(၅၉) အလုပ်မဖြစ်သော မြန်မာပြည် ကြိုးနီစနစ်
အမှန်ဆို သည်ကွန်ပြူတာများကို ကျွန်တော်တို့အရင် တစ်ဖွဲ့သို့ ပေးသေး၏။ သို့သော် ထိုပုဂ္ဂိုလ်များမှာ ကျွန်တော့်လောက် မမိုက်မဲရကား ဟင့်အင်း၊ မြန်မာပြည်ပို့ဘို့ လွယ်မှာမဟုတ်ဘူး ဟု ငြင်းသောကြောင့် ကျွန်တော်တို့ဆီ ရောက်လာရတာ ဖြစ်ပါသည်။ ထိုအဖွဲ့မှာလည်း ကျွန်တော်တို့ကဲ့သို့ ပရဟိတလုပ်နေသူများ ဖြစ်ပါသည်။ သို့သော် သူတို့က ဘာသာရေးဘက် ပိုနွယ်၏။
ကွန်ပြူတာများရလာတော့ မြန်မာပြည်ပို့ဘို့ရာ ကွန်ပြူတာထည့်ရန် စက္ကူပုံးများမှာခြင်း၊ သွားသယ်ခြင်း၊ ကွန်ပြူတာများကို ပုံးများအတွင်းထည့်ခြင်း စသည်တို့ လုပ်ပါသည်။ အားလုံးမှာ ကိုယ့်အလုပ်နှင့်ကိုယ်ဆိုတော့ များသောအားဖြင့် သည်ကိစ္စများ ကို ကျွန်တော်တစ်ယောက်တည်းလုပ်ရတာ ဖြစ်ပါသည်။
ကျွန်တော်က ကွန်ပြူတာများကို မြန်မာပြည်သို့ ကွန်တိန်နာနှင့်ပို့။ ဟိုဘက်က ကျွန်တော့်အစ်မကြီးက ရွေး။ နောက်ပြီး ကျောင်းများသို့ လှူ ဟု သည်မျှသာ ရိုးရိုးစင်းစင်းကလေး တွက်ထားတာဖြစ်သည်။ တကယ်တန်းပို့တော့ သည်မျှမလွယ်။ ကွန်ပြူတာများကိုမည်သို့ ပို့မည်နည်းဟု စုံစမ်းသော် ကိုမျိုးသူရ ဟူသော သင်္ဘောသားကလေးနှင့် အဆက်ရ၏။ ဦးဆုံး ကွန်ပြူတာ ၃ လုံးကို သူတို့နှင့် ပို့ထည့်လိုက်သည်။ သို့သော် သည်ကဲ့သို့ လုံးချင်းသယ်နေလို့အလုပ်ဖြစ်မှာမဟုတ်သည့် အတွက် ထပ်မံစုံစမ်းရပြန်၏။ မြန်မာပြည်၌ အလှူများလုပ်နေသော စင်ကာပူမှ ဂျိန်းတို့အဖွဲ့နှင့် ဆက်မိသော် သူတို့က သူတို့ ပစ္စည်းပို့နေကျ forwarder နှင့် ဆက်ပေးသည်။ Tong Joo Shipping ဟူ၏။
သို့နှင့် ကျွန်တော် ပေ၂၀ ကွန်တိန်နာမှာကာ ကွန်ပြူတာများပို့ရန် လုပ်သည်။ ကွန်တိန်နာက Ubi Industrial Estate မှာ။ ကွန်ပြူတာများက ကျွန်တော်နေသည့် Kallang မှာ။ သည်တော့ ဂျိန်းက သူတို့ လော်ရီကလေးယူလာကာ သည် ကွန်ပြူတာ အလုံး ၇၀ ကျော်ကို သူ့လူများအကူအညီနှင့် လာသယ်ပေးသည်။ သူ့လူများကလည်း တရုတ်အဖွားကြီးများချည်း ဖြစ်၏။ သည်တော့ သည် ကွန်ပြူတာ အလုံး ၇၀ ကျော်ကို အပေါ်ထပ်မှထမ်းချသည့်အလုပ်ကို ကျွန်တော် တစ်ယောက်တည်းလိုလို လုပ်ရသတည်း။ သူတို့က ကားပေါ်တင်ကာ နေရာချပေးသည်။
ကွန်တိန်နာထဲ ကွန်ပြူတာတွေထည့်လိုက်တော့ နေရာတော်တော်များများ လွတ်နေသည်။ သည်တော့ စေတနာကောင်းလှ သော ဂျိန်း က ဟဲ့၊ ကွန်တိန်နာဆိုတာ အလုံးလိုက်ငှားရတာ။ ဒီတော့ တန်အောင် ငါတို့ အ၀တ်တွေနဲ့ အစားအသောက်တွေပါ ထည့်ပေးလိုက်မယ်။ နင်တို့လှူလို့ရတာပေါ့ ဟု ဆိုကာ အ၀တ်ထုတ်များ၊ ဘီစကွတ်များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ အအေးဗူး များ ကို ထည့်သတည်း။
ထည့်သည်ဆိုရာတွင်လည်း တစ်နေရာထဲမဟုတ်။ ဟိုနေရာက နည်းနည်းသွားယူ။ သည်နေရာက နည်းနည်းသွားယူ စသဖြင့် ကွန်တိန်နာ မပြည့်မချင်းထည့်တာ ဖြစ်၏။ ဤပစ္စည်းများသည် နောင်တွင် ကျွန်ုပ်တို့အား ကောင်းကောင်း ဒုက္ခပေးမည်မှန်း ထိုစဉ်က ကျွန်ုပ်မသိခဲ့။ မသိသဖြင့်သာ အင်မတန်လေးလံလှသော သည်အထုပ်ကြီးများကို ဂိုဒေါင်များအတွင်းမှ ထမ်းထုတ်ခဲ့၊ ကွန်တိန်နာအတွင်း တွန်းတင်ခဲ့တာ ဖြစ်ပါသည်။
သည်ကိစ္စများကို ကျွန်တော်တစ်ယောက်တည်း ဂျိန်းတို့အဖွဲ့နှင့်လုပ်တာဖြစ်သဖြင့် အခြားသူမည်သူမျှ မသိပါ။ ထိုနေ့က ည သန်းခေါင်ကျော်မှ အိမ်ပြန်ရောက်ပါသည်။
ပထမတော့ ဘာလုပ်ရမှန်းမသိ။ နောက်မှ ဆွေးနွေးတိုင်ပင်ကြရင်း ဒါတွေက ပညာရေးဌာနကို လှူမှာဖြစ်တဲ့အတွက် တင်သွင်း ခွင့်ပါမစ်ရဘို့ သူတို့ကို အကူအညီတောင်းမှဖြစ်မယ်ဟု အဖြေထွက်၏။ သည်တော့ ရန်ကုန်တွင်ရှိနေသော ကိုသောင်းတန်နှင့် မမတို့ အခြေခံပညာဦးစီးဌာနသို့ သွားကာ အကျိုးအကြောင်းရှင်းပြရ၏။ ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ဆိုတာ မြန်မာပြည်ထဲမှာ လိုအပ်နေတဲ့နေရာတွေကို လစဉ်လှူဒါန်းနေတဲ့ စင်ကာပူနိုင်ငံက အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဘာနိုင်ငံရေးနဲ့မှ မပတ်သက်ပါဘူး။ လူမှုရေးသီးသီးပဲ လုပ်တာပါ။ ဟောသည်မှာ ကျွန်တော်တို့ ဆောင်ရွက်မှုတွေပါ ဟုဆိုကာ ကျွန်တော် ပြင်ပေးလိုက်သော လက်ကမ်းစာစောင်များ၊ လှူဒါန်းမှုမှတ်တမ်းများထည့်ထားသော CD များကိုပေးလိုက်ပါသည်။
သူတို့က ကျောင်းများမှ အလှူခံစာများလိုချင်သည်ဆိုသဖြင့်လည်း ကျွန်တော်တို့ထံ ကွန်ပြူတာများအလှူခံလာသည့် ကျောင်း များသို့ ဆက်သွယ်ကာ အလှူခံစာများရယူရပါသည်။ ထို့နောက် ကျွန်တော်တို့အဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းအကျဉ်း၊ စီဒီ နှင့် ကျောင်းများမှ အလှူခံစာများပူးတွဲကာ အခြေခံပညာသို့ ကွန်ပြူတာများတင်သွင်းခွင့်လျှောက်ရသည်။ ကိုသောင်းတန် အခြေခံပညာဦးစီးဌာနသို့ စာတင်သည်မှာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
သည်မျှသာမက သူတို့ကျောင်းတွေကို လှူမှာဆိုတော့ သူတို့ဆီမှ လှူဒါန်းခွင့်ကိုလည်း လျှောက်ရသေးသည်။ ကျွန်တော်တို့က မလုပ်တတ်တော့ ကွန်ပြူတာများ တင်သွင်းခွင့်ကိုလျှောက်သူနှင့် လှူဒါန်းခွင့်လျှောက်သူ အတူတူဖြစ်ရမည်မှန်းမသိ။ သူတို့ ကလည်း မြန်မာပြည်က ရုံးတွေထုံးစံအတိုင်း ပြည့်ပြည့်စုံစုံ ဘာမှပြောပြတာမဟုတ်။ မသိသူကို ဖြဲခြောက်ဖို့ပဲ စဉ်းစားသူများ ဖြစ်သည်။
ဆိုတော့ တင်သွင်းခွင့်ပါမစ်လျှောက်တာ မမနာမည် (ဒေါ်ကျင်ကျင်) နှင့်။ သို့သော် ကွန်ပြူတာများလှူဒါန်းခွင့် လျှောက်တာ ကျတော့ ကိုသောင်းတန့်နာမည်နှင့် ဖြစ်နေသည်။ ဤသည်ကို သူတို့အသိ။ အနို့သူတို့ပဲပြောပြလို့ သူတို့ရှေ့မှာပဲရေး။ သူတို့ဆီပဲ တင်လုပ်ရတာ။ ဘယ့်နှာကြောင့် သည်ကိစ္စမျက်စိမှိတ်နေဘိသနည်း။ ကွန်တိန်နာများထုတ်သောအခါ ဤကဲ့သို့ နာမည်လွဲနေခြင်းအတွက် အကြီးအကျယ်ပြဿနာတက်သည်။ ကွန်တိန်နာများ ထုတ်လို့မရ။
တင်သွင်းခွင့်ကို အဘယ်ကြောင့် မမနာမည်နှင့်လျှောက်ရသတုံးဆိုသော် ကိုသောင်းတန်မှာက ဖုံးမရှိ။ ဆက်သွယ်ရ မလွယ်။ သည်တော့ အကြောင်းကိစ္စရှိက ဆက်သွယ်ရလွယ်စေရန် တယ်လီဖုံးရှိသော မမနာမည်ကို ထည့်လိုက်ခြင်းဖြစ်၏။
နောက်ပြီး ဘာကိစ္စရယ်လို့ ရေရေလည်လည်ပြောပြတာလည်း မဟုတ်ဘဲနှင့် အခြေခံပညာ (၁) (၂) (၃) မှ ညွှန်မှူးများနှင့် လာတွေ့ပါ ဆိုကာ အပတ်စဉ်သွားတွေ့ရသေး၏။
မိတ်ဆွေများခင်ဗျား -
သွားတွေ့ဆိုတွေ့လိုက်ပေါ့ဗျာ၊ ဘာခဲယဉ်းတာလိုက်လို့ ဟု ခပ်လွယ်လွယ်ကလေး မပြောပါနှင့်။ ရွှေကိုယ်တော်များ၏ မျက်နှာတော်ဖူးရဘို့ ဆိုတာ ရေငံပိုင်ဦးရှင်ကြီးကို ဖူးဖို့ထက်ခက်သေးသည်။ ဦးရှင်ကြီးကမှ “ရေငံတစ်ရိုး၊ ပိုင်စံနယ်စိုး၊ တန်ခိုးပေါ်ထင်၊ နတ်ဦးရှင်ခင်ဗျား - - “ ဟု ပင့်လိုက်လျှင် ဖူးမြော်ခွင့် ရချင်ရနိုင်သေးသည်။ အနှီဆရာကြီးများမှာကား တစ်နိုင်ငံလုံးရှိကျောင်းများအရေး စီမံနေရသည်ဖြစ်ရာ အလွန်အလုပ်ရှုပ်လှရကား ကိုသောင်းတန်က အောက်ပါအတိုင်း ပြန်ပြောပြပါ၏။
“ကျွန်တော်နဲ့ အစ်မကြီးမှာဗျာ၊ သူတို့က လာတွေ့လှည့်ပါဆိုလို့လည်း သွားရသေး။ ဟိုရောက်တော့၊ စည်းဝေးပွဲတက်နေလို့၊ ဘယ်ဧည့်သည်ရောက်နေလို့၊ ဘယ်ထွက်သွားလို့ နဲ့ တစ်ခါတစ်လေ တစ်မနက်လုံး ဘာမှ မစားရသေးဘဲ ထိုင်စောင့်နေရ တယ်။ တစ်ခါတလေ နေ့လည်စာငတ်တယ်။ အနို့တခြားသွားလို့လည်း မဖြစ်ဖူးဗျ။ သူတို့အားမဲ့ အချိန် ကိုယ်က စောင့်နေရ တာ။ တော်ကြာ ထမင်းထွက်စားနေတုံး အပြင်ထွက်သွားပြီ ဆို သေရော။ တစ်မနက်လုံးစောင့်ခဲ့ရတာ အလကားဖြစ်ကရော မဟုတ်လား။ နောက်ပြီး ရုံးအ၀င်မှာလည်း ကျွန်တော်တို့လာပါတယ် ဆိုတဲ့အကြောင်း လက်မှတ်ထိုးရသေးတယ်။
တွေ့ခွင့်ရပြီဆိုတော့လည်း ဘာမှ ရေရေရာရာ အလုပ်ဖြစ်တာမဟုတ်ဘူး။ နောက်နေ့ပြန်ချိန်းပြန်တာပဲ။ အဲဒီလို နှစ်လလောက် ကျွန်တော်တို့ အပတ်တိုင်း သွားခဲ့ရတယ်။ နောက်ပြီးသူတို့က ဘာပြောတယ်မှတ်သလဲ။
မင်းတို့လုပ်တာနဲ့ ငါတို့မှာ အပြောခံရတယ်။ မင်းတို့က မနေနိုင်မထိုင်နိုင် ဘာကိစ္စ လှူချင်ရတာတဲ့လဲ။ အခု ကွန်ပြူတာတွေက ပညာရေးကို လှူမယ်ဆိုပြီး ဘာဖြစ်လို့ နာဂလိုဏ်ဂူကို အလုံး ၂၀ ပေးရတာလဲ။ နာဂလိုဏ်ဂူကို ပေးချင်ရင် မင်းတို့ သာသနာ ရေးမှာ ဘာ့ကြောင့်သွားမလျှောက်တာလဲ။ အင်မတန်ရှုပ်တဲ့ကောင်တွေ။ ဒါ မင်းတို့လုပ်တာ မရိုးသားဘူး။ မင်းတို့ကြောင့် ငါတို့ မှာ ပြဿနာတက်ရတယ်။ ဒီကွန်ပြူတာတွေ ငါတို့ကို အကုန်လှူပါ။ - တဲ့။
ကျွန်တော်လည်း အစ်ကိုမှာတဲ့အတိုင်း ပြောတာပဲ။ အလှူရှင်တွေက နာဂလိုဏ်ဂူကို လှူပေးပါ ဆိုတဲ့အတွက် ကျွန်တော်တို့က လှူပေးရတာ ဘာတတ်နိုင်မလဲ။ အဲဒါကို ပြဿနာရှာတယ်။ ကျွန်တော်ကလည်း ပြောတာပေါ့။ ဒီကွန်ပြူတာတွေကို ကျွန်တော် တို့ တစ်လုံးမှ ယူမှာမဟုတ်ဘူး။ အကုန်လှူဘို့ချည်းပဲ။ နာဂလိုဏ်ဂူကို အလုံး ၂၀ လှူပြီး ကျန်တဲ့ ၅၆ လုံးကို ဟောဒီကျောင်း တွေကို အကုန်လှူမှာ။ ဟောဒီမှာ ကျောင်းအုပ်ကြီးတွေရဲ့ အလှူခံစာနဲ့ လှူမဲ့ကျောင်းတွေရဲ့ စာရင်း။ မယုံရင် လှူပြီးတဲ့အခါ ခင်ဗျားတို့ အဲဒီကျောင်းတွေကို လိုက်ကြည့်လို့ရတယ်။ ပညာရေးကိုလှူမှာ ဖြစ်တဲ့အတွက် ပညာရေးမှာပဲ ပါမစ်တင်ရမှာပေါ့ လို့ပြောတော့ -
မင်းတို့ဟာ ရှုပ်ကိုရှုပ်တယ်။ မင်းတို့အတွက်နဲ့ ငါတို့မှာ အထက်က အထောင်းခံရတယ် လို့ပြောတယ်။”
မိတ်ဆွေများခင်ဗျား -
ကျွန်တော်တို့အဖြစ်မှာ ဘာနှင့်တူသလဲဆိုလျှင် ၀ါးခယ်မမှာ ငါးသလောက် အစိမ်းချက်ကလေး စားလို့ကောင်းလိုက်တာဟေ့ ဟုဆိုကာ မိမိအိမ်နီးချင်းများကို စားစေလိုသော စေတနာဖြင့် ငါးသလောက်များကို ဈေးကြီးပေးဝယ်ကာ အိမ်နီးချင်းများသို့ ပေး၏။ ထိုအခါ အနှီအိမ်နီးချင်းများက မင်းနှယ်ကွာ။ ဒီလောက်အရိုးထူတဲ့ ငါးသလောက်ကြီးများ ပေးရတယ်လို့။ ငါတို့မှာ ငါးကိုင်လို့ ဒါးရှရင် ဘယ့်နဲ့လုပ်မလဲ။ နောက်ပြီး ထင်းအကုန်ခံပြီး ဟင်းလည်းချက်ရဦးမယ်။ ဒီလောက် အရိုးများတဲ့ငါး။ စားလိုက်လို့ လည်ချောင်းထဲ အရိုးစူးနေရင် ဘယ့်နဲ့လုပ်မလဲ။ မင်းမို့လို့ ပေးမှပေးရက်ပလေတယ် ဟု အပြောခံရသကဲ့သို့ ဖြစ်ပါ၏။
အပြောသာခံရသည်။ သူတို့ဆီကိုသာ ဒုက္ခခံသွားတွေ့ရသည်။ သူတို့လုပ်ပေးနိုင်တာ တစ်ခုမှမရှိ။ နောက်တော့ မမက ကိုသောင်းတန်ကို ပြောသည်။
“ဟဲ့၊ ကိုသောင်းတန်၊ ငါတို့ဒီလိုချည်း ရေစုံမျောနေလို့ အလုပ်မဖြစ်ဘူး။ ငါတို့ဟိုတစ်ခါ လှူခဲ့တဲ့ ကြပ်ပြည့်ဆရာတော်ဆီ နင်ဖုံးဆက်စမ်း။ ငါတော့မဆက်ချင်ဘူး။ သူက အထက် လူကြီးတွေနဲ့ အတော်လေးနီးစပ်တယ်လို့ ငါတို့ကို ပြောဖူးတယ်”
ထိုအခါ ကိုသောင်းတန်လည်း ထိုဆရာတော် ဦးပညိန္ဒထံ ဖုံးတစ်ဂွမ်ဂွမ်ဆက်သတည်း။ ဆရာတော်က ဒါယိကာကြီးက နေ့တိုင်းဖုံးမဆက်နဲ့လေ။ ဘုန်းကြီးတတ်နိုင်သလောက်တော့ လုပ်ပေးမှာပေါ့ ဟု တားယူရသည်ထိ ဖြစ်၏။ သို့သော် အကြောင်းကထူးမလာ။ ထိုအခါ နောက်တစ်ယောက်က အကြံပေးပြန်သည်။ ချောက်က အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးထွန်းလွင်ဆိုတာ သူတပည့်တစ်ယောက်က ၀န်ကြီးဖြစ်နေသတဲ့၊ သူ့ဆီဆက်ပြီး အကူအညီတောင်းကြည့်ပါလား။
မှတ်ချက်။ ။ ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့သည် ချောက်မှ မူလတန်းကျောင်းသို့ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခဲ့ဖူး၏။ ဤအကြောင်း ထိုဆရာကြီးသိသဖြင့် အကူအညီတောင်းရခြင်းဖြစ်ပါသည်။
ကိုသောင်းတန်လည်း ဆရာကြီးထံ ဆက်ပြန်၏။ ဆရာကြီးက သူ့တပည့်နာမည်၊ ရာထူး၊ ဌာနများ ပေးလိုက်၏။ ကိုသောင်းတန်လည်း ဆရာကြီး၏တပည့် ပညာရေး ဒု-၀န်ကြီးထံသွား၏။ ဒု-၀န်ကြီးနှင့်တွေ့သော် စနေဓမ္မမိတ်ဆွေများ အဖွဲ့ အကြောင်း စာရွက်စာတမ်းများနှင့် စီဒီလည်းပေး။ ပါးစပ်ကလည်း ရှင်းပြ လုပ်ရ၏။ ထိုနံရောအခါ အနှီ ဒု-၀န်ကြီးဆိုသူက မိုက်ကြေးခွဲပါသည်။
မင်းတို့အဲဒီကွန်ပြူတာတွေ ငါတို့ကို အကုန်ပေးပါ။ ငါတို့လှူချင်တဲ့ကျောင်းတွေ လှူမယ်။
ဟိုက်ရှားဘား။ ကိုသောင်းတန်ခမျာ မျက်ကလဲဆန်ပြာဖြင့် တောင်းပန်ရသည်။ မဟုတ်ပါဘူး ၀န်ကြီးခင်ဗျာ။ ဒီမှာ ကျွန်တော်တို့ဆီ အလှူခံထားတဲ့ ကျောင်းအုပ်ကြီးတွေရဲ့ စာတွေပါပါတယ်။ အဲဒီကျောင်းတွေကို ကျွန်တော်တို့လှူမှ ဖြစ်ပါမယ် ခင်ဗျာ။ ၀န်ကြီးက ကျွန်တော်တို့ကို ကွန်ပြူတာတွေတင်သွင်းခွင့်ရအောင် ပါမစ်ကိစ္စကလေးသာ ကူညီပေးပါ။
အေး၊ ဒီတစ်ခါတော့ ရှိစေတော့။ နောင်ကျလို့ ငါတို့ကို မပေးဘဲ မင်းတို့လှူချင်တဲ့နေရာလှူမယ် ဆိုရင် ပါမစ်လုံးဝချပေးမယ် မဟုတ်ဘူး။ ကြားရဲ့လား ဟေ့ကောင်။
ဟုတ်၊ ဟုတ်၊ ၀န်ကြီးခင်ဗျ။
ပြောသာလွှတ်လိုက်သည်။ ဟောက်သာဟောက်လိုက်သည်။ ဘာမှ အဖြေရေရေရာရာမရခဲ့။ ၎င်းလည်း ဘာမှ အဆုံးအဖြတ် မပေးနိုင်။ ကိုသောင်းတန်မှာ အဆဲခံရန်သက်သက်သွားသည်နှင့် တူနေပေ၏။
(၆၀) ဒုက္ခများနှင့် နပန်းလုံးရခြင်း
ကိုသောင်းတန်၏ ကွန်ပြူတာလှူဒါန်းခွင့် လျှောက်လွှာအတွက် အခြေခံပညာဦးစီးဌာနမှ ၀န်ကြီးဌာနသို့ ပါမစ်တင်တာ ၂၀၀၄ ခုနှစ် ဇန္န၀ါရီလ ၈ ရက်နေ့ဖြစ်၏။ သို့သော် ကျွန်တော်ပို့လိုက်သော စာရွက်စာတမ်း၊ အချက်အလက်များ မပြည့်စုံသဖြင့် ထပ်တင်ရသေးသည်။ နောက်တစ်ခါ ထပ်တင်တာ ၂၀၀၄ ခုနှစ် မတ်လ ၁၀ ရက်နေ့ ဖြစ်၏။
ကွန်ပြူတာများ တင်သွင်းခွင့် လိုင်စင်က တော်တော်နှင့်မရ။ ဘာတဲ့ ဂေါ်ဇီလာလောက်ကြီးသော အကောင်ကြီးကြီး ၅ ဦး ပါသည့် Trade Council ထိ တင်ရသည်ဆို၏။
ဟိုလူ့ဆီသွားလည်း အကြောင်းမထူး။ ဒီလူလည်း ဘာမှမတတ်နိုင် ဟု လိပ်ခဲတည်းလည်းဖြစ်နေသဖြင့် အခြေခံပညာမှ ဦးသောင်းရွှေက ထုတ်ကုန်သွင်းကုန်ကိစ္စများနားလည်သည့် သူတို့ဌာနမှ ကိစ္စများကို လိုက်လံဆောင်ရွက်ပေးနေသော ပွဲစားတစ်ယောက်နှင့် ချိတ်ပေးပါသည်။ သူ့နာမည်မှာ အောင်ထူး ထင်၏။ အောင်ထူးက ကိုသောင်းတန်ကို ပြောသည်။
ခင်ဗျားတို့ဟာက ပြဿနာပဲ။ တင်သွင်းခွင့်လျှောက်တာက ဒေါ်ကျင်ကျင်။ လှူဒါန်းခွင့်လျှောက်တာက ကိုသောင်းတန် ဆိုတော့ သူတို့က ခင်ဗျားတို့ကို မရိုးသားဘူးလို့ ဒီလိုပဲ ယူဆနေကြတာ။ ဒါကြောင့်ကြာနေတာ။ အဲဒါ ဘာဖြစ်လို့နာမည်လွဲနေရသလဲ ဆိုတာ ခင်ဗျားတို့ကိုယ်တိုင် လိုက်ရှင်းမှ ဖြစ်မယ်။ ကျွန်တော်ပြောရင် ယုံမှာမဟုတ်ဘူး ဟု ဆို၏။
ထိုအခါ ကိုသောင်းတန်လည်း လိုက်ရှင်းရပြန်၏။ ရှင်းသည့်အခါ လူညာတွေဟု အစွပ်စွဲခံရပြန်၏။ ရိုးရိုးသားသားလုပ်တာ မဟုတ်ဘူး ဟု အဟောက်ခံရပြန်၏။
ဒုက္ခသုက္ခပေါင်းစုံ၊ မျက်စိနောက်စရာ၊ ခေါင်းကိုက်စရာပေါင်းစုံနှင့် ကြုံရပြီးသည့်နောက် ကျွန်တော်တို့လျှောက်လွှာတင်ပြီး ၄ လလောက်အကြာ ၂၀၀၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကွန်ပြူတာတင်သွင်းခွင့်ပါမစ် ဆိုတာကြီး ကျလာသည်။ ထိုစာကို ကိုသောင်းတန်က ကျွန်တော့်ထံ email ပို့လိုက်၏။
ပါမစ်ရပြီဆိုတော့ ကျွန်တော်လည်း ကွန်တိန်နာကြီးကို ရန်ကုန်သို့ လွှတ်လိုက်သည်။
ကွန်ပြူတာများတင်ပို့ဘို့ shipping document များ ပြင်ရ၏။ သည်တုံးက ကျွန်တော့်မှာ ဘာ shipping အတွေ့အကြုံမှမရှိ။ Shipping ကုမ္ပဏီက ဟိုဘက်ကလက်ခံမည့် consignee နာမည်ပေးပါဆိုတော့ ခပ်လွယ်လွယ်ပင် ကျွန်တော့်အစ်မကြီး နာမည် ပေးလိုက်၏။ တင်သွင်းခွင့်ပါမစ်ကို အခြေခံပညာမှ လျှောက်ပေးမည်ဖြစ်ရာ မြန်မာပြည်ဘက်မှ ထုတ်ယူမည့်သူမှာ အခြေခံပညာမှသာ ဖြစ်ရပါမည်။ သို့အတွက် ယခင် BL consignee နေရာ၌ ကျွန်တော်ရမ်းဖြည့်ခဲ့သော အစ်မကြီးနေရာတွင် အခြေခံပညာဦးစီးဌာန ဟု ပြောင်းရ၏။ ထို BL နှင့်အတူ Invoice, Packing List များပါ တွဲတင်ရသည်ဖြစ်ရာ ကျွန်တော်လည်း တတ်သရွေ့မှတ်သရွေ့နှင့် ပြင်ပေးလိုက်၏။ ထိုအခါ ဟိုဟာမှားနေတယ်။ ဒီဟာမဟုတ်ပြန်ဘူးဆိုကာ မကြာခဏ ပြန်ပြင်ခိုင်းပါသတည်း။ သည်တုံးက အင်တာနက်အဆက်အသွယ်မှာလည်း ယခုလောက် မတွင်ကျယ်လှသေးရကား အလွန်ဒုက္ခများပါ၏။
အထက်တွင်ဆိုခဲ့သည့်အတိုင်း ဂျိန်းတို့က စေတနာရေစီးကမ်းပြိုလိုက်ကာ လွတ်နေသော ကွန်တိန်နာအတွင်းသို့ အစားအသောက်၊ အချိုရည်ဗူး၊ အ၀တ်အထည်များ နင်းကန်ထည့်ပေးလိုက်၏။ ဤသည့်အတွက် ပြဿနာ ထပ်တက် ပြန်သတည်း။
ကိုသောင်းတန်နှင့် မမတို့က ဒုက္ခပေါင်းစုံဖြင့် အလွန်အင်မတန် ခဲယဉ်းစွာကျလာသော ရွှေထက်အဖိုးတန်သည့် ပါမစ် ကလေးကို တယုတယကိုင်ကာ သီလ၀ါဆိပ်ကမ်းသို့ ကွန်ပြူတာထုတ်ရန် ၀မ်းသာအားရသွား၏။
သီလ၀ါမှ အကောက်ခွန်မင်းများက ကွန်တိန်နာကို ဖွင့်သည်။ ထိုအခါ နောက်ဘက်သို့ ရောက်နေသော ကွန်ပြူတာများကို မတွေ့ရ။ ရှေ့ဘက်တွင် နင်းကန်ထည့်ထားသော အ၀တ်အထည်များ၊ သကြားလုံးများ၊ အချိုရည်ဗူးများ စသည်တို့ကို တွေ့ရပြီးသကာလ အကောက်တော်မင်းများမှာ ရွှေဒေါတော် ဖောင်းလေတော့၏။
ဒါမင်းတို့သက်သက်လိမ်တာ။ လူညာတွေ။ ရိုးရိုးသားသားလုပ်တာမဟုတ်ဘူး။ ကွန်ပြူတာတွေ ဗန်းပြပြီး အစားအသောက်တွေ သွင်းလာတယ်။ မင်းတို့ကို ဒီကွန်တိန်နာ ဘယ်လိုနည်းနဲ့မှ ထုတ်ခွင့်မပြုနိုင်ဘူး။
(ရွှေဉာဏ်တော် စူးရောက်လှသည့် ထို အကောက်တော်မင်းများကို ကျွန်ုပ်နားမလည်နိုင်ပါ။ သည် အချိုရည်ဗူးများမှာ မည်မျှတန်ပါသနည်း။ အချိုရည်ဗူးဆိုတာ ပလတ်စတစ်နှင့်ထည့်ထားသော ပုလင်းများမဟုတ်။ စက္ကူဗူးများဖြင့် ထည့်ထားသော တစ်ခါသောက်ဗူးများ ဖြစ်သည်။ ကွန်ပြူတာကို ဗန်းပြပြီး အချိုရည်ဗူးများသွင်းလာသည် ဟုတွေးသော ၎င်းတို့ဦးဏှောက်မှာ ပုံမှန်ဟုတ်ဟန်မတူ။ စိတ်ရောဂါ အထူးကုဆရာဝန်ကြီးများနှင့် သေသေချာချာ ကုသသင့်ပေသည်။ အကောက်ခွန်ဌာန ဟူသည် အလွန်အရေးကြီးသောဌာန မဟုတ်ပါလော။)
ထိုအခါ တစ်ခါတော့ဖြင့် လေးလလောက် စောင့်ခဲ့ရတဲ့ ကွန်ပြူတာတွေတော့ ရပါပေါ့ ဟု မျှော်လင့်တကြီး၊ ၀မ်းသာအားရ သွားခဲ့သော ကိုသောင်းတန်နှင့် မမတို့မှာ အကောက်တော်မင်းများက ဤကဲ့သို့ ပြောလိုက်လေသော် ရင်ဝသို့ ဆီး၍ ကန်ကျောက်လိုက်သည့်အလား ဖြစ်ဘိသည်။ ကိုသောင်းတန်နှင့် မမတို့နှင့်အတူ မြန်မာပြည်သို့ ခေတ္တပြန်ရောက်နေသူ ကိုမင်းမင်းပါ ပါသေး၏။
ထိုအခါ အေးဂျင့်လုပ်သူမှာလည်း လက်မြှောက်လိုက်လေသတည်း။ ဒါတော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူးဗျာတို့ ဟု ဆို၏။ ကိုသောင်းတန်လည်း ကြပ်ပြည့်ဘုန်းကြီးထံ အပူကပ်ရပြန်သည်။
အရှင်ဘုရား။ တပည့်တော်တို့ ဒီလို ဒီလို ပြဿနာ တက်နေပါတယ်။ ကူညီပါဦး။ အရှင်ဘုရားတို့ကျောင်းကိုလည်း ကွန်ပြူတာ ၂ လုံး လှူမှာပါ။
ကိုသောင်းတန်ကား မျက်နှာမရ ခြေထောက်ရလေ၏။ အကူအညီလေးများ ရလိမ့်မလား ဖုံးဆက်ကြည့်ပါတယ်။
နေပါဦး။ မင်းတို့က ကွန်ပြူတာဆိုပြီး ဘယ့်နှာကြောင့် အဲသည် အ၀တ်အထည်တွေ၊ အချိုရည်တွေ သယ်လာရသတုံး။ အလကား လူညာတွေ၊ မရိုးသားဘူး၊ မင်းတို့သွင်းချင်တဲ့ ပစ္စည်းတွေသွင်းဘို့ ကွန်ပြူတာတွေကို ဗန်းပြတာပဲ - ဟု အကောက်တော်မင်းများ လေသံအတိုင်း ဟောက်လေသတည်း။
ရေနစ်သူအဖို့ ကောက်ရိုးတစ်မျှင်မှာလည်း အားကိုးရာဖြစ်လေရာ ချောက်မှ ဆရာကြီးထံ ဆက်ပြန်၏။ သူကတော့ သိပ်မဆိုး။
ဒီမှာ ကိုသောင်းတန်၊ ခင်ဗျားတို့ ကွန်ပြူတာပေါ်မှာပဲ အာရုံထား။ တခြားဘာမှ ကြည့်မနေနဲ့တော့။ ကွန်ပြူတာချည်းပဲ ထုတ်မယ်ဆိုရင်တော့ ကျွန်တော်လုပ်ပေးမယ် ဟု အားပေးဖော်ရ၏။ ကိုသောင်းတန်ကလည်း ဆရာကြီးရယ်၊ ကျွန်တော်တို့ တခြားပစ္စည်းတွေ မမက်ပါဘူးဗျာ၊ ကွန်ပြူတာတွေထွက်လာရင် တော်ပါပြီ ဟု အကြောင်းပြန်၏။
မိတ်ဆွေများခင်ဗျား -
လွယ်လွယ်လေးမအောက်မေ့ပါနှင့်။ ဤကိစ္စရက်အတော်ကြာပါသည်။ ကျွန်တော်မှတ်မိသရွေ့ နှစ်လထင်ပါသည်။ ဆိပ်ကမ်းတွင်ထားသည်ဆိုပေမင့် သည်ကွန်တိန်နာကြီးကို အလကားထား၍ ရသည်မဟုတ်ပါ။ သိုလှောင်ခ Holding Charges ဟု ဆိုကာ တစ်ရက်လျှင် ၅၀၀၀ ကျပ်ပေးရပါသည်။ ထိုကိစ္စအတွက် ကျွန်တော် မြန်မာပြည်နှင့် ဆက်ခဲ့ရသော ဖုံးခများတင် မနည်းလှပါ။
ကျွန်တော်တို့လည်း စိတ်ညစ်လှပြီ။ ပါမစ်ရဘို့တုံးက တစ်ဒုက္ခ။ ပါမစ်ရလာပြန်တော့ ကွန်တိန်နာက ထုတ်လို့မရ။ ကိုမင်းမင်း လည်း တတ်သရွေ့၊ မှတ်သရွေ့။ သူ့သူငယ်ချင်း ဗိုလ်ကြီးဆိုလား ထံ အကူအညီတောင်းရပြန်ပါ၏။
ကိုသောင်းတန်မှာ စိတ်မရှည်နိုင်တော့။ သီလ၀ါဆိုတာ နီးလှတာမဟုတ်။ သည်လမ်းသည်ခရီး ခေါက်ကယ်၊ ပြန်ကယ် သွားနေရတာ စိတ်ကုန်လှပြီ။ သည်တော့ -
ဒီမယ် ဆရာတို့၊ ခင်ဗျားတို့ ဘာဖြစ်ချင်တာလဲ။ အဲဒီ အ၀တ်တွေ၊ အချိုရည်တွေကြောင့် ထုတ်မပေးတာဆိုရင် အဲဒါတွေ အားလုံး ခင်ဗျားတို့ကို ပေးခဲ့မယ်။ အဲဒီပစ္စည်းစာရင်းလုပ်ပြီး လက်ခံရရှိကြောင်းသာ ကျွန်တော့်ကို လက်မှတ်ထိုးပေးပါ။ ကျွန်တော်တို့ကို ကွန်ပြူတာတွေချည်း ထုတ်ပေးလိုက်၊ ဟုတ်ပြီလား။
အဲဒီလိုမှမဟုတ်သေးဘူးဆိုရင် ကုန်ကုန်ပြောမယ်ဗျာ။ ဟောဒီမှာ အဲဒီကွန်ပြူတာတွေ လှူရမဲ့ကျောင်းစာရင်း။ ဒီကွန်ပြူတာတွေ ကျွန်တော်တို့ လာမထုတ်တော့ဘူး။ အဲဒီကျောင်းတွေဆီသာ ခင်ဗျားတို့ လှူပေးပေတော့။ ဟောဒီမှာ ကျွန်တော်တို့ ကွန်ပြူတာ တွေကို တင်သွင်းခွင့်ရော၊ လှူဒါန်းခွင့်ပါရပြီးပြီ ဖြစ်တဲ့အတွက် ကွန်ပြူတာတွေကို ထုတ်မပေးလို့ ကျွန်တော်တို့ ဒီမှာ ထားခဲ့တဲ့အကြောင်း၊ ခင်ဗျားတို့ပဲ ဒီကိစ္စဆက်လုပ်လိမ့်မယ်ဆိုတဲ့အကြောင်း ပညာရေးဝန်ကြီး၊ အခြေခံပညာက ညွှန်ချုပ်တွေ၊ အလှူခံထားတဲ့ကျောင်းအုပ်ကြီးတွေဆီ အကြောင်းကြားလိုက်မယ်။
ဒီတော့ ဒီကွန်ပြူတာတွေနဲ့ အ၀တ်အထည်၊ အစားအသောက်တွေ ရရှိကြောင်း၊ ဖြစ်လာသမျှ ပြဿနာအားလုံး ခင်ဗျားတို့ပဲ တာဝန်ယူ ဖြေရှင်းပေးပါမယ်လို့ စာရေးပြီး လက်မှတ်ထိုးပေးလိုက်ပါ။ ကျွန်တော်တို့ ဘာမှမယူတော့ဘူး။ ဒီအတိုင်း ပြန်တော့မယ်။ သဘောတူရဲ့လား။ ဒီပစ္စည်းတွေဟာ လှူဘို့ပစ္စည်းတွေဖြစ်တဲ့အတွက် ဒီပစ္စည်းတွေရဘို့အတွက်နဲ့တော့ ခင်ဗျား တို့ကို တစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူး။ ပေးချင်ပေး။ မပေးချင်နေ။ ကျွန်တော်တို့ ပြန်တော့မယ်။ ဒါ နောက်ဆုံးပဲ။ ကျွန်တော်တို့ ဆက်ပြီး စိတ်ညစ်မခံနိုင်တော့ဘူး။ ဖြစ်လာသမျှ ခင်ဗျားတို့ ရှင်းပေရော့။
သည်လိုကျတော့လည်း ကိုကာစတန်တို့ တာဝန်မခံနိုင်ပြန်။ ခဏနေပါဦးဗျာဟု ဆိုကာ ဟို ဖုံးဆက်၊ ဒီဖုံးဆက် လုပ်ပြန်လေ၏။ ကိုသောင်းတန်ကတော့ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ နောက်မလာတော့ဟု အပြတ်ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။
ညနေစောင်းလာလေပြီ။ အခြေအနေလည်း အတော်လေးတင်းမာလာ၏။ ဟိုလူတွေကလည်း အချိန်ဆွဲထား၏။ ပေးတော့မယ် လိုလို။ မပေးဘူးလိုလို နှင့် ည ၈ နာရီလောက်ကျမှ ကွန်တိန်နာကြီးကို ထုတ်ခွင့်ပြုလိုက်တော့သည်။ ကိုသောင်းတန်တို့၊ မမ တို့မှာ ကွန်တိန်နာကြီး ရလာသည့်တိုင် ၀မ်းမသာနိုင်ပါ။ သည်ကွန်တိန်နာကြီးအားဖွင့်လိုက်၊ အ၀တ်အထည်နှင့် အစား အသောက်ထုပ်များကို ထုတ်လိုက်၊ သွင်းလိုက်နှင့် ဘယ်နှကြိမ်မှန်းကို မသိတော့ပါဘူးဟယ် ဟု မမကငြီးပါသည်။
ဒူဘိုင်းတွင် အလုပ်လုပ်နေသော ကိုမင်းမင်းပြန်လာလို့သာ တော်တော့သည်။ သူ့မှာက publica ကားကလေးရှိသဖြင့် သီလ၀ါသို့သွားရတာ အတော်အဆင်ပြေသွားသည်။ မဟုတ်လို့ တက္ကစီငှားသွားရပါက ကားခနှင့်မွဲရချည့်။
ကျွန်တော်၊ မမ နှင့် ကိုသောင်းတန်တို့မှာ ဤကိစ္စအတွက် အတော်လေး စိတ်ညစ်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခဲ့ကြပါသည်။ စနေဓမ္မမိတ်ဆွေများဟုသာ အမည်ခံထားသော်လည်း တကယ်တန်းလုပ်ရတာ ကျွန်တော်တို့ သုံးယောက်သာ ဖြစ်ပါသည်။ အဓိကကတော့ ကိုသောင်းတန်နှင့် မမဖြစ်ပါ၏။ ကျွန်တော်က စင်ကာပူမှ ဖုံးတဂွမ်ဂွမ်ဆက်ရုံသာ တတ်နိုင်သည်။
ကွန်တိန်နာကြီးထုတ်လာတော့ အခြေခံပညာမှ လူကြီးမင်းများက ကျွန်တော်တို့ကို စိတ်မချ။ ခင်ဗျားတို့၊ အဲဒီကွန်ပြူတာတွေ ကို ကျွန်တော်တို့ဆီမှာပဲ ထားရမယ်။ ခင်ဗျားတို့လုပ်စရာရှိရင် ကျွန်တော်တို့မျက်စေ့အောက်မှာပဲ လုပ်ရမယ်။ အဲဒီကနေမှ ကျောင်းတွေကို အပ်ရမယ် ဟု ဆိုသတည်း။ ဤသည်မှာ ကျွန်တော်တို့အတွက် အကွက်ပင်ဖြစ်၏။ မဟုတ်လျှင် သည်ကွန်ပြူတာ အလုံး ၇၀ ကျော်ကို မည်သည့်နေရာသွားထားမည်နည်း။ ကွန်ပြူတာတွေ ထားဘို့နေရာ ထားပါဦး။ ကွန်တိန်နာဝင်ဘို့ပင် ကျွန်တော်တို့လမ်းများမှာ သိပ်အဆင်ပြေလှသည် မဟုတ်။
သည်တော့ ကိုသောင်းတန်လည်း ဟာ၊ ဆရာတို့ အဲဒါတော့ စိတ်သာချဗျို့။ ကျွန်တော်တို့ အဲဒီမှာပဲထားမှာ။ ကွန်ပြူတာတွေ servicing လုပ်ရင်လည်း အဲဒီပဲလာလုပ်မယ်။ နောက်ပြီး ပေးအပ်ပွဲလဲ အဲဒီမှာပဲ လုပ်ပြစေ။ ဒါဆို ဒါကြီးတွေ ကျွန်တော်တို့ ဘယ်မှ သယ်နေစရာ မလိုတော့ဘူး ဟု ၀မ်းသာအားရပြောသည် ဟူသတတ်။
ပထမ မမက ကွန်တိန်နာကို ကျွန်တော်တို့အိမ်သို့ မောင်းစေကာ အ၀တ်အထည်နှင့် အစားအသောက်အားလုံးကို ချစေသည်။ ကျန်သည့် ကွန်ပြူတာများကိုသာ နတ်မောက်လမ်း၊ အခြေခံပညာဦးစီးဌာနသို့ သယ်သွားစေ၏။
ဂျိန်းတို့ထည့်ပေးလိုက်သော အချိုရည်ဗူးများမှာ expire ဖြစ်ကာနီး ဗူးများဖြစ်၏။ ကွန်တိန်နာထုတ်လို့ရဘို့ ၆ လခန့်ကြာသွား သည်ဖြစ်ရာ အချိုရည်ဗူးများမှာ expire ဖြစ်နေပြီ။ သို့သော် အရမ်းတော့ မကြာသေး။ တစ်လခန့်တော့ကြာနေပြီ။ ထို့ကြောင့် ယခင်က ရည်မှန်းထားသော မိဘမဲ့ကလေးကျောင်းများကို လှူလို့မဖြစ်တော့။ မတော် ၀မ်းတွေလျောကုန်၊ အစာအဆိပ် ဖြစ်ကုန်လျှင် စေတနာက၊ ဝေဒနာဖြစ်တော့မည်။ သည်တော့ အနီးအနားက လူတွေကို သည်အချိုရည်ဗူးများမှာ သက်တမ်း ကုန်နေပြီဖြစ်သဖြင့် လွှင့်ပစ်တော့မည်အကြောင်း သတင်းပေးလိုက်သည့် သကာလ - ဟယ်၊ နှမြောစရာကြီး၊ လွှင့်တော့ မပစ်ပါနဲ့။ ဒို့ကိုပေးပါ ဟု ဆိုကြကုန်၏။ ဟဲ့၊ ကြည့်ကျက်လည်းသောက်ကြ။ ၀မ်းတွေပျက်ကုန်မယ် ဟု မမက သတိပေးလိုက် သေး၏။ သူ့စကားပင်မဆုံးလိုက်ပါ။ ကပ်များနှင့်ထည့်ပေးလိုက်သော အချိုရည်ဗူးများမှာ မျက်စိတစ်မှိတ်မျှသော ကာလအတွင်းတွင်ပင် ပြောင်တလင်းခါ သွားလေတော့သတည်း။
အ၀တ်အထည်များကိုတော့ ရွေဂုံတိုင်၊ ထောက်ကြံ့နှင့် မရမ်းကုန်း ကလေးပြုစုရေးဌာနများ၊ မလိခ အမျိုးသမီးသင်တန်း ကျောင်း စသည်တို့သို့ သွားရောက် လှူဒါန်းလိုက်ကြလေသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၂၊ ၂၊ ၂၀၁၂ ည ၁၁း၂၇ နာရီ
No comments:
Post a Comment