မြန်မာလူမျိုးတို့တွင် သင်္ကြန်စသော အခါကြီးရက်ကြီးများ၌ ငါးများ၊ ငှက်များ စသည်တို့ကို ၀ယ်ယူကာ ဘေးမဲ့လွှတ်သော ဇီဝိတဒါန (အသက်ကိုလှူခြင်း) ဓလေ့ရှိပါသည်။ ဟိုးယခင်ကမူ နွားများကိုပင် ဘေးမဲ့လွှတ်တာ ကြားဖူးပါသည်။ ယခုလည်း နွားများကို ဘေးမဲ့ပေးသောဓလေ့ မန္တလေးဘက်၌ရှိပါသေး၏။ ဘေးမဲ့ပေးတယ်ဆိုပြီး ကွင်းထဲလျှောက်လွှတ်လို့တော့ ဘယ်ဖြစ်ပါလိမ့်မတုံး။ ဒီဘက်ကလွှတ်၊ ဟိုဘက်ကဖမ်းမှာ သေချာလှပါဘိ။ ယခုနွားများကို ဘေးမဲ့ပေးတယ်ဆိုတာ ဘေးမဲ့ပေး လိုသူများထံမှ နွားများကို ဟိန္ဒူသူတော်စင်များက ၀ယ်ယူကာ ဘေးမဲ့ပေးထားသောနွားများကို ဘာမှမခိုင်းဘဲ ကျွေးမွေးပြုစု စောင့်ရှောက်ထားခြင်း ဖြစ်ပါသည်။
ယခု ကျွန်တော်တို့က လူကို ဇီဝိတဒါနလုပ်သည်။ လူဇီဝိတဒါန ဆိုလို့လည်း သေဒါဏ်အပေးခံရတဲ့လူကို ပိုက်ဆံပေးဝယ်ပြီး လွှတ်သည် ဟုတော့ အတွေးမခေါင်လိုက်ပါနှင့်။
မြွေကိုက်လျှင်သေမည်။ မြွေပွေး၊ မြွေဟောက်သာမှန်လို့ကတော့ သေရန်ရာနှုံးများသည်။ တိတိကျကျသုတေသနလုပ်ထား တာ မတွေ့ရသဖြင့် မည်မျှကိုက်လျှင် မည်မျှသေသည်ဆိုသည်ကို မသိရပါ။ သို့သော် သေဘို့ကပိုများသည်။ သည်တော့ ဆိုကြ ပါစို့။ မြွေကိုက်လျှင်သေမည်။ သေဘို့သေချာနေသူတစ်ဦးကို မသေအောင် ဆေးထိုးပေးလိုက်ခြင်းသည်၊ ထိုမသေဆေးကို လှူလိုက်ခြင်းသည် ဇီဝိတဒါနမမည်ပါသလော။
ရန်ကုန်မြို့ထဲတွင် ငှက်လွှတ်တာကမှ ယဉ်နေသောငှက်ဖြစ်လျှင် ငှက်ရောင်းသူထံပြန်ရောက်လာနိုင်သေးသည်။ ဇီဝိတဒါန အစစ်မဟုတ်နိုင်သေး။ ယခု မြွေကိုက်ခံရသော လူနာတစ်ဦးသည် သေမည့်ဆဲဆဲဖြစ်နေရာမှ ကျွန်တော်တို့လှူလိုက်သော မြွေဆိပ်ဖြေဆေးကြောင့် အသက်ဘေးမှ ချမ်းသာရာရသွားသည် ဆိုလျှင် သည်အရာကိုမှ ဇီဝိတဒါနမခေါ်ပါလျှင် မည်သည်ကို ခေါ်ပါမည်နည်း။
ယခု ကျွန်တော်တို့လှူလိုက်သော မြွေဆိပ်ဖြေဆေးများဖြင့် သေမည့်လူ ၁၀၀ ကျော်ကို မသေအောင် လုပ်ပေးနိုင်ခဲ့ပြီ။ တစ်နည်းအားဖြင့် မိသားစုပေါင်း ၁၀၀ ကျော်ကို စိတ်ချမ်းသာစေခဲ့ပြီ။ သည်ကိစ္စအတွက် ကိုကျော်ဝဏ္ဏကို ကျေးဇူးတင်ရမည်။ ယခုကဲ့သို့ မြွေဆိပ်ဖြေဆေးများ လှူဒါန်းဖြစ်အောင် တိုက်တွန်းလှုံ့ဆော်သူမှာ သူပင်ဖြစ်သတည်း။
သို့ဆိုလျှင် သူက အဘယ်ကြောင့် ဤကဲ့သို့ တိုက်တွန်းရပါသနည်း။ အောက်ပါစာကို ဖတ်ကြည့်ပါ။ သူအဘယ်ကြောင့် မြွေဆိပ်ဖြေဆေးလှူဒါန်းလိုသည်ကို သဘောပေါက်ပါလိမ့်မည်။ ဤစာကို ကိုကျော်ဝဏ္ဏသည် လက်နှင့်မရေး။ နှလုံးသားဖြင့် ရေးပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကွက်လပ်ကလေး ဖြည့်ပေးပါ
အမေနဲ့ စကားပြောဖြစ်တယ်။ ရွာမှာ ဘကြီးပေါ်ညွှန့် သားမက်ကလေး ပိုးထိ(မြွေကိုက်) လို့ တစ်နေ့ကဆုံးသွားပြီတဲ့။ သူ့ဇနီးကလေးက ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ကျန်ရစ်ခဲ့တယ်တဲ့။ သူ့ကို သဂြိုဟ်တဲ့နေ့မှာ သူ့ဇနီး မီးဖွားသတဲ့။ ရွာမှာ မြွေဆေးမရှိလို့ သေသွားရတာပါတဲ့။ အဲဒီရက်မှာပဲ ဟိုးကန်ဇွန်းမဘက်မှာ မြွေကိုက်ခံရတဲ့လူနာကို ကျွန်တော်တို့ ပရဟိတ အဖွဲ့က လှူထားတဲ့ မြွေဆိပ်ဖြေဆေးနဲ့ အသက်ကယ်လိုက်နိုင်တယ်တဲ့။ မြွေဆေးလေးတွေလှူပါဦး သားရယ်တဲ့။ အမေ့စကားတွေဟာ ကျွန်တော့်အတွေးတွေကို ဆက်သွားစေခဲ့ပါတယ်။
ဟိုးလွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်လောက်ကပေါ့။ အထက်အညာ စမ်းကလေးဆိုတဲ့ ရွာကလေးမှာ ရိုးသားကြိုးစားတဲ့ ကိုဝင်းမောင်၊ မဌေးဆိုတဲ့ ဇနီးမောင်နှံရှိတယ် ။ သူတို့မှာ ၀၀တုတ်တုတ် ဖိုးဝရုပ်လို ချစ်ဖို့ကောင်းတဲ့ (၁) နှစ်သားအရွယ် သားကလေးလည်းရှိတယ်။ အထက်အညာ တောင်ပေါ်ရွာကလေးပါပဲ။ ဆင်းရဲသား တောင်ယာသမား လက်လုပ်လက်စား ကလေးတွေနေပါတယ်။ ကျွန်တော်တို့ အဲဒီရွာကလေးကို အလှူအတန်း သွားလုပ်ပေးလေ့ရှိပါတယ်။ အဲဒီကလူတွေဟာ ဆင်းရဲရှာပေမယ့် ရိုးသားပြီး စိတ်ကောင်းနှလုံးကောင်းရှိကြလို့ ကျွန်တော်တို့ သူတို့ကို တော်တော်လေး ခင်မင် သံယောဇဉ် ရှိပါတယ်။ သူတို့ရဲ့ နိစ္စဒူဝ အလုပ်က တောင်ယာအလုပ် ၊ ကျွဲ နွား သိုး ဆိတ်ကျောင်း ၊ မြက်ရိတ် နွားစာရှာ ၊ထင်းခွေ၊ တောတိုးပါပဲ။ မြွေဆိုးတွေ အကောင်ရှည် ၊ နှာတိုတွေကလည်း ပေါမှပေါ။ သမုဒ္ဒရာဝမ်းတစ်ထွာမို့ မြွေပါး၊ ကင်းပါးကိုလဲ ကြောက်နေလို့ မဖြစ်ကြဘူးပေါ့။ ဒါကြောင့်မို့ အဲဒီရွာကိုရောက်ရင် ကျွန်တော့်အဖေ ကျောင်းဆရာကြီးက သူတို့ကို သနားလွန်းလို့ “နာညတြ ဘောဇာတပသာ” မြွေအန္တရာယ်ကင်းဂါထာကို