မြန်မာနိုင်ငံ အလှည့်အပြောင်းအတွက် အရေးကြီးလှသော ရွေးကောက်ပွဲကြီးသည်ကား
နီးသထက် နီးလာချေပြီ။
မြန်မာပြည်သား လူအများတို့သည်လည်း ရွေးကောက်ပွဲအတွက်သာ စိတ်ဝင်တစား
အားစိုက်နေသည် ထင်ရ၏။
သူသူငါငါ လူတကာတို့၏ ဖေ့စ်ဘုတ်တွင် ရွေးကောက်ပွဲအကြောင်း
မကြာခဏ ကြိုကြားကြိုကြား တွေ့ရလေသည်။
ဒီမိုကရေစီ ဘက်တော်သားများနှင့် တိုင်းပြည်ကို ကမ္ဘာ့အလယ်
လူလူသူသူဖြစ်လာစေလိုသူများ။ တိုင်းပြည်စုတ်ပြတ်နုံချာကာ ကမ္ဘာ့အလယ် မျက်နှာငယ်နေရသည်ကို
မကြည့်ရက်သူများ။ ကိုယ့်တိုင်းပြည်ထဲလာကာ တိုင်းတပါးသားတို့က စိတ်ထင်တိုင်း ချယ်လှယ်နေကြသည်ကို
ဘာမှမတတ်နိုင်သောကြောင့် မချင့်မရဲနှင့် လက်ပိုက်ကြည့်နေ ကြရသူများ။ ရေပေါ်ရေအောက်၊
မြေပေါ်မြေအောက် သယံဇာတများကို ရောင်းချကာ မိမိတို့ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် ကြီးပွားရေး
အားထုတ်နေကြသူများအား ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားလိုသူများက ပြောင်းလဲချိန်တန်ပြီ ဟူသော
ကြွေးကြော်သံများဖြင့် NLD ကို တစ်လောကလုံး အုံးအုံးကြွက်ကြွက်၊ ရဲရဲတောက် အပြတ်အသတ်
ထောက်ခံနေကြချိန်တွင် -
အာဏာလက်ရှိနေသူများနှင့် ၎င်းတို့၏အသိုင်းအ၀ိုင်းများ။ လက်ရှိအစိုးရကြောင့်
ကြီးပွားချမ်းသာနေသဖြင့် လက်ရှိအစိုးရကိုသာ ဆက်လက်အုပ်ချုပ် မင်းလုပ်နေစေချင်သေးသူများ။
ဒီမိုကရေစီအစိုးရသာတက်လာရင် ငါတို့ မတရားသဖြင့်စားသောက်ထားတဲ့ စည်းစိမ်ဥစ္စာလေးတွေကိုများ
ရန်လုပ်လာလေမလားဟု စိုးထိတ်နေသူများ (နည်းတော့နည်းပါသည်)။ အခြားထွေလီကာလီကိစ္စများ ကို
နားမလည်သောကြောင့် ကျုပ်တို့တက်လာရင် ခင်ဗျားတို့ကို မီးရအောင်လုပ်ပေးမယ်၊ လမ်းခင်းပေးမယ်၊
တံတားတွေ ဆောက်ပေးမယ်ဆိုတာလောက်ကို အဟုတ်ကြီး ထင်နေသူများကတော့ လက်ရှိအစိုးရဘက်တော်သား
လွှတ်တော်အမတ်များကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စွပ်စက်ထောက်ခံနေကြလေ၏။
လက်ရှိအာဏာရပါတီကြီးနှင့် အတိုက်အခံပါတီ NLD တို့ သူ့ထက်ငါ
အပြိုင်အဆိုင် မဲဆွယ်စည်းရုံးပွဲများ ပြုလုပ်နေကြသည်မှာ ကာလအတန်ကြာသွားပြီ ဖြစ်၏။ အခြား
ပါတီငယ်လေးများမှာ မဲဆွယ်ပွဲလုပ်သည်ပင်ဆိုစေ သိပ်လူမသိလှ၊ မထင်ပေါ်၊ မကျော်ကြားလှ။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်
နေရာယူထားသည်မှာ အနီရောင်နှင့် အစိမ်းရောင် နှစ်မျိုးသာ ထင်ရှားလှသည်။ သို့တိုင် အနီရောင်က
ပိုများသည် ထင်ပါ၏။
အကျွန်ုပ်သည်လည်း လူထဲကလူပင်ဖြစ်သဖြင့် မနက်မိုးလင်းသည်နှင့်
ဖေ့စ်ဘုတ်ကို ကောက်ပွတ်မိတော့၏။ ဖေ့စ်ဘုတ်ကို ဖွင့်လိုက်သည်နှင့် ကျွန်ုပ်မှာ ရသပေါင်းစုံကို
စတင်ခံစားရလေသည်။ တခါတခါ ၀မ်းပမ်းတနည်းဖြစ်လိုက်၊ တခါတခါ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်၊
တခါတခါ မဲ့လိုက်၊ တခါတခါ လက်သီးဆုပ်လိုက်၊ တခါတခါ အံကြိတ်လိုက်။ တခါတခါ ဘေးဘီကိုအကဲခတ်လျက်
အသာကျိတ်ပြီး တခွိခွိရီလိုက်။
ကျွန်ုပ်တို့ရွှေနိုင်ငံတော်ကြီးမှ ရွေးကောက်ပွဲသည်ကား ချစ်၊
ရွှင်၊ သနား၊ တည်ငြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့သြ တည်းဟူသော ရသ
(၉) မျိုးစလုံးကို သယ်ဆောင်လာလေသည်။ မြန်မာနိုင်ငံမှလွဲ၍ ဤကမ္ဘာပေါ်ရှိ အခြားနိုင်ငံများမှ
ရွေးကောက်ပွဲများမှာ ကျွန်ုပ်တို့နိုင်ငံလောက် ရသပေါင်းစုံကို ပေးနိုင်အံ့မထင်။ ထူးဆန်းပါပေ့
ဆတွတ်ရယ်။
ပထမ - တစ်နိုင်ငံလုံးကို လှည့်ပတ်သွားပြီး မမောနိုင်မပန်းနိုင်
ဟောပြောနေရသော အမယ်အိုကိုကြည့်ကာ ကျွန်ုပ်မှာ သနားကရုဏာ သက်လှသဖြင့် မျက်ရည်များပင်
လည်မိ၏။
ထိုမှတဖန် ဟောပြောပွဲလုပ်မည့် မနောကွင်းကို ရှိသမျှ သုံးပေါက်လုံး
သံကြိုးများဖြင့်သော့ပိတ်ကာ ယုတ်မာသည်များအား တစ်ယောက်တည်းကျိတ်ကာ တောက်ခေါက်မိ၏။ ဒေါသအတုံးလိုက်ထွက်မိ၏။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိ၏။
ဘယ်သူတွေ ဘယ်လိုယုတ်မာပါစေ။ သူမကိုထောက်ခံသည့် ပရိသတ်ကြီး
သူမရှိရာသို့ (ရွံ့ထူထူ၊ ဗွက်ပေပေ၊ ရေအိုင်အိုင်၊ မိုးရွာရွာ၊ ဖြုတ်ကိုက်ကိုက်၊ အလုပ်ဖြုတ်ပစ်မည်ဆိုဆို၊
လခဖြတ်မည် ပြောပြော) တခဲနက်လာရောက်အားပေးသည်ကို တွေ့ရပြန်သော် ကျွန်ုပ်မှာ အလွန်ဝမ်းသာအားရ
ဖြစ်ရပြန်လေ၏။ ကချင်ပြည်နယ်သို့သွားသည်ဖြစ်စေ၊ ချင်းပြည်နယ်သို့သွားသည်ဖြစ်စေ၊ သူမသွားလေရာ
နေရာတိုင်းတွင်ပင် ပရိသတ်ကြီးမှာ အုံလိုက်ကျင်းလိုက် လာရောက် အားပေးကြလေသည်။ ဤသည်ကို
ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ လွတ်လပ်ရေးကို အဘယ်မျှ အာသာငမ်းငမ်းဖြင့်
တောင့်တနေကြောင်း၊ ကမ္ဘာဦးလူတို့သည် နေနှင့်လကို မျှော်လင့်သကဲ့သို့ အစိုးရကောင်းကို
အဘယ်မျှ မျှော်လင့်နေကြကြောင်း၊ သူမအပေါ် အဘယ်မျှ ယုံကြည်ကိုးစားကြကြောင်း အထင်းသား
ပေါ်လွင်နေပါ၏။ စိတ်မထိန်းနိုင်သူ အဖွားအိုများနှင့် အမျိုးသမီးများ လူကြားမှ အတင်း
တိုးဝှေ့ထွက်လာကာ သူမကို အားရပါးရ ဖက်နမ်းသည်ကို တွေ့ရသည့်မြင်ကွင်းအတွက်လည်း ကျွန်ုပ်မှာ
အလွန်ပီတိဖြစ်မိလေ၏။ ဗိုလ်ချုပ်ကို ကျွန်ုပ်တို့ အူထဲ၊ အသည်းထဲ၊ နှလုံးသည်းပွတ်ထဲမှ
ချစ်သကဲ့သို့ သူမကိုလည်း ကျွန်ုပ်တို့ ပြည်သူပြည်သားအပေါင်းက ၅၀၀၀ ပေးစရာမလိုဘဲ ရင်းတွင်းမှလာသော
ပကတိမေတ္တာများဖြင့် လှိုက်လှိုက်လှဲလှဲ ချစ်ကြသည်သာ ဖြစ်၏။ (ဟိုလူတစ်သိုက် ကလွဲလို့ပေါ့။)
သူမပြောသည့်စကားများကို နားထောင်ကြည့်ပါ။ မည်သူ့ကိုမှ ပုတ်ခတ်တာမပါ။
မည်သူတစ်ဦးတစ်ယောက်ကိုမှ မစော်ကား။
“NLD အာဏာရရင် ကျုပ်တို့အတွက် ဘာလုပ်ပေးမလဲ” - ဟု မေးလာသည်ကို
-
“အဲသလို သူများလုပ်ပေးတာကို မျှော်နေရတဲ့ ဘ၀က လွတ်အောင် လုပ်ပေးမယ်”
- ဟု ပြန်ဖြေခဲ့၏။
ကြည့်လိုက်စမ်းပါခင်ဗျာ။ ပညာရှိများ ပြောစကား၊ မှတ်သားစရာ
အပြည့်။
“ကျုပ်တို့သာ အာဏာရရင် လူတွေအကျင့်စာရိတ္တကောင်းလာအောင် အကုန်ရှင်ပြုပေးမယ်”
ဆိုတဲ့ စကားနဲ့များ နံ့သာဆီနဲ့ အီး ပေါ့ခင်ဗျာ။ (နေပါစေမောင်ရယ်၊ ကျုပ်တို့ဘို့မပူပါနဲ့။
ခင်ဗျားဘာသာပဲ အကျင့်စာရိတ္တကောင်းအောင် အရင်ပြင်စမ်းပါဦး။)
ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ။ ကျုပ်ကလည်း မနှိုင်းအပ်၊ နှိုင်းအပ်၊
သွားနှိုင်းပြနေတယ်။ မိုးနတ်မင်းကြီးခင်ဗျာ၊ စိတ်ဆိုးပြီး ၀ရဇိန် လက်နက်နှင့် ပစ်တော်မမူပါလင့်။
အသင်ပစ်လျှင်လည်း ကျွန်ုပ်က ကျောက်ဖရုံသီးနှင့် ကာပြီးဖြစ် (ဟုတ်ပေါင် - ရောကုန်ပြီ)
မိတ်ဆွေများ ထင်သာမြင်သာရှိအောင် ပြောပြရခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ။
တဖက်မှ သတင်းများကို ဖတ်မိပြန်သော် မိမိတို့အစွမ်းအစရှိသမျှနှင့်
မဲဆွယ်သည့်ကားများကို နိဗ္ဗာန်ယာဉ် ယောင်ယောင်၊ သင်္ကြန်အလှပြကား ယောင်ယောင်လုပ်လိုလုပ်၊
ကလေးများကို ယောဂီအ၀တ်များဝတ်ကာ သူရို့ဖွတ်အလံများကိုင်ခိုင်းလိုကိုင်ခိုင်း၊ အနောက်နိုင်ငံတွေ
ထောက်ခံတဲ့ပါတီသာဖြစ်လို့ကတော့ တစ်နိုင်ငံလုံး စစ်ဖြစ်တော့မယ် ပြောလိုပြော၊ ကိုယ့်ဝါးလုံးခေါင်းထဲ
လသာ နေပြီး သူများယဉ်ကျေးမှုလည်း နားမလည်ပါဘဲလျက် အိုဘားမား နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပေါ့
ဆိုလိုဆို (နေပါဦး မောင်ရယ်၊ ဒီတစ်ခါ အိုဘားမားလာရင် ဒေါ်လာတစ်သိန်းပေးပါ့မယ်၊ ကျုပ်မိန်းမ
လာနမ်းစမ်းပါ လို့ သွားပြောစမ်းကြည့်ပါလား။ ဟိုက အဖက်လုပ်နမ်းမလား၊ ပါးရိုက်လွှတ်လိုက်မလားလို့။)၊
ကျုပ်တို့သာ အာဏာရရင် နောက် ၅ နှစ်က ၁၀ နှစ် အတွင်း ဧရာဝတီ တစ်တိုင်းလုံးကို စာတတ်အောင်
လုပ်ပေးမယ်လို့ ကယောင်ကတမ်း ထပြောလိုပြော (အလဲ့ကွယ်၊ နောက် ၅ နှစ်ကြာမှလုပ်မယ် ဆိုတော့
ပြီးခဲ့တဲ့ နှစ်တွေတုံးက နင့်ဂျီးဒေါ်အိမ် သွားအိပ်နေလို့လား၊ တယ်လေ ငါ)၊ ကျုပ်သာ ရွေးကောက်
တင်မြှောက်ခံရရင် လစာမယူဘဲ အလုပ်လုပ်ပါမယ် ဆိုလိုဆို (ယူစရာလိုမလားကွာ၊ နင်ရို့ခိုးထားတာ
ဒီတစ်သက်မပြောနဲ့၊ ဆယ်သက်စားလို့မှ မကုန်ဘဲကိုး)။
၎င်းတို့ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံများကို တွေ့ရလေသော်
ကျွန်ုပ်မှာ ၎င်းတို့၏ အဖြစ်မရှိပုံ၊ ညံ့ဖျင်းပုံများအား အလွန် သနားကရုဏာ သက်မိသောကြောင့်
ကျွပ်ကျွပ်မြည်အောင် စုပ်သပ်မိသောဟူ၏။ သို့သော် ထို နလဘိန်းဒုံးများကိုမူ အပြစ်မဆိုလိုပါ။
၎င်းတို့အား မွေးထုတ်၊ သင်ကြားပေးလိုက်သူများကိုသာ အပြစ်ဖို့လိုလေသည်။ သို့မို့ကြောင့်
NLD အစိုးရတက်မှ ကျွန်ုပ်မြန်မာပြည်ပြန်ကာ ၎င်းတို့အားလုံးအားခေါ်လျက် ကက်ပက်စီတီ ဘစ်လဒင်း
(လျှာလိပ်လိုက်တာ) နှင့် ယဉ်ကျေးလိမ္မာ သင်တန်းများပေးရန် ကြံရွယ်မိသောဟူ၏။
ဦးတင်အေးရေ၊ ခင်ဗျားတင်မဟုတ်ဘူးဗျို့။ ကျုပ်လည်းပဲ ကန်တော့ပွဲနဲ့
လာ တောင်းဆိုရင်တောင် ခင်ဗျားတို့ကို မဲမပေးဘူးဗျို့။ စိတ်သာချ။ မှန်းစမ်း၊ ဘယ်နှစ်မဲလဲ။ ဦးအေးငြိမ်း၊ သူ့ကတော်၊
နှမ ၄ ယောက်၊ တူမ ၂ ယောက်၊ တူ ၁ ယောက်၊ ယောက္ဖ၊ ခယ်မ၊ မိန်းမဘက်က အမျိုး ၅ ယောက်။ အောင်မယ်၊
မဆိုးဘူးဟ။ အနည်းဆုံး ၂၀၊ အစိတ်လောက်တော့ ရှိသည်။ နိုဝင်ဘာလဆန်းမှ မမကို ၀ါးတောကွင်းတစ်ရွာလုံး
NLD ကို မဲထည့်ဘို့ ဖုံးလှမ်းဆက်ခိုင်းရဦးမည်။ ကြံ့ဖွတ်က ဟိုဟာတွေပေး၊ ဒီဟာတွေပေးပြီး
မဲဆွယ်တယ် ဆိုလို့ကတော့ မမကို ကားစီးလုံးငှားသွားခိုင်းပြီး သူတို့ထက် ပိုပေးလိုက်ဦးမည်။
(ညှင်း ညှင်း ညှင်း၊ အဲသလောက် စိတ်ကြီးတာ။)
အင်း၊ ဘာလိုလိုနဲ့ မဲပေးရမဲ့ရက်တောင် နီးလာပါပေါ့။ သည်နှစ်အတွက်
ရှိသမျှခွင့် အကုန်ကုန်သွားပြီ။ ဟိုတလောက သားစာမေးပွဲ အတွက် ခွင့်တစ်ရက်ထပ်ယူလိုက်ရတော့
လစာမဲ့ခွင့်တောင် ဖြစ်သွားသည်။ သို့သော် မဲပေးဘို့အတွက်တော့ မယူမဖြစ်၊ ယူမှ ဖြစ်မည်။
စနေ၊ တနင်္ဂနွေကို ကိုယ့်ထက် ပိုအရေးကြီးသူတွေကို ဦးစားပေးရမည်။ သည်တော့ ဗုဒ္ဓဟူးနေ့ညကတည်းက
သွား အိပ်ရ ကောင်းမလား။ ဖြစ်သေးပါဘူး။ ကိုယ့်ချည်းက ဘယ်လိုနေနေ၊ မိန်းမနဲ့ ကလေးက ရှိသေးသည်။
သည်တော့ မနက် ၄ နာရီလောက် ထပြီး တိုင်စီငှားသွားရတော့မည်။ သည်လောက် လူအများကြီးကို
ကိုယ်တော်တို့ ဘယ်လို စီစဉ်မည်မသိ။ ကျွန်တော်သာ လုပ်ပိုင်ခွင့်ရှိလို့ကတော့ မြန်မာပြည်က
မဲရုံမှုးများခေါ် (ဒါမှမဟုတ် နေ့စားခပေးကာ စင်ကာပူမှပဲ ငှားငှား)၊ စင်ကာပူမှ Cesco ရဲများငှားကာ
စင်ကာပူနိုင်ငံအတွင်း အနည်းဆုံး ၅ နေရာလောက်ခွဲကာ လုပ်ပေးမည်။ မဲပေးတာ ဘာခဲယဉ်းသတုံး။
၅ နေရာ သာ ခွဲလိုက်လျှင် တစ်နေရာမှ ၁၀၀၀ ပဲရှိတော့မည်။
သူတို့သာ ရန်ကုန်ဘက်က မဲပေးခွင့်ရှိသူတွေစာရင်းရပြီဆို ဘယ်တိုင်းကလူတွေ
ဘယ်ကိုလာပါလို့ ကြေငြာ။ လက်မှတ်ထုတ်ပေး။ လူစီစစ်။ နောက်ပြီး မဲပုံးတွေ ပြန်သိမ်း။ ကိုယ်တောင်သိမ်းစရာမလို၊
ရဲတွေကို သိမ်းလာခိုင်းလိုက်။ ပြီးသည်။ အသင်တို့ထက်တောင် စိတ်ချရပါသေး။ သူတို့ကမှ တကယ့်မှန်မှန်ကန်ကန်
လုပ်မှာဖြစ်သည်။
ဘာာာာာ၊ လူအင်အားနဲ့ အချိန်။
ကျပ်ငွေ ၆၈ ဘီလျံ နဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ လေဗျာ။
မိတ်ဆွေများခင်ဗျား -
မဲပေးဘို့ သည်ကနေ့ကတည်းက ခွင့်ကြိုတင်ထားကြပါမည့် အကြောင်း
-
ကျေးဇူးတင်ပါသည်။
သြော် - ခဏ၊ ဟိုလူကြီးတွေရေ၊ သိပ်လည်းမနာပါနဲ့ဦးဗျာ။ မဲဆွယ်တယ်ဆိုတာ
သည်လို ခပ်စပ်စပ်ကလေး ရိုက် ဆွယ်မှဗျ။
အေးငြိမ်း
၈ သြဂုတ်၊ ၂၀၁၅။ ညနေ ၄း၃၆ နာရီ
No comments:
Post a Comment