(၁)
စကား (၆) ခွန်း လူ၌ထွန်း၊ (၄) ခွန်းကိုပယ်၊ (၂) ခွန်းထယ်
- ဆိုတာ လူတိုင်းကြားဖူးကြပါလိမ့်မည်။
၁။ မှန်တယ်၊ အကျိုးရှိ၊ အပြောခံရသူလည်းကြိုက်နှစ်သက်။
၂။ မှန်တယ်၊ အကျိုးရှိ၊ အပြောခံရသူ မကြိုက်၊ မနှစ်သက်။
၃။ မှန်တယ်၊ အကျိုးမရှိ၊ အပြောခံရသူကြိုက်နှစ်သက်။
၎။ မှန်တယ်၊ အကျိုးမရှိ၊ အပြောခံရသူလည်းမကြိုက်၊ မနှစ်သက်။
၅။ မမှန်ဘူး၊ အကျိုးမရှိ၊ အပြောခံရသူကြိုက်နှစ်သက်။
၆။ မမှန်ဘူး၊ အကျိုးမရှိ၊ အပြောခံရသူလည်း မကြိုက်၊ မနှစ်သက်။
ပထမဆုံးဖြစ်သော ဟုတ်လည်းဟုတ်မှန်၊ အကျိုးလည်းရှိ၊ အပြောခံရသူလည်းနှစ်သက်ဆိုသည့်စကားမှာမူ
ဘာမှ ပြောစရာမလို။ အကောင်းဆုံး ဖြစ်တော့၏။
ဒုတိယစကား - မှန်လည်းမှန်ပါ၏။ အကျိုးလည်းရှိပါ၏။ သို့သော်
အပြောခံရသူကတော့ ကြိုက်မည်မဟုတ်။ သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ။ မှန်လည်းမှန်သည်၊
အကျိုးလည်းရှိသည်ဆိုလျှင်တော့ ပြောရမည်သာ ဖြစ်လေ သည်။ ကိုယ့်ကိုမုန်းသွားသည်ဖြစ်စေ၊
နောက်ဆုံး ချောင်းရိုက်ချင်လျင်သော်မှ ဆိုရေးရှိက ဆိုရမည်သာ ဖြစ်လေ၏။
ခြေထောက်ကျိုးနေသူကို ဟဲ့၊ အကျိုး ဟုဆိုပါက ခံနိုင်ပါမည်လား။
ကျိုးနေသည့်တိုင် အကျိုးဟု ခေါ်သည်ကိုမူ မည်သူမှ နှစ်သက်လိမ့်မည် မထင်ပါ။ ဟဲ့၊ အကျိုးဟု
ခေါ်လိုက်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းနိုင်ပါမည်နည်း။
မှန်လည်းမမှန် အကျိုးလည်းမရှိသည့်ကိစ္စကိုမူ ပရေပရော်အဖြစ်နှင့်မျှ
မပြောပါလေနှင့်။
မြန်မာစကားပုံများတွင် စကားနှင့်ပတ်သက်သောစကားပုံ တော်တော်များများရှိ၏။
နှုတ်ကြောင့်သေ၊ လက်ကြောင့်ကျေ ဆိုသည်မှာ တစ်စုံတစ်ယောက်နှင့်ရန်ဖြစ်ပြီး
ထိုးနှက်ကန်ကျောက်ကြပါက ခန္ဓာကိုယ် နာကျင်ကျေမွရုံသာရှိမည်။ အပြောမတတ်၍ စကားမှားသွားခဲ့သည်ရှိသော်
ထိုစကားကြောင့် အသက်ဆုံးရှုံးသည်ထိ ဖြစ်ရတတ်သည်။
စကားချိုစေ၊ သမားအိုစေ၊ မယားပျိုစေ။
နှုတ်ချို လျှိုတစ်ပါး - စသည့်စကားပုံတို့မှာမူ စကားကို ချိုချိုသာသာပြောသင့်ကြောင်း
ဆုံးမထားခြင်းဖြစ်၏။ စကားဟူသည် ရုန့်ရင်းကြမ်းတမ်းစွာပြောသည်ဖြစ်စေ၊ ချိုသာစွာပြောသည်ဖြစ်စေ
သည်စကားသာ ဖြစ်ပါသည်။ သို့ဆိုလျှင် သူများ မခံနိုင်သည့်အပေါက်ကို အဘယ်ကြောင့် ရှာပြောပါမည်နည်း။
သူမှားနေသည်ဖြစ်စေ အကျိုးသင့်အကြောင့်သင့် ချိုသာစွာ ရှင်းပြသင့်သည်သာ
