ကာလရှည်လျား၊ လူ့ငနွားတို့၊ ကြီးမားယုတ်မာ၊ နတ်မိစ္ဆာကို၊ ဘိုးလာဘွားဘက်၊ မြေးသားဆက်၍၊ မပျက်ခုတိုင်၊ နတ်ခရိုင်နှင့် - - အစချီကာ အင်းဝခေတ်စာဆိုအကျော် ရှင်မဟာသီလ၀ံသမထေရ်က နတ်ကိုးကွယ်သူများ အားဆုံးမထားသည်ကို ငယ်စဉ် ကတည်းက ကျက်မှတ်ခဲ့ရဖူးပါသည်။ စိန္တကျော်သူဦးသြ ကလည်း သူ၏ က၀ိလက္ခဏာ သတ်ပုံကျမ်းတွင် “မိစ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုံးညီနောင်နန်း“ ဟု စပ်ဆိုခဲ့ပါသည်။
ထို့အတူ ဆရာတော် သံဃာတော်ကြီး တော်တော်များများကလည်း နတ်ကိုးကွယ်ခြင်းကို အားမပေး၊ ရှုတ်ချကာ ဟောကြား ကြပါသည်။ အမှန်အားဖြင့် သူတို့ကိုးကွယ်သည့် “နတ်” ဟူသော အရာများကို ကျွန်တော်ကိုယ်နှိုက်လည်း ငယ်စဉ်က မယုံကြည်၊ လက်မခံခဲ့။ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့ဖူးပါသည်။
ဤတွင်ကျွန်တော်ယခုပြောမည့် “နတ်” များကို ရှင်းရှင်းလင်းလင်း၊ ကွဲကွဲပြားပြား သိသာမြင်သာစေရန် နှစ်ပိုင်းခွဲရပါလိမ့်မည်။ မိတ်ဆွေတို့သိကြသည့်အတိုင်း ကျွန်တော်တို့ ဗုဒ္ဓဘာသာမှ လက်ခံယုံကြည့်ထားသည့် ၃၁ ဘုံထဲရှိ တာဝတိံသာ၊ ယာမာ၊ တုသိတာ စသော နတ်ပြည် ၆ ထပ်မှနတ်များ၊ ဓတရဌ အစရှိသည့် နတ်မင်းကြီးလေးပါး စသည်တို့မှာ ကျွန်တော်တို့ လူသားများ လူ့ပြည်တွင်နေကြသကဲ့သို့ သူတို့လည်း သူတို့ဘာသာ နတ်ပြည်များ၌ နေကြကုန်၏။ ဗုဒ္ဓဘာသာမှန်လျှင် ထိုနတ်များနှင့် မကင်း။ မယ်တော် သန္တုသိတနတ်သား၊ သိကြားမင်း၊ ၀ိသကြုံနတ်သား အစရှိသူတို့မှာ ကြားရဖန်များသဖြင့် ကိုယ့်အဆွေအမျိုးလိုပင် ဖြစ်နေချေပြီ။
သို့သော် ကျွန်တော် ယခုပြောမည့် “နတ်” များမှာ ထိုနတ်များမဟုတ်။ ကိုကြီးကျော်၊ မနှဲလေး၊ မင်းကြီး၊ မင်းလေး အစရှိသော ယနေ့ ကျွန်တော်တို့ မြန်မာအများ ကိုးကွယ်နေကြသည့် အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း ဟုခေါ်သော နတ်များကို ဆိုလိုပါ သည်။
ဤတွင် စကားစပ်မိသဖြင့်ပြောလိုသည်မှာ ကျွန်တော်ရောက်ဖူးသမျှ မြန်မာနိုင်ငံတစ်နံတစ်လျားတွင် အမေရေယဉ်၊ နံကရိုင်း မယ်တော်၊ ကိုကြီးကျော် စသည့် နတ်များကိုသာ နတ်စင်များနှင့် တခမ်းတနား ကိုးကွယ်ကြတာ တွေ့ရသည်။ ၃၁ ဘုံထဲ၌ရှိပြီး လူအများအားလည်း ကူညီစောင့်ရှောက်နိုင်သည်ဟု ကျွန်တော်တို့ ယုံကြည်ကြသည့် ကုဝေရနတ်မင်းကြီး အပါအ၀င် နတ်အများကိုမူ ကိုးကွယ်တာ မတွေ့ရဖူးပါ။ ဤနတ်များကို ဘုရားပုထိုးများ၌သာ ရုပ်တုများ၊ ပန်းချီကားများအနေနှင့် တွေ့ရတတ်ပါသည်။ သို့သော်လည်း ဤရုပ်တုနှင့် ပန်းချီကားများကိုမူ မည်သူမျှ တလေးတစား ကိုးကွယ်ကြသည်ကို မတွေ့ရပါ။ ၎င်းတို့ကို ကိုးကွယ်ရမည့် အတန်းအစားထဲ၌လည်း ထည့်သွင်းမထားပါ။
သို့သော် ၎င်းနတ်များကို ကျွန်တော်တို့ အလှူအတန်းလုပ်သောအခါများတွင် လည်းကောင်း၊ မေတ္တာပို့သော အခါများတွင် လည်းကောင်း ထည့်သွင်း အမျှဝေ၊ မေတ္တာပို့ကြပါသည်။ ပရိတ်နာခြင်း၊ ပဌာန်းရွတ်ခြင်း စသည်တို့ပြုလျှင်လည်း အနှီနတ်များကို တရားနာရန် ပင့်ဖိတ်ခြင်း၊ ပရိတ်ပဌာန်းရွတ်ပွဲပြီးလျှင် ပြန်ပို့ခြင်းလုပ်ကြသည်ကို လူတိုင်းသိ၏။ သို့သော် ထိုပရိတ်၊ ပဌာန်းတရားများကို ရွတ်ဖတ် သရဇ္ဈာယ်သောပွဲများတွင် ကိုကြီးကျော်နှင့် မမနှဲတို့ကို ဖိတ်လည်းမဖိတ်၊ ပြန်လည်းမပို့။ ထို့ပြင် သဗ္ဗေသတ္တာ အဝေရာဟောန္တု စသဖြင့် ဝေနေယျသတ္တ၀ါ အပေါင်းကို မေတ္တာပို့၊ အမျှအတန်း ပေးဝေရာတွင်လည်း ၃၁ဘုံနတ်များသာပါပြီး ကိုကြီးကျော်တို့နတ်များ ပါဝင်တာ ရှာမှရှားပါသည်။ ကုန်ကုန်ပြောရလျှင် မည်သူမျှ မေတ္တာပို့၊ အမျှဝေခြင်းမလုပ်ပါ။
ထိုအခါ ကိုးကွယ်သောနတ်များကို မေတ္တာမပို့ဘဲ မကိုးကွယ်သော နတ်များကိုမေတ္တာပို့ခြင်း။ အလှူအတန်းလုပ်ရာတွင် မိမိတို့ မကိုးကွယ်သော နတ်များကို ပင့်ဖိတ်၊ အမျှအတန်း ပေးဝေသော်လည်း မိမိကိုးကွယ်သော နတ်များကို မပင့်ဖိတ်၊ အမျှအတန်း မပေးဝေခြင်းမှာ အဘယ်ကြောင့်နည်းဟု ကျွန်ုပ်မှာ အလုပ်မရှိအလုပ်ရှာကာ အမျိုးမျိုးစဉ်းစားတွေးတော နေမိပါလေ၏။
(၂)
များစွာသော နိုင်ငံတို့မှ လူများတွင် မူလကိုးကွယ်ရာ ဘာသာတရားများအပြင် သူ့ယုံကြည်ရာ ကိုးကွယ်ကြသော နတ်များ ကိုလည်း တွေ့နိုင်ပါသည်။ ဗုဒ္ဓဘာသာအခြေခံသင်တန်း၌ သပိတ်အိုင်ဆရာတော်က ထို သစ်ပင်တောတောင်၊ ရေမြေ၊ တိရိစ္ဆာန်အပါအ၀င် နတ်များကို လူအများယုံကြည်ကိုးကွယ်ခြင်းမှာ အကြောက်တရားကို အခြေခံသည်ဟု ဟောပါသည်။ ဤသို့ခြေခြေမြစ်မြစ်မသိဘဲ ကိုးကွယ်ခြင်းမှာ အန္တရာယ်ရှိ၏ ဟူ၍လည်း ဇာတံ သရဏတော ဘယံ - ကိုးကွယ်ရာမှ ဘေးဖြစ် တတ်၏ ဟု ဟောခဲ့တာ မှတ်မိနေပါသည်။ ဆရာတော်၏ သင်တန်းကို ကျွန်တော် စက်မှုကျောင်းသားဘ၀၊ ပဉ္စမနှစ် (၁၉၈၄) ၌ တက္ကသိုလ်များ ဓမ္မာရုံတွင် သွားတက်ခဲ့ခြင်းဖြစ်၏။
ရှေးယခင်ကတည်းက လူအများမှာ သဘာဝဘေးဒဏ်ကို ခံစားကြရသည်။ မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းတို့နှင့် ကြုံရသည်။ ထို့အပြင် သားကောင်များ၏ အန္တရာယ်၊ မြွေကင်းစသောအဆိပ်ရှိသတ္တ၀ါများ၏ အန္တရာယ် အစရှိသည့် အန္တရာယ်များနှင့် ပြွမ်းနေသော ပတ်ဝန်းကျင်တွင် နေထိုင်ရသည်။ ထိုအခါ ထိုအန္တရာယ်များမှ ကာကွယ်ပေးနိုင် မည့် သဘာဝလွန်တန်ခိုးရှင်များကို ရှာဖွေကြသည်။ ထိုအခါ နတ်များကို သွားတွေ့သည်။
မိမိတို့ဘေးကင်းလုံခြုံရေးအတွက် နတ်များကို ကိုးကွယ်ကြသည်။ ဤနတ်များသည် မည်သည့်နေရာမှလာသည်ကို တိတိ ကျကျ သိချင်မှသိမည်။ သို့သော် ဤနတ်များ အမှန်တကယ်ရှိကြောင်း မိမိကိုယ်ကိုယ် စိတ်ချနိုင်စေရန် လက်တွေ့ရှိ အရာတစ်ခုခုနှင့် ဆက်စပ်ပေးရမည်။ ဤအရာသည် ကွယ်လွန်သွားသော လူစွမ်းကောင်း၊ သို့မဟုတ် ထိုလူစွမ်းကောင်း နှင့် တနည်းတဖုံ ဆက်စပ်ပတ်သက်နေသူ ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ်ပါကလည်း မိမိတို့ချစ်ခင်သော၊ သို့မဟုတ် သနားဖွယ် ကောင်းသောသူ ဖြစ်ချင်ဖြစ်မည်။ များသောအားဖြင့် သေရိုးသေစဉ်သေသူများမဟုတ်ဘဲ၊ အစိမ်းသေ သေကြသူများ ဖြစ်မည်။
မိမိ၏ ဘေးအန္တရာယ်နှင့် ရောဂါဘယများကို ပျောက်ကင်းစေလိုသဖြင့် ကိုးကွယ်သည်ဖြစ်ရာ အနှီနတ်များသည် သာမန် လူများထက် ပိုပြီး တန်ခိုးစွမ်းပကားရှိရမည်။ ရှိသည်ဟုလည်း ယုံကြည်ကြသည်။ ဤသို့မိမိတို့ယုံကြည်ရာအလိုက် ကိုးကွယ် ကြရာတွင် နတ်များ၏ ပုံသဏ္ဍာန်၊ တန်ခိုးစွမ်းအားများမှာ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ မိမိတို့ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ ဓလေ့ထုံးစံများနှင့် ဆက်စပ်ပတ်သက်နေပါသည်။
သို့သော် လူမျိုးနှင့် နတ်မည်မျှပင်ကွဲသည်ဖြစ်စေ တူညီသောအချက်မှာ နတ်အားလုံးသည် မှော် သို့မဟုတ် ၀ိဉာဉ်ပိုင်းဆိုင်ရာ တန်ခိုးစွမ်းပကားနှင့် ပြည့်စုံခြင်းဖြစ်ပြီး လူများနှင့် တစ်နည်းနည်းအားဖြင့် ဆက်စပ်ပတ်သက်နေခြင်း ဖြစ်ပါသည်။
(၃)
အနော်ရထာမင်းစောလက်ထက်က နတ်ကိုးကွယ်မှုကို နှိမ်နှင်းသောအားဖြင့် ကိုးကွယ်သူများထံမှ နတ်ရုပ်များကို ဖမ်းဆီး၊ စုဆောင်းကာ ရွှေစည်းခုံစေတီတော်အတွင်း ထားရှိခဲ့သည်ဟု ဖတ်ခဲ့ရဖူးပါသည်။ မြန်မာ့သမိုင်းတစ်လျှောက်တွင် ဤတစ်ကြိမ် သာ နတ်ကိုးကွယ်ခြင်းကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခဲ့တာ တွေ့ရပြီး အခြားမင်းများ၊ သို့မဟုတ် အစိုးရများ လက်ထက်တွင် မတွေ့ရပါ။
လက်တွေ့ဆန်သော သိပ္ပံပညာထွန်းကားလာသည့်တိုင် နတ်ကိုးကွယ်မှုများကတော့ ရှိနေဆဲဖြစ်ပါသည်။ သို့သော် ရှေးယခင် ကာလများကထက်စာလျှင် အတော်လျော့နည်းသွားသည်ဟု ထင်ပါ၏။ တောရွာများတွင်သာမက မြို့ပြများတွင်ပါ နတ်ကိုးကွယ်မှုဓလေ့ ဆက်လက်ရှင်သန်လျှက် ရှိပါသေးသည်။ ကျွန်တော် ဒေသကောလိပ်ကျောင်းသားဘ၀၊ ဟင်္သာတတွင် ကျောင်းတက်ခဲ့စဉ်က နတ်ပွဲများကို တစေ့တစောင်း သွားကြည့်ခဲ့ပါသည်။ ဘာရယ်မဟုတ်၊ ဗဟုသုတရအောင် သွားလေ့လာ ခြင်းဖြစ်ပါသည်။ သူတို့က ပိုက်ဆံတတ်နိုင်တော့ နေ့ခင်း နတ်ကပြီး ညတွင် အငြိမ့်ကပါသည်။ တကယ့်အငြိမ့်ပွဲများကို မမီသည့်တိုင် ကြည့်လို့တော့ ကောင်းပါသည်။
ဒါ့ထက် စကားမစပ်။ စင်ကာပူတွင် ကျင်းပပြုလုပ်သော ပွဲလမ်းသဘင် (စာပေဟောပြောပွဲ၊ ပဒေသာကပွဲ စသည်) များသို့ ကျွန်တော်ရောက်သည့်အခါ ဘာရေးရမလဲ ဟု အမြဲစူးစမ်းလျှက်ရှိသော ကျွန်ုပ်မျက်လုံးများက ဟို့ - ဇာတ်စင်ထောင့်နား၌ တင်ထားသော ငှက်ပျောပွဲ၊ အုန်းပွဲကို သွားတွေ့ပါသည်။ တစ်ပွဲတည်းမဟုတ်။ ပွဲတိုင်းဖြစ်၏။ သို့သော်လည်း သူတို့ကြိုက်မှန်း မသိ၊ မကြိုက်မှန်းမသိ။ ရမ်းမေးလို့ကလည်း မကောင်းလေတော့ ဘာတင်တာတုံးဗျာတို့ ဟု မေးချင်လျက်သားနှင့် မမေးခဲ့ဖူးပါ။ သိတော့ သိချင်ပါသည်။ ဘာကိုတင်တာလဲ။ ကျွန်တော်တို့တောရွာများ၌ ပွဲလမ်းသဘင်ကျင်းပလျှင် နတ်ပွဲတင်တာကတော့ လေ၊ မိုးကြောင့် ပွဲမပျက်ရအောင် လေနတ်၊ မိုးနတ်တင်သည်ဟု နားစွန်နားဖျားကြားမိပါသည်။ စင်ကာပူမှ Theatre များတွင် တော့ လေမိုးဒဏ်ကို စိုးရိမ်ရန်မလိုဟု ထင်ပါသည်။
ကျွန်တော်တို့ တောရွာများတွင် အိမ်ဆောက်သည့်အခါ၊ မဏ္ဍပ်ထိုးသည့်အခါ၊ အလှူ၊ မင်္ဂလာဆောင်စသည်တို့၌ ဤကဲ့သို့သော ငှက်ပျောပွဲ၊ အုန်းပွဲများ တွေ့ရပါသည်။ တွေ့ပင်တွေ့ငြားသော်လည်း ဘာကြောင့်တင်သလဲဆိုတာ ကျွန်တော် သေသေချာချာ မမေးမြန်း၊ မစူးစမ်းခဲ့ဖူးပါ။ အိမ်များ၌ ဘုန်းကြီးများပင့်ပြီး တရားဟောသောအခါ၊ ပရိတ်ရွတ်သောအခါများတွင်လည်း ထို ငှက်ပျောပွဲ၊ အုန်းပွဲများတွေ့ရပါသေး၏။ သူတို့ကတော့ ထိုပွဲကို သာသနာပွဲ ဟုခေါ်ပါသည်။ သာသာနာပွဲတွင် ငှက်ပျော ဘယ်နှဖီး၊ ဘာတွေပါရမယ် ဆိုတာရှိပါ၏။ ကျွန်တော်က စိတ်မ၀င်စားသဖြင့် မလေ့လာ၊ မလေ့လာသဖြင့်လည်း ထိုအကြောင်းများကို ဂဃနဏမသိပါ။ ငှက်ပျောပွဲ၊ အုန်းပွဲများအကြောင်း ရေးထားသော စာအုပ်တွေ့ဖူးသည် ထင်ပါသည်။ သို့သော် ဖတ်တော့မဖတ်ဖူးပါ။
ဘုန်းကြီးကျောင်းများတွင်သော်လည်းကောင်း၊ စေတီပုထိုးများတွင်သော်လည်းကောင်း ထိုပွဲများကို တွေ့ရတတ်ပါသေးသည်။ ကျွန်တော့် အထင်ပြောရလျှင် ထိုအုန်းပွဲ၊ ငှက်ပျောပွဲများမှာ နတ်ကိုးကွယ်မှုနှင့် တစ်နည်းနည်းအားဖြင့် ဆက်စပ်ပတ်သက်နေ တာ ဖြစ်ဖို့များပါသည်။ သာသနာပွဲတွင်လည်း ငှက်ပျောပွဲ၊ အုန်းပွဲ။ နတ်ပွဲတွင်လည်း ငှက်ပျောပွဲ၊ အုန်းပွဲ။ ဘာကွာပါသနည်း။ သို့သော် ထိုသာသနာပွဲတင်သူများသည် နတ်ကိုးကွယ်သူများကို အ,မနာပ ပြောကြသူများဖြစ်ပါသည်။ နတ်များကို မယုံကြည်ဆိုသူများလည်း အိမ်ဆောက်သောအခါ ငှက်ပျောပွဲ၊ အုန်းပွဲတင်ပါသည်။ ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ ရှင်ပြုလျှင်ပင် ရွာထိပ်ရှိ ကိုးမြို့စင်သို့သွားကာ နတ်ပြရပါသည်။ ကိုးမြို့ရှင်သည် ကိုကြီးကျော်တို့ အဆွေအမျိုးသာဖြစ်ပြီး ဗုဒ္ဓဘာသာ ကျမ်းဂန် လာ ၃၁ ဘုံမှ နတ်မဟုတ်ပါ။
သည်သို့ဆိုလျှင် အနည်းငယ် ရုပ်လုံးပေါ်လာပါပြီ။ ဤသည်ကိုပင်လျှင် ကျွန်တော် ဘ၀င်မကျ၊ နားမလည်နိုင်တာဖြစ်ပါ၏။
ကျွန်တော်ဆိုလိုသည်မှာ နတ်ကိုးကွယ်သူများကို ကဲ့ရဲ့ကာ၊ သူတို့ကိုးကွယ်သော နတ်များကို ရှုတ်ချနေသူများသည်လည်း ပါးစပ်ကသာ ရှုတ်ချနေရမည်။ သူတို့စိတ်ထဲတွင်လည်း ဤနတ်များနှင့်မကင်းနိုင်တာ သေချာပါသည်။ အကယ်၍ ငါတို့ကတော့ ဘယ်နတ်နဲ့မှ မပတ်သက်ဘူးကွ ဆိုလျှင် ထိုသူသည် သူ့သားရှင်ပြု၌ နတ်မပြဘဲ နေပါသလား။ အလှူမဏ္ဍပ်တိုင် ၌ အုန်းညွန့်မထိုးဘဲ ထားပါသလား။ မဏ္ဍပ်အတွင်း သံဃာစင်ထောင့်တွင် ငှက်ပျောပွဲ၊ အုန်းပွဲ မထိုးဘဲနေပါသလား။ ဟာ၊ ဒါကတော့ သာသနာပွဲကွ ဆိုလျှင် ဘာသာရေးဆိုင်ရာပွဲလမ်းများ၌ အုန်းသီး၊ ငှက်ပျောသီးများနှင့် ပွဲထိုးရမည်ဟု မည်သည့် ကျမ်းစာများက ညွှန်ပြထားပါသနည်း။ အကယ်၍ ဤသာသနာပွဲသည် ဗုဒ္ဓဘာသာ အယူအဆတစ်ခု၊ ဓလေ့ထုံးစံတစ်ခု ဖြစ်သည်ဆိုလျှင် သီဟိုလ်၊ ထိုင်း စသော အခြားနိုင်ငံများ၌ အနှီသာသနာပွဲရှိပါသလား။ ကျွန်တော်မသိပါ။
(ပြီးခဲ့သော ၂ နှစ်ခန့်က ကျွန်တော်သွားကြည့်ခဲ့သော ရန်ကုန်ရှိ ပြင်သစ်နိုင်ငံသံရုံး၊ မြန်မာယဉ်ကျေးမှုကဇာတ်တွင်ပင် ငှက်ပျောပွဲ၊ အုန်းပွဲထိုးထားတာ တွေ့ခဲ့ရပါသေးသည်။ ဤကား စကားချပ်)
ယခု အလုပ်မရှိအလုပ်ရှာပြီး ကျွန်တော်တွေးပြသည်မှာ မိမိကိုယ်၌ကရော မည်မျှစင်ကြယ်သူဖြစ်သနည်း ဆိုသည်ကို ပြန်လည် ဆန်းစစ်ရန်ဖြစ်ပါသည်။
ကျွန်တော်သည် နတ်ကိုးကွယ်သူမဟုတ်ပါ။ နတ်များရှိသည်ဟု အခိုင်အမာ ယုံကြည်သူတစ်ဦးလည်း မဟုတ်ပါ။ ထို့အတူပင် ဘာသာရေး အယူသီးသူတစ်ယောက်လည်း မဟုတ်ပါ။ မြတ်စွာဘုရား၏ ၀ိဘစ္ဆ၀ါဒီကို သဘောကျသဖြင့် ဘာသာရေးနှင့် နတ်ကိုးကွယ်မှုများ ထွေးရောယှက်တင်ဖြစ်နေသည်ကို အနည်းငယ် တွေးကြည့်ခြင်းသာဖြစ်ပါသည်။ အဲလေ၊ တွေးရုံတော့ လည်း မဟုတ်ဘူးပေါ့။ တွေးမိတာလေးတွေကို စာနဲ့ချရေးပြီး မိတ်ဆွေများကိုလည်း တွေးရအောင် ပြန်လည် ဝေငှသပေါ့။
(၄)
ဒါဆို ဘာ့ကြောင့် နတ်ကိုးကွယ်ကြသလဲ။ နည်းနည်းပြောကြည့်ပါမည်။ တွေးကြည့်ပါမည်။ ကျွန်တော်ကား အညတရ၊ ပမွှား၊ ငချွတ်ကလေးမျှ ဖြစ်သဖြင့် ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နှင့်ပြောတာကို မှန်သည်ဟု တရားသေမယူဆပါ။ မိတ်ဆွေများ ကျွန်တော်နှင့် လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။
ကျွန်တော်က သူများနှင့်မတူသော ရှုထောင့်မှကြည့်ပါမည်။ ကျွန်တော့် blog နာမည်ကို Free Thinker ဟုပေးခြင်းမှာ လွတ်လပ်စွာ တွေးလိုသဖြင့် ပေးခြင်းဖြစ်၏။ ဘာသာမဲ့မဟုတ်ပါ။ အများမတွေးသောဘက်မှ တွေးလို၍ ဖြစ်ပါသည်။
ကျွန်တော်တွေးတာကို ပိုမိုခိုင်လုံစေရန် နမူနာများ ဦးစွာပြပါမည်။
အနောက်တိုင်း၌ အလွန်နာမည်ကြီးသော ဆရာဝန်တစ်ဦးက လူနာများကို ဆေးကုရာတွင် မည်သည့်ဆေးကိုမျှမသုံး။ အရောင်အမျိုးမျိုးဆိုးထားသော ရေများကို ရောဂါအလိုက်တိုက်ကာ ကုသသည်။ လက်တွေ့လည်း ပျောက်သည်ဆို၏။ မည်သည့်နိုင်ငံမှ မည်သည့်ဆရာဆိုသည်ကို တပ်အပ်သေချာမပြောနိုင်သဖြင့် ပါးစပ်ထဲတွေ့ရာ လျှောက်ပြောနေသကဲ့သို့ ဖြစ်ပြီ။ ရည်ညွှန်းရန်စာအုပ်များမှာ ရန်ကုန်တွင်ကျန်ခဲ့သည်။ မည်သည့်စာအုပ်မှဆိုသည်ကိုပင် မမှတ်မိတော့ပါ။
သိပ္ပံမောင်ဝလား၊ ဦးဖိုးကျားလား မသိ။ ရေးထားသော ဆေးဆရာ ဟူသည့်ဆောင်းပါးကို ကျွန်တော်တို့ငယ်စဉ် အထက်တန်း မြန်မာစာ လက်ရွေးစင်၌ သင်ရ၏။ အမည်မှာ ဆရာအိုဖြစ်သည်။ အကျဉ်းချုပ်ရလျှင် ဆရာအိုက ဆေးကုရာတွင် ဆေးထက် ဉာဏ်ကိုပိုပြီး အားကိုးသည်။ သူ့ကုထုံးများကိုကြည့်ပါ။ ဆရာအို မြန်မာ့ဆေးပညာကိုလေ့လာနေစဉ်က ဆရာအိုတို့ ပညာ သင်ယူနေသော မြန်မာဆေးဆရာကြီး၏ အိမ်တွင် ဆရာကြီး၏ အမျိုးသမီး မီးဖွားရန်ဖြစ်လာသည်။ ဆရာကြီးလည်း မိမိ တတ်သမျှ အစွမ်းကုန်ကု၏။ အစွမ်းဆုံးသော ဆေးများကို ပေး၏။ သို့သော် မီးဖွားချိန်တိုင်သည့်တိုင် မီးမဖွားနိုင်။ ဆရာကြီး မျက်လုံးပြူးလာပြီ။ မိမိ၏ ချစ်ဇနီးချောလေး။ ရထားတာမှ သိပ်မကြာသေး။ သို့ဖြင့် တပည့်များထဲမှ အတွေးအခေါ်ကောင်းသူ ဆရာအိုကို ခေါ်ကာ တိုင်ပင်သည်။ သည်တော့ ဆရာအိုက အနည်းငယ်စဉ်းစားကာ ဆရာကြီးခင်ဗျာ၊ ကျွန်တော်ကိစ္စလေး တစ်ခုရှိလို့ အပြင်ခဏသွားပြစေ ဟု ဆိုလျှက် ဆရာကြီးအိမ်ရှိ စာသင်သား မိတ်ဆွေဒေါက်တာလောင်းအပေါင်းကိုခေါ်ကာ အပြင် ထွက်သွားသည်။ သူတို့အပြင်ထွက်သွားသည်နှင့်တပြိုင်နက် ဆရာကြီးဇနီးမှာ ရှောရှောရှုရှု ကလေးမီးဖွားတော့ သတည်း။ (ဆရာကြီး၏ဇနီး မီးမဖွားနိုင်ခြင်းမှာ ဘာကြောင့်မှမဟုတ်။ ယောက်ျားသားလူပျိုတွေ အိမ်မှာ တစ်ပြုံကြီးရှိနေသဖြင့် ရှက်သည့်စိတ်က ဓမ္မတာကို ထိန်းထားခြင်းဖြစ်သည်။ ဆရာအိုက ဤအချက်ကို တွေးမိသဖြင့် လူပျိုဆရာအားလုံးကို ပ, ထုတ် သွားခြင်းဖြစ်၏။ သူတို့မရှိတော့ ရှက်စိတ်ပျောက်ကာ အလွယ်တကူ မီးဖွားခြင်း ဖြစ်သတည်း။)
ထို့ပြင်တ၀ ကလေးမကလေးတစ်ဦးမှာ အပြင်းအထန်ဖျားပြီး မျက်လုံးများချိုင့်ဝင်ကာ ကျန်းမာလာသည့်တိုင် မျက်လုံးက ပြန်ထွက်မလာ။ မျက်စိပင် ကွယ်တော့မည်ကဲ့သို့ ဖြစ်နေ၏။ ဆရာပေါင်းစုံနှင့် ကုသော်လည်း မပျောက်။ ဤသည်ကို ဆရာအိုက ဉာဏ်ထုတ်လျှက် ပူစီပေါင်းသုံးလုံးကို မှုတ်ခိုင်းပြီးကု၏။ ပူစီပေါင်းများလည်း ဖောင်းလာ၊ မျက်လုံးလည်း ဖောင်းထွက်။ ပြန်လည်းမြင်တော့သတည်း။
နေပါအုံးကွ။ ဆရာအိုဆေးကုတာနဲ့ နတ်ကိုးကွယ်တာ ဘာပတ်သက်လို့ လေရှည်နေတာလဲ - -
ဟု အပြစ်တင်မစောပါနှင့်ခင်ဗျာ။ ကျွန်တော် အကြောင်းပြတာခိုင်လုံစေရန် လေကြောရှည်ရခြင်းဖြစ်ပါသည်။
ဉာဏ်ပြေးသူများကတော့ သဘောပေါက်ပါလိမ့်မည်။ အထက်ပါ အနောက်တိုင်းဆရာနှင့် မြန်မာ ဆရာအိုတို့မှာ လူနာကို ဆေးဖြင့် ကုခြင်းမဟုတ်။ သူတို့အပေါ် လူနာက ယုံကြည်ကိုးစားနေသော လူနာ၏ ယုံကြည်စိတ်နှင့် ပြန်ကုခြင်းဖြစ်သည် ဆိုခြင်းကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါသည်။ ကျွန်တော်တို့တိုင်းပြည်၌ ခေတ်စားလှသော ဘိုးတော်၊ ဘွားတော်၊ နာမည် ကြီးပျောက်စေ ဆရာတော်ကြီးများ၏ ရေမန်းစွမ်းခြင်းမှာ ရေမန်းထက် ရေမန်းကိုယုံကြည်သော လူနာ၏စိတ်က ပိုစွမ်းတာ ဖြစ်ပါသည်။
နတ်အကြောင်း ပြန်ကောက်ပါမည်။
(၅)
လူ၌ လုံခြုံရေး အရေးကြီး၏။ လုံခြုံရေး၌ ကိုယ်လုံခြုံရေးရော စိတ်လုံခြုံရေးပါ နှစ်မျိုးလုံး အရေးကြီးပါသည်။ ထို့ထက် ကိုယ်လုံခြုံရေးထက် စိတ်လံခြုံရေးက ပိုလို့ပင် အရေးကြီးသေးသည်။ ကိုယ်လုံခြုံရေးကို မိမိ မိဘဘိုးဘွားများ၊ မောင်ဘွား များ၊ ရဲများ၊ ဥပဒေဘက်တော်သားများ နှင့် အစိုးရက တာဝန်ယူပေးပါသည်။ သို့သော် သင်္ချိုင်းကုန်းသွားလျှင် အဘယ်ကြောင့် ကြက်သီးထသနည်း။ အိမ်ကြီးတစ်အိမ်လုံးမှာ ကိုယ်တစ်ယောက်ထဲနေလျှင် အဘယ်ကြောင့် ကျောချမ်းပါသနည်း။ စိတ်မလုံခြုံသောကြောင့် ဖြစ်၏။
သို့ဆိုလျှင် စိတ်လုံခြုံရေးကို မည်သူတာဝန်ယူ စောင့်ရှောက်ပေးပါသနည်း။ ဤမေးခွန်းကို ဖြေရန် လမ်းစရှာရာတွင် တစ်နည်း မှာ နတ် ဆိုသည်ကို သွားတွေ့ပါသည်။ ထိုအခါ အများစုက ဟေ့၊ ငါတို့ဗုဒ္ဓဘာသာမှာ ရတနာသုံးပါးရှိတယ်လေကွာ။ ငါတို့ကို လုံခြုံအောင် ရတနာသုံးပါးက စောင့်ရှောက်တာပဲ ဟု ဆိုပါလိမ့်မည်။ မှန်ပါသည်။ ဗုဒ္ဓဘာသာမှန်လျှင် အမြဲမပြတ် သရဏဂုံ တင်နေကြသူချည်း။ ဘုရားရှိခိုးတိုင်း သရဏဂုံတင်ကြသည်။ (သေမှတင်တာမဟုတ်။) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုလျှင် သရဏဂုံ တင်ပြီး ဖြစ်တော့သည်။ သို့သော် ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ပါးစပ်ကဆိုတိုင်း စိတ်ထဲတွင် ရတနာ သုံးပါးက မိမိကို အပြည့်အ၀ ကာကွယ်ပေးထားသည်ဟု ယုံကြည်ပါသလား။ အင်း၊ ယုံတာပေါ့ ဟု ပြောသာပြောသော်လည်း စိတ်ထဲကမူ အပြည့်အ၀မယုံပါ။
ဆူးလေစေတီတော်ရှိ ဆူးလေဘိုးဘိုးကြီး
နတ်များကိုတော့ မိမိနှင့်ပိုပြီး နီးနီးကပ်ကပ်ရှိသည်ဟု ခံစားမိကြသည်။ အဘယ်ကြောင့်ဆိုသော် နတ်များမှာ လောကီနယ်မှ ဖြစ်သောကြောင့်ဖြစ်၏။ တစ်နည်းအားဖြင့်လည်း နတ်များကို မိမိစိတ်၌ ဤကမ္ဘာလောက၏ တစ်နေရာရာတွင်ရှိနေသည် ဟု ထင်နေသည်။ အကောင်အထည်အားဖြင့်ဖြစ်စေ၊ ၀ိညဉ်အားဖြင့်ဖြစ်စေ ရှိနေသည် ဟု ထင်သည်။ မိမိအနီးပတ်ဝန်းကျင်၌ ရှိနေသည်ဟု ထင်သည်။ ထိုအခါ မိမိတို့စိတ်လုံခြုံမှုရရေးအတွက် နတ်များကို ချဉ်းကပ်သည်။
သို့သော် နတ်ဆိုတာ လူမဟုတ်၍ သည်အတိုင်းချဉ်းကပ်လို့မရ။ နတ်ဘာသာစကားကို နားလည်မည့် ကြားခံတစ်ယောက်လို သည်။ သို့ဖြင့် ကနားစီး၊ နတ်ဝင်သည်၊ နတ်ထိန်း စသည်တို့ပေါ်လာ၏။ ထိုသူတို့က နတ်နှင့်တိုက်ရိုက်ဆက်ဆံသည်။ သာမန် အများသူငါကမူ နတ်နှင့် တိုက်ရိုက်ထိတွေ့ခွင့်မရ။ ထို့ကြောင့် နတ်ကတော်များကို ချဉ်းကပ်ကြရ၏။ တစ်ခါတလေတော့ နတ် များ စိတ်လိုလက်ရရှိလျှင်မူ တစ်စုံတစ်ယောက်ကို ၀င်ရောက်ပူးကပ်သည်။
ကျွန်တော်တို့ဒေသဘက်၌ မိုးဦးလေဦးကျလျှင် လယ်ယာလုပ်ငန်း စတင်တော့မည်။ ထိုအခါ ဦးရှင်ကြီးတင်သည်။ ရေငံပိုင် ဦးရှင်ကြီးက ကျွန်တော်တို့ ရိုးမနားကရွာများ လယ်လုပ်ခြင်းတွင် ဘယ်ကဲ့သို့ပါဝင် ပတ်သက်နေသည်ကို ကျွန်တော်မသိပါ။ လူကြီးများကို စပ်စပ်စုစုသွားမေးလျှင် ခေါင်းခေါက်ခံရခြင်းတည်း ဟူသော အဖြေကိုသာ ရမည်ဖြစ်သဖြင့် တစ်ခါမှမမေးခဲ့ဖူးပါ။
တစ်စုံတစ်ယောက်သောသူသည် တောထဲသွားရင်း ဖျားနာလာခဲ့သည်ဖြစ်အံ့။ ရွာပြန်ရောက်လျှင် နတ်က, တော့သည်။ သူတစ်ဦးတစ်ယောက် အပြင်းဖျားလျှင်လည်း နတ်က, သည်။ မင်္ဂလာဆောင်သည့်အခါများတွင်လည်း မိဆိုင်ဖ,ဆိုင်နတ်များ ကို ကန်တော့ရသည်။ အမေ့၊ အဲဒီ မိဆိုင်၊ ဖ,ဆိုင်နတ်ဆိုတာ ၃၇ မင်းထဲက ဘယ်နတ်တွေလဲ ဟု သွားမေးကြည့်ပါ။ တယ်၊ ဒီကောင်လေး၊ လျှာ့ကိုရှည်တယ်။ ဒေါက် - ဟု ခေါင်းခေါက်ခံရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထို မိဆိုင်ဖဆိုင်နတ်များ ကို သူတို့ကိုးသာကိုးကွယ်နေကြသည်။ ဘယ်သူတွေဟု ကျကျနန မသိသောကြောင့်၊ ဖြေစရာအဖြေ မရှိသောကြောင့် ဖြစ်၏။
ကျွန်တော်ငယ်စဉ် တော၌နေထိုင်စဉ်ကလည်း သီတင်းကျွတ်ကဲ့သို့ လများတွင် အိမ်တွင်းနတ်ကန်တော့သည်ကို ကြုံဖူး ပါသည်။ ကြက်ဖို၊ ကြက်မနှင့်ဖြစ်၏။ ကျွန်တော်မှာ ထိုစဉ်က အသက်ဆယ်နှစ်သားအရွယ်မျှဖြစ်သဖြင့် လူကြီးတွေ ဘာကြောင့် နတ်ကန်တော့သည်ကို မသိ။ ကျွန်တော်သိသည်မှာ နတ်ကန်တော့လျှင် ကြက်သားစားရမည်။ ဒါပဲဖြစ်၏။ ဦးရှင်ကြီးတင်လျှင် ကျွန်တော်တို့တတွေ အလွန်ပျော်၏။ တောဆိုတော့ စားစရာ၊ သောက်စရာ သွားရေစာ အင်မတန်ရှားသည်။ ဦးရှင်ကြီးတင် လျှင် အုန်းသီးစားရသည်၊ အုန်းရည်သောက်ရသည်။ နှစ်ခါပြန်ပေါင်း (ကောက်ညှင်းကို နှစ်ကြိမ်ထပ်ပေါင်းထားခြင်း) စားရ သည်။ ကျွန်တော်တို့ဘက်၌ အုန်းသီးရှားလှသည်ဖြစ်ရာ အုန်းသီးစားရတာ တစ်ခုတည်းနှင့်ပင် ကျွန်တော်တို့ကတော့ ဦးရှင်ကြီးကို ကျေးဇူးတင်လှပြီ။ အုန်းသီးဖြူးထားသော နှစ်ခါပြန်ပေါင်းမှာ စင်ကာပူ၌ ၇ ကျပ်ခွဲ၊ ၈ ကျပ်ပေးရသည့် မက်ဒေါ်နယ်ထက် ပိုအရသာရှိပါသည်။
(၆)
ယုံကြည်မှုသည် အင်အားတစ်ရပ်ဖြစ်၏။ သည်ဟာကို မည်သူမှ ငြင်းလို့မရ။ ဤသည်မှာ စိတ်စွမ်းအင်တစ်မျိုးဖြစ်၏။ လူဆိုတာ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရလျှင် စိတ်ချမ်းသာသည်။ ကျေနပ်သွားသည်။ တော်ရုံရောဂါများ ယူပစ်လိုက်သလို ပျောက်သွား သည်။ စိတ်အခန့်မသင့်၍ ကွဲနေသော လင်မယားကို ပြန်ပေါင်းထုပ်နိုင်စွမ်းရှိသည်။ ရေပေါ်တွင် လမ်းလျှောက်နိုင်စွမ်း စေသည်။ မည်မျှဆိုးရွားသော ရောဂါကြီးရှိနေပါစေ။ နှစ်ပေါင်းများစွာ အသက်ရှည်နေနိုင်သည်။ ဤသည်မှာ ယုံကြည်ခြင်း၏ တန်ခိုးသတ္တိ ဖြစ်၏။
အမေရိကန်ပြည်ထောင်စုဟု ဖြစ်လာရခြင်း ဇစ်မြစ်ကို ပြန်ဆန်းစစ်လိုက်လျှင် မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ် လိုကြသည့် အင်္ဂလိပ်တစ်စုက နယ်ပယ်သစ်ရှာရင်း အမေရိကားတွင် အခြေချတာမှ စတာဖြစ်ပါသည်။ လူ့အခွင့်အရေးတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အလေးထားပါသည်။
စင်ကာပူမှတရုတ်များ စက္ကူများမီးရှို့နေသည်ကို သွားမကဲ့ရဲ့ပါနှင့်။ အလကား၊ မိစ္ဆာဒိဌိတွေဟု မမဲ့ရွဲ့ပါနှင့်။ မြေကြီးပေါ်တွင် မုံ့များ၊ လိမ္မော်သီးများချ၊ ဖယောင်းတိုင်များနှင့် နတ်ကန်တော့နေတာကို ကဲ့ရဲ့သဂြိုလ် အတင်းမဆိုပါနှင့်။ သူတို့ယုံကြည်ရာ လုပ်နေတာ လုပ်ပါစေ။ သူတို့လုပ်နေတာကို ကိုယ်က စိတ်ဝင်တစားနှင့် စက္ကူနှစ်ထုပ်လောက် မီးဝင်ရှို့ပေးလိုက်ပါ။ သူတို့ အလွန်ကျေနပ်ပျော်ရွှင်သွားတာ တွေ့ရပါလိမ့်မည်။
ကျွန်တော်တို့ဆီမှလူများ နတ်ကိုးကွယ်ခြင်းမှာလည်း သူတို့ယုံကြည်တာ သူတို့လုပ်ခြင်းဖြစ်ပါသည်။ နေမကောင်းတာကို နတ်ဖမ်းတာဟု ယူဆသဖြင့် နတ်က,လိုက်လျှင်၊ နတ်ဒိုးသံကြားလိုက်ရလျှင်၊ နတ်ဝင်သည်များ ယိမ်းထိုနေတာ မျက်တောင် လေးစင်းကြည့်လိုက်ရလျှင်ပင် ရောဂါတစ်ဝက် သက်သာသွားပြီ။ အဲလေ၊ နတ်ကတိုင်းတော့လည်း ဘယ်ပျောက်ပါလိမ့်မတုံး။ မတော်၊ သေသွားတော့ရော ဘာတတ်နိုင်မှာတုံး။ သို့သော် သေကာမှသေရော၊ နတ်က,လိုက်ရသည့်အတွက် စိတ်ကျေနပ် သွားသည်။ နတ်တောင်မှ မစွမ်းနိုင်တဲ့အတွက် ကံကုန်လို့သေရတာပဲ ဟု မှတ်ယူလိုက်သည်။
နိဂုံးချုပ်ရလျှင် မိတ်ဆွေများခင်ဗျား -
ပုထုဇနော၊ ဥမ္မတ္တကော ဟု မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း လူဟူသည် တစ်နည်းနည်းဖြင့် ရူးနေကြ သူချည်း ဖြစ်၏။ ကျွန်တော်လည်း ပိုက်ဆံတစ်ပြားမှ မရပါဘဲလျှက် ဤ နတ်အကြောင်းရေးနေတာ ညက သန်းခေါင်ကျော်မှ အိပ်ရသည်။ အလုပ်သွားရန် မနက် ၆ နာရီအိပ်ယာကထရသည်။ ဘာကြောင့်ရေးပါသနည်း။ ရေးချင်လို့ရေးတာဖြစ်ပါသည်။ ဤကဲ့သို့ ရေးချလိုက်သည့်အတွက် ကျေနပ်သွားသည်။ တစ်နည်းဆိုရလျှင် အာသာပြေသွားသည်။
နတ်ကိုးကွယ်သူများမှာလည်း သည်အတိုင်းဖြစ်ပါ၏။ ကိုးကွယ်ချင်လို့ ကိုးကွယ်တာ ဖြစ်ပါသည်။ တကယ်ရှိတာမရှိတာ အရေးမကြီးပါ။ သူတို့စိတ်ကျေနပ်သွားဘို့။ အာသာပြေသွားဘို့ အရေးကြီးပါသည်။ သည်လို ဦးရှင်ကြီးတင်လိုက်ခြင်းအားဖြင့် စိတ်ချလက်ချ လယ်လုပ်လို့ရသွားသည်။ ဦးရှင်ကြီးရှိတာမရှိတာ၊ တကယ်လာကယ်တာ၊ မကယ်တာ အရေးမကြီး။
ဦးရှင်ကြီး မတင်ဖြစ်လိုက်သော နှစ်တွင်မှ သားကလေးကို မြွေကိုက်သေသွားသည် ဆိုပါစို့။ အောင်မယ်လေး၊ ဖြစ်မှဖြစ်ရလေ လူကလေးရယ်။ အဲဒါ အမေတို့အပြစ်ပါ။ ဒီနှစ်ကျမှ အုန်းသီးကလေးတောင် ၀ယ်ဘို့ပိုက်ဆံမရှိလို့၊ ဦးရှင်ကြီးဆရာပင့်ဘို့ ငွေပြတ်နေလို့ မတင်ဖြစ်လိုက်တာ။ အမေ ဘယ်လိုဖြေရပါ့မလဲ ဟု တစ်သက်လုံး ယူကြုံးမရဖြစ်သွားတော့မည်။
ကျွန်တော်ငယ်စဉ်က နတ်ပွဲကြောင့်ရသော ၀က်သားကို မြိန်ရည်ရှက်ရည် စားခဲ့လင့်ကစား နတ်ပွဲများကို မည်သည့်အခါမှ အကောင်းမပြောခဲ့ဖူးပါ။ နတ်ကသူများကိုလည်း အင်မတန် ရူးတဲ့သူတွေဟု မျက်စောင်းထိုး၊ နှုတ်ခမ်းမဲ့ခဲ့ပါသည်။ ရွှေရင်ကျော်ဂိုဏ်းဝင်များကိုလည်း ဘုဂလန့် မေးခွန်းများမေးကာ ဒုက္ခပေးခဲ့ဖူး၏။ ယခု အသက်ကလေးရလာတော့ ပတ်ဝန်းကျင်ကို မျက်စိဖွင့်ကြည့်မိလာသည်။ ထိုအခါကျမှ အင်မတန်ကျဉ်းမြောင်း၊ သေးသိမ်လှသော ကျွန်တော့်သဘောထား ကို သွားတွေ့ရသည်။
သူတို့လုပ်ချင်ရာ လုပ်ပါစေ။ ကိုယ်ယုံကြည်ရာလုပ်ပိုင်ခွင့် လူတိုင်းတွင် ရှိသည်။ ဤသည်မှာ မွေးရာပါအခွင့်အရေးဖြစ်သည်။ သူတို့နတ်ကိုးကွယ်နေတာ အပြစ်တင်တော့မည်ဆိုလျှင် ငါရော ဟု ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ ဟု တိုက်တွန်းလိုပါ သည်။ နတ်ကိုးကွယ်ခြင်းသည်ပင် ကျွန်တော်တို့မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုတစ်ရပ် မဟုတ်ပါလော။ နတ်ကိုးကွယ်ခြင်းကို ရှုတ်ချခြင်းသည် မိမိယဉ်ကျေးမှုကို မိမိရှုတ်ချခြင်း မည်ပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၅-၂-၂၁၂ (စနေနေ့) ညနေ ၅ နာရီ ၂၈ မိနစ်
No comments:
Post a Comment