(၁)
မည်သူမယုံယုံ။
ကျွန်တော်ကတော့ NLD နိုင်ကိုနိုင်ရမည်ဟု သည်လိုပင်
ယုံပါသည်။ အသေအချာပင် အပ်ချမတ်ချ ယုံလိုက်ချင်ပါသည်။
(၂)
အမှန်ကိုပြောရလျှင် ယခင်အခါ ကာလများက ကျွန်တော် NLD အပေါ်
သိပ်အထင်မကြီးခဲ့ပါ။ သူများကို အထင်မကြီးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘ၀င်လေဟပ်နေ၍ ဖြစ်၏။
အဘယ်ကြောင့်နည်း။ အကယ်၍ NLD အနိုင်ရပြီး အစိုးရဖွဲ့မည်ဆိုပါစို့။ ထို အစိုးရအဖွဲ့ထဲတွင်
ဝင်ရောက်နေရာယူကြမည့် သူများသည် စီးပွားရေး တာဝန်ယူမည့်သူကလည်း စီးပွားရေးအကြောင်း၊
နိုင်ငံခြားရေး တာဝန်ယူမည့်သူကလည်း နိုင်ငံခြားရေးအကြောင်း၊ ပညာရေးတာဝန်ယူမည့်သူ၊ စိုက်ပျိုးရေး၊
စက်မှု စသည် အသီးသီး ကဏ္ဍအလိုက် တာဝန်ယူမည့်သူများသည် သူတို့တာဝန်ယူရမည့် ကဏ္ဍအလိုက် ကျွမ်းကျင်သူ၊
နှံ့စပ်သူ၊ နိုင်ငံတကာ အတွေ့အကြုံ၊ ပြည်တွင်းအတွေ့အကြုံရှိသူ၊ အုပ်ချုပ်ရေးပိုင်းတွင်
လုပ်ကိုင်ဖူးသူများ ဖြစ်ရမည်။
သို့ဆိုလျှင် NLD ထဲ၌ ထို ဘာသာရပ်၊ လုပ်ငန်းခွင်များထဲ၌ ကျွမ်းကျင်
နှံ့စပ်သူ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပေါင်းသင်းဆက်ဆံဖူး သူ အဘယ်သူများရှိသနည်း
ဟု ကျွန်တော် တွေးခဲ့၏။ ထို့ကြောင့်ပင်လျှင် အင်း၊ NLD အစိုးရဖွဲ့နိုင်တယ်ဆိုရင်တောင်
တာဝန်ပေးရမဲ့ လူကို ဘယ်လိုရွေးရပါ့ဟု တွေးပြီး အထင်မကြီးခဲ့ခြင်း ဖြစ်၏။
တကယ်ဆို
NLD ပါတီဝင်များထဲမှ သူတို့အကြောင်း ကျွန်တော်သိသူ ပီဘိ နည်းနည်းကလေးမျှ
ဖြစ်၏။ ဒါတောင် အနီးကပ် ပေါင်းကြည့်လို့ အတွင်းသိ၊ အစင်းသိ သိတာမဟုတ်။ လူများပြောတာ
စာဖတ်တာမျှဖြင့် သိရတာ ဖြစ်၏။ ကျွန်တော် အထင်မကြီး တာက ရမ်းပြီး အထင်မကြီးနေတာသာ ဖြစ်သည်။
ဤသည်မှာ ကျွန်တော် အလွန်လွဲမှားခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် NLD သာ အစိုးရဖွဲ့ခဲ့လျှင် ဗဟိုဦးစီးစနစ်ဖြင့်
တစ်လမ်းသွား အုပ်ချုပ်မှာ မဟုတ်ဘဲ။ တစ်နည်းအားဖြင့် ငါခိုင်းတာပဲလုပ်၊ ဘာမှပြန်မပြောနဲ့
ဆိုသည့်စနစ်ဖြင့် အုပ်ချုပ်မှာ မဟုတ်သောကြောင့် ဖြစ်သည်။ (ဤသို့ဖြစ်လိမ့်မည်ဟုပင် ယူဆပါသည်။)
အစိုးရ၏
အလုပ်မှာ ပေါ်လစီချပေးရေးသာ ဖြစ်၏။ တကယ် အကောင်အထည်ဖော်ရမည့်သူများမှာ ခင်ဗျားတို့ ကျွန်တော်တို့
လုပ်သားပြည်သူများသာ ဖြစ်ပေသည်။ အထက်မှ ချပေးလိုက်သည့် ပေါ်လစီ မှားနေသည်ဆိုပါစို့။
ကျွန်ုပ်တို့က မှားနေကြောင်း အကျိုးသင့် အကြောင်းသင့် ပြန်ပြောနိုင်ခွင့် ရှိမည်။ ထိုအခါ
အထက်အောက် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ပေါ်လစီအမှန်ကို
ရနိုင်ပေမည်။
ထိုအခါ ထိုကောင်းမွန်မှန်ကန်သော ပေါ်လစီအရ ကောင်းမွန်မှန်ကန်သော စနစ်ကို အကောင်အထည်
ဖော်နိုင်မည်။ ထိုအခါ ကောင်းမွန်မှန်ကန်သော လူ့အဖွဲ့အစည်းကို ရမည်။
အစိုးရအဖွဲ့ကို
ဦးဆောင်မည့်သူသည် တော်တည့်ထက်မြက်သော၊ အမြော်အမြင်ရှိသော၊ နိုင်ငံ့အပေါ် တကယ် စေတနာထားသော
သူ ဖြစ်ရမည်။ ၎င်း၏ မှန်ကန်သော ဦးဆောင်မှုအောက်တွင်
သန့်ရှင်းသော အစိုးရတစ်ရပ်ကို ထူထောင်နိုင်လိမ့်မည်။ သန့်ရှင်းသည့် အစိုးရဟု ဆိုလိုက်သည်နှင့်
ကိစ္စတော်တော်များများ ပြီးသည်။
ကျွန်ုပ်တို့မြန်မာများသည်
ခေသူများ မဟုတ်ကြပါ။ ထိုးထွင်းဉာဏ်ကောင်းကြသည်။ သင်လွယ်၊ တတ်လွယ်သည်။ ရိုးသား၊ ကြိုးစား
ကြသည်။ ယခု ကျွန်ုပ်တို့မြန်မာလူ့အဖွဲ့အစည်းကြီး ပျက်ယွင်းနေခြင်းမှာ မြန်မာတွေ၏ မူရင်းဗီဇကိုက
ဗရုတ်သုက္ခဗီဇကြောင့် ပျက်စီး နေတာ မဟုတ်။ သည်လို လူ့ဗလချီးနမ်းကလေးများဖြစ်အောင် တမင်သက်သက်
လုပ်ပစ်ကြခြင်းကြောင့်သာ ဖြစ်လေသည်။ အကယ်၍သာ ကောင်းမွန်သည့်၊ မြင့်မြတ်သည့် လူမှုပတ်ဝန်းကျင်ဖြစ်အောင်
ထူထောင်ပေးပါက၊ ကောင်းသည့် အကျင့်စရိုက်များကို မွေးမြူ ပေးပါက ရိုးသားကြိုးစားသည့်၊
အချိန်ကိုတန်ဘိုးထားသည့်၊ မြန်မာကောင်း၊ မြန်မာတော်များ ရရှိလာမည်မှာ (မြေကြီးကို လက်နှင့်
ပုတ်က လွဲချင် လွဲပေလိမ့်ဦးမည်) အလွန်သေချာလှပါသည်။
အကယ်၍
ကျွန်ုပ်တို့သာ ကောင်းမွန်မှန်ကန်သော အစိုးရတစ်ရပ်၏ ဦးဆောင်မှုအောက်တွင် လုပ်ကိုင်ကြရပါမူ
နှစ်များမကြာမီ အတောအတွင်း ကမ္ဘာ့အလယ်တွင် မြန်မာရယ်ဟု ငွားငွားစွင့်စွင့် ပေါ်ထွန်းလာမည်
ဖြစ်ပေသည်။
(၃)
ယခု
ကျွန်ုပ်တို့တွင် ကောင်းမွန်သော အစိုးရတစ်ရပ်ဖြစ်လာအောင် ဖော်ဆောင်ပေးမည့် ခေါင်းဆောင်တစ်ဦးကို
လက်ဝယ်ပိုင်ပိုင် ရရှိထားပြီ ဖြစ်၏။ သူ့ ဦးဆောင်မှုအောက်တွင် မြန်မာပြည်ကြီးကို လူလူသူသူဖြစ်အောင်
လုပ်ကိုင်ပေးလိုကြသူများမှာလည်း လက်ယားလှပြီ။ တကယ်လည်း လုပ်တတ်ကိုင်တတ်သော၊ တကယ်လည်း
ပညာတတ်သော၊ နိုင်ငံတကာစံနှုန်းများနှင့်လည်း ရင်းနှီးကျွမ်းဝင်သော လူ့အရင်းအမြစ်ကြီးကလည်း
အဆင်သင့် စောင့်ဆိုင်းလျှက် ရှိ၏။
အရေးကြီးသည်မှာ
ထို အရည်အချင်းပြည့်ဝသော၊ နိုင်ငံ့ဂုဏ်ကို ကမ္ဘာ့အလယ် ဆွဲတင်ပေးနိုင်သော၊ ခြောက်သွေ့နေသော
တိုင်းပြည် ကြီးကို ပြန်လည်စိမ်းစိုလာအောင် စွမ်းဆောင်ပေးနိုင်သော သူ့လက်ထဲသို့ လုပ်ပိုင်ခွင့်အပြည့်အ၀ ထည့်ပေးရေးသာ
ဖြစ်၏။ သူသာ အာဏာရပါစေ။ ကျန်တာ ကျွန်တော်တို့အပိုင်းထားပါ။ သူ့ခေါင်းဆောင်မှုအောက်တွင်
ကျွန်တော်တို့ ၀ိုင်းဝန်း ကြိုးစားကြပါမည်။
အရေးကြီးသည်မှာ
စက်များ၊ လမ်းများ၊ တံတားများ၊ အဆောက်အဦများ၊ မြို့သစ်များ၊ ပစ္စည်းများ မဟုတ်ပါ။ စနစ်နှင့်
လူ ဖြစ်ပါ သည်။ ပစ္စည်းဆိုတာ ပိုက်ဆံရှိလျှင် ၀ယ်လို့ရသည်။ သို့သော် လူတစ်ယောက်၏ ကိုယ်ကျင့်စာရိတ္တနှင့်
စနစ် ဆိုသည်ကို ငွေပေးပြီး ၀ယ်လို့မရ။ လူတွေကိုယ်နှိုက်က ထူထောင်ယူမှ ရမည်။
စနစ်ကို
အစိုးရက လုပ်ရမည်။ လူ ဆိုသည်မှာ လူအရင်းအမြစ် ဖြစ်၏။ လူအရင်းအမြစ်ကိုမူ အစိုးရရော လူထုကပါ
ဝိုင်းဝန်း လုပ်ဆောင်ကြရမည်။
လူအရင်းအမြစ်ဆိုရာတွင်
လူကြီးများထက် လူငယ်များက ပိုအဓိက ကျသည်။ အဘယ်ကြောင့်ဆိုသော် စနစ်တစ်ခုကို ထူထောင်ဘို့
ဆိုတာ လေးငါးနှစ်နှင့် ရစကောင်းတာ မဟုတ်။ အနှစ် အစိတ်၊ သုံးဆယ် ကြာသည်။ ယခု ကျွန်တော်
အသက် ၅၅ နှစ် ပြည့် တော့မည်။ နောက် အနှစ် ၃၀ ဆို အဘိုးကြီးဖြစ်နေပြီ။ ဘာလုပ်လို့ ရပါတော့မည်နည်း။
ထို့ကြောင့် ထိုစနစ်ကို ထူထောင်ကြမည့် လူငယ်၊ လူရွယ်များကို လူတော်လူကောင်းကလေးများဖြစ်အောင်
ပျိုးထောင်ပေးကြဘို့ အလွန်အရေးကြီးသည်။
သို့ဆိုလျှင်
ထို လူငယ်၊ လူရွယ်တွေကို ဘယ်သူတွေ ပျိုးထောင်ပေးမည်နည်း။ ခင်ဗျားတို့၊ ကျွန်တော်တို့
ပျိုးထောင် ပေးရမည်။ လူငယ်တွေကို ပြုစုပျိုးထောင်ဘို့ ကျွန်တော်တို့ကိုယ်နှိုက်က အရည်အသွေးပြည့်ဝသူ၊
ကိုယ်ကျင့်သီလအရာ၌ ဒေါင်ဒေါင်မြည်နေသူ များဖြစ်အောင် ကြိုးစားကြရမည်။ အရက်ပုလင်း ခါးကြားထိုးထားသူက
ဟေ့ကောင်တွေ၊ အရက်သောက်တာ မကောင်းဘူး၊ မသောက်ကြနဲ့ကွ ဟု ဆုံးမလို့ ရပါမည်လား။
နိုင်ငံ့တာဝန်ထမ်းဆောင်တယ်ဆိုတာ
ရှေ့တန်းမှာ သေနတ်ပစ်နေတာမှ မဟုတ်။
မြို့တော်
သန့်ရှင်းသာယာလှပအောင် လမ်းဘေး၌ တံမြက်လှည်းနေသူသည်လည်း နိုင်ငံ့တာဝန်ထမ်းဆောင်နေတာ
ဖြစ်သည်။
ကျေးလက်မှ
မူလတန်းပြဆရာမကလေး စာသင်နေတာလည်း နိုင်ငံ့တာဝန်ထမ်းဆောင်နေတာ ဖြစ်သည်။
ဟိုးလယ်ထဲက
လယ်သမားကြီး လယ်ထွန်နေတာလည်း နိုင်ငံ့တာဝန်ထမ်းဆောင်နေတာ ဖြစ်သည်။
ကျောင်းတက်ပြီး
စာကျက်နေသော ကျောင်းသားကလေးသည်လည်း နိုင်ငံ့တာဝန်ထမ်းဆောင်နေတာ ဖြစ်သည်။ ထိုကျောင်းသားကလေး
စာမကျက်လျှင် အဘယ်ကဲ့သို့ ပညာတတ် ဖြစ်မည်နည်း။ ပညာတတ်မဖြစ်လျှင် အဘယ်ကဲ့သို့ နိုင်ငံ့တာဝန်
ထမ်းဆောင်မည်နည်း။ ထို့ကြောင့် သူစာကျက်တာလည်း တစ်နည်းအားဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေတာ
ဖြစ်လေသည်။
မကြာမတင်သော
ကာလမှာ ကမ္ဘာကျော်ခေါင်းဆောင်ကြီးတစ်ဦး၏ ဦးဆောင်မှုဖြင့် ကျွန်ုပ်တို့လူ့ဘောင်အဖွဲ့အစည်းကြီးကို
ပြန်လည် တည့်မတ်ကြရပါတော့မည်။
ထိုသို့
ပြန်လည်တည့်မတ်ရာတွင် ကျွန်ုပ်တို့သည်လည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနှင့် ပါဝင်ကြရမည်
မလွဲ။
ထိုသို့
ပါဝင်ဆင်နွှဲနိုင်ရန် ယခုကတည်းက ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြင်ဆင်ထားရမည်။
မိမိတို့၏
အရည်အသွေးတက်လာအောင် ဖတ်မှတ်၊ လေ့လာကြရမည်။
မဟုတ်တာ
လုပ်ချင်စိတ်ကလေးရှိနေလျှင်တောင် ယခု အပြီးအတိုင် မောင်းထုတ်ပစ်လိုက်ပါ။
ငါတို့တိုင်းပြည်အတွက်
ငါလည်းအလွန်အရေးကြီးသည်ဟု ခံယူထားပါ။
ထို့အတွက်
မိတ်ဆွေများခင်ဗျား -
ကျွန်ုပ်တို့၏
ချစ်လှစွာသော အမိမြန်မာပြည်ကြီးအတွက် ယခုကတည်းက ကြိုတင်ကြိုးစားကြပါစို့ ဟု အလေးအနက်
တိုက်တွန်းလိုက်ရ ပါသတည်း။
(၄)
တို့တိုင်းပြည်
ထလော့မြန်မာ၊
အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
တို့ရွာတို့ပြေ၊ တို့ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကားမျိုး၊
တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင်၊ ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင်၊ ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ်၊
ညီစေသတည်း။
ဇော်ဂျီ
ဇော်ဂျီ
ကဗျာ၌
မှားနေသည်များရှိလျှင် ပြင်ပေးကြပါခင်ဗျား။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၃
အောက်တိုဘာ၊ ၂၀၁၅။ ၀၀း၅၆ နာရီ
No comments:
Post a Comment