Sunday, April 1, 2012

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင် ဟောပြောပွဲ (ရန်ကုန်)

 
ကျွန်တော် မြန်မာပြည်သို့ ဧပြီလ ၂၉ ရက်နေ့တွင် မိသားစုထံ အလည်ပြန်ပါမည်။ ထိုသို့အလည်ပြန်ရင်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင် အကြောင်း ဟောပြောပွဲ လုပ်ပါမည်။ မိတ်ဆွေဖြစ်သူ ကိုနေမျိုးမောင်၏ အကူအညီဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကမကထ လုပ်ကာ ကျင်းပပေးပါမည်။

ဟောပြောပွဲ နေ့ရက်ကို မေလ ၄ ရက်ဟု အကြမ်းဖျဉ်း သတ်မှတ်ထားပါသည်။ လွန်ခဲ့သည့်တစ်ပတ်ကတည်းက ရုံးသို့ ခွင့်တင် ထားသော်လည်း ခွင့်ပေးမပေး ယခုထိ သေသေချာချာမသိရသေးပါ။ နေရာမှာ ရန်ကုန်တွင် ဖြစ်ဖို့များပါသည်။

အောက်ပါတို့မှာ ထိုဟောပြောပွဲတွင် ဟောပြောမည့်အကြောင်းအရာများကို အတိုချုပ်ရေးသားထားခြင်း ဖြစ်ပါသည်။

ဟောပြောမည့်အကြောင်းအရာ

မိတ်ဆက် (၅ - ၁၀ မိနစ်)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာစံနှုံးများနှင့် မြန်မာပြည်၏ လက်ရှိကျင့်သုံးနေသော စနစ်

ယခုအခါ ပြောင်းလဲလာသော မြန်မာနိုင်ငံအခြေအနေနှင့်အတူ နိုင်ငံခြားတိုင်းပြည်များမှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရင်းနှီး မြှုပ်နှံကြရန် တာစူနေကြပြီဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသောစနစ်မှာ နိုင်ငံတကာစံနှုံးများနှင့် အလှမ်းကွာ လျှက်ပင်ရှိနေပါသေးသည်။ အကယ်၍ မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်ကို နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်မည် ဆိုပါက မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံနှုံးများနှင့်ကိုက်ညီမည့် စနစ်တစ်ခု ချမှတ်ကျင့်သုံးရန် လိုပါသည်။

ဤသို့ဆောင်ရွက်ကြရာ၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ဖွံ့ဖြိုးသောနိုင်ငံများတွင် စက်ရုံအလုပ်ရုံများ၊ သင်္ဘောကျင်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ စသဖြင့် အလုပ်လုပ်သည့်နေရာတိုင်း၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အရေးကြီးသော ကဏ္ဍတစ်ခုအနေနှင့် မဖြစ်မနေ ဆောင်ရွက်ရန် အစိုးရမှတွန်းအားပေး လုပ်ဆောင်စေပါသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာတန်းဝင် အဆင့်မြှင့်ရန် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို ချမှတ်ကျင့်သုံးရန် လိုပါသည်။ ဤသို့ ချမှတ်ကျင့်သုံးရာ၌လည်း မြန်မာ့နည်းမြန်မာ့ဟန် လုပ်၍မရဘဲ နိုင်ငံကြီးများမှ ချမှတ်ကျင့်သုံးနေသော အခြေခံစံနှုံးများနှင့် ကိုက်ညီရန် လိုပါသည်။ သို့မှသာ နိုင်ငံခြားကုမ္ပဏီများဝင်ရောက်လာသောအခါ အခက်အခဲမရှိ လိုက်နာလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။


မြန်မာနိုင်ငံမှ မတော်တဆမှု နှင့် မီးလောင်မှု သတင်းများ



သီလ၀ါ သစ်ပုံမီး


၂၀၁၂ မတ်လ ၂၆ ရက်နေ့။

ကွန်ပျူတာ ဝါယာရှော့ကြောင့် ကမာရွတ် အထက ၂ မီးလောင်
ရန်ကုန်၊ ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၁ ခုနှစ်။

ပေါင်မြို့မီး ကလေးနှစ်ဦး သေဆုံး

ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ်။

ဓါတုသိုလှောင်ရုံ ပေါက်ကွဲမှု လူ ၂၃ ဦးသေဆုံး


ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ဈေးမီး ငွေပမာဏ သိန်း ၃၀,၀၀၀ ကျော် ဆုံးရှုံး


၂၀၁၀ အောက်တိုဘာ ၂၄ ရက်နေ့။

မင်္ဂလာဈေး ၀ါယာရှော့ခ်မီး ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဆုံးရှုံး


၂၀၁၀ မေလ ၂၄ ရက်နေ့။

မြန်မာနိုင်ငံတွင် မီးလောင်မှုကြောင့် ဘီလျံနှင့်ချီသော အသက်အိုးအိမ်စည်းစိမ်များ နှစ်စဉ်ဆုံးရှုံးနေရသည်။

ဤမတော်တဆမှုများနှင့် မီးလောင်မှုသတင်းများက မြန်မာပြည်တွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး နှင့် မီးကာကွယ်ရေး စနစ်တစ်ခု မဖြစ်မနေ အရေးတကြီး ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်နေပြီကို မီးမောင်းထိုးပြနေပါသည်။


လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင် အဘယ်ကြောင့်အရေးကြီးသနည်း

ဒီမှာ ဒီမှာ။ ခဏလောက် နားထောင်ကြည့်စမ်းပါ။ လောကမှာလေ အသက်ပျောက်သေဆုံးခြင်းဆိုတဲ့ အဖြစ်ကြီးကလွဲရင် အရာရာဟာ ပြုပြင်လို့ ကုစားလို့ရတာချည်းပါပဲ။ (ဦးလေးကြီးဦးဖေသန်း - ဘီဘီစီ)

လူမှာ အစားထိုးလို့မရတဲ့အရာ နှစ်ခု -

၁) အသက်

၂) ခန္ဓာကိုယ် အစိတ်အပိုင်း

Ø  မျက်လုံး

Ø  နားပင်းခြင်း

Ø  သွားကျိုးခြင်း

Ø  ခြေပြတ်၊ လက်ပြတ်ခြင်း

Ø  နာတာရှည်ရောဂါ

Ø  ကင်ဆာရောဂါ

အလုပ်သမား = အိမ်ထောင်ဦးစီး (သို့) မိသားစုကို လုပ်ကျွေးသမှုပြုနေသူ

ထိုအလုပ်လုပ်နေသူ သေဆုံးပါက သို့မဟုတ် မသန်မစွမ်းဖြစ်သွားပါက မိသားတစ်စုလုံး ဒုက္ခရောက်မည်။ စားဝတ်နေရေး ပြဿနာတက်မည်။ ကလေးများပညာရေး ရပ်တန့်သွားမည်။ မကျန်းမာနေသူရှိလျှင် ဆက်လက်ဆေးကုသရန် ခက်ခဲသွား မည်။ ထို့ကြောင့် လူတစ်ဦးကို ထိခိုက်ခြင်းသည် ထိုသူကိုမှီခိုနေသည့် မိသားစုကို ထိခိုက်ခြင်းလည်း မည်၏။ 

ထိုမျှသာမကသေး။ မိမိ၏ အမှတ်တမဲ့အပြုအမူ၊ ဂရုမစိုက်မှုကြောင့် အခြားသူများကိုပါ ထိခိုက်နိုင်သေးသည်။ ထိုအခါ ထိုသူ၏ မိသားစုများ ဒုက္ခရောက်မည်။ ပို၍ဆိုးသည်မှာ ၎င်း၏အပြုအမူကြောင့် မီးလောင်မှု၊ ပေါက်ကွဲမှုကဲ့သို့သော ပြင်းထန်သည့် အမှုကြီးများဖြစ်ပါက လူပေါင်းများစွာ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်နိုင်သည်။

လူတစ်ဦးတစ်ယောက်၏ မဆင်ခြင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်သေးသည်။ ဥပမာ လူတစ်ဦးသည် ဘက်ထရီအိုးအဟောင်းကို ပြင်သည့်အခါ ထိုအိုးထဲမှ ထွက်လာသော အက်စစ်များကို မည်သည့်နေရာသို့ သွားပစ်ပါသနည်း။ မည်ကဲ့သို့ စွန့်ပစ်ရမည်ကို သူသိပါသလား။ စွန့်ပစ်စရာနေရာရော ထောက်ပံ့ပေးထားပါသလား။

မတော်တဆမှုကြောင့် ပစ္စည်းများဆုံးရှုံးရလျှင် အလုပ်ရှင်သာမက နိုင်ငံတော်အနေနှင့်လည်း နစ်နာသည်။ စက်ရုံမီးလောင်မှု မျိုးဆိုလျှင် စက်ရုံပိုင်ရှင်သာမက ထိုစက်ရုံကို မှီခိုနေရသော အလုပ်သမားအားလုံး ဒုက္ခရောက်မည်။ မိသားစုပေါင်းများစွာ ဒုက္ခပင်လယ်ဝေရမည်။  စိုက်ပျိုးရေးလုပ်ငန်းဆိုပါစို့။ စိုက်ပျိုးရေးဆိုသည်နှင့် ပိုးသတ်ဆေးက တွဲပါလာမည်။ ပိုးသတ်ဆေး အကြောင်း လယ်သမားတစ်ဦးသည် မည်မျှနားလည်ပါသနည်း။ ပိုးသတ်ဆေးကြောင့် လယ်သမားမည်မျှ၊ လယ်သမားနှင့် ပတ်သက်နေသူမည်မျှ နှစ်စဉ် အသက်ဆုံးရှုံးနေရသနည်း။

စိုက်ပျိုးရေး à ပိုးသတ်ဆေး à နာတာရှည်ရောဂါ သို့မဟုတ် ချက်ခြင်းသေနိုင်သောရောဂါရနိုင်

ဓါတုဗေဒဆေးဝါးများနှင့် အလုပ်လုပ်နေသူတစ်ဦးအား အလုပ်ရှင်သည် မည်မျှအကာအကွယ်ပေးထားပါသနည်း။ အလုပ်သမားအနေနှင့်ရော ထိုဆေးဝါးအကြောင်းမည်မျှသိထားပါသနည်း။ မိမိကိုအန္တရာယ်မဖြစ်အောင် ဘာတွေလိုက်နာ ရမည် ဆိုသည်ကို သိပါသလား။ ဆေးဝါးများအန္တရာယ်မှ ထိုအလုပ်သမားကို မည်သို့ကာကွယ်ပေးရမည်။ တကယ် ကာကွယ်ပေး မပေး မည်သူတို့ ဂရုစိုက် စစ်ဆေးပါသနည်း။ ထိုအလုပ်သမား၌ မည်ကဲ့သို့ ဆိုးကျိုးများ သက်ရောက် နေပြီဖြစ်ကြောင်း မည်သူက ဆေးစစ်ပေးပါသနည်း။ ဆေးစစ်ပေးရကောင်းမှန်းရော သိပါသလား။

စက်ရုံတစ်ခုမှ စွန့်ပစ်လိုက်သော ရေဆိုးများကို မည်ကဲ့သို့စွန့်ပစ်သနည်း သည်အတိုင်း ချောင်း၊ မြောင်း၊ မြစ်များအတွင်း စွန့်ပစ်ပါသလား။

သို့မို့ကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင် မည်မျှအရေးကြီးကြောင်း ရိပ်မိလောက်ပါပြီ။


လုပ်ငန်းခွင်မတော်တဆမှုများကြောင့် နစ်နာဆုံးရှုံးရမှုများ

၁။ အလုပ်သမားများ၌ -

Ø  အသက်ဆုံးရှုံးမည်။ သို့မဟုတ် နာကျင်မှုဝေဒနာခံစားရမည်။ ခြေလက်ကျိုးမည်။ နားပင်းမည်။

Ø  ဆေးကုရသဖြင့် ပိုက်ဆံကုန်မည်။

Ø  မိသားစုများ စိတ်ညစ်ရမည်။ လူနာကိုပြုစုနေရသောကြောင့် အပိုအလုပ်ရှုပ်မည်။

Ø  တစ်သက်တာ မသန်မစွမ်းဖြစ်လျှင် မိသားစုအတွက် အပိုဒုက္ခများလာမည်။ ၀င်ငွေထိခိုက်မည်။

Ø  အလုပ်မလုပ်နိုင်တော့လျှင် မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ကလေးများ၏ပညာရေးများ ပြဿနာတက်မည်။

Ø  ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေး ထိခိုက်မည်။ (ဥပမာ - နားလေးသွားလျှင် အများနှင့်ဆက်ဆံရာ၌ အခက်အခဲတွေ့မည်။)

Ø  အလုပ်ပြုတ်မည်။ မသန်မစွမ်းဖြစ်သည့်အတွက် အလုပ်ရှာရခက်မည်။


၂။ အလုပ်ရှင်၌ -

Ø  မတော်တဆမှုဖြစ်ပြီဆိုသည်နှင့် အနည်းနှင့်အများ ကုန်ထုတ်လုပ်မှုကို ထိခိုက်မည်။

Ø  အလုပ်သမားကို ဆေးကုပေးရသည့်အတွက် ပိုက်ဆံအပိုကုန်မည်။

Ø  လျော်ကြေးပေးရမည်ဆိုလျှင် ငွေကြေးအရ နစ်နာမှုရှိမည်။

Ø  အာမခံရှိပါက အာမခံကြေးများ မြင့်တက်လာမည်။

Ø  အလုပ်သမားဘက်မှ အမှုဖွင့်လာပါက မလိုလားအပ်သော ရုံးအမှုအခင်းများ ဖြစ်မည်။

Ø  ကုမ္ပဏီနာမည် ပျက်မည်။ ပစ္စည်းများ ဆုံးရှုံးမည်။

Ø  ဒဏ်ရာရသူ၏နေရာတွင် အလုပ်သမားအသစ်ထပ်ခန့်ရမည်ဆိုလျှင် ထိုသူ့ကို လုပ်ငန်းကျွမ်းကျင်အောင် သင်တန်းများ ပေးရဦးမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်မည်။

Ø  မကြာခဏ မတော်တဆမှုဖြစ်နေလျှင် အလုပ်သမားများ စိတ်ဓါတ်ကျလာမည်။ ထိုအခါ အလုပ်ကို ထိခိုက်လာမည်။


မတော်တဆမှု မဖြစ်အောင် ဘယ်သူ့မှာ တာဝန်ရှိသလဲ -

မတော်တဆမှု မဖြစ်စေရန် လူတိုင်းမှာ တာဝန်ရှိသည်။

၁။ အလုပ်ရှင်

ü  အလုပ်သမားများအား လိုအပ်သည့် ပညာပေးသင်တန်းများသို့ စေလွှတ်ပေးရမည်။

ü  သိသင့်သိထိုက်သော သတင်းအချက်အလက်များကို ထုတ်ပြန်ပေးရမည်။

ü  သင့်တော်ကောင်းမွန်သည့် လက်နက်ကိရိယာများ ပံ့ပိုးပေးရမည်။

ü  အန္တရာယ်ကင်းစေရန် သင့်တော်သော အ၀တ်အစားများ ထုတ်ပေးရမည်။

ü  လိုအပ်သော ဆေးစစ်ဆေးမှု၊ ရှေးဦးသူနာပြုပစ္စည်း ထောက်ပံ့ပေးမှု စသည်တို့လုပ်ပေးရမည်။

ü  အစိုးရက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာရမည်။

၂။ အလုပ်သမား

ü  မိမိလုပ်ငန်းအကြောင်း ကောင်းကောင်းနားလည်ထားရမည်။

ü  ထုန်ပြန်ထားသည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ၊ ပိုစတာများကို ဖတ်လည်းဖတ်။ နားလည်အောင်လည်း ကြိုးစားရမည်။ နားမလည်လျှင် ကိုယ့်အထက်လူကြီးကို မေးရမည်။

ü  လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး ဥပဒေအရ ပြဌာန်းထားသည့် စည်းကမ်းများကို လိုက်နာရမည်။

ü  လုပ်ငန်းခွင်အတွက်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာရမည်။

ü  အလုပ်ခွင်ထဲ၌ အန္တရာယ်မကင်းသည့် အခြေအနေတွေ့လာပြီဆိုလျှင် အလုပ်ရှင် သို့မဟုတ် မိမိအထက်လူကြီးကို အသိပေး၊ အကြောင်းကြားရမည်။

ü  အန္တရာယ်ကင်းသည့် လုပ်ငန်းခွင်ဖြစ်အောင် အမြဲထိန်းသိမ်းထားရမည်။

ü  အလုပ်ထဲတွင် မတော်တဆ ထိခိုက်အန္တရာယ်တစ်ခုခုဖြစ်ပါက အထက်လူကြီးကို အမြန်ဆုံးအကြောင်းကြားရမည်။


၃။ အစိုးရ

ü  လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဥပဒေ ရေးဆွဲပြီး အတည်ပြု ပြဌာန်းပေးရမည်။

ü  ထိုဥပဒေကို အထောက်အကူပြုမည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ ရေးဆွဲရန် အဖွဲ့အစည်းများ ဖွဲ့စည်းပေးရမည်။

ü  နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ ရေးဆွဲရန် လိုအပ်သည့် အထောက်အပံ့များ ကူညီပံ့ပိုးပေးရမည်။

ü  ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ အသက်ဝင်လာစေရန် လုပ်ပေးရမည်။

ü  စက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းများသည် ချမှတ်ထားသည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမနာ၊ စစ်ဆေးအရေးယူမည့် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေရမည်။

ü  ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခဲ့သော် မည်သူ့မျက်နှာမှမကြည့်ဘဲ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရမည်။

လုပ်ငန်းခွင်၌ ပါဝင်ပတ်သက်နေသူအားလုံးသည် မိမိလုပ်ငန်းခွင်ကို အန္တရာယ်ကင်းရန်၊ လုံခြုံစိတ်ချရစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စေရန် ဖြစ်နိုင်သမျှ လက်တွေ့ကျကျလုပ်ဆောင်ပြီး ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။ ဤကဲ့သို့လုပ်ရန် မန်နေဂျာမှ အစ အလုပ်သမားအဆုံး အားလုံးတွင် တာဝန်ရှိသည်။

+++++++++++++++++++++++++++++++++++++++++++++++

ပထမပိုင်း

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (Workplace Safety) (မိနစ် ၄၀)

၁။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး အက်ဥပဒေ (Workplace Safety and Health Act)

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေ ဆိုသည်မှာ အဘယ်နည်း

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေးဥပဒေဆိုသည်မှာ လုပ်ငန်းခွင်အတွင်းရှိ ထိပ်ဆုံးအုပ်ချုပ်ရေးအဖွဲ့မှ အောက်ဆုံး အထွေထွေလုပ်သားများအထိ လူတိုင်းလူတိုင်းတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သော ကောင်းမြတ်သည့် အလေ့အထများ မွေးမြူလာစေရန် ပုံသွင်းပေးသည့် ဥပဒေတစ်ရပ်ဖြစ်၏။


လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေရေးဆွဲရန် မည်သူတို့ ပါဝင်သင့်သနည်း

v  ဆောက်လုပ်ရေး၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ သစ်တော၊ ရေနံဓါတု စသည့်လုပ်ငန်းများမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး စသည်

v  ဖွံ့ဖြိုးပြီးသော နိုင်ငံကြီးများ၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးနယ်ပယ်တွင် လုပ်ကိုင်နေသူ ၀ါရင့် အရာရှိကြီးများ

v  စက်မှုတက္ကသိုလ်၊ ရေကြောင်းပညာသင်တက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခစသည်

v  စက်မှုလုပ်ငန်းအတတ်သင်ကျောင်းမှ ကျောင်းအုပ်ကြီးများ

v  ဆောက်လုပ်ရေး၊ စက်မှု၊ သတ္တုတွင်း၊ ရေနံ စသည့်နယ်ပယ်များမှ လုပ်သက်ရင့် အင်ဂျင်နီယာကြီးများ

v  ဥပဒေပညာရှင်များ

v  နိုင်ငံခြားတိုင်းပြည်များမှ အကြံပေးပုဂ္ဂိုလ်များ

မှတ်ချက်။

၁။ ဝေါဟာရအသုံးအနှုံးများအတွက် အကြံဉာဏ်များတောင်းခံနိုင်ရန် မြန်မာစာပေပညာရှင်များကိုလည်း အချိန်ပိုင်းအနေနှင့် ထည့်သွင်းရပါမည်။

၂။ နိုင်ငံခြားတွင်အလုပ်လုပ်နေသူ မန်နေဂျာ၊ အင်ဂျင်နီယာကြီးများအားလည်း စိတ်ပါဝင်စားမည်ဆိုပါက ဖိတ်ခေါ်နိုင်ပါသည်။



လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေကို မည်ကဲ့သို့ရေးဆွဲသင့်သနည်း၊ မည်မျှကြာမည်နည်း

ဤနေရာတွင် အမေရိကန်နိုင်ငံမှ OSHA (Occupational Safety and Health Administration) အဖွဲ့၏ ဥပဒေရေးဆွဲနည်း ဖြစ်သော Roadmap To Rulemaking ကို အကျဉ်းချုပ် ဖော်ပြပါမည်။

ဥပဒေရေးဆွဲရာတွင် အဆင့် ၆ ဆင့်ရှိပြီး စုစုပေါင်း ၄ နှစ်ခွဲမှ ၉ နှစ်ထိကြာပါသည်။

အဆင့် (၁)

ပဏာမအဆင့် ဥပဒေမူကြမ်း ရေးဆွဲခြင်း - ၉ လ မှ ၂၄ လ

အဆင့် (၂)

တင်သွင်းလာသော ဥပဒေမူကြမ်းကို အခြေခံကာ ဥပဒေရေးဆွဲခြင်း - ၂၄ လမှ ၃၆ လ

အဆင့် (၃)

ရေးဆွဲထားသော ဥပဒေများကို ရိုက်နှိပ်ဖြန့်ဝေခြင်း - ၂ လမှ ၁၂ လ

အဆင့် (၄)

ဥပဒေကြမ်းရေးဆွဲသည့်မှတ်တမ်းများကို ပြန်လည်သုံးသပ်ခြင်း - ၄ လမှ ၁၂ လ

အဆင့် (၅)

အချောသတ်ဥပဒေဖြစ်အောင် ပြင်ဆင်၊ ဖြည့်စွက်ရေးဆွဲခြင်း - ၁၂ လ မှ ၂၄ လ

အဆင့် (၆)

ဥပဒေကို ပြန်လည်သုံးသပ်ခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်း - ၄ လ

×××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင် HSE ဥပဒေရေးဆွဲရာ၌မူ အဆင့် ၄ ဆင့် ထားပြီး ဥပဒေကြမ်းရေးဆွဲချိန်၊ ပြင်ဆင်ချိန်၊ အတည်ပြုချိန်၊ ရိုက်နှိပ်ထုတ်ဝေချိန် စုစုပေါင်း ၃ နှစ်မှ ၅ နှစ်ဆိုလျှင် ကောင်းကောင်းလုံလောက်ပြီ ဟု ယူဆပါသည်။

ပထမအဆင့်

ဥပဒေကြမ်း ရေးဆွဲခြင်း

မြန်မာနိုင်ငံအတွက် HSE ဥပဒေရေးဆွဲရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရှိပြီးသား ဥပဒေများနှင့် နည်းဥပဒေများကို နမူနာယူပြီး မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဥပဒေတစ်ရပ် ရေးဆွဲနိုင်ပါသည်။ ဤသို့ရေးဆွဲရာတွင် မြန်မာနိုင်ငံရှိ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းသဘာဝ၊ ပတ်ဝန်းကျင်အခြေအနေများကို လက်တွေ့လေ့လာသုံးသပ်ကာ အခြေခံရေးဆွဲရပါမည်။

ရေးဆွဲရန် တစ်နှစ်မှ တစ်နှစ်ခွဲခန့် အချိန်ကြာနိုင်ပါသည်။

ဒုတိယအဆင့်

အစမ်းကျင့်သုံးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း

ရေးဆွဲထားသော ဥပဒေကြမ်းကို ရိုက်နှိပ်ကာ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများသို့ ဖြန့်ဝေပြီး ဥပဒေကြမ်းအကြောင်း မိတ်ဆက် ပေးရန်ဖြစ်ပါသည်။

ထို့နောက် ဖြန့်ဝေထားသော ဌာနများသို့ သွားရောက်ကာ လိုက်နာကျင့်သုံးမှု အခြေအနေ၊ ဥပဒေသည် လုပ်ငန်းခွင်နှင့် ကိုက်ညီမညီ၊ ပြင်ဆင်သင့်သည့်အချက်များ စသည်တို့ကို စုံစမ်းရပါမည်။ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အကြီးအကဲများသို့ အကဲဖြတ်ပုံစံများပေးထားကာ ဥပဒေနှင့်ပတ်သက်၍ အကြံပြုချက်များ ရယူရပါမည်။

အစမ်းကျင့်သုံးခြင်းနှင့် ပြန်လည်သုံးသပ်သည့်ကာလ တစ်နှစ်မှ တစ်နှစ်ခွဲထိ အချိန်ယူနိုင်ပါသည်။

တတိယအဆင့်

အချောသတ်ဥပဒေရေးဆွဲခြင်း

ဌာန၊ အဖွဲ့အစည်းပေါင်းစုံမှ ပြန်လည်ပေးပို့လာသော အကြံပြုချက်များကိုစုစည်း၍ ပြန်လည်သုံးသပ်ကာ အချောသတ် ဥပဒေ ရေးဆွဲရပါမည်။ ဤသို့ရေးဆွဲရန် ၈ လမှ တစ်နှစ်ခန့် ကြာပါမည်။

စတုတ္ထအဆင့်

ပုံနှိပ်ထုတ်ဝေခြင်း

အချောသတ်ဥပဒေကို ပုံနှိပ်ထုတ်ဝေခြင်းနှင့် ၀န်ကြီးဌာန၊ လုပ်ငန်း၊ အဖွဲ့အစည်းများသို့ ဖြန့်ဝေခြင်း၊ ဈေးကွက်အတွင်း ဖြန့်ဝေခြင်း၊ ဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးခြင်း

ဤအဆင့်ကို လေးလမှ ခြောက်လထိ အချိန်ယူနိုင်ပါသည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေရေးဆွဲရာတွင် ရည်ညွှန်းသင့်သည့် နိုင်ငံတကာ စံနှုံးများ

ü  စင်ကာပူ - Workplace Safety and Health Act 2009 Version

ü  အမေရိကန်စံနှုံး - Occupational Safety & Health Act of 1970

ü  ယူနိုက်တက်ကင်းဒမ်း - Health and Safety At ETC Act 1974

ü  ၾသစေတးလ် - Work Health and Safety Act 2011

ü  ကေနဒါ - The Workplace Safety and Health Act 2010

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေထဲတွင် မည်သည်တို့ ထည့်သွင်းပြဌာန်းရန် လိုသနည်း

အောက်ပါတို့မှာ စင်ကာပူနိုင်ငံတွင် ချမှတ်ကျင့်သုံးလျှက်ရှိသော Workplace Safety and Health Act မှ ဖြစ်ပါသည်။

v  အဓိပ္ပါယ်သတ်မှတ်ချက်များ

ဥပမာ - အလုပ်သမား - မည်သူ့ကို အလုပ်သမားဟု သတ်မှတ်သနည်း။

o    အလုပ်ရှင် - မည်သူသည် အလုပ်ရှင်ဖြစ်သနည်း - စသည်

v  လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးမဟာမင်းကြီး ခန့်ထားခြင်း

v  လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးမဟာမင်းကြီး၏ အခွင့်အာဏာကို သတ်မှတ်ပြဌာန်းခြင်း

v  တာဝန်နှင့်ဝတ္တရားများ သတ်မှတ်ခြင်း

v  မတော်တဆမှုများ၊ အန္တရာယ်မကင်းသောအခြေအနေ၊ အန္တရာယ်ရှိသောပစ္စည်းများ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါဘယများ ကို စုံစမ်းခွင့်၊ စစ်ဆေးခွင့် နှင့် အစီရင်ခံစာတင်ပြခြင်း

v  လုပ်ငန်းခွင်၌ လက်တွေ့ကျင့်သုံးရမည့် စနစ်တစ်ခု သတ်မှတ်ပြဌာန်းခြင်း

v  လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကောင်စီဖွဲ့စည်းခြင်း၊ လုပ်ပိုင်ခွင့်များ ပြဌာန်းခြင်း

v  ပြစ်မှု၊ ပြစ်ဒါဏ်များ ပြဌာန်းခြင်း

v  အထွေထွေ

  

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေကို လက်တွေ့၌ မည်ကဲ့သို့ကျင့်သုံး မည်နည်း

ဤဥပဒေကား အခြေခံဥပဒေဖြစ်သည်။ အခြား နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန် စသည်တို့ရေးဆွဲသည့်အခါ ဤဥပဒေက ပြဌာန်းထားသော အချက်အလက်များကို မှီငြမ်းကိုးကားပြီးသာ ရေးဆွဲရမည်။ စီမံကိန်းတစ်ခုချင်းအလိုက်၊ စက်ရုံတစ်ခုချင်း အလိုက် ရေးဆွဲထားသော ကုမ္ပဏီဥပဒေ၊ စည်းကမ်း၊ နည်းလမ်းများသည် ဤဥပဒေနှင့် မဆန့်ကျင်ရ။ ဤဥပဒေဘောင် အတွင်း၌သာ ဖြစ်ရမည်။ စက်ရုံ၊ ဆောက်လုပ်ရေး၊ စီမံကိန်းလုပ်ငန်းများတွင် ဤဥပဒေကို လက်စွဲထား၊ ကိုးကားပြီး လုပ်ဆောင်ရမည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေက ပေးထားသည့် အခွင့်အာဏာများ

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးမဟာမင်းကြီး၏ အခွင့်အာဏာကို ဤအက်ဥပဒေတွင် အတိအကျ ပြဌာန်းပေးထား၏။ မဟာမင်းကြီးက ခန့်အပ်သော လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ အရာရှိများ၊ စစ်ဆေးရေးအဖွဲ့များ၏ အခွင့်အာဏာများကိုမူ သီးသန့် နည်းဥပဒေများ ထုတ်ပြန်ပြဌာန်းသည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေက ပြဌာန်းထားသော ပြစ်မှုပြစ်ဒဏ်များ

ဤဥပဒေကို မလိုက်နာ၊ ပျက်ကွက်ခဲ့ပါက မည်ကဲ့သို့သော ဒဏ်ငွေ၊ ထောင်ဒဏ်များ ကျခံစေရမည်ကိုလည်း အတိအကျ ပြဌာန်းထားရသည်။ မည်ကဲ့သို့ ပြုမူလျှင် ပြစ်မှုမြောက်ကြောင်း၊ ဤပြစ်မှုသည် မည်သူများပါ အကျုံးဝင်ကြောင်း၊ ဥပဒေ ချိုးဖောက်သူများကို မည်ကဲ့သို့ ဖမ်းဆီးနိုင်ကြောင်း၊ ဒဏ်ငွေပေးဆောင်ရန်၊ သို့မဟုတ် တရားဥပဒေကို ရင်ဆိုင်ရန် ပျက်ကွက်ခဲ့ပါက မည်ကဲ့သို့ အပြစ်ပေး အရေးယူနိုင်ကြောင်း၊ အမှုတစ်ခုကို ထပ်ခါထပ်ခါ ကျူးလွန်ခြင်းအတွက် မည်ကဲ့သို့ အရေးယူရမည်ဖြစ်ကြောင်း စသည်တို့ကို အသေးစိတ်ပြဌာန်းထားရမည်။


၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ နည်းဥပဒေများ (Regulations)

အဘယ်ကြောင့် နည်းဥပဒေများ လိုသနည်း

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေကို လက်တွေ့ကျင့်သုံးရာတွင် ပိုမို၍ တိကျသော ညွှန်ပြ ချက်များလိုသည်။ ထို့ကြောင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေကို အထောက်အကူပြုမည့် နည်းဥပဒေများ ရေးဆွဲရခြင်းဖြစ်သည်။ ဤနည်းဥပဒေကို လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး အက်ဥပဒေမှ အပ်နှင်းထားသော အခွင့်အာဏာအရ ရေးဆွဲရသည်။

ဥပမာ - စင်ကာပူတွင် ဤနည်းဥပဒေများကို WSH Act – WSH (Confined Spaces etc…) Regulations ဟုခေါ်သည်။

မည်ကဲ့သို့သော နည်းဥပဒေများ လိုမည်နည်း

ဤတွင် စင်ကာပူမှ နည်းဥပဒေများကို ဖော်ပြထားပါသည်။ ဤနည်းဥပဒေများကို နမူနာယူကာ မြန်မာနိုင်ငံနှင့် သင့်တော်မည့် နည်းဥပဒေများ ချမှတ်ကျင့်သုံးနိုင်ပါသည်။

v  FACTORIES (PERSONS-IN-CHARGE) REGULATIONS (ကြီးကြပ်သူ)

v  FACTORIES MEDICAL EXAMINATIONS REGULATIONS (ဆေးစစ်ခြင်း)

v  FACTORIES_CERTIFICATE_OF_COMPETENCY-EXAMINATIONS_REGULATIONS (ကျွမ်းကျင်သူ)

v  WORKPLACE SAFETY AND HEALTH  WSH COMMITTEES REGULATIONS 2008 (ကော်မတီ)

v  WORKPLACE SAFETY AND HEALTH (CONFINED SPACES) REGULATIONS 2009

v  WORKPLACE SAFETY AND HEALTH (EXPLOSIVE POWERED TOOLS) REGULATIONS 2009

v  WORKPLACE SAFETY AND HEALTH (REGISTRATION OF FACTORIES) REGULATIONS 2008

v  WORKPLACE SAFETY AND HEALTH (SAFETY AND HEALTH MANAGEMENT SYSTEM AND AUDITING) REGULATIONS 2009 (အန္တရာယ်ကင်းရေးစနစ်နှင့် လုပ်ငန်းစစ်)

v  WORKPLACE SAFETY AND HEALTH _COMPOSITION OF OFFENCES_ REGULATIONS 2006

v  WORKPLACE SAFETY AND HEALTH _INCIDENT REPORTING_ REGULATIONS 2006

v  WORKPLACE SAFETY AND HEALTH ACT 2006 - COMPOSITION OF OFFENCES REGULATIONS

v  WORKPLACE SAFETY AND HEALTH ACT 2006 - S 137 - FIRST AID REGULATIONS

v  WORKPLACE SAFETY AND HEALTH ACT 2006 - S 138 - OFFENCES AND PENALTIES SUSIDIARY LEGISLATION UNDER SECTION 67(14) REGULATIONS (ဥပဒေချိုးဖောက်ခြင်း နှင့် ပြစ်မှုပြစ်ဒဏ်များ)

v  WORKPLACE SAFETY AND HEALTH ACT 2006 - S 141-RISK MANAGEMENT REGULATIONS

v  WORKPLACE SAFETY AND HEALTH ACT 2006 - TRANSITIONAL PROVISION REGULATIONS

v  WORKPLACE SAFETY AND HEALTH ACT 2006 -S 134 - GENERAL PROVISIONS REGULATIONS

v  WORKPLACE SAFETY AND HEALTH ACT 2006 -S 136 -  INCIDENT REPORTING REGULATIONS

v  WORKPLACE SAFETY AND HEALTH CONSTRUCTION REGULATIONS 2007 (ဆောက်လုပ်ရေး)

v  WORKPLACE SAFETY AND HEALTH WSHO REGULATIONS 2007 (အန္တရာယ်ကင်းရေး အရာရှိ)

v  WORKPLACE_SAFETY_AND_HEALTH_OFFENCES_AND_PENALTIES_SUBSIDIARY_LEGISLATION_UNDER_SECTION67-14_REGULATIONS_2006

v  WORKPLACE SAFETY AND HEALTH (NOISE) REGULATIONS 2011 (ဆူညံခြင်း)

v  WORKPLACE SAFETY AND HEALTH (OPERATION OF CRANES) REGULATIONS 2011 (ကရိန်း)

v  WORKPLACE SAFETY AND HEALTH (SCAFFOLDS) REGULATIONS 2011 (ငြမ်းစင်များ)

ထိုနည်းဥပဒေများတွင် မည်သည်တို့ ပါဝင်သင့်သနည်း

အဓိပ္ပါယ်သတ်မှတ်ချက်များ

အခေါ်အဝေါ်များကို အဓိပ္ပါယ်ကောက်မမှားစေရန်နှင့် ရှင်းရှင်းလင်းလင်းနားလည်စေရန် မည်သည့်အရာသည် မည်သည်ကို ဆိုလိုကြောင်း တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရမည်။ ဥပမာ - Hanging scaffold ဆိုသည်မှာ အဘယ်ကိုခေါ်သည် စသဖြင့်။

နည်းဥပဒေအကျုံးဝင်သည့်နေရာများ

အငြင်းပွားမှုမဖြစ်စေရန် ဤနည်းဥပဒေအကျုံးဝင်သည့် လုပ်ငန်းခွင်၊ စက်ရုံအလုပ်ရုံ၊ သင်္ဘောကျင်း စသည့်နေရာများကိုလည်း သတ်သတ်မှတ်မှတ်ပြဌာန်းထားရမည်။

နည်းဥပဒေအရ ခန့်အပ်ရမည့်သူများ၊ လက်မှတ်များ

နည်းဥပဒေကို လိုက်နာကျင့်သုံးရန်အတွက် လိုအပ်သော လက်မှတ်ရ ကျွမ်းကျင်သူများ ခန့်အပ်ထားရသည်။

ဥပမာ - ငြမ်းဆင်သည့် နည်းဥပဒေ အတွက် ငြမ်းဆင်ရန် သတ်မှတ်ထားသော လက်မှတ်ရ ငြမ်းဆင်လုပ်သားဖြစ်ရမည်။ ငြမ်းဆင်ခြင်းကို ကြီးကြပ်ရန် ငြမ်းဆင်လုပ်ငန်းကြီးကြပ်သူ ခန့်ထားရမည်။ ၎င်းတို့၏ တာဝန်များမှာ မည်သည်တို့ဖြစ်သည်။ ဤတာဝန်များကို မလိုက်နာပျက်ကွက်ခဲ့ပါက မည်ကဲ့သို့ အပြစ်ပေး အရေးယူနိုင်သည် စသဖြင့် ဖြစ်သည်။

နည်းဥပဒေကို အထောက်အကူပြုမည့် အကြောင်းအချက်များ၊

နည်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာအလုံးစုံကို အပြည့်အစုံ ထည့်သွင်းပြဌာန်းရမည်။ ဥပမာ - ငြမ်းဆင်သည့် နည်းဥပဒေ အတွက် မည်သူသာလျှင် ငြမ်းဆင်ခွင့်ရှိသည်။ ငြမ်းဆင်လျှင် မည်သည်တို့ ၀တ်ဆင်ရမည်။ ငြမ်းဆင်ခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်း၊ ရွှေ့ခြင်း စသည်တို့အတွက် မည်သည်တို့ လိုအပ်သည်။ ငြမ်းဆင်ရမည့် ပစ္စည်းများမှာ မည်ကဲ့သို့သော ပစ္စည်းများ ဖြစ်ရမည်။ ငြမ်း၏ အောက်ခြေသည်မည်ကဲ့သို့ ရှိရမည်။ ငြမ်းပေါ်တက်မည့် လှေခါးသည် မည်ကဲ့သို့သော အရည်အချင်းများနှင့် ပြည့်စုံရမည်။ ငြမ်းကြမ်းပြင်၏ အတိုင်းအတာသည် မည်မျှရှိပြီး ၀န်ထမ်းနိုင်အား မည်မျှရှိရမည်။ ငြမ်းစင် တစ်ခုတွင် မည်ကဲ့သို့သော အင်္ဂါရပ်များနှင့် ပြည့်စံရမည်။ မည်ကဲ့သို့သော ငြမ်းစင်များအတွက် လက်မှတ်ရ အင်ဂျင်နီယာ၏ ဒီဇိုင်းလိုအပ်သည်။ ငြမ်းစင်ကို မည်ကဲ့သို့ စစ်ဆေးရမည်။ မလိုက်နာ၊ ပျက်ကွက်လျှင် မည်ကဲ့သို့သော ပြစ်ဒဏ်များ ချမှတ်ရမည် စသဖြင့် အားလုံးပါသည်။

နည်းဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အတိုင်းအတာများ၊ လိုအပ်ချက်များ

လုပ်ဆောင်ရာတွင် လွယ်ကူစေရန် အတိုင်းအတာများကို အတိအကျ ပြဌာန်းပေးသည်။

ဥပမာ - သစ်သားငြမ်းစင်ဆိုလျှင် ခံနိုင်ရည်အား 75kgf per square meter, သံငြမ်းစင်ဆိုလျှင် ခံနိုင်ရည်အား 220kgf per square meter, သစ်သားငြမ်းစင်ဆိုလျှင် တစ်ခန်း၌ လူနှစ်ဦးထက်မပိုရ၊ သံငြမ်းစင်ဆိုလျှင် တစ်ခန်း၌ လူလေးဦးထက်မပိုရ။ ၂ မီတာထက်မြင့်သော ငြမ်းစင်များတွင် ခြေကာပြားနှင့် လက်ရမ်းတန်းများ တပ်ဆင်ရမည်။ ခြေကာပြားမှာ အနည်းဆုံး ဗျက် ၉၀ မီလီမီတာ ရှိရမည်၊ လက်ရမ်းတန်းတစ်ခုနှင့်တစ်ခုအကြား ၆၀၀ မီလီမီတာထက်မပိုရ - စသည်။

ပြစ်ဒဏ်များ၊ ဒဏ်ကြေးများ

နည်းဥပဒေများအရ ပြဌာန်းထားသည်များကို မလိုက်နာ၊ ပျက်ကွက်ခဲ့ပါက ချမှတ်မည့် ပြစ်ဒဏ်များကို တစ်ပါတည်း ပြဌာန်းပေးထားမည်။

ဥပမာ - ငြမ်းဆင်လုပ်သားသည် ငြမ်းဆင်နေစဉ် သတ်မှတ်ထားသော ကိုယ်သိုင်းကြိုး ၀တ်ဆင်ရမည်။ မ၀တ်ဆင်ပါက ဒေါ်လာ ၁၀၀၀ ထက်မပိုသော ဒဏ်ငွေကို ကျခံစေရမည်။ ထိုအမှုကို ထပ်မံကျူးလွန်လျှင် ဒေါ်လာ ၂၀၀၀ ထက်မပိုသော ဒဏ်ငွေကို ကျခံစေရမည်။ ငြမ်းစင်ကို ၇ ရက်လျှင် တစ်ခါ စစ်ဆေးရမည်။ စစ်ဆေးကြောင်းမှတ်ပုံတင်ထားရမည်။ စစ်လည်း မစစ်ဆေး၊ မှတ်ပုံလည်း မတင်ပါက ဒေါ်လာ ၂၀၀၀ ထက်မပိုသော ဒဏ်ငွေ ကျခံစေရမည် - စသည်။

ထိုနည်းဥပဒေများကို မည်သူတို့က မည်ကဲ့သို့ ရေးဆွဲမည်နည်း၊ မည်မျှအချိန်ယူရမည်နည်း

နည်းဥပဒေများရေးဆွဲရာတွင်လည်း အက်ဥပဒေရေးဆွဲစဉ်ကပါသော ပုဂ္ဂိုလ်များ ပါဝင်သင့်ပါသည်။ သို့သော် ဥပဒေ ပညာရှင်များမူ လိုအပ်တော့မည် မထင်ပါ။ အများစုမှာ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်ပုဂ္ဂိုလ် (မန်နေဂျာ၊ အင်ဂျင်နီယာ၊ စီနီယာစူပါဗိုက်ဆာ၊ ဖိုမင် စသည်) တို့ဖြစ်ပါမည်။

နည်းဥပဒေများကို မည်ကဲ့သို့ လက်တွေ့အသုံးချမည်နည်း

မိမိတို့လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့်နည်းဥပဒေအားလုံးကို စာအုပ်ချုပ်ကာ ရုံးခန်းတွင်ထားရမည်။ လုပ်ငန်းခွင်အတွင်း လုပ်သည့်လုပ်ငန်းမှန်သမျှ ဤနည်းဥပဒေများအတိုင်း လိုက်နာလုပ်ဆောင်ရမည်။ မသေချာလျှင် နည်းဥပဒေများကို အချိန်မရွေး ပြန်လည်ရည်ညွှန်းရမည်။ လုပ်ငန်းခွင်တစ်ခုအတွက် နည်းဥပဒေများစွာနှင့် ပတ်သက်နေနိုင်သည်။ ဥပမာ - အဆောက်အဦဆောက်လုပ်သည့် လုပ်ငန်းဆိုပါစို့။

ÿ        ကရိန်းအသုံးပြုခြင်း နည်းဥပဒေ

ÿ        ငြမ်းအသုံးပြုခြင်း နည်းဥပဒေ

ÿ        လုပ်ငန်းမှတ်ပုံတင်ခြင်း နည်းဥပဒေ

ÿ        လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အရာရှိ နည်းဥပဒေ

ÿ        ဆူညံခြင်း နည်းဥပဒေ

ÿ        ဥပဒေချိုးဖောက်ခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ နည်းဥပဒေ - စသည်



၃။ လုပ်ငန်းလမ်းညွှန်များ (Code of Practices) (CP or SS)

အဘယ်ကြောင့် လုပ်ငန်းလမ်းညွှန်များ လိုသနည်း

လုပ်ငန်းလမ်းညွှန်များကား ပစ္စည်းပစ္စယ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရှိရမည့် စံချိန်စံညွှန်းများကို အသေးစိတ် တိကျစွာ ပြဌာန်းပေးသည်။ ဥပမာပြရလျှင် ဥပဒေက သက်ဆိုင်ရာ အန္တရာယ်ကာကွယ်ရေးပစ္စည်းများ ၀တ်ပါ ဟု ပြဆိုမည်။ သို့သော် မည်သည့်နေရာတွင် မည်သည့်အ၀တ်အစား၊ အသုံးအဆောင်များဝတ်ပါဟု အားလုံးဖော်ပြမထား။ မည်သည့်နေရာတွင် မည်သည့်အ၀တ်အစား၊ အသုံးအဆောင်များဝတ်ရမည် ဆိုတာကို နည်းဥပဒေက ပြဌာန်းပေးသည်။ သို့သော် ဤအ၀တ်အစား အသုံးအဆောင်များ ရှိရမည့် စံချိန်စံညွှန်းများကိုမူ ဖော်ပြမထားပါ။

ဤအ၀တ်အစား အသုံးအဆောင်များ ရှိရမည့် စံချိန်စံညွှန်းများကိုတော့ လုပ်ငန်းလမ်းညွှန်များ၌ ပြည့်ပြည့်စုံစုံ ဖော်ပြထား ပါသည်။

ဥပမာ - နည်းဥပဒေက အလုပ်လုပ်သည့်အခါ ခမောက်ဆောင်းရမည်ဟု ဖော်ပြလိုက်မည်။ သို့သော် မည်သည့် စံချိန်စံညွှန်းရှိ သည့်ခမောက်ဟု ဖော်ပြမထားပါ။ သို့သော် CP တွင်မူ ခမောက်ကို မည်သည့်ပစ္စည်းနှင့် ထုတ်လုပ်ရမည်။ မည်သည့် စံနှုံးနှင့် ထုတ်လုပ်ရမည်။ ခမောက်အခွံနှင့် အောက်ခံကူရှင် မည်မျှကွာရမည်။ လေအ၀င်အထွက် အပေါက်ကို ဧရိယာမည်မျှသာ ထားရမည်။ ခမောက်ကို ဒဏ်ခံနိုင်ရန် စမ်းသပ်ရာတွင် မည်ကဲ့သို့စမ်းသပ်ရမည်။ ခမောက်ကို မည်ကဲ့သို့ ဂရုစိုက် ထိန်းသိမ်း ရမည် စသဖြင့် အားလုံးအပြည့်အစုံဖော်ပြထားသည်။ လုပ်ငန်းခွင်၌ သုံးမည့်ပစ္စည်း၊ အဆောက်အဦ၊ စက်ပစ္စည်း၊ တပ်ဆင်မှု အားလုံး ထို လုပ်ငန်းလမ်းညွှန်များအတိုင်း လိုက်နာရန်လိုသည်။

မည်ကဲ့သို့သော လုပ်ငန်းလမ်းညွှန်များ လိုမည်နည်း

လုပ်ငန်းများမှာ ကျယ်ပြန့်သည်နှင့်အမျှ လုပ်ငန်းလမ်းညွှန်များလည်း အများအပြားလိုအပ်ပါမည်။ ဤနေရာတွင် စင်ကာပူမှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်များကို ဖော်ပြလိုက်ပါသည်။ စုစုပေါင်း ၃၇ အုပ် ဖြစ်၏။ SS ဟူသည် Singapore Standard ဖြစ်၏။

SS 562 : Code of practice for safety in trenches, pits and other excavated areas

SS 567 : Code of practice for factory layout – Safety, health and welfare considerations

SS 553 : Code of practice for air-conditioning and mechanical ventilation in buildings

SS 513 : 2 Personal protective equipment - Footwear - Test methods for footwear

SS 537 : 1 Code of practice for the safe use of machinery - General requirements

SS 513 : 1 Personal protective equipment - Footwear - Safety footwear

SS 531 : 3 Code of practice for lighting of work places - Lighting requirements for safety and security of outdoor work places

CP 20 :  Code of practice for suspended scaffolds

CP 101 :  Code of practice for safe use of powered counterbalanced forklifts

SS 586 : 3 Specification for hazard communication for hazardous chemicals and dangerous goods - Preparation of safety data sheets (SDS)

SS 559 : Code of practice for safe use of tower cranes

CP 63 : Code of practice for the lifting of persons in work platforms suspended from cranes

CP 79 : Code of practice for safety management system for construction worksites

SS 586 : 1 Specification for hazard communication for hazardous chemicals and dangerous goods - Transport and storage of dangerous goods

SS 554 : Code of practice for indoor air quality for air-conditioned buildings

SS 586 : 2 Specification for hazard communication for hazardous chemicals and dangerous goods - Globally harmonised system of classification and labelling of chemicals - Singapore's adaptations

CP 88 : 3 Code of practice for temporary electrical installations - Shipbuilding and ship-repairing yards

SS 571 : Code of practice for energy lockout and tagout

SS 508 : 1 Graphical symbols - Safety colours and safety signs - Design principles for safety signs in workplaces and public areas

CP 23 : Code of practice for formwork

SS 531 : 1 Code of practice for lighting of work places - Indoor

SS 98 : Industrial safety helmets

SS 557 : Code of practice for demolition

SS 531 : 2 Code of practice for lighting of work places - Outdoor

SS 549 : Code of practice for selection, use, care and maintenance of hearing protectors

SS 508 : 4 Specification for graphical symbols - Safety colours and safety signs - Design principles for graphical symbols for use in safety signs

SS 508 : 3 Graphical symbols - Safety colours and safety signs - Safety signs used in workplaces and public areas

SS 508 : 2 Specification for graphical symbols - Safety colours and safety signs - Design principles for product safety labels

SS 536 : Code of practice for the safe use of mobile cranes

SS 537 : 2 Code of practice for safe use of machinery - Woodworking machinery

SS 568 : Code of practice for confined spaces

SS 550 : Code of practice for installation, operation and maintenance of electric passenger and goods lifts

SS 510 : Code of practice on safety in welding and cutting (and other operations involving the use of heat)

SS 548 : Code of practice for selection, use and maintenance of respiratory protective devices

SS 511 : Code of practice for diving at work

CP 88 : 1 Code of practice for temporary electrical installations - Construction and building sites

CP 14 : Code of practice for scaffolds


ထိုလုပ်ငန်းလမ်းညွှန်များတွင် မည်သည်တို့ ပါဝင်သင့်သနည်း

ဤစာအုပ်အတွက် ရည်ညွှန်းကိုးကားသော စာအုပ်များစာရင်း၊ ဤစာအုပ်ကို ပြုစုသူများ၏ စာရင်း ကိုဖော်ပြသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ - ဤစာအုပ်တွင်သုံးထားသော ပစ္စည်းအစိတ်အပိုင်းများကို အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြသည်။

ဤစာအုပ်တွင်ဖော်ပြထားသည့် ပစ္စည်းများ၏ ရှိရမည့် စံချိန်စံညွှန်းများကို တိကျစွာ အသေးစိတ်ဖော်ပြသည်။

ဤပစ္စည်းများ၏ ခံနိုင်ရည်အားများကို ဖော်ပြသည်။

ဤပစ္စည်းများကို သတ်မှတ်ထားသော စံချိန်ပြည့်မပြည့် စမ်းသပ်ရမည့် နည်းလမ်းများကို ဖော်ပြသည်။

ပစ္စည်းများကို ထင်သာမြင်သာရှိစေရန် ပုံများဖြင့် သရုပ်ဖော်ပြသည်။ ဥပမာ - ငြမ်းစင်အတွက် လုပ်ငန်းလမ်းညွှန်တွင် ငြမ်းစင် ၏ ပုံနှင့်တကွ ငြမ်းစင်တွင်ပါဝင်သော အစိတ်အပိုင်းများ၊ အတိုင်းအတာများကို ဖော်ပြသည်။

ထိုလုပ်ငန်းလမ်းညွှန်များကို မည်သူတို့က မည်ကဲ့သို့ ရေးဆွဲမည်နည်း၊ မည်မျှအချိန်ယူရမည်နည်း

လုပ်ငန်းလမ်းညွှန်များပြုစုရာတွင် စံနှုံးရေးဆွဲရေးအဖွဲ့မှ အရာရှိများ၊ သက်ဆိုင်ရာဌာန နှင့် နယ်ပယ်များမှ အင်ဂျင်နီယာကြီး များ၊ မန်နေဂျာများ၊ စမ်းသပ်စစ်ဆေးရေး ကုမ္ပဏီများမှ ကျွမ်းကျင်သူများ။ စက်မှုတက္ကသိုလ်မှ ပါမောက္ခများ၊ ပြင်ပပညာရှင် များ စသဖြင့် သက်ဆိုင်သူ ပညာရှင်အားလုံး ပါဝင်သောအဖွဲ့ဖွဲ့ကာ ရေးဆွဲပါသည်။

အမေရိကန်၊ ဗြိတိသျှကဲ့သို့သော နိုင်ငံကြီးများမှ ထုတ်ထားသော လုပ်ငန်းလမ်းညွှန်များ ရှိသည်ဖြစ်ရာ မြန်မာနိုင်ငံအနေနှင့် ထို စာအုပ်များကို ရည်ညွှန်းနိုင်ပါသည်။ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး စင်ကာပူနိုင်ငံမှ ထုတ်ထားသော CP/SS စာအုပ်များကို လည်း ရည်ညွှန်းနိုင်ပါသည်။

လုပ်ငန်းလမ်းညွှန်များရေးဆွဲရန် မည်မျှကြာမည်နည်းဆိုသည်မှာ တသမတ်တည်းမရှိနိုင်ပါ။ ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန် အလိုက် အချိန်ယူရမည်ဖြစ်ပါသည်။ ဥပမာ - လုပ်ငန်းသုံးခမောက်အတွက် ရေးဆွဲရန် အချိန်သိပ်ယူရမည် မဟုတ်သော် လည်း၊ ငြမ်းစင်ဆောက်လုပ်ခြင်း၊ ကရိန်းအသုံးပြုခြင်း စသည်တို့အတွက်မူ အချိန်ယူရမည်ဖြစ်ပါသည်။

ခန့်မှန်းခြေ ၆ လ မှ တစ်နှစ်ခွဲခန့် အချိန်ယူလျှင် ဖြစ်နိုင်မည် ထင်ပါသည်။

လုပ်ငန်းလမ်းညွှန်များရေးဆွဲခြင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်သော မြန်မာစံချိန်စံညွှန်း အတိုင်းအတာများ

လုပ်ငန်းလမ်းညွှန်များရေးဆွဲရာတွင် အတိုင်းအတာများ၊ စံသတ်မှတ်ချက်များပါသဖြင့် မြန်မာနိုင်ငံအနေနှင့် ဤ လုပ်ငန်း လမ်းညွှန်များမရေးဆွဲမီ ပထမဦးစွာလုပ်ရမည်မှာ မြန်မာစံနှုံးတစ်ခုကို ခိုင်ခိုင်မာမာပြဌာန်း အသုံးပြုရန် ဖြစ်ပါသည်။

ယခု မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး တစ်ပြေးညီသုံးသော စံနှုံးစနစ်တစ်ခု မရှိသေးပါ။ လက်ရှိမြန်မာနိုင်ငံတွင် Imperial စနစ် ကိုသုံးနေသလား၊ မက်ထရစ်စနစ်ကို သုံးနေသလားဟု မေးလာလျှင်ပင် အဖြေမရှိပါ။ အဆင်ပြေသလို သုံးနေကြတာ ဖြစ်ပါသည်။

ဥပမာပြရလျှင် -

စပါး၊ ပဲ၊ ပြောင်းများ ရောင်းဝယ်ရာ၌ မြန်မာနိုင်ငံအတွင်းတွင် ပြည်၊ စိတ်၊ ခွဲ၊ တင်း နှင့် သုံးပါသည်။ သို့သော် ထို ပြည်တောင်း၊ စိတ်တောင်း၊ ခွဲတောင်း၊ တင်းတောင်းများကို ချိန်ကိုက်သည့် (calibration) လုပ်ပေးသည့်စနစ် မရှိသေးပါ။ တစ်တင်းသည် ထုထည်အားဖြင့် ကုဗလက်မ သို့မဟုတ် ကုဗပေ၊ ကုဗမီတာ မည်မျှရှိရမည်ဟု စံသတ်မှတ်ချက်မရှိပါ။ ၁၆ ပြည်တစ်တင်းဟု ဆိုသော်ငြားလည်း ထိုတင်းတောင်းသည် ၁၆ ပြည်ပြည့်မပြည့် စစ်ဆေးမည့်သူ၊ စစ်ဆေးမည့် အဖွဲ့အစည်း မရှိသေးပါ။ စပါးတစ်တင်းသည် အလေးချိန်မည်မျှရှိရမည်။ ဆန်တစ်တင်းသည် အလေးချိန်မည်မျှရှိရမည်။ မြေပဲဆံတစ်တင်းသည် အလေးချိန်မည်မျှရှိရမည်။ နှမ်းတစ်တင်းသည် အလေးချိန်မည်မျှရှိရမည်၊ မြေပဲဆီတစ်ပိဿာသည် ထုထည်အားဖြင့်မည်မျှ၊ နေကြာဆီ တစ်ပိဿာသည် ထုထည်မည်မျှ စသဖြင့် သတ်မှတ်ပြဌာန်းပေးရန် အရေးကြီးပါသည်။

ထို့အတူ ချိန်တွယ်ရာတွင်လည်း ကျပ်သား နှင့် ပိဿာကို သုံးကြသော်လည်း ထို အလေးများကို ချိန်ကိုက်သည့် (calibration) လုပ်ပေးသည့် စနစ်မရှိသေးပါ။ ဆိုင်များ၊ ဈေးများ၌ သုံးနေသည့် အလေး၊ ချိန်ခွင်တင်းတောင်းများသည် မှန်မှန်ကန်ကန်ရှိမရှိ စစ်ဆေးသည့် စနစ်မရှိသေးပါ။ ယုတ်စွအဆုံး အလွန်အဖိုးတန်လှသော ရွှေအရောင်းအ၀ယ် လုပ်သည့်နေရာတွင်ပင် ထိုဆိုင်မှ ချိန်ခွင်၊ အလေးများသည် မှန်မှန်ကန်ကန်ဟုတ်မဟုတ် မည်သူက စစ်ဆေးထားပါသနည်း။ စစ်ဆေးသည့်အဖွဲ့ ရှိသည်ဆိုလျှင် ပင် ထိုအဖွဲ့သည် မှန်မှန်ကန်ကန် စစ်ခြင်း ဟုတ်ပါသလား။ မည်သည့်စံနှုံးကို လက်ကိုင်ထားကာ စစ်ဆေးပါသနည်း။ 

ထို့အတွက် မြန်မာစံတစ်ခု ပြဌာန်းကာ ထိုစံချိန်များအတိုင်း တစ်နိုင်ငံလုံး လိုက်နာလုပ်ဆောင်ကြရပါမည်။ ချိန်ကိုက်ခြင်း (calibration) လုပ်ပေးသည့်အဖွဲ့များကို ဖွဲ့လည်းဖွဲ့စည်း၊ သေချာစွာလည်း သင်တန်းပေးကာ တိကျမှန်ကန်သော စက်များ နှင့်တကွ မြို့နယ်များတွင် ထားပေးရပါမည်။ သို့သော် ထိုအဖွဲ့များသည် တကယ်လုပ်မလုပ် ဆိုသည်ကို စောင့်ကြည့်မည့် အဖွဲ့များလည်း ထားပေးရန်လိုပါမည်။ ချိန်ကိုက်ခြင်း၏ အကျိုးကျေးဇူးများကို ပြောပြကာ မိမိတို့၏ အလေးချိန်ခွင်၊ တင်းတောင်းများကို ချိန်ကိုက်ရန် (calibration) လည်း ပြည်သူများကို အသိပညာပေးရန် လိုပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် AFTA ကို စတင်အကောင်အထည်ဖော်ကျင့်သုံးမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံနှုံးများနှင့် ကိုက်ညီသော တိုင်းတာရေးစနစ်တစ်ခု မဖြစ်မနေချမှတ် ကျင့်သုံးရပါမည်။

သို့အတွက် Metric စနစ်နှင့် Imperial စနစ် မည်သည့်စံနှုံးကို လက်ခံကျင့်သုံးမည်ဆိုသည်ကို ဆုံးဖြတ်ရန်လိုပါသည်။ မက်ထရစ်စနစ်မှာ တွက်ရချက်ရ၊ ပြောဆိုရလွယ်သဖြင့် အားသာချက်ရှိပါသည်။ အင်္ဂလိပ်အတိုင်းအတာများနှင့် အသားကျ နေသော မြန်မာနိုင်ငံအတွက်မူ မက်ထရစ်စနစ်ကို ကျင့်သုံးမည်ဆိုလျှင် အချိန်ယူရပါလိမ့်မည်။ အစပိုင်းတွင် အခက်အခဲရှိနိုင် သော်လည်း မဖြစ်နိုင်စရာ မရှိပါ။ နှစ်အနည်းငယ်အတွင်း အလေ့အကျင့်ရသွားပါလိမ့်မည်။

ဤသို့ပြုလုပ်ရန် မြန်မာနိုင်ငံ စံချိန်စံညွှန်းအဖွဲ့ ဖွဲ့စည်း လုပ်ဆောင်ရပါမည်။ ထိုအဖွဲ့သည် ပထမဦးစွာ Imperial နှင့် Metric စနစ် နှစ်ခုအနက် မည်သည့်စနစ်ကို မြန်မာနိုင်ငံအတွက် သုံးမည်နည်းဆိုသည်ကို ဆုံးဖြတ်ရပါမည်။ ထို့နောက် စံ သတ်မှတ် ချက်များ ပြဌာန်းပြုစုရပါမည်။ စံအလေးချိန်ခွင်၊ တင်းတောင်းများ ထုတ်လုပ်ရပါမည်။ ထို စံအလေးချိန်ခွင်တင်းတောင်းများ၏ အတိုင်းအတာ၊ ပြုလုပ်သည့်ပစ္စည်း၊ သုံးစွဲသည့်ကိရိယာ စသည်တို့ကို သတ်မှတ်ပေးရပါမည်။ ချိန်ကိုက်သည့် calbrication ကိရိယာများ မှာယူသုံးစွဲရပါမည်။ ဤကိစ္စကို အချိန်ယူလုပ်ဆောင်ရန် လိုပါသည်။

လုပ်ငန်းလမ်းညွှန်များကို မည်ကဲ့သို့ လက်တွေ့အသုံးချမည်နည်း

လုပ်ငန်းလမ်းညွှန်များသည် လုပ်ငန်းတစ်ခုလုပ်ရန်အတွက် စံသတ်မှတ်ချက်များဖြစ်သဖြင့် ဤသတ်မှတ်ချက်များအတိုင်း လိုက်နာလုပ်ဆောင်ကြရန် တစ်နိုင်ငံလုံးသို့ အသိပေး၊ အကြောင်းကြားထားရန်လိုပါသည်။ အသိပေးရုံမျှနှင့် မလုံလောက်၊ တကယ်လိုက်နာ၊ မလိုက်နာ ဆိုသည်ကိုလည်း တိတိကျကျစစ်ဆေးကာ မလိုက်နာသူများကို ဥပဒေ၌ ပြဌာန်းထားသည့် အတိုင်း အရေးယူအပြစ်ပေးရန် လိုပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားရသော မီးလောင်မှုများအနက် လျှပ်စစ်ကြောင့်ဖြစ်ရသော မီးလောင်မှုများ၊ မင်္ဂလာတောင်ညွန့် သိုလှောင်ရုံများ၌ ဖြစ်သော ပေါက်ကွဲမှုများမှာ ဤကဲ့သို့သော လုပ်ငန်းလမ်းညွှန်များမရှိခြင်းကြောင့် ဖြစ်ပါသည်။ အဆောက်အဦများ ဆောက်လုပ်ရာတွင် မီးကြိုးသွယ်တန်းသည့်စနစ်၊ မီးလောင်မှုကို ကာကွယ်သည့်စနစ်များကိုသာ တိတိ ကျကျပြဌာန်းပြီး လက်တွေ့လိုက်နာကျင့်သုံးစေပါက ဤမီးလောင်မှုများ ဖြစ်စရာ အကြောင်းမရှိပါ။

ထို့ကြောင့် ဤလုပ်ငန်းလမ်းညွှန်များကို အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော်ပြီး အများပြည်သူသို့ ဖြန့်ဝေရန်၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများကျင်းပပြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရန်၊ လိုအပ်သော သင်တန်းများပေးရန်၊ သင်တန်း ဆင်းပြီးသူများအား လက်မှတ်ထုတ်ပေးရန်နှင့် ထိုလက်မှတ်ရှိသူများအားသာ သက်ဆိုင်ရာလုပ်ငန်းများ၌ လုပ်ကိုင်ကြစေရန်၊ လက်မှတ်မရှိဘဲ လုပ်ကိုင်သူများကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးရန်။ လုပ်ငန်းလမ်းညွှန်များအတိုင်း  လက်တွေ့ လိုက်နာကျင့်သုံးခြင်းရှိမရှိ စစ်ဆေးပြီး မလိုက်နာသူများကို အရေးယူရန် စသည်တို့ လုပ်ဆောင်ရန်လိုပါသည်။


၎။ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ် (Safety Management System)

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ် ဟူသည် အဘယ်နည်း

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ်ဟူသည် လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရခြင်းများမဖြစ်ပေါ်စေရန် ရေးဆွဲ၊ ချမှတ် ကျင့်သုံးသောစနစ်တစ်ခုဖြစ်ပါသည်။ လုပ်ငန်းခွင်များ၌ ဤစနစ်ကို ချမှတ် ကျင့်သုံးရန် နည်းဥပဒေဖြင့် ပြဌာန်းထားသည်။

စင်ကာပူတွင် ပြဌာန်းထားသော နည်းဥပဒေမှာ -

Workplace Safety And Health (Safety And Health Management System And Auditing) Regulations 2009

ဖြစ်ပါသည်။



လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ် တွင် မည်သည်တို့ပါသနည်း

စင်ကာပူမှ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ်တွင် အခန်း (၁၄) ခုပါသည်။

1. Safety Policy

2. Safe Work Practices

3. Safety Training

4. Group Meeting

5. Incident Investigation and Analysis

6. In-house Safety Rules and Regulations

7. Safety Promotion

8. Evaluation, Selection and Control of Sub-contractors

9. Safety Inspections

10. Maintenance Regime for all Machinery and Equipment

11. Hazard Analysis

12. The Control of Movemnet and Use of Hazardous Substances an Chemicals

13. Emergency Prepardness

14. Occupational Health Programs

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ်ကို လက်တွေ့မည်ကဲ့သို့ အသုံးချမည်နည်း

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ်တွင် လုပ်ငန်းခွင်၌ မည်သည်တို့လုပ်ရမည်ကို တစ်ပါတည်း သတ်မှတ် ထားသည်။ ဥပမာ -

Safe Work Practice ဆိုလျှင် ငြမ်းဆင်ခြင်းလုပ်ငန်း လုပ်ရမည်ဆိုပါစို့။ ငြမ်းဆင်ရာတွင် အန္တရာယ်ကင်းအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်။ မည်သည်တို့ ပံ့ပိုးပေးရမည်။ မည်သူတို့က မည်သည့်တာဝန်ယူရမည် စသည်ကို ရေးဆွဲကာ တင်ပြ ရသည်။ ပရောဂျက်မန်နေဂျာက အတည်ပြုလက်မှတ်ထိုးပေးမှ ငြမ်းဆင်ခွင့်ရသည်။ မိမိတို့တင်ပြထားသည့်အတိုင်း လိုက်နာလုပ်ကိုင်ရသည်။ 

Safey Training တွင် မည်သည့်လုပ်ငန်းများလုပ်ကိုင်ရန် မည်သည့်သင်တန်းများ တက်ရမည်ကို သတ်မှတ်ထားသည်။ ထိုသင်တန်းတက်ထားသူများသာ ထိုလုပ်ငန်းကို လုပ်ခွင့်ရှိသည်။ လုပ်ငန်းမစမီ သင်တန်းဆင်းလက်မှတ်များကို တင်ပြရသည်။

Group Meeting ၌ မည်ကဲ့သို့စည်းဝေးပွဲများလုပ်ရမည်။ စည်းဝေးပွဲမှတ်တမ်းများ သိမ်းဆည်းထားရမည် စသဖြင့် ပြဌာန်း ထားသည်။ စည်းဝေးပွဲမှတ်တမ်းများကိုလည်း စနစ်တကျ သိမ်းဆည်းထားရသည်။

-       အစရှိသဖြင့် ဖြစ်သည်။

စစ်ဆေးရန်၊ သင်တန်းပေးရန်၊ မှတ်တမ်းတင်ရန် စသည်တို့အတွက် လိုအပ်သော ပုံစံများပါ တစ်ပါတည်း ပြင်ဆင်ထားရသည်။

လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ်ကား လုပ်ငန်းတစ်ခုလုပ်ကိုင်ရန် အလွန်ပြည့်စုံလှသည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းစေရေးအတွက် ထိုစနစ်မှ ပြဌာန်းထားသည့်အတိုင်း လိုက်နာလုပ်ကိုင်ရန် လိုသည်။ လုပ်ငန်းစစ်အဖွဲ့ လာစစ်သည့် အခါလည်း ထို လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးစီမံချက်စနစ်ကို အဓိကထား စစ်လေ့ရှိသည်။

+++++++++++++++++++++++++++++++++++++++++++++++

1 comment:

Anonymous said...

I think some of the fire cases are deliberately did by the people for some secret reasons.Will it be funny, if you talk about that fire cases (E.g Thi La War Thit Pone Mee). Thanks.