(၁) ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော (ချစ်ခင်နှစ်သက်သူတို့နှင့် ဝေးနေရခြင်းသည် ဆင်းရဲ၏။)
အရင်ဘ၀တွေတုံးက ငှက်သိုက်များကို
တက်နှိုက်ကာ ငှက်ပေါက်ကလေးများကို ဖမ်းခဲ့မိလေသလားမသိ။ ကျွန်တော့်ဘ၀တွင် မိသားစုနှင့်
အတူနေခဲ့ရချိန်များမှာ အလွန်နည်းပါးလှပေသည်။
ငယ်စဉ်က
လေးတန်းအောင်သည်မှစကာ ပညာသင်ရန် ရွာမှခွါခဲ့ရသည်။ လေးတန်းအောင်ဆိုတော့ အသက် ဆယ်နှစ်သားပေါ့။
ထိုမှစကာ ရွာသို့ ကျောင်းပိတ်မှ အလည်ပြန်ရောက်တော့သည်။ သို့သော် အလယ်တန်းနှင့် အထက်တန်း
ပညာများသင်ကြားခဲ့စဉ်က မောင်နှစ်မတစုတို့ အတူနေကာ ကျောင်းတက်ကြရသေးသည်။ သိပ်မဆိုးလှသေး။
ဆယ်တန်းအောင်သည်မှစကာ
မြို့တက်ကာ ကျောင်းနေရသည်။ ထိုအချိန်မှစ၍ တစ်ဦးတည်းနေခဲ့ရသည်မှာ ရေဆင်းတွင် အလုပ်ရချိန်ထိ။
ရေဆင်း၌နေစဉ် မိသားစုနှင့် အတူနေရသည်မှာ ၇ နှစ်ခန့်ဖြစ်၏။ ရေဆင်းမှထွက်ခဲ့ပြီး စင်ကာပူသို့လာခဲ့ရာ
ယခုအချိန်ထိ မိသားစုနှင့် ခွဲနေရဆဲ ဖြစ်လေသည်။
ပြန်တွက်ကြည့်လျှင်
ယခု အသက် ၅၀ ကျော်အတောအတွင်း မိသားစုနှင့် အတူနေရချိန်များမှာ မွေးကတည်းက ဆယ်နှစ်ထိနှင့်
ရေဆင်းတွင်နေခဲ့ရသော ၇ နှစ်။ ပေါင်း ၁၇ နှစ် မျှသာ ဖြစ်သည်။ ကျန်ကာလများတွင် ကျောင်းပိတ်၍
အိမ်ပြန်သည့်အချိန်နှင့် စင်ကာပူမှ အိမ်ပြန်သည့်အချိန် ကြိုးကြားကြိုးကြားမျှသာ ဖြစ်လေသည်။
ကျွန်တော်တို့မှာ
တစ်နှစ်လျှင် ခွင့် (၁၄) ရက်မျှရလေရာ ဟိုကိစ္စ၊ သည်ကိစ္စများအတွက် ခြိုးခြိုးခြံခြံသုံးသည့်တိုင်
နှစ်ကုန်တော့ ခွင့်မှာ ၉ ရက်ခွဲသာ ကျန်တော့သည်။ ထိုခွင့်ကလေးများကိုစုလျှက် ဒီဇင်ဘာရောက်တိုင်း
ကျွန်တော် တစ်နှစ်တစ်ခေါက် ရန်ကုန်ပြန်လေ့ရှိ၏။ ကျွန်တော်တို့ကုမ္ပဏီက သည်ဘက်နှစ်ကခွင့်ကို
ဟိုဘက်နှစ်ကို ကူးယူခွင့်မပြု။ သည်နှစ်ထဲမှာပင် အပြတ်ရှင်းရသည်။ ထို့ကြောင့် ကျွန်တော့်အတွက်
ဒီဇင်ဘာလသည် အိမ်ပြန်ရန် အဆင်အပြေဆုံးလ ဖြစ်သတည်း။
ယခုတစ်ခေါက် ရန်ကုန်ပြန်တော့ သားက
၇ နှစ်သား။ ပလီစိချောက်ချက်များ အတော်ပြောတတ်နေပြီ။ ဟောပြောပွဲ ကိစ္စနှင့် ကျွန်တော်မတ္တရာသွားမည်ဆိုတော့
ဆယ်ရက်ကလေး အချိန်ရတာတောင် ဘာလို့ လျှောက်သွားနေရတာလဲ၊
သားပါလိုက်လို့မရဘူးလား၊ ဖေဖေ ဒီလို ၂ ရက်သွားမယ်ဆိုရင် နောက်ထပ် ၂ ရပ်ထပ်ပြီး အစားနေပေးလို့
မရဘူးလား ဟု သားကပြောလာတော့ ကျွန်တော်အလွန်အင်မတန် စိတ်မကောင်းဖြစ်ရသည်။ သို့သော်
သွားမှာက လေယာဉ်နှင့်ဆိုတော့ လေယာဉ်လက်မှတ်ဆိုတာ ချက်ချင်းလက်ငင်း ကောက်ဝယ်လို့မရသည်က
တစ်ကြောင်း၊ ဟောပြောပွဲကလည်း စီစဉ်ပြီးသားမို့ မသွားမဖြစ်တာက တစ်ကြောင်းဆိုတော့ စိတ်မကောင်းသည့်ကြားမှပင်
ကျွန်တော် ဇွတ်တိုးသွားရသည်။
ခရီးထွက်နေစဉ်လည်း
ဖေဖေဘယ်ရောက်နေပြီလဲ၊ ဘယ်အချိန်ပြန်ရောက်မှာလဲ
ဟု တစ်ချိန်လုံး ဖုံးဆက်သည်။ မတ္တရာက ပြန်လာတော့လည်း ဘယ်နားရောက်နေပြီလဲ၊ အိမ်ကို ဘယ်အချိန်ရောက်မလဲ ဟု သားက မကြာခဏဖုံးဆက်၏။
သို့မို့ကြောင့် နောက်ကို ဘယ်သွားသွား၊ သားကိုခေါ်သွားဘို့ အခိုင်အမာဆုံးဖြတ်ဖြစ်သည်။
ဇန္န၀ါရီလ
(၁) ရက်နေ့ စင်ကာပူပြန်လာတော့ လေယာဉ်ပင်မဆိုက်သေး။ သားက ဗိုက်ဘာဖြင့်လှမ်းခေါ်သည်။ ည
ကျတော့ သားမှာ ဖေဖေ့ကို အောက်မေ့လို့ဆိုကာ အိပ်ယာထဲသွား ငိုနေကြောင်း သူ့အမေက ဖုံးဆက်ပြောသဖြင့်
ကျွန်တော့်မှာ မချိတင်ကဲဖြစ်ရ၏။ နောက်မှ အဲလေ၊ ငါတစ်ယောက်ထဲမှ မဟုတ်ပေကပဲ။ နိုင်ငံခြားရောက်နေတဲ့
မိသားစုနဲ့ ခွဲနေရတဲ့သူတွေအားလုံး င့ါလိုနေမှာပဲ ဟု မနည်းစိတ်ကို ဖြေရသည်။
(၂) မပြောင်းလဲသော ရန်ကုန်
ရန်ကုန်ပြန်တော့
သားဘို့ နို့မှုံ့ (၆) ဘူးနှင့် ရွာမှလူများကိုပေးဘို့ အ၀တ်ဟောင်းများ၊ အစားအသောက်အနည်းငယ်
စသည်တို့ကိုသာ သယ်သွားသည်။ အခြား ဘာပစ္စည်းမှမပါ။ ရန်ကုန်ပြန်လျှင် ကျွန်တော်က အ၀တ်တစ်ထည်ကိုယ်တစ်ခု၊
လက်ပ်တော့တစ်လုံးမှလွဲ၍ အခြားအပိုပစ္စည်း ဘာမှမသယ်။ သူများကိုပေးဘို့ကမ်းဘို့ ပစ္စည်းများကိုသာ
အဓိကထား သယ်လေ့ရှိသည်။
ယခုတစ်ခေါက်တော့
လှည်းတန်းခုံးကျော်တံတားကြောင့် အထစ်အငေါ့မရှိ အိမ်ပြန်ရောက်သည်။ မနှစ်ကမူ ထိုခုံးကျော်တံတားဆောက်နေသည့်အတွက်
လမ်းလျှောက်လျှင်ပင် ၁၅ မိနစ်မျှနှင့်ရောက်နိုင်သည့်ခရီးကို မိနစ် ၄၀ မျှ နေပူပူထဲ
ချွေးတဒီးဒီးကျကာ စောင့်ခဲ့ရတာ မှတ်မိပါသေးသည်။
သို့သော်လည်းလေ
မြန်မာပြည်ပေကပဲ။ မြန်မာ့နည်းကလေးတွေတော့ ဘယ်ဖျောက်ပါလိမ့်မလဲ။
ခုံးကျော်တံတားက
ရန်ကုန် - ပြည်လမ်းအတွက် ဆိုတော့ ရန်ကုန် - အင်းစိန်လမ်းအတွက် တံတားတစ်ဖက်တစ်ချက် တွင်
ဟိုဘက်နှစ်လမ်း၊ ဒီဘက်နှစ်လမ်း လုပ်ပေးထားသည်။ အဆောက်အဦများမရှိသေးသည့် နေရာများတွင်
လူစဉ်မမီသော လူသွားပလက်ဖောင်းများ ရှိသေးသော်လည်း မေတ္တာဦး၊ အေဒီဂျီဘဏ် စသော အဆောက်အဦများရှိသည့်နေရာများတွင်
လူသွားပလက်ဖောင်းကိုဖျောက်ထားကာ ထိုအဆောက်အဦများဆီသို့ လာသောကားများမှာ ထိုအဆောက်အဦများမှသည်
ကားလမ်းထိ အပြည့်ပိတ်ရပ်ထားကြ၏။ လမ်းသွားလမ်းလာများမှာမူ ကားများ တ၀ီဝီဥဒဟိုပြေးနေသော
ကားလမ်းမပေါ်မှ ဆင်းလျှောက်ရလေသည်။
အိမ်မပြန်မီ တစ်ရက်တွင် ကိုနေမျိုးမောင်နှင့်
ချိန်းထားသဖြင့် သားကိုလက်ဆွဲပြီး ကျွန်တော်လှည်းတန်းသို့ အလာ အဆိုပါနေရာ၌ ကားတစ်စီးသည်
ကားလမ်းဘက်၌ တံခါးဖွင့်ကာ လူစောင့်နေလေသည်။ အခြားတစ်ဖက်ကလည်း သွားလို့ မရလောက်အောင်
ကားများကို ကြပ်သိပ်ရပ်ထားသဖြင့် ကျွန်တော်တို့မှာ ကားလမ်းအလယ်ထိ ဆင်းလျှောက်ရလေသည်။
ကျွန်တော့်မှာ
ဒေါကန်လျှက် နောက်ကြောင်းပြန်လှည့်လာပြီး ဒီမှာကိုယ့်လူ၊ ငါဒီလိုတံခါးဖွင့်ထားရင် လမ်းသွား
လမ်းလာတွေကို အနှောက်အယှက်ဖြစ်မယ်ဆိုတာ နည်းနည်းမှ မစဉ်းစားမိဘူးလား။ ငါလုပ်လို့ရပြီးရောဆိုပြီး
လုပ်တာ ကောင်းသလား၊ အခုတံခါးပိတ်ပါ ဟု အတင်း ဟောက်လေသော ဟူ၏။ ဘေးမှလိုက်လာသောသားက ဖေဖေဘာလို့
အဲဒီလူကြီးကို သွားဟောက်တာလဲ ဟု မေးလေသော် သား၊ ဟိုမှာကြည့်စမ်း။ သူကားတံခါးဖွင့်ထားတော့
လမ်းသွားလမ်းလာ တွေ ကားလမ်းပေါ်တက်လျှောက်နေကြရတယ်။ ဟိုဘက်က လာတဲ့ကားနဲ့သာတိုက်မိရင်
သူတို့အသက်အန္တရာယ်ရှိတယ်။ အဲဒီလို လူသွားလမ်းကိုပိတ်ပြီး ကားရပ်တာမျိုး ဘယ်တော့မှ မလုပ်ရဘူး
ဟု ရှင်းပြရ၏။
၂၂၊ ၁၂၊
၂၀၁၃ နေ့။ နေ့လည် ၁ နာရီမှ ၃ နာရီထိ ရန်ကုန်၊ ကလေးဝတောရ၊ နာဂလိုဏ်ဂူကျောင်းတွင် စင်ကာပူ
ရောက် မြန်မာပရဟိတအဖွဲ့များစုပေါင်းလျှက် မြွေဆိပ်ဖြေဆေးပေးအပ်လှူဒါန်းပွဲ ကျုင်းပ၏။
ထိုပွဲမှအပြန်တွင် တက္ကစီငှားစီးကာ
ပြန်ခဲ့သည်။ ကားပေါ်တက်ပြီးမကြာမီပင် တက္ကစီမောင်းသမားမှာ ဗွေဖောက်လာ၏။ ၈ မိုင်မီးပွိုင့်တွင်
မီးနီမိနေသဖြင့် ကားများ တန်းစီစောင့်နေရသည်ကို စိတ်မရှည်ဘဲ တစ်ဖက်လမ်းမှ အတင်းကျော်တက်လေ၏။
ကျွန်တော်လည်း
ဒေါကန်လှသဖြင့် ဒီမှာ ငါ့လူ၊ ဟောဒီကားပေါ်မှာ မင်းတစ်ယောက်ထဲမဟုတ်ဘူး။ ငါတို့ တစ်မိသားစုလုံးပါ
ပါတယ်။ ငါ ဒီကားပေါ်မှာ ရှိနေသရွေ့ကာလပတ်လုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အပြည့်အ၀ လိုက်နာပြီးမောင်းပါ
ဟု ကားသမားကို ဟောက်လိုက်၏။ ရှေ့ကကားကြီးက သူ့လမ်းမဟုတ်ဘဲ ကွေ့မဲ့လမ်းကိုယူထားတာဗျ
ဟု ဆင်ခြေတက်လေသော် သူ့ဟာသူ ဘယ်လမ်းယူယူ၊ ငါနဲ့မဆိုင်ဘူး။ မင်းလုပ်ရမှာက သူရှေ့ကစီထားရင်
သူ့နောက်ကလိုက်စီ၊ ဒါဘဲ။ အဲဒါမှမကြိုက်ဘူးဆိုရင် အခုရပ်ပေး။ ငါတို့မင်းကားကို ဆက်မစီးနိုင်ဘူး
ဟု ပြောလိုက်တော့မှ ပါးစပ်ပိတ်သွား လေသည်။
နယ်သွားတော့လည်း
ဘာမှ သေလောင်းပျောက်ဝ ကိစ္စမရှိသဖြင့် ပုံမှန်သာမောင်းရန်၊ ကျော်သင့်သည့်ကားကိုမှ ကျော်ရန်
ကားသမားကို ခရီးမထွက်မီကတည်းက ကြိုမှာထားပါသည်။ ကားမောင်းနေသည့် တစ်လျှောက်လုံးလည်း
ကျွန်တော်က ဂရုတစိုက်ကြည့်နေသည်သာ ဖြစ်၏။
ရန်ကုန်မြို့သည်ကား
ကားများကို အတင်းမောင်းမြဲ၊ အတင်းကျော်တက်မြဲ၊ လူများမှာလည်း အသက်ကိုဖက်နှင့် ထုပ်လျှက်
ကားလမ်းကို အတင်းဖြတ်ကူးရဆဲ၊ ဘတ်စ်ကားများမှာလည်း မှတ်တိုင်တွင်ရပ်ပြီး လူအတင်အချလုပ်ခြင်းမှာ
မြန်မာနိုင်ငံ ဘတ်စ်ကားလောက၏ အစဉ်အလာကို ချိုးဖောက်ရာရောက်သည်ဟု စွဲစွဲမြဲမြဲမှတ်ယူလျှက်
မှတ်တိုင်များနှင့် ဝေးရာတွင် ရပ်ဆဲ။ ပြည်ရိပ်မွန်တွင်နေသော ကျွန်ုပ်တို့ သကောင့်သားများမှာလည်း
အနီးအနားတွင် ဘတ်စ်ကားမှတ်တိုင် မရှိသည်ဖြစ်၍ ဟို့ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်လျှောက်ရသော
လှည်းတန်း သို့မဟုတ် စိုက်ပျိုးရေးမှတ်တိုင်များထိတိုင် လျှောက်ကာ ဘတ်စ်ကားစီးရစမြဲ။
(ဟလို၊ ကိုစင်ကာပူ၊ မစင်ကာပူတို့။ ဘတ်စ်ကားစောင့်ရတာကြာလို့
ခင်ဗျားတို့က ကွန်ပလိန်းလုပ်တယ်ဟုတ်စ။ ခင်ဗျားတို့ကို ကျုပ်တို့ ပြည်ရိပ်မွန် ခေါ်ထားလိုက်ချင်သပ၊
ဟင်းဟင်းဟင်း။)
(၃) မြန်မာပြည်အတွက် တစ်ဖက်တစ်လမ်းမှ လုပ်ဆောင်နေကြသူများ
ကျောင်းကုန်းတွင်
ပြောမည့်အစီအစဉ်အတွက် ဆက်သွယ်ရမည့်သူမှာ ဦးသိန်းထွန်းဖြစ်သဖြင့် သူ့ကို လှမ်း ဖုံးဆက်ကာ
အချိန်းအချက်ပြုသည်။ သူက သူ့အစ်ကိုဖြစ်သူ ဒေါက်တာသောင်းထွန်းနှင့် မိတ်ဆက်ပေးလိုပါသည်
ဆိုသဖြင့် ကျွန်တော်လည်း ၂၁ ရက်နေ့ညတွင် တွေ့ဆုံရန် ချိန်းလိုက်၏။
ညစာစားရင်း
စကားပြောကြတာပေါ့ ဟု ဆိုကာ သူတို့က ကျွန်တော့်ကိုလာခေါ်လျှက် အင်းလျားကန်စောင်းမှ ဆိုင်တစ်ဆိုင်တွင်
လိုက်ကျွေးပါသည်။ သူတို့က ကိုယ့်အစီအစဉ်နှင့်ကိုယ် လယ်သမားများအား စိုက်ပျိုးနည်းပညာများ
ဖြန့်ဝေ ပေးနေကြသူများဖြစ်သည်။ သူတို့စခန်းကို ကျောင်းကုန်းနှင့် သိပ်မဝေးလှသည့် မိုးပြာကျေးရွာတွင်
ဖွင့်လှစ်ထားသည်။ သူတို့က အင်္ဂပူ၊ ရေကြည်၊ အသုတ်၊ ဓနုဖြူ၊ မအူပင်စသော ဒေသများမှ တောင်သူများကိုခေါ်ကာ
အခမဲ့သင်တန်းများ ဖွင့်လှစ် သင်ကြားပေးသည်။ ရပ်ဝေးမှလာသူများအား အစားအသောက်နှင့် အိပ်ယာနေရာစီစဉ်ပေးသည်။
သူတို့သင်တန်းကျောင်း တွင်ပင် စာကြည့်တိုက်လုပ်ပေးထားပြီး စာဖတ်နိုင်အောင် မီးပေးထားသည်။
မီးအတွက် နေရာင်ခြည်လျှပ်စစ် ဆိုလာပြားများ တပ်ဆင်ထား၏။ သင်တန်းဖြစ်သည့်အတွက် မိုက်ကရိုဖုံး၊
ဆောင်းဘောက်စ်များလည်း တပ်ဆင်ပေးထားသည်။
လောလောဆယ်
ဆယ်ဧကခန့်ရှိသော စိုက်ကွက်တွင် လက်တွေ့စိုက်ပျိုးပြသထားသည်။ ပညာပေးအစီအစဉ်များကို တိုးချဲ့သွားရန်
စီစဉ်နေကြောင်းလည်း ပြောပြ၏။ ကိုယ့်အကျိုးစီးပွားမပါဘဲ မြန်မာပြည် တောင်သူများအတွက်
ဆောင်ရွက်ပေး နေသော ဆရာကြီးအား အထူးကျေးဇူးတင်မိပါသည်။
ကျွန်တော့်အစ်မကြီးပြောပြထားသဖြင့်
သူတို့က ကျွန်တော့်အကြောင်း ကြိုသိနေပါသည်။ ထိုသူများနှင့်အတူ လက်တွဲလုပ်ရလျှင် အလွန်အကျိုးများမည်ဖြစ်သဖြင့်
ကျွန်တော်လည်း ကျွန်တော်မြန်မာပြည်ပြန်လာသည့်အချိန်များတွင် ၎င်းတို့နှင့်ဆက်သွယ်ကာ ကျွန်တော်တတ်နိုင်သမျှ
လုပ်ပေးပါမည်ဟု စကားကမ်းလှမ်းခဲ့ပါသည်။
ထိုညအဖို့
ထိုဆရာကြီးနှင့်စကားပြောခွင့် ရခဲ့သည့်အတွက် အလွန်အားရှိမိပါ၏။ ကျွန်တော်လုပ်ချင်သည်များကို
သူတို့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပေမည်။ ၎င်းတို့မှာ လယ်သမားများနှင့် ဆက်သွယ်ရန် အလွန်ကောင်းသော
အဆက်တစ်ခု မဟုတ်ပါလော။
နိုင်ငံတကာမှပေးသော အထောက်အပံ့များကိုယူကာ
အလွန်မြင့်သည့်လခ၊ အိမ်လခ၊ ဖုံးခ၊ ဖိခ၊ ခရီးစရိတ်၊ ရေဆာ၍ ဘီယာသောက်ရသည့်အခ၊ ဂဲလ်ဖရင့်များကို
လက်ဆောင်ဝယ်ပေးခ စသည့် မတန်တဆအဖိုးအခများယူလျှက် အများပြည်သူ အတွက်မူ ချပေးလိုက်သည့်
ပရောဂျက်တန်ဘိုး၏ ၅ ရာနှုန်းမျှပင်မသုံးသည့် အလွန် အော့နှလုံးနာစရာကောင်းသော အန်ဂျီအို၊
အိုင်အန်ဂျီအိုဆိုသူများနှင့်ယှဉ်လိုက်လျှင် ဆရာကြီး ဒေါက်တာသောင်းထွန်းတို့ လုပ်နေသည်မှာ
အလွန်မြင့်မြတ်လှ ပါပေသည်။
(၄) သုံးခွဟောပြောပွဲ
၂၃ ရက်နေ့မနက်တွင်
ကြိုတင်အချိန်းအချက်ပြုလုပ်ထားသည့်အတိုင်း ကိုအောင်ထွန်းသိန်းနှင့် ကိုတင်အောင်မိုးတို့
က မနက် ၇ နာရီအရောက်လာကြိုကာ သုံးခွသို့ ထွက်ခဲ့ကြသည်။ အချို့နေရာများ၌ လမ်းများပေါက်နေသည့်တိုင်
သုံးခွသို့ သွားရာလမ်းမှာ သိပ်မဆိုးလှပါ။ မနက် ၉ နာရီ ကျော်ကျော်တွင် သုံးခွသို့ရောက်၏။
လူသိပ်မစုံသေး။ ဟောပြောပွဲကို သုံးခွ ဘုံကျောင်းတွင် လုပ်သည်။
အချိန်ရသေးသည်နှင့်
သားကိုလက်ဆွဲကာ အနီးပတ်ဝန်းကျင်သို့ လျှောက်ကြည့်ကြသည်။ သားက သူ့အိုင်ပက်ကို လက်ကမချ။
တစ်ချိန်လုံး ဂိမ်းကစားနေသည်ဖြစ်ရာ ကျွန်တော်သတိရ၍ ကြည့်လိုက်ချိန်တွင် သူ့အနီး၌ လူတော်တော်များများ
ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ လူတွေကြည့်နေတော့ သူကလည်း ကြွားချင်သည်နှင့် အသားကုန်
လက်စွမ်းပြလေ၏။ သို့သော် သူ့ခမျာ သိပ်ကြွားခွင့်မရလိုက်။ ဆယ်မိနစ်ခန့်ကြာလျှင် ခန်းမအတွင်း
လူ အတော်များများရောက်လာသဖြင့် ကျွန်တော်တို့လည်း နှုတ်ဆက်စကားပြောရန် သွားကြ၏။
၉ နာရီခွဲခန့်တွင် လူအတော်စုံပြီဖြစ်သဖြင့် ယူသွားသော လယ်ယာလုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေး စာအုပ်များနှင့် ဒီဗီဒီများ ဝေပေးလိုက်သည်။ ကျွန်တော်က အုပ်ချုပ်ရေးပိုင်းနှင့်
စိုက်ပျိုးရေးဘက်မှ ပုဂ္ဂိုလ်များ ဖိတ်ထားသေးလားဟု မေးသော် ပွဲကျင်းပခွင့်တော့ ယူထားသည်။
သူတို့တက်လာလျှင် မလိုအပ်သည်များကိုမှာကြားပြီး အချိန်ဖြုန်းမှာဖြစ်သည့် အတွက် မည်သူ့ကိုမှ
ဖိတ်မထားဟု သိရသဖြင့် အလိုက်သိတတ်သော ကိုယ့်လူများကို အလွန်ကျေးဇူးတင်မိပါ၏။
ထို့နောက် လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအကြောင်း
ပြော၏။ တက်ရောက်သူများမှာ ခရမ်း၊ သုံးခွ၊ သံလျင် စသဖြင့် နယ်စုံမှဖြစ်၏။ အတော်စိတ်ဝင်တစားရှိပါသည်။
ပွဲဖြစ်မြောက်ရေး အတွက် စည်းရုံးဆော်သြသူမှာ ကိုအောင်ထွန်းသိန်း၊ ကိုတင်အောင်မိုးနှင့်
နောက် စိုက်ပျိုးရေးကျောင်းဆင်း တစ်ဦး ဖြစ်၏။ (သည်းခံပါခင်ဗျား၊ သူနာမည်ပြောပြသော်လည်း
မေ့သွားခဲ့ပြီ။)
သူတို့က
ဝိစာရဆေးရောင်းဝယ်ရေး ကုမ္ပဏီမှဖြစ်ပြီး ဆေးအတွက် ဟောပြောပွဲများလုပ်နေကျဖြစ်သဖြင့်
ယခင် အဆက်ရှိပြီးသား တောင်သူကြီးများကို အကြောင်းကြားလိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်
လာသည့်တောင်သူများမှာ အသိပညာအခြေခံရှိပြီး ဖြစ်သူများဖြစ်သည်ဟု ယူဆ၍ရပါသည်။ လူလာပြီးရောဆိုပြီး
ဗျောက်သောက် ဖိတ်ခြင်းထက် ဤကဲ့သို့ ရွေးဖိတ်ခြင်းကို ကျွန်တော်ပိုသဘောကျပါသည်။ ဟုတ်တာရောမဟုတ်တာရော၊
လူစည်ပြီးရော လာသူများဆိုလျှင် ကိုယ်ပြောလိုက်တာကို ရသူမှာ အနည်းငယ်မျှသာ ဖြစ်မည်။
ယခုကဲ့သို့ လက်ရွေးစင်များရွေးဖိတ်တော့ အတော်များများ သဘောပေါက်မည်။ ပြောရကျိုးနပ်သည်။
ထို့အတွက် ကိုတင်အောင်မိုးတို့လူသိုက်ကို အထူးကျေးဇူးတင်ပါသည်။
သူတို့က
ပရော်ဂျက်တာနှင့် လက်ပ်တော့များပါ စီစဉ်ထားသည်။ သို့သော် ကျွန်တော်က တော ဆိုတော့ သည်ပစ္စည်းတွေရှိမှာမဟုတ်ဟု
တွက်ကာ ဘာမှယူမသွား။ မနေ့ကတော့ လိုလိုမယ်မယ် Thumb Drive လေးယူသွားရ ကောင်းမလားဟု စဉ်းစားမိပါသေးသည်။
သို့သော် တကယ်ထွက်လာတော့ မပါလာခဲ့ပါ။ သည့်အတွက် ကျွန်တော့မှာ ကိုယ့်ခေါင်းကိုယ်သာ တူနှင့်
နာနာနှက်လိုက်ချင်ပါတော့သည်။
ကျွန်တော်က
မသိတာ၊ မရှင်းတာ၊ နားမလည်တာ သို့မဟုတ် သိချင်တာများရှိလျှင် အချိန်မရွေး ပွင့်ပွင့်လင်းလင်း
မေးပါ၊ ကျွန်တော်သိသမျှ ရှင်းပြပါမည် ဟု စကားခံထားသည့်တိုင် သူတို့က မမေးကြ။ သည်အချက်ကိုတော့
အားမရပါ။ အဲလေ သူတို့တင် မဟုတ်ပါ။ အခြား ဒေသများတွင်လည်း သည်အတိုင်း ဖြစ်ပါသည်။ စိုက်ပျိုးရေးတက္ကသိုလ်၌
ပြောခဲ့စဉ် ကလည်း မည်သူမှ မမေးကြပါ။ နားထောင် သူများမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊
ဆရာဆရာမများနှင့် အရာထမ်းများ ဖြစ်ပါသည်။ တကယ်ဆို မေးဘို့မကောင်းပါလော။ သို့သော် မည်သူတစ်ဦးတစ်ယောက်မှ
မမေးခဲ့ပါ။ ငြိမ်ချက်သားကောင်းလှ၏။
ကျွန်တော်
ပြောခဲ့သမျှပွဲများအားလုံးတွင် ကျောင်းကုန်းပွဲတစ်ခုကိုသာ အားရပါသည်။ ကျောင်းကုန်းပွဲတွင်တော့
ထ၍ ဆွေးနွေးသူ၊ မသိ၍ မေးမြန်းသူများ အတော်များပါသည်။ ထို့ကြောင့်လည်း ထိုနေရာတွင် ၂
နာရီခွဲခန့် ကြာပါသည်။ မနှစ်က ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြောစဉ်ကလည်း အနည်းငယ် မေးကြ၊
မြန်းကြပါသည်။ သို့သော် အခြေအနေချင်း ကွာပါသည်။ ကျောင်းကုန်းတွင် တက်ရောက်လာသူများမှာ
လယ်သမားများဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တက်ရောက်လာသူများမှာ အင်ဂျင်နီယာ၊
မန်နေဂျာ နှင့် ညွှန်ကြားရေးမှူးများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်က ကျောင်းကုန်းပွဲကို
အားရသည်ဟု ဆိုခြင်းဖြစ်ပါသည်။ ထိုအကြောင်းကို ကျောင်းကုန်းပွဲ၌ အပြည့်အစုံ ဖော်ပြပါမည်။
ဟောပြောပွဲပြီးတော့
တက်ရောက်လာသူအားလုံးကို ဒံပေါက်ထမင်းထုပ်များ ဝေပါသည်။ ဟ - ကိုယ့်လူတွေ တယ်ဟုတ်ပါလားဟ
ဟု အထင်ကြီးမိပါ၏။ မနှစ်က ပဲခူးတွင် ပွဲလုပ်တော့လည်း ကိုဇော်ထိန်တို့က တက်ရောက်လာသူ
အားလုံးကို ဒန်ပေါက်ထမင်းကျွေးခဲ့ပါသေးသည်။
သုံးခွက ပြန်လာတော့ ကိုတင်အောင်မိုးတို့က သံလျင်တွင်ထမင်းကျွေး၏။
အောင်မယ်၊ တောထဲတွင် ဖွင့်ထားသော် လည်း ထမင်းဆိုင်ကြီးမှာ အဝေးပြေးလမ်းမကြီးများမှ
ထမင်းဆိုင်ကြီးများကဲ့သို့ အကောင်းစား၊ အပျံစား ဖြစ်၏။ ဈေးလည်း နည်းလှမည်မဟုတ်ပါ။
ဆိုင်နာမည်က ဘာတဲ့ (ပြုံး) ဆိုလား။ ကောင်းကောင်းမမှတ်မိ။ သားက အစပ်မစားနိုင်တော့ ဟင်းပြောင်းမှာရင်း
နောက်ဆုံး ထမင်းစားပြီးသည့်တိုင် ဟင်းတော်တော်များများ ကျန်နေသေးသည်။ ထမင်းစားလျှင်
ပန်းကန်ထဲ ဘာတစ်ခုမှ မကျန်အောင် လုံးဝ အပြောင်စားတတ်သော ကျွန်တော့်မှာ ဟင်းများကို
နှမြောမိပါ၏။
နောက်တော့
အိမ်ပြန်လာခဲ့ကြသည်။ တစ်နေရာထဲဖြစ်သည့်ပြင် ခရီးကလည်း သိပ်မဝေးတော့ သက်တောင့် သက်သာရှိလှသည်။
(၅) အသုတ်
နောက်နေ့တွင်
အသုတ်နှင့် ကျောင်းကုန်း၌ ဟောပြောပွဲလုပ်ရမည် ဖြစ်သဖြင့် ကြိုတင်ဖုံးဆက်ကာ သေချာအောင်
မေးထားရသေးသည်။ ဦးသိန်းထွန်းက အသုတ်ကို သုံးနာရီလောက်မောင်းရမည် ပြောသဖြင့် ကျွန်တော်တို့လည်း
အိမ်မှ မနက် ၆ နာရီထွက်နိုင်အောင် စီစဉ်ရသည်။ မမက အသုတ်နှင့် ကျောင်းကုန်း စာကြည့်တိုက်များအတွက်ဆိုကာ
ကျွန်တော် ရေးသောစာအုပ်များ၊ ဂျာနယ်များ၊ သတင်းစာများကို ပီနံအိတ်ကြီးနှင့် ထည့်ပေးလိုက်၏။
သည်နေရာတွင်
အမျိုးသမီး၏အဒေါ်များ ကျေးဇူးကို ထည့်မပြောလို့မရ။ ကျွန်တော့်မှာ လင့်ရိုဗာကား၊ မီးသတ်ကား၊
ဂျစ်ကား၊ တင့်ကား၊ ဘတ်စ်ကား စသည် ကားမျိုးစုံရှိပါ၏။ သို့သော် စီးလို့ရသောကားတော့ မဟုတ်။
သားကစားသော အရုပ် ကားများသာ ဖြစ်ချေသည်။ ထို့ကြောင့် မြန်မာပြည်ပြန်တော့မည်ဆိုကတည်းက
အမျိုးသမီးအား မည်သည့်နေရာများသို့ ခရီးသွားရန်ရှိသည်ဆိုသည်ကို ကြိုပြောကာ သူ့အဒေါ်များထံမှ
ချောဆွဲ (ဟုတ်ပေါင်) ကားစီစဉ်ပေးပါရန် မေတ္တာရပ်ခံရသည်။
အန်တီပြုံးတို့ကျေးဇူးကား
မနည်းလှပါပေ။ ကားလည်းပေးသည်။ ကားမောင်းသူနှင့်တကွ ဆီလည်းထည့်ပေးသည်။ မနှစ်က မြန်မာပြည်အနှံ့
ခြေစကြာဖြန့်ကာ စိတ်ရှိတိုင်း ဟောပြောပွဲများလိုက်လုပ်တော့လည်း သူတို့က မငြီးမငြူ လွှတ်ပေးပါ
၏။ မဟုတ်လို့ ဘတ်စ်ကားသာ အားကိုးနေရလို့ကတော့ ဘယ်သည်လို သွားနိုင်ပါလိမ့်မတုံး။
သည်နှစ်တော့
ကားမောင်းသူမလောက်ငသဖြင့် သူတို့က ကားနှင့်ဆီပေးနိုင်သည့်တိုင် ကားမောင်းသူကို ကိုယ့်ဟာကိုယ်
ရှာရ၏။ အမျိုးသမီးက ယမန်နှစ်က ကားမောင်းပို့ဖူးသူ ယခု အန်တီပြုံးတို့ ကုမ္ပဏီမှ အလုပ်ထွက်သွားသည့်
ကိုမျိုးကိုပင်ခေါ်ကာ မောင်းစေပါသည်။
ကျွန်တော်က
စောစောထကာ မနက်စာစားထားနှင့်သော်လည်း သူတို့က အကျင့်မရှိဟုဆိုကာ လမ်းကျမှ စားရန် ထည့်သိုလာခဲ့၏။
အချို့နေရာများတွင်
ချိုင့်ခွက်များရှိသည့်တိုင် လမ်းမှာ ယခင်ကာလများကထက်စာလျှင် အတော်ကြီးကောင်းလာ ပါသည်။
စင်ကာပူမှ manmade landscape များမှာ အလွန်ပင်လှသော်လည်း ကျွန်ုပ်တို့တိုင်းပြည်မှ
သဘာဝ တောတောင် ရေမြေအလှအပကိုမူ မည်သည့်နည်းနှင့်မှ မမီနိုင်ပါ။ ကျွန်တော့်မှာ သည်မြင်ကွင်းများကို
ဘယ်နှစ်ခါကြည့်ရကြည့်ရ၊ မ၀နိုင်။ ပိုက်ဆံမျက်နှာကြည့်လျှက်
စင်ကာပူတွင် မနိုင့်ရင်ကာ အောင့်အည်းသည်းခံ နေရသော်လည်း မြန်မာပြည်တွင်သာ နေလိုလှပါ
သည်။ သို့သော် ကျွန်တော့်ဆန္ဒ မည်သည့်အခါမှ ပြည့်ဝပါမည်နည်း။ နောင်များကျလျှင်တော့ အနည်းဆုံး
တစ်နှစ် နှစ်ခါလောက် ပြန်နိုင်အောင် ကြိုးစားရပါမည်။
သည်တော့ လမ်းတွင် မည်သည့်စာအုပ်မှ မဖတ်ဘဲ ဘေးပတ်ဝန်းကျင်
အလှအပများကိုသာ ငေးမောရင်း၊ ဓာတ်ပုံ တဖြတ်ဖြတ်ရိုက်ရင်း လိုက်ပါလာခဲ့၏။
အသုတ်သို့ ၉ နာရီကျော်ကျော်တွင် ရောက်၏။ ကျွန်ုပ်ကား ရောက်ရောက်ချင်း
ဆောက်နှင့်ထွင်းခံရချေသည်။ အခမ်းအနားစီစဉ်ပေးသူ ကိုဝင်းနိုင်ဦးက ဒီနေ့ ပုသိမ်မှာ သမ္မတကြီးခရီးစဉ်ရှိတဲ့အတွက်
လူ ၅၀၀ လွှတ်ပေးပါဆိုလို့ ကျွန်တော်ဖိတ်ထားတဲ့သူတွေအားလုံး ပါသွားတယ်ဗျာဟု အားနားပါးနာ
ပြောရှာပါသည်။ ပြောလိုက်မဟဲ့ဟု အားခဲလာခဲ့သော ကျွန်တော့်မှာ အတော်ကြီး စိတ်လေသွားတော့၏။
ဟောပြောပွဲလုပ်မည့်
ဘုံကျောင်းထဲဝင်ကြည့်တော့ မည်သူတစ်ဦးတစ်ယောက်မှ မရောက်သေး။ ဓာတ်စက်ကြီး ကိုတော့ အသားကုန်ဖွင့်ထားလေ၏။ သို့နှင့် ကျွန်တော်လည်း ကဲ၊ ကိုဟ၀ှာ။ လူစောင့်ရင်း
စာကြည့်တိုက်သွားတာပေါ့ဗျာ။ ကျွန်တော် စာကြည့်တိုက်ကိုလှူဘို့ စာအုပ်တွေယူလာခဲ့တယ် ဟု
ဆိုကာ စာကြည့်တိုက်သို့ သွားကြသည်။
အသုတ်စာကြည့်တိုက်မှာ
သားသားနားနားဖြစ်၏။ စာအုပ်များကိုလည်း စနစ်တကျစီစဉ်ထားသည်။ သတင်းစာများ ကိုလည်း စင်နှင့်
အဆင်သင့်ဖတ်နိုင်ရန် ထားရှိ၏။ စာကြည့်တိုက်အခြေအနေကို သဘောကျသဖြင့် မေးကြည့်ရာ သူတို့က
စာကြည့်တိုက်အတွက် အမြဲတမ်းဝန်ထမ်း နှစ်ဦးခန့်ထားကြောင်း ပြောသည်။ ထို့ကြောင့်လည်း
စာကြည့်တိုက်မှာ ဤမျှ သပ်ယပ်ကောင်းမွန်နေခြင်း ဖြစ်ပေသည်။
ကျွန်တော်လည်း ယူလာသော စာအုပ်၊ စာစောင်များကို လှူဒါန်းရာ
သူတို့က တစ်ခါတည်း စာရင်းရေးသွင်း မှတ်တမ်း ယူထားလိုက်ကြလေသည်။ ၎င်းတို့လုပ်ပုံကိုင်ပုံများကို
အလွန်သဘောကျလှ၏။ သူတို့က တစ်ခါတည်း ဂုဏ်ပြုလက်မှတ် ရေးပေးလိုက်သည်။
ထို့နောက် ဘုံကျောင်းသို့ပြန်လာ၏။
လူအတော်များများ ရောက်နေလေပြီ။ လူ ၅၀ ခန့်ရှိမည်ထင်ပါသည်။ လဖက်ရည်နှင့် ဆီကြော်မုံ့များမှာထားရာ
ကျွန်တော်လည်း ဆီကြော်မုံ့တစ်ခုကို ယူဝါးလိုက်သည့်အခါ အသံမှာ သိပ်မထွက် တော့။ ဖိတ်ထားသူများ
သမ္မတကြီးနောက်ပါသွားသဖြင့် နဂိုကစိတ်ပျက်ရသည့်အထဲ အသံကပါ ၀င်သွားပြန်ရာ ကျွန်တော့်မှာ
မနည်းအားယူ ပြောရသောဟူ၏။
စိတ်ကသိပ်မပါတော့ ကြွရောက်လာသည့် ပရိသတ်ကို ဓာတ်ပုံရိုက်ယူထားဘို့ပင်
မေ့နေလေတော့၏။ ပုံမှန်အားဖြင့် ကျွန်တော်ပြောတာ အနည်းဆုံး ၁ နာရီခွဲ - ၂ နာရီမျှကြာတတ်သည်။
သို့သော် ယခုတော့ ၁ နာရီကျော်ကျော်နှင့် ပြီးသွား၏။
ပွဲပြီးသွားတော့
သူတို့က ရွှေပွဲလာပရိသတ်များကို စွပ်ကျယ်များ တစ်ယောက်တစ်ထည်စီ ဝေပေးပါသည်။ ပြီးသွားတော့လည်း
စုပေါင်းဓာတ်ပုံမရိုက်ဖြစ်လိုက်။ သည်လိုနှင့် သူတို့ကိုနှုတ်ဆက်ကာ ကျောင်းကုန်းသို့
ထွက်လာခဲ့သည်။ စောတော့ အတော်စောပါသေး၏။
(၆) ကျောင်းကုန်း
ရောက်ခါနီး
လမ်းတွင် ဦးသိန်းထွန်းကိုဖုံးဆက်ရာ တံတားထိပ်မှစောင့်ပါ ဆိုသည်။ တံတားထိပ်ရောက်၍ အောက်ဆင်းပြီး
ဟိုဟိုသည်သည်ကြည့်လိုက်သော် လူကြီးတစ်ဦး ဖုံးတစ်လုံးနှင့် အလုပ်ရှုပ်လျက်ရှိသည်ကို
တွေ့ရသည်။ ငါတို့ကိုလာကြိုတဲ့သူများလားဟု စပ်စုမည်ကြံသော်လည်း အို၊ ဦးသိန်းထွန်းရောက်လာလိမ့်မပေါ့
ဟုတွေးကာ ဟိုလျှောက် သည်လျှောက်၊ လျှောက်နေလိုက်သည်။ များမကြာမီ အနှီပုဂ္ဂိုလ်က ကျွန်တော်တို့ထံ
လာရောက်နှုတ်ဆက်ကာ ကျွန်တော်တို့ ကို လာကြိုနေခြင်းဖြစ်ကြောင်း ပြောပြ၏။ သူနှင့် စကားစနေပြောပြီး
အတန်ကြာသော် ဦးသိန်းထွန်းတို့ မော်တော်ဆိုင်ကယ် များဖြင့် ရောက်လာ၍ အလ္လာပ၊ သလ္လာပပြောကြပြီး
မြို့ထဲသို့ ခရီးဆက်ခဲ့သည်။
နေ့လည်စာစားချိန်ရောက်ပြီဖြစ်သဖြင့်
သူတို့က ထမင်းဆိုင်တစ်ခုသို့ တန်းခေါ်သွားသည်။ စားပွဲဝိုင်းတစ်ခုတွင် လူကြီးလူကောင်းများ
ဝိုင်းထိုင်စားသောက်နေကြသည်။ စားပွဲပေါ်တွင် ဘီယာပုလင်း အတော်များများလည်း တွေ့ရ၏။ ဦးသိန်းထွန်းက
ထိုစားပွဲမှ တစ်ယောက်ကိုခေါ်လာကာ ကျွန်တော်နှင့် မိတ်ဆက်ပေးသည်။ အငြိမ်းစား မြို့နယ်ပညာရေးမှူးဟု
သိရ၏။ သူနှင့် (အများသိပြီးဖြစ်သော) ကလေးများ၏ ပညာရေးကိစ္စများ ပြောကြဆိုကြ၏။ မှာထားသော
အစားအသောက် များရောက်လာသော် စားသောက်။ အားလုံးပြီးသော် ခရီးဆက်ခဲ့သည်။
ပြောရမည့်နေရာမှာ
ကျောင်းကုန်းမြို့ပေါ်တွင် မဟုတ်။ ကျောင်းကုန်းမှ သုံးဖာလုံဝေးသော (သုံးဖာလုံဟု မှတ်မိသည်
ထင်ပါသည်။) မိုးပြာအရှေ့ကျေးရွာသို့ ထွက်လာခဲ့ကြသည်။ ကျေးရွာဟုပင်ဆိုသော်လည်း ကားလမ်းပေါ်တွင်
ရှိပါသည်။
နေ့လည်
၁ နာရီခွဲကျော်မျှသာရှိသေးရာ အတော်စောနေသေးသဖြင့် သူတို့သင်တန်းကျောင်းအကြောင်း စပ်စု၏။
သင်တန်းကျောင်းထဲတွင်ပင် စာကြည့်တိုက်ဖွင့်ထားသည်။ သူတို့စာကြည့်တိုက်သို့လည်း စာအုပ်နှင့်
ဂျာနယ်များ၊ သတင်းစာ များ လှူဒါန်းခဲ့သည်။ ကျွန်တော်တို့က ဆေးခန်းလုပ်ဖို့ပါ စိုင်းပြင်းနေတယ်
ဟု ဦးသိန်းထွန်းက ပြောပါသည်။ သူတို့ သင်တန်းကျောင်းနှင့် ကပ်လျက်တွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးကိုလည်း တွေ့ရသည်။ မေတ္တာရင်ခွင် နာရေးကူညီမှု အသင်းဟုလည်း ဆိုင်းဘုတ်ချိတ်ထား၏။
ထို့နောက် သူတို့စိုက်ခင်းများကို သွားကြည့်ကြသည်။
လက်ရှိတွင် ၁၀ ဧကရှိပြီး ထိုစိုက်ခင်းများ၌ တောင်သူများကို လက်တွေ့စိုက်ပျိုးပြသသည်။
စပါးမျိုးများကို ထုတ်လုပ် ရောင်းချရန်အစီအစဉ်ရှိပြီး စိုက်ခင်းများကို တိုးချဲ့သွားရန်စီစဉ်ထား
ကြောင်း သိရ၏။ သူတို့က စိုက်ပုံစိုက်နည်းများကို လက်တွေ့ပြသခြင်း ဖြစ်သည်။ သဘာဝမြေသြဇာလုပ်နည်းကိုလည်း
သင်ပေး၏။ ဓာတ်မြေသြဇာကို အစားထိုးသုံးစွဲနိုင်သည်။
လယ်သမားများနှင့် စကားစနေပြောရင်း
သူတို့သုံးစွဲနေသော လယ်ယာသုံးစက်ကိရိယာများအကြောင်း မေးကြည့် ဖြစ်သည်။ သူတို့မှာလည်း
အခြားဒေသများနှင့် မခြားနားစွာပင် မြန်မာ့နည်း၊ မြန်မာ့ဟန်နှင့် ကျုပ်ကျက်လိနေရသည်သာ
ဖြစ်၏။ ထို့ကြောင့် ကျွန်တော်က ဦးသိန်းထွန်းကို နောက်တစ်ခေါက် ကျွန်တော်ပြန်လာလျှင်
လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်သုံးစွဲနည်း၊ အသေးစား ပြင်ဆင်ထိန်းသိမ်းနည်းများကို
ဗီဒီယိုအထောက်အကူများနှင့်တကွ သင်ကြားပေးမည်။ နှစ်ရက်သင်မည်။ လက်စွဲစာအုပ်များလည်း
ရိုက်နှိပ်ယူလာခဲ့မည်။ လက်တွေ့ပြနိုင်ရန် လက်တွန်းထွန်စက်၊ စပါးချွေစက်နှင့် မီးစက်များ
အဆင်သင့်ပြင်ထားပေးပါရန် မှာခဲ့သည်။
ထိုမှ
တစ်ဆက်တည်း သည်ကျောင်းကုန်းတစ်နေရာတည်းတွင်မဟုတ်ဘဲ အခြားနေရာများနှင့်ပါ ချိတ်ဆက်ပြီး
လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်၊ ပြင်ဆင်၊ သုံးစွဲနည်း ရက်တိုသင်တန်းကလေးများကို
ရနိုင်သမျှ ပို့ချသွားရန် ကျွန်တော်စိတ်ကူးရလိုက်၏။ ထိုမျှသာမက စကိုင်းနက်ကိုခေါ်ကာ
သင်တန်းပေးသည်ကို ဗီဒီယိုရိုက်လျှက် လေလှိုင်းပေါ်မှ လွှင့်လိုက်ရလျှင် မြန်မာပြည်သား
လူအများတို့ အကျိုးများမည့်အရေးလည်း တွေးမိလေသည်။ ထိုဗီဒီယိုကို စီဒီရိုက်လျှက် စာအုပ်နှင့်တကွ
မြန်မာပြည်အနှံ့ကိုသာ ဖြန့်လိုက်ရပါက ဘာဗဟုသုတမှ မရှိဘဲ ရမ်းလုပ်နေရသော တောင်သူများအတွက်
အလွန်အကျိုးရှိမည်ဟု စဉ်းစားမိလေသော် သည်အတွေးမျိုး ခုမှရမိသည့်အတွက် အလွန်ပင်နောက်ကျနေပြီလားဟု
တွေးမိပြီး ညသန်းခေါင်ကျော်သည့်တိုင် မအိပ်နိုင်ဖြစ်ရသည် ဟူသတတ်။
သည်တော့
မိတ်ဆွေများခင်ဗျား -
ယခင် ကျွန်တော်
လယ်ယာလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစာအုပ် ထုတ်ဝေစဉ်က မိတ်ဆွေများကို အကူအညီ တောင်းခဲ့သလို
ယခုလည်း ဖေ့စ်ဘွတ်အားကိုးပြီး အလှူခံပါဦးမည်။ မျက်ခုံးလှုပ်ထားကြပါခင်ဗျား။
လယ်ယာလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစာအုပ်
ထုတ်ဝေစဉ်က ဧရာဝဏ်ပုံနှိပ်တိုက်မှ တစ်အုပ်လျှင် စင်းဒေါ်လာ ၈၅ ပြားမျှနှင့်ရအောင် လုပ်ပေးခဲ့ပါသည်။
ထိုစဉ်က မိတ်ဆွေများ၏ အလှူငွေဖြင့် စာအုပ် ၅၀၀၀ ရိုက်ကာဖြန့်ဝေခဲ့ရာ ကျွန်တော့်လက်ထဲ၌ တစ်အုပ်စ၊ နှစ်အုပ်စ ချန်ထားသည်ကလွဲ၍
အားလုံး မြန်မာပြည်အနှံ့ ရောက်သွားခဲ့ပါပြီ။
ယခုလည်း ထိုပုံနှိပ်တိုက်ကိုပင်
အကူအညီတောင်းပါမည်။ ၁ ကျပ်ထက်တော့ ပိုမည်မထင်ပါ။
လောလောဆယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေးစာအုပ်ကို လက်စသပ်ရပါဦးမည်။ ယခု ဇန္န၀ါရီလမကုန်မီ ပြီးနိုင်လိမ့်မည်
မှန်းပါ၏။ ထိုစာအုပ်ပြီးလျှင် တိုးလို့တန်းလန်းဖြစ်နေသည့် PPE စာအုပ်ဆက်ရေးပါမည်။ သုံးလလောက်ဆိုလျှင်
ပြီးနိုင်ပါလိမ့်မည်။ ထိုစာအုပ်ပြီးလျှင် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်၊ ပြင်ဆင်၊
သုံးစွဲနည်း လက်စွဲစာအုပ် ရေးပါမည်။ သိပ်မကြာနိုင်ပါ။ နှစ်လလောက်ဆို ပြီးနိုင်ပါသည်။
ထို့ကြောင့် ယခုမှစတွက်သည်ရှိသော် ဇူလိုင်လ လောက်တွင် ပုံနှိပ်စက်သို့ အပ်နိုင်ပါလိမ့်မည်။
ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်တွင်ရှိစဉ်က
သည်လိုစာအုပ်မျိုး ပြုစုခဲ့ဖူးပါသည်။ ယခုတိုင် စာကြည့်တိုက်၌ ရှိလိမ့်ဦးမည် မှန်းပါ၏။
ယခု ကျွန်တော့်လက်ထဲ၌ ထိုစာအုပ်မရှိ။ ထိုစာအုပ်ကိုသာ ရနိုင်လျှင် များစွာ အထောက်အကူ
ဖြစ်ပါလိမ့်မည်။
သည်းခံပါခင်ဗျား၊
ဘေးချော်သွားသည်။
နေ့လည်
၂ နာရီခန့်တွင် ဆိုင်ကယ်များ တဖုံးဖုံးဖြင့် တောင်သူများ တဖွဲဖွဲ လာရောက်ကြပါသည်။ ကျွန်တော်က
သူတို့ကို ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ စသဖြင့် မေးမြန်းကြည့်ရာ အချို့မှာ အင်္ဂပူ၊ အချို့မှာ
ဓနုဖြူ၊ အချို့မှာ အသုတ်၊ ရေကြည် စသဖြင့် ဒေသအတော်စုံပါသည်။
ဦးသိန်းထွန်းတို့က
သူတို့သင်တန်းသားဟောင်းများကို ဖိတ်ခြင်းဖြစ်သဖြင့် လက်ရွေးစင်များ ဖြစ်၏။ လာသူများမှာ
သင်တန်းခန်းမနှင့် အပြည့်။ အတော်များများမှာ သက်ကြီးပိုင်းဖြစ်ပြီး လူလတ်ပိုင်းပင်
အနည်းငယ်မျှသာပါလျက် လူငယ်လူရွယ်ဟူ၍ မတွေ့ရသလောက်ဖြစ်လေရာ ကျွန်တော့်မှာ အတော်အံ့သြမိလေသည်။
ဤကိစ္စကို မေးမည်ကြံသော် လည်း ဟိုလူနှင့် စကားပြော၊ သည်လူနှင့်စကားပြောဖြင့် မေးဘို့မေ့သွားသည်။
သို့နှင့်ပင်
၂ နာရီခွဲလောက်ရှိသော် ဟောပြောပွဲစသည်။
အားလုံးမှာ
စိတ်ဝင်တစားနားထောင်ကြသည်ကို တွေ့ရလေသည်။ ကျွန်တော်က ထုံးစံအတိုင်း သူတို့ကို မရှင်းတာ၊
နားမလည်တာ၊ သိချင်တာ၊ မေးချင်စရာများရှိပါက အားမနာပါးမနာမေးကြရန်၊ ဟောပြောပွဲပြီးမှဆိုလျှင်
မေးချင်သည့် မေးခွန်းများ မေ့သွားနိုင်သဖြင့် ပြောပြီးသည်အထိစောင့်မနေဘဲ မေးစရာပေါ်လာပါက
ချက်ချင်းထမေးရန်၊ စကားပြောနေတုံး ဖြတ်မေးလျှင်လည်း ရပါကြောင်း ကြိုတင်စကားခံထားသည်။
မြွေအန္တရာယ်အကြောင်း
ပြောသည့်အခါတွင်လည်းကောင်း၊ ပိုးသတ်ဆေးသုံးစွဲပုံ၊ မိုးကြိုးအန္တရာယ် စသည်များ ပြောစဉ်
ထလည်းမေး၊ ဆွေးလည်း ဆွေးနွေးကြ၏။ သူတို့မေးသမျှ ကျွန်တော် သေသေချာချာပြန်ဖြေပေးပါသည်။
သူတို့က ထမေးကြ၊ ဆွေးနွေးကြဆိုတော့ ပြောရတာ အားရှိသပေါ့။ ပြောကောင်းကောင်းနှင့် ပြောလိုက်ရာ
၂ နာရီခွဲသွားသည်။
ထို့ကြောင့်
၂ နာရီခွဲကစသောပွဲမှာ ၅ နာရီတီးမှ ပြီးသတည်း။ ကျွန်တော်ပြောခဲ့သမျှပွဲအားလုံးတွင် သည်ပွဲကို
စိတ်အကျေနပ်ဆုံးဖြစ်ပါသည်။
မြွေအန္တရာယ်အကြောင်းပြောသည့်အခါ
သူတို့ကို ရှေးဦးသူနာပြုစုနည်းအကြောင်းလည်း ထည့်ပြောသဖြင့် သဘောကျကြ၏။ တစ်ယောက်က မြွေကိုက်လျှင်
အသက်ကယ်နိုင်သော တခြားနည်း သို့မဟုတ် အခြားဆေးဝါးများ ရှိပါသေးသလားဟု မေးလေရာ ကျွန်တော်က
မြွေကိုက်ခြင်းအတွက်ဆေးမှာ မြွေဆိပ်ဖြေဆေးသာ အကောင်းဆုံးဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှထုတ်သော
မြွေဆိပ်ဖြေဆေးမှာ အလုံအလောက်မရသည့်ပြင် ဈေးကလည်း တစ်လုံးကို သုံးသောင်းခွဲလောက်ရှိသဖြင့်
အလွန်ဈေးကြီးကြောင်း၊ စင်ကာပူရောက် မြန်မာပရဟိတအဖွဲ့များစုပေါင်းကာ မြွေဆိပ်ဖြေဆေးများကို
တစ်နှစ်လျှင်နှစ်ကြိမ် လှူဒါန်းကြကြောင်း၊ အကယ်၍ မိမိတို့ဒေသတွင် မြွေကိုက်ခံရသည့်လူနာများ
ရှိပါက တစ်နှစ်လျှင် မြွေကိုက်ခံရသည့် အရေအတွက် မည်မျှရှိသည်၊ အသက်ဆုံးရှုံးမှု မည်မျှရှိသည်
အစရှိသည့်အချက် အလက်များကို ဖော်ပြလျှက် ဘုန်းတော်ကြီး၊ ကျောင်းဆရာ၊ ရွာလူကြီး၊ ရပ်မိရပ်ဖ၊
ကျန်းမာရေးဝန်ထမ်းတို့ပါဝင်သည့် ငါးဦး ကော်မတီဖွဲ့ကာ ကျွန်တော်တို့ထံ အလှူခံနိုင်ပါကြောင်းများလည်း
ပြောလျှက် ဆက်သွယ်ရန် ကျွန်တော့် နာမည်ကဒ်ပြားပါ ပေးခဲ့ပါသည်။
နောက်တစ်ဦးက
ပိုးသတ်ဆေးသုံးစွဲရန် ပီပီအီးများ မည်ကဲ့သို့ ၀ယ်ယူရပါမည်နည်းဟု မေးလေသော် ကျွန်တော်က
ဒေါ်ခင်မိုးခိုင် (ကန်တော်ကြီး၊ မြေပဒေသာကျွန်း၊ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်၊ ရွှေတိဂုံဘုရားအရှေ့မုခ်)
အား ညွှန်းလိုက် ပါသည်။ သံဈေးတွင်လည်း ၀ယ်ယူရရှိနိုင်၏။ အကယ်၍ သူတို့ထံ ဆက်သွယ်ရခက်နေလျှင်
ဝယ်ယူရန် အခက်အခဲဖြစ်လျှင် ကျွန်တော့်ထံမှဆက်သွယ်နိုင်ပါကြောင်းနှင့် နာမည်ကဒ်ပြားပေးခဲ့၏။
နောက်တစ်ဦးကတော့
မိုးကြိုးပစ်သည့်ကိစ္စကို ပြော၏။
ကျုပ်တို့ရွာမှာဗျာ၊
ထယ်ထိုးနေရင်း မိုးကြိုးပစ်လို့ သားအဖနှစ်ယောက်လုံး သေသွားတယ်။ အဲဒါလေးတစ်ဆိတ် ပြောစမ်းပါဦး
ဆိုလေသော် ဒီလိုရှိတယ် ဘကြီးရဲ့ ဟု ရှင်းပြရ၏။
မိုးကြိုးပစ်ခြင်းဆိုသည်မှာ
ဓာတ်လိုက်ခြင်းပင်ဖြစ်သည်။ ကောင်းကင်မှ မဲနက်နေသည့် မိုးတိမ်တိုက်ကြီးများတွင် အီလက်ထရွန်သန်းပေါင်းများစွာ
ပါလေရာ ထိုအီလက်ထရွန်များက မြေကြီးပေါ်သို့ ခုန်ဆင်းရန် ကြိုးစားသည်။ ထိုအခါ ဆင်းရမည့်
လမ်းကြောင်းရှာသည်။ ပထမဆုံးသူတို့ရှာမည်မှာ လျှပ်စစ်ကောင်းစွာစီးနိုင်သည့်
conductor များဖြစ်သည်။ သတ္တု၊ ရေတို့သည် လျှပ်စစ်ကောင်းစွာစီးနိုင်သည်။ ထို့ကြောင့်
ရွှေငွေလက်ဝတ်ရတနာများ၊ ထွန်သွား၊ သံထယ်သွား၊ နွားခလောက် စသည့် သတ္တုများမှာ မိုးကြိုးအတွက်
အလွန်အန္တရာယ်များလှ၏။ နောက်တစ်ခုမှာ သစ်ပင်ဖြစ်သည်။ သစ်သားအခြောက်က လျှပ်စစ်မစီးနိုင်။
သို့သော် သစ်ပင်တွင် ရေဓာတ်ပါနေရာ သစ်ပင်ကိုမူ လျှပ်စစ်စီးနိုင်သည်။ ထို့ကြောင့် ကွင်းလယ်တွင်
ထီးတည်းဖြစ်နေသော ထန်းပင်လိုအပင်မျိုးသည် မိုးကြိုးပစ်နိုင်ချေ အလွန်များ၏။
များသောအားဖြင့် လယ်ကွင်းများထဲတွင်
မည်သည့်အပင်မှ မရှိတတ်။ ထိုအခါ လူသည် အမြင့်ဆုံးဖြစ်နေတတ်သည်။ ထိုအခါမျိုးတွင် မိုးကြိုးအန္တရာယ်ရှိ၏။
တစ်ဖန် ထိုလူက လယ်ထွန်ရင်း ရေထဲရောက်နေသောအခါ ထိုသူမှာ မိုးကြိုးပစ်ရန် ပစ်မှတ် ဖြစ်လာတတ်သည်။
ထိုမျှသာမက ထယ်ထိုးသောအခါ ထယ်သွားမှာ သံဖြစ်လေရကား ဟိုသားအဖကို မိုးကြိုးပစ်ခြင်း မှာ
ဘယ်မအေကိုစော်ကားလို့မှ မဟုတ်။ လူ၊ ရေ နှင့် သံ တို့၏ အစွမ်းသတ္တိကြောင့် မိုးကြိုးပစ်ရခြင်းဖြစ်လေသတည်း။
အဲဒီတော့ မိုးကြိုးပစ်တော့မယ်လို့ ယူဆရရင် အကောင်းဆုံးက
ဘကြီးရယ်။ လယ်ထွန်တာရပ်ပြီး ကုန်းပေါ် တက်နေပါ။ ခုနပြောတဲ့ သံထည်ပစ္စည်းဖြစ်တဲ့ ထယ်သွား၊
ထွန်သွား၊ နွားခလောက်တွေနဲ့ ဝေးဝေးနေပါ။ နွားတွေကိုလည်း ကုန်းပေါ်တင်ထားပါ။ မိုးကြိုးမပစ်အောင်နေတဲ့
အနေအထားက ဟောဒီလို (လက်တွေ့လည်းသရုပ်ပြရင်း) ဆောင့်ကြောင့်ထိုင်၊ ဒူးနှစ်လုံးကို လက်နဲ့ပိုက်ထား။
ခေါင်းကို ဒူးပေါ်တင်ပြီး ဒီအနေအထားအတိုင်းနေပါ။ နွားတွေကိုလည်း ၀ပ်ခိုင်းထားပါ။
အောင်မယ်ကွယ်၊ မင်းပြောတော့
တယ်လွယ်ပါလား။ အနို့၊ မိုးကြိုးပစ်မယ်၊ မပစ်မယ်မှန်း ဘယ်နဲ့ သိနိုင်ပါ့မတုံး။ အခုလိုမေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် ဘကြီး။ နိုင်ငံခြားမှာတော့ မိုးကြိုးတိုင်းတဲ့ ကိရိယာတွေရှိပါတယ်။
မိုးကြိုးပစ်ဘို့ အလားအလာများရင် ကိရိယာက အသံနဲ့အချက်ပေးပါတယ်။ ဒီမှာတော့ မိုးကြိုးပစ်မှာကို
မျက်စိနဲ့ ခန့်မှန်းလို့ရပါ တယ်။ ကောင်းကင်မှာ လျှပ်စီးတွေ သိပ်လက်လာရင်၊ မိုးတွေ အရမ်းချိမ်းလာရင်၊
တိမ်တောင်တိမ်လိပ် အမဲကြီးတွေ တစ်လိပ်လိပ်တက်လာရင် မိုးကြိုးပစ်မဲ့ အန္တရာယ် ရှိပါတယ်။
မိုးချိမ်းတယ်ဆိုတာ ကောင်းကင်မှာ မိုးကြိုးပစ်တာပါ။ ဒါကြောင့် မိုးများများခြိမ်းလာလေ
အန္တရာယ်များလေပါဘဲ။
ကျွန်တော်ကတော့
ဖြစ်နိုင်လျှင် ကွင်းတစ်ခုလျှင် ထန်းပင်တစ်ပင်ထိပ်၌ မိုးကြိုးလွှဲတစ်ခုစီ ဆင်စေချင်ပါသည်။
ထိုအခါ မိုးကြိုးပစ်မည့်အန္တရာယ်ကို လျှော့ချနိုင်လိမ့်မည်။ မိုးကြိုးလွဲကို သင်ပေးလျှင်
လူတိုင်းလုပ်တတ်သည်။ ဘာမှ မခဲယဉ်းသလို ငွေကုန်ကြေးကျလည်း မများလှပါ။ မိုးကြိုးပစ်၍
မြန်မာပြည်တွင် တစ်နှစ်လျှင် လူ ၅၀ မှ ၈၀ ထိသေနေရပါသည် ဆိုလျှင် မိတ်ဆွေများ အံ့သြပါမည်လား။
သို့ဆိုလျှင်
ဟိုနားသွားဖဲကြိုးဖြတ်လိုက်၊ ဒီနားသွား မလိုအပ်သည်များကို မှာကြားလိုက် လုပ်နေသော အနှီလူကြီးများ
ကို ကောင်မလှလှလေးတွေလာပေးသော ဗန်းထဲမှ ကတ်ကြေးဖြင့် ကောင်မလှလှလေး နှစ်ယောက်ဆွဲထားသော
ဖဲကြိုးကို ဖြတ်ခြင်းတည်းဟူသော အဓိပ္ပာယ်ယတ္ထာယ ကင်းမဲ့လှသည် အလုပ်များကို လုပ်နေမည့်အစား
သည့်ထက်ပို အဓိပ္ပာယ်ရှိသည့် ကွင်းထဲတွင် မိုးကြိုးလွှဲများတပ်ဆင်ခြင်းကို ၀ီရိယထားလုပ်သင့်ပါကြောင်း
၎င်းတို့နှင့် အနားနီးသူများက သွန်သင်ပြသ ဆိုဆုံးမ ကြဘို့ မကောင်းပါသလော။ (ကျွန်တော်ပေးသည့်အကြံကိုသာ အနှီလူကြီးမင်းများကြားပါက
မင့်နှယ်ကွာ တောက်တီး တောက်တဲ့ဟု ၀ိုင်းပြီး ဟားတိုက်ကာ လှောင်ရီ ရီကြမှာ မြင်ယောင်မိပါသေးတော့သည်။)
ဟောပြောပွဲပြီးတော့
အတော်ပင် မှောင်နေလေပြီ။ ဆောင်းတွင်းဆိုတော့ ညတာရှည်သည်မဟုတ်ပါလော။ သို့မို့ကြောင့်
ကျွန်တော်တို့လည်း နောက်ထပ် စကားမရှည်နိုင်တော့ဘဲ အတိုချုပ် နှုတ်ဆက်လျှက် ပြန်ခဲ့သည်။
လမ်းတွင် သားက ကိုမျိုးကို ဟိုကားကို ကျော်လို့ရတယ်၊ အဲဒီကားကို မကျော်နဲ့ဟု လမ်းညွှန်လျှက်
လိုက်ပါလာလေ၏။ လမ်းတွင် မုံ့ပဲသွားရေစာများဝယ်ခြမ်းကာ ပြန်ခဲ့ကြရာ ရန်ကုန်ကို ည ၇ နာရီခွဲလောက်
ရောက်လေ၏။ ခရီးရောက်မဆိုက် ခယ်မဖြစ်သူ မာလာတို့က ထမင်းစားအခေါ်လွှတ်လိုက်သဖြင့် သူတို့တည်ခင်းသော
မာလာဟင်း၊ ငါးကင်နှင့် တုံယမ်းချဉ်ရည်ဟင်းကို အ၀အပြဲတီးကာ ခပ်စောစော နှပ်လိုက်ကြလေသတည်း။
ဆက်ပါဦးမည်။
No comments:
Post a Comment