Saturday, October 31, 2015

ကျွန်ုပ် ၀မ်းသာအူမြူးရခြင်းအကြောင်း

ဖေ့စ်ဘုတ်ကို မပြတ်ဖတ်လျှက် ကျွန်ုပ်မှာ တစ်ကိုယ်တည်းကြိတ်၍ ၀မ်းသာအူမြူးလျက် ရှိသတည်း။
အကြောင်းကား အခြားမဟုတ်။
ဖေ့စ်ဘုတ်ကို ဖွင့်လိုက်တိုင်း အချိန်တိုင်းလိုလို ရဲရဲတောက်လျက် အနီရောင်များဖြင့် လွှမ်းခြုံနေသောကြောင့် ဖြစ်၏။

အခြားသူများကို မပုတ်ခတ်လိုသည့်တိုင် ၅၀၀၀ ပေးမယ်ပြောပြီး ၄၅၀၀ ပဲပေးလို့ မကျေနပ်သူများနှင့် ဟေ့၊ ကားပေါ်ထိုင်ရုံ ထိုင်လိုက်တာတောင် ၄၅၀၀ ပေးတာ၊ မလိုက်ချင်နေကွာ ဟု ကသာသွား၍ စီးချင်းထိုးသူကြီးက ပြောသည်များ ကြားရ (အဲလေ) ဖတ်ရသည့်အခါ အဟိကနဲ အသံထွက်အောင်ပင် ပြုံးမိပါ၏။ (ဟားဟား၊ သူကအဲသလိုပြောလိုက်တော့ သူတို့မဲဆွယ်ပွဲလာဘို့ တစ်ယောက် ၄၅၀၀ ပေးတယ်ဆိုတာ ပိုသေချာသွားသပေါ့။ ကျေးဇူးပါ ကိုဘူးလက်။ ခင်ဗျားဗျာ။ လူကြီးလုပ်နေပြီး။ စကားကို ဆင်ဆင်ခြင်ခြင် ပြောရတယ်ဗျ။ မဟုတ်ရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်တတ်တယ်။)

မညစ်ပတ်ဘူးဆိုလျှင် ကျွန်ုပ်တို့ တိုင်းသူပြည်သားများ အောင်ပွဲခံရမည်မှာ ရာနှုန်းပြည့်ရုံမက ဟိုဘက်တောင် နှစ်ဘူတာလောက် လွန်နေချေသေး၏။

ဟေ့ကောင်၊ မင်းက ဖေ့စ်ဘုတ်လေးလောက် ကြည့်ပြောမနေနဲ့။ ဖေ့စ်ဘုတ်နဲ့အလှမ်းမနီးတဲ့ ရွာတွေ အများကြီးရှိသေးတယ် ဟု တစုံတယောက်သူက ဆိုလာပါအံ့။ ကျွန်ုပ်တို့ရွာဘက်ကို တစ်ချက်လောက် လှမ်းကြည့်စမ်းပါ။

ယနေ့မနက် ကျွန်တော် မမဆီလှမ်းဖုံးဆက်သည်။
ဟဲ့၊ နင့်ခြေထောက် ဘယ့်နှယ်နေသေးလဲ။ လမ်းကောင်းကောင်းလျှောက်လို့ ရပြီလား။
(သူက ချော်လဲသဖြင့် ခြေချောင်းလေး ကျိုးထားရာ လမ်းကောင်းကောင်း မလျှောက်နိုင်။)
အေး၊ သွားလို့တော့ ရပါတယ်။ နည်းနည်းတော့ နာတာပေါ့။ ဘာဖြစ်လို့လဲ။
ဟဲ့၊ ရထားထွက်ဘို့ တစ်ပတ်ပဲလိုတော့တယ်။ အဲဒီတော့ နင့်ကို ငါတို့ရွာတွေဘက်သွားပြီး မဲဆွယ်ခိုင်းမလို့။ အထွေအထူးလုပ်စရာ မလိုဘူး။ ငါရေးထားတာတွေ သေသေချာချာဖတ်ပြီး သူတို့ကို ပြန်ပြောပြရုံပဲ။
(အမှန်ဆိုရလျှင် ကျွန်တော်ကိုယ်တိုင်ပြန်ပြီး မဲဆွယ်ဟောပြောပွဲများ လုပ်ချင်တာဖြစ်ပါသည်။ သို့သော် အခြေအနေမပေးသဖြင့် မချင့်မရဲဖြင့် အောင့်အည်းသည်းခံနေရတာ ဖြစ်၏။)

ကျွန်တော်က ဤသို့ဆိုလေသော် မမက ကျွန်တော်တို့ရွာဘက်က အခြေအနေကို အားရပါးရ ပြောပြပါ၏။

ဟဲ့၊ အဲဒီအတွက်တော့ နင်ဘာမှ မပူလေနဲ့။ ငါတို့ဘက်က ဟင်္သာတတစ်နယ်လုံး အနီပဲလွှမ်းစေရမယ် တဲ့။ ဒေါ်အောင်ဆန်းစုကြည်တို့ ဂွ ဘက်က ပြန်လာတော့ ဟိုင်းဝေးလမ်းမကြီးမှာ လူတွေဆိုတာ နင့်များ ပြလိုက်ချင်ရဲ့။ (အေးပါ၊ ငါ ဖေ့စ်ဘုတ်မှာ ကြည့်လိုက်ရပါတယ်။)
အခု ယဉ်ဝေလွင် (ကျွန်တော့်တူမ တစ်ဝမ်းကွဲ) ရန်ကုန်ရောက်နေတယ်။ သူကပြောတယ်။
ကြီးကြီး၊ သမီးတို့တစ်ရွာလုံးက (လေးငါးခြောက်ယောက်လောက်က လွဲလို့) NLD ပဲထည့်မှာ။ တခြားရွာတွေလဲ အတူတူပဲ။ ဟိုတလောက ကုလားကို ဦးကျော်ဝင်းနိုင်က မဲဆွယ်ဘို့ စာရွက်တွေပေးလိုက်လို့ သူလိုက်ပြောတယ်။
(ကုလားမှာ ကျွန်တော့်တူ တစ်ဝမ်းကွဲဖြစ်ပြီး ဦးကျော်ဝင်းနိုင် ဆိုသူမှာ ကျွန်တော်နှင့် ကိုးတန်း၊ ဆယ်တန်းအတူတက်ခဲ့သည့် ကျွန်တော့်နှစ်မ၀မ်းကွဲ၏လင်၊ ကျွန်တော့်ယောက္ဖ ၀မ်းကွဲ ဖြစ်၏။ ကြံ့ဖွတ်သို့ဝင်ပြီး ယခု ဧရာဝတီတိုင်းတွင် စည်ပင်ဆိုလား၊ ၀န်ကြီးဖြစ်နေ၏။ တစ်မြို့တည်းနေ၊ တစ်တန်းတည်းအတူတက်ခဲ့သူ ဖြစ်သဖြင့် သူ့အရည်အချင်း ဘယ်လိုဆိုတာ ကျွန်တော် သိသည့်တိုင် သူများမကောင်းကြောင်း ပြောစရာမလိုပါ။)

ပြောမှာပေါ့။ ကုလားရဲ့ညီကို ဦးကျော်ဝင်းနိုင်တို့က အလုပ်သွင်းပေးထားတာကိုး။ နောက်ပြီး သူကပြောသေးတယ်။ နင်တို့ ကြံ့ဖွတ်ကို မဲမထည့်ရင် လမ်းခင်းမပေးဘူးတဲ့။ အဲဒီတော့ သမီးတို့ရွာသားတွေက ပြန်ပြောလိုက်တယ်။
ဟဲ့၊ သောက်ကျိုးနဲ။ နင်တို့ခင်းပေးမှ ငါတို့သွားရတော့မှာလား။ ငါတို့မွေးကတည်းက သွားလာတဲ့လမ်း။ နင်တို့ခင်းမပေးလဲ ငါတို့ တစ်အိမ်ထောင် ကျောက်ခဲတစ်ကျင်းနဲ့ခင်းရင်တောင် နင်တို့လမ်းထက် ကောင်းတယ် လို့ ပြန်တုတ်လိုက်တော့ သူတို့ တစ်ခါတည်း ပန်လန်လက်ပြီး ပက်လက်လန်သွားတယ်။
ဟိုတလောကလည်း ဘာတဲ့၊ မဲဆွယ်ဟောပြောပွဲဆိုပြီး လိုက်ဖိတ်တယ်။ ဘယ်သူမှ မသွားကြဘူး။ ဒါနဲ့ သမီးတို့က မကောင်းတတ်လို့ လေးငါးဆယ်ယောက်လောက် ခေါ်ပြီး သွားထိုင်ပေးလိုက်ရတယ်။

သမီးတို့တစ်ရွာလုံး NLD ပဲ မဲထည့်မှာ ကြီးကြီး။ ဘာမှ မပူနဲ့။ မဲခိုးလို့မရအောင်လည်း စီစဉ်ထားကြတယ်။ ဒါလောက် အင်အားတောင့်နေတာ သူတို့ မဟုတ်တာ မလုပ်ရဲဘူး။ စိတ်သာချ တဲ့။

ကျွန်ုပ်မှာ မမနှင့်ဖုံးပြောနေရင်းမှ ၀မ်းသာအူမြူးလှသဖြင့် ကြက်သီးမွေးညင်းများထကာ လက်သီးလက်မောင်း တန်းမိလေ၏။
သို့တိုင် ကျွန်ုပ်ရေးထားသည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဆောင်းပါးတိုကလေးများကို အီးမေးပို့ကာ ပရင့်ထုတ်၊ ကော်ပီကူးခိုင်းပြီး ယဉ်ဝေလွင်အပြန် မပျက်မကွက် ထည့်ပေးလိုက်ရန် မှာလိုက်ရသေး၏။

ရွာတွေဆိုပြီး အထင်မသေးပါနှင့်။ နိုင်ငံတော်အစိုးရကောင်းမှုဖြင့် ဆက်သွယ်ရေးစနစ်များ ထွန်းကားနေပြီဖြစ်ရာ ရွာများတွင်လည်း ထိုက်သင့်အားလျော်စွာ ဗဟုသုတများ ရှိနေပြီဖြစ်ပါ၏။ (ကျေးဇူးတင်ပါသည် အစိုးရမင်းများခင်ဗျား။ ကျေးဇူးတင်သည် ဆိုသောကြောင့် ခင်ဗျားတို့ကို မဲထည့်လိမ့်မည်ဟုတော့ မယူဆပါလင့်။ ခင်ဗျားတို့သာမရှိရင် သည့်ထက်ပိုကောင်းအောင် လုပ်လို့ ရသည်မှတ်ပါ။)

ထို့ကြောင့် ရွာများတွင်လည်း ဒေသအတော်များများတွင် အနီရောင်ကသာ အနိုင်ရပါလိမ့်မည်။ ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများတွင် နေကြသူများမှာလည်း သန်းဂဏန်းအတော်များများ ရှိသဖြင့် တနည်းအားဖြင့် ပူစရာမလိုပါလေ။

မိတ်ဆွေများခင်ဗျား -

ကျွန်ုပ်တို့၏အပြောင်းအလဲကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်တီးယူကြရပေမည်။
ဤကဲ့သို့ ဖန်တီးနိုင်မည့် အခွင့်အရေးကား လက်တကမ်းမျှသာ လိုတော့သည်။

ရုပ်ရှင်ကားများထဲကအတိုင်း -
အစပိုင်းတွင် လူဆိုးများက မည်မျှပင် အားကောင်းမောင်းသန်ဖြင့် ညစ်ပြနေသည်ဆိုစေ -
ဇာတ်သိမ်းတွင် ရွှေဘ နိုင်ရစမမြဲ မဟုတ်ပါလော။
သိပ်မဝေးလှသောအချိန်တွင် ရွှေဘအနိုင်ရတော့မည်ကို ကျွန်ုပ်တို့ အားရပါးရ ရှုစားကြရတော့မည်။

အနာဂတ်ကာလမှနှစ်များသည် ဆုလာဘ်ကတိအပြည့်နှင့် ၀င်းဝင်းတောက်လျက် အသံတကြော်ကြော်ဖြင့်လည်း ဖိတ်ခေါ်လျက်ရှိ၏။
(ယောနသံစင်ယော် - ဦးဘသန်း (ဓမ္မိက) ဘာသာပြန်)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၉ အောက်တိုဘာ၊ ၂၀၁၅ 

No comments: