Tuesday, January 14, 2014

မြန်မာပြည်သို့ အလည်ပြန်ခြင်း (ဒီဇင်ဘာ၊ ၂၀၁၃) (၃)

(၁၄) Food Security Working Group (FSWG) ၏ စာတမ်းဖတ်ပွဲသို့ တက်ရောက်ခြင်း

            Summit Park View ၌ ဆရာဦးရန်လင်းတို့အဖွဲ့ (Food Security Working Group - FSWG) ၏ သုတေသန စာတမ်းဖတ်ပွဲသို့ ဖိတ်ထားသောကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့၊ မနက် ၈ နာရီလောက် အိမ်မှထွက်ခဲ့သည်။ သုတေသန စာတမ်းမှာ နှစ်စောင်ဖြစ်ပြီး တစ်စောင်က စိုက်ပျိုးရေး၊ နောက်တစ်စောင်က မွေးမြူရေးဖြစ်သည်။

            စိုက်ပျိုးရေးစာတမ်းနာမည်မှာ “An Analytical Study on Food Safety Issues in Different Stages of Vegatable Production from Farm to Table” ဖြစ်ပြီး စာတမ်းရှင်မှာ ဦးရန်လင်း ဖြစ်ပါသည်။ မွေးမြူရေးစာတမ်းမှာ “Factors Affecting for Commercialization of Rural Livestock Sector” ဖြစ်ပြီး စာတမ်းရှင်များမှာ ဦးကျော်ခိုင်၊ ဒေါက်တာချစ်ဆွေ၊ ဒေါက်တာ သိန်းထွန်းလှ တို့ဖြစ်ကြ၏။






ဆရာဦးရန်လင်းက မြန်မာနိုင်ငံ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုအခြေအနေ၊ ဓာတုဆေးများပါသည့် အစားသောက်များကြောင့် သေဆုံးရမှုများ စသည်တို့ဖြင့် နိဒါန်းပျိုးသည်။ သုတေသနစာတမ်း၏ ရည်ရွယ်ချက်မှာ ရန်ကုန်နှင့်အနီးတစ်ဝိုက် ဒေသများတွင် သီးနှံစိုက်ပျိုးသူများ၊ တင်ပို့သူများအား မေးမြန်းလေ့လာ စစ်တမ်းကောက်လျက် ဈေးကွက်အတွင်းမှ သီးနှံများတွင် ဓာတုဆေးကြွင်း မည်မျှကင်းလွတ်သနည်း ဆိုသည်ကို လေ့လာခြင်း ဖြစ်ပါသည်။
            ရည်ရွယ်ချက်မှာ -
Ø  အစားအသောက်များ၏ အန္တရာယ်ကင်းရေးကို မြှင့်တင်ရန်။
Ø  လယ်သမား၊ စားသုံးသူနှင့်  ပြည်သူများ အကြားတွင် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာ၌ ဓာတုဆေးများကို မှားယွင်းစွာ သုံးစွဲနေမှုများကို ပိုမိုသတိပြုမိလာစေရန်နှင့် သင်တန်းများ ပေးရန်။
Ø  စားသုံးသူများ၏ကျန်းမာရေးအတွက် လက်ရှိတင်ပို့နေသော အသီးအနှံများ အရည်အသွေးကို ပိုမိုမြှင့်တင်ရန်။
Ø  သီးနှံများအန္တရာယ်ကင်းရေးကို လုပ်ဆောင်နေသည့် အခြားအဖွဲ့အစည်းများအား ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုစနစ်များကို တင်ပြရန်။
-       စသည်တို့ဖြစ်သည်။
           
သုတေသနပြုလုပ်ရာတွင် စာအုပ်စာတမ်းများအား လေ့လာသုံးသပ်သည်။ စိုက်ပျိုးထုတ်လုပ်သူ ၁၈၀၊ ဟင်းသီးဟင်းရွက် လက်လီရောင်းချသူ ၈၄ ဦး၊ လက်ကားရောင်းချသူ ၁၈ ဦး၊ တင်ပို့ရောင်းချသူ ၁၈ ဦးနှင့် စားသုံးသူ ၃၀ တို့ကို လူတွေ့မေးမြန်းခဲ့သည်။ ထို့အပြင် စားသောက်ဆိုင်ကြီး (restaurant) ၁၈ ဆိုင်ကို သစ်သီးဝလံများအား သိုလှောင်ပုံ၊ ကိုင်တွယ်ပုံ၊ ပြင်ဆင်ချက်ပြုတ်ပုံ နှင့် စားပွဲဝိုင်းများသို့ လိုက်လံချပေးပုံတို့ကို လေ့လာဆန်းစစ်သည်။ ထိုမျှမက အဖွဲ့လိုက် ဆွေးနွေးပွဲများလည်း ပြုလုပ်ကြသေးသည်။
            စိုက်ခင်းများမှ သူတို့တွေ့ရှိချက်များအရ -
Ø တောင်သူအများစုမှာ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲနေကြသည်။ တောင်သူအားလုံးလိုလိုမှာ သည်ဆေးများကိုနှစ်ပေါင်းများစွာ သုံးနေသည့်တိုင် သည်ဆေးများအကြောင်း ဂဃနဏ သိကြသူများမဟုတ်။
Ø ပိုးသတ်ဆေးအများစုမှာ တရားဝင်တင်သွင်းထားသောဆေးများမဟုတ်ရုံမျှမက မြန်မာဘာသာဖြင့်လည်း ရေးသားဖော်ပြထားခြင်းမရှိ။
Ø ၈၀% မျှသော တောင်သူများမှာ ပိုးသတ်ဆေးကို ကိုင်တွယ်အသုံးပြုရာတွင် သင့်တော်သည့် အကာအကွယ်ပစ္စည်းများ ၀တ်ရကောင်းမှန်းမသိကြ။ ၀တ်လည်းမ၀တ်ကြ။
Ø ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုနည်း၊ ဆေးဖြန်းနည်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ သင်တန်းများကိုမူ မည်သူတစ်ဦး တစ်ယောက်မှ ကြားပင်မကြားဖူးကြ။
Ø ၁၀% မျှသော စိုက်ပျိုးသူများမှာ ဆေးများကို ဟင်းသီးဟင်းရွက်များနှင့် ဝေးရာတွင် သိုလှောင်ထားသည်ကို တွေ့ရသည်။
Ø ထိုစိုက်ပျိုးရေးသုံး ဓာတုဆေးများကို မှန်မှန်ကန်ကန် မစွန့်ပစ်ကြ။
Ø အသီးအနှံများဆေးကြောရာတွင် သုံးသည့်ရေသည်လည်း သန့်ရှင်းမှုမရှိ။
Ø စိုက်ပျိုးထုတ်လုပ်မှုမှတ်တမ်းဆိုသည်မှာ ဝေလာဝေး။ ရိတ်သိမ်းချိန်လွန် အသိပညာနှင့် အလေ့အထများကား နည်းပါးလှပါဘိတောင်း။
Ø စိုက်ခင်းလုပ်ငန်းလုပ်သားများမှာ မိသားစုဝင်များ များလျက် စိုက်ခင်းကြီးများမှသာလျှင် အငှားလုပ်သားများ ခေါ်ယူသုံးစွဲသည်။


ရိတ်သိမ်းချိန်အတွင်း -
Ø အလုပ်သမားများ သီးနှံများကို ကိုင်တွယ်ပုံမှာ ကြမ်းတမ်းလှသည်။
Ø သီးနှံများထည့်သိုသည့် ခြင်းများ၊ ပုံးများ (၀ါးခြင်းတောင်းများ၊ ပလပ်စတစ်ပုံးများစသည်) မှာ မသန့်ရှင်းသည့်ပြင် ပိုလျှံနေအောင် ထည့်သိုကြသည်။
Ø သီးနှံများကို မြေကြီးပေါ်တွင်ပင် သည်အတိုင်း ပုံထားကြသည်။
Ø အသီးအနှံများကို နေပူထဲ၌ သည်အတိုင်း ပစ်ထားကြသည်။


ဈေးပို့ရန် ပြင်ဆင်နေချိန်အတွင်း -
Ø သီးနှံများအမျိုးအစားခွဲခြင်းကို အမိုးအကာအောက်တွင် လုပ်ကြသည်ကို မတွေ့ရ။
Ø ဖိနပ်စီးလျက်လည်း သီးနှံပုံများအကြား ကျော်ခွ၊ သွားလာနေကြသည်။
Ø မည်သူတစ်ဦးတစ်ယောက်ကိုမှ သင်တန်းပေးထားခြင်းမရှိသည့်ပြင် တစ်ကိုယ်ရည်သန့်ရှင်းရေး အသိပညာလည်း မရှိကြ။
Ø ဓာတုဆေးများ၊ အခြားပစ္စည်းများနှင့် ဇီဝပစ္စည်းများ ကူးစက်ခြင်းကို မည်ကဲ့သို့ ထိန်းသိမ်းရမည်ဆိုသည့် အသိပညာလည်း တောင်သူများတွင် မရှိကြ။
Ø ကြမ်းတမ်းသည့်မျက်နှာပြင်များရှိသော ၀ါးခြင်းတောင်းများကို ငှက်ပျောဖက် စသည်တို့ မခင်းဘဲ သည်အတိုင်းထည့်မှုကြောင့် ဘူးသီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်ညင်း စသည့် အသီးအနှံများတွင် ဒဏ်ရာများပေါ်ကာ အညိုအမဲစွဲသည်။
Ø အများစုမှာ အသီးအနှံများကို သင့်တော်သည့် သေတ္တာများ၊ ခြင်းများ၊ ထုပ်ပိုးပစ္စည်းများကို မသုံးကြ။
Ø သီးနှံများထားသိုသည့် ဂိုဒေါင်များကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ခြင်း မရှိ။
Ø သီးနှံထည့်သည့် ခြင်းများ၊ တောင်းများကို ကြမ်းတမ်းစွာ ပစ်ချကြ၊ တက်နင်းကြသည်။

