Friday, January 10, 2014
မြန်မာပြည်သို့ အလည်ပြန်ခြင်း (ဒီဇင်ဘာ၊ ၂၀၁၃) (၂)
(၇) မပြီးနိုင်သေးသော မြန်မာပြက္ခဒိန်
            ၂၆ ရက်နေ့တွင် ကွန်ပြူတာဂျာနယ်တိုက်သို့သွားကာ မြန်မာပြက္ခဒိန်စာအုပ်၏ အခြေအနေကို မေး၏။ လုပ်နေဆဲဟု ပြောပါသည်။ သူတို့တိုက်က စာပြင်ဆရာ ပြင်ထားသည့် စာမူကို ပြသည်။ စာလုံးပေါင်းများကို ပြင်ထားခြင်းဖြစ်၏။ ဥပမာ - ကျွန်တော်က မကာရရာသီဟု စာလုံးပေါင်းထားသည်ကို မကရရာသီ၊ ဥတြဘရဂုဏီနက္ခတ်ကို ဥတ္တရဘရဂုဏီ ဟု ပြင်ခြင်းမျိုး များဖြစ်၏။ ဘယ်စာအုပ်ကို ရည်ညွှန်းပါသလဲ ဟု မေးလေသော် သူတို့က ရုပ်ပုံများနှင့်တကွ ဖော်ပြထားသော ရာသီနှင့် နက္ခတ်များအတွက် စာလုံးပေါင်းစာအုပ်ကို ရည်ညွှန်းကြောင်း ပြော၏။ ထိုစာအုပ် ကျွန်တော့်မှာ မရှိ။ သို့သော် စာပြင်ဆရာနှင့် လည်း မတွေ့ခဲ့ရ။ ထို့ကြောင့် သူတို့ကို စာတစ်အုပ်လုံး ပရင့်ထုတ်ခိုင်းလိုက်သည်။ ပရင်တာမှာ inkject portable printer ဖြစ်ရကား စာတစ်အုပ်လုံးထုတ်ရန် ၂ နာရီခန့်ကြာမည်ဆိုသဖြင့် ကျွန်တော်လည်း ပန်းဆိုးတန်း စာအုပ်ဆိုင်များသို့ ထွက်လာခဲ့၏။
            ပထမဆုံး အနီးရှိ မြန်မာ့အလင်း စာအုပ်တိုက်သို့ဝင်ကာ စာအုပ်များကို စိမ်ပြေနပြေကြည့်ရာ စာအုပ်အမျိုးအစား တော်တော်များများကိုတွေ့ရ၍ ၀မ်းသာမိပါသည်။ သို့သော် တစ်နိုင်ငံလုံးအနေနှင့် ပြောရပါမူ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး။ ပထ၀ီဝင်၊ လူမှုရေးသိပ္ပံ၊ ဆေးပညာ၊ ပြည်သူ့ကျန်းမာရေး စသည့် စာအုပ်များမှာမူ အလွန်နည်းပါသေးသည်။ ဘာသာရေးနှင့် နိုင်ငံရေးစာအုပ် အတော်များများတွေ့ရ၏။ ကလေးများအတွက် ရောင်စုံပုံပြင်စာအုပ် ကောင်းကောင်းလေးများ ကို တွေ့ရ၍လည်း ကျေနပ်မိပါ၏။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးစာအုပ်တော့ မပြောပါနှင့်။ ရေးသူမှာ ကျွန်တော် တစ်ယောက်သာ ရှိပါလိမ့်မည်။ ကျွန်တော့်စာအုပ်မထွက်မချင်း ဈေးကွက်ထဲ၌ သည်စာအုပ်မျိုးတွေ့နိုင်စရာမရှိ။
            အင်ဂျင်နီယာစာအုပ်များတွင် မြို့ပြအင်ဂျင်နီယာစာအုပ်များကို အတော်များများ တွေ့ရ၏။ စက်မှုအင်ဂျင်နီယာနှင့် ပတ်သက်၍မူ ဒီဇယ်အင်ဂျင်၊ EFI အင်ဂျင်စသဖြင့် တစ်အုပ်စ၊ နှစ်အုပ်စမျှသာ တွေ့ရသည်။ အားရစရာ မကောင်းပါ။ မြန်မာနိုင်ငံထွက် စက်မှုအင်ဂျင်နီယာ ထောင်ပေါင်းအတော်များများ ရှိပါလိမ့်မည်။ ဘာကြောင့်များ မရေးကြပါလိမ့်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်လို့လား၊ မရေးတတ်လို့လား၊ စီးပွားရေးအရ တွက်ခြေမကိုက်မှာ စိုး၍လား။ ကျွန်တော် မသိပါ။ ကျွန်တော်ကတော့ ဂဟေစာအုပ်ကို စုံနိုင်သမျှစုံအောင်ရေးဘို့ အားခဲထားပါသည်။ ၂၀၁၅ခုမတိုင်မီ အနည်းဆုံး တစ်အုပ်တော့ ထွက်ဖြစ်အောင် ကြိုးစားပါမည်။
ကျွန်တော့်ပိုက်ပြင်ပိုက်ဆက်စာအုပ်ကိုလည်း တွေ့ရ၏။ ရောင်းဈေး ၇၀၀၀ ဟု ကပ်ထားပါသည်။ ကျွန်တော်တို့ သဘောတူထားသော ဈေးဖြစ်ပါ၏။ မေးဘို့မေ့လာခဲ့သဖြင့် သည်စာအုပ် ရောင်းအားအခြေအနေကိုလည်း မသိခဲ့ရပါ။ စိတ်ရှိ လက်ရှိသာဝယ်ရလျှင် သိန်းဂဏန်းအတော်များများ ထွက်စရာရှိသဖြင့် ဟိုစာအုပ်ကောက်လှန်လိုက်၊ ချထားလိုက်၊ သည်စာအုပ် ကောက်ဖတ်လိုက်၊ ချထားလိုက်နှင့် နောက်တော့ ကောင်းလည်းကောင်း၊ လိုလည်းလိုချင်၊ တန်ဘိုးလည်း သိပ်မများလှသော စာအုပ်သုံးအုပ် ၀ယ်ခဲ့သည်။ ထိုအထဲမှတစ်အုပ်မှာ ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန (ဟုထင်ပါသည်) မှ ထုတ်ဝေထားသည့် မြန်မာစံနှုန်းစာအုပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ အသုံးပြုနေသော အတိုင်းအတာ စံနှုန်းများနှင့်ပတ်သက်၍ အတော့်ကို ပြည့်ပြည့်စုံစုံပါပါသည်။ သည်စာအုပ်မှာ မူရင်းစာအုပ်မဟုတ်။ ဖိုတိုကော်ပီကူးကာ ပြန်ချုပ်ထားသည့် စာအုပ် ဖြစ်ပါသည်။ အဘယ်ကြောင့် ပြန်မရိုက်ပါသနည်း။
            နက္ခတ္တဗေဒနှင့်ပတ်သက်သောစာအုပ်ကိုမူ တစ်အုပ်မှမတွေ့။ ဗေဒင်စာအုပ် အနည်းငယ်တွေ့သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သက်သည့်စာအုပ်အရေအတွက်မှာလည်း သိပ်မရှိလှ။ ကျွန်တော်တို့လူမျိုးမှာ ငွေကုန်ကြေးကျများပြီး ထိုက်သင့်သလောက် ငွေကြေးအကျိုးအမြတ်ခံစားခွင့်မရှိသည့် သုတေသနလုပ်ငန်းမျိုး မလုပ်နိုင်။ လုပ်နိုင်သည့်တိုင် သုတေသနလုပ်တတ်သူလည်းနည်း၊ သုတေသနလုပ်သည့် အတွေ့အကြုံကလည်းနည်းလှ၏။
            စိတ်မကောင်းစရာတစ်ခုမှာ တိုင်းရင်းသားဘာသာနှင့်ပြုစုထားသော စာအုပ်စာတမ်းဟူ၍ နတ္ထိဖြစ်နေခြင်းပင်တည်း။ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန် စသည့်တိုင်းရင်းသားများမှာ အများစုဖြစ်ပြီး စာပေနှင့် ယဉ်ကျေးမှုလည်း အခိုင်အမာရှိပေရာ ၎င်းတို့အမျိုးသား ပညာတတ်ပုဂ္ဂိုလ်များအနေနှင့် စာအုပ်စာတမ်းများ ရေးသားထုတ်ဝေရန် သင့်လှပေသည်။
            သို့သော်လည်းပေါ့လေ။ သန်း ၆၀ မျှသော မြန်မာနိုင်သားများအနက် တောနေလူတန်းစား ၇၀% ကိုနှုတ်၊ မြို့တွင်နေသော ဆင်ခြေဖုံးမှလူများ၊ မြို့ငယ်ကလေးများမှလူများကို ၂၀%ထားပြီး ထပ်နှုတ်။ ကျန် ၁၀% မျှပင်လျှင် လူဦးရေ ၆ သန်းခန့် ရှိလေသည်။ ထားပါ။ စာတတ်ပေတတ်။ ဖတ်တတ်သူဦးရေ ၂ သန်းပဲထားပါ။
            မြန်မာစာဖတ်သူ ၂ သန်းမျှပင်ရှိသော်ငြားလည်း စာအုပ် ၁၅၀၀ လောက်ထုတ်ပါက တစ်နှစ်လောက်ကြာသည်ထိ    ဗျစ်ဗျစ်မည်အောင် ရောင်းယူရသည်။ သည်တော့ တိုင်းရင်းသားစာအုပ်များသာ ထုတ်ဝေပါက အုပ် ၁၀၀ ပြည့်အောင်ပင် မနည်း လက်ဆောင်တင်၍ ရောင်းယူရမည်ဖြစ်ဘိ၏။ ဤကဲ့သို့အခြေအနေများကြောင့် အစိုးရက ငွေကုန်ကြေးကျခံ၍ မထုတ်ဝေပါက တိုင်းရင်းသားစာပေများ မည်ကဲ့သို့ ပေါ်ထွန်းလာပါမည်နည်း။
            ဟိုနေ့က လွတ်လပ်ရေးနေ့ပွဲတွင် ချင်းကိုယ်စားလှယ်က သူတို့ပြည်နယ်၌ တက္ကသိုလ်၊ ကောလိပ်တစ်ခုမှ မရှိသည့် အကြောင်းကို ၀မ်းပမ်းတနည်း ပြောသွား၏။ ကိုင်း၊ ကိုယ့်လူ။ သည်လိုဖြင့် အားနာပါးနာ၊ တက္ကသိုလ်တစ်ခုခု၊ ကောလိပ် တစ်ခုခု၊ သိပ္ပံကျောင်းတစ်ခုခု ချင်းပြည်နယ်မှာ လာဖွင့်ပါပြီတဲ့။ သည်ကောလိပ်၊ သိပ္ပံ၊ တက္ကသိုလ်များကို တက်ရလောက်
အောင် ကျောင်းသားဦးရေ ရနိုင်ပါမည်လားဟု မေးလျှင် အမောင်ဘယ်သို့ဖြေမည်နည်း။ တက္ကသိုလ်၊ ကောလိပ်ကြီးလုပ်နေပြီး ဆရာတစ်ယောက်၊ ကျောင်းသားတစ်ယောက်နှုန်း သင်နေရလို့ ဘယ်ကိုက်မှာတုံးခင်ဗျာ။ ဖွင့်တာတော့ ဖွင့်ချင်တာပေါ့။ ဒါပေမဲ့ ဖွင့်ဘို့အခြေအနေပြည့်စုံမှ ဖွင့်လို့ဖြစ်မယ် မဟုတ်ဘူးလား။ နှိမ်တယ်လို့ မအောက်မေ့ပါနဲ့။ အဲဒီလိုလေး စဉ်းစားကြည့်စမ်းပါ။
            ယခု တိုင်းရင်းသားဘာသာနှင့် စာပေများ မထွန်းကားရခြင်းသည်လည်း ဤကဲ့သို့ပင် ဖြစ်ပါသည်။ ရေးသူက အားထုတ်ရေးသည့်တိုင် ဖတ်သူမရှိပါက မည်ကဲ့သို့ တွက်ခြေကိုက်ပါမည်နည်း။
အတွေ့ရအများဆုံးကား အင်္ဂလိပ်စာအုပ်များဖြစ်မည်ထင်၏။ စကားပြောနည်း၊ စာရေးနည်း၊ ဂရမ်မာ၊ အဘိဓာန်။ အတော့်ကို အမျိုးစုံလှ၏။ အင်္ဂလိပ်စာတတ်ခြင်းမတတ်ခြင်းမှာ စာအုပ်များပေါ် မူမတည်။ မိမိမည်မျှလေ့လာသနည်းဆိုသည့် အပေါ်မူတည်ကြောင်းကိုတော့ သတိချပ်ဘို့လိုပါသည်။ အင်္ဂလိပ်စာအုပ်မျိုးစုံ အုပ် (၂၀) လောက်ဝယ်ထားပြီး မလေ့လာခြင်း ထက် တစ်အုပ်တည်းဝယ်ပြီး သေသေချာချာလေ့လာခြင်းက ပိုမကောင်းပါသလော။ သို့သော် စာအုပ်များတော့ ရွေးစရာ များသည်ပေါ့။
            သောက်ကျိုးနဲ၊ ဘယ်တွေရောက်ကုန်ပါလိမ့်။
စာအုပ်ဆိုင်မှ ပြန်လာသည့်တိုင် ပရင့်ထုတ်လို့ကမပြီးသေးသည်မို့ ထိုင်စောင့်နေရသေးသည်။ အားလုံးပြီးသွားတော့ စာမူထုပ်ကြီးပိုက်ကာ ပြန်ခဲ့သည်။
ညကျတော့ သန်းခေါင်ထိ၊ မနက် တစ်မနက်လုံးဖတ်ရှုစစ်ဆေး။ သည်လောက် အကြိမ်ကြိမ်အခါခါ ပြင်ပေးထားတာ တောင် အမှားတွေက အများကြီးရှိနေသေးသည်မို့ အတော် စိတ်အိုက်သွားပါသည်။ အခုမှားတာ အကြောင်းမဟုတ်။ စာအုပ် ထွက်လာမှဆို ဘာမှလုပ်လို့မရတော့။ ပြင်ပြီးသွားတော့ နောက်နေ့နေ့ခင်းသွားပေးကာ မည်သည်တို့မှားနေကြောင်း ရှင်းပြလိုက်၏။ တခြားတော့ ဘာကွန်ပလိန်းမှ တက်မနေတော့ပါ။ ပြီးသည့်အချိန် စာအုပ်ထွက်လိမ့်မပေါ့ဟု စိတ်ကို လျှော့ထားပါသည်။
(၈) မတ္တရာခရီး
            အချိန်က သိပ်မရသည်နှင့် မန္တလေးကို လေယာဉ်နှင့်မှသွားနိုင်မည်ဟု အကြပ်ကိုင်ထားသဖြင့် ကိုနေမျိုးမောင်က လေယာဉ်လက်မှတ် ၀ယ်ထားပေးရှာပါသည်။ သို့နှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေးသို့သွားရန် လေဆိပ်သို့ ခပ်စောစောပင် ထွက်ခဲ့ကြ၏။ လေယာဉ်ထွက်ချိန် ၁၀ နာရီခွဲ၊ check in က ၉ နာရီခွဲ ဆိုပေမင့် ၈ နာရီလောက်တွင်ပင် အိမ်မှထွက်ခဲ့ကြသည်။ သားက အဖေနှင့်ခွဲရမှာမို့ တဂျီဂျီလုပ်နေသည်နှင့် ကျွန်ုပ်မှာလည်း နှလုံးမသာယာသောကြောင့် အ၀တ်အစားမှလွဲ၍ ဟောပြောပွဲကိစ္စ ဘာမှ ကြိုပြင်မထားမိ။
စောသေးသည်နှင့် လမ်းတွင် လဖက်ရည်ဆိုင်ထိုင်ကြသည်။ ဟိုကိစ္စသည်ကိစ္စ၊ ပြောကြဆိုကြရင်း စားကြသောက်ကြ သည်။ ထို့နောက် လေယာဉ်ကွင်းသို့လာ၊ check in လုပ်။ ကျွန်ုပ်မှာ ပြည်တွင်းလေကြောင်းကို ယခု ပထမဆုံးအကြိမ် စီးဖူးခြင်း ဖြစ်၏။ စီးရမည့် Asian Wing Airline မှလေယာဉ်မှာလည်း ပန်ကာတပ် လေယာဉ်ကလေးဖြစ်ရာ အတွေ့အကြုံသစ် ပေါ့ဗျာ ဟု ကိုနေမျိုးမောင်ကို ပြောမိ၏။ လေယာဉ်က တော်တော်နှင့် ရောက်မလာ။ ဟိုငေးသည်ငေး၊ ဟိုလူ့ကြည့်၊ သည်လူ့ကြည့်နှင့် စာရေးဘို့အတွက် ဆီလိုအပေါက်ရှာနေသော ကျွန်ုပ်မှာ အိမ်သာတွင်းမှ အဆင်မပြေမှုများကို တွေ့မိလေတော့၏။
            အခြားမဟုတ်၊ လက်ဆေးကန်နှင့် ဆီးသွားခွက် တည်နေရာဖြစ်၏။ လက်ဆေးကန်ကို လက်ဆေးရန်အတွက် သာမန်လူကြီးများ၏ တံတောင်ဆစ်အောက်နားလောက် လုပ်ပေးထားဘို့မကောင်းပါလား။ ယခုတော့ ကျွန်တော်တို့လူမျိုးများ မြန်မာငပုဖြစ်နေသည်ကို အရပ်ရှည်လာစေရန် ရည်ရွယ်လျှက် တပ်ဆင်ထားလေရာ လက်ဆေးကန်မှာ ကျွန်တော့်ရင်ညွန့် နေရာအမြင့်၌ ရှိနေသဖြင့် လက်ဆေးလိုသည့်အခါ ကျွန်တော့်မှာ လက်များကို ပုခုံးနားထိရောက်အောင်မြှောက်လျှက် ဆေးရ လေ၏။ (ကျွန်ုပ်အရပ်မှာ ၅ ပေ၊ ၄ လက်မဖြစ်သောကြောင့် အရပ်ရှည်အောင် မွေးမပေးသော မွေးသမိခင်ကိုပင် အပြစ်တင်ရ တော့မလား မပြောတတ်။)
            ဆီးသွားခွက်မှာလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ ကျွန်တော့်မှာ ခြေဖျားထောက်လျှက် သွားရလေသည်။ ပို၍ဆိုးသည်မှာ ကလေးများအတွက် ဆီးသွားခွက် ဆင်ထားပုံဖြစ်၏။ ကလေးများကိုလည်း လူစဉ်မီစေရန်လေ့ကျင့်ပေးမည်ဟု ရည်ရွယ်ကာ ဆီးသွားခွက်ကို လူကြီးများထက်ပင် ပိုမြှင့်ထားလိုက်သေး၏။ ကျွန်ုပ်မှာ အလွန်အမြော်အမြင်ကြီးလှသူ မြန်မာ ဒီဇိုင်းဆရာများကို ချီးမကျူးပဲ မနေနိုင်တော့ချေ။ သို့သော်လည်းပေါ့လေ၊ သန့်ရှင်းရေးများ မပြတ် သန့်ရှင်းရေးလုပ်နေသည့် တိုင် ဆီးသွားခွက်များအောက်တွင် ၀ါဖန့်ဖန့်အစက်များကို တွေ့နိုင်ပါသည်။
            ထို့အတွက် မိတ်ဆွေများခင်ဗျား။ အသင်သော်လည်းကောင်း အသင့်သားများကိုသော်လည်းကောင်း အရပ်ရှည်လာ အောင် လေ့ကျင့်ပေးလိုသော် ပြည်တွင်းလေကြောင်းခရီး များများသွားပေးပါဟု တိုက်တွန်းလိုက်ရပါ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
            ပြောရင်းဆိုရင်း ကိုနေမျိုးမောင်၊ ခင်ဗျား ဟိုစာအုပ်ဘိုးပေး ပေး ဟိုက်၊ အဲဗျ။ မတ္တရာဟောပြောပွဲမှာဝေဘို့ လယ်ယာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစာအုပ်တွေနဲ့ သရုပ်ပြဘို့ ပီပီအီးတွေ မေ့ခဲ့ပဗျို့၊ အဲဒါမှ ဒုက္ခ ဟုဆိုသော် ကိုနေမျိုးမောင်က နေဦးဗျို့၊ မီလိုမီငြား၊ ဟိုကောင်တွေကို အပြေးလာပို့ခိုင်းလိုက်မယ်၊ စာအုပ်တွေက အဆင်သင့်ထုပ်ပြီးသားမဟုတ်လား ဆိုလေ သော် ကျွန်ုပ်လည်း အိမ်သို့ ကမန်းကတန်း ဖုံးဆက်ရ၏။
မမက အဲ၊ ငါလည်းမေ့နေတာ။ ညက သတိရသား၊ စာအုပ်တွေကအဆင်သင့်ထုပ်ထားတာ။ မနက်ထ နင်လာမှ ပေးလိုက်ဖို့ပဲ။ အခု မူမူ့ကို ပို့ခိုင်းလိုက်မယ် ဟု ဆိုလေသည်။ ကျွန်တော်လည်း ပြူးပြူးပြာပြာဖြစ်လျက် လေယာဉ်ကွင်းသို့ ထွက်ပေါက်ရှိ ကောင်တာတွင်ထိုင်ကာ အလှပြင်နေသော မိန်းကလေးများထံသွားကာ ဒီမယ်ကွယ်၊ မန္တလေးလေယာဉ် ဘယ်အချိန်လောက်ထွက်မလဲဟု မေးလေသော် အခုဆိုက်တော့မှာ ဦး၊ အများဆုံး ၁၅ မိနစ်လောက်ဆို ထွက်မယ် ဟု ဆိုလေသော် ဒီလိုတော့ဖြင့် ဘယ်လာဘို့မီတော့မလဲ ဟု အိမ်ကို ဖုံးပြန်ဆက်ကာ မလာနဲ့တော့ မမီတော့ဘူးဟု တားရ၏။ ညီမဖြစ်သူ မူမူမှာ စာအုပ်ထုပ်ကြီးရွက် ဆင်းသွားပြီဖြစ်သဖြင့် ဖုံးဆက်ကာ ပြန်ခေါ်ရသော ဟူ၏။
ကိုနေမျိုးမောင်က သူ့သားထံဖုံးဆက်ကာ ကျွန်တော်တို့အိမ်သို့ အမြန်သွား၊ စာအုပ်ထုတ်ယူကာ မီရာ မန္တလေးကား နှင့် ပို့ပေးလိုက်ရန် မှာသည်။
            ကျွန်တော်ကား ဤကဲ့သို့ နည်းနည်းကလေးမှ မလွဲလိုက်ရလျှင် စားမ၀င်၊ အိပ်မပျော် ဖြစ်တတ်လေ၏။
            မနက် ဆယ်နာရီခွဲကျော်ကျော်တွင် လေယာဉ်ထွက်သည်။ လေယာဉ်ပေါ်တွင် အစားအသောက်များ ကျွေး၏။ မဆိုးပါ။ မန္တလေးသို့ ၁၂း၀၈ နာရီတွင် လေယာဉ်ဆိုက်သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုသော်လည်း တကယ်တန်းမှာ တံတားဦးတွင်ရှိခြင်းဖြစ်၏။ မန္တလေးသို့ တစ်နာရီလောက် မောင်းရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ သူငယ်ချင်းဖြစ်သူ ဖိုးတင်စိုးက သူလည်း မတ္တရာသို့လိုက်မည် ဆိုကာ မန္တလေးသို့ဆင်းလာသဖြင့် ကျွန်တော်တို့က သူနှင့်တွေ့ရန် အချိန်းအချက် ပြုလိုက်ကြသည်။ သို့သော် ကိုယ်တော်က တော်တော်နှင့် မရောက်လာ။ ကျွန်တော်က ရွာတွင်စောင့်နေမည့် လယ်သမားကြီးများအား မြင်ယောင်ကာ အတင်းလော၏။ ရောက်ပါပြီကွ၊ မြင်နေရပါပြီကွ နှင့် အတော်ကြာမှ ရောက်လာသည်။ ကျွန်တော့်မှာ မနက်စာမစားရသေးသဖြင့် လမ်းတွင် ဆီးချိုကျလျှင် ပြဿနာတက်မှာစိုးသောကြောင့် အနားမှဆိုင်တွင် ပေါင်မုံ့နှင့် ရေဘူးများ ဆင်းဝယ်ထားရသည်။
            သူတို့က ကားလေးနှင့်ဖြစ်၏။ နောက်မှသိရသည်မှာ ကျွန်တော် မတ္တရာတွင် တောင်သူများအတွက် ဟောပြောပွဲ လုပ်မည့်အကြောင်းကို ဖေ့စ်ဘွတ်မှတစ်ဆင့် ဖိုးတင်စိုးနှင့် သိရာမှ အဲဒီမတ္တရာက ကျွန်မတို့မြို့ပဲ၊ ကျွန်မလိုက်ပို့မယ် ဆိုကာ (လူချင်းလည်း တစ်ခါဖူးမှ မမြင်ဖူး၊ မသိဖူးပါပဲလျှက်) လိုက်ပို့ခြင်းဖြစ်သည် ဆို၏။ သူ့နာမည်မှာ ဒေါ်မေလဲ့ဖြူဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ကိုနေမျိုးမောင်ခေါ်လာသည့်ကားကို ပြန်လွှတ်လိုက်ကာ သူ့ကားနှင့် လိုက်ခဲ့ကြသည်။ ကျေးဇူး အထူးတင်ပါသည် ဒေါ်မေလဲ့ဖြူခင်ဗျား။
            ထို့နောက် မတ္တရာသို့ ဆက်ထွက်ခဲ့ကြသည်။ မတ္တရာသို့ မိုင် ၂၀ ဟု ဆိုလေသည်။ မတ္တရာရောက်တော့ ကြံ့ခိုင်ရေးမှ အမှုဆောင် ကိုတင်ကိုက ဆီးကြိုနေသည်။ ထို့နောက် အနီးရှိထမင်းဆိုင်တွင်ပင် ထမင်းစားလိုက်ကြ၏။ စားသောက်ပြီးတော့ ဟောပြောပွဲလုပ်မည့် သာစည်ကျေးရွာသို့ ဆက်လာကြသည်။ ရွာလမ်းဆိုတော့ လမ်းက အတော်ဆိုး၏။ ကျွန်တော့်မှာ လိုက်ပို့သော ဒေါ်မေလဲ့ဖြူတို့ကို အလွန်အားနာလှ၏။
ရွာရောက်တော့ ၃ နာရီအတိ။ ကျွန်တော်ကလည်း ဟောပြောပွဲကို ၃ နာရီစမည်ဟု ကြေငြာခိုင်းထားရာ အံကိုက်ပင် ဖြစ်ပါသည်။ ထုံးစံအတိုင်း ဓာတ်စက်ကြီးဖွင့်ထားကာ ကလေးများမှာ ပြေးလွှားဆော့ကစားလျက်။
လာသူများမှာ တကယ့်ရွာသားများဖြစ်ကြ၏။ အဖိုးကြီးအဖွားကြီးများရော၊ ကလေးတိုးလို့တွဲလောင်းများပါ ပါသည်။
            ပထမဦးစွာ စာအုပ်များနှင့် ပီပီအီးများ မေ့ကျန်ခဲ့ခြင်းအတွက် ဦးစွာတောင်းပန်ရ၏။ ထို့နောက် လယ်ထဲတွင် အလုပ်လုပ်လျှင် မည်ကဲ့သို့ အန္တရာယ်ကင်းအောင် လုပ်ရမည်နည်းဆိုသည့်အကြောင်း ပြောသည်။ မည်သူမှ မမေးကြ။ နားလည်လို့ပဲလား၊ ဘာတွေမှန်းမသိလို့ပဲလား၊ ဘာမေးရမှန်း မတွေးတတ်လို့လား မပြောတတ်ပါ။ ဤတွင်လည်း ၂ နာရီနီးပါး ကြာပါသည်။
            ကိုနေမျိုးမောင်က မြေကြီးပေါ် ဖျာခင်းထိုင်နေကြသော ပရိသတ်များကြားသွားထိုင်ကာ ဟိုမေး၊ သည်မေး စပ်စုသည်။ အနီးရှိအဖွားကြီးကို အဖွား၊ အခုဒီကို ဘာလာလုပ်တာလဲ ဟု နောက်တီးနောက်တောက် မေးလေသော် မသိပါဘူးကွယ်၊ ဒီနေ့ ၃ နာရီ ဒီဇရပ်အရောက်လာရမယ်လို့ ဗျိုးဟစ်တာနဲ့ လာခဲ့ရတာပဲ ဆို၏။ ကိုင်း၊ မှတ်ကရော့။
ထို့နောက် ရန်ကုန်သို့ဖုံးဆက်မေးရာ ယနေ့ညနေထွက်မည့် မန္တလေးကားနှင့် စာအုပ်များထည့်ပေးလိုက်ကြောင်း၊ နက်ဖြန်မနက်ဆို ရွေးလို့ရပြီဖြစ်ကြောင်း ကားနာမည်၊ နံပါတ်များနှင့်တကွ သတင်းပေး၍ ကိုတင်ကို ကို မနက်ဖြန်မှ ပို့ပေးလိုက်မည့်အကြောင်း မှာထားခဲ့သည်။ ထို့နောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြ၍ ပြန်ခဲ့ကြ၏။
            မတ္တရာမှ ပြန်ထွက်လာတော့ အတော်မှောင်နေပြီ။ လမ်းတွင် မျက်နှာချင်းဆိုင်မှ မောင်းလာသော ကားများမှာ ကားချင်းရင်ဆိုင်တွေ့သည့်တိုင် ကားမီးကြီးများကို ချမပေးကြ။ အတင်းထိုးထားသဖြင့် ကားချင်းဆိုင်လာပြီဆိုလျှင် ကျွန်ုပ်တို့မှာ လမ်းကိုမမြင်ရ။ ရှေ့တူရူကို မှန်းမောင်းရခြင်းဖြစ်သဖြင့် အလွန်အန္တရာယ်များလှသည်။ မည်ကဲ့သို့သော အကျင့်စရိုက်များပါနည်း။ ကားချင်းရင်ဆိုင်လာလျှင် မီးကြီးကို ချပေးရမည်ဟု သင်မပေးလိုက်ပါသလော။
            အထူးသဖြင့် ဆိုးသည်မှာ တောင်တက်လမ်းဖြစ်သည်။ တောင်တက်လမ်းတွင် တစ်ဆစ်ချိုးကွေ့များ၊ ချောက်များ ရှိပေရာ မမြင်မကန်း ရမ်းမောင်းရခြင်းမှာ သေမင်းနှင့် အလောင်းအစားပြုနေသကဲ့သို့ ရှိ၏။ သူတို့ကတော့ ရိုးနေပြီ။ သူလည်းထိုး။ ကိုယ်လည်းထိုး။  
(၉) ဗဟိုပြည်သူ့ဝန်ထမ်းတက္ကသိုလ် (ဆီးပင်ကြီး) တွင် တစ်ထောက်နားကြခြင်း
            မတ္တရာမှပြန်အလာ မန္တလေးဝင်ကာ ကိုနေမျိုးမောင်အတွက် ရန်ကုန်အပြန် ကားလက်မှတ် ၀င်ယူသည်။ ကျွန်တော့် အတွက်မူ ဖိုးတင်စိုးက ပြင်ဦးလွင်မှထွက်လာမည့်ကားကို ကြိုဝယ်ပေးထား၏။
            မန္တလေးမှထွက်ပြီး များမကြာမီပင် တောင်ပေါ်စတက်တော့သည်။ ၁၉၉၆ ခုနှစ်များလောက်က ကျွန်တော် ပြင်ဦးလွင်ကို တစ်ခေါက်ရောက်ဖူးရာ သည်တောင်တက်လမ်းများမှာ အလွန်လှကြောင်း အတွေ့အကြုံရှိထားသဖြင့် တစ်လမ်းလုံး ငေးမောလိုက်ပါလာခဲ့၏။ သို့သော် ရှေ့မှကားလာသည့်အခါများတွင်မူ ဘုရားတ,မိသည်။ ညဖြစ်သဖြင့် လမ်းရှုခင်းများကို ကောင်းကောင်းမမြင်ရ။ ရာသီဥတုမှာ အတော်အေးလာပြီဖြစ်သဖြင့် အပေါ်အင်္ကျီ ထပ်ဝတ်ရသည်။
သူငယ်ချင်းက သူတို့ဆီတွင်လည်း ဟောပြောပွဲလုပ်ပေးစမ်းပါဟု တောင်းဆိုလာသော်လည်း ကျွန်တော့်မှာ ၂၉ ရက် နေ့ ည ၇ နာရီအရောက်ပြန်လာမည်ဟု သားဖြစ်သူကို ကတိပေးခဲ့သဖြင့် နေလို့မရတော့ကြောင်း အားနာနာနှင့်ပင် တောင်းပန် ရသည်။ ကိစ္စမရှိပါဘူးကွာ၊ ခုည ၈ နာရီ မင်းတို့အိမ်မှာ စုခိုင်းထားလိုက်ပေါ့။ Free discussion ပြောရတာ ပိုကောင်းပါတယ် ဟု မေတ္တာရပ်ခံရ၏။ သူက ဗ၀တ၊ နိုင်ငံရေးသိပံ္ပဌာနမှ တာဝန်ခံဌာနမှူး ဖြစ်လေသည်။ လင်မယား နှစ်ယောက်စလုံး ဗ၀တ၀န်ထမ်းများဖြစ်၏။
            သူတို့ကျောင်းရောက်တော့ ကျွန်တော်မှန်းသည့်အတိုင်း ည ၈ နာရီ။ ဗ၀တမှ ဆရာ၊ ဆရာမလေးများ စောင့်နေတာ တွေ့ရ၏။ ဖိုးတင်စိုး အမျိုးသမီးက သူတို့စောင့်နေတာကြာပြီ။ ညနေ ၆ နာရီခွဲကတည်းက စောင့်နေကြတာ ဟု ဆိုလေသော် ကျွန်ုပ်မှာ မကျေမချမ်းနှင့် ဟကောင်၊ ငါမှာထားတာ ၈ နာရီလေကွာ ဟု ဟောက်လေသော် ဟုတ်ပါတယ်။ စောရောက်ရင် အဆင်သင့်ဖြစ်နေအောင် သူတို့က စောစောလာတာပါဟု သူ့အမျိုးသမီးက ဖြောင်းဖြပြောလေသည်။ ကျွန်ုပ်သည်ကား ကိုယ်မှန်သည်ထင်လျှင် အတင်းတုတ်တတ်သည့် လူရေးလူရာ မသိတတ်သူတည်း။
            သူတို့က ငါးဟင်း၊ ငါးပိချက်၊ ချဉ်ရည်ဟင်း စသည်တို့ဖြင့် ဖွယ်ဖွယ်ရာရာ ဧည့်ခံပါသည်။ ကျွန်တော်တို့လည်း စားကောင်းကောင်းနှင့် ဗိုက်ကားအောင် လွေးလိုက်ကြ၏။ စားပြီးတော့ အချိန်မဆိုင်းဘဲ စကားဝိုင်းစဘို့ ပြင်ပါသည်။
            ထမင်းစားပွဲကို ဖယ်လိုက်ကာ ၀ိုင်းထိုင်လိုက်ကြသည်။
            ထိုင်ထိုင်ချင်း ကျွန်တော်လည်း ဘာမှ မမေးမစမ်းဘဲ ကိုင်း၊ စလိုက်ကြရအောင်ဟု ဆိုကာ လောကမှာ ဘယ်လိုနည်းနဲ့မှ အစားပြန်မရတဲ့အရာ နှစ်ခုရှိတယ် ဟု စလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူတို့ တစ်နာရီခွဲကျော် ချမ်းချမ်းစီးစီး စောင့်နေရသည်ကို အားနာလှသဖြင့် စောစောပြီး စောစောပြန်နိုင်ရစေရန် ဖြစ်လေသည်။ ည ၈း၁၅ လောက်က စပြောကြရာ ဆယ်နာရီကျော်မှ ရပ်ကြလေသတည်း။
အဲဒါ ဘာတွေလဲ ဟု မေးလိုက်သော် တစ်ယောက်က အချိန်နဲ့ မိဘ ဟု ဖြေ၏။ အချိန်နဲ့ အရွယ်က ကျွန်တော်က ပြန်ပြင်ကာ ကျွန်ုပ်တို့တိုင်းပြည်တွင် တန်ဘိုးရှိလှသော အချိန်များကို အလဟဿဖြုန်းတီးပစ်နေကြကြောင်း သာဓကဖြင့်
ပြောပြ၏။
            တခြားမကြည့်ပါနဲ့ဗျာ။ ဟောဒီကျောင်းအနေနဲ့ ပြောပြမယ်။ မြန်မာပြည်မှာ ၀န်ထမ်းဖြစ်ပြီဆို ဘယ်ဝန်ထမ်းဖြစ်ဖြစ် ဖောင်ကြီး (အောက်မြန်မာပြည် ဗဟိုပြည်သူ့ဝန်ထမ်းတက္ကသိုလ်မှာ ဖောင်ကြီးတွင်ရှိသဖြင့် ဗဟိုပြည်သူ့ဝန်ထမ်း တက္ကသိုလ် ကိုလည်း အလွယ်တကူ ဖောင်ကြီးဟုပင် ခေါ်ကြပါသည်။) ကို မဖြစ်မနေတက်ကြရတယ် မဟုတ်လား။ ဒါဖြင့်ရင်ဗျာ၊ ဖောင်ကြီးသင်တန်း သွားရတော့မယ်ဆို ဘယ်သူတစ်ဦးတစ်ယောက်ကများ (ငါတို့တော့ ဖောင်ကြီးသင်တန်း တက်ရတော့မယ်ဟေ့၊ စီမံခန့်ခွဲရေး ဘာသာရပ်တွေ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ၊ ရုံးလုပ်ငန်းအတတ်ပညာတွေ၊ အခြေခံ စစ်ပညာတွေ သင်ရတော့မယ်၊ အဲဒီပညာတွေဟာ ငါတို့လို ၀န်ထမ်းတွေအတွက် တကယ့်ကို မရှိမဖြစ်လိုအပ်တဲ့ အတတ်ပညာတွေပဲ။ ငါတို့ ဒီရသမျှ သုံးလခွဲလေး အတောအတွင်းမှာ မရမက လေ့လာသင်ယူကြရမယ်) လို့ တွေးမိ၊ ပြောမိ၊ လုပ်မိကြပါသလဲ။ ဝေးစွခြောက်ပါး။
            ဖောင်ကြီးဆို အသံကြားလိုက်ရုံနဲ့တင် (ဟင်၊ ဖောင်ကြီးသင်တန်းကြီးတော့ တက်ရပြန်အုံးမယ်။ အေးဟယ်၊ စိတ်ပျက် ပါတယ်။ ငါလဲ ဟိုအပတ်ရွှေ့လိုက်၊ ဒီအပတ်ရွှေ့လိုက်နဲ့ အတော့်ကိုကြာနေပြီ။ ခုတော့ မတက်လို့မဖြစ်တော့ဘူး။ တက်ရအုံး မယ်) စသဖြင့် စိတ်ပျက်သံ၊ ညည်းညူသံတွေပဲ ကြားနေရတာ မဟုတ်လား။
            အေး၊ လူတွေက ဟို့ပိုက်ဆံအများကြီးပေးရတဲ့ MBA ဆိုတာကြီးကိုသာ သွားရေတမြားမြားနဲ့ အထင်ကြီးနေကြတာ။ လုပ်ငန်းခွင် စီမံခန့်ခွဲရေးပညာရပ်တွေကို ဒီမှာလည်း သင်ပေးနေတယ်၊ ရအောင်ယူမယ်ဆိုတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ။ စိတ်မှမ၀င်စားတဲ့နောက် အဲဒီလူတွေ ဘယ့်နှယ်လုပ် ဒီကသင်ပေးတာတွေကို ယူနိုင်တော့မလဲ။
            ယူတတ်မှရ၏၊ ချူတတ်မှ ကျ၏။ မယူတတ်လျှင် အပုံကြီးလျက်နှင့် မရ။ မချူတတ်လျှင် အရုံနီးလျက်နှင့် မကျ ဆိုတဲ့ မြန်မာစကားပုံရှိတယ်။ အဲဒီလူတွေဟာလည်း ပေးနေလျက်သားနဲ့ မယူချင်တဲ့အခါကျတော့ ဘာမှ မရလိုက်ဘူး။
            ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါ။ ဒီမှာ ၃ လခွဲနဲ့ တစ်နှစ်ကို သင်တန်း ၃ ကြိမ်ပေးတယ်ပဲထား။ အဲဒီသင်တန်းကို လာတက်တဲ့ သင်တန်းသားဦးရေ ဘယ်လောက်များသလဲ။ တစ်နေ့ ၈ နာရီနှုန်းနဲ့ ၃ လခွဲကို အဲသည် သင်တန်းသားဦးရေနဲ့ မြှောက်ကြည့်လိုက်စမ်းပါ။ နိုင်ငံတော်အနေနဲ့ ဘယ်လောက်တောင် ဆုံးရှုံးနစ်နာသွားသလဲ ဆိုတာ။
            အဲဒီလိုနစ်နာနေတဲ့၊ အလဟဿဆုံးရှုံးနေရတဲ့အချိန်တွေ ဘယ်လောက်တောင် ရှိသွားပြီလဲ။ နောက်ပြီး အဲဒီလာတက်တဲ့သူတွေဟာ သာမန်အလုပ်သမားတွေမဟုတ်ဘူး။ အရာရှိအရာခံတွေ။ သူတို့အချိန်တွေ၊ ငွေတွေ၊ လုပ်အား တွေဆုံးရှုံးရတာဟာ သာမန်အရပ်သူအရပ်သားတွေ ဆုံးရှုံးလိုက်တဲ့ အချိန်တွေထက် ပိုနစ်နာတယ်။
            အဒိန္နာဒါနာဆိုတာ သူများအိပ်နေတုံး အိမ်ပေါ်တက်ခိုးမှ ခိုးမှုမြောက်တာ မဟုတ်ဘူး။ ဒီလို နိုင်ငံတော်က လွှတ်ပြီး သင်တန်းတက်ခိုင်းတာကို ကိုယ့်တာဝန်ကျေပွန်အောင် မလုပ်ဘဲ အလကား ရေသာခို၊ အချောင်နှိုက်၊ အိပ်လိုက်စားလိုက် လုပ်နေတာလဲ ခိုးတာဘဲ။ ဘာကိုခိုးတာလဲ။ နိုင်ငံတော်ရဲ့ အချိန်တွေ၊ ဘဏ္ဍာတွေ၊ ကိုယ့်အချိန်တွေ၊ ကိုယ့်မိသားစုပိုက်ဆံတွေ ကို ခိုးတာ၊ အလဟဿဖြုန်းတီးပစ်တာပဲ။
ခုနက သူများအိမ် တက်ခိုးတဲ့သူခိုးက သူခိုးနိုင်ရင် ဘယ်လောက်ပါမလဲ။ ထားပါတော့ တီဗီတစ်လုံး။ ရွှေဆွဲကြိုး တစ်ကုံးထက် မပိုနိုင်ဘူး။ ဟောဒီအရာရှိကြီးတွေကြောင့် နိုင်ငံတော်ကနစ်နာသွားတာဟာ တီဗီတစ်လုံး၊ ရွှေဆွဲကြိုးတစ်ကုံး ထက် အများကြီးပိုတယ်။ အဲဒါကို ခင်ဗျားတို့က သူတို့သဘောပေါက်လာအောင် ပြောပြပေးဘို့ လိုတယ်။
ကျွန်တော်လည်း ရင်ထဲရှိသမျှ စိတ်ပေါက်ပေါက်နှင့်ပြောလိုက်ရာ မိနစ် ၂၀ မျှအကြာတွင် ကိုနေမျိုးမောင်က ဟိုးထား ဆရာ၊ ဟိုးထား။ သူတို့ဘာလိုချင်သလဲ၊ သူတို့မှာ ဘာအခံတွေရှိသလဲမသိဘဲ အရမ်းလျှောက်ပြောနေလို့ ဖြစ်မလားဗျ။ ဆွေးနွေးပွဲဆိုတာ နှစ်ဦးနှစ်ဘက် အပြန်အလှန်ဆွေးနွေးကြမှ ရလဒ်ကောင်းတစ်ခု ထွက်မှာပေါ့ ဟု အတင်းတားလေ၏။ ထိုအခါမှ ကျွန်တော်လည်း ကိုယ်ရှိန်သတ်နိုင်လေသည်။ ကျေးဇူးကြီးပါပေ့ ကိုနေမျိုးမောင်။
ကိုင်း၊ ကျုပ်တို့ချည်းပဲ ပြောနေလို့မဖြစ်ဘူး။ ခင်ဗျားတို့ဘက်ကပါ အပြန်အလှန် ဆွေးနွေးမှ ဖြစ်မယ်။ ဒီတော့ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြရအောင် ဟု အစပျိုးပေးလိုက်၏။
            သူတို့တစ်ဦးချင်းစီ မိတ်ဆက်ကြသည်။ ဥပဒေဘွဲ့ရ အတော်များ၏။ ဓာတုပါရဂူတစ်ဦးပင် ပါသေးသည်။
            ကိုနေမျိုးမောင်က သူတို့ကို မေးခွန်းများပေးပြီး ဖြေခိုင်းသည်။
၁။ တာဝန်
၂။ လက်ခံယုံကြည်သော နိယာမ
၃။ အရေးတကြီးဖြေရှင်းလိုသော ပြဿနာ
၎။ နိုင်ငံအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု
၅။ ဖွံ့ဖြိုးတိုးတက်မှု
၆။ အားနည်းချက်၊ အားသာချက်
            သူတို့က ကိုယ့်ထင်မြင်ယူဆချက်များကို တစ်ဦးချင်းပြောပြ၏။ ဥပမာ - တာဝန်ဆိုတာ ကိုယ့်အသိစိတ်နဲ့ မဖြစ်မနေ ပြီးမြောက်အောင် ဆောင်ရွက်ရမဲ့လုပ်ငန်း။ လက်ခံယုံကြည်သော နိယာမ - ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။ အဆိုးဆုံးကိုကြုံတွေ့လာရင်လည်း လက်ခံနိုင်ရမယ် . . . . စသဖြင့် ဖြစ်ပါသည်။ သိပ်မမှတ်မိတော့ပါ။
            ထို့နောက်ကိုနေမျိုးမောင်က ယခုအချိန်သည် ကျွန်ုပ်တို့အတွက် ပြုပြင်ပြောင်းလဲရန် အချိန်အခါဖြစ်ကြောင်း သမိုင်းစက်ဝန်း (historic cycle) နှင့် ယှဉ်၍ ရှင်းပြပါသည်။
(၁၀) တစ်ယောက်တစ်လက်
            ဟိုဆရာလေးတစ်ယောက်ကတော့ အတော်များများ စောဒကတက်၏။ သူပြောသည်များထဲမှ ကျွန်တော်မှတ်မိသည့် တစ်ခုမှာ -
အခုဆို ကြည့်ပါအုံး၊ ဟိုလူကလည်း သူထင်တာလုပ်နေတယ်၊ ဒီလူတွေကလည်း သူတို့ထင်တာတွေ လုပ်နေတယ်။ ဟိုအဖွဲ့က တစ်မျိုး၊ သည်အဖွဲ့ကတစ်ဖုံ တစ်ယောက်တစ်ပေါက်လုပ်နေကြတာ ဘယ်လိုလုပ် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်မလဲ။ ဘယ်လိုလုပ် အောင်မြင်နိုင်မလဲ - ဟု ဖြစ်ပါသည်။
သူက စောစောစီးစီးပြန်သွားသဖြင့် သူ့မေးခွန်းကို ကျွန်တော်ပြန်ဖြေသည်ကို မမီလိုက်။ သူ့မေးခွန်းကို ကျွန်တော်က အောက်ပါအတိုင်း ဖြေပါသည်။
ဒီမေးခွန်းကို ကျွန်တော် ခန္ဓာကိုယ်ဥပမာနဲ့ ဖြေပါမယ်။ ဟောသည်ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကြည့်ပါ။ ခေါင်းမှာ မျက်စိပါတယ်၊ နားပါတယ်၊ ပါးစပ်ပါတယ်၊ ဦးဏှောက်ပါတယ်။ အားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးကြတာချည်းပဲ။ ဦးဏှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးကြီးဆုံး အသုံးဝင်ဆုံးဆိုပြီး ခေါင်းတစ်ခုလုံးကို ဦးဏှောက်တွေနဲ့ချည်း ဖွဲ့စည်းထားလို့ ဖြစ်မလား။ ဦးဏှောက်ဟာ ဦးဏှောက်ရဲ့အလုပ်ကို သူ့ဟာသူ လုပ်နေသလို မျက်လုံးကလည်း ကြည့်ဘို့ဆိုတဲ့ တာဝန်ကို ထမ်းဆောင်နေရတယ်။ တစ်ချိန်တည်းမှာပဲ နားက နားထောင်ရတဲ့တာဝန်၊ နှာခေါင်းက အသက်ရှူသွင်း၊ ရှူထုတ် တာဝန်၊ ပါးစပ်က စားမယ်၊ သောက်မယ်။
ကဲ၊ ဒါဆို အဲဒီ ဦးဏှောက်တို့ ပါးစပ်တို့၊ နားတို့၊ နှာခေါင်းတို့ဟာ ကိုယ့်အလုပ်ကို လုပ်နေကြတာမဟုတ်ဘူးလား။ ပါးစပ်က စားသောက်နေတာကို နားက ဟေ့ကောင်၊ မင်းမလဲ တစ်ချိန်လုံး စားသောက်နေတာပဲလို့ အပြစ်တင်လို့ရပါမလား၊ ဒါ ပါးစပ်က သူ့အလုပ်သူလုပ်နေတာ။ နားက နားထောင်ရမဲ့အလုပ်လုပ်ဖို့ ပါးစပ်ဆီကို ခွင့်တောင်းနေစရာလိုမလား။ သူတို့ အားလုံးဟာ တစ်ယောက်တစ်ပေါက် လုပ်နေကြတာမဟုတ်ဘူးလား။
ဒါလောက်ဆိုရင် အလုပ်တစ်ခုတည်းကို အားလုံးပြိုင်တူလုပ်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်သလို လိုလည်းမလိုအပ်ဘူး ဆိုတာ သဘောပေါက်လောက်ပါပြီ။
အဲဒီလိုပဲ တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တို့၊ အင်ဂျင်နီယာတို့ စာရေးစာချီတို့ရှိဘို့လိုသလို လယ်သမား၊ ကိုင်းသမား၊ အလုပ်သမား၊ သန့်ရှင်းရေး၊ ကုန်သည်တို့ဟာလည်း မရှိမဖြစ်လိုတာပဲ။ လယ်သမားတွေသာ လယ်မလုပ်ရင် ဘာသွား စားကြမလဲ။ သန့်ရှင်းရေးသမားတွေသာ အမှိုက်မလှည်းရင် မြို့ကြီးဟာ ညစ်ပတ် စုတ်ပြတ်နေမှာပေါ့။ အဲဒါကြောင့်မို့လို့ လူတိုင်းဟာ တစ်ယောက်တစ်မျိုးစီလုပ်နေဘို့ အရေးကြီးတယ်။
အခုဆို ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ မှိုလိုပေါက်နေတာဘဲ။ တစ်ယောက်တစ်ပေါက် လုပ်နေကြတာပဲ။ နာရေးကူညီတဲ့အဖွဲ့က အသုဘကိစ္စတွေလုပ်မယ်။ ပရဟိတအဖွဲ့တွေက အလှူခံပြီး ကျောင်းတွေပြင်မယ်၊ ဆေးခန်းတွေဆောက်မယ်၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့တွေက ဘိုးဘွားတွေကို စောင့်ရှောက်မယ်။ ဘာမဖြစ်နိုင်စရာ ရှိသလဲ။ အဲဒီလိုအဖွဲ့တွေ များများပေါ်ပြီး တစ်ယောက်တစ်ပေါက် များများလုပ်ခြင်းအားဖြင့် တိုင်းပြည်ကြီး ဆုတ်ယုတ်သွားစရာမရှိဘူး။ ကိုယ့်ရည်မှန်းချက်တွေနဲ့ လွဲချော်စရာအကြောင်း ဘာမှ မရှိဘူး။
ဒါပေမဲ့ ပါးစပ်ကစားဘို့၊ နားက နားထောင်ဘို့ စသဖြင့် သူ့ဟာနဲ့သူလုပ်ရမဲ့အရာတွေကို စနစ်တကျလုပ်အောင် ဦးဏှောက်က ထိန်းကျောင်းပေးသလို အဲဒီအဖွဲ့တွေ စနစ်တကျဖြစ်အောင်၊ ကဖျဲကရုန်းနဲ့ ဖြစ်ကတတ်ဆန်းမလုပ်အောင်တော့ အစိုးရက ထိန်းကျောင်းပေးဘို့လိုတယ်။ အဲဒီလိုထိန်းကျောင်းဘို့အတွက် လိုအပ်တဲ့ ဥပဒေတို့၊ နည်းဥပဒေတို့၊ လုပ်ထုံး လုပ်နည်းတို့ ပြဌာန်းပေးဘို့၊ လက်တွေ့လိုက်နာကျင့်သုံးလာအောင် တွန်းအားပေးဘို့ လိုတယ်။
အဖွဲ့တစ်ခုတည်းမှာတော့ ဟိုလူကပြောတာ သည်လူသဘောမတူ။ သည်လူလုပ်တာ ဟိုလူက ကန့်ကွက် ဆိုလို့တော့ မဖြစ်ပေဘူးပေါ့။ အချင်းချင်း ကတုံးကတိုက်လုပ်နေမဲ့အစား၊ ပြဿနာတစ်ခုဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် အပြစ်ဖို့၊ လက်ညှိုးထိုးနေမဲ့အစား အဖြေတစ်ခုရဘို့ ၀ိုင်းဝန်းကြိုးပမ်းရမယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင် လုပ်ရမယ်။ နှလုံးဖြူစင်ရိုးသားကြရမယ်။
ဒါလောက်ဆို ခုနက မေးခွန်းကို ကျွန်တော်ပြည့်ပြည့်စုံစုံ ဖြေပြီးပြီလို့ ထင်ပါတယ်။
(၁၁) ဘယ်သူ့ကိုပြင်မလဲ
            နောက်တစ်ယောက်က မြန်မာနိုင်ငံ၏ လက်ရှိဖြစ်နေသော အခြေအနေကို အားမရသဖြင့် အောက်ပါမေးခွန်းကို မေးပါသည်။
အခု ကျွန်မတို့ဆီမှာ ပြောင်းတယ်ပြောင်းတယ်နဲ့၊ ဘာများပြောင်းသလဲ။ လူတိုင်းကတော့ ပြောင်းချင်နေကြတာဘဲ။ ဒါပေမဲ့ ဘယ်လိုပြောင်းကြမလဲ။
            သူ့မေးခွန်းကို ကျွန်တော်က အောက်ပါအတိုင်း ပြန်ဖြေပါသည်။
            ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခံလိုက်ရလို့ ချက်ချင်းလက်ငင်း ကောက်ကက်ပြောင်းလိုက်ဘို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။ ပိုဆိုးတာက ပစ္စည်းတစ်ခုပျက်သွားရင် ပျက်တဲ့အပိုင်းကို ပြင်လိုက်လို့၊ အစားထိုးလဲထည့်လိုက်လို့ရတယ်။ ပြင်ရတာ အင်မတန်လွယ်တယ်။ ဒါပေမဲ့ လူတစ်ယောက်၊ တစ်ဖွဲ့၊ လူမှုပတ်ဝန်းကျင်တစ်ခုလုံး ပျက်သွားပြီဆိုရင် အင်မတန်ပြင်ဘို့ ခက်သပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ လူဆိုတာ သက်မဲ့ ပစ္စည်း မဟုတ်လို့ဘဲ။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ကိုယ်ကျင့်တရားနဲ့ ရိုးသားမှုတွေကို စနစ်ဆိုး တစ်ခုအောက်မှာ ရိုက်ချိုးဖျက်ဆီးခံလိုက်ရတယ်။
            လူဟာ ဟောဒီ ကြွေပန်းကန်လိုပဲ။ ကြွေပန်းကန်ကို ပြင်ချင်ရင် ရွှံ့ဘ၀မှာပဲ ပြင်လို့ရမယ်။ ဘာပုံလိုချင်သလဲ။ အ၀ိုင်းပုံ ယူမလား၊ လေးထောင့်ပုံယူမလား၊ ခွေးရုပ်လုပ်မလား၊ နွားရုပ်လုပ်မလား၊ ရွှံ့ဘ၀မှာ ကြိုက်တာလုပ်လို့ရတယ်။
            ဒါပေမဲ့ အဲဒီရွှံကို မီးဖုတ်လိုက်တဲ့အခါ ပြောင်းလို့ရပါဦးမလား။ မီးဖုတ်ပြီးသား မြေပန်းကန်တစ်ခုကို မကြိုက်လို့ ပန်းအိုးအဖြစ် ပြင်ချင်တယ်ဆိုရင် ဘယ်လိုပြင်မလဲ၊ ဘယ်လိုမှ မလွယ်တော့ဘူး။ ဒါကိုမှမရမက အတင်းပြောင်းမယ်ဆိုရင် အဲဒီပန်းကန် ကွဲရုံပဲရှိမယ်။ ပန်းအိုးတော့ဖြစ်လာမှာ မဟုတ်ဘူး။
            လူမှာ ကလေးဘ၀ဟာ ရွှံ့နဲ့တူတယ်။ ကလေးကို ကြိုက်သလိုပုံသွင်းလို့ရတယ်။ ကလေးတစ်ယောက် ကောင်းမှု၊ ဆိုးမှုဟာ သူ့ကိုသွန်သင်ဆုံးမတဲ့ အဖေအမေ၊ လူကြီးသူမ၊ ဆရာသမားတွေပေါ်၊ သူကျင်လည်နေရတဲ့ ပတ်ဝန်းကျင်ပေါ် အများကြီး မူတည်နေတယ်။
            အခု ပျက်စီးနေပြီဖြစ်တဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ မီးဖုတ်ရုံမျှမကလို့ ကြွေရည်သုတ်တဲ့အဆင့်ထိ ရောက်နေပြီ။ ဘယ့်နယ်လုပ်ပြင်မလဲ။ အတင်းပြင်ရင် အဲဒီကြွေရည်သုတ်ပစ္စည်း ကွဲရှပျက်စီးသွားဘို့ပဲရှိတယ်။ ဘယ်လိုမှ ပြင်လို့မရဘူး။ အဲဒီတော့ သူများကိုသွားပြင်ဘို့လို့ ဘယ်လိုနည်းနဲ့မှ မကြိုးစားနဲ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
            ဒါပေမဲ့ ပြင်လို့လုံးဝမရတော့ဘူးလား ဆိုတော့လဲ မဟုတ်ဘူး။ ရတယ်။ ဒါဖြင့် ဘယ်လိုရတာလဲ တဲ့။
            သူများကို မပြင်ပါနဲ့။ ကိုယ့်ကိုယ့်ကိုယ် ပြင်ပါ။ သူများကိုပြင်ချင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပြင်ရတယ်။ ပြီးတော့မှ ကိုယ့်အနီးပတ်ဝန်းကျင်က ကလေးတွေကို ပြင်ရတယ်။ နောက်တစ်ဆင့်အနေနဲ့ ကိုယ်နဲ့ ရွယ်တူတွေကို ပြောဆို ပြသလို့ရတယ်။ အဲ - လူကြီးတွေကိုတော့ သွားမပြောနဲ့။ မရတော့ဘူး။ အရိုးရင့်နေပြီ။ ဒါပေမဲ့ လက်မလျှော့ပါနဲ့။ ကြိုးစားကြည့်ပါ။ အရှုံးမရှိပါဘူး။ 
            အဲဒီတော့ ကိုယ့်ကိုယ့်ကိုယ် ပြင်ပါ။ ကိုယ့်ကိုယ်ကိုယ်ပြင်တဲ့အကြောင်းပြောပြမယ်။
            အခု ခင်ဗျားတို့အနေနဲ့ လူတကာကမနှစ်မြို့တဲ့ ဒီလိုကျောင်းမှာ၊ တောထဲမှာ လူတွေသူတွေနဲ့ အဆက်ဖြတ်ပြီး မျက်စိပိတ်၊ နားပိတ်လာနေရတာ အတော်စိတ်ပျက်မှာပဲ။ စိတ်ဓာတ်ကျမှာဘဲ။ အဲဒါဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဟာကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်း မသိလို့ဘဲ။ ကျွန်တော်ပြောတာ သေသေချာချာ နားထောင်စေချင်တယ်။ သဘောမတူတာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။
            ကျွန်တော်ငယ်ငယ် ၉ တန်း၊ ဆယ်တန်း၊ တက္ကသိုလ်ကျောင်းသားဘ၀တွေတုံးက စန္ဒာမဂ္ဂဇင်းမှာ စာရေးဆရာကြီး သက်လုံက တရုတ်ကျမ်းစာ (တောက်တယ်ကျင်း ထင်တယ်) ကို ဘာသာပြန်ပြီး စေ့ထားသောတံခါးများ ဆိုပြီး အခန်းဆက် ဆောင်းပါးတွေ ရေးတယ်။ အဲဒီဆောင်းပါးတွေက ဘ၀မှာ ဘယ်လိုနေရထိုင်ရမယ်ဆိုတာကို ညွှန်ပြပေးလို့ ကျွန်တော် အရမ်းကြိုက်တယ်။ ဆောင်းပါးအားလုံးကို လက်ရေးနဲ့ ဗလာစာအုပ်မှာ ကူးရေးထားတာ အဲဒီမှတ်စုတွေ ခုထိ အိမ်မှာရှိသေး တယ်။
            အဲဒီအထဲက ကျွန်တော်အသည်းစွဲမှတ်မိနေတဲ့ စာကြောင်းလေးတစ်ခုကို ရွတ်ပြမယ်။
ခြေထောက်ရယ်လို့ဖြစ်လာတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဟာ ငါဟာ၊ ခေါင်းပေါင်းစတလူလူနဲ့ သူများအထက်မှာ မနေရပါလားရယ်လို့ ဘာမှ စိတ်ပျက်အားငယ်နေစရာမလိုဘူး။ မီးဟဲ့ဆိုရင် ရေကိုအမြန်ဆုံးပြေးသယ်နိုင်အောင် လေ့ကျင့်ထားဘို့ပဲ လိုတယ်။
            အခု ခင်ဗျားတို့တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုပြည်သူ့ဝန်ထမ်းတက္ကသိုလ်ဆိုတာ မြန်မာပြည်ထူထောင်ရေးမှာ အင်မတန် အရေးကြီးတဲ့နေရာတစ်ခု ဖြစ်တယ်။ အစိုးရအဖွဲ့ကိုလည်ပတ်နေတာ အစိုးရ၀န်ထမ်းတွေနဲ့မလည်ပတ်လို့ ဘယ်သူတွေနဲ့ လည်ပတ်နေပါသလဲ။ အရည်အသွေးညံ့တဲ့ အစိုးရ၀န်ထမ်းတွေများနေရင် အစိုးရအဖွဲ့ကြီးကရော အရည်အသွေးပြည့်ဝတဲ့ အစိုးရအဖွဲ့ကြီး ဖြစ်နိုင်ပါ့မလား။ ပြည်သူတွေရဲ့ဝန်ကို ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေ အရည်အသွေးပြည့်ဝပါမှ ပြည်သူတွေကို မှန်မှန်ကန်ကန်၊ တိတိကျကျ၊ မြန်မြန်ဆန်ဆန် ၀န်ဆောင်မှုပေးနိုင်မှာမဟုတ်လား။ ဒီလိုဆိုရင် အဲဒီဝန်ထမ်းတွေ အရည်အသွေးပြည့်ဝဘို့ မလိုဘူးလား။
            အဲဒီဝန်ထမ်းတွေ အရည်အသွေးပြည့်ဝဘို့အတွက် သူတို့ကို ကောင်းကောင်း သင်တန်းပေးဘို့ မလိုဘူးလား။ ဒါဖြင့် လူတွေက ဘာဖြစ်လို့ ဒီကျောင်းအပေါ် မကောင်းမြင်နေရသလဲ။ ဒါ အကြောင်းရှိတယ်။ အစွဲကြောင့်ပဲ။ ဘာအစွဲလဲဆိုတော့ ဒီကျောင်းက အရင် မဆလ လက်ထက်ကတည်းက ရှိခဲ့တာဆိုတော့ သူတို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ နိုင်ငံရေးအယူအဆ၊ သဘောတရားနဲ့ အတွေးအခေါ်တွေကို လူတွေဦးဏှောက်ထဲ ရိုက်သွင်းပေးတဲ့နေရာလို့ သတ်မှတ်ထားကြလို့ပဲ။
            ဒါပေမဲ့ ဒါကို လှေနံဒါးထစ်မှတ်ထားလို့ မရဘူးလေ။ အခု ခေတ်တွေပြောင်းကုန်ပြီ။ ဒါ ကျွန်တော် ရမ်းပြောတာမဟုတ် ဘူး။ ကျွန်တော်ကိုယ်တိုင် ဖောင်ကြီးကို ၁၉၉၁ ခုနှစ်က တစ်ကြိမ်၊ ၁၉၉၂ ခုနှစ်ကတစ်ကြိမ်။ နှစ်ကြိမ်တိတိ တက်ခဲ့ဖူးတယ်။ အဲဒီတုံးက ဘယ်သူတွေဘယ်လိုသဘောထားထား ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်တန်ဘိုးထားသောအားဖြင့် ဖောင်ကြီး မှာသင်ခဲ့တာတွေကို သေသေချာချာ ကျကျနန လေ့လာမှတ်တမ်းတင်ထားတယ်။ မယုံရင် အခုအိမ်ကိုလိုက်ခဲ့လို့ရတယ်။ အဲဒီတုံးက သင်တန်းမှတ်စုတွေ ကျွန်တော့်အိမ်က စာအုပ်စင်မှာ ခုထိရှိသေးတယ်။ ကျွန်တော့်မှတ်စုတွေကို ယူကြည့်ရင် ကျွန်တော်ဘယ်လိုလေ့လာခဲ့တယ်ဆိုတာ တွေ့လိမ့်မယ်။
            အခု ခင်ဗျားတို့ကျောင်းမှာ ဘာတွေပို့ချပေးနေသလဲဆိုတာ ကျွန်တော် သေသေချာချာ မသိဘူး။ ဒါပေမဲ့ နိုင်ငံရေး သိပံ္ပ၊ စီမံခန့်ခွဲရေးဘာသာရပ်၊ ရုံးလုပ်ငန်းအတတ်ပညာနဲ့ အခြေခံစစ်ရေးပြသင်တန်းတွေပါမယ် ဆိုတာလောက်တော့ ခန့်မှန်းလို့ရပါတယ်။
            ဒါဆို အဲဒီဘာသာရပ်တွေဟာ နိုင်ငံဝန်ထမ်း အရာရှိ၊ အရာခံတွေအနေနဲ့ တတ်ထားဘို့မလိုအပ်ဘူးလား။ အဲဒါတွေကို သင်ပေးနေတာ နိုင်ငံတော်အနေနဲ့ အဓိပ္ပာယ်မရှိတာတွေလုပ်နေတာလား။ တကယ်က လူတွေထင်နေသလို ဟောဒီ ကျောင်းကြီးကို ဖျက်ပစ်ဘို့လည်းမဟုတ်ဘူး။ ဒီသင်တန်းတွေကို လျှော့ချပစ်လိုက်ဘို့လည်း မဟုတ်ဘူး။ တကယ်တမ်း လိုနေတာက ဒီသင်တန်းအပေါ် အဆိုးမြင်နေတဲ့ လူတွေရဲ့ သဘောထားတွေ အတွေးအခေါ်အယူအဆတွေကို ပြောင်းပစ်ဘို့ဘဲ။
ဒီလောက်ဆို ဒီကျောင်းရဲ့အရေးပါပုံကို ခင်ဗျားတို့ ကောင်းကောင်းသဘောပေါက်လောက်ပြီ။ နောက် ခင်ဗျားတို့ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ။
 ဒီတော့ ဒီလောက် အရေးကြီးတဲ့ကျောင်းမှာ သင်တန်းနည်းပြအဖြစ် တာဝန်ကျနေတဲ့ ခင်ဗျားတို့ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်ဖို့ကောင်းပြီ။
ဒီကနေ့ကစပြီး ခင်ဗျားတို့ရဲ့ အတွေးအခေါ်အယူအဆတွေအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ပါ။ ငါဟာ မြန်မာနိုင်ငံ ထူထောင်ရေးအတွက် အလွန်အင်မတန် အရေးကြီးတဲ့နေရာမှာ တာဝန်ယူထားရပါလားလို့ ကိုယ့်ကိုယ်ကိုယ် တန်ဘိုးမြှင့်ပါ။
Be proud of your job. ကိုယ့်အလုပ်ကိုယ် တန်ဘိုးထားပါ။ ကိုယ့်ရာထူးကိုယ် ဂုဏ်ယူပါ။ ထမင်းစားရရုံ၊ အချိန်တန်တော့ လခကလေး ထုတ်ရရုံမျှလောက်သာ မလုပ်ပါနဲ့။ ထမင်းမငတ်ရုံတမယ် လုပ်နေတယ်ဆိုရင်ဖြင့် ခင်ဗျားတို့ရဲ့ ခွန်အားတွေ၊ ဉာဏ်အားတွေ၊ ပညာတွေ၊ အချိန်နဲ့ ငယ်ရွယ်ပျိုမြစ်မှုတွေဟာ အလဟဿ ကုန်ဆုံးနေရတာပဲ။ အဲဒီလိုသာဆိုရင်တော့ ခင်ဗျားတို့ ကိုယ်တိုင်ရော၊ တိုင်းပြည်အတွက်ပါ အင်မတန်နစ်နာတယ်။
            ကိုယ့်ကိုယ်ကိုယ် တန်ဘိုးမြင့်တဲ့သူဖြစ်အောင် ကိုယ်သင်ကြားပို့ချပေးနေရတဲ့၊ ကိုယ်တာဝန်ယူထားရတဲ့ ဘာသာရပ်နဲ့ပတ်သက်လို့ သေသေချာချာ ကျေကျေညက်ညက် လေ့လာပါ။ ကျောင်းက ပြဌာန်းပေးထားတဲ့ စာအုပ်ကလေး လောက်နဲ့ ရောင့်ရဲမနေပါနဲ့။ ဖြစ်နိုင်ရင် ကိုယ့်ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ တစ်ကမ္ဘာလုံးက စာအုပ်တွေ မွှေနှောက်ဖတ်ပါ။ တခြား ဆက်နွယ်နေတဲ့ ဘာသာရပ်တွေကိုပါ လေ့လာပါ။ စူးစမ်းပါ။ ငါပို့ချနေတဲ့ဘာသာရပ်မှာ ငါ ဘယ်လောက်တတ်သလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ။
            ဒါဆို အဲဒီစာအုပ်တွေ ဘယ်ကရမလဲလို့ မေးချင်လိမ့်မယ်။ ခင်ဗျားတို့လိုချင်တဲ့ စာအုပ်တွေ ကျွန်တော့်ဆီ လှမ်းမှာ လိုက်ပါ။ ဟောဒီသူငယ်ချင်းဆီကို အီးမေးနဲ့ပို့ပေးလိုက်မယ်။ အခု အင်တာနက်ခေတ်မှာ ကျွန်တော်တို့ လက်ညှိုးထိပ်တင် စာအုပ်တွေ ရာပေါင်းများစွာ အခမဲ့ရနိုင်တယ်။ အရေးကြီးတာက လေ့လာလိုစိတ်၊ ဖတ်လိုစိတ်၊ သင်ယူလိုစိတ် ရှိဘို့ပဲ။
            အဲဒီလိုလေ့လာလို့ ကိုယ့်ဘာသာရပ်မှာ တော်တော်ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာပြီဆိုတာနဲ့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် confidence ရှိလာလိမ့်မယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့စိတ်တွေလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်လိမ့်မယ်။
သင်တန်းပို့ချတဲ့အခါ စာအုပ်ထဲပါတာတွေကို အလွတ်ကျက်ပြီး ပြန်ရွတ်တာမျိုးကို လုံးဝမလုပ်ပါနဲ့။ ကလေးတွေကို စာသင်သလိုမျိုး သင်လို့ရှိရင် ခင်ဗျားတို့သင်တန်းသားတွေ ၁၅ မိနစ်အတွင်း အကုန်အိပ်ပျော်ကုန်မှာပဲ။ ဒီတော့ ကိုယ်သင်ရမဲ့ ဘာသာရပ်ကို ကျေကျေညက်ညက် လေ့လာထားပြီး ကိုယ့်စကားနဲ့ကိုယ် သဘောပေါက်အောင် ရှင်းပြပါ။ ဖြစ်နိုင်ရင် သင်ရိုးစာအုပ်ကို လုံးဝမလှန်ပါနဲ့။ ရည်ညွှန်းရမဲ့စာပိုဒ်တွေရှိရင် မှတ်စုမှတ်လာပြီး ဘယ်စာမျက်နှာမှာ ဘယ်လိုဖော်ပြ ထားပါတယ်လို့ပဲ ပြောပါ။
အရေးကြီးဆုံး သတိထားရမှာက သူတို့ဟာ ကလေးတွေမဟုတ်ဘူး။ လူကြီးတွေ။ လူကြီးတွေမှ တကယ့်ဌာနဆိုင်ရာ အရာရှိကြီးတွေဖြစ်လို့ သူတို့ကို သင်တန်းပို့ချတဲ့အခါ ကလေးတွေကို စာသင်သလို သင်လို့မရတော့ဘူး။ သူတို့မှာ မိသားစု ပြဿနာတွေ၊ ဌာနဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ ပြဿနာတွေ၊ ငွေရေးကြေးရေး အခက်အခဲတွေ၊ အသက်ကြီးတဲ့အတွက် စိတ်သွားတိုင်းကိုယ်မပါတော့တာတွေ၊ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါတွေ စသဖြင့် ပြဿနာပေါင်းမျိုးစုံရှိလိမ့်မယ်ဆိုတာ ကြိုတွက်ထားရမယ်။
            နောက်ပြီး ကိုယ်ကချည်း တောက်လျှောက် ပို့ချနေတဲ့ပုံစံမျိုးထက် သူတို့ကိုပါ ပါဝင်လာအောင် ဆွဲဆောင်ပါ။ သူတို့ကို စကားပြောခိုင်းပါ။ သူတို့မှာ အတွေ့အကြုံအများကြီးရှိတဲ့အတွက် သူတို့ဆီကနေလည်း ပြန်ပြီး သင်ယူနိုင်တာပဲ။ သင်တန်းသားတစ်ယောက်ယောက် တစ်ခုခု (ဥပမာ - စိတ်မပါလက်မပါ) ဖြစ်နေရင် သူ့ကို အပြုသဘောချဉ်းကပ်မေးမြန်းပါ။ Conflict of interest (လာဘ်လာဘကို မျှော်ကိုးပြီး စကားခေါ်ခြင်း) ကို ရှောင်ပါ။
            ဒီကျောင်းကို ဒေါက်တာအောင်ထွန်းသက်လဲ လာပို့ချလိမ့်မယ် ထင်ပါတယ်။ တကယ်လို့ ဆရာကြီးလာရောက် ပို့ချတဲ့အခါ သူ့သင်တန်းကို သွားတက်ပါ။ သူ ပို့ချပုံကို ဂရုတစိုက်လေ့လာပါ။ အတုခိုးပါ။ သက်ကြီးသင်တန်းသားတွေကို သင်ကြားပုံနည်းစနစ်တွေကိုလည်း လေ့လာဘို့ လိုပါလိမ့်မယ်။
            ဒါ့ထက်ပိုပြီးလုပ်နိုင်မယ်ဆိုရင် ခင်ဗျားတို့အားလုံးစုပြီး အခန်းတစ်ခန်းထဲမှာ သင်တန်းပို့ချတဲ့ လေ့ကျင့်ခန်းကို တစ်လတစ်ခါလောက် လုပ်ကြည့်ပါ။ အဲဒီလိုလုပ်ရင်းနဲ့ အောက်ကနားထောင်နေတဲ့လူတွေက ပို့ချနေတဲ့သူရဲ့ ပျော့ကွက်၊ ဟာကွက်တွေကို ထောက်ပြပါ။ ဘယ်လိုလုပ်လိုက်ရင် ပိုကောင်းသွားလိမ့်မယ်ဆိုတာ အကြံပေးပါ။ အဲဒီလိုသာဆိုရင်ဖြင့် သိပ်မကြာခင်ကာလမှာ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် အရင်ကနဲ့ ဘယ်လောက်ကွာသွားပြီဆိုတာ တွေ့လာလိမ့်မယ်။
            အဲဒါဟာ ကိုယ့်ကိုယ့်ကိုယ် ပြောင်းတာပဲ။
            ကိုင်း၊ ပြောတာလည်း အတော်များသွားပြီဆိုတော့ ဒီလောက်နဲ့ ရပ်ပါမယ်။
(၁၂) အချိန်ကို စီမံခန့်ခွဲခြင်း
            နောက်တစ်ယောက်က ကျွန်မတို့မှာ ပိုက်ဆံလဲမရှိ၊ အချိန်လဲမရှိဘူးဆရာ ဟုဆိုပါသည်။
            ပိုက်ဆံမရှိတာတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ အချိန်မရှိဘူးဆိုတာနဲ့ ပတ်သက်လို့ နည်းနည်း ပြောချင်တယ်။
            အမေရိကန်သမ္မတ အိုဘားမား၊ ဦးသိန်းစိန်၊ ဘီလ်ဂိတ်၊ ကုန်သည်၊ လယ်သမား၊ သူတောင်းစား ဘယ်သူပဲဖြစ်ဖြစ် တစ်နေ့မှာ ၂၄ နာရီပဲ အညီအမျှရတယ်။ ဘယ်သူမှပိုပြီး ၂၅ နာရီ ရတဲ့သူမရှိဘူး။
            ဒါပေမဲ့ အိုဘားမား သုံးလိုက်တဲ့ ၂၄ နာရီနဲ့ လယ်သမားတစ်ယောက် သုံးလိုက်တဲ့ ၂၄ နာရီ တူပါ့မလား။ ဘယ်လိုမှ မတူနိုင်ဘူး။ အချိန်ကို အလဟဿမဖြစ်စေဘို့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ရမယ်။
            အရေးကြီးဆုံးကတော့ ဘယ်လိုအကြောင်းနဲ့မှ အချိန်ကို အလဟဿ မကုန်စေနဲ့။ တစ်မိနစ်၊ တစ်စက္ကန့်မှတောင် မဖြုန်းလိုက်နဲ့။ အဲဒါ အရေးကြီးဆုံးပဲ။ အချိန်ကို အကျိုးရှိရှိသုံးနိုင်ဘို့ အရေးကြီးတဲ့ နောက်တစ်ခုက ပစ္စုပ္ပန်တည့်တည့်မှာ နေပါ။
            ကျန်းမာရေးအရေးကြီးတဲ့အတွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ တစ်နေ့ကို နာရီဝက်၊ တစ်နာရီ အချိန်ပေးပါ။ အချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီအချိန်မှာ လုပ်ဖြစ်အောင်လုပ်ပါ။ အိပ်ချိန်ကို မနည်း၊ မများရအောင် ချိန်ထားပါ။ လူတစ်ယောက်ဟာ ၇ နာရီအိပ်ရင် ကောင်းကောင်းလုံလောက်တယ်။ ကျွန်တော်ကတော့ ၆နာရီ၊ အများဆုံး ၆ နာရီခွဲထက် ပိုမအိပ်ဘူး။
            အတင်းအဖျင်းပြောခြင်းအားဖြင့် အချိန်မဖြုန်းပါနဲ့။ ပေါက်တတ်ကရ၊ အရည်မရအဖတ်မရစာတွေ ဖတ်ခြင်းအားဖြင့် အချိန်မကုန်ပါစေနဲ့။ အိမ်မလည်ပါနဲ့။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့ ဝေလေလေ ကိစ္စတွေကို ရှောင်ပါ။ တစ်နေကုန်တိုင်း ဒီနေ့ အကျိုးမရှိတဲ့ကိစ္စတွေ ငါဘယ်လောက်များများ လုပ်ခဲ့သလဲ ပြန်လည်သုံးသပ်ပြီး နောက်မလုပ်မိအောင် ရှောင်ပါ။
            ခုနင်ကပြောတဲ့အထဲမှာ ပစ္စုပ္ပန်တည့်တည့်မှာနေဘို့ ဆိုတာပါတယ်။ စိတ်ပျံ့လွင့်နေတဲ့အခါ စာဖတ်လို့လည်း ဘာဖတ်နေမှန်း မသိဘူး။ အိပ်လို့လည်း ကောင်းကောင်းမပျော်ဘူး။ ဘာလုပ်လုပ် ခရီးမတွင်ဘူး။ အဲဒါကြောင့် ကိုယ့် ခေါင်းထဲကို ဘာပြဿနာ၊ ဘာပူပင်သောက၊ ဘာစိတ်ညစ်စရာမှ မထည့်ပါနဲ့။ ရန်ကုန်မှာဖြစ်နေတာကို ဒီကနေပြီး လှမ်း စိတ်ညစ်နေရုံနဲ့ ပျောက်သွားမလား - ပြော။ ဒီတော့ အိုကွာ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့လို့ စိတ်ကိုထားပါ။ ပြဿနာဖြစ်လာရင် စိတ်ညစ်နေမဲ့အစား ဖြေရှင်းရမဲ့ လက်တွေ့ကျမဲ့နည်းကိုသာရှာပါ။ လက်တွေ့ကျကျ ဖြေရှင်းပါ။ ကိုယ်လုပ်တဲ့အလုပ်ကို စိတ်ပါလက်ပါလုပ်ပါ။ အာရုံစူးစိုက်လုပ်ပါ။ ထမင်းစားရင်း စာမဖတ်ပါနဲ့။ စာဖတ်ရင်း ထမင်းမစားပါနဲ့။
            ခင်ဗျားတို့လည်း ကလေးတွေမဟုတ်တော့တဲ့အတွက် ဒီလောက်ပြောရင် သဘောပေါက်ပါတယ်။
            ကျွန်တော်တို့ ပြောဆိုဆွေးနွေးလိုက်ကြတာ ၂ နာရီနီးပါးကြာပါသည်။
            အပြန်တွင် သူတို့ထဲမှတစ်ယောက်က “ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ပျောက်နေတာဆရာ။ ခုလိုပြောပြတာ အများကြီး ကျေးဇူးတင်ပါတယ်။” ဟု ဆိုလေသည်။
            သည့်အတွက် သားကိုခွဲကာ ဆီးပင်ကြီးသို့လာရကျိုးနပ်ပေပြီ ဟု ကျွန်တော် ကျေနပ်မိပါသည်။
(၁၃) ရန်ကုန်သို့ပြန်လာခြင်း
            နောက်နေ့မနက်တွင် ကိုနေမျိုးမောင်က မန္တလေး-ရန်ကုန် မနက် ၉နာရီခွဲကားဖြင့်ပြန်ရန် မန္တလေးသို့ဆင်းသွား၏။ မန္တလေးရောက်သော် ကားဂိတ်တွင် ရန်ကုန်မှပို့လိုက်သော လယ်ယာလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စာအုပ်များ သွားရွေးပြီး မတ္တရာသို့ပို့လိုက်ကြောင်း ဖုံးဆက်၏။
            ကျွန်တော်လိုက်မည့်ကားက ပြင်ဦးလွင်မှ ၉ နာရီထွက်လာမည်ဖြစ်သဖြင့် ဆီးပင်ကြီးသို့ အစောဆုံး ၉ နာရီခွဲ လောက်မှ ရောက်မည်။ ထို့ကြောင့် မနက်စာစားအပြီး သူငယ်ချင်းတို့မိသားစုနှင့်အတူ ဈေးသို့ထွက်လာခဲ့၏။ ကျွန်တော်ကား တောသားစစ်စစ်ဖြစ်သဖြင့် တော၏အငွေ့အသက်၊ တောင်၏ရနံ့များရလေသော် စင်ကာပူမှ ပြန်ပြေးလာပြီး ဆီးပင်ကြီးတွင်ပင် အလုပ်လုပ်လိုသောစိတ်များ အမှန်ပင်ပေါ်ခဲ့ပါသည်။ သို့သော်လည်း ဆီးချိုရှိသဖြင့် သကြားမထည့်ပဲ လဖက်ရည်ကို နို့ဆီ နည်းနည်းနှင့်သာ ဖျော်ပေးပါဟု မှာလိုက်သည့်တိုင် လာချပေးသည့် လဖက်ရည်မှာ ချိုရဲနေသဖြင့် အတော်လေး စိတ်ပျက်ရ ပြန်၏။
            ဖိုးတင်စိုးတို့ ဇနီးမောင်နှံက ဘုရားပန်းများ၊ ကိုက်လန်၊ ထောပတ်သီး စသဖြင့် အတော်များများဝယ်ပြီး လက်ဆောင် ပေးလိုက်ပါသည်။ ကျွန်တော်လည်း အားနာလိုက်တာကွာဟု အတန်တန်ဆိုလျှက် ပေးသမျှ အကုန်သိမ်းကြုံးယူခဲ့လေသော ဟူ၏။
            သူငယ်ချင်းက စောပါသေးသည်ဆိုသည့်တိုင် ၉ နာရီကျော်လောက်တွင် ကားလမ်းသို့ဆင်းရန် ကျွန်တော့်မှာ အတင်း လောလေတော့သည်။ ၉ နာရီခွဲလောက်တွင် စောင့်ရမည့်နေရာသို့ ရောက်၏။ ထို သာလာယံဇရပ်တွင် ဈေးရောင်းနေသည့် အမျိုးသမီးကို မေးကြည့်လေသော် ရန်ကုန်ကားလား။ အိုတော်၊ ဆယ်နာရီတီးမှ ဆိုက်မှာ ဆိုသဖြင့် အတန်ငယ်စိတ်ပျက် သွားလျှက် စောင့်နေရ၏။ ကျွန်တော့်မှာ ရန်ကုန်ကို ၇ နာရီမရောက်မှာ စိတ်ပူနေမိလေသည်။
            ဆယ်နာရီကို ငါးမိနစ်စွန်းသော် ကျွန်တော်စီးရမည့် ရွှေစင်စကြာကားကြီး ထိုးဆိုက်လာလေသည်။ ကျွန်တော်လည်း သူငယ်ချင်းကို နှုတ်ဆက်လျှက် ဆီးပင်ကြီးမှ ပြန်လည်ထွက်ခွာခဲ့လေတော့သတည်း။ လမ်းရှုခင်းများမှာ လှပင်လှသော်လည်း ကားထဲမှရိုက်ရတာဆိုတော့ ပုံကောင်းကောင်းမရခဲ့။
ကားကြီးမှာ အတော်ကောင်း၏။ ထိုင်ခုံများမှာ အိစက်ညက်ညောလျှက် စင်ကာပူမှ မလေးရှားသို့သွားသည့် အိတ်စ်ပရက်စ်များကဲ့သို့ပင် ကောင်းလေသည်။ ကျွန်တော်ကံကောင်းလိုက်ပုံက ဘေးခုံမှ ခရီးသည်အမျိုးသမီးမှာ မန္တလေးရောက်မှ တက်လာပြီး မိုင်တိုင်အမှတ် ၂၄၅ တွင် ဆင်းသွားလေရာ ခရီးလမ်းပိုင်းတော်တော်များများကို ထိုင်ခုံနှစ်ခုခွလျှက် တစ်ယောက်တည်း ချောင်ချောင်ချိချိထိုင်ရလေသည်။
            မန္တလေးကားကြီးဝင်းသို့ ၁၁ နာရီ ၅ မိနစ်တွင်ရောက်သဖြင့် ဆီးပင်ကြီးမှ မန္တလေးသို့ တစ်နာရီတိတိကြာသည်။ ကားစပယ်ယာစကားပြောပုံက အဆင်မပြေ။
            ကိုင်း၊ ဒီမှာ အပေါ့အပါးသွားလို့ရပါတယ်။ ဝေးဝေးမသွားပါနဲ့။ ၁၁နာရီခွဲရင် ထွက်ပါမယ်။ ခရီးသည်စုံလို့ရှိရင်တော့ ၁၁ နာရီမခွဲလဲထွက်ပါမယ်။ ကျန်ခဲ့ရင် တာဝန်မယူပါဘူး။
            သူ့လေသံကြားလိုက်တော့ စိတ်ထဲ အတော်အောင့်သွား၏။ ကိုယ့်ကားစီးလာတဲ့သူတွေကို ဒီလိုဆက်ဆံလို့ ရရိုးလား။ ကျွန်တော် အောက်ခဏဆင်း။ အပေါ့အပါးသွား၊ ထိုးမုန့် သုံးထုပ်ဝယ်ပြီး ပြန်တက်လာခဲ့သည်။ ထို့နောက် နာရီကို စောင့်ကြည့် ၏။ ၁၁ နာရီခွဲချေပြီ။ ကားမှာတုပ်တုပ်မှ မလှုပ်၊ ငြိမ်ချက်သားကောင်းလှ၏။ ကျွန်တော် ရင်ခုံစပြုလာပြီ။ မိုက်ချင်လို့တော့ မဟုတ်ပါ။ သူတို့က ကျွန်တော်တို့အပေါ် မာရေကျောရေ ပြောသောကြောင့်ဖြစ်၏။
            ၁၁ နာရီနှင့် ၃၅ မိနစ်တွင် ကျွန်တော်ထသည်။ ခုနင်က မာရေကျောရေပြောသည့် ကားဆရာအား ကဲ ကိုယ့်လူ။ ၁၁ နာရီခွဲရင်ထွက်မယ်၊ ဘယ်သူ့မှ မစောင့်ဘူးဆို။ အခု ၁၁ နာရီ ၃၅ မိနစ်ရှိပြီ။ ဘာလုပ်နေတာလဲ။ အခုထွက်ပါ ဟုချဲလေသော် ဂိတ်မှူးနှင့်တူသူက ခဏလေးစောင့်ပါဗျာ။ ခရီးသည်တစ်ယောက် ရောက်မလာသေးလို့ပါ ဟု ဆို၏။ ဒါဖြင့် ခုနင်က ဘာဖြစ်လို့၊ ၁၁ နာရီခွဲရင်ထွက်မယ်၊ ဘယ်သူ့မှမစောင့်ဘူးလို့ ပြောသလဲ ဟု ဆိုလေသော် ကျွန်တော်တို့က အများနဲ့လုပ်ရတာပါဗျာ ဟု ဆိုလေသည်။ ဤသည်ကို ကျွန်တော်မသိမဟုတ်၊ သိပါ၏။ သို့သော် ကားစပယ်ယာပြောပုံနေရာမကျ၍ သွားလူမိုက်လုပ်ခြင်း ဖြစ်၏။ ကျွန်တော်ကား အတော် ခွကျသောသူဖြစ်လေသည်။
            ကားမောင်းပုံကိုတော့ အတော်သဘောကျမိ၏။ တစ်မိုင်ကို ၅၅ စက္ကန့်နှုန်းနှင့် မနှေးမမြန် တောက်လျောက်မောင်း သည်။ မိတ္ထီလာအ၀င်ကားဂိတ်တွင် ထမင်းစားသည်။ ဒီမှာ ထမင်းစားမယ်။ နောက်ထပ် ဘယ်မှာမှ မရပ်တော့ပါဘူး။ - - မိုင်မှာ အိမ်သာရှိပါတယ်။ အဲဒီမှာ အပေါ့အပါးသွားဘို့ရပ်ပါမယ်။ ဒီကြားထဲ လမ်းမှာသွားချင်ရင်လဲ ပြောပါ။ ရပ်ပေးပါမယ် ဟု ကြေငြာ လေသည်။ အလဲ့ကွယ်၊ အဲသလို လုပ်မှပေါ့။ သည်တစ်ခါပြောသည့်လေသံမှာတော့ အတော်လေး ပြေပြစ်လှ၏။
            ထမင်းစားတော့လည်း ခံရပြန်၏။ ဘာတဲ့ ဆိုင်နာမည်တောင် မေ့သွားပြီ။
            ဘယ်မှ မရပ်တော့ဆိုသဖြင့် လမ်းတွင် ဆီးချိုမကျစေရန်စားဘို့ အဆာသွပ် ပေါင်မုံ့တစ်ထုပ် ၀ယ်ခဲ့သည်။
            လမ်းတွင် အချို့လယ်ကွင်းများမှာ သိမ်းနေဆဲ၊ အချို့လယ်ကွင်းများတွင် လယ်သိမ်းပြီး၍ ပဲများစိုက်ထားသည်ကို တွေ့ရလေသည်။ တစ်နေရာတွင် သစ်လွင်လှသည့် ထွန်စက် လေးငါးစီးဖြင့် လယ်သိမ်းနေသည်တွေ့ရာ ဤလယ်သည် လယ်သမားပိုင် မဖြစ်နိုင်။ ကုမ္ပဏီတစ်ခုခုက လုပ်ကိုင်နေတာဖြစ်မည်ဟု တွေးမိ၏။ ပဲစိုက်ထားသော လယ်ကွင်းများတွင် ကောက်လှိုင်းများကို လယ်ကန်းသင်းများပေါ် သည်အတိုင်း ပုံထားရသည်ကို တွေ့ရသည်။ ကျွန်တော့်စိတ်ထဲတွင် ချွေချိန်လွန်၍ ကြွေကုန်မည့် စပါးများနှင့် အချိန်အခါမဟုတ် ရွာချမည့်မိုးကြောင့် အစို့ပေါက်ကာ လေလွင့်မည့်စပါးများကို တွက်ပြီး မသက်မသာခံစားမိပါသည်။
            အကယ်၍ ထိုလယ်သမားများသာ ရိတ်သိမ်းခြွေလှေ့စက် (combined harvester) များ သုံးနိုင်ပါက ဤပြဿနာကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်။ လယ်သမားများမှာ ပဲအတွက်အစိုဓာတ်ကို လက်လွတ်မခံနိုင်သောကြောင့် စပါးကို လစ်လျူရှုလျက် ပဲကိုအာရုံစိုက်ထားရခြင်း ဖြစ်လေသည်။ လယ်ကွင်းများကို ပဲစိုက်လိုက်သည့်အခါ စပါးသိမ်းရန် လှည်းသွား မည့် နေရာမရှိတော့။ သည့်အတွက် ကောက်လှိုင်းပုံများကို သည်အတိုင်း ကြည့်နေရခြင်း ဖြစ်သတည်း။ မြန်မာတစ်နိုင်ငံလုံး ဆိုလျှင် အလေအလွင့်ပမာဏ မည်မျှများလိုက်ပါမည်နည်း။ သို့သော် ကျွန်ုပ်တို့၏ နိုင်ငံ့ခေါင်းဆောင်ကြီးများမှာ အချင်းချင်း စကားရည်လုပွဲ ကျင်းပနေရသည်နှင့် သည်ကိစ္စများကို စိတ်မ၀င်စားအား။
တစ်ခါတစ်ရံ ကားလမ်းနှင့်အပြိုင် လှည်းလမ်းများတွင် အလုပ်မှပြန်လာသော လှည်းများကို တွေ့ရသည်။ ၂၁ ရာစုကို အတော်စွန်းလာသည့်တိုင် ကျွန်တော်တို့နိုင်ငံတွင် လွန်ခဲ့သည့် အနှစ် ၂၀၀ လောက်ကတည်းက သုံးခဲ့သည့်လှည်းကို လက်မလွှတ်နိုင်သေး။ မြေအောက်ရေနံများကို ချွေတာသည့်အနေနှင့်တစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မီးခိုးငွေ့များဖြင့် မညစ်ပတ်စေလို၍ တစ်ကြောင်း နွားလှည်းများကို တွင်တွင်ကျယ်ကျယ် သုံးနေကြဆဲဖြစ်ပါသည်။ အိတ်ဇောမီးခိုးများကို လျှော့ချနိုင်သည့် နိုင်ငံများအား ကာဘွန်ခရက်ဒစ်ဟု ပိုက်ဆံကို ကြံဖန်ပေးနေသည့် အနောက်နိုင်ငံမှ ဆရာ့ဆရာကြီးများသည် ဘာကာဘွန်မှ မထုတ်သည့် နွားလှည်းများကို တစ်နိုင်ငံလုံးသုံးနေသည့် ကျွန်ုပ်တို့ မြန်မာနိုင်ငံအား အဘယ်ကြောင့် မသိချင် ယောင်ဆောင်ကာ မေ့ထားရပါသနည်း။ အစွမ်းရှိသူများ အိပ်ချင်ယောင်ဆောင်နေသည့် ထိုသကောင့်သားများအား လှုပ်နှိုးကြပါလေ။
            တွေးရင်းတောရင်း၊ ငေးရင်းမောရင်း မိုင်တိုင်တစ်ခုကျော်လာတိုင်း တစ်မိုင်ကို ၅၅ စက္ကန့်နှုန်းဖြင့်တွက်ကာ ဘယ်နှစ်နာရီဆို ရန်ကုန်ဝင်မည်ဟု တွက်နေမိလေသည်။ သားကလည်း ဖေဖေ အခုဘယ်ရောက်နေပြီလဲ၊ ဘယ်အချိန် ပြန်ရောက်မလဲဟု တစ်ချိန်လုံး ဖုံးဆက်၏။
            ညနေ ၆ နာရီ မိနစ် ၄၀ တွင် ရန်ကုန်ဝင်သည်။ မနှစ်က အထက်ပိုင်းတွင်ဟောပြောပွဲများသွားလုပ်အပြီး ရန်ကုန်အ၀င်၌ ကားများ အလွန်ကြပ်သိပ်နေသဖြင့် နာရီဝက်ကျော် စောင့်နေရသည်ကို သတိရမိပြီး ယခုလည်း ကားများ ပိတ်နေမလားဟု ပူပင်မိသည်။ သို့သော် မပိတ်ပါ။ ကားရှင်းနေသည်။ ကျွန်တော်က အောင်မင်္ဂလာ အဝေးပြေးကွင်းကို မလိုက်တော့ဘူး။ မြို့ထဲကို တက္ကစီစီးလို့ရမဲ့နေရာမှာ ချပေးပါဟု သွားပြောသော် ကားစပယ်ယာက ကဲ၊ ခရီးသည်များခင်ဗျား။ ဒီနေ့ (ဘာနေ့ဆိုပါလိမ့် သူပြောတာ) - - ဖြစ်လို့ အဝေးပြေးကွင်းမှာ ကားအ၀င်အထွက် ကြပ်ပါလိမ့်မယ်။ လာကြိုနေမဲ့ သူများက လွဲလို့ ကျန်တဲ့ခရီးသည်မှာ အရှေ့ပေါက်မှာဆင်းပြီး တက္ကစီစီးသွားတာ ပိုအဆင်ပြေပါလိမ့်မယ်။ ကားဝင်းထဲက တက္ကစီခတွေက အပြင်က အခတွေထက်ပိုတောင်းပါတယ် စသဖြင့် သေသေချာချာ ရှင်းပြပါသည်။ အောင်မယ်၊ ကိုယ့်လူ အတော်လိမ္မာလာပြီဟု စိတ်ထဲက ချီးကျူးလိုက်မိ၏။
            အမှတ် (၃) လမ်းမကြီး လမ်းဆုံ အကျော်တွင် ချပေးသည်။ တက္ကစီလည်း အလွယ်တကူရ၏။ ဘယ်လောက်လဲ ဆိုတော့ ၃၅၀၀ ဆိုသည်နှင့် ဈေးမဆစ်တော့ပဲ တက်လိုက်သည်။ လူတစ်ယောက်လောက်တော့ တင်မယ်နော် အစ်ကို့ ဟု ဆိုရာ လမ်းကြုံရင်တော့ တင်ပေါ့လကွာ။ တမင်လိုက်ပို့ရမယ်ဆိုရင်တော့ မတင်နဲ့။ အိမ်မှာ ငါ့သားစောင့်နေတယ် ဟု ပြောလိုက်သည်။ စကားမှ မဆုံးသေး။ တိုင်းရင်းသားဖြစ်ဟန်တူသော လူကြီးတစ်ဦး လက်တားကာ ကျွန်းတောလမ်းကို ဟု ပြော၏။ ရတယ်ကိုယ့်လူ၊ ကျွန်းတောလမ်းက ကိုယ်တို့အိမ် အလွန်လေးမှာပဲ ဟု ပြောလိုက်၏။ ကားခကို ၃၀၀၀ တောင်းရာ ဆစ်များ နေလိုက်သေးသည်။ သို့သော် သည်ဦးလေးကြီးက ၃၅၀၀ နဲ့ ငှားလာတာပါခင်ဗျာ ဟု ပြောလိုက်တော့ ပါးစပ်ပိတ် သွား၏။
            အိမ်ရောက်တော့ ၇ နာရီခွဲ။ ကျွန်တော်သားကို ကတိပေးထားသည့်အချိန် ပြန်ရောက်သဖြင့် ကျေနပ်မိပါသည်။ အေးလည်းအေးနေသည်မို့ သားကို လမ်းမှအတွေ့အကြုံများ ပြန်ပြောရင်း အနားယူသည်။ မနက်ဖြန် စာတမ်းဖတ်ပွဲသွားရမည် မို့ အချိန်နှင့်နေရာ သေချာအောင် မမဆီလှမ်းဖုံးဆက် မေးရသည်။ မနက် ၈ နာရီခွဲ၊ Summit Park View မှာဟု ဆို၏။
ဆက်ပါဦးမည်။ 
1 comment:
အောင်တေဇ said...
ဟုတ်ပါတယ် အဲဒီဆီးသွားခွက် ဒီဇိုင်းကို ဘယ်အမျိုးကောင်းသားဒီဇိုင်းလဲမသိဘူးဆရာ မြန်မာပြည်ပြန်တော့ မွေးရပ်မြေကိုပြန်တော့ လှိုင်သာယာ အဝေးပြေကားဝန်းမှာ public toilet မှာ အဲဒီအတိုင်းပဲဆရာ ……