တတိယပိုင်း
လုပ်ငန်းခွင် ကျန်းမာရေး (Occupational Health) (မိနစ် ၂၀)
၁။ လုပ်ငန်းခွင်ကျန်းမာရေး အဘယ်ကြောင့် အရေးကြီးသနည်း
လူ၏ တစ်နေ့တာအချိန်ကို အများဆုံး အသုံးချရသည့်နေရာမှာ လုပ်ငန်းခွင်ပင်ဖြစ်ပါသည်။ အိမ်မှာနေစဉ် သို့မဟုတ် အပေါင်းအသင်းများနှင့် ပျော်ပါးစားသောက်နေစဉ် ကျန်းမာရေးအတွက် ထိခိုက်လောက်သည့် အခြေအနေ အလွန်နည်း ပါသည်။ သို့သော် လုပ်ငန်းခွင်၌မူ ကျန်းမာရေးအတွက် ခြိမ်းခြောက်နေသော အရာများ လက်တစ်ကမ်းတွင်ပင် ရှိသည်။ ထို့ပြင် ဤကဲ့သို့ထိခိုက်ခြင်းသည် တစ်ဘ၀လုံးစာ ဖြစ်သွားနိုင်သည်။ ဥပမာ - နားလေးခြင်း၊ ခါးနာခြင်း။
ထို့ကြောင့် လုပ်ငန်းခွင် ကျန်းမာရေးကို အထူးတလည် အလေးထား စဉ်းစားရသည်။
လုပ်ငန်းခွင်မတော်တဆမှုများကြောင့် တစ်သက်တာမသန်မစွမ်းဖြစ်မှု
အကယ်၍ အလုပ်သမားတစ်ဦးသည် အမြင့်မှလိမ့်ကျကာ ခြေ၊ လက်ကျိုးသွားသည်ဆိုပါစို့။ သို့မဟုတ် ကျောက်စက်တိုက်ရာမှ မျက်လုံးအတွင်း သံစစူးကာ မျက်စိအမြင် ဆုံးရှုံးသွားရသည် ဆိုပါစို့။ သို့မဟုတ်ပါကလည်း ဆူညံသောပတ်ဝန်းကျင်တွင် နား အကာအကွယ်ပစ္စည်း တစ်စုံတစ်ရာ ၀တ်ဆင်မထားဘဲ ဆက်တိုက်လုပ်နေရသည်ဆိုပါစို့။ ထို အလုပ်သမားသည် နှစ်အနည်း ငယ်အတွင်း နားလေးသွားပေလိမ့်မည်။
ဤကဲ့သို့ဖြစ်လာလျှင် အလုပ်သမား၊ အလုပ်သမားကို မှီခိုနေရသည့် ၎င်း၏မိသားစုများနှင့်တကွ အလုပ်ရှင်ကိုပါ ထိခိုက်နစ်နာ စေသည်။ နိုင်ငံအတွက်လည်း လုပ်သားတစ်ယောက်ဆုံးရှုံးရသည်။ ထို့ကြောင့် ထိုကဲ့သို့ တစ်သက်တာမသန်မစွမ်းဖြစ်မှုများကို တတ်နိုင်သမျှကာကွယ်ရမည်။ အစိုးရက ဥပဒေထုတ်ကာ ကြပ်ကြပ်မတ်မတ်လုပ်ရန်လိုသကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမား များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အရေးကြီးပါသည်။
အလုပ်သမားများအတွက် အာမခံချက်၊ (အသက်အာမခံ၊ မတော်တဆ ထိခိုက်မှုအာမခံ)
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် မတော်တဆထိခိုက်မှု၊ တစ်သက်တာမသန်မစွမ်းဖြစ်မှုများအတွက် အလုပ်သမားများအား မည်ကဲ့သို့ စီမံပေးထားသည်ကို ကျွန်တော်မသိပါ။
အလုပ်လုပ်နေသူ အလုပ်သမားများအတွက် အသက်အာမခံ၊ တစ်သက်တာ မသန်မစွမ်းဖြစ်မှုအာမခံ၊ မတော်တဆ ထိခိုက်မှု အာမခံ စသည်ဖြင့် ထားရှိပေးရန်လိုပါသည်။ ကုမ္ပဏီအလုပ်သမားများသာမက ဖြစ်နိုင်လျှင် တောင်သူလယ်သမား၊ ယာ သမား၊ ထန်းတက်လုပ်သား အစရှိသူတို့အတွက်ပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လယ်သမား တစ်ဦး မြွေကိုက်သဖြင့် အသက်ဆုံးရှုံးရလျှင်သော်လည်းကောင်း၊ ထန်းတက်သမားတစ်ဦး ခြေချော်လက်ချော် ထန်းပင်ပေါ်မှ ပြုတ်ကျလျှင်သော်လည်းကောင်း ၎င်း၏ မိသားစုအတွက် မည်သည့်အာမခံမှမရှိပါက ဒုက္ခများစွာရောက်ပါလိမ့်မည်။
အလုပ်သမားများအတွက် ကျန်းမာရေးခံစားခွင့် (ပုံမှန်ကျန်းမာရေး စစ်ဆေးခွင့်၊ ဆေးကုသခံပိုင်ခွင့်၊ ဆေးခွင့် စသည်)
မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် ကျန်းမာရေးခံစားခွင့်ကို မည်ကဲ့သို့ ပြဌာန်းထားကြောင်း ကျွန်တော်မသိပါ။
လုပ်ငန်းခွင်၌ အမြဲမပြတ်လုပ်ကိုင်နေရသော လုပ်သားများအတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးခံပိုင်ခွင့်ကို သတ်မှတ်ထားရန် လိုပါသည်။ ဥပမာ - ဓါတ်မှန်ဌာန၌ အလုပ်လုပ်နေရသော ၀န်ထမ်းတစ်ဦးအနေနှင့် ၎င်း၏ခန္ဓာကိုယ်အတွင်း ဓါတ်ရောင်ခြည် သင့်မှု အခြေအနေ၊ ဆူညံသော ပတ်ဝန်းကျင်၌ အလုပ်လုပ်နေရသူတစ်ဦး၏ နားကြားနိုင်စွမ်း အခြေအနေ၊ ဓါတုဗေဒ ဆေးဝါး များဖြင့် အလုပ်လုပ်နေရသူတစ်ဦး၏ သွေး၊ ၀မ်း၊ ဆီး အခြေအနေစသည်။
အလုပ်ခွင်ကြောင့်ရလာသော ဒါဏ်ရာ၊ ရောဂါအတွက် အလုပ်သမားသည် အခမဲ့ဆေးကုသခံယူနိုင်ခွင့် ရှိရပါမည်။ ဥပမာ - အလုပ်သမားတစ်ဦးသည် ကျောက်စက်တိုက်နေရာမှ မတော်တဆ လက်ကို ရှမိသည်ဆိုကြပါစို့။ ဤဒဏ်ရာအား ဆေးကုခြင်း အတွက်ကုန်ကျစရိတ်၊ ဒဏ်ရာရနေစဉ် အလုပ်မလုပ်နိုင်သည့်ရက်များအတွက် သာမန်လုပ်ခခံစားပိုင်ခွင့်။ ထိုကုန်ကျစရိတ်များ အတွက် ကုမ္ပဏီသည် အလုပ်သမားအတွက် ကျန်းမာရေးအာမခံ ထားရှိပေးရန် လိုပါလိမ့်မည်။
အလုပ်သမားများ၏ မမာရေး၊ မကျန်းရေးအတွက် ဆေးခွင့်ကိုလည်း သတ်မှတ်ပေးရန်လိုပါသည်။ ပြင်ပ လူနာအဖြစ် ကုသရ လျှင် ဘယ်နှရက်၊ အတွင်းလူနာအဖြစ် ကုသရလျှင် ဘယ်နှရက် စသည်။
အလုပ်သမားများအား လုပ်ငန်းခွင်ကျန်းမာရေး ပညာပေးမှု အခြေအနေ
ကျွန်တော်သည် ယခုမြန်မာနိုင်ငံအတွင်းတွင် ရှိမနေပါသဖြင့် မြန်မာနိုင်ငံအတွင်းမှ အခြေအနေများကို မသိပါ။ ယခုဖော်ပြမည် မှာ ရှိသင့်သည့်အခြေအနေများဖြစ်ပါသည်။
အလုပ်သမားများအား လုပ်ငန်းခွင်ကျန်းမာရေးအတွက် ပညာပေးမှု မရှိမဖြစ်လိုပါသည်။ အလုပ်သမားတစ်ဦး နားလေးသွားမှ ဆိုလျှင် ဘာမှလုပ်လို့မရတော့ပါ။ နားလေးခြင်းဟူသည် ထာဝရဖြစ်၏။ ထို့ကြောင့် နားမလေးခင်ကတည်းက ကာကွယ်ထား ရပါမည်။ ထို့ကြောင့် အလုပ်သမားများအား မိမိတို့သုံးစွဲနေသော စက်များအကြောင်း၊ ထိုစက်များသုံးရာတွင် ကြုံတွေ့ရနိုင် သည့် အန္တရာယ်များအကြောင်း၊ ထိုအန္တရာယ်များကို မည်သို့ကာကွယ်နိုင်သည့်အကြောင်း၊ မလိုက်နာလျှင် မည်သို့သော ရောဂါများရနိုင်သည့်အကြောင်း အစရှိသည်တို့ကို သေသေချာချာသင်ကြားပေးထားရပါမည်။ သင်ကြားပေးထားသည့်တိုင် မလိုက်နာသူများကို အပြစ်ပေး၊ အရေးယူနိုင်ရန် ဥပဒေထဲတွင် ထည့်သွင်းပြဌာန်းထားရပါမည်။
ဥပမာ - အလုပ်သမားတစ်ဦးသည် ဓါတုဗေဒပစ္စည်းများဖြင့် အလုပ်လုပ်တော့မည်ဆိုလျှင် ထိုဆေးနှင့်ပတ်သက်သည့် ဘေးအန္တရာယ်ကင်းရေး အချက်အလက် (Material Safety Data Sheet – MSDS) ကို သေသေချာချာ နားလည် သဘောပေါက်အောင် ရှင်းပြထားရပါမည်။ ဤပစ္စည်းသည် မည်သည့်ဓါတုဗေဒ ပစ္စည်းအမျိုးအစားဖြစ်သည်။ မီးလောင်နိုင် စွမ်းမည်မျှရှိသည်။ မတည့်သည့် ဓါတ်များမှာ မည်သည်တို့ဖြစ်သည်။ မည်သို့ကိုင်တွယ်ရမည်။ မည်ကဲ့သို့ သုံးစွဲရမည်။ မည်သို့သိုလှောင်ရမည်။ မီးလောင်လျှင် မည်ကဲ့သို့ မီးသတ်ရမည်။ မျက်လုံးထဲဝင်ပါက၊ ရှူမိပါက၊ အသားအရေနှင့် ထိပါက၊ ပါးစပ်အတွင်းဝင်ပါက မည်ကဲ့သို့ လုပ်ရမည်။ မည်ကဲ့သို့ စွန့်ပစ်ရမည်။ ပတ်ဝန်းကျင်အတွက် မည်မျှအန္တရာယ်ရှိသည် - အစရှိ သဖြင့် ဖြစ်ပါသည်။
၃။ လုပ်ငန်းခွင် ရောဂါဘယများ နှင့် ဆေးစစ်ဆေးမှု အစီအစဉ်
လုပ်ငန်းခွင်ကျန်းမာရေး - အန္တရာယ်ကြောင့်ဖြစ်သော ခန္ဓာကိုယ်၏ တုံ့ပြန်မှု
လုပ်ငန်းခွင်၌ ကြုံတွေ့ရနိုင်ချေကို နှစ်ပိုင်းခွဲနိုင်ပါသည်။ အချိန်တိုအတွင်း ပမာဏများစွာ ထိတွေ့မှု နှင့် ပမာဏနည်းနည်းချင်း ကာလကြာရှည်စွာ ထိတွေ့နေမှုတို့ဖြစ်ပါသည်။ ဤနှစ်မျိုးလုံးသည် ကျန်းမာရေးအတွက် အန္တရာယ်များသည်ချည်း ဖြစ်၏။
ဥပမာ - ဓါတုဆေးရည်များ ခန္ဓာကိုယ်ပေါ် ဖိတ်စဉ်ခြင်းသည် အချိန်တိုအတွင်း ပမာဏများစွာ ထိတွေ့မှုဖြစ်၏။ စိုက်ခင်းများ အတွင်း ပိုးသတ်ဆေးဖြန်းရာတွင် ခန္ဓာကိုယ်ကို သေချာစွာ ကာကွယ်မထားခြင်းသည် ပမာဏမများသော်လည်း ကာလ ကြာရှည်စွာ ထိတွေ့နေမှုဖြစ်၏။
လုပ်ငန်းခွင်အန္တရာယ်များမှ ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို သုံးမျိုးခွဲနိုင်သည်။
ချက်ချင်းတုံ့ပြန်မှု - ဥပမာ - ဓါတုဆေးရည်များ ကိုယ်ခန္ဓာအပေါ်စဉ်မှု။ ဤအမျိုးအစားသည် နာတာရှည်မဟုတ်။ ကုသ၍ ပျောက်ကင်းလျှင် နောက်ဆက်တွဲ ဆိုးကျိုးများ မရနိုင်။
တဖြည်းဖြည်းချင်း တုံ့ပြန်မှု - ဥပမာ - ရင်ကြပ်ရောဂါ ရရှိမှု။ အန္တရာယ်ရှိသော နေရာတွင် ရက်များစွာ၊ လများ၊ နှစ်ပေါင်းများ စွာ နေ့စဉ်ရက်ဆက် အလုပ်လုပ်နေရာမှ ရသောရောဂါ။ ထိုရောဂါမှာ တာရှည်တတ်သည်။ ခဏနှင့်မပျောက်။
မသိမသာ တုံ့ပြန်မှု - ဥပမာ - နားလေးခြင်း။ ဆူညံသော ပတ်ဝန်းကျင်၌ အလုပ်လုပ်နေသူသည် နားလေးခြင်းကို ချက်ချင်း မခံစားရ။ နှစ်၊ လပေါင်းများစွာ ကြာလာမှ တဖြည်းဖြည်း သိသာလာသည်။ သို့သော် သိသည့်အချိန်၌ လွန်သွားပြီဖြစ်သဖြင့် ကုသရန် လွန်စွာခက်ခဲသည်။ ၎င်းကို အမြဲမပြတ် စောင့်ကြည့်လေ့လာနေရန် လိုသည်။
အလုပ်သမားများ အလုပ်လုပ်သည့်နေရာတွင် ထိုရောဂါဘယများ အလွယ်တကူမရနိုင်စေရန် လိုအပ်သောကာကွယ်မှုများ၊ အစီအမံများ ပြုလုပ်ပေးထားရပါမည်။
အက်စ်ဘက်စ်တိုစ်ကြောင့်ရသော ရောဂါများ
အပူကာပြား (insulator)၊ မီးခံအုတ်၊ မီးခံဆေးစသည်တို့တွင် အက်စ်ဘက်စ်တိုးစ် ပါသည်။ အက်စ်ဘက်စ်တိုးစ်သည် အဆုပ် ကင်ဆာ နှင့် အခြားရောဂါများကို ဖြစ်စေသည်။ ထို့ကြောင့် အပူကာပြားဆင်သူ အလုပ်သမားများ၊ သင်္ဘောကျင်း လုပ်သား များ၊ ဘွိုင်လာ လုပ်သားများ၊ မီးခံအုတ်လုပ်သူ၊ အက်စ်ဘက်စ်တိုးစ်ဘိလပ်မြေလုပ်သူ၊ မီးသတ်သမား စသူတို့အား ပုံမှန် ကျန်းမာရေး စစ်ဆေးပေးရန် လိုပါသည်။
နားလေးခြင်း
ဆူညံသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်နေရသူများသည် ကာလကြာရှည်လာသည့်အခါ နားလေးရောဂါရလာတတ်သည်။ ထို့ကြောင့် ၎င်းတို့အားလည်း ပုံမှန် နားကြားခြင်း စစ်ဆေးမှု ပြုလုပ်ပေးရန် လိုပါသည်။
ရင်ကြပ်ခြင်းနှင့် လုပ်ငန်းခွင်
အချို့သောပန်းဝတ်မှုံ၊ စပါးပွေး၊ ဘိလပ်မြေမှုံ့၊ မုံ့ဖုတ်သော ဂျုံမှုန့် စသည်တို့သည် ရင်ကြပ်ရောဂါကို ဖြစ်စေတတ်သဖြင့် ထိုအရာများနှင့် အလုပ်လုပ်နေသူများအတွက်လည်း ဆေးစစ်မှုအစီအစဉ် လုပ်ပေးထားရပါမည်။
ခါးနာခြင်း
ကာယအားသုံးပြီး ပစ္စည်းသယ်မရသူများတွင် ခါးနာရောဂါ ရတတ်ပါသည်။ ထို့ကြောင့် ၎င်းတို့ကို စနစ်တကျ မ,ပုံ မ,နည်း သင်ပေးထားရန် လိုသလို ခါးနာသည့်အခါတွင်လည်း ဆေးကုသခံယူမှု၊ ဆေးစစ်မှုများ ပြုလုပ်ပေးရပါမည်။
ဓါတ်ရောင်ခြည်သင့်ခြင်း
ဂဟေဆော်သူများ၊ ဓါတ်ရောင်ခြည်ဌာနတွင် အလုပ်လုပ်သူများအတွက် ပုံမှန်ဆေးစစ်ဆေးမှုခံယူခြင်း အစီအစဉ်တစ်ရပ် ရေးဆွဲချမှတ်ထားရပါမည်။
ဓါတုဆေးရည်များ အဆိပ်သင့်ခြင်း
ဆေးရည်စိမ်လုပ်ငန်း၊ သုတ်ဆေးလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ ပိုးသတ်ဆေးဆိုင်များ၊ ရေနံဓါတုစက်ရုံ စသည့် ဌာနများမှ လုပ်သားများသည် ဓါတုဗေဒဆေးရည်၊ အငွေ့များနှင့် အမြဲမပြတ်ထိတွေ့နေရသည်ဖြစ်ရာ ၎င်းတို့အတွက်လည်း ပုံမှန်ဆေးစစ်ဆေးမှုခံယူခြင်း အစီအစဉ်တစ်ရပ် ရေးဆွဲထားရန်လိုပါသည်။
ရောဂါဘယကူးစက်ခြင်း (ဆေးရုံဆေးခန်းမှ ၀န်ထမ်းများ)
ဆေးရုံဆေးခန်းဝန်ထမ်းများ၊ ရောဂါရှာဖွေရေးဌာနမှ ၀န်ထမ်းများ၊ သွေးလှူဘဏ်ဝန်ထမ်းများအတွက်လည်း ပုံမှန် ဆေးစစ်ဆေးမှုခံယူခြင်း အစီအစဉ် ရေးဆွဲထားရန်လိုပါသည်။
ဆေးစစ်မှတ်တမ်းများကိုလည်း သေချာစွာသိမ်းဆည်းထားရန် လိုပါသည်။ သို့မှ ယခင်ကဆေးစစ်မှတ်တမ်းများကို ကြည့်ကာ တိုးတက်မှု ဆုတ်ယုတ်မှု အခြေအနေကို သုံးသပ်ဝေဖန်နိုင်ပါမည်။
၎။ လုပ်ငန်းခွင် ရောဂါဘယများကို မည်ကဲ့သို့ လျှော့ချမည်နည်း
အစိုးရမှ ဥပဒေပြဌာန်းပေးခြင်း
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အက်ဥပဒေတွင် လုပ်ငန်းခွင်ကျန်းမာရေး အတွက် ထည့်သွင်းပြဌာန်းထားရပါမည်။ ထိုအက်ဥပဒေကို လက်တွေ့အကောင်အထည်ဖော်မည့် နည်းဥပဒေများ၌ လုပ်ငန်းခွင် ကျန်းမာရေး အတွက် အကာအကွယ်ပေးရမည့်နည်းစနစ်များ၊ ရှောင်ရှားနိုင်သည့် နည်းပညာများ၊ ကျန်းမာရေးစစ်ဆေးမှု အစီအမံများကို မည်သို့ပြုလုပ်ရမည်ကို အတိအကျ အသေးစိတ် ပြဌာန်းပေးရန် လိုပါသည်။
ဥပမာ - စင်ကာပူနည်းဥပဒေများအနက် အချို့ကို နမူနာပြရလျှင် WSH Act (Noise) Regulation၊ ကျန်းမာရေးစစ်ဆေးမှု အတွက် WSH Act (Medical Examination) Regulation စသဖြင့် ဖြစ်ပါသည်။
ကျန်းမာရေးစစ်ဆေးမှုအစီအမံမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှု စနစ် (Safety Management System) တွင် အခန်းတစ်ခုအဖြစ် ပါဝင်ပါသည်။ Occupational Health Program ဖြစ်ပြီး မိမိလုပ်ငန်းနှင့် အကြုံးဝင်သော ဆေးစစ်ဆေးမှု များပြုလုပ်ရန် ရေးဆွဲထားသော စီမံချက်ဖြစ်ပါသည်။ ဥပမာ - Hearing Conservation Program
အလုပ်သမားများ (ပြည်သူလူထု) အား ပညာပေးခြင်း၊ သင်တန်းများပို့ချပေးခြင်း
ဥပဒေဟူသည် သာမန်ပြည်သူများနှင့် မနီးစပ်နိုင်ရကား ပြည်သူများအနေနှင့် မည်သည့်ဥပဒေ၊ နည်းဥပဒေများရှိသည်ကို သိရန်မလွယ်ကူ။ ထို့ကြောင့် အစိုးရက ဥပဒေဖြင့် ပြဌာန်းထားသည်ပင် မှန်သော်လည်း အများပြည်သူများအား ပညာပေးရေး မှာ အလွန်အရေးကြီးပါသည်။ ဟောပြောပွဲ၊ သရုပ်ပြပွဲ၊ ပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်း၊ သင်တန်းများပေးခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်၊ အသုံးပြုနည်းလမ်းညွှန်များ ရိုက်နှိပ်ဖြန့်ဝေခြင်း ပြုလုပ်ပေးရပါမည်။
ဥပမာ - စိုက်ပျိုးရေးလုပ်ငန်းများ၌ မရှိမဖြစ်သုံးရသော ပိုးသတ်ဆေး အတွက်။
v ပိုးသတ်ဆေးအကြောင်းသိကောင်းစရာ စာအုပ်၊ လက်ကမ်းစာစောင်၊ ပိုစတာ
v ပိုးသတ်ဆေးအန္တရာယ် ဟောပြောပွဲ၊
v ပိုးသတ်ဆေးကို အန္တရာယ်ကင်းစွာ ကိုင်တွယ် သုံးစွဲနည်း - စသည်။
တိုင်းနှင့်ပြည်နယ်များရှိ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ထမ်းများက အခါအားလျော်စွာ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပပေးခြင်းဖြင့် အလုပ်သမားများနှင့် လုပ်သားပြည်သူများ ပူးပေါင်း ပါဝင် လာအောင် စည်းရုံးလှုံ့ဆော်ခြင်း၊ ကလေးများအတွက် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ လူငယ်များ အတွက် လုပ်ငန်းခွင်အန္တရာယ်ဆိုင်ရာ ကစားပွဲ (Game) များ စီစဉ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်ပါသည်။
အလုပ်သမား (လုပ်သားပြည်သူများ) အတွက် လိုအပ်သော ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း
လုပ်ငန်းခွင်ကျန်းမာရေးအတွက် အကာအကွယ်ပစ္စည်းများ (ဥပမာ - အသက်ရှူအထောက်အကူပြုကိရိယာ - Respirator ၊ နားကြပ် - Ear Plug or Ear Muff စသည်) ထောက်ပံ့ပေးရန် လိုပါမည်။ ကုမ္ပဏီလုပ်သားများအတွက်မူ ကုမ္ပဏီပိုင်ရှင်မှ ထောက်ပံ့ပေးရန် တာဝန်ရှိပြီး လယ်သမား၊ ယာသမား၊ စိုက်ပျိုးမွေးမြူရေးသမား၊ သာမန်အများပြည်သူများအတွက် သင့်တင့်သော ဈေးနှုံးနှင့်လွယ်လင့်တကူ ၀ယ်ယူရရှိနိုင်ရန် အစိုးရမှ စီမံပေးသင့်ပါသည်။ ဥပမာ - နိုင်ငံခြား ကုမ္ပဏီများနှင့် စာချုပ်ကာ ၀ယ်ယူတင်သွင်းခြင်း၊ ထိုပစ္စည်းများကို နိုင်ငံတကာစံနှုံးများနှင့်အညီ မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ် ရောင်းချနိုင် ရန် စီမံခြင်း။
အစိုးရမှချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကို လုပ်ငန်းရှင်များလိုက်နာလာစေရန် တွန်းအားပေးခြင်း
ပြဌာန်းထားသော ဥပဒေနှင့်နည်းဥပဒေများကို လိုက်နာလုပ်ဆောင်ရန် အစိုးရအဖွဲ့အစည်းများ (ဥပမာ - လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အေဂျင်စီ) မှ ကြပ်ကြပ်မတ်မတ် တွန်းအားပေး လုပ်ဆောင်ရန် အရေးကြီးပါသည်။ အလုပ်သမားဝန်ကြီးဌာနအောက်တွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ အခါအားလျော်စွာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာမနာ စစ်ဆေးခြင်း၊ မလိုက်နာသူများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်း စသည်တို့ ပြုလုပ်ရပါမည်။
မည်ကဲ့သို့ စစ်ဆေးမည်၊ မည်သည့်အချိန်များတွင် စစ်ဆေးမည်။ မည်သည့်အရာများကို စစ်ဆေးမည်၊ မလိုက်နာလျှင် ဒဏ်ငွေမည်မျှ တပ်ရိုက်နိုင်သည် စသည်တို့ကို ဥပဒေနှင့်နည်းဥပဒေများ၌ ထည့်သွင်းပြဌာန်းထားရပါမည်။
+++++++++++++++++++++++++++++++++++++++++++++++
No comments:
Post a Comment