ဖြစ်၏။ သို့နှင့်တောင်မှ ပြောမရဆိုလျှင်တော့ ပြောမနေပါနှင့်။ သူ့အကြောင်းနှင့်သူ လွှတ်သာထားလိုက်ပါ။
မြတ်စွာဘုရားသော်မှ ကျွတ်ထိုက်သူကိုသာ ချွတ်တာဖြစ်သည်။
ကြမ်းကျွံလျှင်နှုတ်လို့ရ၊ စကားကျွံလျှင် နှုတ်မရ - ဆိုသောစကားလည်း
ရှိသေး၏။ ဖေ့စ်ဘုတ်ခေတ်စားသော ယခုခေတ်မှာ ပိုလို့ဆိုးသေးသည်။ စကားတစ်လုံးမှားသည်ဖြစ်အံ့။
ဖေ့စ်ဘုတ် တံတွေးခွက်ထဲ ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်သွယ် မျောသွားလိမ့်မည်။
စကားစကားပြောပါများ၊ စကားထဲက ဇာတိပြ - ဟူသော စကားသည်လည်း
ရှိ၏။ လူတစ်ယောက်၏အကြောင်းကို သူ့ပြောစကားများကြည့်ပြီး ဆုံးဖြတ်နိုင်သည်။ သူ ဘယ်လိုလူမျိုးဖြစ်သည်ကို
သူပြောသည့်စကားများက ဖော်ပြနေ၏။ များများပြောလေ များများသိလေဖြစ်သည်။ ဖေ့စ်ဘုတ်ဟူသည်
လူပေါင်းစုံတို့ အတင်းအဖျင်းပြောကြရာ နေရာဖြစ်၍ ဖေ့စ်ဘုတ်မှတစ်ဆင့် သြော် - သူကတော့
ဒီလိုပါလား ဟု သိနိုင်လေသည်။
(၂)
ယခု ဖေ့စ်ဘုတ်တွင် ပွက်လောရိုက်နေသည့်ကိစ္စကိုကြည့်ပြီး ကျွန်တော်
အတော် စိတ်ပျက်မိ၏။
တောက ကျွန်တော့်ကြီးတော်များပြောသလိုပြောရလျှင် မ၀ှာရမှာကို
ဝှာနေကြသည်။
ဤကဲ့သို့ တစ်ယောက်တပြန် အပြန်အလှန် အ,မနာပ ပြောနေကြခြင်းဖြင့်
အဘယ်အကျိုးရှိအံ့နည်း။
ဘုန်းကြီးများဘက်ကရော လူများဘက်ကပါ အားကျမခံ အပြန်အလှန် တုတ်နေကြသည်မှာ
တလောကလုံး ဗွက်ပေါက်လျှက် ရှိလေသည်။
လူအပေါင်းတို့သည် မိမိတို့ ဘယ်လိုလူစားဖြစ်သည်ကို သည်နေရာတွင်
အသားကုန် ကြေငြာကြလေကုန်သတည်း။
ထိုအဖွဲ့ကို၊ ထိုအဖွဲ့ဝင်များကို မနှစ်သက်ဟုဆိုအံ့။ ၎င်းတို့ကို
ပစ်ထားလိုက်ပါ။ မည်သူမှ ဆေးဖော်ကြောဖက်မလုပ်လျှင် သူ့အလိုလို သေသွားပါလိမ့်မည်။ ကိုယ်ကအဖက်လုပ်ပြောလေ
သူတို့က ပို ရောင့်တက်လာလေသာ ဖြစ်ပေမည်။
ယခုတော့ ဆရာကြီးများရော၊ ဆရာလတ်များပါမကျန်၊ ဆရာလေးများအားလုံး
သည် အဆဲပွဲတော်ကြီးတွင် ပျော်ပျော်ကြီး ပါဝင်ဆင်နွှဲနေကြလေသည်။
ပို၍ စိတ်ပျက်မိသည်မှာ ကျွန်တော့်ကိုယ် ကျွန်တော်ဖြစ်၏။
အနှီ အဆဲစာများကို ဖတ်နေခြင်းဖြင့် ကျွန်ုပ်အတွက် ဘာမှ အကျိုးမရှိမှန်း
မသိမဟုတ်၊ သိသည်။
သို့နှင့်တောင်မှ ထိုကိစ္စများတွေ့လျှင် မဖတ်ရမနေနိုင် လိုက်ဖတ်လျှက်
အလကားအချိန်ဖြုန်းနေမိလေသည်။
ကျွန်တော့်တွင် လုပ်စရာများစွာရှိ၏။
ရန်ကုန်တွင် သြဂုတ်လဆန်း၌ Train The Trainer သင်တန်းပေးရန်
ကြေငြာထား၏။ တကယ်လည်း အပီအပြင် လုပ်မှာ ဖြစ်သည်။ သို့သော် ပထမသုံးရက်စာသင်တန်းအတွက်
slide presentation များပြင်နေတာ တစ်ရက်စာတောင် မပြီးသေး။
သားက AEIS စာမေးပွဲကို စက်တင်ဘာ တတိယပတ်တွင်ဖြေရမည်။ အသက်တစ်နှစ်ကြီးသွားတော့
P2/P3 အတွက် လျှောက်လို့မရ။ P4/P5 ဖြစ်သွားသည်။ ကျွန်တော် အတော်လေး သေချင်စော်နံသွား၏။
ထို့အတွက်လည်း စာမလုပ်ချင်သည့် သားကို အတင်းတွန်းကာ စာသင်ပေးနေရပြန်သည်။
ဆိုဒ်ထဲတွင် ဘင်းဂလားလေးကို မိုးကြိုးပစ်သေသည့်ကိစ္စနှင့်
MOM ကလည်း မင်းတို့ အဆင်သင့်ပြင်ထားပါ။ ငါတို့ လာစစ်မယ် ဟု မကြာခဏ ဓားကြိမ်းကြိမ်းနေရာ
သည့်အတွက်လည်း အလုပ်ထဲတွင် ပြေးဟယ်လွှားဟယ်နှင့် မသက်သာလှ။
ပြေးဟယ်လွှားဟယ်နှင့် လုပ်နေရင်းမှ ဟိုအဖွဲ့ကို ဆဲထားသည့်စာများအားလည်း
မနေနိုင်မထိုင်နိုင် အပြေးအလွှား ဖတ်နေလေသေးရာ ကျွန်ုပ်မှာ ကိုယ့်ကိုယ်ကိုယ်သာ နာနာ
ကျိန်ဆဲမိလေတော့သည်။
(၃)
စင်ကာပူတွင် တစ်ယောက်ယောက်ကို အသားရေဖျက်သည်ဖြစ်အံ့။ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင်
မဟုတ် တန်းလျားများရေးသည်ဖြစ်အံ့။ ထိုသူကို Defamation Act ဖြင့် တရားစွဲနိုင်လေသည်။
စင်ကာပူဝန်ကြီးချုပ်ကို CPF ပိုက်ဆံ များ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲသဖြင့် တရားစွဲခဲ့ဖူးလေပြီ။
ကျွန်တော့်ဆန္ဒကိုပြောရလျှင် သည်ဥပဒေမျိုး မြန်မာပြည်မှာ မြန်မြန်ပေါ်စေချင်လှပြီ။
မြန်မာပြည်မှ လူကြီးများမှာ အလွန် သဘောမနောကောင်းကြရကား လူအပေါင်းတို့မှာ
လွတ်လပ်စွာဆဲဆိုခွင့်တည်းဟူသော လူ့အခွင့်အရေးကြီးကို နေ့ရောညပါ အပြည့်အ၀ အသုံးချလျက်ရှိသတည်း။
တစ်ယောက်စကား၊ တစ်ယောက်နားမှာ
မခါးရအောင်၊ သတိဆောင်၍
မောင်တို့ဆိုလေ၊ ပျားသကာသို့
ချိုလှစေ။
မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်
မျက်မာန်ဒေါသ၊ မထွက်ရအောင်
မာန်မာနကို ချုပ်ကြလေ။
ကျွန်ုပ်၏မိတ်ဆွေအပေါင်းတို့သည် မာန်မာနကို ချုပ်တည်းကြလျက်
မှန်ကန်ပြီး အကျိုးရှိသောစကားကိုသာ ပြောဆိုကြသူများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ပါသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၀ ဇူလိုင်၊ ၂၀၁၆၊ ည ၁၁း၃၁ နာရီ
No comments:
Post a Comment