(၁)
ကျွန်တော်သည် နိုင်ငံရေးသမားလည်းမဟုတ်၊
နိုင်ငံရေး ကျွမ်းကျင်သူလည်းမဟုတ်၊ နိုင်ငံရေးစာရေးဆရာလည်း မဟုတ်ပါ။ မြန်မာနိုင်ငံအကြောင်း
သိလိုစိတ်ဖြင့် နိုင်ငံရေးစာရေးဆရာများ ရေးသားသည့်ဆောင်းပါးများကိုဖတ်သည့် သာမန်စာဖတ်သူတစ်ဦးမျှ
ဖြစ်ပါသည်။ ကျွန်တော် သည်အကြောင်းများနှင့် ဝေးဝေးနေပါသည်။ ကိုယ်မကျွမ်းကျင်သည့် အတွက်လည်း
မရေးပါ။
သို့သော် လက်ရှိဖြစ်ပျက်နေသည့်
အခြေအနေအပေါ် ကျေနပ်အားရခြင်းမရှိသဖြင့် ရင်နှင့်မဆန့်သောကြောင့် ရေးရပါသည်။ ဤစာကိုဖတ်မိသူများအနေနှင့်
ကျွန်တော်နှင့် သဘောတူရမည်ဟု မဆိုလို။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။ ဤအယူအဆများမှာ
ကျွန်တော်တစ်ဦးတည်း၏ အတ္တနောမတိမျှသာ ဖြစ်ပါကြောင်း။
(၂)
ကျွန်တော်တို့
သမိုင်းကို သင်ခဲ့ကြရသည်။ သို့သော် သမိုင်းထဲမှ သင်ခန်းစာမယူနိုင်ကြသေး။ ကျွန်တော်တို့နိုင်ငံတွင်
အမှားပေါင်းများစွာကို ပြုလုပ်ခဲ့ကြပြီ။ သို့သော် သည်အမှားများကို နမူနာယူ၍ အမှန်ရောက်အောင်
ပြင်မည် မစဉ်းစားကြသေး။
အင်္ဂလိပ်တို့က
စီမံကိန်းချကာ မြန်မာနိုင်ငံကို မုံ့စိမ်းပေါင်းလှီးသကဲ့သို့ အကွင်းလိုက်လှီးကာ သိမ်းပိုက်ရန်
ကြံစည် နေကြချိန်၌ ကျွန်ုပ်တို့ မြန်မာဘုရင်များမှာ အချင်းချင်းနန်းလုလို့ ကောင်းနေကြသည်။
အင်္ဂလိပ်များအား ခုခံရန် တစ်နိုင်ငံလုံးကို စုရုံးကာ တော်လှန်ကြရမည့်အစား တော်တည့်ထက်မြက်သူမှန်သမျှကို
သုတ်သင်ပစ်နေခဲ့ကြသည်။
အင်္ဂလိပ်တွေ
ချီလာတော့ မက္ခရာမင်းသားကြီးကိုလွှတ်ပြီး သံခင်းတမန်ခင်းစကားပြောခိုင်းမည်၊ သို့မှမရလျှင်
သုံးဆယ်မင်းသားကို ဘယ်နေရာက စောင့်တိုက်ခိုင်းမည်၊ ဘယ်မင်းသားကတော့ ဘယ်တပ်ကို ဘယ်လိုအုပ်စီးပြီး
ဘယ်နေရာက ခံတိုက်၊ ဘယ်သူက နန်းတော်ကိုစောင့်၊ ဘုရင်နဲ့မိဖုရားကို ဘယ်ကိုပို့ပြီး စောင့်ရှောက်၊
ဘယ်မင်းသမီးကတော့ ဘယ်နိုင်ငံကိုသွား မဟာမိတ်ဖွဲ့ချေ . . . စသဖြင့် စစ်ဗျူဟာများ ခင်းကျင်းရမည့်အချိန်တွင် ကျူပင်ခုတ်ကျူငုတ်မကျန်စေနဲ့ဟု
ဆိုကာ ရှိရှိသမျှမင်းညီမင်းသားအပေါင်း၊ တော်တည့်ထက်မြက်သူ အပေါင်းတို့ကို ၎င်းတို့၏ နောက်လိုက်နောက်ပါများပါ
မကျန် လည်မျိုကို တုတ်တိုနှင့် နှက်ခဲ့သည်။
ပြီးခဲ့တာတွေ
ပြီးပါစေတော့။ သို့သော် ပြီးပြီးပျောက်ပျောက်တော့ ထားလိုက်လို့မဖြစ်။ ဤအမှားများပေါ်မှ
သင်ခန်းစာ ယူရမည်။ မည်ကဲ့သို့ သင်ခန်းစာယူရမည်နည်း။
(၃)
ယခင်က
မြန်မာနိုင်ငံကို သိမ်းပိုက်တာ အင်္ဂလိပ်တစ်ဦးတည်းဖြစ်ပြီး လက်နက်နှင့် စစ်တပ်ကြီးတွေနှင့်
ဆိုတော့ မြင်သာထင်သာ ရှိသည်။
ယခု တစ်ဦးတည်းမဟုတ်။
မြန်မာနိုင်ငံကို အမဲဖျက်ဖို့ ချောင်းနေသူတွေ မြန်မာနိုင်ငံ ပတ်ပတ်လည်မှာ ရှိသည်။ မဖွံ့ဖြိုးခြင်း၏ရလဒ်အဖြစ်
မပျက်စီးသေးဘဲ သဘာဝအတိုင်း အတော်များများကျန်နေသေးသည့် မြန်မာနိုင်ငံကို သွားရေ တမြားမြားကျကာ
မက်ဒေါ်နယ်ထဲထည့်မည့် ခရမ်းချဉ်သီးကဲ့သို့ အကွင်းလိုက်၊ အကွင်းလိုက်လှီးပြီး ၀ါးမည့်သူတွေ
ကြွက်ကို ကြောင်ချောင်းသလို ချောင်းနေကြသည်။
အင်္ဂလိပ်တွေက
စစ်တပ်ကြီးတွေနှင့်ဝင်လာတာ ထင်သာမြင်သာရှိသည်။ သို့သော် ယခုခေတ်က စစ်တပ်နှင့် လက်နက်ကြီးတွေနှင့်
နိုင်ငံထဲဝင်ပြီး ၀င်တိုက်သည့်ခေတ် မဟုတ်တော့။ မြင်ရခက်သည့်၊ သာမန်လူများ နားမလည်နိုင်သည့်
စီးပွားရေး မဟာဗျူဟာ၊ နည်းဗျူဟာများကို လက်နက်သဖွယ် အသုံးချကာ ကျွန်ုပ်တို့နိုင်ငံထဲရှိသမျှ
အကုန်သယ်သွားမှာ ဖြစ်သည်။
AFTA ဆိုပြီး
ဘယ်သူတွေ ဘာတွေလုပ်ဖို့ ကြံစည်နေပြီမသိ။ ဘယ်လိုတွေ အကွက်ချပြီး ဘယ်လို ကန်ထရိုက်စာချုပ်
တွေ သူတို့စိတ်ကြိုက်ပြင်ဆင်နေကြပြီ မသိ။ ကျွန်တော်တို့မှာတော့ ခုထိ အိမ်ကြက်အချင်းချင်း
ခွပ်လို့ကောင်းကြတုံးဖြစ်သည်။ အချင်းချင်း အပုပ်ချလို့ ကောင်းတုံးဖြစ်သည်။ ငြင်းလို့
ခုန်လို့ ကောင်းတုံးဖြစ်သည်။ အဲယားကွန်းခန်းကြီးထဲတွင် အိပ်ငိုက်လို့ ကောင်းတုံးဖြစ်သည်။
သူ့တာဝန်ဝတ္တရားတွေက ဘာတွေလဲဟု မစဉ်းစား၊ မသုံးသပ်ဘဲ။ သူ့ကိုဘာတွေခိုင်းသင့်သလဲ ဟု မတွေးတော၊
ဒါ သူ့လုပ်ရမည့်အလုပ်လား၊ မလုပ်ရမည့်အလုပ်လား မဝေဘန်ပါပဲလျှက် သိန်း ၁၀၀၀ ပေးခါ ဒုက္ခများခိုင်းတုံး
ရှိသေးသည်။
မြစ်ဆုံကိစ္စမေးတော့
သူတို့ဘယ်လိုတွေ စာချုပ်ထားသလဲဆိုတာ ကျွန်မမှ မသိဘဲ။ ဘယ်လိုလုပ်ပါလို့ ဘယ့်နှယ် ပြောနိုင်ပါ့မလဲ
ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောတော့ ကျွန်တော် မအံ့သြတော့ပါ။ သူလိုလူမျိုးတောင် မသိသေးတာ
ကျွန်တော်တို့လို ငချွတ်အဖို့ ဘယ်နှာလုပ် သိနိုင်ပါ့မတုံး။ သည်စာချုပ်ထဲမှာ အဆီတစ်ထပ်၊
အသားတစ်ထပ် ဖြစ်နေသည့် မြန်မာ့မြေကို အစိမ်းလိုက် ၀ါးစားတာကို သဘောတူပါမည်ဟူသော စာကြောင်းများ
မည်မျှပါနေသည်ကို မည်သူ သိနိုင်ပါသနည်း။ မြန်မာ့မြေများကို ကားကြီးကားငယ်အသွယ်သွယ်နှင့်
သူရို့နိုင်ငံထဲသယ်သွားတာ ဗီဒီယိုမှာ အတိုင်းသား တွေ့ရတော့ ကျွန်တော့်ရင်များ တစစ်စစ်နာကျင်လှပါသည်။
ကိုယ့်နိုင်ထဲလာပြီး ဒီစီမံကိန်းကို မဖြစ်ဖြစ်အောင်ပြန်စမယ် ဟု စော်ကားမော်ကားပြောသည်ကို
ကျွန်တော်တို့က အဘယ်ကြောင့် လုံးဝမစဘူး၊ အပြီးရပ်ပစ်မယ် ဟု မပြောနိုင်ရလောက် အောင်
ဘယ်လောက်များ စကားတွေ လွန်ထားပြီးပြီလဲ။
ပြီးခဲ့သည့်
၂၀၁၃၊ မတ်လကဖွင့်ခဲ့သော ရွှေဓာတ်ငွေ့ပိုက်လိုင်းတုံးက မြန်မာအလုပ်သမားများကို မခန့်ခဲ့ပါ။
နောက်မှ ပူညံပူညံဖြစ်လာသဖြင့် ထမင်းချက်၊ ရေခပ်လောက် မဖြစ်စလောက်ခန့်။ စီမံကိန်းလက်စသပ်တော့မှ
မြန်မာ အင်ဂျင်နီယာများ ကို ဘယ်လောက်ခန့်တယ် ဘာညာဖြစ်လာတာ ဖြစ်ပါသည်။
(ကိုနေမျိုးမောင်က ခင်ဗျား
ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဒီပိုက်လိုင်းအကြောင်းပြောလိုက်တော့မှ MOGE ကလူတွေ သွားစစ်တာတွေ
ဘာတွေလုပ်လာတာ။ အဲဒီနောက်မှ မကောင်းတတ်လို့ မြန်မာတွေကို သူတို့ပရောဂျက်မှာခန့်တာဗျ
ဟု ပြောပါသည်။ သူပြောတာ ဘယ်လောက်မှန်သလဲ ကျွန်တော်မသိပါ။ သို့သော် ကျွန်တော်ပြောစဉ်က
MOGE က ထမေးသဖြင့် သူ့ကို သေသေချာချာရှင်းပြခဲ့ပါသည်။ ထို့ပြင် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုတည်ဆောက်ပုံနှင့်
ရှိရမည့်အရည်အသွေးများကို ဆောင်းပါးရေးကာ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပို့ပေးခဲ့ပါသည်။
သိလိုသူများ ကျွန်တော့် blog တွင် ဖတ်ကြည့်ပါ။)
သည်ဓာတ်ငွေ့ပိုက်လိုင်းကိုရော
မည်သည့်သဘောတူညီချက်များဖြင့် ဆောက်ထားတာပါနည်း။ ကျွန်တော်တို့ ကိုယ့်ကို ဟ၀ှာပြုနေလို့
ပြုနေမှန်းရော သိကြပါသလား။ အဲသည်စာချုပ်ထဲဘာတွေပါတယ်ဆိုတာ ဘယ်သူတွေသိပါသနည်း။
မြစ်ဆုံနှင့်
ရွှေဂက်စ်ကိုအကြောင်းပြကာ ဆွေမျိုးပေါက်ဖော်တို့က မြန်မာပြည်အတွင်း တံခါးမရှိ၊ ဒါးမရှိ။
ဝင်လိုက၀င်၊ ထွက်လိုကထွက် လုပ်နေကြသည်။ ပတ်စ်ပို့တောင်မပါ။ လ.၀.က က သူတို့ကို သွားမေးလျှင်
ဖြေပြပါလိမ့်မည်။ “မြိစုံလေ၊ မြိစုံ။ ၀လို့
မြိစုံကိစ လာလယ်” မြစ်ဆုံကိုအကြောင်းပြုပြီး
မြန်မာပြည်အနှံ့လျှောက်သွားကာ ရှေးဟောင်းပစ္စည်းများ ဈေးကောင်းပေး ၀ယ်ကာ ထုတ်သွားသည်ဆိုအံ့။
အမျိုးကောင်းသမီးကလေးများကို လူကုန်ကူးသူများထံမှ ၀ယ်ကာ စိနတိုင်းပြည်သို့ သွယ်သွားကြသည်
ဆိုအံ့။ သည်ကိစ္စ မည်သူသိပါမည်နည်း။ သိသည်ဆိုလျှင်တောင် (သူတို့ပေးသည့်ပိုက်ဆံကိုယူကာ)
မျက်စိမှိတ်နေကြမည့်သူတွေ တစ်ပုံကြီး။
ဒါက ကျွန်တော်သိသလောက်ကလေး
နမူနာ ပြခြင်းဖြစ်ပါသည်။ သည့်ပြင် အခြား စီမံကိန်းကြီးများတွင်ရော မြန်မာက အိမ်ရှင်နိုင်ငံတစ်နိုင်ငံအနေနှင့်
ရသင့်ရထိုက်သော ခံစားခွင့်များ ရပါသလား။
(၄)
တစ်ဦးနှင့်တစ်ဦး
အလုပ်လုပ်ကြရတာတွင် သဘောတူညီချက် ကန်ထရိုက်စာချုပ်ချုပ်တာ အလွန်အရေးကြီးပါသည်။ ကန်ထရိုက်စာချုပ်
အချုပ်မတတ်လျှင် ကြာနီကန်ဆရာတော့် တရားထဲက ဖိုးသာဝ - နွားရောင်းသလို ဖြစ်နေပါလိမ့်မည်။
တစ်ခါက
ရွာတစ်ရွာတွင် ဖိုးသာဝတို့လင်မယား၌ မင်္ဂလာဆောင်စဉ်က မိဘများလက်ဖွဲ့လိုက်သော နွားကလေး
တစ်ကောင် ရှိသတတ်။ ပိုက်ဆံမပြေလည်တော့ ထိုနွားကလေးကို ရောင်းရန် နွားပွဲစားကို ခေါ်၏။
နွားပွဲစားက နွားကလေးကို လှည့်ပတ်ကြည့်ပြီး ကိုင်း၊ ကိုသာဝ၊ အဖိုးအခလေးများ ပြောပါဦးဗျ
ဆိုလေသော် ဟဲဟဲ ဆရာရယ်၊ အစိတ်လောက်တော့ လုပ်ပါဗျာ ဟု ဈေးစကားပြောသည်။
§ ခင်ဗျား အစိတ်ကတော့ ဟုတ်ပါရဲ့ဗျာ ကိုသာဝ။ ဒါပေမဲ့ ခင်ဗျားနွားရဲ့
ကျောကုန်းမှာ ဗွေဆိုးကြီးပါနေသဗျ။ အဲဒီဗွေဟာ ပိုင်ရှင်ကို အင်မတန်ဒုက္ခပေးတတ်တယ်။ ဒီတော့
တော်တော်နဲ့ ရောင်းထွက်မှာမဟုတ်ဘူး။ ငါးကျပ်တော့ လျှော့ဗျာ။
§ အော် - ဟုတ်လား။ အင်း၊ လျှော့ဆိုလည်း လျှော့ရတာပေါ့ဗျာ။
§ နေဦးဗျ။ ကြည့်စမ်းပါဦး ခင်ဗျားနွားကလည်း ရေတောင် ထောင်းတိုက်ရမဲ့ပုံပါလား။
ငါးကျပ်လျှော့ဗျာ။
§ ဟေ - သွားမကောင်းဘူးလား။ အင်း၊ လျှော့ပါတယ်ဗျာ။
§ ဟာ၊ ဒီမှာဗျို့၊ ညာဘက်မျက်စိမှာ တိမ်ကြီးနဲ့ပါလား။ ဒီတိမ်ကြီးနဲ့
ဘယ့်နှယ်လုပ် ခိုင်းစားရပါမတုံးဗျာ။ ငါးကျပ်လောက် လျှော့ပါဦး။
§ အော်ဟုတ်လား။ ခင်ဗျားပြောမှဘဲ သတိထားမိတယ်ဗျို့။ ကိုင်းကိုင်း
ဒါဆိုလည်း လျှော့ရပေတာပေါ့ဗျာ -
သို့ လျှော့ရင်းလျှော့ရင်းနှင့် နွားဝယ်သူမှာ ပိုက်ဆံတစ်ပြားမှ
ပေးစရာမလိုတော့ဘဲ နွားကိုဆွဲသွားသည်အား ဖိုးသာဝမှာ ပါးစပ် အဟောင်းသားနှင့် ကြည့်နေရလေတော့သတည်း။
အနီးမှ
ဇနီးဖြစ်သူမှာ မိမိတို့ အိမ်ထောင်ဦးနွားကလေးကို ပိုက်ဆံတစ်ပြားမှ မရလိုက်ဘဲ ပွဲစားဆွဲသွားသည်အား
ကြည့်လျှက် ငိုကြီးချက်မဖြင့် -
§ အောင်မယ်မင်း ကိုသာဝ၊ ရှင့်နှယ်တော် ကျုပ်တို့အိမ်ထောင်ဦးပါလာတဲ့
နွားကလေး ပိုက်ဆံတစ်ပြားမှ မရဘဲ ရောင်းလိုက်ရတယ်လို့၊ အောင်မယ်လေး အရပ်ကတို့ရေ၊ ကြားလို့မှ
ကောင်းကြသေးရဲ့လား။
§ ဟဲ့ ရှင်မရဲ့။ တိုးတိုးလုပ်ပါဟ။ နွားဝယ်တဲ့သူက ဟိုနားရှိသေးတာ။
တော်ကြာ ဟိုဘက်ကဘုကြီးထပ်မြင်သွားလို့ ငါတို့ ငါးကျပ် ထပ်လျော်နေရပါဦးမယ် -
- ဟု ပြောလေသော ဟူသတတ်။
ကျွန်တော်တို့
ဖိုးသာဝလို နွားဘယ်နှစ်ကောင်များ ရောင်းခဲ့ပြီးပါလိမ့်။ သိခွင့်များရလျှင် သိချင်လှပါဘိ။
ဦးနေမင်းဟိန်း ကတော့ စာအချုပ်မတတ်လို့ ကျွန်တော့သူငယ်ချင်း ပိုက်ဆံတစ်ပြားမှ မရလိုက်ဘူးဗျာ
ဟု ငြီးတွားခဲ့ပါသည်။
(၅)
ကျွန်ုပ်တို့တိုင်းပြည်ထဲလာလုပ်တာ
ဖြစ်သည့်အတွက် ကျွန်ုပ်တို့စိတ်ကြိုက် စာချုပ်ခွင့်ရှိရပေမပေါ့။ သို့သော်လည်း နှစ်ဦးနှစ်ဖက်
မျှမျှတတ ရှိရပါမည်။ အစိုးရအရာရှိကြီးများ အထွေအထူး ခေါင်းစားနေစရာမလိုပါ။ နိုင်ငံတကာ
စံချိန်စံညွှန်းများ အရ ကန်ထရိုက်စာချုပ်များ ချုပ်ဆိုတတ်သူ မြန်မာအရာရှိ အများအပြားရှိပါသည်။
၎င်းတို့သည် မြန်မာနိုင်ငံအား လူတကာက ၀ိုင်းအဖဲ့မခံရစေရန် ကူညီကြဘို့ အဆင်သင့်ရှိနေပါသည်။
မြန်မာနိုင်ငံ အစိုးရအနေနှင့် ၎င်းတို့ကို လက်ကမ်းကြိုဆိုရန်၊ သူတို့ပေးသော အကြံဉာဏ်ကို
ရယူရန်သာ ဖြစ်ပါသည်။
အရေးကြီးဆုံးကား
ငါသာအသိဆုံး၊ ငါတို့ လုပ်တတ်ပါတယ်ကွာ ဟူ၍ ဇွတ်မှိတ်မနေကြရန် ဖြစ်ပါသည်။ ကျွန်တော်တို့
မြန်မာ့အကျိုးစီးပွားကို သယ်ပိုးပေးလိုသည်မှာ မည်သည့်အကျိုးစီးပွားကိုမှ မျှော်ကိုးနေလို့
မဟုတ်ပါ။ ဗိုလ်ချုပ်ပြောခဲ့သည့် ဟိုနိုင်ငံမဖြစ်သွားစေဘို့ ၀ိုင်းကြ၊ ၀န်းကြလိုကြခြင်းသာ
ဖြစ်ပါသည်။
နိုင်ငံခြားမှ
ဝင်ရောက် ရင်းနှီးမြှုပ်နှံလာမည့် ကုမ္ပဏီကြီးများအတွက် ကျွန်တော်တို့ ဘာတွေများ ပြင်ထားပြီးပါပြီလဲ။
Ø သူတို့အလုပ်သမားတွေပါ ခေါ်လာခဲ့ရင် အဲဒီအလုပ်သမားတွေကို ဘယ်လို
pass တွေထုတ်ပေးပြီး လုပ်ခိုင်းမယ်လို့ စီမံပြီးပါပြီလား။
Ø သူတို့တွေ ဘယ်လိုအလုပ်တွေလုပ်ဖို့ ဘယ်လိုပညာအရည်အချင်းရှိရမယ်လို့
သတ်မှတ်ပြီးပါပြီလား။
Ø သူတို့တွေဆီမှာ မြန်မာအလုပ်သမားတွေခန့်ထားဘို့၊ မြန်မာအလုပ်သမားတွေရဲ့
ခံစားပိုင်ခွင့်၊ မတော်တဆမှု အာမခံ၊ ဆေးအာမခံ စတာတွေကို စီစဉ်ပြီးပါပြီလား။
Ø လုပ်ငန်းခွင်က အလုပ်သမားတွေအတွက် အန္တရာယ်ကင်းရေးစီမံချက်တွေ
ရေးဆွဲပြဌာန်းဘို့၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲ ပြဌာန်းဘို့ လုပ်နေပါပြီလား။
Ø သူတို့စက်ရုံတွေကြောင့်ဖြစ်မဲ့ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊
ပတ်ဝန်းကျင်ပျက်စီးမှုတွေအတွက် ဘာတွေ ကြိုပြင်ထားပါသလဲ။
Ø အကယ်၍ ဓာတုစက်ရုံတွေ ဆောက်ခဲ့ရင် အဲဒီဓာတုစက်ရုံမှာလုပ်မဲ့
လုပ်သားတွေအတွက် ဘယ်လို အန္တရာယ်ကင်းရေး အစီအမံတွေလုပ်ပေးမယ်။ ဘယ်လို ကျန်းမာရေးစစ်ဆေးချက်
အစီအမံတွေ လုပ်ပေးရမယ်။ ဘယ်လို ဆေးခံစားခွင့်တွေ ရရမယ် ဆိုတာတွေ ပြင်ဆင်ပြီးပါပြီလား။
Ø အဲဒီ ဓာတုစက်ရုံကထွက်လာမဲ့ ဓာတုအညစ်အကြေးတွေကို သန့်စင်ရေး
ဘယ်လိုလုပ်ကြမယ်ဆိုတာ တိုင်ပင်ဖူးပါသလား။
Ø သူတို့ စက်ရုံတွေကြောင့် အများပြည်သူကို မထိခိုက်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ
ဥပဒေထုတ်ဘို့ တွေးမိပါပြီလား။
Ø နိုင်ငံတကာက ကုမ္ပဏီတွေ မြန်မာပြည်ထဲဝင်လာရင် မြန်မာလုပ်သားတွေအနေနဲ့
အောက်ကျနောက်ကျ မဖြစ်ရလေအောင်၊ မျက်နှာမငယ်ရလေအောင် ခုကတည်းက ကြိုပြီး အရည်အချင်းမြှင့်သင်တန်းတွေ
ပေးထားဘို့ စိတ်ကူးမိပါသလား။
ဒါ့ထက် -
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာပြည်မှာ လာလုပ်ရလွယ်စေဘို့အတွက်
-
Ø မြန်မာငွေကြေးခိုင်မာလာအောင်၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်၊
နိုင်ငံတကာဘဏ်တွေမှာ အခက်အခဲမရှိ လဲနိုင်အောင်၊ နိုင်ငံတကာမှာ ကိုင်သုံးနိုင်အောင်
ဘယ်လိုလုပ်ကြမလဲလို့ စဉ်းစားနေကြပါပြီလား။
Ø ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဘို့ ဘာတွေ လုပ်နေပါသလဲ။
Ø အင်တာနက်ဘဏ်လုပ်ငန်းတွေ စဘို့ မ၀ံ့မရဲ ဖြစ်နေတုံးပဲလား။
Ø အဆမတန်မြင့်မားနေတဲ့ နေအိမ်တိုက်တာ ဈေးနှုန်းတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ
လက်တွန့်နေတာကို ဖြေရှင်းပေးဘို့ စဉ်းစားကြပါသလား။
(၆)
အခုတော့
ငါတို့ ပြင်ပက၀င်လာတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဘာတွေပြင်ထားမလဲဆိုတာ စဉ်းစားချိန်မရ။
တော်ကြာ ကုလားကဗမာကိုရိုက်လို့ ပြဿနာတက်လိုတက်။ ဗမာက ကုလားအိမ်ကို
မီးရှို့လိုရှို့။ မီးလောင်ရာကို လေပင့်တဲ့သူတွေကပင့်။ ဟိုနေရာသွား ဟိုဟာလေးလုပ်ပြလိုက်။
ဟိုလူက ဒီဟာကောင်းတယ်ဆို ဒီနေရာမှာ ဒါလေး လုပ်ပြလိုက်။ ငါးပွက်ရာ ငါးစာလိုက်ချနေခြင်းဖြင့်
အချိန်များဖြုန်းနေကြသည်။
ကျွန်တော့်မျက်စိထဲမဖြင့်
တိုင်းပြည်အတွက် တကယ်အကျိုးရှိရာရှိကြောင်းလုပ်နေတာ ဘာတစ်ကွက်မှ မတွေ့။ လူပြိန်းကြိုက်ပျက်လုံးများဖြင့်သာ
တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။ ထွားလိုက်ပါတဲ့ လေလုံးကြီးများကတော့ ပါးစပ်နှင့်
မဆန့်။
ဖြစ်ပျက်နေတာအားလုံး၏
နံပါတ်တစ် တရားခံမှာ System Fault ဖြစ်သည်။ ပြင်ရမှာက စနစ်ကို ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ
ပျက်စီးလာခဲ့တဲ့ နိုင်ငံပေကပဲ။ ဘယ့်နှယ်လုပ် တစ်နှစ်နှစ်နှစ်နဲ့ ပြင်လို့ရပါမတုံး။
သေသေချာချာ ကျကျနန စီမံကိန်းများရေးဆွဲကာ ဆယ်စုနှစ်နှင့်ချီ၍ ဖြည်းဖြည်းချင်း တည်ဆောက်ယူရမည်
ဖြစ်ပေသည်။ ကန်ထရိုက် တိုက်တွေလို ဒီနှစ်ဆောက် နောက်နှစ်ပြိုကျဆိုလို့ ဘယ်ဖြစ်ပါလိမ့်မတုံး။
ဤကဲ့သို့လုပ်နေသဖြင့်သာ ဧရာဝတီတိုင်းဘက်မှ လမ်းများမှာ နှစ်စဉ် ပြင်လို့မဆုံးဖြစ်နေတာ
ဖြစ်သည်။
ကျွန်ုပ်တို့ လူကြီးများအား တစ်ယောက်မျက်နှာ
တစ်ယောက်အိုးမဲသုတ်လျှက် အချင်းချင်း ခွပ်နေသည့် အလုပ်များ ရပ်တန်းကရပ်ကာ သည့်ထက်ပိုပြီး
အဓိပ္ပာယ်ရှိမည့် အလုပ်များလုပ်ကြဘို့ တိုက်တွန်းလိုပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄၊ ၁၊ ၂၀၁၄။ ည သန်းခေါင်
No comments:
Post a Comment