(၁)
ကာမရောဂါ၊ ကိုယ်တွင်းနာကား
ကုရာနတ္ထိ၊ ဆေးမရှိဘူး . . . .
- ဟု မန်လည်ဆရာတော်ဘုရားကြီးက မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်၌ စပ်ဆိုခဲ့ပါသည်။
မည်မျှ ပညာတတ်သည် ဆိုစေ မိန်းမနှင့်ပတ်သက်လာလျှင် မှားတတ်ကြ၏။ အလောင်းတော် ဥဒေါင်းမင်းသော်မှ
ဒေါင်းမ၏ အလှကြောင့် ကျော့ကွင်း၌ မိခဲ့ဖူးလေပြီ။
မိတ်ဆွေတို့
မုဒုလက္ခဏဇာတ်တော်ကို ဖတ်ဖူးကြ၊ ကြားဖူးကြပါလိမ့်မည်။
ဘုရားအလောင်းတော် ရသေ့သည် ဟိမ၀န္တာတောအတွင်း
သီတင်းသုံးနေရာမှ ချဉ်ဆားမှီဝဲလိုသဖြင့် ဗမာပြည် (ဟုတ်ပေါင်) ဗာရာဏသီပြည်သို့ ကြွလာခဲ့၏။
ဗာရာဏသီမင်းက တွေ့လေသော် ကြည်ညိုလှသဖြင့် ဥယျာဉ်တော်အတွင်း ကျောင်းဆောက်လျှက် ကိုးကွယ်ထား၏။
ဘုရားလောင်းရသေ့လည်း နန်းတော်အတွင်းဝင်၍ နေ့တိုင်းဆွမ်းစား၏။
တစ်ခါသော်
ဗာရာဏသီမင်း စစ်ထွက်သဖြင့် ဘုရင့်မိဖုရားကြီးက ရသေ့ကြီးအား ရိုသေစွာ ဆွမ်းဆက်ကပ်လှူဒါန်း
လေ၏။ တစ်နေ့သောအခါ ရသေ့ကြီးသည် ထုံးစံအတိုင်း ဆွမ်းစားရန် နန်းတော်သို့ ကြွလာ၏။ ရသေ့ကြီးလာသည်ကိုတွေ့၍
မိဖုရားကြီးက ပျာယီးပျာယာထလိုက်ရာ ကိုယ်ရုံလျှောကျသွားလေသည်။ ဤသည်ကို အမှတ်တမဲ့မြင်လိုက်သည့်ခဏ
ရသေ့ကြီးသည် မိဖုရားကြီးကိုမှမရလျှင် မနေနိုင်၊ အစွဲလမ်းကြီးစွဲလမ်းသွားခဲ့လေတော့သတည်း။
ရသေ့ကြီးလည်း
အလွန်ပြင်းလှသော ထိုရာဂမီးလောင်ကျွမ်းကာ မိဖုရားကြီးကို အစွဲလမ်းကြီးစွဲလမ်းလျက် မစားနိုင်၊
မသောက်နိုင်ဖြင့် အိပ်ယာထဲ လဲလေ၏။ စစ်ထွက်ရာမှ ပြန်လာသောမင်းကြီးသည် ရသေ့ကြီး အိပ်ယာထက်၌
လဲနေသည်ကို တွေ့၊ စုံစမ်းမေးမြန်း။ အကြောင်းစုံကိုသိလေသော် မိဖုရားကြီးကို ရသေ့ကြီးအား
ပေးလှူလိုက်လေသည်။ (တယ်လဲ သဒ္ဓါတရား ကောင်းလှချည့်။)
ပညာရှိသော
မိဖုရားကြီးက ရသေ့ကြီးအား အတူမအိပ်ခင် အိပ်ယာခမ်းနားပြင်ပါဦးဟဲ့၊ အိမ်သာကျင်း တူးပါဦးဟဲ့နှင့်
လက်စင်ကောင်းကောင်းပေးလေသော် တစ်ခါမှ ပင်ပင်ပန်းပန်းမလုပ်ခဲ့ဖူးသော အလောင်းတော်ရသေ့ကြီးမှာ
ပန်လန်လက်၍ ပက်လက်လန်လေတော့၏။
ထိုအခါ
သံဝေဂကောင်းကောင်းရသွားသော ဘုရားလောင်းရသေ့ကြီးမှာ မိဖုရားကြီးနှင့်ဘုရင်ကြီးကို ဆာယိုးနာရား
လုပ်လျက် ဟိမ၀န္တာတောအတွင်းသို့ ခေါင်းငိုက်စိုက်ချကာ ပြန်ကြွသွားခဲ့လေတော့၏။
(၂)
နှမချင်းကိုယ်ချင်းစာ၊ သားသမီးချင်း ကိုယ်ချင်းစာ၊
ငါသာဆိုရင်ဆိုပြီး ကိုယ်ချင်းစာကြပါမည့်အကြောင်း ကိုယ်ချင်းစာတရား ခေါင်းစဉ်ဖြင့် ပို့စ်တစ်ခု
များမကြာသေးမီက ကျွန်တော် တင်ခဲ့ဖူးပါသည်။
အခြားမဟုတ်ပါ။
အိမ်ထောင်ရေး ဖောက်ပြန်ကြသူများအကြောင်း ဖြစ်၏။
ဤဒွန္နယာကြီးတွင် ယောက်ျားနှင့်မိန်းမ အကြောင်းဆက်၍
ပေါင်းဖက်ကြတာ ဘာမှမဆန်းပါ။ သို့သော် လင်မယား ဆိုတာ ခဏလေးတွေ့ရတာ မဟုတ်။ တစ်ယောက်နှင့်တစ်ယောက်
တစ်အိမ်ထဲမှာ တစ်သက်လုံး အတူတူနေကြရတာ ဖြစ်၏။ ကိုယ်ကြိုက်တာ ရှိသလို သူကြိုက်တာလည်း
ရှိမည်။ ကိုယ်မကြိုက်တာရှိသလိုပင် သူမကြိုက်တာလည်း ရှိပေမည်။ တစ်ယောက်နှင့်တစ်ယောက်
ဘယ့်နှာလုပ် ရာနှုန်းပြည့် အကြိုက်ချင်း တူနေနိုင်မှာတုံး။ ကျုပ်တို့လင်မယားကတော့ အကုန်
အကြိုက်ချင်းတူသဗျို့ ဆိုသည့်စုံတွဲများမှာ ခပ်ရှားရှားဖြစ်ပါလိမ့်မည်။
လင်မယားချင်း ချစ်ချစ်ခင်ခင် တစ်သက်လုံး
ပေါင်းသင်းနေထိုင်သွားဘို့ဆိုတာ သူ့အကြိုက်ကိုယ်လိုက်၊ ကိုယ့်အကြိုက်သူလိုက်။ ကိုယ်မကြိုက်လျှင်သော်မှ
အောင့်အည်းသည်းခံကာ နေသင့်က နေရပါမည်။
သည်တွင် စကားစပ်မိ၍ ဖတ်ဖူးသော ဆရာတော်ကြီးနှစ်ပါးအကြောင်း
ဖောက်သည်ချပြစေ။ ဘယ်မှာဖတ်ဖူးသည်၊ မည်သည့်ဆရာတော်ကြီးများဖြစ်သည်ကိုမူ မမှတ်မိတော့ပါ။
သိသူများ ပြောပြကြပါခင်ဗျား။
ကျောင်းတစ်ကျောင်းတွင် ရဟန်းနှစ်ပါးရှိ၏။
ထိုရဟန်းနှစ်ပါးမှာ တစ်ပါးနှင့်တစ်ပါး အလွန်ချစ်ကြသည် ဆို၏။ ဤအကြောင်း အခြားရဟန်းများသိလေသော်
အဘယ်ကြောင့် သူတို့နှစ်ပါး အလွန်တည့်ကြသနည်း ဟု မေးမြန်းစုံစမ်း ကြလေသည်။ ထိုအခါ ရဟန်းတစ်ပါးက
တပည့်တော်က သူမကြိုက်တာ ဘာမှမလုပ်ပါဘူးဘုရားဟု ဖြေ၏။ အခြား တစ်ပါးကလည်း တပည့်တော်က
သူ့အကြိုက်ပဲ လိုက်နေပါတယ်ဘုရား ဟု ပြောလေသည်။
ဤသည်မှာ အတုယူဖွယ်ဖြစ်၏။ အထူးသဖြင့် လင်မယားတို့
အတုယူဖွယ် ဖြစ်လေသည်။ လင်မကြိုက်တာ မယားက မလုပ်လေနှင့်။ မယားကြိုက်တာကိုသာ လင်ကလုပ်ပါလေ။
ထိုလင် ထိုမယား၊ တစ်သက်လုံး နည်းနည်းလေးမှ ရန်မဖြစ်ဘဲ ချစ်ချစ်ခင်ခင် ပေါင်းသင်းသွားနိုင်ပေမည်။
ထို့ပြင်တ၀၊ ယောက်ျားဆိုသည့်အမျိုးမှာ
မရခင်ကသာ ကိုယ့်ချစ်သူသည် ကမ္ဘာပေါ်၌ အလှဆုံးဖြစ်လေသည်။ မင်္ဂလာဆောင်ပြီးသည့် နောက်နေ့မှစ၍
ကိုယ့်မိန်းမထက် အခြားမိန်းမများက ပိုလှသည်ချည်း ဖြစ်လေ၏။ (ဟေ့လူ၊ ဘာ ခင်ဗျားရောလဲ။
တိုးတိုးလုပ်ပါဗျ။ တော်ကြာ မိန်းမကြားသွားမှ ငြုပ်ကျည်ပွေ့စာ မိနေဦးမယ်။) သို့သော်
ဤသည်မှာ အမှန်မဟုတ်မူ၍ The grass is
always green on the other side. မျှသာ ဖြစ်လေသည်။
ထို့ကြောင့်
အဘယ်မျှ ချောမောလှပသော မိန်းကလေးနှင့် ဆက်ဆံရသည် ဖြစ်စေ။ ပိုးလိုလျှင်တောင် အိမ်ထောင်သည်ယောက်ျားဖြစ်က
သမာဓိပိုးသာ ပိုးရပေမည်။ (မယုံမရှိနဲ့၊ ကိုယ်တွေ့) စကားအဖြစ်နှင့်တောင် ပယောပရီ မလုပ်သင့်။
မုဒုလက္ခဏရသေ့ကြီးလို သေအောင်ကြိုက်နေပါစေ။ အောင့်အည်း မြိုသိပ်ထားရမည်သာ ဖြစ်ပေသည်။
အကယ်၍ အသင်၏ ပိုးမျိုးတစ်ရာ့တစ်ပါးတို့ကို နိုင်အောင်မထိန်းနိုင်ဆိုအံ့။ ဒုက္ခနှင့်
လှလှနှင့် မုချမသွေ တွေ့ရမည်သာ ဖြစ်၏။
အသင် ဘယ်သို့ပင် ဟိုဒင်းဖြစ်နေပါစေ။ အသင့်၌
သားတွေသမီးတွေရှိသည်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရှိသည်။
Ø ကိုယ့်သားတွေသမီးတွေကို
ငဲ့ညှာပါ။
Ø သူတို့ရှေ့ရေးကို
တွေးတောပါ။
Ø မိမိပတ်ဝန်းကျင်ကို
မျက်နှာပူပါ။
Ø ကိုယ့်အဖေအမေ ဂုဏ်သိက္ခာကို
ထိန်းသိမ်းပါ။
Ø ကိုယ့် ညီအစ်ကို၊
မောင်နှမများကို အားနာပါ။
အထူးအားဖြင့်
- -
မိမိ၏
ဇနီးသည်ကို -
သြော်
- ငါ့နှမဆို ငါဘယ်လိုခံစားရမလဲ ဟု ကိုယ်ချင်းစာပါ။
သြော်
- သူ့ခမျာ၊ ငါ့အတွက်နဲ့ ဘယ်လောက်အရှက်ရလိမ့်မလဲ ဟု ငဲ့ညှာပါ။
သြော်
- ငါသာမရှိရင် ကလေးတွေနဲ့ သူဘယ်လိုများ ရှာဖွေစားသောက်ပါလိမ့်မလဲ ဟု သနားပါ။
သြော်
- အဖေမရှိတော့တဲ့ ငါ့ကလေးတွေ လူ့ဘုံအလယ် ဘယ်လောက်မျက်နှာငယ်လိုက်လိမ့်မလဲ ဟု ကြင်နာပါ။
ဟုတ်မဟုတ်တော့မသိပါ။ မုဒိမ်းမှုဆိုလျှင်
ထောင်ကျနေသူအချင်းချင်းကပင်လျှင် ၀ိုင်းဝန်း ဆွမ်းကြီးလောင်းတတ် ကြသည် ဆို၏။ ထို့အတူ
အိမ်ထောင်ရေးဖောက်ပြန်သူများကိုလည်း လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက နေရာပေးလေ့ မရှိပါ။
ကာယကံရှင်ကို မဆိုထားပါနှင့်။ ၎င်းတို့၏ သားသမီးများပင်လျှင် အလွန်မျက်နှာငယ်ရသည်။ ကလေးများအကြား၌
အနှိမ်ခံရ တတ်သည်။ ကလေးအချင်းချင်း ရန်ဖြစ်လျှင်ပင် မဆီမဆိုင် ထိုအားနည်းချက်ဖြင့်
ထိုးနှက်တတ်ကြသည်။ ထိုအခါ မိခင်လုပ်သူ မှာလည်း မျက်ရည်နှင့်မျက်ခွက်ဖြစ်ရသည်။ သို့ဆိုလျှင်
ဘာကောင်းသနည်း။ အဖက်ဖက်က တွက်ကြည့်။ ဘာမှမကောင်းပါ။
Prevention is better than cure. ဟူသောစကားသည် ရှိ၏။ လူဆိုတာ မှားတတ်ကြစမြဲ။
(ကျွန်တော့်အမှားတွေကို သာ စာတစ်စောင်ပေတဖွဲ့ပြုစုရလျှင် ပိဋကဋ်သုံးပုံထက်တောင် ပိုများလောက်သည်။)
သို့သော် အမှားလက်မလွန်ကြပါစေနှင့်။ မမှားမီက ပြင်ကြပါ။ အကယ်၍သင်သည် ထိုစိတ်ဖြင့်မွှန်နေလျှင်
ဘာမှ သတိထားနိုင်လိမ့်မည်မဟုတ်။ သင့်လို မဖြစ်ညစ်ကျယ်၊ ပမွှားကိုမျှ မဆိုထားနှင့်။ ဘုရားအလောင်း
ရသေ့ကြီးပင် မှားခဲ့ဖူးလေပြီ။
ကိုယ့်မျက်ချေး
ကိုယ်မြင်ဘို့ရာ ခဲယဉ်းသည်ဖြစ်သောကြောင့် အများက ဟေ့ကောင်၊ မင်းမှာမျက်ချေးတွေကွ ဟု
ပြောလာခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်စစ်ဆေး၍ လက်ခံနိုင်အောင် ကြိုးစားရပေမည်။
(ကျွန်တော်မှားနေလျှင်လည်း အားမနာတမ်းပြောပါ။ အမှားသိမှ အမှန်ပြင်နိုင်မည်။)
မိမိ၏မိတ်ဆွေ
လမ်းမှားနေပါကလည်း မှားနေကြောင်း ရဲရဲဝံ့ဝံ့ ထောက်ပြကြ၊ အချိန်မီ တားဆီးကြရပါမည်။ သို့မှသာ
မိတ်ဆွေစစ်ဖြစ်ပေမည်။ အဆင်းတွင် ဘီးတပ်ပေးသော မိတ်ဆွေများမှာ မိတ်ဆွေတု၊ မိတ်ဆွေယောင်များသာ
ဖြစ်၏။ မိမိပယောဂကြောင့် အိမ်ထောင်တစ်ခု ပြိုလဲသွားပါက မိမိတွင်လည်း တာဝန်မကင်းပါ။
သူတစ်ပါးမျက်ရည်ကျသည်ကို ၀မ်းမသာစကောင်း။ ၀ဋ်ဆိုတာ မြတ်စွာဘုရားသော်မှ လည်တတ်သေးသည်ဆိုတာ
မမေ့ပါလင့်။
(၃)
နိဂုံးချုပ်ရလျှင်
-
အတူနေရသည်ဖြစ်စေ၊ မိမိအိမ်ထောင်နှင့် တကွဲတပြားနေရသည်ဖြစ်စေ။
မိမိအိမ်ထောင်ဖက်အပေါ် သစ္စာရှိပါ။ လိမ်လည်လှည့်ဖြားဘို့ မကြိုးစားပါနှင့်။ ကိုယ်ဘာလုပ်တယ်ဆိုတာ
ကိုယ်အသိဆုံးဖြစ်ပါသည်။ ဘယ်သူကမှလိုက်ပြီး မျက်လုံး ဒေါက်ထောက်ကြည့်နေစရာ မလိုပါ။
ကိုယ့်ဆန္ဒထက် ရှေ့ရေးနောက်ရေး၊ အရှည်ကို
စဉ်းစားပါ။ အပြန်ပြန်အလှန်လှန် သုံးသပ်ပါ။ အကျိုးအကြောင်း၊ အဆိုးအကောင်းတို့ကို ဆင်ခြင်ပါ။
အပြစ်မဲ့သော မိမိ၏သားသမီးများ မျက်နှာကို ပြေးမြင်ပါ။ သူတို့ကလေးတွေ လူပုံအလယ် မျက်နှာငယ်ရမည့်အရေးကို
သနားပါ။
သို့ဆိုသောကြောင့်
-
‘ဘာလဲမင်းက မျိုးစောင့်ဥပဒေကိုထောက်ခံဘို့ မဲဆွယ်နေတာလား’ဟု
ယောင်လို့မှ မမေးပါလေနှင့်။ အနှီ မျိုးစောင့်၊ အမျိုး၊ ဘာသာ၊ သာသနာ ဆိုသည့်စကားလုံးများကို
ထောက်ခံဘို့ မဆိုထားဘိ။ အသံကြားရုံနှင့်ပင် ခံတွင်းပျက်လှသည်။
ဤမှန်သောသစ္စာစကားကြောင့်
ကျွန်ုပ်ရေးထုတ်လိုက်သော ဤစာတစ်ပုဒ်သည် မိုးကြိုးသွားကဲ့သို့ ထက်စေသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၉
စက်တင်ဘာ၊ ၂၀၁၅။ နံက်လင်းအားကြီး ၂း၀၁ နာရီ
No comments:
Post a Comment