ဈေးကြီးများ (supermarket) နှင့် စားသုံးသူများ -
Ø သီးနှံများထုပ်ပိုးခြင်း၊ ကိုင်တွယ်ခြင်းကို အရိပ်အောက်၌ လုပ်ကြသည်။
Ø အချို့သော အထူးဝန်ထမ်းများကို သင်တန်းများပေးထားသည်။
Ø ဈေးကြီးများတွင် သီးနှံများကို စနစ်တကျ ထုပ်ပိုးသိမ်းဆည်းသည်၊ သန့်ရှင်းသောရေဖြင့် ဆေးကြောသည်။
Ø မြို့ပြမှစားသုံးသူများမှာ ကျေးလက်နေသူများထက် ကျန်းမာရေးအသိပညာ ပိုရှိကြသည်။
Ø အစားအသောက် ပြင်ဆင်ရာ၌ ပိုမိုသန့်ရှင်းသလို ချက်ပြုတ်ရာတွင် ပိုမိုသန့်ရှင်းသောရေကိုသုံးကြသည်။
Ø မြို့နေလူတန်းစားမှာ အစာအာဟာရတန်ဘိုးကို ပိုမိုသိနားလည်ကြသည်။

 အစားအသောက် သယ်ယူပို့ဆောင်တင်သွင်းသူများ -
Ø သယ်ယူပို့ဆောင်သူများမှာ စနစ်တကျ လေ့ကျင့်ပေးထားသူများ မဟုတ်ကြ။
Ø ယာဉ်များပေါ်တင်ဆောင်သယ်ယူရာတွင် ဖုံးအုပ်ထားလေ့မရှိကြ။
Ø အသီးအနှံများ လတ်ဆတ်မှုကို ထိန်းထားရန် လေအေးပေးစက်ဖြင့် အပူချိန်ကိုထိန်းသည့်စနစ် အသုံးမပြုနိုင်။
Ø အသီးအနှံများကို အခြားဓာတ်မတည့်သော ပစ္စည်းများနှင့် ရောနှောတင်ကြသည်။
Ø အသီးအနှံများကို ကိုင်တွယ်ပုံကြမ်းတမ်းသလို အသီးအနှံခြင်း တစ်ခုအပေါ်တစ်ခုလည်း ဆင့်တင်ကြသည်။
Ø အသီးအနှံများကို မပျက်စီးစေရန် စနစ်တကျတင်ပို့ရမည်ဟူသော အသိမရှိကြ။

နိဂုံးချုပ်တွင် အောက်ပါတွေ့ရှိချက်နှင့် အကြံပြုချက်များကို တင်ပြထားပါသည်။
Ø ပိုးသတ်ဆေးများကို အန္တရာယ်ကင်းပြီး ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် သင်တန်းများ အရေးတကြီးပို့ချပေးရန် လိုနေပါသည်။
Ø ကျေးလက်များတွင်သာမက ပုဂ္ဂလိကစိုက်ပျိုးထုတ်လုပ်သူများကိုပါ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လိုပါသည်။
Ø လက်ကားဈေးများမှာ လူများ၊ ဆိုင်ခန်းများ ကျပ်သိပ်လွန်း၊ ညစ်ပတ်လွန်းသည်။ သီးနှံများအတင်အချလုပ်ရာတွင် စက်ကိရိယာများ ပံ့ပိုးမှုမရှိ။ လက်ကားဈေးများ အရည်အသွေးတိုးတက်ကောင်းမွန်လာစေရန် သက်ဆိုင်ရာမြို့နယ်များရှိ မြို့တော်ဖွံ့ဖြိုးရေး ကော်မတီများမှ လုပ်ဆောင်သင့်ပါသည်။
Ø လက်လီလက်ကားရောင်းချသူများအား သူတို့ကိုယ်တိုင်နှင့် သူတို့အလုပ်သမားများကိုပါ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပိုမို ဂရုစိုက်လာစေရန် လုပ်ဆောင်ရပါမည်။
Ø ပိုးသတ်ဆေးရောင်းလျှင် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများကိုပါ တစ်ပါတည်း ရောင်းချရပါမည်။ (ပိုးသတ်ဆေးဥပဒေ အရ)
Ø စိုက်ပျိုးရေးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ အနေနှင့် ပိုးသတ်ဆေးများအလွန်အကျွံသုံးစွဲနေမှုကို အရေးတကြီး အရေးယူ ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။
Ø သီးနှံအမျိုးအစားအလိုက် သုံးစွဲရမည့် ပိုးသတ်ဆေးကို မှန်ကန်သင့်တော်အောင် ရွေးချယ်ရာတွင် လွယ်ကူရပါမည်။
Ø ပေါ့ပါးလွယ်ကူသော ဓာတုစစ်ဆေးမှုကိရိယာများကို တောင်သူများ အလွယ်တကူ ရနိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ပေးသင့်ပါသည်။
Ø စိုက်ပျိုးသီးနှံ ထုတ်လုပ်မှုမှတ်တမ်းစနစ်ကို စတင်ကျင့်သုံးသင့်ပါပြီ။ သုတေသနဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့တွင် ဦးစွာကျင့်သုံးပြီး လယ်သမားများအား လက်တွေ့လိုက်နာကျင့်သုံးလာသည်ထိ လုပ်ဆောင်သွားရပါမည်။ (ဥပဒေဖြင့်)
Ø ရပ်ဝေးသို့သယ်ဆောင်မည့် ဟင်းသီးဟင်းရွက်များအား အပူချိန်ထိန်းစနစ်ပါသည့် ကားကြီးများဖြင့် သယ်ယူသည့်စနစ်ကို ကျင့်သုံးသင့်ပါသည်။
Ø ယခုအခါ ကျောင်းများတွင် စိုက်ပျိုးရေးဘာသာရပ်ကို မသင်မနေရဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းထားသည်ဖြစ်ရာ လက်တွေ့စိုက်ပျိုးနိုင်ရန် ကျောင်းပိုင်စိုက်ကွင်းများ ထားရှိသင့်ပါသည်။

ထို့နောက် မေးခွန်းများကို ဦးစွာဖြေကြားပြီး အကြံပြုတင်ပြချက်များကို နောက်ပိုင်းဆက်လက်ပြုလုပ်ပါသည်။ အများဆုံး အကြံပြုသူမှာ လှည်းကူးသင်တန်းကျောင်းမှ ဆရာဦးလှဆန်းဖြစ်၏။ (သူက ကျွန်တော့်ကိုမှတ်မိပြီး မှတ်ဉာဏ် နုံ့နဲ့လှသော ကျွန်တော်က သူ့ကိုမြင်ဖူးပါတယ်၊ ဘယ်သူပါလိမ့်ဟု အသည်းအသန် စဉ်းစားနေချိန် သူကရိပ်မိပြီး ကျွန်တော် မျိုးမင်းကျော်အဖေ ဦးလှဆန်းပါဟု တည့်တည့်ဖွင့်ပြောမှ ရိပ်မိလေသောဟူ၏။)
နောက် ကျွန်တော်အကြံပြုပါသည်။

ခုနင်ကပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ တရားမ၀င်တင်သွင်းလာတဲ့ဆေးတွေကို ပရမ်းပတာ သုံးနေကြတယ်လို့ သိရပါတယ်။ ဒါ အင်မတန်အန္တရာယ်များပါတယ်။ အခု လူကြီးမင်းသို့သိကြတဲ့အတိုင်း တစ်ကမ္ဘာလုံးက ကင်ဆာအဖြစ် အများဆုံးနိုင်ငံတွေမှာ မြန်မာဟာ ထိပ်ဆုံးက ပါပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာ နိုင်ငံကျော်စာရေးဆရာကြီးတွေ ကင်ဆာရောဂါနဲ့ သေကုန်ကြတာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ အဲဒီကင်ဆာဟာ တခြားအရာတွေထက် အစား အသောက်ကြောင့် ဖြစ်ဖို့ပိုများပါတယ်။ အစားအသောက် မသန့်ရှင်းတာ၊ ဓာတုဆေးတွေသုံးတာ၊ ပိုးသတ်ဆေးကြွင်းတွေ များနေတာ စသဖြင့်ပေါ့။
ဒီတော့ အစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာ လက်ရှိသုံးနေတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်ဖို့ အရေးတကြီးလိုနေပါပြီ။ ဘာလုပ်မရလဲ ဆိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ သုံးနေကြတဲ့ ဓာတုဆေးအားလုံးကို စာရင်းယူရပါမယ်။ ဘယ်သူတွေက တင်သွင်းလာတယ်၊ ဘယ်သူတွေ ရောင်းနေတယ်၊ ဘယ်လိုသယ်ပို့တယ်၊ ဘယ်နေရာတွေမှာ ဘယ်လိုတွေသုံးနေတယ် စသဖြင့် ကွင်းဆင်းလေ့လာမှတ်တမ်းယူရပါမယ်။
ဒုတိယအဆင့်အနေနဲ့ အဲဒီဓာတုဗေဒပစ္စည်းတွေကို မှတ်ပုံတင်ခိုင်းဘို့၊ လိုင်စင်ရတဲ့သူတွေကသာ တင်သွင်းခွင့်၊ ရောင်းဝယ်ခွင့် သိုလှောင်ခွင့်ပြုဘို့၊ အဲဒီဓာတုပစ္စည်းတွေအားလုံးရဲ့ သတင်းအချက်အလက် (MSDS – Material Safety Data Sheet) ကို မြန်မာလိုဘာသာပြန်ပြီး ဆေးရောင်းချသူတွေအနေနဲ့ လာဝယ်တဲ့သူတွေကို အဲဒီစာရွက်ပါ ထည့်ပေးလိုက်ဘို့။ အဲဒီဆေးအကြောင်း သေသေချာချာရှင်းပြခိုင်းဘို့။ အဲဒီဆေးအကြွင်းအကျန်တွေကို ဘယ်လိုဖျက်ဆီးမလဲဆိုတဲ့ နည်းလမ်း ရှာပြီး ဆေးဖျက်ဆီးတဲ့သူတွေကို လိုင်စင်နဲ့လုပ်ခိုင်းဘို့။
နောက်တစ်ခုက လေ့ကျင့်ပညာပေးတဲ့အပိုင်း။ ပညာပေးတဲ့နေရာမှာ နှစ်ပိုင်းရှိပါမယ်။ တစ်ခုက ရောင်းတဲ့ဝယ်တဲ့ သူတွေနဲ့ ဓာတုဆေးနဲ့ပတ်သက်တဲ့ဌာနက အစိုးရအမှုထမ်း၊ အရာထမ်းတွေအတွက်ဖြစ်ပြီး နောက်တစ်ခုက ဆေးသုံးစွဲတဲ့ တောင်သူတွေအတွက်ဖြစ်ပါတယ်။
ဒါဟာ အင်မတန်ကျယ်ပြန့်တဲ့အလုပ်ပါ။ ပုဂ္ဂလိက အဖွဲ့တွေအနေနဲ့ လုပ်ဖို့မလွယ်ပါဘူး။ အစိုးရအနေနဲ့ကတော့ ငွေအား၊ လူအားသုံးပြီး အချိန်ယူလုပ်နိုင်ပါတယ်။ လုပ်ဖို့ကောင်းတာကတော့ အခုကတည်းက စပြီး လုပ်ဖို့ကောင်းနေပါပြီ။
(ရှေ့တွင်ထိုင်နိုင်သော ကိုသက်ဦးကို မဆီမဆိုင် ဆွဲထည့်လျှက်) ဟောဒီက ကိုသက်ဦးတို့နဲ့ တခြားပိုးသတ်ဆေး ရောင်းတဲ့ကုမ္ပဏီတွေကိုလည်း အနည်းဆုံးတော့ ဒီပိုးသတ်ဆေးကို ဘယ်လိုသိုလှောင်ရမယ်၊ ဘယ်လိုကိုင်တွယ်ရမယ်၊ ဘယ်လိုအသုံးပြုရမယ် နဲ့ ဘယ်လိုစွန့်ပစ်ရမယ်ဆိုတဲ့ အချက်လေးချက်လောက်တော့ မြန်မာလိုရိုက်ပြီး ကိုယ့်ဆီ ဆေးလာဝယ်တဲ့သူတွေကို ပေးပါ။ သူတို့သဘောပေါက်အောင် ရှင်းလည်းပြပါလို့ ကျွန်တော်တိုက်တွန်းခဲ့ပါတယ်။ လုပ်လည်း လုပ်ကြဘို့ မေတ္တာရပ်ခံပါတယ်။ ဘယ်သူပြောပြော၊ မပြောပြော ပိုးသတ်ဆေးရောင်းတဲ့ကုမ္ပဏီတွေမှာ တာဝန်ရှိပါတယ်။

ကျွန်တော်ပြောတာ အတော်များသွားသဖြင့် သဘာပတိလုပ်သူက လက်ထောင်ပြပါသည်။ သို့အတွက် ကျန်သည့်အချက်များကို အကျဉ်းရုံးလိုက်ရ၏။ သို့သော် ပြောချင်တာ အကုန်မပြောလိုက်ရ၍ သိပ်တော့ အာသာမပြေ။

ပထမပိုင်းအပြီး ကော်ဖီနှင့်မုံ့များတိုက်ကျွေး ဧည့်ခံပါသည်။ စားကြသောက်ကြရင်း ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်တွေ့ရသည့်အခိုက် စကားစနေပြောကြ၏။
ဒုတိယပိုင်းက မွေးမြူရေးသုတေသနစာတမ်းဖတ်ပွဲဖြစ်ပါသည်။ စာတမ်းဖတ်သောဆရာကြီး ပြောပုံမှာ အသက် မပါလှ။ ဆွဲဆောင်မှုမရှိ။ ရခိုင်လူမျိုးထင်ပါသည်။ စကားကလည်း သိပ်မပီတော့ မနည်းနားထောင်ယူရသည်။







ဗဟုသုတရကြစေရန် ထိုစာတမ်းမှ လိုအပ်သလောက် ထုတ်နုတ်တင်ပြပါမည်။
            မြန်မာနိုင်ငံ၌ နွားကောင်ရေ ၁၃.၅၇ သန်း၊ ကျွဲကောင်ရေ ၂.၉၇ သန်း ကို ၃၃.၇ သန်းသော မြေဧရိယာများအား စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးချလျှက်ရှိ၏။ မြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းမှာ စီးပွားဖြစ်ထက် အိမ်မွေးက ပိုများသည်။ မွေးမြူရေးလုပ်ငန်းစုစုပေါင်း၏ ၉၈% မှာ လယ်ယာလုပ်ငန်းမှ ဖြစ်သည်။ ခေတ်မီ မွေးမြူရေးနည်းများမှာ ငွေအရင်းအနှီး လိုသည်။ ထိုနည်းပညာများကို မြန်မာပြည်ကျေးလက်တောရွာများအရောက် အသုံးချရေးမှာလည်း အကန့်အသတ်တစ်ခု ဖြစ်နေသေးသည်။ ယေဘူယျအားဖြင့်ပြောရလျှင် ရိုးရာတစ်နိုင်တစ်ပိုင် မွေးမြူခြင်းများသာ များသည်။
            သူတို့သုတေသနလုပ်တာ ရခိုင်ပြည်နယ်၊ ပေါက်တောနှင့် တောင်ကုပ်တွင်ဖြစ်၏။ (အဘယ်ကြောင့် ဤဒေကို ရွေး လုပ်ရပါသနည်း ဟု မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက မေးခွန်းထုတ်ပါသည်။) 
            ကျေးလက်ဖွံ့ဖြိုးရေး -
Ø စိုက်ပျိုးရေးလုပ်ငန်းအတွက် အလားအလာကောင်းများရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တက်တက်ကြွကြွ လုပ်သင့်သည်။ ဤသို့ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာမက ဆင်းရဲမွဲတေမှုလျှော့ချရေးကိုပါ တစ်ပါတည်း လုပ်ဆောင်နိုင်သည်။
Ø မြေဧရိယာနှင့် လူဦးရေးအချိုးမှာ များမြဲများနေသေးပြီး စိုက်ပျိုးနိုင်သောမြေများအနက် ထက်ဝက်ကျော်မှာ မစိုက်ပျိုးရသေးသော မြေလွတ်များဖြစ်သည်။
Ø ဈေးကွက်နည်းပါးမှု၊ အရည်အသွေး  သုတေသနများကို လက်လှမ်းမမီမှု၊ ပညာပေးခြင်းမရှိမှုနှင့် ထွက်နှုန်းနိမ့်ကျခြင်းတို့သည် မွေးမြူရေးကဏ္ဍ မဖွံ့ဖြိုးရခြင်း၏ အကန့်အသတ်များဖြစ်၏။
Ø ကျေးလက်ဈေးကွက်စနစ်ကို ပုဂ္ဂလိကသို့ ဖွင့်ပေးရမည်။
Ø ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများ၊ ချေးငွေများရရှိနိုင်မှု၊ မြေယာဥပဒေသစ်တို့သည် ကျေးလက်ဖွံ့ဖြိုးရေး၌ အရေးကြီး၏

မွေးမြူရေးလုပ်ငန်းအတွက် အခြေခံလိုအပ်ချက်

Ø ရေရရှိမှု
Ø တိရိစ္ဆာန်အစားအစာ (အကြမ်းဖြစ်စေ၊ အချောဖြစ်စေ)
Ø ပိုမိုအသားထုတ်နှုန်းကောင်းမွန်မည့် အလားအလာ
Ø တိရိစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ကုသရေး
Ø ဈေးကွက်အခြေအနေ
Ø သယ်ယူပို့ဆောင်ရေး နှင့် ဈေးကွက်သို့ ဆက်သွယ်ရေး လမ်းကြောင်းများ
Ø လုပ်သားရနိုင်မှု ပြဿနာ
Ø ပတ်ဝန်းကျင် ပြဿနာ
Ø ကျေးလက်မွေးမြူရေးလုပ်ငန်းရှင်များ၏ မိမိကိုယ်တိုင်၏ အသိပညာ ဖွံ့ဖြိုးမှုအတွက် စိတ်ဝင်စားမှုနှင့် သတိပြုမိခြင်း
Ø ဒေသဆိုင်ရာနှင့် ဌာနဆိုင်ရာ၊ နိုင်ငံတော်၏ အခန်းကဏ္ဍ
Ø ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ မှတ်တမ်းမှတ်ရာထားရှိရေး ကျွမ်းကျင်မှု
Ø အခြား အချက်အလက်များ

လေ့လာချက်များအရ နွားပိုင်ဆိုင်သူအများစုမှာ နွားများကို စိုက်ပျိုးရေးလုပ်ငန်းတွင် ခိုင်းစေရန်မွေးမြူထားခြင်း ဖြစ်ပြီး နို့စားနွားသီးသန့်ဟု မွေးမြူခြင်းမရှိကြောင်း တွေရသည်။ အနည်းစုကသာ ခိုင်းဘို့ရော၊ နို့အတွက်ပါ မွေးကြသည်။ မြေပိုင်ရှင် များသည် နွားပိုင်ရှင်များဖြစ်ကြ၏။ ၎င်းတို့၍ ကောက်ရိုးကဲ့သို့သော နွားစာရှိသည့်အတွက် ယေဘူယျအားဖြင့်ပြောရလျှင် ကျေးလက်စီးပွားဖြစ် နွားမွေးမြူရေးတိုးချဲ့ခြင်းကို ကျေးလက်နေတောင်သူများအားဖြင့် လုပ်နိုင်ချေရှိကြောင်း တွေ့ရသည်။
             သို့သော် သူတို့တွင် ပိုမိုကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များရရန် လက်လှမ်းမမီကြချေ။ နို့စားနွားများမွေးမြူရန် လည်း ကွင်းသီးသန့်မရှိ။ လေ့လာသူတောင်သူများ၏ ထက်ဝက်ခန့်မှာ ကျွဲနွားကျောင်းရန် မြက်ခင်းအလုံအလောက်မရှိ။ မွေးမြူရေးလုပ်ငန်းလုပ်ရန်အတွက် သစ်တောဧရိယာပိုင်ဆိုင်သူမှာ မဆိုစလောက်သာ ရှိလေသည်။ ဤကဲ့သို့ဖြစ်ရခြင်း အကြောင်းတစ်ရပ်မှာ နိုင်ငံတွင်း ရှိရှိသမျှမြေအားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်ရမည်ဟူသည့် မူဝါဒကြောင့် ဖြစ်ပေသည်။
            အခြားတစ်ဖက်တွင် လေ့လာသူဦးရေ၏ ၁၀% ကသာ အလယ်တန်းအဆင့်ပညာရေးရှိပြီး ၇၄% မှာ မူလတန်း ပညာရေးမျှသာ ရှိသည်။ ၁၅% မှာ စာမတတ်ကြ။ အချို့မှာ မွေးမြူရေးသင်တန်းကို တက်ဖူးခဲ့ကြသည်။ တောင်သူ ၇၀%ခန့် မှာ မွေးမြူရေးလုပ်လိုကြသည်။ ၆၀% မျှသောတောင်သူများမှာ မွေးမြူရေးဌာနမှ ကျွဲနွားကာကွယ်ဆေးထိုးခြင်းကို ရရှိကြ၏။ ကျွဲနွားများကို သင့်တော်သောဈေးနှင့် အမြတ်အစွန်းတစ်ခုရအောင် အလွယ်တကူရောင်းချ၍ ရသည်ဟုလည်း သိရသည်။

အဓိကပြဿနာ -
Ø မွေးမြူရေးလုပ်ငန်းအတွက် အဓိကပြဿနာမှာ စားကျက်နှင့် နွေရာသီများတွင် ချောင်းများအတွင်း ပင်လယ်ဆားငံရေများ ၀င်ရောက်ခြင်းကြောင့် သောက်ရေအလုံအလောက်မရခြင်း ဖြစ်၏။
Ø နွားမှောင်ခိုများရှိခြင်းကြောင့် ကျွဲခိုးနွားခိုးကိစ္စမှာလည်း အဓိကပြဿနာတစ်ရပ်ဖြစ်နေသည်။
Ø မွေးမြူရေးလုပ်ငန်းအတွက် စတင်ရင်းနှီးငွေမရှိခြင်းသည်လည်း အဓိက အဟန့်အတားတစ်ခုဖြစ်၏။
အကြံပြုချက် -
Ø ပညာပေးဝန်ထမ်းများခန့်ထားလျှက် ကျေးလက်များတွင် မွေးမြူရေးပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရန်
Ø ကျေးရွာအားလုံး၌ ပညာပေးလုပ်ငန်းများပြုလုပ်ရန် ငွေကြေးနှင့် လူအင်အားအလုံအလောက် ထောက်ပံ့ပို့ပေးရန်
Ø မွေးမြူရေးနှင့်ဆေးတက္ကသိုလ်တွင် ကျောင်းသားများကို သုတေသနနှင့် သရုပ်ခွဲအတတ်ပညာများကို ပိုမိုလေ့ကျင့် သင်ကြားပေးရန်
Ø မွေးမြူရေးအတတ်ပညာရှင်များကို ရေရှည်စီမံချက်ချကာ မွေးထုတ်ပေးရန်
Ø ကလေးငယ်များ၌ အခြေခံ မွေးမြူရေးဗဟုသုတများတိုးပွားစေရန် မူလတန်းနှင့် အလယ်တန်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားရန်
Ø တောင်သူများအား ကျွဲနွားမျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးရန်
Ø မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မွေးမြူရေးအစာကြိတ်စက်၊ မွေးမြူရေးဆိုင်ရာ ဆေးဝါးများ၊ အသားငါး သိုလှောင်ရာ အအေးခန်းများ၊ အသားပြုပြင်ရေးနှင့် နို့ထုတ်လုပ်ရေးစက်များကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာ နိုင်စေရေးအတွက် အားပေးရန်
Ø ကျေးလက်များတွင် လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် မွေးမြူရေးဆိုင်ရာ အခြား အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်
Ø မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ဈေးများနှင့် အလွယ်တကူ ဆက်သွယ်နိုင်ရန် နှင့် အသားဒိုင်များကို ကျေးလက်ဒေသများတွင် ဖွင့်လှစ်နိုင်ရန်
Ø ကျေးလက်နေလူတန်းစားများ၏ လူနေမှုအဆင့်အတန်းကို ထိန်းထားရန်၊ သဘာဝရင်းနှီးမြှုပ်နှံမှုများကို ပိုင်ဆိုင်နိုင်ရန် မွေးမြူရေးလုပ်ငန်း ထုတ်ကုန်သည်လည်း ကြီးမားသော အကြောင်းအချက်တစ်ခုဖြစ်သည်။
Ø သဘာဝရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပမှ အတွေ့အကြုံများနှင့် အကောင်းဆုံး လုပ်ပုံကိုင်နည်းများကို ယူငင်ရန်
Ø မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရန် တောင်သူများအား ချေးငွေအစီအမံများ ပြုလုပ်ပေးရန်
Ø နွားမွေးမြူရေးတောင်သူများအဖွဲ့၊ ၀က်မွေးမြူရေး တောင်သူများ အဖွဲ့ စသည်ဖြင့် အဖွဲ့များဖွဲ့လျက် တောင်သူများအကြား လူမှုကွန်ယက်ကို တည်ဆောက်ရန်
Ø မွေးမြူရေးလုပ်ငန်းအရေးကြီးပုံကို စာနယ်ဇင်း၊ ရုပ်မြင်သံကြားအထောက်အကူများသုံးလျှက် ပြည်သူအများသတိပြုမိလာရေး ကြိုးပမ်းရန်

ညကျတော့ ဦးလှရွှေ၊ ဦးရန်လင်း၊ ဦးမောင်မောင်တို့က ကျွန်တော့်ကို ညစာစားရန် လာခေါ်သည်။ ဘာတဲ့ သူတို့ ခေါ်သွားတာ။ ကောင်းကောင်း ဟော့ပေါ့ ဖြစ်ပါသည်။ ၁၂ ယောက်ခန်းကို ၅ ယောက်သာ စားသည့်အတွက် တစ်ယောက်နှစ်ပွဲ စားရမည့်ကိန်းဖြစ်၏။ မီးအပူပေးထားသည့် ဒန်အိုးထဲမှ ပွက်ပွက်ဆူနေသည့် ရေထဲသို့ ဟင်းသီးဟင်းရွက်များ၊ အသားငါးများ တစ်ခုပြီးတစ်ခု လာထည့်တာကို ကိုယ့်ပန်းကန်နှင့်ကိုယ် ခပ်ယူစားသောက်တာဖြစ်ပါသည်။ ထမင်းမပါ။ ဤဟင်းတစ်မျိုးတည်း ကို စားခြင်းဖြစ်၏။
သည်ဟော့ပေါ့ကို ယခုမှ ပထမဆုံးအကြိမ်စားဖူးခြင်း ဖြစ်ပါသည်။ ကျွန်တော့်အနေနှင့်တော့ သိပ်မထူးခြားလှ။ ကျွန်တော်တို့တောမှ တောဟင်းသီးဟင်းရွက်များကို ငါးနှင့်ရောချက်ထားသည့် ဟင်းလေးဟင်းသဘောပင်ဖြစ်၏။ သူကတော့ အမျိုးပိုစုံသည်။ ကျွန်တော်ဘုန်းကြီးကျောင်းတွင်နေခဲ့စဉ်က ညနေဘက်စားရသည့် ဟင်းပေါင်းစုံဟင်းနှင့် တူသလား မပြောတတ်။ သို့သော် ဟင်းပေါင်းစုံဟင်းက ချက်ပြီးသားဟင်းများကို စုပေါင်းစပ်ပေါင်းလုပ်ထားတာဖြစ်သဖြင့် အရသာစုံ ဖြစ်ပြီး သူကတော့ မချက်ရသေးသည့် အသီးအရွက်၊ အသားငါးစုံကို လတ်လတ်ဆတ်ဆတ် စုထည့်ခြင်းဖြစ်၏။
အတူစားကြ သောက်ကြရင်း ထွေရာလေးပါးများပြောကြသည်။ အကြောင်းအရာများမှာ ဟိုရောက် သည်ရောက်ပင် ဖြစ်သော်လည်း ဦးတည်ချက်မှာ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းလုပ်ဆောင်ကြရေး ဖြစ်ပါသည်။
၁ နာရီခွဲလောက် စားသောက် ပြောဆိုကြတာဆိုတော့ သိပ်မမှတ်မိတော့ပါ။ မှတ်မိသလောက်ပြောရလျှင် ကျွန်တော်ပြောတာ နှစ်ပိုင်းဖြစ်၏။ ပထမတစ်ခုက ကျောင်းပြင်ပပညာရေးဖြစ်ပြီး နောက်တစ်ပိုင်းက လူငယ်များကို ဦးစားပေးဘို့ ဖြစ်ပါသည်။ 



မြန်မာပြည်တွင် ကျောင်းပြင်ပပညာရေး မရှိသေးပါ။ ထို့ကြောင့် အကြောင်းကြောင်းကြောင့် ကျောင်းမနေနိုင်သူများ၊ ကျောင်းမပြီးလိုက်သူများသည် ဘွဲ့တစ်ခုယူရန် မလွယ်။ (အဝေးသင်တက္ကသိုလ်သည်ပင် ဆယ်တန်းအောင်မှ ရပါသည်။) ဤအထဲတွင် ကျွန်တော်နှင့်ဘေးချင်းကပ်ထိုင်နေသည့် ကိုမောင်မောင်လည်း တစ်ယောက်အပါအ၀င် ဖြစ်ပါလိမ့်မည်။
            တစ်နည်းအားဖြင့် အရည်အချင်းရှိသူများသည် တစ်နည်းနည်းဖြင့် ကျောင်းသင်ပညာရေးနှင့် လွဲသွားပါက ပညာဆက်သင်နိုင်ဘို့ အခွင့်အလမ်း ပိတ်လျှက်ရှိ၏။ သို့ဆိုလျှင် ထိုသူများအား ပညာဆက်သင်နိုင်သည့် အခြေအနေတစ်ခု ဖန်တီးမပေးနိုင်ဘူးလား။ (ကျွန်တော်က စင်ကာပူတွင်နေတာဆိုတော့ စင်ကာပူအကြောင်းပဲ ပြောရပါမည်။ အခြားနိုင်ငံများ အကြောင်း မသိပါ။ ဤသည်ကို နားလည်ပေးကြပါကုန်။)
            စင်ကာပူတွင် ကျောင်းမတက်ခဲ့ရသူများ၊ လုပ်ငန်းခွင်မှလူများအား ကျောင်းတက်နိုင်စေရန်၊ အရည်အချင်းရှိပါက အဆင့်မြင့်ပညာများ လေ့လာနိုင်စေရန် လမ်းဖွင့်ပေးထားပါသည်။ (စဉ်ဆက်မပြတ်ပညာသင်ယူရေးနှင့် လေ့ကျင့်ပေးရေးစနစ် - ဟူ၍ ကျွန်တော် ဆောင်းပါးတစ်စောင် ရေးထားပါသည်။ ကျွန်တော့် ဘလော့တွင် ဖတ်ကြည့်ကြပါကုန်။ Link: http://www.shwenyein.blogspot.sg/2013/06/blog-post.html)
            မြန်မာပြည်၌ လုပ်ငန်းခွင်အတွင်း ၀င်လုပ်နေသည့် ကျောင်းသင်ပညာရေးမရှိသော၊ ကျောင်းကို အတန်းကုန်အောင် မတက်ခဲ့ရသော လူငယ်၊ လူလတ်၊ လူကြီးလုပ်သား အများအပြားရှိလိမ့်မည်ကို ယုံမှားသံသယ ရှိရန်မလိုပါ။ သို့ဆိုလျှင် ထိုသူများသည် မိမိတို့အလုပ်များကို မျက်မှန်းနှင့် ရမ်းတုတ်နေမည့်အစား ဟောသည်ဟာကို ဘာကြောင့်လုပ်ရသည်ဟု သေချာဂဏစွာ တတ်မြောက်လာစေရန် အစိုးရမင်းများအနေနှင့် (အခြေခံဥပဒေလွန်ဆွဲပွဲ နှင့် သမ္မတလုပွဲများ ကျင်းပနေမည့် အစား) စိတ်ဝင်တစား လုပ်ဆောင်ပေးဘို့ မသင့်ပါလော။
            မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်မှ လူငယ်များအား သေချာကျနစွာ သင်ကြားပေးသည့် စနစ်မရှိ။ သင်္ဘောကျင်းများတွင် ဖွင့်လှစ်ပေးသည့် ဂဟေဆက်နည်းသင်တန်းမျိုး နှင့် အပြင် ပုဂ္ဂလိက သင်တန်းကျောင်းများတော့ ရှိပါသည်။ သို့သော် သူတို့ ဘယ်လို သင်နေကြသနည်း။ သူတို့သင်နေသည်မှာ စံနှုန်းမီမမီကို မည်သူစောင့်ကြည့် စစ်ဆေးပါသနည်း။ ဤသင်တန်းမှ ဆင်းလာသူများ မည်မျှအရည်အချင်းပြည့်ဝသည်ကို စစ်ဆေးသည့် စနစ်တစ်ခုရှိပါသလား။ ထိုသင်တန်းမှပေးလိုက်သော သင်တန်းဆင်းလက်မှတ်များသည် တကယ်ယုံကြည်စိတ်ချရသည့် လက်မှတ်များဖြစ်ပါသလား။ ထိုလက်မှတ်များအား အလုပ်ရှာသည့်အခါ တင်ပြလျှင် အလုပ်ရှင်က တန်ဘိုးထားပါသလား။ အထူးသဖြင့် အစိုးရ၀န်ထမ်းအဖြစ် လျှောက်လျှင် ထိုလက်မှတ်များကို အစိုးရဌာနများက အသိအမှတ်ပြုပါသလား။ ထိုလက်မှတ်ကိုင်ဆောင်ထားသူသည် ထိုလက်မှတ်နှင့် ညီမျှသည့်အရည်အချင်းရှိလိမ့်မည်ဟု ယုံကြည် စိတ်ချပါသလား။
            ဤနေရာတွင် မိတ်ဆွေများ ဗဟုသုတရစေရန် စင်ကာပူမှ National Competency Standard အကြောင်း မိတ်ဆက် ပေးပါမည်။ သို့မှသာ မိတ်ဆွေများအနေနှင့် ကျွန်တော်ဘာကိုဆိုလိုကြောင်း သဘောပေါက်မည်။
            National Competency Standard ကို WDA (Workforce Development Agency) မှ WSQ (Singapore Workforce Skills Qualifications) အစီအစဉ်အောက်၌ စီစဉ်ထားသည်။ ၎င်းကို သက်ဆိုင်ရာနယ်ပယ်များ (WSQ Framework) အလိုက် ခွဲထားသည်။ ထို့နောက် ကျွမ်းကျင်ရာနယ် (Competency Element) ကို ထပ်မံခွဲခြားသည်။ နောက် ကျွမ်းကျင်မှုအဆင့် (Competency Level) ကို ခွဲသည်။ ထို့နောက် မည်သည့် ဘာသာရပ်တွင် ကျွမ်းကျင်ရမည် (Competency Unit) ကို ထပ်မံသတ်မှတ်သည်။
            ယခု ကျွန်တော် အကြမ်းဖျဉ်းရှင်းပြပါမည်။ ပိုမို အသေးစိတ်သိလိုသူများ အောက်ပါ website တွင် ဖတ်ရှုနိုင်ပါသည်။
            သင်တန်းသားတစ်ဦးသည် ၎င်းစိတ်ဝင်စားသည့် ဘာသာရပ် (Competency Unit) ကို ရွေးချယ်တက်ရောက်နိုင် သည်။ သို့သော် ထိုသင်တန်းကို တက်ရောက်ရန် လိုအပ်သော ကျွမ်းကျင်မှု (Assumed Skills and Knowledge) (ဥပမာ - အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော အဆင့် - ၄၊ အတွက်အချက် အဆင့် ၃ စသည်) ရှိရန်လိုသည်။ အကယ်၍ ထို လိုအပ်ချက်များ မပြည့်ဝပါက ထိုသင်တန်းများကို ဦးစွာတက်ရမည်ဖြစ်၏။
            ထို့နောက် ထိုဘာသာရပ်တွင် ကျွမ်းကျင်ရမည့်ဘာသာခွဲများ (Competence Element) ကို သတ်မှတ်သည်။ ထို့နောက် ထိုဘာသာရပ်အတွက် သတ်မှတ်ထားသည် စွမ်းဆောင်နိုင်မှုစံ (Performance Criteria) များ ပြည့်မီရသည်။ ထိုစံများပြည့်မီရန် ထိုဘာသာရပ်ကို တတ်မြောက်ရန် မသိမဖြစ် သိထားရမည့် ဗဟုသုတ၊ အသိပညာများ (Underpinning Knowledge) ကို သိရမည်။ ထိုအသိပညာများထဲတွင် မည်သည့်အရာများပါဝင်သည် (Range of Context) ကို ပြဌာန်းပေး သည်။
            ကျွန်တော်က ဤကဲ့သို့စာသံပေသံနှင့်ပြောလိုက်သော် မိတ်ဆွေများ နားဝေးနေပေလိမ့်မည်။ ထို့ကြောင့် ဥပမာဖြင့် ရှင်းပါအံ့။ ဥပမာ - (အားလုံးမဟုတ်၊ နမူနာမျှသာ ဖြစ်ပါသည်)
ကျွမ်းကျင်မှု သင်တန်း - အစားအသောက် အန္တရာယ်ကင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး မူဝါဒနှင့် အစီအစဉ်များ 



            ယခု ဖိလစ်ပိုင်မှ ပြဌာန်းထားသည့် ဂဟေဆက်လုပ်သားတစ်ဦး၏စံနှုန်း ကို ဖော်ပြပါမည်။ ဘာသာမပြန်တော့ပါ။ (Ref: http://www.tesda.gov.ph/)




            Learning Outcome ဆိုသည်မှာ သင်တန်းပြီးသွားသည့်အခါ သင်တန်းသား တတ်မြောက်သွားမည့်အရာများ ဖြစ်သည်။
            သီရိလင်္ကာမှ ကျွမ်းကျင်လုပ်သားများ၏စံနှုန်းမှာ အောက်ပါအတိုင်း ဖြစ်၏။



ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် သင်တန်းများကို နိုင်ငံတော်အဆင့်စံနှုန်းများသတ်မှတ်လျက် တစ်နိုင်ငံလုံး တပြေးညီဖြစ်စေရန်၊ သင်တန်းမှဆင်းလာသူများသည် (လက်မှတ်တစ်ခုရလာရုံမျှ မဟုတ်ဘဲ) တကယ်တတ်ကျွမ်းသော လုပ်သားများ ဖြစ်လာစေရန် အဆောတလျင် လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။
            နောက်တစ်ချက်မှာ လူငယ်များအား ပြုစုပျိုးထောင်ပေးဘို့ ဖြစ်၏။
            ကျွန်တော်တို့လူ့အဖွဲ့အစည်းသည် ကလေးသူငယ်၊ လူငယ်များအား ဦးစားပေးတတ်သည့် အလေ့မရှိ။ ကလေးများ အား လူရာမသွင်း။ ကလေးများ ပျော်ရွှင်စွာ ကစားခုန်စားနေလျှင်ပင် ဒီကလေးတွေ၊ ဆူကိုဆူတယ်၊ ဝေးဝေးသွား ကစားချေကြ ဟု နှင်လွှတ်တတ်သည်။ ကလေးများမသိ၍မေးလျှင်ပင် သေချာကျနစွာ အဖြေမပေးဘဲ ရှည်ကိုရှည်တယ်ဟု မာန်မဲလွှတ်တတ်၏။
            ယခုခေတ်ပေါက်ကလေးများမှာ စနစ်၏သားကောင်များဖြစ်လျှက် (တော်တည့်ထက်မြက်သည့်၊ ထူးချွန်သည့် လူငယ်များရှိစေကာမူ) အများစုမှာ လက်မှတ်များကိုင်ထားလျှက်၊ အတန်းပညာများ အောင်ပါလျှက် အရည်အချင်း နုံ့နဲ့ကြသည်။ (ကျွန်တော်ဤသို့ပြောသည်ကို လူငယ်များ မနာပါနှင့်ခင်ဗျား။ ကောင်းစေလိုသည့် စေတနာနှင့် ပြောခြင်း ဖြစ်ပါသည်။) ဤသည်ကို ခေတ်ပညာတတ် လူကြီးများက “အလကားကောင်တွေ၊ ဘွဲ့တွေသာရလာတယ်၊ ဘာမှတတ်တာ မဟုတ်ဘူး” ဟု ကဲ့ရဲ့သဂြိုဟ်၊ အတင်းဆိုကြကုန်သည် မဟုတ်ပါလော။
            ဒီမှာကိုမောင်မောင်ရဲ့၊ ကလေးတွေကို မင်းတို့ ဘာအသုံးကျတဲ့ကောင်တွေလဲ လို့ ဘယ်တော့မှ မပြောလေနဲ့။ အဲဒီအခါ အဲဒီကလေးရဲ့စိတ်ထဲမှာ သူတို့ကိုယ်သူတို့ ငါဟာ အသုံးမကျတဲ့ကောင်ပါလားလို့ သိမ်ငယ်စိတ်၊ အားလျော့စိတ်၊ အပျက်စိတ်တွေ ၀င်သွားလိမ့်မယ်။ အဲဒီစိတ်ဝင်သွားရင် သူတို့ တိုးတက်လမ်း ပိတ်သွားလိမ့်မယ်။ အဲဒီ ကလေးတွေမှာ ကြိုးစားချင်စိတ် ပျောက်သွားလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့လူကြီးတွေ ကြပ်ကြပ် သတိထားဘို့ လိုလိမ့်မယ် ဟု ကျွန်တော်က ကိုမောင်မောင်ကို ပြောခဲ့ပါသည်။
            ထို့နောက် သူတို့နှင့်အတူပါလာသည့် လူငယ်ကလေးကို ဒီမယ်၊ မောင်ဘယ်သူရဲ့၊ မသိတာဟာ ရှက်စရာမဟုတ်ဘူး။ လူပဲကွ၊ ဘုရားမှမဟုတ်တာ။ ဘယ့်နဲ့ အကုန်သိလိမ့်မလဲ။ မသိတာကို သိချင်ယောင်ဆောင်နေတာကမှ ရှက်စရာ ကောင်းတာ။
            မသိတဲ့သူဟာ သူ့ကိုယ်သူ ငါမသိပါလားလို့ ၀န်ခံရင် သိဘို့ အခွင့်အလမ်းရှိတယ်။ မသိတဲ့အတွက် သိအောင် ကြိုးစားလာရင် သိတဲ့သူ ဖြစ်လာလိမ့်မယ်။ အဲဒီသူဟာ ဖွင့်ထားတဲ့အိုးနဲ့တူတယ်။ အိုးကိုဖွင့်ထားတဲ့အတွက် ဘာထည့်ထည့် လက်ခံနိုင်တယ်။
            ဒါပေမဲ့ မသိတာကို သိချင်ယောင်ဆောင်နေတဲ့သူဟာ ပိတ်ထားတဲ့အိုးနဲ့တူတယ်။ သူ့မှာ လက်ခံလိုစိတ်မရှိတဲ့ အတွက် ဘာထည့်လို့ရမလဲ။ ဘာမှထည့်လို့မရတဲ့အတွက်လည်း သိတဲ့သူဖြစ်လာဘို့လမ်းစနဲ့ ဝေးသွားတယ်။ အဲဒါ အင်မတန် ကြောက်စရာကောင်းတယ်။ မသိလေလေ၊ ကိုယ်မသိကြောင်း လူသိမှာကြောက်လို့၊ ရှက်လို့ သိချင်ယောင်ဆောင်လေလေ၊ ပိုပြီးမသိလေလေနဲ့ မသိခြင်း သံသရာလည်နေတယ်။ အဲဒီလူဟာ ကိုယ့်အနာဂတ်ကို ကိုယ်ဖျက်ဆီးနေတာပဲ။
            အဲဒီနေရာမှာ သိတာနဲ့မသိတာကို ကွဲကွဲပြားပြားနားလည်ဘို့ လိုတယ်။ တချို့ သိသလိုလိုရှိတယ်။ ဒါပေမဲ့ တကယ် မေးတဲ့အခါ ကောင်းကောင်းမဖြေနိုင်ဘူး။ အဲဒါဆိုးတယ်။
            နည်းနည်းသိခြင်းသည် အန္တရာယ်များ၏ ဆိုတဲ့ အင်္ဂလိပ်စကားပုံရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နည်းနည်း လောက် သိထားတဲ့အတွက် သူ့ကိုယ်သူ သိလှပြီထင်ပြီး ဆက်မလေ့လာတော့ဘူး။ အဲဒီတော့ သိဘို့လမ်း ပိတ်သွားတယ်။ အဲဒါကြောင့် သိနိုင်တဲ့လမ်းစမရှိတော့လို့ အန္တရာယ်များတယ်လို့ ဆိုတာပဲ။
            အဲဒါကြောင့် မသိရင်သိအောင်လုပ်ပါ။ သိသလိုလိုဖြစ်နေတာဟာ မသိတာပဲ။ သိတော့သိတယ်၊ ဒါပေမဲ့ သေသေချာချာ မသိဘူး၊ အဲဒါလည်း မသိခြင်းတစ်မျိုးပဲ။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့။ ရိုးသားပါ။ ကိုယ့်ကိုယ် ကိုယ် ညာနေတဲ့လူ ဘယ့်နှာလုပ် တိုးတက်နိုင်မလဲ။
            ကျွန်တော်တို့သည် ထိုမသိသော သကောင့်သား၊ သကောင့်သမီးကလေးများကို ရှုတ်ချသာနေရမည်။ သူတို့သိလာ အောင် ငါတို့လုပ်ပေးမဟဲ့ဟု လက်တွေ့လုပ်ပေးသူ ဘယ်နှစ်ယောက်ရှိပါသနည်း။ သူတို့ကိုရှုတ်ချနေသော ကျွန်တော်တို့ ကိုယ်နှိုက်ကရော ဘယ်လောက်များ သိနေလို့ပါနည်း။ ကျွန်တော်က ကျွမ်းကျင်သူ (competent person) ဆိုသည်ကို ရှင်းပြခဲ့ ပါသည်။
            Competent person ကို ASK ဆိုတဲ့ အရည်အသွေးသုံးမျိုးနဲ့ သတ်မှတ်ထားတယ်။
            K - ဆိုတာက Knowledge (အသိပညာ)
S - ဆိုတာက Skill (ကျွမ်းကျင်မှု)
            A - ဆိုတာ Attitude (စိတ်နေသဘောထား)

            ဟောဟိုက ငါတို့ကို ဟော့ပေါ့ပြင်ပေးနေတဲ့ ကလေးဟာ ဒီဟော့ပေါ့ကို စားဘို့ ဘယ်လို (ဇွန်း၊ ခက်ရင်းစသည်) ပစ္စည်းတွေလိုမလဲဆိုတာ သိတယ်။ ဘယ်နေရာမှာ ဘာချရမလဲဆိုတာ သိတယ်။ အိုးကို မီးအပူချိန် ဘယ်လောက်ပေးထားရ မလဲ ဆိုတာ သိတယ်။ ဒီအိုးထဲကို ထည့်ဘို့ ဘယ်ပစ္စည်းတွေလိုမလဲဆိုတာ သိတယ်။ ဘယ်ပစ္စည်းကို အရင်ထည့်ပြီး ဘယ်ပစ္စည်းကိုတော့ ဘယ်အချိန်ကျမှထည့်ရမယ်ဆိုတာ သိတယ်။ အဲဒါက knowledge ။ ဒါက စာတွေ့အသိ။
နောက်ပြီး အဲဒီပစ္စည်းတွေ အိုးထဲကို မဖိတ်မစဉ်အောင် သူထည့်တတ်တယ်။ ပန်းကန်ထဲကို သောက်ချင့်စဖွယ် ဖြစ်အောင် ဟင်းအမယ်တွေနဲ့ ထည့်ပေးတတ်တယ်။ ဒါက skill။ လက်တွေ့အသိ။
            နောက်ပြီး သူဟာ သူ့အလုပ်သူလုပ်တယ်။ ငါတို့ ပန်းကန်ထဲမှာ ဟင်းရည်လျော့သွားရင် လိုက်ထည့်ပေးတယ်။ အိုးထဲမှာ အဆာတွေလျော့သွားရင် မပြတ်အောင် ထည့်ပေးတယ်။ ခြုံပြောရရင် ဟောသည်တစ်ဝိုင်းလုံးကို ဘာတွေ လိုနေသလဲလို့ကြည့်ပြီး မပြတ်လုပ်ပေးနေတယ်။ အဲဒါ attitude။ ကိုယ့်အလုပ်ကို စိတ်ပါဝင်စားမှု။
            အဲဒါပဲ competent person ဆိုတာ။
            ဆိုတော့ တကယ်တတ်တဲ့သူ၊ ကျွမ်းကျင်တဲ့သူဖြစ်ဘို့ အဲဒီအရည်အချင်းသုံးရပ် ပြည့်စုံဘို့လိုတယ်။ စာတွေ့ရော၊ လက်တွေ့ရော၊ ကိုယ့်အလုပ်ကိုကိုယ် တန်ဘိုးထားတတ်မှုရော၊ အကုန်ပါတယ်။
            ကျွန်တော်တို့ဟာ လူငယ်တွေကို ရှုတ်ချနေမဲ့အစား ထူးချွန်ထက်မြက်တဲ့ လူငယ်တွေဖြစ်လာဘို့ လေ့ကျင့်ပျိုးထောင် ပေးဘို့၊ သင်ကြားပြသပေးဘို့ လိုနေသဗျ - ဟု ဆိုကာ ည ကိုးနာရီလည်း ကျော်နေပြီမို့ စကားဝိုင်းကို အဆုံးသတ်လိုက်ရ ပါသည်။

(၁၅) Skynet နှင့် အင်တာဗျူး

            FSWG စာတမ်းဖတ်ပွဲတွင် ပိုးသတ်ဆေးအကြောင်း ထ အကြံပြုတင်ပြလိုက်တော့ ထိုအခမ်းအနားသို့ ရောက်နေ သည့် စကိုင်းနက်က ကျွန်တော့်ထံလာကာ မိတ်ဆက်လျှက် ဤပိုးသတ်ဆေးသုံးစွဲမှုနှင့်ပတ်သက်၍ စကိုင်းနက်တွင် လွှင့်ရန် အင်တာဗျူးလိုကြောင်း ပြောလာသဖြင့် ကိုယ်က သဘက်ခါပြန်မှာ။ ကိုရင်တို့အချိန်ပေးနိုင်မယ်ဆိုရင် မနက်ဖြန်မနက် လာနိုင်ရင်တော့ ဖြစ်နိုင်ပါတယ် ဟု ပြောလိုက်သည်။ သူတို့ကလည်း ရပါတယ်၊ မနက်ဖြန်မနက် ၁၀ နာရီလောက် လာခဲ့ပါမည် ဟု ဆို၏။
            ၃၁ - ၁၂ - ၂၀၁၃ နံနက် ၁၀ နာရီခွဲခန့်တွင် သူတို့ ရောက်လာပါသည်။ ထို့နောက် ဗီဒီယိုရိုက်လို့ကောင်းမည့် အနေအထား ရှာဖွေပြင်ဆင်ကြပါသည်။ ကျွန်တော်က အင်တာဗျူးမည့် ကောင်မလေးကို မေးခွန်းလေးခု ပြင်ပေးသည်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ စရိုက်ကြပါသည်။




ကျွန်တော်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကင်ဆာရောဂါအဖြစ်အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေခြင်းမှာ ကောင်းသော လက္ခဏာမဟုတ်ကြောင်း အစချီကာ ပြောပါသည်။ ကျွန်တော်ပြောခဲ့သည်များကို ပြန်ပြောင်း ဖောက်သည်ချ ရလျှင် အောက်ပါအတိုင်း ဖြစ်၏။
            ၂၀၁၃ သြဂုတ်လက စာရေးဆရာကြီးများ ကင်ဆာရောဂါဖြင့် ကွယ်လွန်ကြရခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ရပ် တစ်ခုပင်ဖြစ်ပါသည်။ ကင်ဆာရောဂါဖြစ်ရသည့်အကြောင်းများအနက် တစ်ချက်မှာ အစားအသောက်များ မသန့်ရှင်းမှု၊ ဓာတုဆေးနှင့် ပိုးသတ်ဆေးကြွင်းများ အများအပြားပါဝင်နေမှုကြောင့် ဖြစ်၏။ ဆရာဦးရန်လင်း၏ စာတမ်းအရ တောင်သူ အများစုမှာ ပိုးသတ်ဆေးနှင့်ပတ်သက်၍ သင်တန်းများလည်း ပေးထားခြင်းမရှိ။ ဗဟုသုတလည်း မရှိကြရကား မိမိမသိသော ပိုးသတ်ဆေးကို အချိုးအဆ မမှန်စွာ ရမ်းသုံးနေကြသည်။ ထိုအခါ ထိုပိုးသတ်ဆေးဖြန်းထားသည့် အသီးအရွက်များကို စားမိသူ အများစုမှာ ကင်ဆာအပါအ၀င် ရောဂါများ ဖြစ်ကြရသည်။
            ပိုးသတ်ဆေး ရောင်းချသူများအနေနှင့် မိမိတို့ရောင်းသည့် ပိုးသတ်ဆေးများအကြောင်း ကောင်းကောင်းသိအောင် လုပ်ထားရမည်။ ထို့နောက် ထိုပိုးသတ်ဆေးကို လာဝယ်သူများအား ပိုးသတ်ဆေးကို ကိုင်တွယ်ပုံ၊ သိုလှောင်ပုံ၊ အန္တရာယ် ကင်းစွာ အသုံးပြုပုံ၊ စနစ်တကျ စွန့်ပစ်ပုံတို့ကို သေချာကျနစွာ ရှင်းပြရမည်။ ထိုအချက်များကို ပုံနှိပ်ကာ ၀ယ်သူအားလုံးကို ပိုးသတ်ဆေးနှင့်တကွ ထည့်ပေးလိုက်ရမည်။ 
            တောင်သူများအနေနှင့်လည်း မိမိတို့သုံးစွဲနေသည့် ပိုးသတ်ဆေးအကြောင်း မည်သည့်အချိုးအစားအတိုင်း ရေနှင့် ရောစပ်ရမည်။ အန္တရာယ်ကင်းအောင် မည်ကဲ့သို့ ထားသိုမည်၊ မည်ကဲ့သို့ကိုင်တွယ်မည်၊ မည်ကဲ့သို့ ဆေးဖြန်းမည် စသည်တို့ ကို ကြားဖူးနားဝနှင့်မဟုတ်ဘဲ သေချာကျနစွာ သိထားရန်လိုသည်။
            ပိုးသတ်ဆေးများအကြောင်းကိုမူ ကျွန်တော်ရေးထားပြီးပြီမို့ ထပ်မရေးတော့ပါ။ အသေးစိတ်သိလိုသူများ ကျွန်တော့် blog တွင် ဖတ်နိုင်ပါသည်။ Link : http://www.shwenyein.blogspot.sg/2012/11/blog-post_13.html
            နောက်တစ်ခု ကျွန်တော်ပြောသည်မှာ ထိုပိုးသတ်ဆေးများကို ထိန်းချုပ်ရန် အစိုးရ၏ အခန်းကဏ္ဍဖြစ်ပါသည်။ ယခု Pesticide Act (ပိုးသတ်ဆေးဥပဒေ) ရှိပြီးဖြစ်ပါသည်။ ကျွန်တော့်သဘောအရ ပြောရပါမူ ပိုးသတ်ဆေးဥပဒေဟု မဖြစ်သင့်။ အန္တရာယ်ရှိသောပစ္စည်းများဥပဒေ သာ ဖြစ်ရမည်ဖြစ်ပြီး ပိုးသတ်ဆေးအတွက်မူ ထိုဥပဒေအောက်မှ ပိုးသတ်ဆေးနည်းဥပဒေ ဟု ပြဌာန်းရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက Pesticide Act, Insecticide Act, Weedicide Act, Lavaecide Act, Rodenticide Act စသည်ဖြင့် ဥပဒေများ ဖောင်းပွနေပေလိမ့်မည်။ ထို Pesticide, Insecticide, Weedicide, Lavaecide, Rodenticide စသည်တို့သည် Hazardous Material Management Act အောက်တွင် ပါရမည့် Regulaion များသာ ဖြစ်သင့် ပါသည်။
အန္တရာယ်ရှိသောပစ္စည်းများ ဟူသည် -
Ø   လူနှင့် တိရိစ္ဆာန်များအတွက် အန္တရာယ်ရှိ
Ø   သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိ
Ø   မီးလောင်နိုင်သော၊ ပေါက်ကွဲနိုင်သော၊ ရေဒီယိုသတ္တိကြွနိုင်သော၊ အဆိပ်သင့်နိုင်သောပစ္စည်းများ အားလုံး

အစိုးရမှ အရေးတကြီးထားဆောင်ရွက်ရန် -
v  အန္တရာယ်ရှိသောပစ္စည်းများအား ထိန်းချုပ်ခြင်းဥပဒေကို ပြဌာန်းပေးရန်
v  ထိုဥပဒေအောက်တွင်မှ ပိုးသတ်ဆေးနည်းဥပဒေ၊ ပေါင်းသတ်ဆေး နည်းဥပဒေ၊ ကြွက်သတ်ဆေး နည်းဥပဒေ၊ မှိုသတ်ဆေးနည်းဥပဒေ စသည့်နည်းဥဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြဌာန်းရန်
v  မြန်မာတစ်ငံလုံးတွင် သုံးစွဲနေသည့် အန္တရာယ်ရှိသောပစ္စည်းများအား စာရင်းပြုစုရန်
v  မည်သူတို့ကတင်သွင်းသည်။ မည်သူတို့က သယ်ဆောင်သည်။ မည်သူတို့က သုံးစွဲနေသည် စသည်တို့ကို စစ်တမ်းကောက်ယူရန်
v  လိုင်စင်ရှိသူများအားသာ တင်သွင်းခွင့်၊ ရောင်းချခွင့်၊ သယ်ဆောင်ခွင့် ပြုရန်
v  တရားမ၀င်တင်သွင်းလာသည့် အန္တရာယ်ရှိသောပစ္စည်းများအား သိမ်းဆည်းဖျက်ဆီးပစ်ရန်။
v  အန္တရာယ်ရှိသောပစ္စည်းများအား တရားမ၀င် တင်သွင်းလာသူများကိုလည်း ထိရောက်စွာ အရေးယူရန်
v  မှတ်ပုံတင်မထားသည့် အန္တရာယ်ရှိသောပစ္စည်းများအား သုံးစွဲခြင်းမပြုရန်၊ တွေ့ရှိပါက တာဝန်ရှိသူများအား သတင်းပေးရေး အများပြည်သူများကို ပညာပေးရန်
v  တင်သွင်းခွင့်၊ ရောင်းချခွင့်၊ သယ်ဆောင်ခွင့်ပြုထားသူများအား အန္တရာယ်ရှိသောပစ္စည်းများအား အန္တရာယ်ကင်းစွာ ကိုင်တွယ်၊ သိုလှောင်၊ သယ်ယူခြင်းများအကြောင်း သင်တန်းပေးထားရန်
v  ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ကြွက်သတ်ဆေး စသည့် အန္တရာယ်ရှိသောပစ္စည်းများအား ကိုင်တွယ်သုံးစွဲနည်း သင်တန်းများကို တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့် သင်တန်းများပို့ချပေးရန်
v  ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ကြွက်သတ်ဆေး စသည့် အန္တရာယ်ရှိသောပစ္စည်းများအား ကိုင်တွယ်သုံးစွဲနည်း လက်ကမ်း စာစောင်များ၊ ပိုစတာများကို စောင်ရေ သိန်းနှင့်ချီရိုက်နှိပ်ကာ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ဝေပေးရန်
v  အန္တရာယ်ရှိသောပစ္စည်းများအား ကိုင်တွယ်သုံးစွဲရာတွင် ၀တ်ဆင်ရမည့် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများအား သင့်တင့်သောဈေးနှုန်း ဖြင့် ကျေးရွာများအရောက် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးရန်၊ ထိုပစ္စည်းများအား စနစ်တကျ ၀တ်ဆင်နည်းများကို သင်တန်းများပေးရန်

ကျွန်တော်ပြောတာ အတော်စုံပါသည်။ သူတို့က တည်းဖြတ်ပြီးလျှင် ဗီဒီယိုခွေလာပေးမည် ဆို၏။ တစ်ပတ်အတွင်း လွှင့်မည်ဟုလည်း ဆိုပါသည်။ သို့သော် ကျွန်တော်တို့အိမ်တွင် စကိုင်းနက်မရှိသဖြင့် မကြည့်လိုက်ရ။ ဘယ်နေ့က လွှင့်သွား မှန်းလည်း မသိ။ အကယ်၍ ဗီဒီယိုခွေရပါက ကျွန်တော် youtube တွင် upload လုပ်ပါမည်။
           
            ဤသည်မှာ မြန်မာပြည်ပြန်စဉ် ဆယ်ရက်အတောအတွင်း ကျွန်တော် လှုပ်ရှားခဲ့သည်များ ဖြစ်ပါသည်။ ဇန္န၀ါရီလ ၁ ရက်နေ့တွင် မူရင်းဌာနေမှ မူရင်းဌာနေမဟုတ်သောနေရာသို့ ပြန်လည် ထွက်ခွာခဲ့ရပြန်ပါ၏။ မူရင်းဌာနေမဟုတ်သော နေရာသည်ပင် ကျွန်တော်တို့အတွက် မူရင်းဌာနေဖြစ်နေပြန်ပါတော့သည် တမုံ့။

မမောမပန်းဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

ပြီးပါပြီ။

အေးငြိမ်း
၁၂ ဇန္န၀ါရီ၊ ၂၀၁၄။ ည ၁၁း၁၉ နာရီ 

No comments: