Tuesday, July 12, 2016

မေဒေးနေ့ စာပေဟောပြောပွဲ

(၁)

အကျွန်ုပ် မြန်မာဖြစ်ရခြင်းကို ကျေနပ်ရသည့်အချက်များထဲတွင် တစ်ခုမှာ မြန်မာယဉ်ကျေးမှု၌ စာပေဟောပြောပွဲတည်း ဟူသော အလေ့အထ ရှိခြင်းပင်ဖြစ်၏။ အခြားယဉ်ကျေးမှုများတွင်တော့ မပြောတတ်။ တရုတ်ပြည်တွင်မတော့ စာပေဟောပြောပွဲ မရှိမှန်း သိရ၏။ ရုရှားတွင်တော့ ကဗျာရွတ်ပွဲများ ရှိသည်ဟု ဖတ်ဖူးပါသည်။ ကျွန်တော်လည်း မြန်မာပြည်တွင် ကဗျာရွတ်ပွဲများ ရှိစေချင်လှ၏။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာထောင့် လေးချိုးကြီးများ၊ ကျွန်တော် အလွန်နှစ်သက်လှသော ရှင်မဟာရဋ္ဌသာရ၏ ကဗျာများ၊ ခေတ်ပေါ် သံချိုလေးချိုးကဗျာများ၊ ဦးပုည၏ မေတ္တာစာများ ရွတ်ဆိုပွဲများ ဖြစ်စေချင်လှ၏။ အခွင့်ရလျှင် စင်ကာပူ၌ ကဗျာရွတ်ပွဲများ ကျင်းပပါမည်။ ၀ါသနာတူသူ မိတ်ဆွေတို့ကို ဖိတ်ကြား ပါမည်။ ကျွန်တော်တို့ IOSS Training Centre တွင် ပြုလုပ်နိုင်၏။ တစ်ခါက ကျွန်တော်တို့လည်း ပညာဒါနတွင် ကဗျာရွတ်ပွဲ တစ်ခု လုပ်ခဲ့ဖူးပါသည်။ နောက်ပိုင်း အလုပ်ရှုပ်တာနှင့် ကဗျာရွတ်ပွဲ မပြောနှင့်။ ဖတ်ဖို့တောင် ကားပေါ်၊ ရထားပေါ်မှာ ကပျာကသီ ဖတ်ရတာမျိုးဖြစ်၏။

အလုပ်သာအသည်းအသန်မရှုပ်လို့ကတော့ ကျွန်တော်စာပေဟောပြောပွဲများသို့ သွားရောက် နားထောင်လေ့ရှိပါသည်။ (လုပ်စရာတွေမပြတ်သေး၍ နိဗ္ဗာန်သို့ မရောက်လိုသေးသောကြောင့် တရားပွဲများကို တစ်နှစ်နေလို့ တစ်ခေါက်မရောက်တာ ကိုတော့ ၀န်ခံရပါမည်။) ယခင်ကာလ ယခုလို စမတ်ဖုံးများ၊ ရီကော်ဒါများမပေါ်ခင်က စာရေးဆရာများဟောသည်ကို ကျွန်တော် မှတ်စုဖြင့် ရသလောက် လိုက်မှတ်ထားလေ့ရှိ၏။ ယခုတော့ ဟန်ကျသည်။ ဖုံးကလေးဖွင့်ကာ အသံဖမ်းထား လိုက်လျှင် ကိစ္စပြီး၏။ နောက်ပြီး အင်တာနက်တွင်တင်လိုက်ခြင်းဖြင့် အခြားသူများကိုပါ ဝေမျှနိုင်သေးသည်။ ပိုက်ဆံ တစ်ပြား မှ ကုန်စရာမလို။ ဟန်ကျသဗျာ။ အဲသည် စမတ်ဖုံးတို့၊ အင်တာနက်တို့၊ ဖွဘုတ်တို့ တီထွင်ခဲ့သော မောင်မင်းကြီးသားများ၏ ကျေးဇူးကား ကြီးမားလှပေစွ။ ကျွန်ုပ်သည်ကား ၎င်းတို့ကဲ့သို့ လူသားတို့အတွက် ဘာတစ်ခုမှ တီထွင်မပေးခဲ့နိုင်သေး။

(၂)

အဖြူရောင်လက်များအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၁၆ မေဒေးနေ့က စင်ကာပူတွင် စာပေဟောပြောပွဲကျင်းပခဲ့၏။ ဆရာမခင်ခင်ထူး၊ ဆရာနေ၀င်းမြင့်၊ ဆရာချစ်ဦးညို၊ ဆရာမောင်သာချိုတို့ ဟောပြောကြ၏။ Kreta Ayer People’s Theatre တွင် မနက် ၁၀း၄၅ မှ ညနေ ၅း၃၀ နာရီထိ ကျင်းပခဲ့သည်။ တက်ရောက်လာသော ပရိသတ်လည်း မနည်းလှပါ။ ထို့မျှသာမက အနည်းအကျဉ်းမှ လွဲ၍ ထို ခန်းမပြည့်လုနီး ပရိသတ်မှာ မနက်ကနေ ညနေထိ တောက်လျှောက်ထိုင်ကာ နားထောင်နေကြတာ ဖြစ်၏။ ကျွန်ုပ်တို့ ကိုမြန်မာများ၏ စာပေချစ်စိတ်ကား သြချယူရလောက်ပါပေ၏။

ပထမ ဆရာမခင်ခင်ထူး ပြော၏။ ထုံးစံအတိုင်း အညာဒေသအကြောင်း ပြောပါသည်။ ဆရာမြသန်းတင့်၏ တမာနုချိန်စစ်တမ်း တောင်ပါလိုက်သေး။ ကျွန်တော်က အညာမှမဟုတ်ပါ။ သို့သော် ဆရာ၏ တမာနုချိန်စစ်တမ်း ကို ကျွန်တော် ကြိုက်လှသည်။ ဆရာကဲ့သို့ပင် ကျွန်တော်လည်း မွေးခဲ့သည့် ရိုးမတောင်ခြေမှ အလွန်ရိုးသားသော ရွာကလေးကို လွမ်းပါသည်။ ငယ်ငယ်က စားခဲ့ရသော တောဟင်းလျာများကို လွမ်းပါသည်။ ထိုအကြောင်းများကို တောလွမ်းချင်း ဟူ၍ အက်ဆေး ရှည်ကြီးတစ်ပုဒ် ရေးခဲ့ဖူးသေး၏။

ယခု ဆရာမ ပြောသည့်အထဲမှ မှတ်သားစရာများကို ထုတ်နုတ်ဖြော်ပလိုက်ပါသည်။

ဖေ့စ်ဘုတ်တွင် ယခုကာလ သုံးနေကြသည်များမှာ မြန်မာစကားနှင့်စာကို ဖျက်၍ သုံးနေကြသည်။ အစ်ကိုကြီးကို ကွီး၊ ညီမလေးကို ညလေး ခေါ်တာ ပြဿနာမရှိ။ သို့သော် ကြောက်လိုက်တာကို ကြောက်လက်တာ၊ သွားလိုက်ဦးမယ်ကို သွားလက်ဦးမယ် စသဖြင့် တွင်တွင်ကျယ်ကျယ် သုံးနေကြလျှင် လူငယ်များအကြား ထိုစကားလုံးကို အမှန်ဟု ထင်သွားမည့် အန္တရာယ်ရှိသည်။

ကျွန်ုပ်တို့သည် မိမိဘာသာစကားကိုမိမိ တန်ဘိုးထား လေးစားကြရန်လို၏။ စကားလုံးများကို နော့ပြီး၊ ကညော့ပြီး မသုံးကြရန်၊ သုံးလျှင်တောင် အမှန်နှင့်တွဲသုံးကြရန် လိုပါသည်။

ဆရာမတစ်ယောက် တင်ထားသော ဖေ့စ်ဘုတ်ပို့စ်တစ်ခုတွင် ဆရာ ဆရာမများအတွက် ရာထူးတိုးစာမေးပွဲစစ်သည့် စာမေးပွဲ၌ အဖြေလွှာများတွင် တလွဲဖြေထားသည်များကို အောက်ပါအတိုင်းတွေ့ရသည် ဆို၏။

ငုတ်မိသဲတိုင် - (တက်နိုင်ဖျားရောက် လို့ ဖြည့်ရမှာကို) - ရေမနစ်နိုင်။
တော်သလင်းမြစ်တွင် - (သင်ဖြူးခင်း လို့ ဖြည့်ရမှာကို) - ဆီမီးထွန်း။
ခွေးလေးခုန်လို့ - (ဖုံမထလို့ ဖြည့်ရမှာကို) - ခြေမကျိုး။ - အမြီးတနံ့နံ့။
တပေါင်းလည်းကူး - (မိုးသားကြူး လို့ ဖြည့်ရမှာကို) - ခွေးလည်းရူး။
တောမီးလောင် - (တောကြောင်လက်ခမောင်းခတ် လို့ ဖြည့်ရမှာကို) - တောကောင်ပြာကျ။
ဥစ္စာဟူသည် - (မျက်လှည့်မျိုး လို့ ဖြည့်ရမှာကို) - သေလျှင် ကိုယ့်နောက်မပါ။

ဤသည်ကိုကြည့်ခြင်းဖြင့် မြန်မာစာနှင့်စကား၏အခြေအနေ အတော်ဆိုးနေပြီဖြစ်ကြောင်း ရိပ်မိနိုင်ပါသည်။
ကျမတို့ မြန်မာစကားဟာ ကျီတောင်းပုတ်တောင်းကြီးနဲ့ အပြည့်ရှိပါတယ်။ အဲဒါကို အခုတော့ စလယ်တောင်းလေးတွေနဲ့ ခပ်သုံးတယ်။ စလယ်တောင်းနဲ့ခပ်တာတောင် ပဲ့ပဲ့ကျနေသေးတယ်။ အဲဒါကို ကျမတို့ ထိန်းသိမ်းဘို့လိုပါတယ် - ဟု ဆရာမက ပြောပါသည်။

ချစ်စေလို ခံတွင်းလက်လေးသစ်။ မုန်းစေလို ခံတွင်းလက်လေးသစ် လို့ ရှိပါတယ်။ အခုအချိန်မှာ တိုင်းပြည်ဟာ အင်မတန် ထိလွယ်၊ ရှလွယ်ဖြစ်နေတဲ့အချိန်ပါ။ ကိုယ့် စတေးတပ်စ်တွေတင်တဲ့အခါမှာလည်း သတိထားပြီး တင်ကြပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားကြပါ။ အမုန်းပွားမဲ့စကားတွေ မပြောကြပါနဲ့။

မအိမ်ကံ - ၀တ္ထုမှရလိုက်သော သင်ခန်းစာ
လောကမှာ အမုန်းတွေ၊ အငြိုးတွေ၊ အာဃာတတွေရှိနေသမျှ ဘယ်သူမှ မနိုင်နိုင်ပါဘူး။ နှစ်ဘက်စလုံးနိုင်ဘို့အတွက် လက်နက်က မေတ္တာတည်းဟူသော လက်နက်သာ ဖြစ်ပါတယ်။ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် မေတ္တာမပါရင် မအောင်မြင်နိုင်ပါဘူး။

ဆရာမပြောတာ တစ်နာရီ မိနစ် ၂၀ ခန့်ကြာပါသည်။ ဆရာမပြောပြီးနောက် ဆရာ နေ၀င်းမြင့်ပြောသည်။ သူက အဆိုတော်ဆိုတော့ ဆိုလိုက် ပြောလိုက်။ နားထောင်ရတာ အရသာရှိလှပါဘိ။

ပဋိရူပဒေသ၀ါသောစလို့ ဘုရားရှင်ဟောတဲ့အတိုင်း လူတွေဟာ ကိုယ်နဲ့လျောက်ပတ်တဲ့အရပ်မှာနေရတယ်။ ဒါပေမဲ့
ရုရှားကဗျာဆရာတစ်ယောက်က ဆိုတယ်။
Don’t forget your way back home. Drink your fill of fragrant foam.
အမြှုပ်တဖွေးဖွေးနဲ့ သင်းပျံ့တဲ့ယမကာကိုတော့မင်းသောက်ပါ။ ဒါပေမဲ့ မင်း အိမ်ပြန်လမ်းတော့ မမေ့ပါနဲ့ တဲ့။
ကိုယ်နဲ့လျောက်ပတ်တဲ့အရပ်မှာနေပါ။ ဒါပေမဲ့ ကိုယ့်ဇာတိကိုတော့ မမေ့ကောင်းပါဘူး။

နိုင်ငံတော်သီချင်းစပ်ဘို့ ၀ိုင်အမ်ဘီသခင်တင်ကို တာဝန်ပေးကြတယ်။ ကြီးကြပ်ပေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့  အလင်္ဂာာ ကျော်စွာ စောင်းဦးဘသန်း၊ ဆရာကြီး ဒီးဒုတ်ဦးဘချို၊ ဆရာဇော်ဂျီ၊ ဆရာဦးခင်ဇော်စတဲ့ ဂီတကိုကျွမ်းကျင်တဲ့ ပုဂ္ဂိလ်တွေနဲ့ ၃ မိနစ်စာ အမျိုးသားသီချင်းကို ပြဌာန်းနိုင်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကျဆုံးဘို့ တစ်လအလို ၁၉၄၇ ဇွန်လ မှာ ပြဌာန်းခဲ့တာ။

ပညာကြီးဘို့လည်းလိုတယ်။ မေတ္တာကြီးဘို့လည်း လိုတယ်။ ပညာနိုင်ငံတော် မေတ္တာနိုင်ငံတော် တည်ဆောက်ကြရမယ်။ ပညာကြီးမှ တခြားနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ထင်သလိုဝင်ကြဲနေတဲ့ဘေးက လွတ်မယ်။ တခြားနိုင်ငံရောက်နေတဲ့အခိုက် ပညာတွေ ရသလောက်ယူခဲ့ကြပါ။

ဆရာနေ၀င်းမြင့်ပြောတာလည်း ၁ နာရီ ၂၀ လောက်ကြာသည်။ သူ့နောက်တော့ ဆရာချစ်ဦးညိုပြောသည်။
ဆရာက စာပေဟောပြောပွဲများ ဖြစ်ပေါ်လာပုံအကြောင်း သမိုင်းကို ရှင်းပြ၏။

၁၉၃၉ နဲ့ ၄၀ အကူးမှာ ကမ္ဘာကျော် စာရေးဆရာကြီး H.G. Wells ရန်ကုန်ကိုလာလို့ မြန်မာစာရေးဆရာ အယောက် ၄၀ လောက် ရန်ကုန်၊ ဘုတ်ကလပ်မှာ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံတယ်။ (အရင်က စာရေးဆရာတွေ အခုလို တစုတစည်း တည်း တခါမှ မတွေ့ဖူးဘူး။ ဒါပထမဆုံး အကြိမ်တွေ့ကြတာ။) အဲဒီပွဲကို ဖိတ်တာက ကိုညိုမြ ပဲ။ ဒါပေမဲ့ ကိုအောင်ဆန်းကို ဖိတ်ဖို့ မေ့သွားတယ်။ လဖက်ရည်ပွဲကို ကိုအောင်ဆန်း ရောက်လာတယ်။ ဓာတ်ပုံစုရိုက်ကြတော့ သူမပါဘူး။ သူ့က ဖိတ်ထားတဲ့သူမဟုတ်လို့ ဆိုပြီး ဓာတ်ပုံဝင်မရိုက်ဘဲ ပြန်သွားတယ်။

နောက်နှစ် ၁၉၄၀၊ ဆရာကြီးပီမိုးနင်းကွယ်လွန်ချိန်မှာ စာရေးဆရာတွေ ဆုံကြပြန်တော့ ဒို့စာရေးဆရာအသင်းလေးဘာလေး လုပ်ဦးမှဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိကြဘူး။ ၁၉၄၂ ကျတော့ ဂျပန်ခေတ်ဖြစ်နေပြီ။ သူ့အဖွဲ့နဲ့သူ ဘာသာပြန်လုပ်ငန်း စသဖြင့်တော့ လုပ်နေကြတယ်။ ၁၉၄၂ - ၄၃ လောက်ကြတော့ ကွမ်းခြံကုန်းမှာရှိနေတဲ့ ပညာတံခွန်အသင်းရဲ့ ဥက္ကဖြစ်တဲ့ ဆရာကြီးမင်းသုဝဏ်က ဂျပန်ခေတ်မှာ ငါတို့ဘာလှုပ်ရှားမှုမှ မရှိဘူး။ လှုပ်ရှားမှုတစ်ခု လုပ်ကြရအောင်ဆိုပြီး စလေဦးပုညနေ့ လို့ တစ်နေ့သတ်မှတ်ပြီး လှုပ်ရှားမယ်။ ကျင်းပမယ်လို့ ရန်ကုန်ကို လှမ်းအကြောင်းကြားတော့ တခြားစာရေးဆရာတွေက တစ်ယောက်ထဲတော့မလုပ်နဲ့ စာဆိုတော်တွေအားလုံးပါအောင် စာဆိုတော်နေ့လို့လုပ်မယ်။ ဒါနဲ့ စည်းဝေးပွဲမှာ  ဂျာနယ်ကျော် ဦးချစ်မောင်က နတ်တော်လဆန်း ၁ ရက် နေ့ကို စာဆိုတော်နေ့လို့ သတ်မှတ်ရအောင်လို့ အဆိုတင်သွင်းလို့ နောက်နှစ် ၁၉၄၄ က စပြီး စာဆိုတော်နေ့လို့ ဖြစ်လာတယ်။ အဲဒီ ပထမဆုံး စာဆိုတော်နေ့မှာ စာရေးဆရာတွေ ပြဇာတ်ကတယ်။ ၀ိဇယပြဇာတ် ကတယ်။ ရေးတာက စလေဦးပုည။ အဲဒီတုံးက စာပေဟောပြောပွဲတွေ မရှိသေးဘူး။ ရံပုံငွေရှာဘို့အတွက် ပြဇာတ်တွေ ကကြတယ်။

နောက်တော့ စာဆိုတော်နေ့မှာ စာပေဟောပြောပွဲတွေ ကျင်းပကြတယ်။ ခုတော့ နတ်တော်လဆန်း ၁ ရက်နေ့တင် မဟုတ်တော့ဘူး။ တောက်လျှောက် စာပေဟောပြောပွဲတွေ ကျင်းပနေကြပြီ။

(နောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်လာပုံအကြောင်း ပြောပြ၍ စာထောင့်လေးချိုးကြီးတစ်ပုဒ် ရွတ်ပြပါသည်။ လေးချိုးကြီးက ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးသာပ အစချီ - အညာမင်္ဂလာဆောင်လေးချိုးကြီး ဖြစ်ပါသည်။)

သည်လေးချိုးကြီးကို ကျွန်တော်ခပ်ငယ်ငယ်ကတည်းက အလွတ်ရခဲ့တာ ဖြစ်ပါသည်။ သို့သော် သည်လေးချိုးကြီးကို နိမိတ်ပုံ များဖြင့် ရေးခဲ့တာမှန်း မသိခဲ့။ အညာက မင်္ဂလာဆောင်တစ်ခုကို ဖွဲ့ထားတာဟုပဲ ထင်ခဲ့သည်။ ယခု ဆရာရှင်းပြတော့မှ အဘိုးသခင်ကိုယ်တော်မှိုင်းကို အလွန်လေးစားမိရတော့၏။

လေးချိုးကြီးက - ကျွန်တော်တို့တိုင်းပြည်၌ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက် သယံဇာတတွေ အလျှံပေါကြွယ်ဝခဲ့သည်။ ထို သယံဇာတများမှာ အင်္ဂလိပ်အစိုးရတို့ကြောင့် ကုန်ခမ်းသွားခဲ့ပြီ - ဟု ဆိုလိုရင်းဖြစ်သည် တဲ့။

(အောင်မယ်လေးခင်ဗျာ။ ကျွန်ုပ်တို့ပထွေး အင်္ဂလိပ်မင်းများ လုပ်သွားတာ ဘာဟုတ်သေးတုံး။ ယခု ဖအေအရင်းများကျတော့ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် မပူမပင်မကြောင့်မကျ စားရသောက်ရအောင် အကုန်ရောင်းချသွားခဲ့တာ စံပယ်တောင်၊ ကြေးနီတောင်များမှသည် စံပယ်ချိုင့်ဝှမ်း၊ ကြေးနီချိုင့်ဝှမ်းများ ဖြစ်သည်ထိ။ မြန်မာပြည်တွင် ခုတ်စရာ သစ်တစ်ပင်မှ မကျန်တော့သည်ထိ။ ဂြိုဟ်တုမြေပုံပေါ်တွင် ယခင်က စိမ်းစိုခဲ့သောနေရာများမှာ ယခု အ၀ါရောင်လွင်ပြင်ဖြစ်သည်ထိ။)

ထို့နောက် ဆရာက ပျဉ်းမငုတ်တို ၏ သမိုင်းကြောင်းကိုရှင်းပြရင်း ကဗျာကိုပါ ရွတ်ပြပါသေး၏။

နောက်ဆုံးတွင် ဝေသာလီပြည်အကြောင်း ပြောပြပါသည်။

မြတ်စွာဘုရားရှင်လက်ထက်က ဝေသာလီပြည်ဆိုတာ လိစ္ဆ၀ီမင်းသားများက ပါလီမန်ဖြင့် အုပ်ချုပ်သော ဒီမိုကရေစီတိုင်းပြည် ဖြစ်၏။

Chit Oo Nyo: 1:13:45

ဆရာမောင်သာချို

လူ့စိတ်ကိုပြောင်းလဲနိုင်တာ အနုပညာ။
အနုပညာဟာ ခံစားခြင်းနဲ့စပြီး ပညာနဲ့ ဆုံးတယ် တဲ့။
အသက်ရှင်စဉ်မှာ လူ့လောကကောင်းကျိုးအတွက် လုပ်ကြရမယ်။ သေတဲ့အခါ ဘာချန်ခဲ့ကြမလဲ - တဲ့။ လောကအတွက် တစ်ခုခု ချန်ခဲ့ကြရမယ် လောကကြီးအတွက်။
နိုင်ငံပြောင်းချင်ရင် စိတ်တွေပြောင်းဘို့လိုတယ်။ စိတ်တွေပြောင်းဘို့ အနုပညာကောင်းကောင်း ခံစားတတ်ဘို့ လိုတယ်။
ပြောင်းနေတယ်။ စာတွေပြောင်းဖတ်နေတယ်။ သီချင်းတွေပြောင်းနားထောင်နေတယ်။ အယူအဆတွေပြောင်းလဲနေတယ်။ အသိတရားတွေ ပြောင်းလဲနေတယ်။ ဆိုတော့ တစ်နေရာထဲမှာ ရပ်နေလို့မရဘူး။ ပြောင်းနေရတယ်။
ဒါပေမဲ့ သီချင်းလေးတွေ ပြောင်းနားထောင်ရုံလောက်နဲ့ မရဘူး။
စိတ်စေတနာတွေ ရင့်ကျက်တည်ငြိမ် ကြီးထွားလာဘို့လိုတယ်။ အဲဒီအတွက် ဆေးကတော့ စာကောင်းပေကောင်းဖတ်ခြင်း၊ အနုပညာကောင်းများကို ခံစားခြင်းပါဘဲ။

မဆိုစကောင်း၊ ဆိုစကောင်း
တောက်တဲ့ ခေါင်းပေါင်းပေါင်း
ဆိုကောင်းပါရဲ့ လိပ်နဲ့ဖွတ်
အချိပ် ပုဆိုးဝတ်။

ဆပ်ပြာရေ ငံခါးနဲ့၊ ခါများဖြင့် မလာချင်
မိုးဖော့ရွှေဝင်
ရွှေပေါက်ပင် ရွာများတော့၊ နောင်များတော့ တန်ဟ။       ။
ပထ၀ီမြေစု၊ သူစုလို့သူငံ
ဘာညံသလဲ
မျက်ကလဲ ဆန်ပြာနဲ့၊ မင်းဘယ်ကလဲ။ ။

ရှင်နေမင်း၊ ခုလိုပူ
တောင်သူကို လင်မလုပ်ချင်ဘု
မိုးတိမ်တောင်၊ ရင်မှာစူးစေတော့
ကျိန်ဖူးတယ်လေး။             ။

မေဒေးနေ့၊ ၂၀၁၆ တွင် စင်ကာပူ၌ ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ အသံဖိုင်များ

ဆရာနေ၀င်းမြင့်

ဆရာချစ်ဦးညို


ဆရာမ ခင်ခင်ထူး

ဆရာမောင်သာချို

No comments: