Monday, January 7, 2013

မြန်မာပြည်သို့ အလည်ပြန်ခြင်း

 
(၁) ပြည်တော်ပြန်ခရီး

 
            မြတ်စွာဘုရားက သူ၏ပထမဦးဆုံးသောတရားဦးဖြစ်သည့် ဓမ္မစကြာတရားတော်တွင် ဆင်းရဲခြင်းများကို ဟောရာ၌   အပ္ပိယေဟိ သမ္ပယောဂေါဒုက္ခော (မချစ်ခင် မနှစ်သက်သူတို့နှင့် အတူနေရခြင်း)၊ ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော (ချစ်ခင် နှစ်သက်သူတို့နှင့် အတူမနေ၊ ကွေကွင်းရခြင်း) ကိုပါထည့်သွင်းဟောကြားခဲ့ပါသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် မိမိချစ်ခင် နှစ်သက်သူတို့နှင့် ခွဲခွါနေရခြင်းဒုက္ခ မည်မျှကြီးကြောင်း သိနိုင်ပါသည်။

            ကျွန်တော်အပါအ၀င် မိမိ မိသားစုကိုခွဲခွါကာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ စီးပွားရှာရန် သွားရောက်အလုပ်လုပ်သူအား လုံးတို့သည်လည်း မိမိတို့ချစ်ခင်နှစ်သက်သူများနှင့် ကွဲကွာနေရသည်ဖြစ်ရာ ကျွန်တော်တို့အားလုံး အထက်ပါဒုက္ခကို နေ့စဉ်နှင့် အမျှ လက်တွေ့မျက်တွေ့ခံစားနေကြရပါသည်။ ကိုယ့်မိသားစုကို သတိမရသူ၊ မလွမ်းသူ မည်သူရှိပါမည်နည်း။

            စက်တင်ဘာလလောက်ကတည်းက ရုံးသို့ ကျွန်တော့်ခွင့်ရက် ဘယ်နှရက်ကျန်သေးလဲ လှမ်းမေးရာ ၈ ရက်ခွဲ ဟု သိရ၏။ စင်ကာပူ၌အလုပ်လုပ်သူများအနေနှင့် ဆေးခွင့်၊ နှစ်စဉ်ခွင့် စသဖြင့် ခံစားခွင့်ရှိရာ နှစ်စဉ်ခွင့် (Annual Leave) တစ်နှစ်လျှင် ၁၄ ရက် ရပါသည်။ ယခုနှစ် မေလကလည်း ကျွန်တော်အိမ် တစ်ပါတ်ပြန်ခဲ့သေးသောကြောင့် လက်ကျန် ခွင့်ရက်နည်းနေရခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်တော်ထို ခွင့် ၈ ရက်ခွဲနှင့်ကိုက်အောင်တွက်ချက်ပြီး ဒီဇင်ဘာ ၂၀ မှ ၃၁ ထိ အိမ်ပြန်ရန် ခွင့်ယူလိုက်ပါသည်။

            လေယာဉ်လက်မှတ်ကို သုံးလလောက်ကြိုကာ အစောကြီးကတည်းက၀ယ်ထားသည်။ ပထမ Silk Air ကို အွန်လိုင်းမှ ၀ယ်မည်ဟုကြည့်ရာ အလိုလေး၊ ဘယ့်နှာကြောင့် သည်မျှဈေးတင်ထားရပါသနည်း။ လက်မှတ်ခကို စင်ကာပူ - ရန်ကုန် အသွားအပြန် စင်းဒေါ်လာ ၂၂၆၀ ဟု တွေ့ရလေ၏။ ကျွန်တော်လည်း ကိုယ့်မျက်စိကို ကိုယ်မယုံသည်ဖြစ်၍ သုံးလေးခါမျှ မျက်လုံးများကို သေချာစွာပွတ်လျှက် ပြန်ကြည့်၊ လက်ရှိဖွင့်ထားသော အင်တာနက်စာမျက်နှာကိုပိတ်၊ အသစ်ပြန်ဖွင့် စသဖြင့်လည်းလုပ်၊ နောက်တစ်နေ့လည်း ထပ်ကြည့် စသဖြင့် နည်းမျိုးစုံအောင် လုပ်ကြည့်သည်။ သို့သော် ဘာမှမထူး။ လက်မှတ်ခကို ၂၂၆၀ ဟုသာတွေ့ရသဖြင့် အတော်လေးစိတ်ပျက်သွားလေ၏။

            အဘယ်ကြောင့် MAI ကို မကြည့်ဘဲ Silk Air ကို ကြည့်ရသနည်းဟူမူ MAI နှင့်ပတ်သက်၍ ကျွန်တော့်တွင် မှတ်လောက်သားလောက် အတွေ့အကြုံလေးတစ်ခု ရှိထားသောကြောင့်ဖြစ်၏။

            ကျွန်တော် စင်ကာပူကို ပထမဦးဆုံးအကြိမ်လာတော့ MAI နှင့်ဖြစ်၏။ လေယာဉ်လက်မှတ်ကို အေးဂျင့်မှစီစဉ်ပေးခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်၊ ဇွန်လ ၁၂  ရက်နေ့ နံနက် ၈ နာရီထွက်မည့် MAI လေယာဉ်ပေါ်တွင် ကျွန်တော်နှင့်အပေါင်းအပါတစ် သိုက် လေယာဉ်ထွက်ချိန်ကို စောင့်နေပါသည်။ အတန်ကြာသည်ထိ လေယာဉ်မထွက်။ လေယာဉ်ကြီးကလည်း ပူလိုက်အိုက် လိုက်တာ မပြောပါနှင့်။ ၉ နာရီလောက်ကျတော့ လေယာဉ်မယ်ကလေးက ခရီးသည်များရှင်၊ ပတ်စ်ပို့နဲ့တကွ မိမိတို့ အဖိုးတန် ပစ္စည်းများထားခဲ့ပြီး အောက်ခဏဆင်းစောင့်ပါ ဟု ကြေငြာလေ၏။ သူကြေငြာတာနားထောင်ပြီး ကျွန်တော့်မှာ အတော် နဝေတိမ်တောင် ဖြစ်သွားလေ၏။ အနို့ အဖိုးတန်ပစ္စည်းတွေယူပြီး ဆင်းပါပြောရမှာမဟုတ်ပါလား။

            သို့နှင့် ကျွန်တော်တို့လည်း လေဆိပ်စားသောက်ခန်းမတွင် စောင့်ကြ၏။ နေ့လည် ၁၁ နာရီလောက်တွင် လဖက်ရည် တိုက်ပါသည်။ သို့သော် လေယာဉ်ထွက်ဘို့တော့ ဘာသံမှမကြားရသေး။ နာရီပြန် ၁ ချက်တီးလောက်ကျမှ ဒီနေ့ လေယာဉ်မထွက်ဖြစ်ပါ၊ အိမ်ပြန်ကြပါ။ နက်ဖြန်မှ ပြန်လာပါ ဆိုလေ၏။

            ဟိုက်ရော၊ ကျွန်န်ုပ်တို့မှာ လိုက်ပို့သူများကို အသားကုန်လက်တွေဝှေ့ရမ်းပြ၊ ၀မ်းတွေဘာတွေနည်းပြီး မျက်ရည်တွေ ဘာတွေတောင် လည်လိုက်သေး။ အခု ဒီမျက်နှာတွေ ပြန်ပြရဦးမည်ဆိုတော့ ခုနက လွမ်းထားတာလေးတွေတောင် ဘယ် ရောက်ကုန်မှန်းမသိပါ။ ကျွန်တော်တို့လည်း ရှက်ကိုးရှက်ကန်းနှင့် အိမ်ပြန်လာရလေ၏။ ထို့ကြောင့် စင်ကာပူကို ဇွန်လ ၁၃ ရက် နေ့ကျမှ ရောက်လာသည်။

            ဤသည့်နေ့ရက်မှစကာ ကျွန်တော် မြန်မာပြည်ပြန်လျှင် MAI ကို တတ်နိုင်သမျှရှောင်ပါသည်။ အဆင်မပြေသည့်အခါ ကျမှ ယူသည်။ များသောအားဖြင့်တော့ Silk Air နှင့် ပြန်ပါသည်။ မိတ်ဆွေများတွင်လည်း ကျွန်တော့်နည်းတူ အတွေ့အကြုံ အဆန်းများကလေးများ MAI ထံမှ ရဖူးလိမ့်မည်ဟု ယူဆမိပါ၏။

            Silk Air လက်မှတ်ကို ပင်နင်စူလာတွင် သွားဝယ်လျှင်ရပါသည်။ သို့သော် ကျွန်တော့်မှာ အကြောင်းမရှိဘဲ အပြင်ထွက် ရမှာ အလွန်ပျင်းသူဖြစ်ရကား MAI လက်မှတ်ကို အွန်လိုင်းမှပင် ၀ယ်လိုက်ပါသည်။ စင်းဒေါ်လာ ၄၈၈ ပေးရ၏။

            ခွင့်ယူလျှက် မြန်မာပြည်သို့ ပြန်ရမည်ဆိုတော့ ပြန်ရမည့်ရက်ကို ဘယ်နှရက်ပဲလိုတော့တယ် စသဖြင့် နေ့စဉ်နှင့်အမျှ ကျွန်တော်လက်ချိုးရေတွက်နေမိပါ၏။ ကျွန်တော်တို့ကုမ္ပဏီမှ ကျွန်တော်နှင့်တစ်ရက်တည်း မိသားစုထံပြန်မည့်သူမှာ Sethuraj ဟူသည့် ကုလားကလေးဖြစ်၏။ သူနှင့်ကျွန်တော်နေ့ခင်းထမင်းစားချိန်တွေ့တိုင်း ဟေး၊ စေသူရပ်ခ်ျ၊ ဘယ်နှစ်ရက်လိုသေးလဲ ဟု အမြဲမေးလေ၏။ ၃၆ ရက်လိုသေးတယ်၊ ၂၄ ရက်လိုသေးတယ်နှင့် ပြန်ရမည့်ရက်ကို ရင်ခုန်စွာနှင့်စောင့်မျှော်နေခဲ့ကြသည်။ နောက်ဆုံးတော့လည်း မျှော်လင့်ထားသည့် ပြန်မည့်ရက်သို့ရောက်လာသည်သာ ဖြစ်သည်။

ပြန်မည်ဆိုတော့ ထုံးစံအတိုင်း ချောကလက်နှင့် အခြားစားစရာသောက်စရာ၊ အ၀တ်အစားအနည်းငယ်စသည့် အိမ်ပြန်လက်ဆောင်များဝယ်သည်။ အခြားသူများအတွက်ဝယ်ပြီးသော်လည်း အဖေကြီးနှင့်သားဘို့ မေ့နေသောကြောင့် ၁၉ ရက်နေ့ညကျမှ 24hr Fair Price သို့သွားကာ စပျစ်သီးနှင့် ကစားစရာအရုပ်များဝယ်ရသည်။ နောက်တော့ အားလုံးထည့်သို ကီလို ၂၀ ပဲရှိအောင် လိုတိုးပိုလျှော့လုပ်။ အိမ်သို့လည်း နက်ဖြန်မနက် ၁၀ နာရီခွဲလေယာဉ်ဆိုက်မည်ဟု လှမ်းဖုံးဆက်။ ချွေးတလုံးလုံးနှင့် ပြင်ဆင်ရင်း နာရီပြန် ၁ ချက်တီးလောက်မှ အိပ်ရသည်။ သို့တိုင်ကောင်းကောင်း အိပ်မပျော်ပါ။

၂၀၁၂ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၅နာရီလောက်တွင် အိပ်ယာမှထ ရေမိုးချိုး၊ မနက်စာအနည်းငယ်စား၏။ ကိုလှမြင့် လေဆိပ်သို့လိုက်ပို့သဖြင့် အလွန်အဆင်ပြေပါသည်။ သူက လေဆိပ်ရှိ စားသောက်ဆိုင်သို့လိုက်ပို့ပြီး မလေးစာဖြစ်သော နာစီ လီမား မနက်စာကျွေးလိုက်သေးသည်။ MAI ကို Jet Star နှင့် ပေါင်းထားသည်။ MAI လက်မှတ်ဝယ်ထားသူများကို I Love MAI ဟူသော စတစ်ကာလေးများ ကပ်ပေး၏။


လပ်ဂိတ်ချိန်တော့ ဟန်းကယ်ရီများပါ ပေါင်းချိန်သည်။ နှစ်ခုပေါင်း ကီလို ၃၀ ထက်မပိုရ။ ကျွန်တော်က လပ်ဂေ့ခ်ျကိုသာ ကီလို ၂၀ တိုက်ထည့်သွားသည်။ ဟန်းကယ်ရီကိုတော့ မချိန်မိ။ ဟန်းကယ်ရီကိုချိန်လိုက်သည့်အခါ ၁၄ ကီလို ဖြစ်နေသည်။ ကောင်တာမှ မိန်းကလေးက မင်း ဟန်းကယ်ရီထဲကဟာတွေ လပ်ဂေ့ခ်ျထဲပြောင်းထည့်ရလိမ့်မယ်။ မဟုတ်ရင် ကီလိုပိုကြေးပေးရ လိမ့်မယ်ဟု ဆိုလေ၏။ ကျွန်တော်က စပျစ်သီးများ၊ ပေါင်မုံ့များပါသဖြင့် ကျိုးကြေ ပဲ့ရွဲ့ကုန်မည် စိုးသောကြောင့် ခပ်ဆိုင်းဆိုင်းဖြစ်နေသည်ကို ကိုလှမြင့်က ကဲ၊ ကိုအေးငြိမ်း၊ ကျွန်တော်တို့မှာ ရွေးစရာလမ်းမရှိဘူးဆိုကာ လပ်ဂေ့ခ်ျဖွင့်လျှက် အကုန်ထိုးသိပ် ထည့်လေ၏။  

သို့နှင့် နံက် ၉း၁၀ တွင် လေယာဉ်ထွက်၏။ မြန်မာပြည်အ၀င်အတွက် ပုံစံများဖြည့်သောအခါ ကျွန်တော့်နောက်နားမှ အသံတစ်ခုကြားရသည်။ ဟင်၊ လိပ်စာဆိုပါလား။ ငါတို့က တောကိုတန်းပြန်မှာ ဘယ်လိုဖြည့်မလဲ ဟု အမျိုးသမီးသံကြားသဖြင့် ကျွန်တော်လည်း မသိမသာ နောက်လှည့်ကြည့်လိုက်ရာ ဂျင်းဘောင်းဘီကို ပုံမကျပန်းမကျဝတ်ထားသည့် အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးကို တွေ့ရလေသည်။

ထို့နောက် သူ့အနီးမှ အမျိုးသမီးငယ်တစ်ဦးသို့ ပုံစံပေးလိုက်ကာ ဖြည့်ခိုင်းပါသည်။ ဟိုက ဘယ်လိုဖြည့်ရမလဲဟု မေး လေသော် အင်း၊ အမှတ် ၁၂ x x x x အမှတ် ၁၂၊ တောင်ဥက္ကလာလို့ဖြည့်လိုက် ဟု ဆိုလေ၏။ အို၊ အစ်မကလည်း၊ ရမ်းဖြည့်လို့ ဘယ်ဖြစ်မလဲ ဟု ဆိုလေသော် အဲ - အဲဒါဆိုလည်း ပဲခူးလို့ ဖြည့်လိုက်ဟု ဆိုပြန်လေသည်။ သည့်နောက်တွင်မတော့ ဘာသံမှ မကြားရတော့သဖြင့် ပဲခူးဟုဖြည့်လိုက်သည်ဟု ခန့်မှန်းရပါသည်။ အင်း၊ နိုင်ချံဂါးတောင်လာနေမင့်ဟာ သည်လောက်တော့ ဘယ်တုံးလို့ကောင်းပါ့မလဲဟု ကိုယ့်ဘာသာမဆီမဆိုင် တွေးမိလိုက်ပါသေး၏။
 

လေယာဉ်ကြီးမှာ ဂျက်စတား လေယာဉ် ကြီးဖြစ်၏။ အတော်ကြီးသည်။ တစ်တန်းလျှင် ၆ ခုံ နှုန်းဖြင့် (ဘစ်ဇ်နက်ဇ် တန်းမပါ) အတန်း ၃၀ ရှိ သည်။ ပုံမှန်အားဖြင့် လေယာဉ်မထွက်ခွါမီ အသက်ကယ်အင်္ကျီကို မည်ကဲ့သို့ဝတ်ရမည်၊ အရေးပေါ်ထွက်ပေါက်များ မည်သည့်နေရာတွင် ရှိသည်တို့ကို လေယာဉ်မောင်မယ်များက သော် လည်းကောင်း၊ ဗီဒီယိုဖြင့်သော်လည်းကောင်း ပြပါသည်။ သို့သော် ဂျက်စတားကတော့ အို၊ သည်ခရီးသည်တွေအားလုံး ငါတို့လေယာဉ်ကို အခေါက်ခေါက် အခါခါစီးနေတာ သိပြီးသားဘဲ၊ ထပ်ပြနေစရာမလိုတော့ပါဘူး ဟု သဘောထား လျှက် ဘာမှမပြပါ။

ကျွန်တော်ထိုင်သည့်ခုံမှ စားပွဲခုံငယ်မှာ ကော်ဖီနှင့် အစားသောက်များ ဖိတ်စဉ်ထားသည့်အရာတို့ဖြင့် ကပ်စီးကပ်စီးနှင့် ညစ်ပတ်လျှက် ရှိ၏။ ကျွန်တော်က လေယာဉ်မောင်တစ်ဦးကို wet tissue တောင်း၏။ လာမပေးပါ။ နောက် လေယာဉ်မောင် ချုပ်အား ထပ်မံတောင်းရာ ၀မ်းနည်းပါတယ်၊ ငါတို့မှာမရှိပါဘူး ဟု ဆိုလေ၏။ အိုကွယ်၊ ဒါဘာမှမခက်ပါဘူး။ ငါ့ကို တစ်ရှုးကို ရေသာဆွတ်ပေးပါ။ ငါ့ဘာသာသုတ်ပါ့မယ်ဆိုမှ လာပေးလေ၏။ တုံးပါ့။

လေယာဉ်ပျံကြီးလေထဲရောက်ပြီဆိုတော့ စားစရာများလာချပေး၏။ ဆစ်ခ်အဲ (Silk Air) မှာလို ဘာရှိပါတယ်၊ ဘာနဲ့စားမလဲ ဘာမှမမေးပါ။ ခပ်သေးသေး ထမင်းဘူးကလေးတစ်ခု၊ ကွတ်ကီးတစ်ခု၊ ပလတ်စတစ် ဇွန်းခက်ရင်းတစ်အိတ် လာချပေးပါသည်။
 


တစ်ရှူးနှင့်ရေကို နောက်မှ ထပ်လာချပေးသည်။ သို့သော် အအေးသော်လည်းကောင်း၊ ကော်ဖီသော်လည်းကောင်း မတိုက်ပါ။ ပထမသော် ကျွန်တော်မေးမည်ကြံသေးသည်။ သို့သော် သူများတွေ တစ်မျိုးအထင်ခံရမှာစိုးသည်နှင့် အသာနေလိုက် တော့၏။ (အခြားသူများလည်း ကျွန်တော်ကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။)

            မြန်မာစံတော်ချိန် မနက်ဆယ်နာရီခွဲတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ဆိုက်၏။ ယခင်အခါများ ကကဲ့သို့ ဟိုပုံစံဖြည့်၊ ဟိုမေးသည်မေး ဘာမှမရှိ။ အတော်အဆင်ပြေနေတာ တွေ့ရပါသည်။ ဒီမိုကရေစီရောင်နီ၏ အကျိုး ကျေးဇူးများပါပေ။ ကျွန်တော့်ကို မြင်မြင်ချင်း သားတော်မောင်ကလက်လှမ်းပြသည်။ လေဆိပ်ကနေအိမ်ပြန်အလာ လှည်းတန်း မီးပွိုင့်တွင် မီးနီမိသည်။ အို့အို - မနည်းမနော ကားတန်းကြီးပါလား။ ရန်ကုန်တက္ကသိုလ်ရှေ့ တော်တော်ဝေးဝေးထိ ရောက်နေ၏။ လေဆိပ်မှအိမ်အထိ သာမန်အချိန်များ၌ ၂၅ မိနစ်မျှသာ မောင်းရသောခရီးကို ယခု တစ်နာရီနီးပါးကြာသည်။ နေကလည်း အလွန်ပူလောင်လှပေရာ ကျွန်တော့်မှာ ရောက်မယ်မှမကြံသေးမီ အတော်စိတ်ပျက်သွားရလေ၏။

(ဟောပြောပွဲကိစ္စများကို သပ်သပ်ရေးထားသဖြင့် ဤနေရာတွင် ဟောပြောပွဲအတွက် လှုပ်ရှားမှုများအကြောင်း ချန်ခဲ့ပါမည်။)

လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစာအုပ်များကို ဒီဇင်ဘာ ၁၅ ရက်နေ့ အားလုံးရပါစေ့မည် ပြောထားသော် လည်း ယခုတိုင် အုပ် ၈၀၀ မျှသာရပါသေးသည်။ ကိုနေမျိုးမောင်မှာ ကမ္ဗောဒီးယားရောက်နေသဖြင့် သူ့သားအား ဖုံးဆက်သော် ကိုနေမျိုးမောင်၏လက်ထောက်အား ခေါ်လာခဲ့မည်ဖြစ်ကြောင်း ပြောလေ၏။ သူက ချင်းအမျိုးသား ဖြစ်သည်။ ရောက်သော် ကျွန်တော်က စာအုပ်များ အဘယ်ကြောင့် မရသေးကြောင်းမေးပြီး တစ်အုပ်ကို ကောက်လှန်လိုက်ရာ ပုံနှင့်စာများ ထက်ပိုင်း ပြတ်နေသောစာမျက်နှာနှစ်ခုကို တွေ့ရလေသည်။ သူ့ကို ထိုစာမျက်နှာများပြလိုက်လေသော် စာအုပ်များမရသေးသဖြင့် နဂိုကမှ ဒေါသထွက်နေသော၎င်းက ပုံနှိပ်တိုက်သို့ လှမ်းဖုံးဆက်ကာ နင်တို့ကို ငါက ယုံကြည်လို့အပ်ထားတာ၊ နင်တို့စာအုပ်လည်း ကြည့်လိုက်အုံး။ စာမျက်နှာ ဘယ်လောက်နဲ့ ဘယ်လောက်ကို လှန်လိုက်စမ်း။ အခု ဟောဒီမှာ စင်ကာပူက ဧည့်သည် ရောက်နေပြီ။ သူ့ကို ငါဘယ်လိုလုပ် မျက်နှာပြရမလဲ စသဖြင့် ဆူပါ၊ ဟောက်ပါလေ၏။ ကျွန်တော်လည်း တစ်ဖက်ကို အားနာသဖြင့် စိတ်အေးအေးထားပါ ကိုဟ၀ှာ ရယ်၊ တခြားအုပ်တွေကောင်းပါလိမ့်မယ်ဗျာ။ နက်ဖြန်မှ ပုံနှိပ်တိုက်ကို ကျွန်တော် သွားကြည့်လိုက်ပါအုံးမယ် ဟု ဆိုရလေ၏။

၂၁ ရက်နေ့တွင် ကျွန်တော်ရေးထားသည့် မြန်မာပြက္ခဒိန်စာအုပ်ကို တည်းဖြတ်ရန်ပေးထားသော ၂၈ လမ်းရှိ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့မှ ဆရာကြီးများထံ သွားတွေ့ပါသည်။ ဆရာဦးခင်အောင်ဗိုလ်မှာ သင်တန်းပြနေသဖြင့် ဆရာဦးကျော်မြင့်နှင့် စကားစနေပြော၏။ လက်ရှိ ကျွန်တော့်စာအုပ်ကို သူဖတ်နေတာဖြစ်သဖြင့် သူနှင့် အေးအေးဆေးဆေး ဆွေးနွေးဖြစ်ပါသည်။ သူက ကျွန်တော်ဘာသာပြန်ထားတာ လွဲနေသည်များကို ထောက်ပြပါသည်။ ကျွန်တော်ကလည်း ဆရာ အေးအေးဆေးဆေးသာဖတ်ပြီး အားလုံးမှန်အောင်ပြင်ပေးပါ။ ကျွန်တော်က သည်စာအုပ်ကို နောင်လာနောက်သားများအတွက် ရည်ညွှန်းစာအုပ် အနေနှင့်ထုတ်မှာဖြစ်သဖြင့် အမှားမပါစေချင်ကြောင်း ရှင်းပြပါသည်။ ခဏနေတော့ ဆရာဦးခင်အောင်ဗိုလ် သင်တန်းခဏနားသဖြင့် စကားလာပြောပါသည်။ ဆရာဦးသန်းဌေးလည်း ရောက်လာ၏။ ကျွန်တော်က ပြက္ခဒိန်စာအုပ်ကို အချိန်ယူဖတ်ရှုပေးပါမည့်အကြောင်း မေတ္တာရပ်ခံပါသည်။ သူတို့နှင့် ကျွန်တော်က ဟိုးယခင် ကျွန်တော်ငယ်စဉ်အခါ မြန်မာနိုင်ငံ ဝေဒသုတေသနအသင်းတွင် သင်တန်းတက်စဉ်ကတည်းက သိနေခဲ့ကြတာဖြစ်ပါသည်။ သူတို့က အသက်ကြီးလှပြီ ဖြစ်သဖြင့် သိပ်မမှတ်မိတော့ပါ။ မနည်းပြန်ပြောပြရ၏။ ကျွန်တော်ကတော့ မှတ်မိနေပါသေးသည်။

ထို့နောက် ဟောပြောပွဲအတွက် လိုအပ်သော စာရွက်စာတမ်းများကို မြို့ထဲ၌ပင်ကော်ပီကူးသည်။ တက်ရောက်သူ စာရင်း၊ Feedback form စသဖြင့် ဖြစ်၏။ တစ်ရွက်ကို ၆၅ ကျပ်ဆို၏။ ကော်ပီကူးစက်မှာ အတော်အိုနေပြီဖြစ်ရကား တစ်ရွက် ချင်း စိမ်ပြေနပြေဆွဲနေလေ၏။ ထို့ကြောင့် ကျွန်တော်လည်း အနီးရှိစာအုပ်ဆိုင်များသို့သွားကာ စာအုပ်များ မွှေပါသည်။ သို့သော်လည်း ပိုက်ဆံများများစားစား ပါမလာသည့်အတွက် ဥပဒေစာအုပ် တစ်အုပ်မျှသာ ၀ယ်နိုင်ပါသည်။

ထို့နောက် ၃၈ လမ်းရှိ လယ်ယာလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စာအုပ်များရိုက်နေသည့် ဧရာဝဏ်ပုံနှိပ်တိုက်သို့ သွားကြည့်သည်။ အကျိုးအကြောင်းမေးကြည့်တော့ သူတို့က စာရွက်ထပ်များကို ပြပါသည်။ ခုမှ စာရွက်များစီနေတာ ဖြစ်၏။ ကျွန်တော်က အထက်မြန်မာပြည်သို့ ၂၅ ရက်နေ့သွားမှာဖြစ်သည့်အတွက် ၂၄ ရက်နေ့ညနေတွင် အနည်းဆုံး စာအုပ် ၂၀၀၀ လောက်လိုချင်ကြောင်း ပြောရာ သူတို့ကလည်း ရပါစေ့မည်ဟု ခပ်လွယ်လွယ်ပင် ကတိပေးလိုက်ပါသည်။ သို့သော် ကျွန်တော် နေပြည်တော်သို့ ထွက်လာသည့် ၂၅ ရက်နေ့ နေ့လည်ခင်းတိုင်အောင် စာအုပ်များ လာမပို့ပါ။ ထို့ကြောင့် ကျွန်တော် အထက် မြန်မာပြည်ဟောပြောပွဲများသို့ စာအုပ်များများယူမသွားနိုင်ခဲ့ပါ။

၂၂ ရက်နေ့တွင် မိုးကြီး (ဒေါက်တာခင်မိုးကျော်) ရှိရာ ကြို့ကုန်းသို့ သွားပါသည်။ သူက သူတို့လုပ်ကိုင်နေသည်များကို ပြ၏။ စားသုံးဆီတွင်ပါဝင်သည့်ပစ္စည်းများကို ဓါတ်ခွဲတာဆိုလား သိပ်မမှတ်မိပါ။ ယခုမှ စလုပ်ရတာ ဖြစ်သည်။ အဆောက်အအုံ အသစ်၊ စက်အသစ်၊ ၀န်ထမ်းအသစ်။ ၀န်ထမ်းများကို စက်သုံးပုံသုံးနည်း ယခုမှ သင်တန်းပေးနေရဆဲ ဖြစ်ပါသည်။ သူက ဂျပန်မှ Ph.D ဘွဲ့ ယူခဲ့တာ ဖြစ်၏။

သူနှင့်စကားပြောနေစဉ် ကိုဇော်ထိန်ရောက်လာပါသည်။ သူက ပဲခူးတွင် စီစဉ်ထားသည်များကို ပြောပြ၏။ ကျွန်တော် က ယခုဟောပြောပွဲများလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောပြပြီး ပိုစတာများလည်း ရိုက်ပြီး ကျေးလက်တောရွာများသို့ ဝေငှလိုကြောင်းပြောရာ မိုးကြီးက သူ့တွင်ရှိသော ပိုစတာတစ်စောင်ယူလာပြကာ သူဈေးမေးပေးပါမည် ဟု ဆိုသည်။ ညနေပိုင်း တွင် ထိုပိုစတာမျိုးတစ်ရွက်လျှင် ၁၅၀ ကျပ်ခန့်ရှိကြောင်း၊ များများရိုက်လျှင် ၁၃၀ လောက်နှင့်ရမည်ထင်ကြောင်းများ ပြောပါ သည်။ ကျွန်တော်လည်း မိတ်ဆွေများဆီ အလှူခံ၍ ဖြစ်အောင်ကြိုးစားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

 
(၂) မြေပဒေသာကျွန်း ဟောပြောပွဲ


            ၂၃ ရက်နေ့ညနေပိုင်းတွင် ကိုမင်းဦး ဖုံးဆက်လာ၏။ မြန်မာပြည်တွင် ဟောပြောပွဲများလုပ်မည်ဆိုတော့ ကိုဝင်းမြင့်က သူ့ညီတော်မောင်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ကိုမင်းဦးအား ရန်ကုန်လာပြီး ကျွန်တော်နှင့်တွေ့ရန်၊ ဟောပြောပွဲများတက်ရန် မှာထားပါသည်။ ကျွန်တော်သူနှင့် လှည်းတန်းတွင်တွေ့ကာ စကားစနေ ပြောကြ၏။ ကျွန်တော်က ယခု မြန်မာနိုင်ငံ၏ ပွင့်လင်းလာသောအခြေအနေကို အခွင့်ကောင်းယူကာ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် တာစူနေကြကြောင်း၊ ၎င်းတို့ဝင်မလာမီ ကျွန်တော်တို့ဘက်မှ အစစ ပြင်ဆင်ထားရန်လိုကြောင်း၊ မဟုတ်လျှင် သူများပြောသမျှယုံကာ၊ သူများလုပ်တိုင်းခံနေရမည်ဖြစ်ကြောင်း၊ ရခိုင်မှတရုတ်သို့သွယ်တန်းထားသော ရွှေဂက်စ် ပိုက်လိုင်းအား ဥပမာပေးကာ ပြောပြပါသည်။

            နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင်းလာရောက်လုပ်ကိုင်ခြင်းအတွက် ဥပဒေတစ်ခု အခိုင်အမာရှိထားရန် လိုကြောင်း၊ ထို့ပြင် လုပ်ငန်းတိုင်း၌ Quality နှင့် Safety, Environment Impact များကို ကျကျနန လုပ်ဆောင်နိုင်ရန် အစီအမံများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ဤကိစ္စများအတွက် နိုင်ငံခြားရောက် မြန်မာများ၏ အင်အားကို ကောင်းကောင်းအသုံးချနိုင် ကြောင်း စသဖြင့် ကျွန်တော်ပြောတာ အတော်များပါသည်။ ကိုမင်းဦးတော့ ဘယ်လောက်မှတ်မိမည်မသိ။ 

            လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးဟောပြောပွဲကို မြေပဒေသာကျွန်းတွင် ၂၄ ရက်နေ့နံနက်က ပြုလုပ်ရာ ကျွန်တော့်မိတ်ဆွေအတော်များများလာပါသည်။ Golden Key မှ ကိုသက်ဦး၊ စိုက်ပျိုးရေးတက္ကသိုလ် ဆရာဟောင်းများဖြစ် သော ဦးရန်လင်း၊ ဦးတင်ညွန့် နှင့် ဆရာဦးစံသိန်း၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများဖြစ်ကြသော ကိုမိုးနိုင်ဦး၊ ကိုဇော်ဝင်း၊ နန်းဆွယ်လောင်အင်း စသည်၊ နောက် ကျောင်းပြီးသွားကတည်းက ပြန်မတွေ့ရတော့သည့် အလွန် ရင်းနှီးသော ငယ်စဉ်ကသူငယ်ချင်းဖြစ်သူ ဒေါ်လှလှဌေးကိုလည်း ပြန်တွေ့ရသဖြင့် အတော်ဝမ်းသာရပါသည်။

            ဆရာဦးရန်လင်းနှင့် ကျွန်တော်တို့မှာ စိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိစဉ်က ပြဇာတ်ကခြင်း၊ သီချင်းဆိုခြင်းများအပါ အ၀င် အခြားလှုပ်ရှားမှုတော်တော်များများ၌ ပူးတွဲလုပ်ကိုင်ခဲ့ကြသဖြင့် အလွန်ရင်းနှီးသူများဖြစ်၏။ ကိုဇော်ဝင်းနှင့် ကိုမိုးနိုင်ဦး ကိုမူ ရန်ကုန်လာခဲ့ရန် တကူးတက လှမ်းခေါ်ထားခြင်းဖြစ်သည်။ သူတို့က လယ်သမားများနှင့် ထိတွေ့လုပ်ကိုင်နေသည်ဖြစ်ရာ သူတို့ကို သေသေချာချာပြောပြ မှာထားကာ လယ်သမားများကို ပြန်ရှင်းပြစေချင်ပါသည်။ စာအုပ်များလည်း တော်တော်များများ ပေးလိုက်၏။

The Farmer ဂျာနယ်မှလည်း လာကာ အင်တာဗျူးသည်။ ဆိုင်ပင်မဆိုင်သော်ငြားလည်း သည်နေရာတွင် ကျွန်တော် တစ်ခုသဘောမကျသည်ကို ပြောရလျှင် မြန်မာပြည်မှ မြန်မာလိုထုတ်သော ဂျာနယ်များ အင်္ဂလိပ်နာမည်ပေးထားခြင်း ဖြစ်ပါသည်။ ဥပမာ Flower News။ သည်ဂျာနယ်ထဲတွင် အင်္ဂလိပ်လိုရေးထားသည့် သတင်း တစ်ပုဒ်မှမပါ။ အင်္ဂလိပ်ဆောင်းပါး တစ်ပိုဒ်မှမရှိ။ ရေးသူများကလည်း မြန်မာ။ ဖတ်သူများကလည်း မြန်မာ။ ရေးထားတာကလည်း မြန်မာ။ ဒါတောင် ဘယ့်အတွက် အင်္ဂလိပ်လို နာမည်ပေးထားရပါသနည်း။ မြန်မာလိုနာမည်ပေးရမှာ ရှက်လို့လား။ ဒါမှမဟုတ် မြန်မာစကားလုံး သိပ်ရှားပါးသည့် အတွက် နာမည်ရှာမရလို့ အင်္ဂလိပ်လိုပေးရသည်လား။ ကျွန်တော်မသိပါ။ နာမည်ရွေးသူ အနှီလူကြီးမင်းများသာ သိပါလိမ့်မည်။ ဆိုင်နာမည်၊ ဟိုတယ်နာမည်များကို အင်္ဂလိပ်လိုပေးတာ နိုင်ငံခြားသားများ အလွယ်တကူ မှတ်မိနေရန်ဖြစ်သည် ဆိုခြင်းကိုမူ လက်ခံနိုင်ပါသည်။ ငြင်းစရာမရှိပါ။ သို့သော် အင်္ဂလိပ်နာမည်ပေးထားသော ထိုမြန်မာဂျာနယ်များကို အဘယ်နိုင်ငံခြားသား သည် ဖတ်နိုင်လိမ့်မည်၊ ဖတ်တတ်လိမ့်မည်ဟု အသင်ထင်ပါသနည်း။
 


ယခု The Farmer ဂျာနယ်ဟုဆို၏။ The Farmer ဂျာနယ်ကို မည်သူများအတွက် ရည်ရွယ်ထုတ်ပါသနည်း။ လယ်သမားဂျာနယ် ဖြစ်သည့်အတွက် အင်ဂျင်နီယာများဘို့မဟုတ်တာ သေချာပါသည်။ စိုက်ပျိုးရေးပညာရှင်ကြီးများအတွက် ဆိုလျှင်လည်း The Farmer ဟုနာမည်ပေးဘို့မသင့်ပါ။ The Farmer ဟုနာမည်ပေးလျှင်တော့ လယ်သမားများအား ရည်ရွယ်သင့်ပါသည်။ သို့ဆိုလျှင် သင်တို့သည် မြန်မာလယ်သမားများကို အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်များဟု ထင်ထား ပါသလား။ မျှော်မှန်း ထားပါသလား။ လယ်သမား၊ ကိုင်းသမား၊ တောင်သူ စသည့်မြန်မာစကားလုံးများ အခိုင်အမာ၊ အထင်အရှား ရှိပါလျှက် အမေကျော်၊ ဒွေးတော်လွမ်းကာ The Farmer ဟု လုပ်ထားခြင်းကိုမူ ကျွန်ုပ်၏ အတ္တနောမတိအရပြောရလျှင်မူ နည်းနည်း ကလေးမှ သဘောမကျပါ။ သို့သော်လည်း အင်တာလာဗျူးသူမှာ သတင်းထောက်မျှသာဖြစ်၍ သည်အကြောင်းများ သူ့ကိုပြောလို့ မဖြစ်ပါ။ ပြောသည့်တိုင် သူဘာမှလုပ်လို့မရပါ။ The Farmer ဂျာနယ် ဆိုသည့်အတိုင်း သတင်းထောက်ကောင်မလေးကလည်း လယ်သူမရုပ် ပေါက်နေပါ၏။

သည်းခံပါခင်ဗျား။ မဆိုင်တာတွေ ရောပါသွားသည်။
           

            ထိုမြေပဒေသာကျွန်းမှ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာအကူအညီပေးရေးဌာနတွင် စိုက်ပျိုးရေးနှင့် ပတ်သက်သည့်စာအုပ်များ၊ စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများ၊ Helmet, Handglove, Safety Goggle စသည့် PPE များ လည်း ရောင်းချတာတွေ့ရပါသည်။ ဓါတ်ပုံရိုက်လို့ရမရ မသေချာသည်နှင့် ဆိုင်အတွင်းကိုတော့ ဓါတ်ပုံမရိုက်ခဲ့ပါ။ ကျွန်တော် သူတို့ကို လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစာအုပ် အတော်များများပေးခဲ့၏။ ဆိုင်သို့လာဝယ်သူများထဲမှ စိတ်ဝင်စားသူများအား ပေးလိုက်ရန် မှာခဲ့ပါသည်။

(၃) နေပြည်တော် ခရီးစဉ်


            ရေဆင်း၊ မင်းဘူး၊ ရေနံချောင်းစသည့်နေရာများတွင် ဟောပြောပွဲပြုလုပ်ရန် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ခရီးထွက်ခဲ့၏။ အိမ်မှ နေ့လည် ၁ နာရီတိတိတွင် ထွက်သည်။ မြောက်ဥက္ကလာ၊ ၆ကွေ့တွင် ဗီဒီယိုဆရာ ကိုစိုးသိန်းကို ၀င်ခေါ်၏။ ရန်ကုန်မှ အထွက် နေပြည်တော် အဝေးပြေးကွန်ကရစ်လမ်းမကြီးပေါ်သို့တက်တော့ ၂း၂၀ နာရီဆိုတော့ ရန်ကုန်ထဲတွင်ပင် ၁ နာရီကျော် ကြာသည်။ ကွန်ကရစ်လမ်းမကြီးမှာ ဖြူးနေပါသည်။ လမ်းဖြောင့်သဖြင့် အမြန်မောင်းကြ၏။ အမြန်မောင်းကြတော့ အမြန်မှောက် ကြ၏။ အမြန်မှောက်တော့ နောက်ဘ၀ကိုအမြန်ဆုံး ရောက်ကြလေကုန်သတည်း။
 

မေလ လာတုံးက အမြန်နှုန်းများကို တစ်နာရီ မိုင် ၆၀ ထက်မပိုရ ဟု မြန်မာလိုသော်လည်းကောင်း၊ 100 km/hr ဟု အင်္ဂလိပ်လိုသော်လည်းကောင်း နှစ်မျိုးဖော်ပြထားတာတွေ့ရသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းထက် ပိုမမောင်းရဟု ပြောင်းထားတာတွေ့ရ၏။

            ကျွန်တော်က ကိုမျိုး (ကားမောင်းသူ) ကို ကောင်လေး၊ ဖြည်းဖြည်းမောင်း၊ နည်းနည်းနောက်ကျလို့ ဘာမှမဖြစ်ဘူး ဟု အမြဲသတိပေးနေရ၏။ မီတာခွက်ကမူ အမြဲ ကီလို ၁၂၀နှင့်အထက်ကို ပြနေသည်။ အထူးသဖြင့် အကွေ့များတွင် ကျွန်တော်က သူ့ကို ကီလို ၁၀၀ ထိလျှော့ချခိုင်းရ၏။

            နေပြည်တော်အ၀င် Toll Gate က မိုင်တိုင်အမှတ် ၂၀၁ တွင်ရှိသည်။ ထို တိုးဂိတ်ရောက်တော့ ၆း၁၀ နာရီ။ လမ်းတွင် ၁၁၅ မိုင်စခန်း၌ နာရီဝက်မျှ စားကြသောက်ကြသေးသည်ဆိုတော့ ရန်ကုန်တိုးဂိတ်မှ နေပြည်တော်တိုးဂိတ်ထိ ကားမောင်းချိန် ၃ နာရီခွဲကြာသည်။ ထို့ကြောင့် ရန်ကုန်နေအိမ်မှ နေပြည်တော် တည်းမည့်နေရာထိ ၅နာရီခွဲကျော်လာရသည်။ အေးပင်အေးသော် ငြားလည်း တစ်ကိုယ်လုံးကပ်စီးကပ်စီးနှင့်မို့ ရေမချိုးဘဲမနေနိုင်။ သားကိုတော့ ရေနွေးနှင့် ခြေလက်ဆေး၊ မျက်နှာကို ရေပတ် တိုက် လုပ်ခိုင်းရ၏။

            နေပြည်တော်ထဲတွင်တော့ ကားကို စိတ်ကြိုက်မောင်းလို့ရပါသည်။ မဟာရန်ကုန်နှင့်တော့ ကွာပါ့။ ၈ လမ်းသွားလမ်းမ ကြီးများပေါ်တွင် ဘာကားမှမရှိ။ တစ်ခါတစ်ရံ ဆိုင်ကယ်များတွေ့ရတတ်သည်။ လွှတ်တော်ရှေ့မှလမ်းမကြီးဆိုလျှင် တစ်ဖက်လျှင် ၁၀ လမ်းကျနှင့် လမ်း ၂၀ လမ်းမကြီးဖြစ်၏။ ကမ္ဘာ့အကျယ်ဆုံး၊ ကားအရှင်းဆုံးနှင့် မလိုအပ်ဘဲ ပိုက်ဆံအဖြုန်းဆုံး လမ်းမကြီး အဖြစ် ဂင်းနစ်စာအုပ်ကြီးထဲတွင်ထည့်ရန် အဆိုတင်သွင်းလျှင်ရလောက်သည်။ ကိုယ်စားလှယ်တော်ကြီးများ လွှတ်တော် တက်ချိန်နောက်ကျမည်စိုးသောကြောင့် ကားဆယ်စီးတစ်ပြိုင်နက် မောင်းဝင်လာလို့ရအောင် ဆိုသည့် မဟာဦးဏှောက်တော် ဖြင့် စဉ်းစားကာ ဖောက်လုပ်ထားခြင်း ဖြစ်တန်ရာသည်။

            ထိုညတွင်တော့ အချိန်မရှိတော့သည်နှင့် ဘယ်မှမသွားတော့ဘဲ အင်တာနက်ဖွင့် အီးမေးလေးဘာလေးစစ်။ ကင်မရာ ဘက်ထရီများအားသွင်း၊ ဟိုဖုံးဆက်သည်ဖုံးဆက် စသည့် တိုလီထွာလီများဖြင့် အချိန်ကုန်သတည်း။ အခန်းမှာ အလုံပိတ် အဲယားကွန်းအခန်းပင်ဖြစ်စေကာမူ အခန်းတွင်း၌ ဧရာမခြင်ကြီးများ အများအပြားရှိနေသဖြင့် ကျွန်တော့်မှာ ကောင်းကောင်း မအိပ်နိုင်။ သားဖြစ်သူကို ခြင်ကိုက်မည်စိုးသောကြောင့် (ခြင်ထောင်လည်းမရှိ) သူ့ကို ခြင်ယပ်ပေးနေခြင်းဖြင့် မိုးစင်စင်လင်းရ တော့၏။


နေပြည်တော်တွင် ဟောပြောပွဲမဖြစ် သောကြောင့် ဆောက်လုပ်ရေးရုံးသွားကာ ဓါတ်ပုံများတောင်းသည်။ လူကြီးလာမှာမို့လို့ ရှေ့ဘက်မှမ၀င်ပါနှင့်ဆိုကာ နောက်ဘက်မှ ပတ်ဝင်ခိုင်းပါသည်။ သြော်- ငါတို့တိုင်းပြည်မှ အရာရှိကြီးများကား အလွန်တန်ခိုးထွားကြပါ ကလားဟု သတိသံဝေဂများပင် ရမိပါလေသေး တော့၏။

            အခြားသူများကား လူစစ်စစ်မဟုတ်ကြ။ သူတို့အသက်ကသာ တန်ဘိုးအလွန်ကြီးလေ သည်။ ဘယ်လောက်အရေးကြီးနေသည့် လူနာ ဖြစ်နေပါစေ။ လူကြီးလာလျှင် အကုန်ဘေးဆင်း ရပ်ပေးရမည်။ ယခင်ရှင်ဘုရင်များခေတ်ကမူ ဘုရင်မင်းမြတ်ကြွချီတော်မူလာလျှင် အားလုံး ပုဆစ်တုပ်ထိုင်ကာ မြေကြီးကို မျက်နှာအပ်ထားရသည်။ မော်ဖူးစေဆိုမှ ဘုရင့်ရွှေမျက်နှာတော်ကို ဖူးခွင့်ရသည်။ မဟုတ်လို့ ကတော့ ကြာပွတ်စာမိသွားမည်။ လူလူချင်း သည်မျှအဆင့်အတန်းခွဲခြားတာကို ကျွန်တော် အလွန်အော့နှလုံးနာပါသည်။
 

ကျွန်မတို့လည်း ဘာတွေမှန်းမသိတာတွေနဲ့ အရမ်းအလုပ်ရှုပ်တယ်။ ဦးအေးငြိမ်းသူငယ်ချင်းဆိုရင် (ဦးခင်မောင်ဆွေ၊ ဒု-အင်ဂျင်နီယာချုပ်၊ တံတား) ညက မအိပ်ရဘူး။ သူ ညတိုင်း ၂ နာရီကျော်၊ ၃ နာရီလောက်မှ အိမ်ပြန်ရတယ် ဟု ဒေါ်သိန်းနု က ပြောပါသည်။

            နေပြည်တော်ရုံးများမှာ တစ်ရုံးနှင့်တစ်ရုံး အဝေးကြီးဖြစ်၏။ ကျွန်တော် ကိစ္စအနည်းငယ်ဖြင့် ရုံးအမှတ် ၁၁ (ဆောက်လုပ်ရေး) နှင့် ရုံးအမှတ် ၁၇ (၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့) သို့သွား၊ နောက် နှင်းထွေးထွေးအောင်ကို သူတို့ အဆောင်ဝင်ခေါ်တာပင် ၂ နာရီခွဲကျော် ကြာပါသည်။ သူငယ်ချင်းရာ ငါတို့ နေပြည်တော်တစ်ခေါက်လာရင် တစ်လစာနီးပါး ပြုတ်သွားတာပဲ ဟု အထက်မြန်မာပြည် ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသူ ငယ်သူငယ်ချင်း ဖိုးတင်စိုးက ပြော၏။ ၀န်ထမ်းများမှာ ကိုယ့်အဆောင်နှင့်ကိုယ်နေကြသည်ဖြစ်ရာ သူတို့ထံတွင် တည်းဘို့ အဆင်မပြေသဖြင့် တည်းခိုခန်းတွင် တည်းရသည်။ ဟိုနားသည်နားသွားလိုလျှင် ဘာယာဉ်ရထားမှ မရှိ။ သည်တော့ ဆိုင်ကယ် ကယ်ရီခေါ်သွားရသည်။ တစ်ရုံးနှင့်တစ်ရုံးက အဝေးကြီးဆိုတော့ ဆိုင်ကယ်ကယ်ရီကို တောက်လျှောက်ခေါ်ထားရသည်။ သည်တော့ ၀င်ရန်အလွန်ခက်လှသော ငွေစကလေးများမှာ တစ်ခဏတာ အတောအတွင်း လျှောကနဲ၊ လျှောကနဲ ထွက်ကြ လေကုန်၏။ သို့ဆိုလျှင် သူတို့ အဘယ်ကဲ့သို့ ရပ်တည်နေကြပါသနည်း။ ကျွန်တော်မသိချင်ပါ။ သူတို့ကလည်း ဒီလိုနေရတာပဲ ဟု ဖြေပါလိမ့်မည်။ ကျွန်တော်လည်း သည်လိုဘ၀မျိုးတွင် အကြာကြီးနေခဲ့ဖူးသည်ဖြစ်ရာ သူတို့ကို ကိုယ်ချင်းစာပါသည်။

 
(၄) နေပြည်တော် တိရစ္ဆာန်ဥယျာဉ်


            စင်ကာပူမှ ဂျူရောင်းဘာ့ပါ့ခ် (Jurong Bird Park), တိရိစ္ဆာန်ဥယျာဉ် (Zoo and Night Safari) စသည်တို့ကို မိတ်ဆွေတို့ ရောက်ဖူးကြပါလိမ့်မည်။ တိရစ္ဆာန်ဥယျာဉ်ထဲတွင် ညိုမှောင်နေသောသစ်ပင်ကြီးများမှာ စိမ်းစိမ်းစိုစိုရှိလှပါသည်။ ထို့ပြင် သစ်ခွဥယျာဉ်ထဲ၌သော်လည်းကောင်း၊ ပန်းခြံများထဲ၌သော်လည်းကောင်း သစ်ပင်ကြီးများကို စိမ်းစိမ်းစိုစိုတွေ့ရပါ လိမ့်မည်။

            သို့သော် နေပြည်တော် တိရစ္တာန်ဥယျာဉ်ထဲမှ သစ်ပင်များမှာမူ မနိုင့်ရင်ကာ၊ ဖုတ်လှိုက်ဖုတ်လှိုက် အသက်ဆက်နေ ရပါသည်။ အပင်များမှာ စိမ်းစိုဘို့မဆိုထားပါနှင့်။ လူနားခိုဘို့အရိပ်ကလေးမျှပင် မပေးနိုင်ပါ။ အညာမှ သစ်ပင်များဖြစ်သဖြင့် လည်း စိမ်းစိုနိုင်မည့် အပင်များမဟုတ်ပါ။ စိမ်းစိုစေမည့်အပင်များစိုက်ဘို့ရာ အိပ်မက်မျှပင် မမက်ကြပါ။
 
 


လုပ်တော့လုပ်ပါရဲ့။ ပီပီပြင်ပြင် လုပ်တာမဟုတ်။ ပီဘိလုပ်တယ်ဆိုရုံ၊ အဖြစ် လုပ်ထားခြင်းဖြစ်ပါသည်။ တိရစ္ဆာန်တွေ အတွက် နေဘို့ကောင်းအောင် ဘယ်လိုလုပ်ပေးမလဲ။ သူတို့နေရတာ သက်တောင့်သက်သာမှရှိရဲ့လား။ သူတို့နားဘို့ရာ အရိပ်လိုမလား ဘာဆိုဘာမှ ထည့်တွေးဟန်မရှိပါ။ သဘာဝအလျောက်ပေါက်နေသောတောကို ခြံခတ်ကာ တိရစ္ဆာန်များ ထည့်ထားရုံနှင့် တိရစ္ဆာန်ဥယျာဉ် ဖြစ်ပါပြီလား။

            သားပိုက်ကောင်ဆိုပါစို့။ သားပိုက်ကောင်များကြိုက်တတ်သည့် ရာသီဥတုသည် အဘယ်နည်း။ အပူချိန်ဘယ်လောက် ဆိုလျှင် သူတို့အတွက် အဆင်အပြေဆုံးဖြစ်မည်နည်း။ မည်သည့်အပူချိန်ဆိုလျှင် သူတို့ကျန်းမာရေးကို ထိခိုက်နိုင်သနည်း။ မည်သည့်အချိန်တွင် မည်သည့်ရောဂါများဖြစ်တတ်သနည်း။ မည်သည့်ကာကွယ်ဆေးများ ထိုးရန်လိုသနည်း။ မည်သည့်အစာ ဆိုလျှင် ၎င်းတို့အတွက် အသင့်တော်ဆုံးဖြစ်မည်နည်း။ သူတို့ဒါတွေသိပါသလား။ အနှီတိရစ္ဆာန်များအတွက် ဤသည်တို့ကို ဂရုတစိုက် လုပ်ပေးပါသလား။ ဤတိရစ္ဆာန်များအတွက် ကျွမ်းကျင်ပညာရှင် ထားပေးပါသလား။ အကြံပေးပုဂ္ဂိုလ် ရှိပါသလား။ တိရစ္ဆာန်ဆရာဝန်တော့ ရှိလိမ့်မည်ထင်ပါသည်။

            သူတို့ခမျာ၊ ဘာမှပြန်မပြောတတ်ရှာပါ။ လူတွေထားသလို နေနေရပါသည်။ အကယ်၍ ခင်ဗျားတို့ကို အဲသလို ဆယ်ရက်လောက်ထားမယ်ဆို ခင်ဗျားတို့နေနိုင်ပါ့မလား။ ကိုယ်ချင်းစာကြည့်ပါခင်ဗျာ။ ကျွန်တော်တို့လူများမှာသာ ခံစားချက် ရှိတာမဟုတ်ပါ။ သူတို့ခန္ဓာကိုယ်ကိုလည်း အသွေးအသားများနဲ့ တည်ဆောက်ထားတာ ဖြစ်ပါသည်။ သည်တိရစ္ဆာန်များကား ၀ဋ်ခံနေရသော သနားစရာ သတ္တ၀ါများဖြစ်ပါသည်။ သူတို့ကို ဤခြံများထဲ၌ ပိတ်လှောင်ထားသော အနှီမောင်မင်းကြီးသားများ ၀ဋ်မလိုက်ပါစေနှင့်။ ၀ဋ်ဆိုတာ အတိုးနှင့်ခံရတတ်ပါသည်။

            ကျွန်တော် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို တောမှ အဆွေအမျိုးများပို့ရင်း၊ တူ၊ တူမများနှင့် အလည်အပတ်သက်သက် သွားရင်း အခေါက်ပေါင်းများစွာ ရောက်ဖူးပါသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ သည် နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ထက် အဆပေါင်းများစွာ ကောင်းပါသည်။ ကျွန်တော်က အဟောင်းများကိုချည်းတမ်းတကာ ခေတ်ဟောင်းထဲမှ ရုန်းမထွက်လိုသူ မဟုတ်ပါ။ တိရစ္ဆာန်ဥယျာဉ်ကို တိရစ္ဆာန်ဥယျာဉ်နှင့်တူအောင် ပြုပြင်ဖန်တီးပေးဘို့အကြောင်း ပြောလိုရင်းဖြစ်ပါသည်။

            လူများထံမှပိုက်ဆံရရုံသက်သက် တိရစ္ဆာန်များကို ပြစားတာကတော့ မကောင်းပါ။ အဲလေ၊ ကျွန်ုပ်တို့မြန်မာပြည်မှာ ကတော့ ကလေးပေါက်စနကလေးများကိုတောင် ဗန်းထဲထည့်ပြီး ပြ တောင်းစားသေးတာ။ ကမ်းကို ကုန်နေပါသည်။ ဘာကောင်မှမဟုတ်သော၊ ဘာအစွမ်းအစမှမရှိသော ကျွန်တော်ကတော့ သည်ကိစ္စမတတ်နိုင်ပါ။ တတ်နိုင်သည့်သူများ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကို ပြောပြစေချင်ပါသည်။ ‘၀ဋ်’ ဆိုတာကို ယုံလျှင်ဖြင့် တိရစ္ဆာန်ဥယျာဉ်ကို အမြန်ဆုံးပြင်ပေးပါ ဟု သတင်းစကား ပါးလိုက်ကြပါခင်ဗျား။

 

(၅) မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ မလွန် ခရီးစဉ်


            ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပြောအပြီးတွင် မင်းဘူးဘက်သို့ ခရီးဆက်ပါသည်။ ယခင်ကမူ အထက် မိတ္ထီလာ ဘက်မှသွားရသည်ဖြစ်၍ အချိန်ကုန်လှသည်။ ယခု နေပြည်တော် - မကွေးဖြတ်လမ်းဖောက်ထားသဖြင့် ခရီးတာ အတော်တို သွားပါသည်။ သို့သော်လမ်းမှာ မပြီးသေး။ ဘာလမ်းအမှတ်အသား၊ လမ်းဘေးကျောက်တိုင်မှ မစိုက်ရသေးသဖြင့် အန္တရာယ် များလှ၏။ အချို့နေရာများတွင် မိုင်တိုင်အမှတ်အသားများ တွေ့ရသည်။ တောထဲ၌ နေထိုင်လုပ်ကိုင် စားသောက်နေသူများကို လည်းတွေ့ရသည်။ သူတို့ဘ၀နှင့်သူတို့တော့ ပျော်လို့။ ကလေးတွေ ဆော့ကစားနေတာ မြင်ရတော့ သည်ကလေးတွေ ဘယ်နား များသွား ကျောင်းတက်ကြပါလိမ့်ဟု ကိုစိုးသိန်းကို မေးပြော ပြောမိပါသည်။

            မန္တလေးတိုင်းဘက်မှ တောတောင်များမှာ အတန် စိမ်းစိမ်းစိုစိုရှိသေးသော်လည်း မကွေးတိုင်းဘက် ရောက်လာသော အခါ တောင်ကတုံးများကိုသာ အတွေ့ရများပါသည်။ သည်တောတောင်များမပြုန်းတီးရလေအောင် မြန်မာနိုင်ငံတွင် အရေးတယူ လုပ်ဆောင်မည့်သူများ မရှိကြတော့ပြီလော။ တရားမရှိ၊ ဒါးမရှိ။ ခုတ်ချင်တိုင်းခုတ်၍ ကိုယ့်အကျိုးစီးပွားအတွက် နိုင်ငံခြားသို့ ရောင်းချစားသောက်နေသူများကို တားဝန့်ရဲသည့်သူ မပေါ်တော့ပြီလော။ ဥပဒေစာအုပ်ကြီးများပေါ် တက်နင်းထားသည့် ဂေါ်ဇီလာကြီးများကို နှိမ်နှင်းနိုင်မည့် သူရဲကောင်း မပေါ်တော့ပြီလော။ ကျွန်တော်ကား ငချွတ်၊ ပမွှားမျှသာ ဖြစ်ပေရာ သည် အတားအဆီးမရှိ တောင်များကို ဖြိုချင်းတိုင်းဖြို၊ သစ်ပင်များကို ခုတ်ချင်တိုင်းခုတ်၊ မြစ်များကို ဆည်ချင်သလိုဆည် လုပ်နေ သည့် ကိစ္စများကို တားဆီးခြင်းငှာ တတ်နိုင်သူမဟုတ်ပါ။ ဘေးမှ လေသေနတ်ပစ်ရုံမျှသာ တတ်နိုင်ပါသည်။

            ကားလမ်းဘေး၌ အညာဒေသ၏ လက္ခဏာများဖြစ်သည့် တမာပင်၊ ထနောင်းပင်၊ ထန်းပင်၊ ဇီးပင်များကို တန်းစီတွေ့ရ လေရာ သည်မြင်ကွင်းများကိုမြင်ပြီးသကာလ စင်ကာပူပြန်ရောက်သည့်အခါ “မချို၏ တမာလမ်းကိုပြန်ခဲ့ပါ” သီချင်းကို ညတိုင်း ဖွင့်လျှက် လွမ်းနေပေရဦးတော့မည်။

            ကျွန်တော်တို့ မြန်မာကျေးလက်တောသူတောင်သားများမှာ ရိုးသားကြပါသည်။ ကျွန်တော်လည်း တောမှာမွေးသည့် တောသားပင်ဖြစ်သဖြင့် မြို့ဓလေ့ထုံးစံများထက် တောဓလေ့များကိုသာ ခုံမင်ပါသည်။ အခြေအနေအရ မြို့ပြတွင်နေနေရသော် လည်း တောမှအစားအသောက် အနေအထိုင်များလောက် မမက်မောပါ။ သည့်အတွက်လည်း ယခုဟောပြောပွဲများတွင် တော မှ တောင်သူများနှင့်ပြန်လည်ဆုံတွေ့ရသည့်အခါ ကျွန်တော် အလွန်ကျေနပ်ဝမ်းမြောက်မိပါသည်။ သည်ခံစားမှုကို စာဖြင့် ရေးပြ လို့မရစကောင်းပါ။ အသက် ၈၀ ပြည့်လုပြီဖြစ်သည့် ကျွန်တော့်အဖေသည်ပင်လျှင် ရန်ကုန်၌ အေးအေးဆေးဆေး သားသမီးများ နှင့်နေနေရသည့်တိုင် နှစ်စဉ် ရွာကိုပြန်ပါသည်။ ယခင် ကျန်းမာရေးကောင်းစဉ်များက တန်ခူးလနှင့် သီတင်းကျွတ်လများတွင် ပြန်သည်။ ယခုမူ သိပ်ကျန်းမာရေးမကောင်းတော့သဖြင့် တစ်နှစ်တစ်ခေါက်သာပြန်ရန် တောင်းပန်ထားရ၏။

            အချိန်မရသဖြင့် ကျေးရွာများသို့မလည်ပတ်နိုင်ခဲ့ပါ။ အာသာပြေ ကားပေါ်မှသာ ရွာရှုခင်းဓါတ်ပုံများ ရိုက်ခဲ့ရသည်။ သို့တိုင် ကားမှာ အမြန်မောင်းနေသည်ကတစ်ကြောင်း၊ လမ်းကလည်း ချိုင့်လှသည်ကတစ်ကြောင်းတို့ကြောင့် တောရှုခင်းများ စိတ်ကြိုက်မရိုက်နိုင်ခဲ့ပါ။ စင်ကာပူပြန်ရောက်လာတော့ ထိုမှုန်ဝါးဝါးဓါတ်ပုံများကိုကြည့်၍ အလွမ်းဖြေရပါသည်။

            ရေနံချောင်းက ဟိုတစ်အိမ်၊ သည်တစ်အိမ်၊ တောင်ကုန်းလျှိုမြောင်များအကြားတွင်တည်ထားသဖြင့် ကျွန်တော့်မျက်စိ ထဲတွင် တစ်မျိုးဆန်းနေပါသည်။ ဖိုးဉာဏ်ပိုလေးတို့အိမ်ကလည်း သစ်သားအိမ်၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်းဖြစ်သဖြင့် ကျွန်တော် တို့ရွာကို ချက်ချင်းပြေးမြင်ယောင်မိစေသည်။ ကျွန်တော် သူတို့အိမ်ပေါ်တက်သွားသွားချင်း အလွန်သဘောကျမိပါ၏။ မမျိုသိပ် နိုင်စွာပင် ပါးစပ်မှလည်း သဘောကျကြောင်း ထုတ်ပြောမိသည်။ ဒါ အပိုပြောခြင်းမဟုတ်ပါ။ ကျွန်တော်က သည်ကဲ့သို့ ရိုးရိုး သားသားနေထိုင် စားသောက်ရခြင်းကို နှစ်သက်သောကြောင့် ဖြစ်ပါသည်။

            မင်းဘူးတွင်ပြောစဉ်ကမူ မင်းဘူးမှ အတော်ဝေးသော သိမ်ကုန်း စိုက်ပျိုးရေးနည်းပညာပေးရေးစခန်း၌ သွားပြောရ၏။ သည်တွင်မတော့ တကယ့်လယ်သမားစစ်စစ်များကို တွေ့ရလေသည်။ ရွာကလည်း တောရွာကလေး။ လာသူများကလည်း တကယ့်တောသူတောင်သားများ။ ဟောပြောပွဲအပြီးတွင် ရသမျှအချိန်ကလေး၌ သူတို့နှင့် စကားစနေအနည်းငယ် သွားပြောပါ သည်။ သူတို့က စိတ်ထဲတွင်ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြကြသည်။ ဤသည်ကို ကျွန်တော်သဘောကျခြင်းဖြစ်၏။ ကျွန်တော့်အဖို့ စကားလုံးလှဘို့မလိုပါ။ ရင်ထဲကပြောသည့် ရိုးရိုးသားသားစကားများကိုသာ ကြားလိုပါသည်။ မျက်နှာလေးက ချိုပြီး စကားလုံးလေးတွေလှနေသော်လည်း ရင်ထဲကစကားမဟုတ်လျှင် တန်ဘိုးမရှိပါ။

            အစကတော့ ရွာထဲလျှောက်လည်ရန် စိတ်ကူးထားပါသေးသည်။ သို့သော် ဘယ်လိုမှအဆင်မပြေပါ။ ၁၀ နာရီစရမှာကို ၁၀ နာရီခွဲမှ စရသည်တစ်ကြောင်း၊ ပြီးပြန်တော့ နောက်က ကျားလိုက်လာသလို ဒရောသောပါးနှင့် ရေနံချောင်းကို ခရီးဆက်ရ ပြန်သဖြင့် တစ်ကြောင်းတို့ကြောင့် ရွာထဲလည်ဘို့နေနေသာ ကိုယ့်ဇောနှင့်ကိုယ်မို့ လမ်းဘေးမြင်ကွင်းကိုပင် ကောင်းကောင်း သတိမထားမိခဲ့ပါ။ ရေနံချောင်းပွဲပြီးပြန်တော့လည်း မှောင်နေပြီမို့ အေးအေးဆေးဆေးမလည်နိုင်။ ရေနံချောင်းရောက်တုံး ကိုရွှေတရုတ်တို့၏ ရွှေဓါတ်ငွေ့ပိုက်လိုင်းများ သွားကြည့်ချင်တာတောင် မကြည့်ခဲ့ရ။

            ရေနံချောင်းက မင်းဘူးကိုပြန်လာတော့ ဘယ်လိုဘယ်လိုပြန်ရောက်လာလိုက်မှန်းပင် မမှတ်မိတော့ပါ။ မနက်မိုးလင်း ကတည်းက မနားတမ်း ဆက်တိုက်လှုပ်ရှားနေရတာဆိုတော့ အတော်ပင်ပန်းနေပါပြီ။ မင်းဘူးမှ မလွန်ကိုခရီးဆက်တော့ သက်တောင့်သက်သာပင်ဖြစ်ပါသည်။

            ဤတွင် ကျွန်တော်အံ့သြမိတာ တစ်ခုရှိပါသည်။ မလွန် ဧရာဝတီမြစ်ကူးတံတား စီမံကိန်းဆိုသော်လည်း လုပ်သား အများကြီးနှင့် ပျားပန်းခပ်အောင် လုပ်နေတာ မတွေ့ခဲ့ရပါ။ ဟိုအနား အလုပ်သမား ၃ - ၄ ယောက်၊ သည်နား အလုပ်သမား ၃ - ၄ ယောက် နှင့် ကချောက်ကချက်လုပ်နေတာသာ တွေ့ခဲ့ရပါသည်။ ဒါ ဤတစ်နေရာထဲမဟုတ်ပါ။ ကျွန်တော်တို့ အိမ်ရှေ့ တည့်တည့်မှ ကွန်ဒိုကြီးဆောက်နေရာတွင်လည်း ထိုနည်း၎င်းပင်ဖြစ်ပါသည်။ လှည်းတန်းဂုံးကျော်တံတားဆောက်သည့်နေရာ ကိုလည်း ကျွန်တော် နေ့တိုင်းဖြတ်သွားပါသည်။ သို့သော် အလုပ်သမား ၄ - ၅ ယောက်လောက်က တူလေးထုသလိုလို၊ ပေါက် ပြားပေါက်သလိုလို ကချောက်ချိ၊ ကချောက်ချက် လုပ်နေတာချည်း တွေ့ရပါသည်။ စက်ကြီးတွေနှင့် ဖိုမင်တွေနှင့်၊ အလုပ်သမား တွေနှင့် အင်တိုက်အားတိုက်လုပ်နေတာမျိုး တစ်ရက်မှမတွေ့ခဲ့ရပါ။  

           
(၆) ရန်ကုန်အပြန်ခရီး


            ရန်ကုန်အပြန်ခရီးတွင်လည်း သိပ်အထွေအထူးမရှိပါ။ အဲလေ - ရန်ကုန်မ၀င်ခင်အထိပေါ့။ နေပြည်တော် ကွန်ကရစ် လမ်းမကြီးမှ အထွက် ရန်ကုန်အ၀င်ကတ္တရာလမ်းပေါ် တက်လိုက်ကတည်းက တန်းစီနေသော ကားတန်းကြီးကို မျက်စိတဆုံး တွေ့ရပါသည်။ ကျွန်တော်တို့လည်း ထိုအတန်းထဲ ၀င်စီရပါသည်။ ကားတန်းကြီးမှာ အတန်ကြာအောင် နည်းနည်းကလေးမှ မရွေ့။ ထို့နောက် ဘီးတစ်လိမ့်နှစ်လိမ့်လိမ့်လိုက်၊ ရပ်သွားလိုက်နှင့် အတော့်ကိုကြာပါသည်။ လူအများတန်းစီနေတာ ငါတို့လည်း တန်းစီမှဟု သဘောမထားပဲ တစ်ဘက်လမ်းကျောမှ ကျော်တက်သွားသော ကားများကို တွေ့ရပါသည်။   

            တန်းစီပြီး မိနစ် ၄၀ လောက်ကြာတော့ ကိုစိုးသိန်းက နောက်ဘက်ပြန်လှည့်ကာ သူတို့မြောက်ဥက္ကလာဘက်မှ ကွေ့ သွားရန်ပြောသဖြင့် နောက်ပြန်လှည့်ခဲ့ကြသည်။ အမှန်မှာ သူ့ကိုလိုက်ပို့ရန် ကွေ့ဝင်ရမည့် ဓါတ်ဆီဆိုင်အကွေ့ကို မကွေ့မိဘဲ လွန်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပြန်လှည့်တော့လည်း နောက်ပြန်လမ်းမှာပါ ပိတ်နေပြန်ပါ၏။ သို့သော် အတန်ကြာတော့ ကား များ ဖြည်းဖြည်းချင်းရွေ့သွားပါသည်။ ဘတ်စ်ကားကြီးတစ်စီးမှာ သူ့ထက်ငါ ကျော်တက်ရင်း လမ်းဘေးတွင် ဖုထွက်နေသော ကျောက်တုံးပေါ်သို့ ကားနောက်ဝင်ရိုး ဂီယာအုံတင်သွားသဖြင့် ကားဘီးမှာ လေထဲလွတ်နေသဖြင့် မည်သို့မှ ရွှေ့လို့မရဘဲ လမ်းပိတ်နေခြင်း ဖြစ်ပါသည်။ စပယ်ယာနှင့် ဒရိုင်ဘာတို့ တုတ်များနှင့် ကားကြီးကို ကော်ချနေတာတွေ့ရပါသည်။ ကျန်ကားများ မှာ ဘေးနားရှိအနည်းငယ် လွတ်နေသောနေရာမှ အသာရှောင်ကွင်းမောင်းထွက်ကြရသည်။

            သည်မြင်ကွင်းကိုကြည့်ကာ ၆ နှစ်မျှသာရှိသော သားတော်မောင်က ဖေဖေ၊ ဖေဖေ၊ ကားတွေသာ ကိုယ့်လမ်းနဲ့ကိုယ် မောင်းကြရင် ဘယ်ဒီလိုလမ်းပိတ်မလဲနော် ဟု မှတ်ချက်ချပါသည်။ အနှီကားဒရိုင်ဘာများသာ ကျွန်တော့်သားလောက် တွေးတတ်လျှင် သည်မျှ ဒုက္ခများစရာမရှိပါ။ ယခုတော့ တစ်ဖက်မှကားတန်းကြီး မည်မျှကြာအောင် ပိတ်နေဦးမည် မသိ။ တစ်ဖက်ကားတန်းမှ ခရီးသည်များ၏ မျက်နှာများကို ကျွန်တော်လှမ်းကြည့် အကဲခတ်ပါသည်။ အားလုံးမှာ စိတ်ဆင်းရဲ နေကြဟန်၊ စိတ်ဓါတ်ကျနေကြဟန် ပေါက်နေပါသည်။ စိတ်တိုနေသော သားသည်မအေများကတော့ တခြားဟောက်ရမည့်သူ ရှာမရသည်နှင့် တဂျီဂျီလုပ်နေသော ကလေးများကို ဖိဟောက်နေပါ၏။

            ထို့ကြောင့် ၈ နာရီကျော် အိမ်ပြန်ရောက်ရမှာကို ည ၉နာရီခွဲမှ ပြန်ရောက်ပါသည်။ ကျွန်တော်တို့မှာ လူလည်းမောပါ၏။ စိတ်ကပိုမောသေးသည်။ တစ်နှစ်မှတစ်ခါကြုံရသော ကျွန်တော်ပင် သည်မျှဒုက္ခများနေလျှင် နေ့တဒူဝအလုပ်သွားပြန်နေရသူ များကား မည်သို့ရှိပါချိမ့်မည်နည်း။ အလုပ်သွားချိန် ကားပိတ်လျှင် နောက်ကျသည့်အတွက် အဖြတ်ခံရမည်။ အလုပ်ပြန်ချိန် နောက်ကျလျှင် နားချိန်များထဲမှ လျော့မည်။ စိတ်ဒုက္ခကိုမူ နေ့စဉ်ခံစားကြရပေလိမ့်မည်။ သနားစရာ ကျွန်တော်တို့ တိုင်းသူ ပြည်သားများပါပေတည်း။

            ကျွန်တော်တို့တိုင်းပြည်တွင် အနှီလူမှုဒုက္ခအပေါင်းကို မည်မျှကြာအောင် ခံစားနေကြရဦးမည်နည်း။ ဗေဒင်ဆရာများ ကားမပိတ်နိုင်သည့် ယတြာလေးများရှိလျှင် မ,စ,တော်မူကြပါခင်ဗျာ။

 
(၇) စင်ကာပူအပြန်ခရီး

 
            စင်ကာပူပြန်လာတော့ ကိုဖိုးအောင် (ကိုကျော်သက်အောင်) တို့နှင့်တွေ့သည်။ အလို သူတို့လည်း အလည်ပြန်လာတာ ဆိုပါလား။ တိုက်တိုက်ဆိုင်ဆိုင်။ သူတို့ကလည်း မြန်မာပြည်ပြန်ချင်နေကြသူများဖြစ်သည်။ ကျွန်တော်က သူတို့ကို ကိုမျိုးမင်းကျော်၏ သင်တန်းကျောင်း လက်ကမ်းစာစောင်များပြလိုက်တော့ သူတို့ အတော်လေး သွားရည်ကျသွားလေ၏။ စကားစနေပြောကြရင်း မြန်မာပြည်တွင် သင်တန်းကျောင်းတစ်ခုထောင်ဘို့ ပြောဖြစ်ကြသည်။ သူတို့က ကျွန်တော်နှင့် ပေါင်းလုပ်ချင်ပါသည်ဆို၏။ ကျွန်တော့်မှာ အလွန်တွေဝေတတ်သူဖြစ်ရကား ခပ်လေးလေး ခေါင်းငြိမ့်လိုက်ရ၏။ မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ငန်းကိုင်ငန်းကလေးများ လုပ်မည်ကြံတိုင်း ခြေချုပ်မိနေသော စင်ကာပူမှကိစ္စများက အလိုလို ခေါင်းထဲရောက်လာသည်။ သည်ကိစ္စများကို ဘယ်လိုရှင်းရမလဲ ကျွန်တော်မကြံတတ်ပါ။ နောက်ပြီး လေးငါးနှစ်ထဲမဟုတ်။ အနှစ် ၂၀ ကျော် အစိတ် ဖြစ်၏။

            လေယာဉ်ပေါ်တွင် ထိုင်ခုံအတော်များများလွတ်နေသည်။ ကျွန်တော့်ထိုင်ခုံတွင် ၆ ခုံစလုံး လူအပြည့်။ သို့သော် ရှေ့မှ နှစ်တန်းတွင် လူတစ်ယောက်မှ မရှိ။ သို့နှင့် ကျွန်တော်လည်း အနားရောက်လာသည့် လေယာဉ်မယ်လေးကို ငါ၊ ရှေ့တန်း ပြောင်းထိုင်မယ် ပြောပြီး ရှေ့သွားထိုင်သည်။ ကျွန်တော်က ပြူတင်းပေါက်နားမှခုံကို သဘောကျသည်။ အပြင်ဘက်သို့ ငေးလို့ ရသောကြောင့် ဖြစ်၏။ နောက်ပြီး လူချောင်တော့ လက်ပ်တော့ဖွင့်ကာ စာရေးလို့လည်းရသည်။ ကျွန်တော့်နည်းတူ အခြား နှစ်ယောက်လည်း ကျွန်တော်ထိုင်သည့်အတန်း ဟိုမှာဘက်သို့ လာထိုင်၏။

            လေယာဉ်တက်ပြီး အတန်ကြာတော့ နေ့လည်စာ ကျွေးပါသည်။ ထမင်းပွဲများ လိုက်ချပေးရာတွင် ကျွန်တော်တို့ကို ချမပေးဘဲ ကျော်သွားပြီး ရှေ့ဘက်အတန်းများ သွားချပေး၏။ ကျွန်တော်လည်း အရိပ်အခြည် ကြည့်နေသည်။ ခဏနေတော့ ဟိုဘက်ခုံတန်းမှ အတွဲက လေယာဉ်မောင်ကိုခေါ်ကာ ထမင်းထုပ်တောင်းသဖြင့် လာချပေးတာ တွေ့၏။ ကျွန်တော့်ဘက်များ တပါတည်း ချပေးမလား စောင့်ကြည့်သော်လည်း လှည့်ကြည့်ဖော်ပင်မရပါ။ ကျွန်တော် အတော်အောင့်သက်သက် ဖြစ်လာ၏။ ၎င်းလှည့်ထွက်သွားတော့ ကျွန်တော်သူ့ကို လှမ်းခေါ်သည်။ နေပါဦးကွယ်၊ မင်းတို့ဟာက ထမင်းကျွေးတာ ရွေးကျွေးတာလား၊ ခရီးသည်အားလုံးကို ကျွေးတာမဟုတ်ဘူးလားဟု ခပ်မာမာမေးတော့မှ အစ်ကိုက ခုံပြောင်းထိုင်နေလို့ပါ ဟု ဗမာလို ပြန်ပြော လေသည်။ အလဲ့ကွယ်၊ ခုံပြောင်းထိုင်ရင် ထမင်းမကျွေးဘူးလို့ စည်းကမ်းထုတ်ထားတာလား ဟု ပက်လိုက်သေးသော်လည်း ဘာမှ ပြန်မပြောပါ။ သည်တစ်ခါတော့ လိမ္မော်ရည်ပုလင်းသေး တစ်ပုလင်းပါ ထည့်ပေးပါသည်။   

            သည်ကဲ့သို့သော အပြုအမူများကြောင့် ကျွန်တော် MAI ကို မစီးချင်တာဖြစ်ပါသည်။

            လေဆိပ်က ကာစတန်က တစ်မျိုး။ အိတ်စရေးဖြတ်တော့ ကျွန်တော့်လပ်ဂေ့ခ်ျကိုပြလျှက် ဒါ ဘယ်သူ့အိတ်လဲဟု မေး၏။ င့ါအိတ်ပါ ဆိုတော့ ဖွင့်ပြပါဆိုလေ၏။ ကျွန်တော့်အိတ်ကို တစ်လွှာချင်းလှစ်ပြရသည်မှာ အောက်ဆုံးထိရောက်လေ၏။ ပြန်ထည့်တော့ အဆင်မပြေ။ လပ်ဂေ့ခ်ျထဲတွင် ယောက္ဖလုပ်သူထည့်ပေးလိုက်သော ကျောက်တုံးများ ပါ၏။ သည်ကျောက်တုံး ထဲဘာတွေ ဘယ်လောက်ပါသည်ကို စမ်းသပ်ရန် ဓါတ်ခွဲခန်းပို့ရန်ဖြစ်သည်။ လ.၀.က ဆရာက ဒါတွေ ဘာတုံးဟု မေး၏။ ကျွန်တော်ကလည်း အမှန်အတိုင်း ဒါတွေကျောက်ခဲတွေပါ။ ဒီအထဲ ဘာသတ္တုတွေ ဘယ်လောက်ပါတယ်ဆိုတာ သိရအောင် ဓါတ်ခွဲခန်းပို့ဘို့ယူလာတာ ဆိုတော့ ဟိုလှည့်သည်လှည့် လှည့်ကြည့်နေပါသေး၏။ နောက်ပြီး ဆရာမိုး ၀မ်းနှုတ်ဆေးဘူးများကို ဖွင့်ကာ ဒါဘာတွေလဲ မေးပြန်၏။ မသေမချင်းမှတ်ထား၊ အဲဒါ ဗမာဆေးခေါ်သကွဲ့ ဟု ဖြေလိုက်မှ ဆေးကိုနမ်းကြည့်၊ ဆေးဘူးမှ ဗမာစာများကို ဟိုလှည့်သည်လှည့်ကြည့်ပြီး ပြန်ထည့်သည်။ အတန်ကြာကြည့်ပြီးမှ သွားခွင့်ပြုလေ၏။ သည့်ထက်ပိုရစ်လာပါက အနှီပုဂ္ဂိုလ်ကို ထိုဆေးလုံး ၄-၅ လုံးလောက်တိုက်လိုက်မည်ဟု စိတ်ကူးထားလေ၏။ ဆရာမိုး ၄-၅လုံးလောက်သာ ဗိုက်ထဲဝင် သွားလို့ကတော့ ဟင်းဟင်း၊ ငနဲသား၊ တစ်ညလုံး အိမ်သာနဲ့ မိတ်ဆက်ပေရော့။

            ကိုကျော်သက်အောင်က စီးကရက်တစ်တောင့် သယ်လာသည်။

ဒီမယ်ကိုယ့်လူ၊ ကိုရင် စင်ကာပူမှာ အလုပ်လုပ်နေ တာမဟုတ်ဘူးလား။

ဟုတ်ပါ့ခင်ဗျာ။

ဒါဆို စင်ကာပူနိုင်ငံထဲ အခွန်ဆောင်မထားတဲ့ စီးကရက်သယ်လို့မရဘူးဆိုတာ မသိဘူးလား။

ခင်ဗျာ။

ခင်ဗျာတွေဘာတွေလုပ်မနေနဲ့။ ဟောဟိုကောင်တာမှာ အခွန်သွားဆောင်ချေ။

            ကိုကျော်သက်အောင်လည်း ဘာမှမပြောသာဘဲ အခွန်သွားဆောင်လိုက်ရ၏။ စီးကရက်တစ်တောင့်အတွက် စင်းဒေါ်လာ ၇၇ ကျပ် အခွန်ဆောင်လိုက်ရသည်။ ၀ယ်ဈေးထက်တောင် ပိုများချင်များနေပါလိမ့်ဦးမည်။ အခွန်ဆောင်ပြီး ပြန်လာသည့် ကိုကျော်သက်အောင့်မျက်နှာကြီးမှာ ဒန်အိုးပေါက်၊ ကြေးအိုးပေါက်၊ ပုလင်း၊ သတင်းစာများဝယ်သည့် ကုလား၏ ခြင်းတောင်းထဲမှ ဒန်ခွက်ဖင်ကဲ့သို့ ဖြစ်လာပါလေ၏။

 
သို့နှင့်ပင် ပျော်ရာမှာမနေရသော ကျွန်တော့်မှာ တော်ရာတည်းဟူသော စင်ကာပူနိုင်ငံတွင်းသို့ တစ်ခေါက်တကျင်း မရောက်ချင်ဘဲ ရောက်လာခဲ့ရပြန်ပါသတည်း။

 
အေးငြိမ်း
၇ - ၁ - ၂၀၁၂။ ည ၁၀း၅၀ နာရီ

No comments: