Saturday, April 7, 2012

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင် ဟောပြောပွဲ (ရန်ကုန်) - ၂

ဒုတိယပိုင်း

သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်များ (Environmental Hazards) (မိနစ် ၂၀)

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို မတ်လ ၃၀ ရက်နေ့က အတည်ပြုပြဌာန်းလိုက်ပြီဖြစ်သဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ များအကြောင်းချန်လှပ်ခဲ့ပါမည်။ ထို ဥပဒေကို အထောက်အကူပြုမည့် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း အနည်းငယ် ပြောပါမည်။ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း မြန်မာနိုင်ငံတွင် စတင်ရေးဆွဲနေလောက်ပြီဟု ယူဆ ပါသဖြင့် အကျယ်မပြောတော့ဘဲ အကျဉ်းလောက်သာ ပြောပါမည်။

စင်ကာပူတွင် သဘာဝပတ်ဝန်းကျင်ကို အဓိက တာဝန်ယူလုပ်ဆောင်သည့်အဖွဲ့မှာ NEA (National Environment Agency) ဖြစ်သည်။ လုပ်ငန်းခွင်တစ်ခုတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ ပူးတွဲ လုပ်ဆောင်ရသည်။

၁။ သဘာဝပတ်ဝန်းကျင်ကို အဘယ်ကြောင့် မပျက်စီးအောင်ထိန်းရန်လိုသနည်း

မြေထုညစ်ညမ်းမှု

လူတို့စွန့်ပစ်လိုက်သော အညစ်အကြေးများမှာ မြေကြီးပေါ်ရောက်သွားသည်။ အချို့မှာ အလွယ်တကူဆွေးမြေ့နိုင်ပြီး မြေကြီး အတွက် အန္တရာယ်မရှိ။ အချို့သော အညစ်အကြေးများမှာ အလွယ်တကူ မဆွေးမြေ့နိုင်သည့်ပြင် ကမ္ဘာမြေကြီးကို အန္တရာယ် ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဓါတုဗေဒပစ္စည်းများနှင့် ရေဆိုးရေညစ်များ ဖြစ်၏။ ကမ္ဘာ့မြေဆီလွှာပျက်စီးလျှင် အလွယ်တကူ ပြန်လည်ပြုပြင်ရန် မလွယ်ကူ။ ထာဝရပျက်စီးခြင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို သန့်စင်သည့်စနစ် ဟု မရှိဘဲ အညစ်အကြေးများကို ထပ်ခါထပ်ခါ စွန့်ပစ်နေကြသောကြောင့် ဖြစ်သည်။

ထိုအခါ ကမ္ဘာ့မြေဆီလွှာများ အဆိပ်သင့်လာသည်။ ထိုအခါ မြေကြီးပေါ်တွင်စိုက်သော အသီးအနှံများကိုပါ အဆိပ်သင့်စေ သည်။ သို့သော် ဤသို့အဆိပ်သင့်မှုမှာ မျက်စေ့ဖြင့် အလွယ်တကူမမြင်ရ။ ချက်ချင်းလက်ငင်းဆိုးကျိုးမခံစားရသဖြင့် ခပ်ပေါ့ပေါ့ပင် သဘောထားကြသည်။ သို့သော် ထိုအသီးအနှံများကို ရေရှည်စားသုံးလာသောအခါ ခန္ဓာကိုယ်အတွင်း ရောဂါ ဘယပေါင်းစုံဖြစ်လာသည်။

လေထုညစ်ညမ်းမှု

ထို့အတူပင် လူတို့၏ မဆင်ခြင်မှုကြောင့် ကမ္ဘာ့လေထုမှာလည်း မသန့်ရှင်းတော့။ လေထုညစ်ညမ်းမှု များနေသဖြင့် မီးခိုးများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများကို ထိန်းကွပ်နေသည့်ကြားမှပင် မော်တော်ကားအစီးရေ တိုးပွားလာနေသည်။ စက်ရုံကြီးများ တစ်ရုံပြီးတစ်ရုံ ဆောက်လုပ်နေကြလေသည်။ အမှိုက်များကို မီးရှို့ခြင်း၊ လူ့ပယောဂကြောင့် မီးလောင်ခြင်း၊ တောမီးလောင်ခြင်းများမှ ထွက်လာသော မီးခိုးများကို မည်ကဲ့သို့ ထိန်းချုပ်မည်နည်း။ မီးခိုးထွက်သည့် အကြောင်းများစွာ ရှိသည့်အနက် နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်သည်မှာ အမှိုက်များကို မီးရှို့ခြင်းတစ်ခုသာ ဖြစ်ပေမည်။ အခြားအရာများမှာ စီးပွား ရေးနှင့်သော်လည်းကောင်း၊ အစိုးရပေါ်လစီနှင့်သော်လည်းကောင်း ပတ်သက်နေသည်ဖြစ်ရာ အစိုးရက ဥပဒေနှင့် စနစ်တကျ ထိန်းချုပ်ရန် လိုပေသည်။ 

မြန်မာပြည်မှ လေထုကား ယခုချိန်ထိ လေကောင်းလေသန့် အရည်အသွေးရှိနေလိမ့်ဦးမည်ဟု ယူဆပါသည်။ သို့သော် တိုင်းတာသည့်ဌာနရှိမရှိ ကျွန်တော်မသိပါ။ လေကောင်းလေသန့် အရည်အသွေးစံသတ်မှတ်ချက် ရှိမရှိလည်း မသိပါ။ လေ ကိစ္စကို မည်သည့်ဌာနက အရေးယူကိုင်တွယ် ဆောင်ရွက်နေသည်ကိုလည်း မသိပါ။

အများပြည်သူ စက္ကန့်မလပ် ရှူရှိုက်နေသော လေတွင်လည်း လေကောင်းလေသန့်၏ အရည်အသွေး အပြည့်အ၀ရှိရန် လိုပါသည်။ မသန့်ရှင်းသောလေသည် အသက်တိုခြင်း၏ အကြောင်းတစ်ရပ်ဖြစ်၏။ ထို့ကြောင့် လေအရည်အသွေးကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်တိုင်းတာနေဘို့ လိုပါသည်။ ယခုအခါ သစ်တောဝန်ကြီးဌာနကို သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာ ၀န်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သဖြင့် လေအရည်အသွေးကိစ္စကို သစ်တောနှင့်ပတ်ဝန်းကျင် ၀န်ကြီးဌာန အောက် တွင် ဌာနတစ်ခုဖွဲ့ကာ ဆောင်ရွက်ရပါမည်။

လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးတွင် ကားအိတ်ဇောမှ မီးခိုးမဲများထွက်ခြင်းကို ထိန်းချုပ်ခြင်း၊ အင်ဂျင်အိတ်ဇောများမှ မီးခိုးအမဲများထွက်ခြင်းကို ထိန်းချုပ်ခြင်း၊ စက်ရုံအလုပ်ရုံခေါင်းတိုင်များမှ မီးခိုးများကို တိုင်းတာခြင်း၊ သစ်တောများ မီးရှို့မှုကို အရေးယူခြင်း၊ အမှိုက်ပုံများမီးရှို့ခြင်းကို တားမြစ်ခြင်း စသည်တို့ပါပါသည်။

ရေထုညစ်ညမ်းမှု

အဆိုးဆုံးကား ရေထုညစ်ညမ်းမှုဖြစ်၏။ သတင်းများအရ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှာ ရေထုညစ်ညမ်းမှုကို (အထိန်းအကွပ်မရှိ) အကြီးအကျယ်ဖြစ်နေစေကြောင်း တွေ့ရပါသည်။ ဥပမာ - တောင်နံရံများကို ရေပိုက်ကြီးများဖြင့် ထိုးခွဲကာ ရွှေရှာခြင်း၊ ကျောက်တူးခြင်း၊ စက်ရုံအလုပ်ရုံများမှ စွန့်ပစ်ရေများကို မည်သည့် ရေဆိုးပြုပြင်မှုစနစ်မှမရှိဘဲ မြစ်၊ ချောင်းများအတွင်း စွန့်ပစ်ခြင်း၊ ပြည်သူလူထုတွင် ရေထုညစ်ညမ်းမှု အသိပညာမရှိသည့်အတွက် မြစ်၊ ချောင်းများကို အမှိုက်ပုံးသဖွယ် သဘောထားကာ အညစ်အကြေးများကို စွန့်ပစ်ခြင်း၊ အဆိုးဆုံးကား စွန့်ပစ်ဓါတုဆေးရည်များကို မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းတို့ ဖြစ်ပါသည်။

မကြာသေးမီက ဖော်ပြခဲ့သော သတင်းတစ်ပုဒ်ကို ကြည့်ပါ။

ပုဇွန်တောင်ချောင်း အရည်အသွေးကို ဓါတ်ခွဲကြည့်မည်ဆိုတော့ ကျွန်တော်တို့နိုင်ငံတွင် ရေအရည်အသွေးနှင့် ပတ်သက်၍ တိတိကျကျရေးဆွဲထားသော စံနှုံးများ ရှိပါသလား။ ကျွန်တော်မသိပါ။ အိမ်များမှစွန့်ပစ်လိုက်သော ရေဆိုးများ၊ မြောင်းများ အတွင်းမှ စီးကျလာသည့် ရေများ၊ စက်ရုံများမှ စွန့်ထုတ်လိုက်သောရေများ၊ အလုပ်ရုံများမှ စွန့်ပစ်လိုက်သောရေများ စသဖြင့် မည်သည့်နေရာမှ စွန့်ပစ်လိုက်သည့်ရေဖြစ်စေ မြစ်ချောင်းများအတွင်း သည်အတိုင်းစွန့်ပစ်လို့မရပါ။ မြစ်ချောင်းများအတွင်း စွန့်ပစ်မည့် ရေအရည်အသွေးကို သတ်မှတ်ပေးရပါမည်။

ပတ်ဝန်းကျင်ဥပဒေ အခန်း (၆) ပတ်ဝန်းကျင် အရည်အသွေးစံချိန်စံညွှန်းများ ၌ စံချိန်စံညွှန်း ၉ ခု ပါရှိရာ မြစ်ချောင်းများ အတွင်း စွန့်ပစ်မည့် ရေအရည်အသွေးမှာ စွန့်ထုတ်အရည် စံချိန်စံညွှန်းများတွင် ပါရှိမည်ဖြစ်ပါသည်။

ကမ္ဘာကြီးတွင် ရေကောင်းရေသန့်များ တစ်နေ့တစ်ခြားလျှင်မြန်စွာ ကုန်ဆုံးပျောက်ကွယ် လျှက်ရှိရာ ရှိသမျှရေကလေးပါ သောက်မရတော့ဆိုလျှင် မကြာမတင်သောကာလတွင် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

ယခုဥပဒေပြဌာန်းပြီးသွားပြီဆိုတော့ ဤဥပဒေကို အထောက်အကူပြုမည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဌာန်းပေးရ ပါမည်။ လိုအပ်သော ရေဆိုးပြုပြင်ရေးစနစ်နှင့် စက်များလည်း ပံ့ပိုးပေးရမည်။ တပ်ဆင်ပေးရမည်။ အစိုးရက ပံ့ပိုးပေးပြီး လုပ်ခိုင်းသည့်တိုင် မလိုက်နာ၊ ဖောက်ဖျက်ပါက ပြင်းပြင်းထန်ထန် အရေးယူရပါမည်။ ပေါ့ပေါ့လေးလုပ်၍ မရပါ။ ပေါ့ပေါ့လုပ်ပါက မည်သူကမှ ဂရုစိုက်မည်မဟုတ်။ သည်ဥပဒေလည်း မည်သို့မျှ အာဏာသက်ရောက်မည် မဟုတ်ပါ။


မြစ်ချောင်းများအတွင်း စွန့်ပစ်မည့်ရေသည် သတ်မှတ်ထားသော ရေအရည်အသွေးပြည့်မီ၊ မမီစစ်ဆေးမည့်အဖွဲ့များ ဖွဲ့စည်း ကာ ပုံမှန်သွားရောက်စစ်ဆေးရပါမည်။ စစ်သည်ဆိုရာတွင်လည်း စစ်ဆေးသူများသည် ရေအရည်အသွေးကို အမှန်တကယ် ကျကျနန စစ်ဆေးရန် လိုပါသည်။ သတ်မှတ်ထားသော ရေ အရည်အသွေးမပြည့်မီလျှင် ဥပဒေ၌ ပြဌာန်းထားသည့်အတိုင်း အပြစ်ပေးအရေးယူရန်လိုပါသည်။ 

ထိုမျှသာမက ရေချိုကန်များဖြစ်သည့် ကန်တော်ကြီး၊ အင်းလျားကန်၊ မန္တလေးကျုံး၊ တောင်သမန်အင်း၊ အင်းတော်ကြီး၊ အင်းလေးစသော ရေကန်ကြီးများမှ ရေများကိုလည်း အရည်အသွေးစစ်ဆေးရန် လိုပါသည်။ ထိုကန်များအတွင်း စီးဝင်လာသော ချောင်းမြောင်းများမှ ရေအရည်အသွေးကိုလည်း စနစ်တကျ ထိန်းသိမ်းရန်လိုပါသည်။ ဤသည်ကိုလည်း ပတ်ဝန်းကျင်ဥပဒေ၌ ထည့်သွင်းပြဌာန်းထားတာ တွေ့ရပါသည်။ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်ရန်မှာ ပို အရေးကြီးပါသည်။

ရေအရည်အသွေးထိန်းသိမ်းရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုလည်း လိုပါသည်။ ထို့ကြောင့် စာအုပ်စာတမ်းများ ရိုက်နှိပ်ထုတ်ဝေခြင်း၊ ပိုစတာများ ထုတ်ဝေကာ အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေ ဖြန့်ဖြူးခြင်း၊ ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သင်တန်းများပေးခြင်း စသည့် လူထုပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လည်း အရေးကြီးပါသည်။

ဆူညံမှု

နောက် pollution တစ်ခုမှာ ဆူညံမှု ဖြစ်ပါသည်။ ဆူညံမှုသည်လည်း လူမှုပတ်ဝန်းကျင်အတွက် အနှောင့်အယှက်တစ်ခု ဖြစ်သည့်အတွက် ဥပဒေနှင့်တားမြစ်ရမည့် ကိစ္စဖြစ်ပါသည်။ အိပ်ချိန် သို့မဟုတ် အနားယူချိန်များတွင် ဆူညံခြင်းသည် အများပြည်သူကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် တားမြစ်ရခြင်းဖြစ်သည်။

ဆူညံခြင်းအတွက် ဥပဒေကိုလည်း ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို နမူနာယူကာ လုပ်နိုင်ပါသည်။ စင်ကာပူတွင် ဆူညံမှုကို NEA (National Environment Agency) က ထိန်းပါသည်။ သတ်မှတ်သည့် စံနှုံးထက် ကျော်လွန်နေပါကလည်း ပြတ်ပြတ်သားသားအရေးယူလေ့ ရှိပါသည်။

ယခုပြဌာန်းလိုက်သော ဥပဒေတွင် ဆူညံမှုအတွက်ပါ ထည့်သွင်းပြဌာန်းထားတာ တွေ့ရပါသည်။ ဥပဒေ အသက်ဝင်လာ အောင် လုပ်ဆောင်ရန်သာ လိုပါတော့သည်။


၂။ မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင် ပျက်စီးပြုန်းတီးနေမှုများ

လူကြောင့်ပျက်စီးခြင်း

သဘာဝပတ်ဝန်းကျင်ပျက်စီးရမှု အများစုမှာ လူကြောင့်ဖြစ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဓါတုဗေဒ စွန့်ပစ် ပစ္စည်းများကို မြေကြီးနှင့် ရေများအတွင်း စွန့်ပစ်ခြင်း၊ လူ့အညစ်အကြေး၊ စက်ရုံအလုပ်ရုံများမှ ရေဆိုးရေညစ် စသည်တို့ကို မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်း၊ မော်တော်ကားများ တစ်နေ့တခြားများပြားလာခြင်း၊ စက်ရုံအလုပ်ရုံများမှ မီးခိုးများကို အတိုင်းအဆမရှိ စွန့်လွှတ်ခြင်း၊ သစ်ပင်သစ်တောများကို အတိုင်းအဆမရှိ ခုတ်ယူခြင်း၊ မြေအောက်ရေများကို အတိုင်းအဆ မရှိထုတ်ယူခြင်း၊ ဖွံ့ဖြိးဆဲနိုင်ငံများတွင် အစားအသောက်များ ချက်ပြုတ်ရာ၌ ထင်းမီးများကို သုံးခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူ ရန် မြစ်များကိုပိတ်လျှက် ဆည်ကြီးများတည်ဆောက်ခြင်း စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံအထွက်တိုးစေရန် ဓါတ်မြေသြဇာ များ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသုံးခြင်း၊ ၀ိသမလောဘ စီးပွားရေးသမားများသည် စီးပွားရေး လုပ်ကွက်များအတွက် မြေကြီးများတူးခြင်း၊ တောင်များဖြိုခြင်း အစရှိသဖြင့် လူတို့၏ မဆင်ခြင်သောအပြုအမူ များစွာရှိပါသည်။

သဘာဝအလျောက် ပျက်စီးခြင်း

ထို့ပြင် လူတို့ကြောင့် သဘာဝ၏ ဟန်ချက်ပျက်သောအခါ မုန်တိုင်းတိုက်ခြင်း။ တောမီးလောင်ခြင်း၊ ဆူနာမီရေလှိုင်းများ ရိုက် ခတ်ခြင်း။ မိုးအလွန်ခေါင်ခြင်း။ ရေကြီးရေလျှံခြင်း၊ အက်စစ်မိုးရွာခြင်း အစရှိသည်တို့သည်လည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါသည်။ တောမီးများလောင်သည့်အခါ သစ်ပင်ဧကပေါင်းများစွာ ဆုံးရှုံးရသကဲ့သို့ တန်ပေါင်းများစွာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များလည်း လေထုအတွင်းရောက်သွားသည်။ သစ်ပင်များကထိန်းထားသော ကမ္ဘာ့အပေါ်ယံ မြေလွှာတို့ အကာအကွယ်မဲ့ကာ ပျက်စီးရသည်။ မကြာမီက ဖြစ်ခဲ့သော ဂျပန်နိုင်ငံမှ ဆူနာမီကြောင့် နျူကလီးယားဓါတ်ပေါင်း ဖို ယိုစိမ့်ကာ လူ၊ သစ်ပင်၊ ရေ အားလုံး အဆိပ်သင့်ရသည်မှာ သာဓကတစ်ခုဖြစ်ပါသည်။


၃။ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည့် အန္တရာယ်များ

အစိုးရ၏ စီမံကိန်းများ

အချို့သော အစိုးရ၏ စီမံကိန်းကြီးများမှာ သဘာဝပတ်ဝန်းကျင်အတွက် အလွန် အန္တရာယ်ကြီးပါသည်။ သာမန်လူထုကြောင့် ဖြစ်သော ပတ်ဝန်းကျင်ပျက်စီးမှုမှာ နည်းနည်းချင်းမျှသာ ဖြစ်၍ မထောင်းတာသေး ဟု ဆိုနိုင်သော်လည်း အစိုးရစီမံကိန်းများ ကြောင့် ပျက်စီးရသော သဘာဝပတ်ဝန်းကျင်မှာ ကြီးလည်းကြီး၊ ထိန်းရလည်း ခက်ပါသည်။

ကိုယ်ကျိုးရှာသမားများ၏ ၀ိသမလောဘ

စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ မဆင်မခြင်လုပ်ငန်းများတိုးချဲ့မှုကြောင့် သဘာဝပျက်စီးမှုမှာလည်း အလွန်ကြီးကျယ်ကာ ထိန်းရ ခက်ပါသည်။ အများပြည်သူကြောင့် ပျက်ရသော ပတ်ဝန်းကျင်ကို ထိန်းရမည်ထက် ထို စီးပွားရေးလုပ်ငန်းကြီးများ ကြောင့် ပတ်ဝန်းကျင်ပျက်စီးရမှုကို ပိုမို အလေးထားဆောင်ရွက်သင့်ပါသည်။  

လူထု၏ မသိနားမလည်မှု

သဘာဝပတ်ဝန်းကျင်ဟူသည် လူတိုင်းနှင့် ပတ်သက်နေသည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှု အရေးကြီးပါသည်။ သို့ဆိုလျှင် မည်သို့ ပူးပေါင်းပါဝင်ရမည်နည်း။ ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများ ဖြန့်ဝေပေး ဘို့လိုပါသည်။ အထက်တွင်ဖော်ပြသကဲ့သို့ စာအုပ်စာတမ်းများ ရိုက်နှိပ်ထုတ်ဝေကာ သင့်တင့်သောဈေးနှင့် ရောင်းချပေးခြင်း၊ ပိုစတာများ ထုတ်ဝေကာ အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ဖြူးခြင်း၊ ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သင်တန်းများပေးခြင်း စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ရပါမည်။


၎။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း

ခိုင်မာသော ဥပဒေတစ်ရပ်ချမှတ်ခြင်း (Singapore - Environmental Protection and Management Act)

ပထမ ကျွန်တော် သဘာဝပတ်ဝန်းကျင်ဥပဒေအကြောင်း ထည့်သွင်းပြောရန် စီစဉ်ထားသော်လည်း တိုက်ဆိုင်စွာပင် ယခု ဥပဒေ ပြဌာန်းပြီးသွားပြီဖြစ်သဖြင့် ဥပဒေအကြောင်းမပြောတော့ဘဲ ချန်လှပ်ခဲ့ပါမည်။


ဥပဒေကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း (Singapore - NEA)

မြန်မာနိုင်ငံသည် ကြီးမားကျယ်ပြန့်သည်ဖြစ်ရာ ပတ်ဝန်းကျင်ဥပဒေကို လက်တွေ့အကောင်အထည်ဖော်မည့် အဖွဲ့အစည်း အများအပြားလိုပါလိမ့်မည်။ အနည်းဆုံးတော့ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခုလျှင် တစ်ဖွဲ့စီ ရှိသင့်ပါသည်။ တစ်ဖွဲ့မကရှိနိုင်လျှင် ပိုကောင်းပါမည်။ ဥပမာ - ရန်ကုန်တိုင်းအတွက် တစ်ဖွဲ့နှင့် မလုံလောက်တာ သေချာပါသည်။ သို့သော် ထိုအဖွဲ့များမှာ တကယ်အလုပ်လုပ်သော အဖွဲ့များဖြစ်ရန်လည်း အရေးကြီးပါသည်။

ထိုအဖွဲ့တွင် ပါဝင်သူများသည် ပတ်ဝန်းကျင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ နည်းပညာ၊ အသိပညာတို့ကြွယ်ဝရ ပါမည်။ ထိုအဖွဲ့များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုအပ်သော လက်နက်ကိရိယာ၊ စက်ပစ္စည်း၊ နည်းပညာများ တပ်ဆင်ပေးရန် လိုပါသည်။ ဥပမာ - ရေအရည်အသွေး၊ လေအရည်အသွေး၊ မြေအရည်အသွေး တိုင်းတာသော ကိရိယာများ။ လိုအပ်လျှင် နိုင်ငံခြားတိုင်းပြည်များသို့ ပညာတော်သင်များစေလွှတ်ကာ လေ့လာခိုင်းရပါမည်။

ရေ၊ လေ နှင့် မြေကြီးတို့၏ အရည်အသွေးများ ဆုတ်ယုတ်လာမှုကို မျက်ခြေမပြတ်စောင့်ကြည့်ကာ သုတေသနလုပ်ရန်လည်း လိုပါသည်။ ထိုသုတေသနအဖွဲ့များက မြန်မာနိုင်ငံ၏ ရေထု၊ မြေထု နှင့် လေထု၏ အခြေအနေကို နှစ်စဉ်အစီရင်ခံစာများ တင်သွင်းနေခြင်းဖြင့် တိုးတက်မှု၊ ဆုတ်ယုတ်မှုအခြေအနေကို တိတိကျကျသိနိုင်ပါမည်။ သို့မှသာ ထိန်းသိမ်းမှုလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်နိုင်ပါလိမ့်မည်။

နည်းဥပဒေများ ရေးဆွဲခြင်း (Regulations)

ပတ်ဝန်းကျင်ဥပဒေကို လက်တွေ့အကောင်အထည်ဖော်ရန် နည်းဥပဒေများလည်း လိုပါသည်။ အဘယ်ကြောင့် ဆိုသော် ပတ်ဝန်းကျင်ကာကွယ်ရေးအတွက် မည်ကဲ့သို့သော စံနှုံးများရှိရမည်။ မည်သည်တို့ကို မလုပ်ရ။ မည်သည်တို့ကို လိုက်နာရ မည် အစရှိသည့် အသေးစိတ်များကို နည်းဥပဒေက ပြဌာန်းသောကြောင့်ဖြစ်၏။

ပတ်ဝန်းကျင် ဥပဒေအရ အခန်း (၇) ပတ်ဝန်းကျင်ထိန်းသိမ်းရေး၌ ဖော်ပြထားသော အချက် (၆) ချက်ကို အကောင်အထည် ဖော်ရန်အတွက် အောက်ပါနည်းဥပဒေများ လိုပါမည်။

၁။ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓါတုပစ္စည်းများ နည်းဥပဒေ

၂။ စက်မှုလုပ်ငန်းသုံး ညစ်ညမ်းပစ္စည်း၊ ဘေးအန္တရာယ်ရှိပစ္စည်းများ နည်းဥပဒေ

၃။ သတ္တု၊ စက်မှုတွင်းထွက်ကုန်ကြမ်း နှင့် ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်း စွန့်ပစ်ပစ္စည်း နည်းဥပဒေ

၎။ အညစ်အကြေးစွန့်ပစ်ခြင်း နှင့် သန့်စင်ခြင်းဆိုင်ရာ နည်းဥပဒေ

၅။ ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ နည်းဥပဒေ

၆။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသည့် လုပ်ငန်းများ နည်းဥပဒေ

ထို့ပြင် အခန်း (၉) သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းကို အကောင်အထည် ဖော်ရန် အောက်ပါနည်းဥပဒေ (၁၀) ခု လိုပါမည်။

၁။ သစ်တောသယံဇာတအရင်းအမြစ်များ နည်းဥပဒေ

၂။ မြေသယံဇာတအရင်းအမြစ်များ နည်းဥပဒေ

၃။ မြေအောက်ရေအပါအ၀င် ရေချိုသယံဇာတအရင်းအမြစ်များ နည်းဥပဒေ

၎။ ဓါတ်သတ္တုသယံဇာတအရင်းအမြစ်များ နည်းဥပဒေ

၅။ စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များ နည်းဥပဒေ

၆။ ရေလုပ်ငန်းဆိုင်ရာသယံဇာတအရင်းအမြစ်များ နည်းဥပဒေ

၇။ အဏ္ဏ၀ါဆိုင်ရာသယံဇာတအရင်းအမြစ်များ နည်းဥပဒေ

၈။ သဘာဝအလျောက်ဖြစ်ပေါ်နေသော ဂေဟစနစ်များ နည်းဥပဒေ

၉။ သဘာဝနယ်မြေများ၊ တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ နည်းဥပဒေ

၁၀။ အခြားသဘာဝ သယံဇာတအရင်းအမြစ်များ နည်းဥပဒေ

မြန်မာနိုင်ငံကဲ့သို့ နိုင်ငံကြီး တစ်နိုင်ငံအနေနှင့် အထက်ပါနည်းဥပဒေများအပြင် ပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေပေါင်း များစွာ လိုပါလိမ့်မည်။ ရှိသင့်သော နည်းဥပဒေများကို အခြားနိုင်ငံများမှ နမူနာယူကာ ဖော်ပြလိုက်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာ နည်းဥပဒေများပင် စတင်ရေးဆွဲနေပြီဟု ယူဆပါသည်။ အချိန်ကိုငဲ့သောအားဖြင့် အသေးစိတ် မဖော်ပြ တော့ဘဲ အကြမ်းဖျဉ်းမျှသာ ပြောပါမည်။

၁။ ရေအရည်အသွေးဆိုင်ရာ နည်းဥပဒေ (Water Quality Standard Regulations)

၂။ သန့်စင်သောလေဆိုင်ရာ နည်းဥပဒေ (Clean Air Regulations)

၃။ ဒီဇယ်အင်ဂျင်မီးခိုးများ ထိန်းချုပ်ခြင်းဆိုင်ရာ နည်းဥပဒေ (Control Of Emission From Diesel Engines Regulations)

၎။ မော်တ်ာဆိုင်ကယ်အင်ဂျင်မီးခိုးများ ထိန်းချုပ်ခြင်းဆိုင်ရာ နည်းဥပဒေ (Control Of Emission From Motorcycles Regulations)

၅။ ဓါတ်ဆီအင်ဂျင်မီးခိုးများ ထိန်းချုပ်ခြင်းဆိုင်ရာ နည်းဥပဒေ (Control Of Emission From Petrol Engines Regulations)

၆။ မော်တော်ယာဉ်မီးခိုးများ ထိန်းချုပ်ခြင်းဆိုင်ရာ နည်းဥပဒေ (Control Of Emission From Vehicles Regulations)

၇။ ဆူညံမှုဆိုင်ရာ နည်းဥပဒေ (Noise Regulations)

နည်းဥပဒေတွင် ပါဝင်သည့်အချက်များ

နည်းဥပဒေများမှာ မည်သည်တို့ကို လုပ်ရမည်။ မည်သည်တို့ကို မလုပ်ရ။ မည်ကဲ့သို့ ထိန်းချုပ်ရမည်။ မည်ကဲ့သို့ လုပ်ရမည်။ လုပ်ရမည်ကို မလုပ်လျှင်၊ မလုပ်ရမည်ကို လုပ်လျှင် ဒဏ်ငွေမည်မျှဆောင်ရမည် စသဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ ဥပမာ - ဆူညံမှုဆိုင်ရာ နည်းဥပဒေ ဆိုပါစို့။

Ø  ဆူညံမှုကို မည်ကဲ့သို့ တိုင်းတာသည်။

Ø  ဆူညံမှုကို မည်ကဲ့သို့ စောင့်ကြည့်နိုင်သည်။

Ø  ဆူညံမှုကို ကာကွယ်ရန် မည်သည့်ပစ္စည်းများ ၀တ်ဆင်ရမည်။

Ø  ဆူညံသည့်ပတ်ဝန်းကျင်တွင် အလုပ်လုပ်နေသူများအတွက် ခံနိုင်စွမ်းရှိသည့် စံနှုံးများ။

Ø  ဆူညံမှုကို မည်ကဲ့သို့ ထိန်းချုပ်နိုင်သည်။

Ø  ဆူညံမှုကို မည်သူက မည်သည့်စက်များဖြင့် တိုင်းတာနိုင်သည်။

Ø  သတ်မှတ်ထားသော ကန့်သတ်ချက်ထက်ကျော်လျှင် ဒဏ်ငွေမည်မျှ ပေးဆောင်ရမည် -

စသဖြင့် ဖြစ်သည်။

လုပ်ငန်းလမ်းညွှန်များ ရေးဆွဲခြင်း (Code of Practices)

ပတ်ဝန်းကျင်ဥပဒေ နှင့် နည်းဥပဒေများကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုမည့် လုပ်ငန်းလမ်းညွှန်များလည်း လိုအပ်ပါသည်။ သို့မှသာ လိုက်နာလုပ်ဆောင်ရမည့်သူများအတွက် လွယ်ကူရှင်းလင်းစွာ သိမြင်နိုင်၊ လုပ်ဆောင်နိုင်ပေမည်။

ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များမှာလည်း များစွာလိုပေလိမ့်မည်။ ကျွန်တော်လက်လှမ်းမီသလောက် လုပ်ငန်း လမ်းညွှန်များကို ဖော်ပြလိုက်ပါသည်။ သို့သော် ဤစာရင်းမျှဖြင့် ပြည့်စုံလုံလောက်လိမ့်မည်ဟု မယူဆပါ။ များစွာလိုပါလိမ့် ဦးမည်။

၁။ ရေအရည်အသွေး လုပ်ငန်းလမ်းညွှန်

၂။ ဆူညံခြင်း လုပ်ငန်းလမ်းညွှန်

၃။ စိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများ လုပ်ငန်းလမ်းညွှန်

၎။ မွေးမြူရေးသုံး ဓါတုပစ္စည်းများ လုပ်ငန်းလမ်းညွှန်

၅။ ညစ်ညမ်းမှု တားဆီးခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်

၆။ ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်

၇။ သန့်ရှင်းရေးလုပ်သားများ လုပ်ငန်းလမ်းညွှန်

၈။ စွန့်ပစ်ပစ္စည်းများ လုပ်ငန်းလမ်းညွှန်

၉။ စားသောက်ဆိုင် လုပ်ငန်းလမ်းညွှန်

၁၀။ အလှူများတွင် အစားအသောက်များ ချက်ပြုတ်ခြင်းနှင့် ကျွေးမွေးခြင်း လုပ်ငန်းလမ်းညွှန်

၁၁။ လမ်းဘေးစားသောက်ဆိုင်များ လုပ်ငန်းလမ်းညွှန်

၁၂။ အများပြည်သူသုံးအိမ်သာ လုပ်ငန်းလမ်းညွှန်

၁၃။ ကျေးလက်တောရွာများမှ အိမ်သာ လုပ်ငန်းလမ်းညွှန်

၁၄။ ကျောင်းများအတွက် အိမ်သာ လုပ်ငန်းလမ်းညွှန်

၁၅။ အလှူမင်္ဂလာဆောင်များတွင်ထားသည့် ယာယီအိမ်သာ လုပ်ငန်းလမ်းညွှန်

၁၆။ အကာအရံမဲ့လေထုတွင် မီးရှို့ခြင်း လုပ်ငန်းလမ်းညွှန်

လုပ်ငန်းလမ်းညွှန်များတွင် ပါဝင်ရမည့် အချက်အလက်များမှာ မည်ကဲ့သို့လုပ်ကိုင်ရမည်ကို ညွှန်ပြသည့် အသေးစိတ် အချက်အလက်များဖြစ်ပါသည်။

ဥပမာ - ကျေးလက်တောရွာများမှ အိမ်သာအတွက် ဆိုလျှင် -

Ø  အိမ်သာသည် အိမ်နှင့် အနည်းဆုံးမည်မျှအကွာတွင်ရှိရမည်။

Ø  အိမ်သာသည် ရေတွင်းရေကန်များနှင့် အနည်းဆုံးမည်မျှအကွာတွင်ရှိရမည်။

Ø  အိမ်သာ၏အရွယ်အစား နှင့် တည်ဆောက်ရမည့်ပုံစံ။

Ø  အညစ်အကြေးသိုလှောင်ကန်၏ အရွယ်အစားနှင့် တည်ဆောက်ရမည့်စံပုံစံ။

Ø  အညစ်အကြေးများပြည့်လာလျှင် ဖျက်ဆီးပစ်ရမည့်နည်းလမ်း။

Ø  အိမ်သာအတက်အဆင်း လှေခါးပုံစံ။

Ø  အိမ်သာတွင်ထားရှိရမည့် ပစ္စည်းများ - စသည်။

စိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများ လုပ်ငန်းလမ်းညွှန် ဆိုလျှင် -

Ø  စိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများဆိုသည်မှာ အဘယ်ကိုခေါ်သည်

Ø  စိုက်ပျိုးရေးသုံး ဓါတုဆေးဝါးများရောင်းချခြင်းဆိုင်ရာ ဥပဒေရည်ညွှန်းချက် နှင့် အရေးကြီးသော အချက်အချို့

Ø  သုံးစွဲသူများလိုက်နာရမည့် အချက်များ

Ø  သိုလှောင်ခြင်းအတွက် လိုက်နာရမည့် အချက်များ

Ø  ရောင်းချခြင်းအတွက် လိုက်နာရမည့် အချက်များ

Ø  သယ်ယူပို့ဆောင်ခြင်းအတွက် လိုက်နာရမည့် အချက်များ

Ø  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာရမည့် အချက်များ

Ø  စိုက်ပျိုးရေးသုံး ဓါတုဆေးဝါးများဖိတ်စဉ်ခြင်းအတွက် စီမံခန့်ခွဲမှု

Ø  အစားအသောက်များတွင် ဓါတ်ကြွင်းအန္တရာယ်လျှော့ချမှု

Ø  သုံးစွဲမှုမှတ်တမ်းများ ထားရှိမှု

Ø  စိုက်ပျိုးရေးသုံး ဓါတုဆေးဝါးများသုံးစွဲမှုအတွက် သင်တန်းပေးခြင်း - စသည်

သင်တန်းများနှင့် ပညာပေးလုပ်ငန်းများ၊ စည်းရုံးလှုံ့ဆော်မှုများ

ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများရှိသည့်တိုင် မြန်မာနိုင်ငံပြည်သူလူထုအနေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ များစွာအားနည်းနေပါသေးသည်။ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာနအောက်တွင် လူထုပညာရေးအဖွဲ့များဖွဲ့ကာ အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်း၊ လက်စွဲစာအုပ်များ ထုတ်ဝေခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိခြင်း၊ ပိုစတာများ ရိုက်နှိပ်ဖြန့်ဝေခြင်း။ ပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းများ ပို့ချခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်း စသည်တို့ကို အရှိန်အဟုန်ဖြင့် ပြုလုပ်ပေးရပါမည်။

ကျောင်းများတွင်လည်း ကလေးငယ်များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ နွေရာသီ ကျောင်းပိတ်ရက် သင်တန်းများ ပေးနိုင်ပါသည်။

လူထု၏ ပူးပေါင်းပါဝင်မှု

အရေးကြီးဆုံးမှာ လူထု၏ပူးပေါင်းပါဝင်မှုဖြစ်ပါသည်။ လူထုတွင် သဘာဝပတ်ဝန်းကျင်ကို မိမိတို့တတ်နိုင်သည့်ဘက်မှ အစွမ်းနိုင်ဆုံး ထိမ်းသိမ်းရမည်ဟူသော အသိရှိလာပါမှ ပါဝင်လာမည်ဖြစ်ပါသည်။ လူထု စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် အသိပညာပေးရေးလုပ်ငန်း အရေးကြီးပါသည်။

ကျေးရွာများ၌ အိမ်သာဆောက်ရာတွင် သတ်မှတ်ချက်များအတိုင်း စနစ်တကျဆောက်ကြရန်၊ မြစ်များချောင်း၊ မြောင်းများ အတွင်း အညစ်အကြေးများမစွန့်ပစ်ရန်၊ အိမ်သာများကို ချောင်းနဖူးများတွင် မဆောက်ကြရန်၊ မိမိတို့ မြို့ရွာများကို သန့်သန့်ရှင်းရှင်း သပ်သပ်ယပ်ယပ်ဖြစ်အောင်ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ မိမိတို့ခြံ၊ ရွာ၊ လယ်တော၊ ကိုင်းတောများ၌ ရနိုင်သည့်နေရာတိုင်းတွင် သစ်ပင်များ စိုက်ကြရန် အစရှိသည်တို့ကို ပညာပေးစည်းရုံးရပါမည်။ စုပေါင်းသစ်ပင်စိုက်ပွဲများ ကျင်းပပေးရုံမျှသာမက မိမိတို့စိုက်လိုက်သော သစ်ပင်များကို အပင်ကြီးဖြစ်လာသည်ထိ ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းရေးမှာလည်း အရေးကြီးကြောင်း သိထားစေရပါမည်။

ပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာပေးရေးလုပ်ငန်းမှာ ကျယ်ပြန့်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လုပ်ကိုင်ရပါမည်။ ဤတွင် နမူနာမျှသာ ဖော်ပြလိုက်ပါသည်။

+++++++++++++++++++++++++++++++++++++++++++++++

No comments: