, 2017

အများပြည်သူအန္တရာယ်ကင်းရေး ဟောပြောပွဲ ဗီဒီယိုမှတ်တမ်း

၂၀၁၇၊ ဇန္န၀ါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော အများပြည်သူအန္တရာယ်ကင်းရေး ဟောပြောပွဲ ဗီဒီယိုမှတ်တမ်း



မြန်မာပြည် အလည်အပတ်ခရီး (၂၀၁၇၊ မတ်လ ၁၁ မှ ၁၉ ထိ)_3

(၇) ငါးပိသည်က အိပ်နေ၍ ဆားသည်က ယင်ယပ်ရခြင်းအကြောင်း

မြန်မာနိုင်ငံ၌ ဖြစ်နေပုံမှာ ၀န်ကြီးဌာနတစ်ခုချင်းအတွင်းတွင်ပင် ဟိုဌာနနှင့်သည်ဌာနမသိ။ သူဘာလုပ်နေတယ်၊ ကိုယ်ဘာလုပ် နေတယ်ဆိုတာ အသာထားလို့ အဲဒီဌာန ကိုယ့်ဝန်ကြီးဌာနမှာရှိနေတယ် ဆိုတာတောင်မသိဟူ၏။ သိတယ်ဆိုရင်လည်း ဟိုဌာနနှင့် ဒီဌာန အစီးမကပ်။ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ။

ဆိုတော့ သူလည်း သူလုပ်ချင်ရာလုပ်သည်။ ကိုယ်လည်း ကိုယ်လုပ်ချင်ရာလုပ်သည်။ သည်တော့ မဖြစ်သင့်သည့် တလွဲတောက်တဲ့ ကိစ္စတွေဖြစ်လာသည်။ (ဒီကိစ္စ ကျွန်တော် ရေရေရာရာ မသိရပါခင်ဗျာ။ သူတို့ပြောလို့ သိရတာပါ။)

ကိုဟန်မျိုးနောင်နှင့် မအေးနှင်းယုတို့ (WSH Myanmar) က ပိုက်ဆံအကုန်အကျခံလျှက် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနကို စည်းရုံးခိုင်းကာ ၀န်ကြီးဌာနပေါင်းစုံပါသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ ပေါင်းစည်းညှိနှိုင်း စည်းဝေးပွဲတစ်ခုကို နေပြည်တော် မင်္ဂလာသီရိဟော်တယ်တွင် ကျင်းပသည်။


မတ်လ ၁၆ ရက်နေ့တွင် မနက်စာစားသောက်ကြပြီး ကြိုတင်ပြင်ဆင်ရန် ဟော်တယ်သို့ သွားကြ၏။ ဟိုရောက်တော့ ကြွရောက်လာသည့် လူကြီးမင်းများကို နှုတ်ဆက်။ စကားစနေပြော။













၉ နာရီတွင် အခန်းအနားစသည်။ ၀န်ကြီးဌာန၊ ဦးစီးဌာန အတော်များများ တက်ရောက်လာတာ တွေ့ရ၏။ အမျိုးသားလွှတ် တော်၊ အလုပ်သမားရေးရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးလည်း တက်ရောက်လာ၏။

ပထမ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန်းဝင်း က အဖွင့်အမှာစကားပြောသည်။ သူက ယခု ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ လုပ်ငန်းခွင်နှင့်ဆက်စပ်နေသည့်ရောဂါများနှင့် ထိခိုက်ဒဏ်ရာရမှုများ မဖြစ်စေရန် တတ်နိုင်သမျှလျှော့ချနိုင်ရေး ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်များကို ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အောက်ပါတို့ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း -
·       လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရေး
·       လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်ကို ချမှတ်ကျင့်သုံးရေး
·       အတိတ်မှ ထိခိုက်ဒဏ်ရာရမှုများအပေါ် သင်ခန်းစာယူကာ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်စနစ် ပိုမိုတိုးတက်အောင် ချမှတ်ကျင့်သုံးရေး
-       စသည်ဖြင့် ၁၀ မိနစ်ခန့်ပြော၏။

ထို့နောက် ကျွန်တော်က Safety for Myanmar Nation နှင့် Safety People in Myanmar အဖွဲ့တို့အကြောင်း မိတ်ဆက်ပြီး ကျွန်တော်တို့ဘာတွေလုပ်နေတယ်ဆိုတာ ရှင်းပြပါသည်။ ကျွန်တော်တို့လို ဘာမှမဆိုင်သည့် ပြင်ပအဖွဲ့အစည်းများပင်လျင် တက်ညီလက်ညီ လက်တွဲဆောင်ရွက်နိုင်သေးသည်ဖြစ်ရာ အစိုးရအဖွဲ့များအနေနှင့် လက်တွဲမလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပါကြောင်း။ တစ်ဦးတစ်ယောက်ချင်းစီလုပ်နေခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းက အကျိုးပိုများကြောင်း။ (အရေးထဲ စည်းလုံးညီညာ အောင်ကြောင်းဖြာ ဆိုသည့် စကားပုံကို မေ့နေသောကြောင့် စည်းလုံးညီညွတ်စွာဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ ရနိုင်ကြောင်း မြန်မာစကားပုံများလည်း ရှိပါတယ် ဟု ဖြန်းချလိုက်ရလေသည်။) 

ကျွန်တော်တို့က ပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်သော်လည်း ၀န်ကြီးဌာနများအလိုရှိပါက ကျွန်တော်တို့ကို ခေါ်ယူ အသုံးချနိုင် ပါကြောင်း။ ကျွန်တော်တို့တတ်နိုင်သမျှ ဟောပြောပွဲများ၊ သင်တန်းများ ပို့ချပေးမည်ဖြစ်ပါကြောင်း စသဖြင့် ပြောခဲ့ပါသည်။

ကျွန်တော်ပြီးတော့ ကိုဟန်မျိုးနောင်က သည်ပွဲကျင်းပရခြင်းအကြောင်းနှင့် WSH Myanmar အကြောင်း မိတ်ဆက်သည်။ သူကလည်း ၀န်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ဤဆွေးနွေးပွဲကို ကျင်းပရပါ ကြောင်း ထည့်ပြောပါသည်။

ဟောပြောကြသည့် ခေါင်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး အလေ့အထကောင်းများ - လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
၂။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး - အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဋ္ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန
၃။ စက်မှုဝန်ကြီးဌာန၏လုပ်ငန်းခွင်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး - စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန

၎။ Occupational Health and Safety Culture in Construction Works of Myanmar - ဆောက်လုပ်ရေးဝန်ကြီးဌာန
၅။ Occupational Safety and Health - ILO
၆။ Sectors Wide Safety and Health - နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန
၇။ Introduction to National Skills Standard Authority (NSSA) - Department of Labour, အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန
အချို့မှာ ဆူညံသံက ဘယ်လောက်ဒက်ဆီဘယ် စသဖြင့် အသေးစိတ်တွေ ထည့်ပြောနေသောကြောင့် တားယူရတာလည်း ရှိ၏။

တစ်ယောက်ပြောပြီးတိုင်း အမေးအဖြေကဏ္ဍပါသည်ဖြစ်ရာ ပြောသည့်အကြောင်းအရာပေါ်မူတည်၍ ဆွေးနွေးကြ၊ အကြံဉာဏ်များပေးကြနှင့် အတော်တော့ စည်စည်ကားကားလေးရှိပါသည်။

ဒါက ရှင်တို့လုပ်ရမှာမဟုတ်ဘူး။ မြန်မာပြည်မှာ ကျွန်မတို့သာ အာဏာအရှိဆုံး။ ကျွန်မတို့အဖွဲ့ကိုတင်မှ အတည်ဖြစ်မှာ ဆိုတာ မျိုးကလည်းရှိသေး၏။

သည်ပွဲကို ကျွန်တော် အစအဆုံး အသံဖမ်းထား၏။ ကိုမိုးကြည်ဖြူလည်း အစအဆုံး ဗီဒီယိုရိုက်ထားပါသည်။ ပထမတော့ အတင်းတုတ်ဦးမလို့။ သို့သော်လည်းပေါ့လေ သူတို့မှာ ဌာနကြီးများမှ ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်အဆင့်ရှိသူများဆိုတော့ ထားလိုက်ပါတော့။ ပြောတော့ပါဘူး။

သည်ပွဲလေးလုပ်လိုက်တာ တော်တော်ကောင်းသွားသည်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘာတွေလုပ်နေတယ်ဆိုတာ သိသွားသည်။ ဘယ်လိုပြဿနာတွေ တက်နေသည်ဆိုတာလည်း အနည်းငယ် တီးမိခေါက်မိ ရှိသွားသည်။ ဥပမာပြောရလျှင် - စည်ပင်ဌာနက ဆွေးနွေးသည်မှာ ဆေးရုံဆေးခန်းများမှ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းနေရသည့် သန့်ရှင်းရေးလုပ်သားများ အတွက် မည်သည့် ကျန်းမာရေးအကာအကွယ်မှ လုပ်ပေးမထားကြောင်း၊ ထိုကြောင့် ၎င်းတို့၏ ကျန်းမာရေးအတွက် အလွန် အန္တရာယ်ရှိကြောင်း။ ဆေးရုံများမှစွန့်ပစ်ရေနှင့် အချို့ solid waste (ဥပမာ အသားစ) များကို လက်ဆေးကန်နှင့် ရေမြောင်း များတွင် သည်အတိုင်း စွန့်ပစ်နေမှု စသည်တို့ဖြစ်သည်။

စိုက်ပျိုးရေးဌာနကလည်း စိုက်ပျိုးရေးလုပ်သားများ မည်သည့်အကာအကွယ်မှမရှိဘဲ ဓာတုဆေးဝါးများဖြင့် အလုပ်လုပ်နေကြ သည့်အတွက် ကျန်းမာရေးနှင့်အန္တရာယ်ကင်းရေးအစီအစဉ်တစ်ခုကို ထည့်သွင်းရေးဆွဲပေးရန် တင်ပြသည်။

သူတို့ပြောတာဟုတ်ပါသည်။ သို့သော် သည်လိုဖြစ်နေတယ်ဆိုတာ သိနေရုံမျှနှင့်မပြီး။ သည်ပြဿနာကို ဘယ်လိုအဖြေရှာကြ မလဲဆိုတာ ပိုလို့အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်တော် နေမကောင်းနေသည့်ကြားမှ သည် စည်းဝေးပွဲမှတ်တမ်းကို လုပ်ဆောင်ရန်များနှင့်တကွ ရေးကာ ပို့လိုက်ပါသည်။ သူတို့တော့ ဘယ်လိုဆက်ပြီး ဆောင်ရွက်ကြမည်မသိ။

သည်တော့ ပြောပြီး ပြီးပြီးပျောက်ပျောက်မဖြစ်ရလေအောင် နောက် (၆) လလောက်ကြာလျှင် ထိုဌာနအားလုံးကို ထပ်မံ ခေါ်ကာ ၎င်းတို့၏ ဆောင်ရွက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးကြမည် - ဟု တိုင်ပင်ကြပါသည်။

အရေးကြီးသည်မှာ ပိုက်ဆံဖြစ်၏။ ကျွန်တော်တို့ ခုပွဲလုပ်တာ ၂၃ သိန်းလောက် ကုန်သွားတယ် ဟု ကိုဟန်မျိုးနောင်က ပြောပါသည်။ နောက်ပွဲလုပ်ရန် ပိုက်ဆံစုရပါဦးမည်။ မည်သို့စုမည်နည်း။ Safety for Myanmar Nation နှင့် Safety People in Myanamar အဖွဲ့တို့အနေနှင့် သင်တန်းများပေးကာ ရန်ပုံငွေရှာမည်။ ကုမ္ပဏီများထံမှ sponsor တောင်းမည်။ ဒါလောက်ပဲ ကျွန်တော်တို့ တတ်နိုင်သည်။ ကျွန်တော်တို့မှာ ငွေကြေးအင်အားတောင့်တင်းသူများ မဟုတ်ကြပါ။ သည့်အတွက် တတ်နိုင်သူ များ ၀ိုင်းကြ၀န်းပံ့ပိုးပေးကြပါရန် ဤနေရာမှ တိုက်တွန်းလိုက်ပါသည်။

ဤသည်မှာ ငါးပိသည်များက အိပ်နေသောကြောင့် မနေနိုင်သော ငမိုက်သား ဆားသည်များက ယင်မောင်းသည့်အလုပ်ကို လုပ်နေရခြင်းအကြောင်း ဖြစ်သတည်း။

(၈) နေပြည်တော်မှ စက်မှုအထက်တန်းကျောင်း

ပြောတော့သာ လေတစ်လုံး၊ မိုးတစ်လုံးနှင့်။ အထဲမှာ ဘာတွေရေးထားမှန်းတောင်မသိပါဘဲလျက် အခြားသူများကို အခြောက်တိုက် ဟောက်လိုက်ချင်သေးသည်။ ကိုယ်ကလည်း အဲသဟာမျိုးဆို သိပ်အသည်းယားတတ်လေတော့ မနေနိုင်။ နည်းနည်းလောက် ထ,ကလိလိုက်သည်။ အဲသည်တော့မှ ကျွန်မပြောတာ အဲသလိုမဟုတ်ပါဘူး ဆိုပါလား။ အဟိ။

ထားပါတော့။ ဟိုဆရာ့ဆရာမကြီးတစ်ယောက် ပြောပါတယ်။ ကျွန်တော် သူများကို နှိပ်ကွပ်ချင်သည့် ဆန္ဒမရှိပါ။ သို့သော် မျက်စိရှေ့အမြင်မတော်တာတွေ့ရင်တော့ နည်းနည်း ၀င်ကလိတတ်ပါသည်။

ညကျတော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေနွေးစရာများရှိ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ဤသည့်ကိစ္စမှာ လူလယ်ခေါင်တွင် ချပြရမည့်ကိစ္စမဟုတ်၍ ဆွေးနွေးသည်ဟုပဲ မှတ်ထားလိုက်ပါ။

ခြင်ကလည်းကိုက်။ တစ်နေ့လုံးလည်းပင်ပန်းထားလို့ အိပ်ကလည်း အိပ်ချင်ဆိုတော့ ညဘက် စည်းဝေးပွဲမှတ်တမ်းရေးဘို့ ကြိုးစားသည့်တိုင် မရေးနိုင်။ အသားကုန် ထိုးအိပ်လိုက်လေသည်။

မတ်လ ၁၇ ရက်နေ့။

ကိုဟန်မျိုးနောင်နှင့် မအေးနှင်းယုတို့က နေပြည်တော်၊ စက်မှုအထက်တန်းကျောင်းမှာ ဆရာဆရာမတွေကို Safety Induction Course သင်ကြား ပို့ချပေးသည်။ ဆရာဆရာမလေးများမှာ နေပြည်တော်မှသာ မဟုတ်။ ဟို့၊ နယ်ဘက် တွေကလည်း ပါသည်။ တချို့ဆို ခန္တီးကတောင်ဆိုလား လာကြရသည် ဟူ၏။

ကျွန်တော်လည်း ကျောင်းလိုက်သွား၏။ ကျောင်းအုပ်ကြီးက သူ့ရုံးခန်းတွင်းခေါ်ကာ ဧည့်ခံပါသည်။ ကျွန်တော်ကလည်း အငြိမ် မနေနိုင်။

ဆရာကြီးခင်ဗျ။ ကျောင်းက သင်ရိုးတွေရယ်။ ဆရာကိုင်၊ ကျောင်းသားကိုင်စာအုပ်တွေရယ် ရနိုင်ရင် ကြည့်ချင်ပါတယ် ဟု လျှာရှည်မိပြန်၏။ ဆရာကြီးက သင်ရိုးညွှန်းတမ်းတွေရော ကျောင်းသားများအတွက်ထုတ်ထားသည့် စာအုပ်များကိုပါ တစ်ထပ်ကြီးယူလာပြီး ပြပါသည်။ နောက်ပြီး သည်သင်ရိုးတွေကိုရေးနေတဲ့ ဆရာဆိုလား ခေါ်လာသည်။

ကျွန်တော်ကလည်း ဘာသာရပ်ပေါင်းစုံမှာ ပါရဂူဘွဲ့ဆွတ်ခူးထားသမို့ သည်သင်ရိုးများကိုကြည့်ပြီး ဆရာစားမိပြန်၏။

အနို့ဆရာလေးရယ်။ ဟောဒါတွေက လိုလို့လားဗျာ။
ဟုတ်ကဲ့။ ဒါက သူတို့ ဗဟုသုတရအောင်လို့ ထည့်ထားတာပါ။
ထားပါတော့။ ဒါပေမဲ့ သူတို့လိုက်နာရမဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ စံနှုန်းတွေကျ မတွေ့မိဘူးဗျ။ ဘာလို့ ထည့်မထားတာလဲ။
ဟုတ်ကဲ့။ စံနှုန်းတွေကိုတော့ လက်တွေ့ပြတဲ့အခါ ကျွန်တော်တို့ ပါးစပ်နဲ့ပြော သင်ပါတယ်။
ဟိုက် ရှားဘား။ တယ်လဲတော်လိုက်တဲ့ ဦးဏှောက်တွေပါလား။ ကျွန်တော်သာဆို မှတ်မိမည်မဟုတ်။

အင်း။ ဥပဒေအရ ဘာတွေလုပ်လို့ရတယ်။ ဘာတွေလုပ်လို့မရဘူး စသဖြင့် ဥပဒေဆိုင်ရာ သိသင့်သိထိုက်တာတွေ ထည့်သင်သင့်တယ်လို့ ကျွန်တော်တော့ ထင်တာပဲ။
ဥပဒေရယ်လို့ သီးသန့်မရှိဘူးဗျ။
လျှပ်စစ်ဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေ ကျွန်တော့်မှာ ရှိပါတယ်။ ခုတော့ပါမလာသေးဘူး။ နောက်မှ ကျွန်တော် ပို့ပေး လိုက်မယ်။ ကျောင်းသားတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ ညွှန်ကြားထားတာတွေ။ စံချိန်စံညွှန်းတွေ ကို သိဘို့လိုပါတယ်။ ဒါမှ အလုပ်လုပ်တဲ့အခါ စနစ်တကျ လုပ်တတ်လိမ့်မယ်။

ကျောင်းသားကိုင်စာအုပ်များမှာလည်း မူရင်း အင်္ဂလိပ်စာအုပ်ကြီးများမှ စာမျက်နှာများကို ကော်ပီကူးထားတာ ဖြစ်၏။

နေပါဦးဆရာရယ်။ (၈) တန်းအောင်ကျောင်းသားတွေအနေနဲ့ ဟောဒီစာတွေကို ဖတ်နိုင်ပါ့မလားဗျာ။ ကျွန်တော်တော့ ဖတ်နိုင်လိမ့်မယ် မထင်ပါဘူး။

ဟုတ်ကဲ့။ ဒါက အထက်ကချပေးတဲ့အတိုင်း ကျွန်တော်တို့က သင်ရတာပါ။ ကျွန်တော်တို့မှာ သူတို့ချပေးထားတာကို ပြင်ပိုင်ခွင့် မရှိပါဘူး။

ဟုတ်ပါတယ်လေ။ အဲဒီ အထက်ကဆိုတဲ့ လူကြီးတွေအနေနဲ့ (၈) တန်းအောင်တစ်ယောက်ကို ဒီလိုစာမျိုးတွေ ပြဌာန်းပေးဘို့ မသင့်ဘူးဆိုတာ နားလည်သင့်တာပေါ့။ ကျွန်တော်သာ တွေ့ခွင့်ရရင် အဲဒီလူကြီးတွေနဲ့ တွေ့ပြီး ပြောချင်ပါသေးတယ်။

ကျွန်ုပ်ကား နေရာတကာ ဆရာလုပ်ချင်သူဖြစ်လေ၏။ ဘယ်ချက်ပြဿနာတက်လေမည်မသိ။

အခြားကျောင်းများထက်စာလျှင် နေပြည်တော်မှ စက်မှုအထက်တန်းကျောင်းကား အတော်ကောင်းသည် ဆိုရမည်။ စည်းဝေးခန်းမတွေနှင့်၊ ပရိုဂျက်တာတွေနှင့်။ အဲယားကွန်းတွေနှင့်။ လက်တွေ့ခန်းတွေ ပြင်ထားတာလည်း မဆိုးလှ။ သူတို့က လက်တွေ့ခန်းများကို လိုက်ပြသည်။ ကျောင်းသားများဆင်ထားသည့် လက်ရာများကိုလည်းတွေ့ရ၏။

စက်မှုအထက်တန်းကျောင်းက ကျွန်တော်တို့ကို နေ့လည်စာကျွေးသည်။

တည်းသည့်နေရာပြန်ရောက်တော့ စည်းဝေးပွဲမှတ်တမ်းများကို တက်သုတ်ရိုက်ရေးရသည်။ သည် စည်းဝေးပွဲမှတ်တမ်းများ အတွက် နေ့လည် (၂) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၌  ချိန်းဆိုထားသည်ဖြစ်ရာ ကျွန်တော်တို့လည်း သွားကြ၏။ မပြီးတတ်သေးသော မှတ်တမ်းများကို ၀န်ကြီးဌာနရောက်မှ ဆက်ရေးရသည်။ သူတို့လည်း ရေးနေ၏။ သို့သော် ဟိုဆရာလေးက မြန်မာလိုမရိုက်တတ်။ သူက ပြောတာတွေနားထောင်ပြီး လက်နှင့်ချရေး။ စာရေးမတစ်ဦးက ပြန်ရိုက်။ ဆိုတော့ လက်ဝင်သပေါ့ဗျာ။ ဒါတောင် စာရေးမက ဒီကွန်ပြူတာနဲ့ မရိုက်တတ်ဘူး ဆိုကာ သူ့အခန်းပြန်သွားလို့ ကိုယ့်ဆရာလေးမှာ နောက်က ကောက်ကောက်ပါအောင် လိုက်သွားရရှာချေသည်။

ကိုင်း ဆရာလေး၊ ဒါပဲရေးပေးဗျာ။ ကျန်တာ ကျွန်တော့်ဘာသာပဲ ရေးလိုက်မယ်ဟု သူ့ကို နည်းနည်းပဲပေးပြီး ကျန်တာ ကိုယ့်ဟာကိုယ် အသားကုန်ရိုက်သည်။ ကျွန်တော်က နေ့ရှိသရွေ့စာရေးနေတာဆိုတော့ စာရိုက်အရမ်းမြန်သည်။ ဆိုတော့ ကျွန်တော်ရေးပြီးသည့်တိုင် ကိုယ်တော်က ပေါ်မလာ။ သူဘယ်ကိုသွားမှန်းလည်း မသိ။ ၄ နာရီက တီးနေပြီ။ အဝေးပြေးကားက ၅ နာရီထွက်မှာ။ စက်မှုအထက်တန်းကျောင်းမှာ မအေးနှင်းယုကို သွားခေါ်ရဦးမည်။

အတော်ကြီးကြာမှ အူယားဖားယားနှင့် ပေါက်ချလာ၏။
ကိုင်း၊ ကိုယ့်ဆရာ။ မပြီးလည်း ကိစ္စမရှိပါဘူးဗျာ။ နောက်မှ ကျွန်တော့်ဆီ အီးမေးနဲ့ပို့လည်းရတာပဲ။ ဘာမှ မပူပါနဲ့။ အေးအေးသာလုပ်ဟု ပြောကာ ပြန်ခဲ့ကြ၏။

ထို့နောက် ညနေ ၅ နာရီထွက်သော မြတ်မန္တလာထွန်း အဝေးပြေးကားဖြင့် ပြန်ခဲ့ကြသည်။ ရန်ကုန် အဝေးပြေးဂိတ်သို့ ည ၁၀ နာရီ ၁၅ မိနစ်တွင် ကားဆိုက်၏။

မတ်လ ၁၈ ရက်၊ စနေနေ့တွင် သံဈေးအပေါ်ထပ်ရှိ Book Plaza သွားကာ စာအုပ်များမွှေနှောက်ရွေးဝယ်။ လူငယ် ပန်းချီဆရာလေးတစ်ဦး၏ စက္ကူညှပ်ပန်းချီကားတစ်ချပ် အားပေး။ ၁၉ ရက်နေ့တွင် ရက်စေ့ပြီဖြစ်သောကြောင့် စင်ကာပူပြန်ခဲ့။

ဤသည်မှာ ရသမျှရက်ကလေးအတွင်း ကျွန်တော်တို့ မြန်မာပြည်မှာ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပုံ ဖြစ်ပါသည်။ ကျွန်တော်တို့မှာ ကိုယ့်မိသားစုအရေး၊ စားဝတ်နေရေးအတွက် ပိုက်ဆံရှာဘို့အရေးများလည်း ရှိသေးရာ စိတ်ရှိတိုင်း လုပ်လို့ မဖြစ်နိုင်။ အခွင့်အရေးရသခိုက် တက်သုတ်ရိုက်လုပ်ရသည်။ နောက်ပြီး သည်ကိစ္စဆိုတာ တစ်ခါတည်းလုပ်လို့ ပြီးသွားသည့် ကိစ္စမျိုးမဟုတ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့လည်း မဖြစ်နိုင်။ တစ်နိုင်ငံလုံးနှင့်ဆိုင်သော အရေးဖြစ်၍ လုပ်တတ်သည့်သူတိုင်းက အချိန်ရတိုင်း လုပ်နိုင်သလောက် လုပ်နေကြရမှာ ဖြစ်ပါသည်။

၂၀၁၇၊ မတ်လ မြန်မာပြည်ခရီးစဉ် ဤတွင် ပြီးပါပြီ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈ မတ်လ၊ ၂၀၁၇

မြန်မာပြည် အလည်အပတ်ခရီး (၂၀၁၇၊ မတ်လ ၁၁ မှ ၁၉ ထိ)_2

(၄) ပြင်ဦးလွင်  

မနက်စောစောထ မနက်စာစား၊ ကော်ဖီသောက်ပြီး ၅း၄၀ နာရီတွင် မန္တလေးမှ ထွက်ခဲ့၏။ မနက်ဆိုတော့ လမ်းရှင်းနေသည်။ ပြင်ဦးလွင်အတက်လမ်းမှာ တောင်တက်လမ်းဖြစ်၏။ အသစ်အဆန်းခရီးဖြစ်၍ သားမှာ အော်ဟစ် ပျော်မြူးနေလေသည်။

ပြင်ဦးလွင်သို့ တစ်နာရီမျှသာ မောင်းရ၏။ တည်းမည့်နေရာသို့ မြို့ရှောင်လမ်းမှပတ်ကာ သွားသည်။ အမျိုးသမီး၏ မောင် တစ်ဝမ်းကွဲက ပြင်ဦးလွင်တွင် မြေတွေဝယ်ကာ စိုက်ပျိုးရေးလုပ်နေသည်။ မြို့မှခြံသို့ နာရီဝက်လောက် မောင်းရသည်။ ခြံထဲတွင် အိမ်ကြီးဆောက်ကာ အဆောင်တွေအခန်းတွေဖွဲ့ထားတော့ ကျွန်တော်တို့အတွက် တည်းဘို့ခိုဘို့ အလွန် အဆင်ပြေလှသည်။ ပစ္စည်းတွေထားပြီးနောက် ပြင်ဦးလွင်မြို့ထဲလာသည်။


ကျောင်းမှ ဒေါက်တာအောင်ဟိန်းလတ်ကို ဖုံးဆက်တော့ ကန်တော်ကြီးအ၀ိုင်းနားမှာစောင့်နေပါ။ သူလာခေါ်မည်ဆိုသဖြင့် စောင့်နေကြ၏။ ခဏကြာတော့ သူ ဆိုင်ကယ်လေးတဖုန်းဖုန်းဖြင့် ရောက်လာ၍ မလှမ်းမကမ်းရှိဆိုင်တွင် မနက်စာ သွားစား ကြသည်။ ဆိုင်မှာ ရှေးအိမ်ကြီးကိုဖျက်ကာ ပြန်ဆောက်ထားသဖြင့် ဒီဇိုင်းအသစ်ဖြစ်နေ၏။ ဆိုင်ရှင်က ၀င်းဦးကို အတော်ကြိုက်သည် ထင်သည်။ ဆိုင်ပတ်လည်တွင် ၀င်းဦးပုံများကို ချိတ်ထား၏။ အစားအသောက်လည်း မဆိုးလှပါ။



နောက်တော့ ကျောင်းသို့လာကြသည်။ ဖွင့်ပွဲတွေဘာတွေရှိသေးလားဆိုတော့ ဆရာမကြီး မအားလို့ မလာနိုင်ပါ။ နေ့ခင်းပိုင်း ကျမှ ခဏလာပြီး စကားပြောလိမ့်မည်ဟု ဆို၏။ ကျွန်တော်က သင်မည့် သင်တန်းဆရာများနှင့် မိတ်ဆက်ရင်း သည်သင်တန်း ကို ဘာဖြစ်လို့ဖွင့်ရတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်တယ်၊ နောက်လည်း ဘာတွေလုပ်ပေးအုံးမယ် စသည်တို့ ပြောပြ သည်။








အားလုံးမှာ စိတ်ဝင်တစား လေ့လာသင်ယူကြပါသည်။ Safety ဆိုတာ သူတို့အဖို့ အသစ်အဆန်းဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ ကျွန်တော်ကတော့ slide များကို reference မျှထားလျှက် သူတို့နားလည်အောင်သာ ရှင်းပြပါသည်။ အရေးကြီးသော အချက်များကိုသာ အဓိကထားပြောပြ၏။

ယခုသင်သည်များမှာ ပီဘိ မိတ်ဆက်မျှသာဖြစ်လျှက် တစ်ခန်းချင်းကို (Electrical safety, Chemical Safety, Mechanical Safety, Fire Safety, Workshop Safety စသည်) အသေးစိတ်သင်ပေးဘို့ရာ သင်တန်းများစွာ ထပ်ဖွင့်ပေးဘို့ လိုပါလိမ့်ဦး မည်။ ကျွန်တော်က စင်ကာပူတွင် အချိန်ပြည့် အလုပ်လုပ်နေရသည်ဖြစ်ရာ စွပ်ကယ်စွပ်ကယ် ပြန်လာပြီး သင်ပေးဘို့ မဖြစ်နိုင်။ မြန်မာနိုင်ငံတွင်ရှိနေသူ မိတ်ဆွေများကိုသာ အကူအညီတောင်းရပါမည်။ ထို့ပြင် ယခုကဲ့သို့ အခမဲ့သင်ပေးနိုင်မည် မဟုတ်ဘဲ အခကြေးငွေတစ်ခုတော့ ယူရပါလိမ့်မည်။ ဤသည်မှာလည်း ကျွန်ုပ်တို့အကျိုးစီးပွားအတွက် မဟုတ်ဘဲ ကျွန်တော်တို့အဖွဲ့များ ယခုကဲ့သို့ ရေရှည်ဆက်လက် ရပ်တည်လှုပ်ရှားနိုင်ရေးအတွက် ဖြစ်ပါသည်။ ပိုက်ဆံမရှိဘဲ ဘာလုပ်လို့ ရပါမည်နည်း။ ဘာအလုပ်ကို လုပ်သည်ဖြစ်စေ ပိုက်ဆံကိစ္စကို ပထမဆုံး စဉ်းစားရသည်သာ ဖြစ်လေသည်။

နေ့လည်ပိုင်းတွင် ဒန်ပေါက်သွားစားကြ၏။ မဆိုးပါ။ ကောင်းပါသည်။ ကြက်သားချက်ပုံကလေးတော့ နည်းနည်းလိုသည်။

နေ့ခင်းပိုင်းသင်တန်းကို မအေးနှင်းယုသင်သဖြင့် ကျွန်တော်တို့ ပြင်ဦးလွင်မြို့ထဲ လျှောက်လည်ကြသည်။ ပထမ ကန်တော်ကြီးသွားကြ၏။ ရောင်စုံပန်းခင်းများ စိုက်ပျိုးထားသည်မှာ အလွန်လှပါသည်။ စင်ကာပူတွင်မတော့ ပန်းမျိုးစုံကို ဖန်ပေါင်းချောင်ကြီးထဲ ထည့်ကာ Flower doom ဆိုပြီး စိုက်ပြထားသည်။ သူက တကမ္ဘာလုံးမှ ပန်းမျိုးများကို မှာယူ စိုက်ပျိုးထားတာဆိုတော့ အမျိုးပိုစုံသည်။ သို့သော် ပြင်ဦးလွင်ကတော့ မြေကြီးပေါ်တွင် ရေလောင်းပေါင်းသင်စိုက်တာဖြစ်၍ ပိုသဘာဝ ကျပါသည်။ ကျွန်တော်ကတော့ flower doom ထက် ပြင်ဦးလွင် ပန်းခင်းများကို ပိုနှစ်သက်ပါသည်။ အမျိုးပင် မစုံသော်လည်း ပီဘိ သဘာဝအတိုင်း ဖြစ်၏။ ရေကန်ထဲမှ ငန်းဖြူနှင့် ငန်းနက်ကြီးများမှာလည်း အလွန်လှပ ပါပေသည်။













ကုန်းအတက်ကလေးတွင် ငှက်ဥယျာဉ်ရှိသဖြင့် သွားကြည့်သည်။ သူလည်း Jurong Bird Park အသေးစားလေးပါပဲ။ ငှက်များ သိပ်မရှိသည့်တိုင် နှစ်သက်စရာကောင်းပါသည်။ ပန်းခြံထဲလျှောက်ကြည့်ကြပြီး ညောင်းလာသဖြင့် ကစားကွင်းသွားကာ ခနနားရင်း ကစားကြ။

ကစားကွင်းထဲတွင် တောပိုင်းမှ အလည်လာဟန်တူသည့် မိသားစုများကို တွေ့ရသည်။ သူတို့ကတော့ ခပ်သာသာပဲ။ စားသောက်ပြီးကျန်သော အစားအသောက်အကြွင်းအကျန်များကို ကစားကွင်းထဲ ဒီအတိုင်း ပစ်လိုက်ကြသည်။ စားသောက်ပြီး ခေါက်ဆွဲဘူးခွံများကိုလည်း သည်အတိုင်း ပစ်ထားခဲ့ကြသည်။ အမှိုက်ကို သည်လို တွေ့ကရာမပစ်ရဆိုတာ သူတို့ကို မည်သူ ပညာပေးပါမည်နည်း။ ကျွန်တော် သူတို့မိသားစုများကို ငေးကြည့်နေမိလေသည်။

ပန်းခြံမှပြန်လာပြီး အချိန်သိပ်မရှိတော့သည်နှင့် တခြား ဘယ်မှမသွားတော့ဘဲ ကျောင်းသို့ ပြန်ခဲ့သည်။ ထို့နောက် ကိုမိုးကြည်ဖြူ၊ မအေးနှင်းယုတို့နှင့် မနက်ဖြန်အစီအစဉ်ကို တိုင်ပင်ကြသည်။ ကျွန်တော်တို့က နေပြည်တော်တွင် ၁၆ ရက်နေ့ လည်း ဆီမီနာရှိသေးသဖြင့် အချိန်ဆွဲမနေနိုင်။ နက်ဖြန်မနက်ပိုင်း ကိုမိုးကြည်ဖြူသင်မည်။ သူသင်ပြီးသည်နှင့် နေ့လည် ထမင်းစားကာ သူနှင့် မအေးနှင်းယုကို နေပြည်တော် စောစောဆင်းသွားခိုင်းလိုက်မည်။ ကျွန်တော်က နေ့ခင်းပိုင်း ဆက်သင်။ ညနေ ၄ နာရီတွင် စာသင်ရပ်ကာ စာမေးပွဲဖြေကြမည်ဖြစ်၏။ စာမေးပွဲကိုတော့ ကျွန်တော် စောင့်နေစရာမလိုတော့ပါ။ ကျွန်တော်က မေးခွန်းနှင့် အဖြေလွှာများပြင်လာကာ အဖြေလွှာများစစ်ရန်လည်း template တစ်ခါတည်း လုပ်လာတာ ဖြစ်ပါသည်။ အဖြေလွှာကို ဖတ်စရာမလို။ template ပေါ်တင်လိုက်သည်နှင့် ဘယ်နှစ်မှတ်ရတယ်ဆိုတာ တစ်ခါတည်း တန်းသိနိုင်သည်။

စာသင်ပြီးသည်နှင့် ကျွန်တော်တို့လည်း နေပြည်တော်ကို ဆင်းကြမည်ဖြစ်၏။
ထို့နောက် အားလုံးစုပြီး ညစာသွားစားကြသည်။ ပြင်ဦးလွင်ကား နေစောင်းလာသည်နှင့် အေးလာပေပြီ။ ထို့နောက် တည်းသည့်နေရာသို့ ပြန်ခဲ့ကြသည်။ ထိုနေရာကို ကျည်းကိုင်ရွာဟု ခေါ်၏။ အောင်မယ်၊ ရွာဆိုလို့ အထင်မသေးလိုက်လေနဲ့ ဆရာ။ အိမ်အားလုံးမှာ တစ်ထပ်တိုက်ကလေးများဖြစ်သည်။ ညဘက်တွင် မီးတွေထိန်လို့။ သူတို့ကိုကြည့်ရတာ သိပ် ၀င်ငွေ နိမ့်ပုံမရ။ ညတွင် ကျွန်တော့်မှာ လုပ်စရာများ အတော်များများရှိသေး၍ အခြားသူများ အိပ်ကုန်ကြသည့်တိုင် စောစောမအိပ်နိုင်။ မတ်လရောက်သည့်တိုင် ပြင်ဦးလွင်ညကား အလွန်ချမ်းအေးလှလေသည်။

(၅) မဟာအံ့ထူးကံသာမှ ငှက်ပျောပွဲအုန်းပွဲများ

မတ်လ ၁၅ ရက်နေ့မနက်ပိုင်းတွင်မတော့ အထုပ်အပိုးများအားလုံး ကားပေါ်တင်ကာ တည်းသည့်နေရာမှ အပြီးထွက်ခဲ့သည်။ အနို့ ပြန်လာစရာလည်း အကြောင်းမှ မရှိတော့ဘဲကိုး။ သင်တန်းကျောင်းကနေ နေပြည်တော် တစ်ခါတည်းဆင်းကြမှာ ဖြစ်၏။ 

မအေးနှင်းယုက အလိုက်တသိပင် ကျွန်မ ကိုမိုးကြည်ဖြူကို ကူလိုက်ပါမယ်။ ဆရာတို့ လျှောက်လည်ကြပါ ဆို၏။ ထို့ကြောင့် သင်တန်းအတွက် အားလုံးပြင်ဆင်ပြီးသည်နှင့် ကျွန်တော်တို့လည်း မရောက်သေးသောနေရာများ သွားကြည့်ကြရန် ထွက်ခဲ့ ကြ၏။ ဘယ်သွားကြမတုံးဆိုတော့ နှီးဘုရားနှင့် မဟာအံ့ထူးကံသာဘုရားတို့သို့ သွားကြမည်ဆို၏။

မြို့ထဲကိုဖြတ်လာတော့ အထက်တန်းကျောင်းများရှေ့တွင် ကျောင်းသားများ စုရုံးနေကြသည်။ ဆယ်တန်းစာမေးပွဲများ မပြီးသေး။ မြန်မာပြည်မှ အလွန်အရေးကြီးသည့် အရာများတွင် ဆယ်တန်းစာမေးပွဲသည်လည်း တစ်ခုအပါအ၀င်ဖြစ်၏။ ဆယ်တန်းစာမေးပွဲမှရသော အမှတ်သည် တစ်ဘ၀စာလုံးကို အဆုံးအဖြတ်ပေးလိမ့်မည်။ သို့အတွက် သည်စာမေးပွဲသည် ကျောင်းသားများအတွက်သာမက ကျောင်းသားမိဘများအတွက်ပါ အလွန်အရေးကြီးသော စာမေးပွဲဖြစ်၏။

ပထမ မဟာအံ့ထူးကံသာဘုရားသို့ သွားကြသည်။




ဘုရားကုန်းတော်ကို သေချာကျနစွာ တည်ဆောက်ထားတာ တွေ့ရပါသည်။ ဂူဘုရားကိုတော့ အာနန္ဒာပုံစံနှင့်ခပ်ဆင်ဆင် တည်ထားသည်။ ကားရပ်စရာများလည်း ရှိ၏။ စေတီတော်ကြီး သာယာသပ္ပာယ်လှချည့်ဟု ချီးကျူးလို့မှ မဆုံးခင် အဘယ်ကြောင့် သည်မျှသပ္ပာယ်ရခြင်းအကြောင်းကို မော်ကွန်းဖတ်ကြည့်တော့မှ သဘောပေါက်တော့၏။ သည်စေတီ တော်ကြီး၏ ထီးတော်နှင့်စိန်ဖူးတော်ကိုတင်ခဲ့သူများမှာ နှယ်နှယ်ရရလူများမှ မဟုတ်ဘဲကိုး။ သြော်သြော် . . . ။

ဘုရားဝင်ဖူးတော့ ဘယ့်နှယ် ဘုရားကလည်း တောင်ပြုံးပွဲနဲ့ နင်လားငါလားပါလား ဟု တွေးမိ၏။ ဘုရားပတ်ပတ်လည်တွင် ရာဂဏန်းမျှသော ငှက်ပျောပွဲအုန်းပွဲများကို စင်ပေါ်တွင်တစ်မျိုး၊ စင်အောက်တွင်တစ်ဖုံ တွေ့ရလေ၏။ ဘာတွေများပါလိမ့်ဟု စူးစမ်းလိုသည့်စိတ်က ငှက်ပျောပွဲများအနားသို့ ဆွဲဆောင်ခေါ်ယူသွားလေသည်။ ထိုအခါကျမှ ထိုငှက်ပျောပွဲများမှာ အကြောင်းမဲ့ တင်ထားတာ မဟုတ်ကြောင်း တွေ့ရလေတော့၏။








အထက်တွင်ဆိုခဲ့သည့်အတိုင်း မြန်မာပြည်မှကျောင်းသားများအဖို့ ဆယ်တန်းစာမေးပွဲသည် ဘ၀နှင့်ချီပြီး အရေးကြီးသည် ဖြစ်လေရာ ကျောင်းသားများ၊ ကျောင်းသားမိဘများမှာ ဆယ်တန်းတွင် အမှတ်ကောင်းကောင်းနှင့်အောင်ရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းကြလေသည်။ အနှီငှက်ပျောပွဲ၊ အုန်းပွဲများမှာ ထိုနည်းလမ်းများအနက် တစ်ခုဖြစ်၏။

ငှက်ပျောပွဲများတွင် မောင်/မ ဘယ်သူ၊ ခုံနံပါတ်ဘယ်လောက်၊ ဘယ်ကျောင်း စသဖြင့် ရေးထား၏။ သြော် - ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနှင့်အောင်ရေး ဘုရားလာ အပူကပ်ကြပေတာကိုး။

ဆယ်တန်းစာမေးပွဲအောင်ဘို့များ ဘုရားကို အုန်းပွဲ၊ ငှက်ပျောပွဲကပ်ရတယ်လို့။ သည်ကိစ္စ၊ ဘယ်သူကများ စလိုက်တာပါလိမ့်။ ခင်ဗျားတို့ဟာ တစ်ခုခုတော့ လွဲနေပြီထင်တယ်နော။ အဲလေ သူတို့လွဲတာမဟုတ်ဘဲ။ ကျွန်တော်လို လူ့ဂွစာ လွဲတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မည်။

ထိုငှက်ပျောပွဲ၊ အုန်းပွဲတင်သူများမှာ ကိုယ့်ဘာသာကိုယ်၊ ဘာလုပ်လို့ လုပ်နေမှန်းလည်း မသိကြ။ ဘုရားနဲ့နတ်ကိုလည်း ကွဲကွဲပြားပြား နားမလည်။ မကွဲလို့သာ ဘုရားလာပြီး ပွဲတွေနဲ့ ပူဇော်ပသနေတာ မဟုတ်ပါလား။ သည်လို ပူဇော်ပသလို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ အကျော်က ပရိနိဗ္ဗာန်ပြုသွားခဲ့ပြီဖြစ်သော ဂေါတမမြတ်စွာဘုရားက သူတို့ကိုလာပြီး စာမေးပွဲ အောင်အောင်၊ အမှတ်များကောင်းအောင် မ,စလိမ့်မည်ဟု ထင်နေသလား မပြောတတ်ပါ။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုပြီးသည့်နောက် သည်လူ့လောကနှင့် မည်ကဲ့သို့မှ ဆက်စပ်ခြင်းမရှိတော့ပြီဟု ကျွန်တော်ကတော့ သည်လိုပင် နားလည်ပါသည်။

ကျွန်တော်တို့ ဘုရားကို ကိုးကွယ်နေကြခြင်းမှာ သြော် - ဘုရားဆိုတာ တကယ်ရှိခဲ့တယ်။ ငါတို့ကို ဒုက္ခတွင်းကလွတ်အောင် ကယ်တင်ပေးနိုင်တဲ့ တရားတော်တွေကို တကယ် ဟောခဲ့တယ်။ ငါတို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတွေကို တကယ်ကျင့်ရမယ် ဟု ရည်စူးဘို့ရာသာ ကိုးကွယ်ရမှာဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်နှိုက်ကလည်း ဟဲ့၊ ၀က္ကလိ၊ နင် ငါ့ခန္ဓာကိုယ် အတ္တဘောကြီးကို ကြည့်နေ၊ ကိုးကွယ်နေလို့ ဘာရမတုံးဟဲ့။ ငါ့ကို ကိုးကွယ်တယ်ဆိုတာ ငါဟောထားတဲ့တရားတော်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်တာသာ ဖြစ်တယ် ဟု အတိအလင်း ဟောကြားခဲ့ပါသည်။ မိတ်ဆွေတို့လည်း သည်တရားတော်ကို နာဖူးကြပါသည်။ သဟာနှင့်များတောင် ငှက်ပျောပွဲ၊ အုန်းပွဲတွေနှင့် ကူပါ၊ ကယ်ပါ လုပ်နေတာကတော့ တဆိတ် မလွန်ပေဘူးလားခင်ဗျာ။

ကျွန်တော်ကတော့ ဘုရားကိုကြည်ညိုတာ ကြည်ညိုတာ တစ်ပိုင်းဖြစ်ပါသည်။ မိမိလိုဘအတွက် ဘုရားကိုခုတုံးလုပ်ဖို့ မည်သည့်အခါကမှ မရည်ရွယ်ခဲ့ပါ။ မိမိ၏ကြီးပွားရေး၊ စီးပွားရေးနှင့် မဆုံးနိုင်သည့်လိုဘများ ပြည့်စေဘို့အတွက်မူ စေတနာကံ ဘိက္ခဝေ၊ ကမ္မံဝဒါမိ ဟု မြတ်စွာဘုရား ဟောသည့်အတိုင်း ကိုယ့်ကိုယ်နှုတ်နှလုံးသုံးပါးကိုသာ အားကိုးပါသည်။ ကိုယ့်ကြီးပွား၊ စီးပွားရေးအတွက် နတ်တွေ၊ သိကြားတွေကို အားကိုးပြီဆိုကတည်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လျော့ကျနေပြီ ဖြစ်၏။ မောင်ကလေး၊ မယ်ကလေးတို့အားလည်း ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပါ။ ဘယ် နတ်သိကြားကိုမှ ကိုးကွယ်ပသပြီး ဆုတောင်းမနေပါနှင့်ဟု ဤနေရာမှနေ၍ အလေးအနက် တိုက်တွန်းလိုက်ပါသည်။

အတွေးပေါင်း သောင်းခြောက်ထောင်ကို ရင်ဝယ်ပိုက်ပြီး ကျွန်တော် ဘုရားပေါ်က ပြန်ဆင်းခဲ့၏။ ထို့နောက် နှီးဘုရားသို့ ခရီးဆက်ခဲ့ကြသည်။

နှီးဘုရားမှာ သိပ်မဝေးလှပါ။ နှီးဘုရားဆိုတာ နှီးနှင့်ယက်လုပ်တည်ထားကိုးကွယ်သောဘုရား ဟု ဆိုလိုတာ ဖြစ်ပါလိမ့်မည်။ သို့တိုင် ဘုရားတွင် နှီးကိုမတွေ့ရ။ ဘုရားကို ကိုယ်လုံးပြည့် ရွှေချထားသည်။ နှီးနှင့်တူတာဆို၍ ဘုရားရှေ့မှ ဆွမ်းအုပ်နှင့် သပိတ်သာ ကျန်တော့သည်။





ကျွန်တော်တို့ဆီက လူများမှာ ဘုရားကို ရွှေချတာလည်း အလွန်ဝါသနာကြီးလှ၏။ နှီးဘုရားဟူသည် နှီးဖြင့်ယက်လုပ်ထား သည့်အတိုင်း ထားပါမှ သဘာဝလည်းကျမည်။ နာမည်နှင့်လည်းကိုက်ညီမည်။ လူတွေကိုလည်း ဆွဲဆောင်မှုရှိမည်။ ယခုလို ရွှေချထားသည့်ဘုရားကတော့ မြန်မာပြည်ထဲမှာ သိန်းနှင့်ချီရှိသည်။ ဘာကိစ္စ တကူးတက လာဖူးနေစရာ လိုပါမည်နည်း။ ယခုလို ရွှေတွေကိုယ်လုံးပြည့်ချလိုက်တော့ ဘွဲ့တော်ကို နှီးဘုရားအစား ရွှေဘုရားဟု ပြောင်းပါမှ ပိုမိုသင့်တော် ကိုက်ညီမည် ဖြစ်ပေသည်။

ဘုရားများအား ရွှေချသည့်ရလဒ်ကို ပြပါဆိုလျှင် အထင်ရှားဆုံးသာဓကမှာ အင်းလေးမှ ဘုရားများ ဖြစ်ပါသည်။ ဘုရားများကို မည်မျှရွှေချလိုက်သနည်းဟူမူ ဘုရားဟုပင်မထင်ရတော့ပဲ ရွှေလုံးကြီးကိုသာ မြင်ရတော့သည်။ သာမန်ရွှေလုံးကြီးကို မည်သူ ကိုးကွယ်ပါမည်နည်း။ ဘုရားဆို၍သာ ကိုးကွယ်ကြတာ ဖြစ်ပါသည်။ သို့နှင့်တိုင် ဘုရားကိုဘုရားအတိုင်း မကိုးကွယ်ဘဲ ရွှေလုံးကြီးလုပ်ကာ ကိုးကွယ်ကြသည်။ လူများကို ကျွန်တော်နားမလည်နိုင်ပါ။

အဲလေ၊ ဘုရားရွှေချတာကို ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုသူဟူ၍ မြန်မာတစ်နိုင်ငံလုံးတွင် ကျွန်တော်တစ်ယောက်တည်းသာ ရှိပါလိမ့်မည်။ မတတ်နိုင်။ ကိုယ်မကြိုက်တာကြီးကိုတော့ အတင်းကြိုက်တယ်လို့ မဆိုချင်ပါ။ ကျွန်တော့်ကို ဘာသာမဲ့၊ ကွန်မြူနစ်ဟု သမုတ်ကြပါခင်ဗျား။

(၆) တွေ့၊ ကြုံ၊ ဆုံ၊ ကွဲ၊ ဖြစ်မြဲ ဓမ္မတာ

မတ်လ ၁၅ ရက်နေ့၊ မော်တော်ယာဉ်သုတေသနဌာနမှ Safety မိတ်ဆက်သင်တန်း၊ ဒုတိယနေ့။ နေ့လည်ပိုင်းကို ကျွန်တော် သင်ပါသည်။ ကျွန်တော်က safety အကြောင်းသာမက သင်တန်း၏ သဘောသဘာဝ၊ ခံယူရမည့်သဘောထား၊ သင်ပုံ သင်နည်းများကိုပါ အကြမ်းဖျဉ်းရှင်းပြခဲ့၏။ ဖြစ်နိုင်လျှင် ကျွန်တော် တစ်ခေါက်ပြန်လာကာ သူတို့ကို Train The Trainer သင်တန်းပါ သင်ပေးချင်သေးကြောင်း ပြောခဲ့ပါသည်။ (ထိုအကြောင်း ကျွန်တော် ရန်ကုန်ကမိတ်ဆွေများကို ပြောပြတော့ ကျွန်တော့် slide presentation များပေးပါ။ သူတို့ သွား သင်ပေးပါမည် ဟု ဆိုပါသည်။ ထို့အတွက်လည်း မစိမ့်ကို ကျေးဇူးအထူးတင်ကြောင်း ပြောပြစေ။)

မြန်မာနိုင်ငံတွင် သင်တန်းဆရာများအား လေ့ကျင့်သင်ကြားပေးသော သင်တန်းဟူ၍ သီးသန့်မရှိသေးပါ။ သူတို့ဘာသာသူတို့  နားလည်သလို သင်နေကြတာဖြစ်ပါသည်။

သင်တန်းဟူသည် ကလေးငယ်များကို စာသင်နေသော ကျောင်းမဟုတ်။ လူကြီးကိုသင်တာနှင့် ကလေးကိုသင်တာ အများကြီး ကွာပါသည်။ သင်တန်းမှတ်စုတွေပြင်တာ၊ စာမေးပွဲစစ်တာ၊ သင်ပုံသင်နည်း။ အားလုံးကွာသည်။ သည်အကြောင်းများကို ယခင်ကလည်း ကျွန်တော်ရေးခဲ့ဖူးပါသည်။ ထို့ကြောင့် အစိုးရသင်တန်းကျောင်းများရော၊ အပြင် ပုဂ္ဂလိကသင်တန်းကျောင်း များအတွက်ပါ Train The Trainer သင်တန်းများ ဖွင့်လှစ်ပေးရန် လိုပါသည်။

သင်တန်းပြီးလို့ နှုတ်ဆက်တော့ သူတို့က လက်ဆောင်ပစ္စည်းများယူလာကာ ကြမ်းပြင်ပေါ်ထိုင်၍ ကန်တော့ကြရန် ပြင်ကြသည်။ ကျွန်တော်မျက်လုံးပြူးရ၏။ အာ၊ မလုပ်ပါနဲ့ခင်ဗျ။ ဒီအတိုင်း လက်ဆောင်ကို ရိုးရိုးလေးပေးလဲ ရပါတယ်။ ဒီအထဲမှာ ညွှန်ကြားရေးမှူးတွေ၊ သုတေသနမှူးတွေ၊ ဌာနမှူးတွေ အများကြီးပါတာ ကျွန်တော်သိပါတယ်။

ဘယ်လိုပင်ပြောသော်လည်း မရပါ။ အားလုံးကြမ်းပြင်ပေါ်ထိုင်၍ ကန်တော့ကြပါသည်။ ကျွန်တော့်မှာ ၀မ်းသာဝမ်းနည်း ဖြစ်ရ၏။

ဝမ်းသာရခြင်းမှာ မြန်မာတို့၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါ် သိတတ်သော ကျေးဇူးတရားကို မျက်ဝါးထင်ထင် တွေ့မြင်ရ၍ ဖြစ်၏။ ထို့ပြင် သူတို့တတွေမှာ အရှိကိုအရှိအတိုင်း ရိုးရိုးသားသား လက်ခံနေထိုင်ကြသူများဖြစ်သည်ဟု ကျွန်တော်မြင်ရ၍ ဖြစ်ပါသည်။ မြန်မာ့လူမှုဆက်ဆံရေးလောကတွင် ဆရာဆရာမများကို မိမိတို့မိဘများနှင့် တန်းတူ တန်ဘိုး ထားကြသည်။ အခြားနိုင်ငံများတွင် မြန်မာနိုင်ငံမှာကဲ့သို့ အာစရိယူပူဇော်ပွဲများကို တွေ့နိုင်မည်မထင်။

တပည့်များက ဆရာဆရာမများကို တန်ဘိုးထား၊ ရိုသေလေးစားသဖြင့် ဆရာဆရာမများကလည်း တပည့်များ တန်ဘိုးထား၊ လေးစားသည်နှင့်အားလျော်စွာ ဂုဏ်ရှိအောင် နေဘို့လိုသည်။ ပါးစပ်က ပေါက်လွှတ်ပဲစား မပြောသင့်။ တစ်ခုခုပြောတော့ (ဖေ့စ်ဘုတ်တွင်ရေးတော့) မည် ကြံလျှင် ငါဆရာဆိုတာ အမြဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရမည်။ အပြောတစ်ခုတည်း သာ မဟုတ်သေး။ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို အစစ သတိထားကာ ဆရာ့ဂုဏ်နှင့်ညီအောင် ပြုမူနေထိုင်ဘို့ လိုလေသည်။ မဟုတ်လျှင် တပည့်တို့ ကန်တော့ထားသည့် အကြွေးများ ကျေမည်မဟုတ်။

နောက် ကျွန်တော် ၀မ်းနည်းရခြင်းမှာ ဤကဲ့သို့ ဝေးလံခေါင်ဖျားဒေသမှ သူတို့ကို မည်သူကများ ဂရုစိုက်ကာ လေ့ကျင့် သင်ကြားပေးဖော်ရပါသနည်း။ သူတို့၏ အရည်အသွေးအတွက် ချမှတ်ထားသော အစီအမံများ ရှိပါသလား။ ဝေးစွ။

အမှန်ဆို ကျွန်တော်တို့ ယခုလုပ်ပေးတာ ဘယ့်ကလောက်မှ မရှိပါ။ သို့သော် သူတို့အတွက်တော့ ဧရာမ အားဆေးကြီး တစ်ခွက် ဖြစ်လေသည်။ ကျွန်တော်ထင်တာ မမှားဘူးဆိုလျှင် သူတို့ကို သင်ပေးလိုက်သည့် စာများထက် သူတို့၏ စိတ်ပိုင်းဆိုင်ရာခံစားမှုကို ကျွန်တော်တို့ တတ်နိုင်သည့်ဘက်မှ အားဖြည့်ပေးလိုက်သည့်အတွက် သူတို့က ကျေးဇူးတင်တာ ဖြစ်ပါလိမ့်မည်။ သြော် - ငါတို့ကို သတိတရနဲ့ လာပြီး သင်ကြားပေးမဲ့သူတွေ ရှိပါသေးလား ဟူသည့် သူတို့ရင်ထဲမှ ခံစားမှုကို (ဖွင့်မပြောသည့်တိုင်) ကျွန်တော် ခံစား နားလည်နိုင်ပါသည်။

ဆရာမလေးတစ်ယောက်ဆိုလျှင် မျက်ရည်များကျကာ သမီးတို့ကို ပစ်မထားပါနဲ့ဆရာရယ် ဟု ပြောပြီး သူ့တွင်ရှိသော ပဲဆီစစ်စစ် (၂) ပုလင်းနှင့် ကန်တော့လေရာ ကျွန်တော့်မှာ အလွန်ဝမ်းနည်းရမိ၏။

သူတို့ သည်လိုထိုင်ကန်တော့လိုက်တော့ ကျွန်တော့်မှာ ကြွေးတင်သွားသလို ခံစားမိရပါသည်။ ယခု သူတို့ကို လုပ်ငန်းခွင် အန္တရာယ်ကင်းရေး မိတ်ဆက်မျှသာ သင်ပေးရသေးသည်။ နောက်ထပ် LockOut TagOut Procedure, Accident Prevention and Control, Risk Management, Emergency Predparedness စသည် အများကြီး သင်ပေးစရာတွေ ရှိသေးသည်။ ထိုသင်တန်းများကို စင်ကာပူမှမိတ်ဆွေများ၊ ရန်ကုန်မှမိတ်ဆွေများ၏ အကူအညီဖြင့် မပျက်မကွက် ဆက်လက် ဖွင့်လှစ်သင်ကြားပေးသွားပါမည်။ သို့မှသာ သူတို့ကန်တော့ထားသော ကြွေးကျေမည်။

သို့နှင့်ပင် သူတို့ကိုနှုတ်ဆက်ကာ နေပြည်တော်သို့ ဆင်းလာခဲ့၏။ ပြင်ဦးလွင်က ထွက်လာတော့ ညနေ ၅း၁၅ နာရီ။ ဆရာ ဒေါက်တာအောင်ဟိန်းလတ်က စင်ကာပူသွားစရာရှိ၍ နေပြည်တော်တွင် စာရွက်စာတမ်းကိစ္စများ လုပ်ရမည်ဖြစ်သောကြောင့် ကျွန်တော်တို့နှင့်လိုက်ခဲ့သည်။

ည ၈း၅၀ တွင် မိတ္ထီလာ စားသောက်ဆိုင်၌ ညစာစားကြသည်။ အင်း၊ ဟင်းလေးတွေက သိပ်မဆိုးဘူးဟဲ့။ စားလို့ကောင်းသား ဟု တွေးမိ။ အမောပြေအပန်းပြေ ဘီယာလေး နှစ်လုံးလောက်လဲ ဆွဲမိ။ ဟင်းကောင်းသလို ဈေးကလည်း ကောင်းလေသည်။ သားရေ ရှင်းရအောင်ကွယ် ဆိုတော့ စာရွက်ဖြတ်ပိုင်းလေး နှစ်ခု လာပေးသည်။ ဘယ်လောက်ကျလဲဆိုတော့ အလိုလေး သုံးသောင်းခုနစ်ထောင် ဆိုပါကလား ကွယ်ရို့။

ဟင်းပွဲအားလုံးမှာ လက်တစ်ဝါးစာမျှသာ ရှိသည်။ ဘာတွေကများ ဒီလောက်တန်လိုက်ရပါလိမ့်ကွယ် ဟု ဘောက်ချာကို ဖွင့်ကြည့်လိုက်တော့ ဆိတ်သားနှစ်တုံး တစ်ပွဲက ၄၀၀၀။ ငါးကြီးခြောက်စပ်က ၄၀၀၀။ ငါးကြင်း ၄၀၀၀။ ဘော့ချိတ် ၄၀၀၀။ အားပါး။ သို့သော်လည်းပေါ့လေ။ ဟန်ကိုယ့်ဖို့ပေါ့။ အိတ်ထဲကြည့်လိုက်တော့ ပိုက်ဆံကမပြည့်။ အမျိုးသမီးဆီက လှမ်းတောင်း ရသည်။ ဆိုင်နာမည်က Feel Express, သြော် - express မို့ ပိုဈေးကြီးတာ ထင်ပါရဲ့။

နေပြည်တော်ရောက်တော့ ည ၁၁ နာရီခွဲနေပြီ။ ညည့်နက်နေပြီမို့ နက်ဖြန်အတွက် ကိုယ်ပြောရမဲ့ slide လေးတွေ အနည်းအပါးကြည့်ပြီး အိပ်လိုက်တော့၏။

ဆက်ပါဦးမည်။

အေးငြိမ်း

မြန်မာပြည် အလည်အပတ်ခရီး (၂၀၁၇၊ မတ်လ ၁၁ မှ ၁၉ ထိ)_1

(၁) စကတည်းက ယဉ်သကို

စင်ကာပူမှ မူလတန်းကျောင်းများတွင် စာသင်နှစ်ကို ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဟု နှစ်ပိုင်းခွဲထား၏။ ပထမနှစ်ဝက်တွင် Term 1 and Term 2 ဟု လည်းကောင်း၊ ဒုတိယနှစ်ဝက်တွင် Term 3 and Term 4 ဟု လည်းကောင်း ထပ်မံခွဲထား၏။ Term 1 နှင့် Term 2 ကြားတွင် ၉ ရက်။ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ကြားတွင် တစ်လ။ Term 3 နှင့် Term 4 ကြားတွင် ၁၀ ရက် ပိတ်၏။ Term 4 ပြီးတော့ အတန်းတင်စာမေးပွဲဖြေ။

ဆိုတော့ ပထမနှစ်ဝက်အတွက် မတ်လ ၁၁ မှ ၁၉ ထိ ပိတ်သည်။ ကျောင်းပိတ်ရက်တွင် မြန်မာပြည်အလည်ပြန်ကြမည်ပေါ့။ မြန်မာပြည်ပြန်မည်ဆိုတော့ ထုံးစံအတိုင်း ဘယ်မှာဘာသင်တန်းတွေ၊ ဟောပြောပွဲတွေလုပ်မည် စသဖြင့် အစီအစဉ်တွေ ဆွဲ၏။ အသွားအပြန် (၂) ရက်နှုတ်လျှင် (၇) ရက်ပဲနေချိန်ရသမို့ ထိုရက်များအတွင်း လုပ်သင့်တာများလုပ်နိုင်ရန် မြန်မာ ပြည်ဘက်မှ မိတ်ဆွေများနှင့် ချိတ်ဆက်ကာ အချိန်ဇယားဆွဲ၏။

မတ် ၁၁ - မနက်ပိုင်းအလုပ်ဆင်း။ ညနေလေယာဉ်နှင့် ရန်ကုန်ပြန်။
မတ် ၁၂ - ရန်ကုန်တွင်လုပ်စရာရှိသည်များလုပ်။
မတ် ၁၃ - ပြင်ဦးလွင်သွား။ လမ်းတွင် မန္တလေး၌ လည်ရင်းပတ်ရင်း ညအိပ်။
မတ် ၁၄၊ ၁၅ - ပြင်ဦးလွင် မော်တော်ယာဉ်နည်းပညာသင်တန်းကျောင်းတွင် (၂) ရက်သင်တန်းပို့ချ။
မတ် ၁၆ - Collaboration Seminar, နေပြည်တော်
မတ် ၁၇ - မအေးနှင်းယုတို့က နေပြည်တော်တွင် SIC သင်တန်း၌ ပါဝင်သင်တန်းပေးရန်ပြော။
မတ် ၁၈ - ရန်ကုန်တွင်ရှိ။
မတ်  ၁၉ - စင်ကာပူပြန်လာ။

မိသားစုကိုလည်း ပြင်ဦးလွင်တွင် အလည်အပတ်လိုက်ပို့ရင်း၊ သင်တန်းလည်းပေးရင်း။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်စီစဉ်ရတာ ဖြစ်၏။

အလုပ်ရှုပ်သက်သာအောင် မသွားမီတစ်ရက်ကတည်းက online check-in လုပ်ကာ boarding pass ပါ တစ်ခါတည်း print ထုတ်ထားလိုက်သည်။ လေယာဉ်ကွင်း အသွားအပြန်ကို ပိုက်ဆံကုန်သက်သာအောင် ကျွန်တော်ကတော့ ရထားပဲစီးပါသည်။ ဘာမှ မပင်ပန်းပါ။

လေဆိပ်ရောက်တော့ luggage များကို ကိုယ့်ဘာသာကိုယ်ချိန်တွယ်ကာ ခါးပတ်ပေါ်တင်ပေးလိုက်သည်။ ပီဘိ လွယ်လွယ် ကလေး။ ထို့နောက် ဘာဂါကင်းသွားစားကြ၏။ သိပ်ဆာတာတောင် မဟုတ်ပါ။ သို့သော် လေယာဉ်က ဂျက်စတားဆိုတော့ ရေတောင် တိုက်တာမဟုတ်။ ထို့ကြောင့် ကြိုတင် ဗိုက်ဖြည့်သွားတာဖြစ်၏။ လေယာဉ်ပေါ်မှာ သူတို့ရောင်းသည့် အစားအသောက်တွေက အသားကုန်ဈေးကြီးသည်။ ရေပုလင်းကလေး တစ်ဘူးကို ၄ ကျပ်။ ထမင်းစားမည်ဆိုပါက မဖြစ်ညစ်ကျယ် ထမင်းလေးတစ်ဘူးကို ၁၂ ကျပ်။

စားသောက်ပြီး immigration ဖြတ်တော့ ၅ နာရီထိုးဘို့ ၁၅ မိနစ်အလို။ ကျွန်တော်နှင့်အမျိုးသမီးက PR ဆိုတော့ automated clearance ဖြင့် ကိုယ့်ဘာသာကိုယ် ဖြတ်သွားလို့ရသည်။ သို့သော် သားက student pass ဆိုတော့ မရ။ သူက Student pass, ဒီမှာဖြတ်လို့မရဘူးဆိုတာတောင် လာပါကွာ try ကြည့်ဆိုပြီး immigration officer တစ်ယောက်က အတင်းဆွဲခေါ် နေလို့ မကြိုက်လှသော်လည်း သူစိတ်ကျေနပ်အောင် လိုက်သွားရ၏။ အကြိမ်ကြိမ်ကြိုးစားပြီး မရတော့မှ ပြန်တန်းစီခိုင်း လေ၏။  ပြန်တန်းစီခိုင်းတော့ ကျွန်တော်တို့ရှေ့မှာ မိသားစုတစ်စုဝင်သွားလေသည်။ မိသားစုလိုက်ဆိုတော့ ကလေး နှစ်ယောက်၊ လူကြီးနှစ်ယောက်၊ ပေါင်း (၄) ယောက်။

အဲဒီမှာ ပြဿနာ စတက်တော့တာပဲခင်ဗျာ။ ကျွန်တော်တို့ရှေ့မှာ မိသားစုသုံးစု ရှိသည်။ ရှေ့ဆုံးမှာ အဖိုးကြီးအဖွားကြီး နှစ်ယောက်၊ သူတို့နောက်က မိသားစုနှစ်စုမှာ ကလေးနှစ်ယောက်၊ လူကြီးနှစ်ယောက်စီ။ ဆိုတော့ စုစုပေါင်း (၁၀) ယောက်။ ပုံမှန်အတိုင်းဆို ဒီ ဆယ်ယောက်ဟာ ဘာကြာမတုံးခင်ဗျာ။ အခုတော့ ဘာတွေလုပ်နေသည်မသိ။ ကွန်ပြူတာပဲ ကြောင်နေ တာလား။ တစ်ယောက်ဖြတ်ဘို့ အကြာကြီးစောင့်နေရလေသည်။ နာရီလက်တံဟူသည် ရပ်နေလို့ ရစကောင်းသည့်အရာ မဟုတ်သည့်အတွက် အချိန်ကြာလာလေ ကျွန်တော့်မှာ ရန်တုန်ပန်းတုန် ဖြစ်လာလေ။ ကျွန်တော့်ရှေ့မှ နိုင်ငံခြားသားကြီး တစ်ယောက်မှာလည်း ခေါင်းတစ်ခါခါနှင့် သွားပါပြီကွာ ဟု ငြီးငြူနေလေ၏။

ကျွန်တော်တို့အလှည့်ရောက်တော့ ၅ နာရီနှင့် ၁၅ မိနစ်ရှိနေပြီဖြစ်၏။ Boarding ဂိတ်ပင် ပိတ်နေလေပြီ။ ငါတို့နောက်ကျနေပြီ။ သူ့ကိုပဲလုပ်ပေးလိုက်ဟု ကျွန်တော်လည်း immigration တွင် သားကိုထားကာ auto pass မှ ဖြတ်ပြီး စောင့်နေသည်။ သားထွက်လာတော့ မင်းတို့နောက်ကသာ ပြေးလိုက်ခဲ့တော့ကွာ၊ ဖေဖေ အရင်ပြေးနှင့်မယ်ဆိုကာ လေယာဉ်တက်မည့်ဂိတ်သို့ အသားကုန် ပြေးရလေ၏။

ဂျက်စတားဂိတ်မှာ တာမီနယ်အဆုံးတွင်ရှိသဖြင့် ဆယ်မိနစ်လောက် ပြေးလိုက်ရသည်။ ဂိတ်ရောက်တော့ အမြန်စစ်၊ အမြန်ဝင်။

ကျွန်တော်တို့လည်းရောက်။ လေယာဉ်လည်းတံခါးပိတ်ကာ ထွက်ဘို့ပြင်တော့၏။ ကျွန်တော့်မှာ စိတ်တိုလိုက်သည့်ဖြစ်ခြင်း။ ဖြစ်နိုင်လျှင် မရှင်းဂန်းနှင့်သာ သွားဆွဲပစ်လိုက်ချင်မိတော့သည်။ သားမှာတော့ စကားတောင်မပြောနိုင်။ သူ့ခန္ဓာကိုယ် ၀၀ကြီးနှင့် လမ်းတောင်မနည်းလျှောက်ရတာ။ အဲဒါကို မီတာ ၅၀၀ လောက် အသားကုန်ပြေးရတာဆိုတော့ စဉ်းစားသာ ကြည့်ပေရော့ခင်ဗျာ။ သားရေ - ဆောရီးကွာ ဆိုတော့ သားက its not your fault. ဟု ပြောရှာပါသည်။

(၂) ခရီးထွက်ရန် ပြင်ဆင်ခြင်း

ရန်ကုန်ရောက်တော့ ရောက်ရောက်ချင်း ညစာကို အမြန်စားကာ ကိုအောင်ကိုးတို့ သင်တန်းကျောင်းသို့လာခဲ့၏။ နောက်ပြီး Safety ဥပဒေကြမ်းအကြောင်း သူတို့ပြင်ထားသည်များကို ဆွေးနွေးကြသည်။ သူတို့က ချက်ချင်းစာရိုက်ဘို့ပြင်ကြသော်လည်း အချိန်မရှိတော့သောကြောင့် အေးအေးဆေးဆေးရိုက်ပြီးမှ လာပေးရန် ပြောလိုက်သည်။ နောက်နေ့ ကိုကြွယ်စိုးလာပေးတော့ အတော်ကြီးနောက်ကျနေပြီ။ သူတို့ရေးထားသည်များကို ကျွန်တော်လည်း မနည်းအသည်းအသန် ပြင်ယူရ၏။ အနို့ ရန်ကုန်မှာ အပြီးလုပ်သွားမှ မဟုတ်လား။ နောက်နေ့ကစ ခရီးထွက်တော့မှာဆိုတော့ ဟိုကျမှ ပရင့်ထုတ်တာ၊ ကော်ပီကူးတာလုပ်ဖို့ အဆင်ပြေချင်မှ ပြေမည်။

၁၂ ရက်နေ့မနက်ပိုင်းတွင် ကိုဟန်မျိုးနောင်၊ မအေးနှင်းယုတို့နှင့်ဆုံကာ လုပ်ကိုင်ကြမည့်အသေးစိတ်အစီအစဉ်များကို ဆွေးနွေးကြ၏။ ပြင်ဦးလွင်သင်တန်းက ဘာမှမခဲယဉ်း။ ကျွန်တော်ပြင်လာသည့် slide presentation များကိုမှီးလျက် သင်တန်းပို့ချရုံဖြစ်၏။ လုပ်နေကျဖြစ်သည့်အတွက် သည်သင်တန်းကိစ္စမှာ ကျွန်တော်တို့အတွက် ထမင်းစားရေသောက်မျှသာ ဖြစ်သည်။ အရေးကြီးသည်မှာ မတ်လ ၁၆ ရက်နေ့၊ နေပြည်တော်၌ပြုလုပ်မည့် ၀န်ကြီးဌာနပေါင်းစုံပါဝင်သော ပေါင်းစည်း ညှိနှိုင်းရေး ဟောပြောဆွေးနွေးပွဲ ဖြစ်၏။ အကုန်ကြိုတင်ပြင်ဆင်ထားတာဆိုတော့ အားလုံးအဆင်ပြေလိမ့်မည်ဟု ယူဆပါ သည်။ ဒါတောင် The Voice ကလွဲလို့ ကျန်မီဒီယာတွေက တော်တော်နှင့်ဆက်သွယ်လို့မရ။

ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်များကိုလည်း တက်ရောက်နားထောင်စေချင်သေးသည်ဖြစ်ရာ အဆက်အသွယ် ရထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဥက္ကာမင်းအား သူတို့ကို မည်ကဲ့သို့ဖိတ်ရမည်နည်း မေးရ၏။ သူက ယခုပွဲကို organize လုပ်ပေးသည့် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးမှတစ်ဆင့် လွှတ်တော်ဥက္ကဌဆီ ဖိတ်စာပို့ပါဆို၏။ ကျန်းမာရေးဝန်ကြီးဌာနကို ဖိတ်စာပို့ခိုင်းပြီး အခြားလုပ်စရာများရှိသောကြောင့် ကျွန်တော်လည်း အမေ့မေ့အလျော့လျော့ နေလိုက်၏။ ပွဲကို လွှတ်တော်ကိုယ်စားလှယ်များတက်လာတာ တွေ့ရတော့မှ သြော - ဒီကိစ္စ အဆင်ပြေသွားသကိုးဟု သိရလေသည်။

နေ့ခင်းပိုင်း ကိုယ်ရေးကိုယ်တာလုပ်စရာတွေရှိသဖြင့် လုပ်ကိုင်ပြီး ပြင်ဆင်ထားသော ဥပဒေကြမ်းအကြံပြုချက်များကို လှည်းတန်းတွင် ပရင့်ထုတ်၊ ကော်ပီကူးသည်။ ထို့နောက် ကိုနေမျိုးမောင်ကိုခေါ်ကာ (သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း) တစ်နာရီလောက် လေပန်းကြသေး၏။

မမတို့ကတော့ လမ်းတွင်စားရန်ဆိုကာ ထမင်းလိပ်များ၊ ကြာဇံကြော်များ၊ ဟင်းများချက်ပြုတ်ပြင်ဆင် ထည့်သိုခြင်းဖြင့် အလုပ်ရှုပ်နေကြလေသည်။ ကော်ဖီများပင်ဖျော်ကာ ဓာတ်ဘူးကြီးများနှင့် ထည့်ပေးလိုက်ပေလေသေး၏။ ကားကိုတော့ ကျွန်တော်တို့ခေါ်နေကျ ကိုမျိုးကားကိုပင် ငှားသွားသည်။ သူက ကိုယ့်ဆီကိုယ်ထည့်၊ တစ်နေ့ကို ခြောက်သောင်းပေး ဆိုတော့ မဆိုးပါ။ ယခင် ရေနံချောင်း၊ မကွေးစသည့်ခရီးရှည်များတုံးကလည်း သူနှင့်သွားခဲ့တာဖြစ်၏။ သားနှင့်လည်း ခင်သလို ပြင်ဦးလွင်၊ နေပြည်တော်စသည့်နေရာများတွင် တည်းခိုမည့်ကိစ္စများကလည်း သူနှင့်မှ အဆင်ပြေမည်။ ကိုမျိုးရေ - မနက် (၄) နာရီ ရွှေတောင်ကြားကို အရောက်လာခဲ့ကွ ဟု မှာလိုက်၏။

ညကျတော့ ဂျူးက ကန်တော်ကြီးရှိ Western Park တွင် ညစာကျွေး၏။ ကျွန်တော်တို့ရောက်သွားတော့ မင်္ဂလာပွဲတစ်ခု ကျင်းပနေတာတွေ့ရသည်။ မင်္ဂလာသတို့သား၊ သတို့သမီးများမှာ မြန်မာစစ်စစ် ဟုတ်ဟန်မတူ။ မင်္ဂလာခန်းမဘက်မှ လွင့်လာသည့် သီချင်းများနားထောင်တော့လည်း ဘာတွေဆိုနေမှန်း နားမလည်။ ကျွန်တော်ကတော့ မြန်မာသီချင်းလား နိုင်ငံခြားသီချင်းလားတောင် မခွဲခြားတတ်ပါ။ သည်လို နေရာမျိုးတွင် သည်လိုအစားအသောက်များ စားရတော့ အင်း၊ ရန်ကုန်တောင် အတော်ပြောင်းလဲသွားမှကိုး ဟု တိတ်တခိုး ရေရွတ်မိလေသည်။

(၃) မန္တလေးခရီး

မတ်လ ၁၃ ရက်နေ့ မနက် ၅း၁၅ နာရီတွင် ရန်ကုန်မှ ထွက်ခဲ့ကြ၏။ ရန်ကုန်-မန်း အမြန်လမ်းမပေါ်တက်တော့ ၆း၀၅ နာရီ။ လမ်းတွင် သားက အိမ်သာတက်ချင်သည်ဆိုလို့ လမ်းဘေးချရပ်ပြီး သွားခိုင်းသည်။ သွားနေကျမဟုတ်တော့ အီးကမထွက်။ ကိုင်း၊ နားတဲ့နေရာရောက်မှ သွားတော့ကွာဟု အောင့်ထားခိုင်းရသည်။

သို့နှင့် တစ်နာရီလျှင် ကီလို ၁၀၀ နှုန်း မောင်းခဲ့ကြရာ ၁၁၅ မိုင်ရောက်တော့ မနက် ၈နာရီခွဲ။ ဆိုင်တစ်ဆိုင်ဝင်ပြီး မမတို့ ထည့်ပေးလိုက်သော ကြာဇံကြော် စသည်တို့ကို ထုတ်စားသည်။ သူတို့ဆိုင်ထဲ ၀င်နားကြတာဆိုတော့ ကော်ဖီလေးတော့ မှာသောက်မှ။ ဆိုတော့ ထည့်ပေးလိုက်သော ကော်ဖီများကို မသောက်ဖြစ်။ အသီးတစ်ပွဲမှာစားရာ အသီးများမှာ ရေခဲသေတ္တာထဲထည့်ထားတာဖြစ်သောကြောင့် ရေခဲရိုက်ပြီး စားမကောင်းတော့ပါ။ သူတို့က အသီးများကို ထုတ်ကြည့် ဟန်လည်းမတူ။ ရေခဲရိုက်နေလျှင် စားကောင်းမှာ မဟုတ်လို့လည်း တွေးမိရဲ့လား မသိ။

အိမ်သာများမှာတော့ ပြောစရာမရှိအောင် ကောင်းလာပါပြီ။ ဆောင့်ကြောင့်ထိုင်အိမ်သာရော၊ ကမုတ်ပါရှိသည်။ အိမ်သာသုံး စက္ကူလည်း ထားပေးသည်။ ဆပ်ပြာနှင့်ရေလည်းကောင်းသည်။ လက်သုတ်ဘို့ စက္ကူလည်း ရှိ၏။ နောက်ပြီး ဘာအနံ့အသက်မှ မနံ။ စိတ်ချမ်းသာစရာ ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်က ကြုံခဲ့ရသည့် အိမ်သာများအကြောင်းတော့ မပြောပါနှင့်။ အခုပြောလျှင် အခု အန်ချင်တုံး။ ကျွန်တော် ကျောင်းသားဘ၀က ကြည့်မြင်တိုင်အိမ်သာကို အရေးပေါ်လာလို့ ၀င်မိပါသည်။ တစ်ခါလေး ၀င်မိတာ၊ ဆယ်ခါပြန် နောင်တရသွားသည်။

အမြန်လမ်း၏ အချို့နေရာများတွင် ကတ္တရာခင်းထားပြီး အချို့နေရာများတွင်မတော့ ကွန်ကရိလမ်းအတိုင်းပင် ရှိနေပါသေး၏။ ကတ္တရာလမ်းနှင့် ကွန်ကရိလမ်း၊ စီးရသည့်ဖီလင်ခြင်းကို မတူပါ။ ကတ္တရာလမ်းပေါ်တွင် အိစက်ညက်ညောနေသလောက် ကွန်ကရိလမ်းပေါ်ရောက်လာလျှင် တုန်ခါမှုကို သိသာစွာခံစားရပါသည်။ လမ်းမျက်နှာပြင် (texture) ခြင်းမတူသည့်အတွက် တုန့်ပြန်မှုခြင်း ကွာတာဖြစ်ပါသည်။

လမ်းတစ်လျှောက် ရဲကင်းများကိုလည်း ဟိုနားဒီနားဆိုသလို တွေ့ရပါသည်။ နောက်တစ်ခုတိုးလာသည်မှာ မိုင်တိုင်များ ဖြစ်၏။ ယခင်က မိုင်တိုင်များသာ ရှိသည်။ ယခုတော့ ကီလိုမီတာကိုဖော်ပြသည့် ကီလိုတိုင်များကိုပါ တွေ့ရပါသည်။ ကီလိုတိုင် ကိုတော့ တစ်ကီလိုလျှင် နှစ်တိုင်နှုန်း စိုက်သည်။

မနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရောက်သည်။ မိတ္ထီလာ စားသောက်စခန်းသို့ နေ့လည် ၁၂ နာရီတိတိတွင် ရောက်၏။ ထိုနေရာတွင်လည်း မမတို့ပြင်ဆင်ပေးလိုက်သော အစားအသောက်များကိုပင်စားကာ သူတို့ဆိုင်မှ အအေး၊ ကော်ဖီများ မှာသောက်ကြသည်။ (စင်ကာပူမှာဆိုလျှင်တော့ စားသောက်ဆိုင်များက အပြင်မှယူလာသောအစားအသောက်များ စားသောက်ခြင်းကို လက်မခံပါ။)

စားသောက်ပြီးတော့ သိပ်အချိန်ဖြုန်းမနေတော့ဘဲ ခဏနားကာ ဆက်ထွက်ခဲ့ကြ၏။ မန္တလေးသို့ နေ့လည် ၂ နာရီ မခွဲခင် ၀င်လာပါသည်။ ရောက်တော့ ကိုခင်မောင်စိုးဆီဖုံးဆက်ကာ တည်းခိုမည့် ဟော်တယ်သို့သွား၊ အထုပ်အပိုးများချ။ ပြန်ထွက်ကြ ၏။ သူက အကောင်းဆုံးကော်ဖီဆိုင် လိုက်ပို့မယ်ဆိုကာ ဆိုင်တစ်ဆိုင်လိုက်ပို့ပါသည်။ ကျွန်တော်က ကိုအောင်သန်းဆီ ဖုံးဆက်ကာ ဆိုင်လာဖို့ ချိန်းလိုက်၏။ သူလာတော့ စကားစနေပြော၏။ သူက ကျွန်တော် စင်ကာပူမှကလေးများအတွက်  မြန်မာစာသင်တန်း လုပ်ပေးနေတာ သိတော့ မြန်မာသင်ပုန်းကြီးပေးချင်ပါသည်။ အိမ်လာခဲ့ပါဟုမှာကာ ပြန်သွားသည်။

လာချပေးသည့်ကော်ဖီသောက်ကြည့်လိုက်တော့ . . . ကောင်းလိုက်တာခင်ဗျာ။ ကျွန်တော်သောက်ခဲ့ဖူးသည့် ကော်ဖီများ အနက် အကောင်းဆုံးဖြစ်သည် ဟု ညွှန်းချင်ပါသည်။ ကျွန်တော်က ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးသူဖြစ်ရာ ကော်ဖီ တော်တော်များများ သောက်ဖူးပါသည်။ ယခု ကော်ဖီမှာမူ အကောင်းဆုံး ဖြစ်၏။ ကော်ဖီဆိုင်နာမည်မှာ Unique Mandalay ဖြစ်ပြီး တည်နေရာမှာ လမ်း ၇၀ (၂၇၊ ၂၈ လမ်းကြား) ဖြစ်ပါသည်။ မိတ်ဆွေများကြုံလျှင် သွားသောက်ကြဘို့ ညွှန်းလိုက်ရပါ ၏။ လိုက်ပို့ပေးသော ကိုခင်မောင်စိုးကို အထူးကျေးဇူးတင်ပါသည်။

သူတို့ Facebook Link မှာ https://www.facebook.com/uniquemdytearoom/  ဖြစ်၏။

ထို့နောက် ကိုအောင်သန်း၏ သုမင်္ဂလပုံနှိပ်တိုက်သို့ဝင်ပြီး သူပေးသောစာအုပ်များယူရင်း စကားစနေပြောကြ၏။ ကျွန်တော်က မြန်မာနိုင်ငံတွင် နက္ခတ္တဗေဒဆိုင်ရာစာအုပ်စာတမ်းများ ရှားပါးမှုကြောင့် နက္ခတ္တဗေဒစာအုပ်ရေးရန် ကြံရွယ်ပြီး စာအုပ်များ စုနေကြောင်းပြောရာ သူက ဆရာဦးအေးဝင်းကျော် ပြင်ဦးလွင်မှာရှိပါသည်။ သူ့ဆီရောက်အောင်သွားပါဟု ညွှန်းပြီး ဖုံးနံပါတ် ပေးလိုက်သည်။ (ပြင်ဦးလွင်မှာရှိစဉ် ကျွန်တော်ဆရာ့ဆီဖုံးဆက်တော့ ဧည့်သည်များရောက်နေလို့ အိမ်မှာမရှိပါ ဆို၏။ ကျွန်တော်ကလည်း သင်တန်းကတဖက်၊ နေရမဲ့အချိန်ကလည်းနည်းဆိုတော့ ဆရာနှင့် မတွေ့ဖြစ်လိုက်တော့ပါ။ ကျွန်တော် ငယ်စဉ် ဗိုလ်ချုပ်ဈေးအပေါ်ထပ်မှာ ဝေဒသင်တန်းတက်တုံးက ဆရာက နက္ခတ္ဆဗေဒ သင်ပေးတာဖြစ်ပါသည်။)

ထို့နောက် မန္တလေးတောင် တက်ကြသည်။ မန္တလေးတောင်မရောက်မီ မြို့ရိုးတစ်နေရာတွင်ရပ်ကာ ဓာတ်ပုံရိုက်ကြ၏။ နန်းမြို့ရိုးကြီးကိုကြည့်ရတာ ၀မ်းနည်းသလိုလို ရှိလိုက်ပါဘိတော့။ ကျွန်တော့်စိတ်အာရုံတွင် ဆရာမြသန်းတင့်၏ “တောင်သမန်ရွှေအင်းက လေညင်းဆော်တော့” ထဲမှာ ဖော်ပြထားသည့်အတိုင်း စုဖုရားလတ်၊ တိုင်တားမင်းကြီး၊ ကင်းဝန်မင်းကြီး၊ ပြင်သစ်သူလျှိုများ၊ ဗြိတိသျှသူလျှိုများ နန်းတော်တွင်း ခြေချင်းလိမ်ကာ ကိုယ်စီအကျိုးစီးပွားအတွက် ရှုပ်ရှက်ခတ်နေပုံများကို တရေးရေး မြင်ယောင်မိနေလေသည်။

ကျွန်တော်တို့က ခုခေတ်မှ စစ်ဗိုလ်ချုပ်ကြီးတွေ သစ်တောတွေကို ပြောင်သလင်းခါအောင် ရောင်းစားတာကိုမြင်ကြဖူးတာ ဖြစ်သည်။ အမှန်တွင် မင်းတုံးမင်းတို့ခေတ်ကတည်းက မြန်မာဝန်ကြီးများက အင်္ဂလိပ်တို့ကို သစ်လုံးတစ်လုံးလျှင် လေးငါးကျပ် မျှဖြင့် တစ်တောလုံး၊ အပြတ်ရောင်းစားခဲ့ကြတာ ဖြစ်၏။ လူရှေ့သူရှေ့ရောက်လျှင် လူကြီးလူကောင်းယောင် ဆောင်တတ်သည့် အင်္ဂလိပ်များသည်လည်း လူလစ်လျှင် ခိုးတာသာ ဖြစ်ပါသည်။ ထိုခေတ်က မြန်မာသစ်တောအရာရှိများကို ရွှေတိုငွေစများ ပေးကမ်း၍ ဗြိတိသျှတို့သည် မြန်မာသစ်တောမှ ကျွန်းသစ်လုံးကြီးများကို တန်ထောင်ပေါင်းများစွာ ခိုးထုတ်ခဲ့လေသည်။ သူခိုးက ခိုးတယ်ပြောတော့ နာသေးသည်။ သူတို့ခိုးသည့်သစ်များအတွက် လျော်ကြေးတောင်းတော့ အလျော်တောင်းရ ပါမလားဟု ရွှေစိတ်တော်ဆိုးကာ မြန်မာထီးနန်းကိုသိမ်းပိုက်ရန် ပြဿနာရှာခဲ့တာ ဖြစ်သည်။

ကျွန်တော်တို့အဖြစ်မှာ ဟိုတလောက ကြားလိုက်ရသည့် သတင်းကဲ့သို့ဖြစ်၏။ အိမ်ကိုသူခိုးဝင်ခိုးတာကို သူခိုးသူခိုး အော်မိလို့ သူခိုးကအိမ်ရှင်ကို ဓားနှင့်ထိုးသွားသည့် ဖြစ်ရပ် ဖြစ်သည်။

သို့သော် အင်္ဂလိပ်တို့က ယခုခေတ်လူများနှင့်စာလျှင် အတော်အတန် ဥပဒေကို လေးစားလိုက်နာသေးသောကြောင့် ခုတ်သင့်သည့်သစ်များကိုသာ ခုတ်ခဲ့၍ သည်မျှ တောမပြုန်းခဲ့ခြင်း ဖြစ်လေသည်။ ယခုခေတ် လောဘသားများကား သစ်ပင်မျှသာမက အမြစ်ကိုပါ တူးယူလေသည်။ ပုခုံးပေါ်မှ အပွင့်တွေ အခက်တွေနှင့် သူတို့ကိုယ်သူတို့ လူကြီးဟု ကင်ပွန်းတပ်ထားသူများမှာ သူတို့ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် ချမ်းသာရေးက လွဲ၍ တခြားဘာမှ ခေါင်းထဲ ထည့်မထားသူများ ဖြစ်သဖြင့် မြန်မာနိုင်ငံကြီးမှာ ယခုအခါ ကျွန်စုပ်ပစ်သည့် သရက်စေ့ကဲ့သို့ ဖြစ်နေလေပြီ။

လမ်းတစ်လျှောက် မြင်နေရသည့် တောင်ကတုံးများကို လက်ညှိုးညွှန်ပြလျှက် ဟောဒီတောင်တွေဟာ တချိန်တုံးက သစ်ကြီး ၀ါးကြီးတွေနဲ့ ပြည့်နေတာပေါ့ကွာ။ အခုတော့ သစ်ပင်ဆိုလို့ တစ်ပင်မှ မရှိတော့ဘူး။ အဲဒီတောင်ကတုံးတွေကို သစ်ပင်တွေနဲ့ ပြန်ပြည့်လာအောင်လုပ်ဖို့ ဖေဖေတို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်ကွ ဟု သားကိုပြောပြသည်။ သူနားလည် မလည်တော့မသိ။


မန္တလေးတောင်သည်လည်း ကျွန်တော်တို့ ငယ်ငယ်ကနှင့် မတူတော့။ တောင်ပေါ်ရောက်သည်ထိ ကားမောင်းတက်လို့ ရနေလေပြီ။ မြွေကြီးနှစ်ကောင်မှာလည်း ယခင်ကလို တဲစုတ်ကလေးနှင့်မဟုတ်တော့ဘဲ နတ်ဘုံနတ်နန်းနှင့် တခန်းတနား ဖြစ်နေလေ၏။ ကြေးရုပ်မြွေကြီးကို ပုဝါစိမ်းပတ်ပေးကာ ပိုက်ဆံများ ထိုးကြသည်။ မြွေကြီးနှစ်ကောင်မှာ ငှက်ပျောပွဲ၊ အုန်းပွဲများနှင့် အတော့်ကို ဘုန်းတန်ခိုးကြီးနေလေသည်။ ဓာတ်ပုံရိုက်ဘို့တောင် တန်းစီယူရသည်။ ကျွန်တော့်မှာ ကြိတ်ကြိတ်တိုးနေသော လူများကိုကြည့်၍ ခေါင်းညိတ်နေမိ၏။







မန္တလေးတောင်ပြီးတော့ ဘုရားကြီး သွားဖူးကြသည်။ ဘုရားကြီးရောက်တော့ မှောင်နေပြီ။ ထို့နောက် ညစာစားကြ။ အိမ်ပြန် လက်ဆောင် ထိုးမုန့်လေး၊ လမုန့်ကလေးများဝယ်ကြ။ မန္တလေးသားများမှာ အလွန်ချွေတာကြလေသည်။ ဆေးကုန်မှာစိုး၍ လမ်းနာမည်များကို ကြီးကြီးမရေး။ လက်မလောက် စာလုံးလေးများနှင့် လက်တစ်ဝါးစာလောက်ရှိသော ပျဉ်ပြားလေးပေါ်တွင် ရေးထားလေ၏။ ကျွန်တော်တို့မှာ ဟဲ့၊ ဒါ ဘာလမ်းလည်း၊ ကြည့်ကြစမ်းပါအုံးဟဲ့ ဟု မနည်းပြူးပြဲရှာရသည်။

သည်တွင် ထူးဆန်းတာတစ်ခု တွေ့ရပြန်ပါသည်။ ဘာလမ်းလည်း မမှတ်မိတော့ပါ။ လမ်းမကြီးတစ်လျှောက်လုံး လမ်းခင်း နေတာ ဖြစ်၏။ လူအများ ဥဒဟိုသွားလာနေသည့် လမ်းမကြီးကို အပိုင်းလိုက်မခင်းဘဲ တစ်လျှောက်လုံးခင်းနေသဖြင့် လူများ၊ ကားများမှာ ကျောက်စရစ်များအပေါ် နင်းကာ သွားကြရသည်။ သည်လမ်းကို သည်လိုခင်းလျှင် လူတွေ သည်လိုသွားကြရ လိမ့်မည်ဟု နည်းနည်းကလေးမှ မတွေးတတ်သော သည်လမ်းခင်းသူ အင်ဂျင်နီယာ သို့မဟုတ် စည်ပင်လူကြီးများ၏ အမြော် အမြင်နည်းပုံ၊ ဆင်ခြင်တုံတရားမဲ့ပုံများကို ကျွန်တော့်မှာ သြချယူရပါပေသည်။

သည်လမ်းပေါ်တွင် ဆိုင်ကယ်များ၊ သွားများ သွားလာနေကြသည်။ အကယ်၍ ကားဘီးမှယက်ထုတ်လိုက်သော ကျောက်ခဲ တစ်လုံးစင်ကာ နောက်မှကားမှန်သို့သွားမှန်လျှင် မှန်ကွဲနိုင်သည်။ လမ်းသွားလမ်းလာသို့မှန်လျှင် ထိခိုက်ဒဏ်ရာ ရနိုင်သည်။ ဆိုင်ထဲမှထိုင်နေသူကို သွားမှန်လျှင် မျက်လုံးကန်းနိုင်သည်။

မန္တလေးမှလူများကတော့ ရိုးနေလေပြီ။ ကျွန်တော့်မှာမူ မန္တလေးကိုကြည့်ရတာ အသက်ရှူလို့ပင်မ၀။ လူများ၊ ဆိုင်ကယ်များ၊ ကားများမှာ သူတို့အထာနှင့်သူတို့ တိုးဝှေ့ သွားလာနေကြသည်။ ကျွန်တော် သူတို့သွားလာနေပုံများကိုကြည့်ကာ နားလည်အောင် မနည်းကြိုးစားနေရ၏။ ဟော်တယ်ပြန်ရောက်တော့မှ နားအေးပါးအေး နားရတော့သည်။ ပင်ပန်းသည်နှင့် ရေခဲသေတ္တာထဲတွေ့သည့် မြန်မာဘီယာတစ်ဘူးကို ကောက်မော့လိုက်သည်။ ဘီယာမှာ သိပ်မအေးသည့်တိုင် ပင်ပင်ပန်းပန်း နှင့် ဆိုတော့ သောက်လို့အရသာရှိလိုက်ပါဘိ။

ဆက်ပါဦးမည်။

အေးငြိမ်း