သင်ပေးတတ်ပါတယ်။ စာမတတ်သူတွေဆိုတော့ သိပ်မရကြပါဘူး။ အဲဒီအထဲမှာ ကျွန်တော်တို့ စားအိမ်သောက်အိမ်ဖြစ်တဲ့ မဌေးတို့ လင်မယားကို အဖေက ဒီဂါထာတော် သင်ပေးပါတယ် ။ သူ့ယောက်ျား ကိုဝင်းမောင်က ဘုန်းကြီးကျောင်းထွက်ဆိုတော့ ဂါထာကိုရအောင် ရွတ်ပါတယ် ။ မဌေးက စာမတတ် ဉာဏ်သိပ်မကောင်းတော့ နှုတ်တက်မရဘူးပေါ့။
တစ်နေ့မှာ တုံးခေါက်ချိန်လောက် ကိုဝင်းမောင်ရယ်၊ မဌေးရယ် သူ့အမကြီးရယ် ယာထဲချောင်းထဲကို မှိုရှာ မျှစ်ရှာ နွားစာရှာအသွား အလယ်ကမဌေးကို ပိုးထိပါတယ်။ အနီးဆုံး ကျေးလက်ဆေးပေးခန်းရှိတဲ့ ကျွန်တော်တို့ရွာလေးဆီ အဖေ့ဆီ အားကိုးတကြီးနဲ့ မဌေးကို လှည်းနဲ့တိုက်လာကြပါတယ်။ ကျေးလက်ကျန်းမာရေးမှူးက အဖေ့ရဲ့ သူငယ်ချင်းပါ။ ကျွန်တော်တို့ရွာ ကျေးလက်ဆေးခန်းမှာ မြွေဆေးမရှိပါဘူး။ အဖေနဲ့ ကျန်းမာရေးမှူးကြီး ခေါင်းမီးတောက်အောင် ကြိုးစား ကြံဆပေမယ့် မြွေကိုက်လူနာအတွက် မြွေဆေးကလွဲရင် ဘာနဲ့မှကုလို့မရတာတဲ့အတွက် လက်လျှော့လိုက်ရပါတော့တယ်။ အနီးဆုံးမြို့နယ်ဆေးရုံကို ပို့ဖို့ စီစဉ်ရတာပါ။ ဒါပေမဲ့ အချိန်ဟာနည်းလွန်းမက နည်းလွန်းသွားပါပြီ။ ဘယ်သူမှ နောက်မကျပါဘူး။ နေ၀င်တာ စောသွားခဲ့တာပါ။ ကျွန်တော်တို့ရွာကို ရောက်ဖို့ (၄)နာရီ ကြာခဲ့ရပြီး မြို့နယ်ဆေးရုံကို ရောက်ဖို့ နောက်ထပ် (၄) နာရီ အနည်းဆုံး ကြာအုံးမှာပါ။ မဌေးရဲ့ ကိုယ်ခန္ဓာထဲမှာ အဆိပ်တွေ ပျံ့ချင်တိုင်း ပျံ့နှံ့နေခဲ့ပြီပေါ့။ မဌေးတို့ ဇနီးမောင်နှံကို အဖေက သူ့သားသမီး အရင်းလေးတွေလို ချစ်ရှာပါတယ်။ မြွေဆေးရှာမရတဲ့အဆုံးမှာ အဖေဟာ မဌေးကို ပွေ့ပိုက်ထားရင်း သူတတ်သမျှမှတ်သမျှ ဘုရားစာလေးတွေကို တတွတ်တွတ် အဆက်မပြတ် ရွတ်ပေးရင်း အဖေ့မှာ မျက်ရည်တွေနဲ့ဆို့နင့်ကြေကွဲစွာ သူ့သမီး မဌေးရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပါတယ်။ ကျွန်မကို ကယ်ပါဆရာ။ မြွေဆေးထိုးပေးပါ။ ကျွန်မ မသေချင်ဘူး။ ကျွန်မသားလေးနဲ့ ကျွန်မမခွဲချင်ဘူး။ ကျွန်မမျက်လုံးတွေ ပြာလာပါပြီ။ ကျန်မ မျက်လုံးတွေ ဘာကိုမှ မမြင်ရတော့ဘူး။ မြွေဆေးပေးကြပါ။ ကျွန်မကို ကယ်ကြပါအုံး။ အဆမတန်ပြင်းထန်တဲ့ မြွေဆိပ်တွေ ကြောင့် မဌေးရဲ့မျက်ဝန်းက သွေးကြောမျှင်လေးတွေ ပေါက်ထွက်ကုန်ပါပြီ။ အစစအရာရာ စီစဉ်နေတုန်း သတိမရတရကြားက ကျွန်မကိုကယ်ပါ၊ မြွေဆေးပေးကြပါ လို့ တတွတ်တွတ်တောင်းဆိုနေတဲ့ မဌေးရဲ့ အဖြေကို ကျွန်တော့်အဖေဟာ မျက်ရည် တွေကြားက ဘာမှပြန်မဖြေနိုင်တော့တဲ့အခါ သေခါနီးလူမမာ မဌေးလေးဟာ သူ့ကိုအသက်ကယ်မဲ့မြွေဆေးဆိုတာ ဒီကမ္ဘာ မြေမှာ မရနိုင်တော့တဲ့အရာဆိုတာ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ဘယ်လိုမှ မရနိုင်တော့တဲ့ မြွေဆေးဆိုတာကို တောင်းဆိုလို့ မရနိုင်တော့မှန်း မဌေးရိပ်မိတဲ့အခါ “ကျွန်မသိပါတယ်ဆရာ၊ ကျွန်မ မနေရတော့ပါဘူး၊ ကျွန်မမရှိတော့တဲ့အခါ ကျွန်မသားလေးကို စောင့်ရှောက်လိုက်ပါနော်” တဲ့။ မဌေးဟာ သူချစ်တဲ့ တစ်ဦးတည်းသောသား လူမမယ်သားကလေး၊ မြွေဆေးမရနိုင်တဲ့ဒေသနဲ့ အားလုံးကို အပြီးအပိုင် ကျောခိုင်းစွန့်ခွာသွားခဲ့ရပါပြီ။ မြန်မာပြည်မှာ မဌေးတွေ ဘယ်နှစ်ယောက် များ ရှိခဲ့၊ ရှိနေ၊ ရှိလိမ့်ဦးမလဲ မပြောတတ်တော့ပါ။
တစ်မြန်နှစ်က ပခုက္ကူဘက်က အရီးကြေးအုံတို့ နယ်မှာလဲ သားကလေးပိုးထိလို့ ဖအေကြီးက နောက်ကနေ လိုက်သွားတာ နောက်တကောင်က ဖအေကြီးကို ကိုက်လိုက်လို့ တစ်နေ့တည်းမှာပဲ သားအဖ နှစ်ယောက်စလုံး ဆုံးပါးခဲ့ရ တယ်တဲ့၊ အဲဒီဘက်တွေမှာလဲ မြွေဆေးမှ မရှိတာကိုး။ မနှစ်ကလည်း အမေ့ရဲ့ သားလိုဖြစ်နေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုမျိုး တစ်ယောက် ကျွန်တော်တို့ရွာကိုလာပြီး မလေးရှားမှာ အလုပ်သွားလုပ်နေတဲ့ သူ့သားကလေးနဲ့ ဖုန်းလာပြောပြီး အပြန် လမ်းခရီးမှာ ပိုးထိလို့ ဆုံးသွားရပြန်ရော။ တကယ်တော့ မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကြောင့် နှစ်စဉ် လူပေါင်း ၁၀၀၀၀ ကျော် ရေတိမ်နစ် အသက်ဆုံးရှုံးနေရတာပါ။ ကျွန်တော်တို့ဆီမှာ ကျေးလက်ဒေသအနှံ့ မြွေဆေးတွေ မလုံလောက်ပါဘူး။ မြွေအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုတာလည်း ပြောသလောက် ထိရောက်စွာ မလုပ်နိုင်သေးဘူးပေါ့။ တချို့ကို လည်ရှည် ဖိနပ်တွေ ထုတ်ပေးပေမဲ့ တကယ်တမ်း အရေးအကြောင်းမှာ ဖိနပ်မစီးပဲသွားကြရတဲ့ တောင်သူတွေ အများကြီးပါ။
လက်နှိပ်ဓါတ်မီး တစ်လက်ကိုမှ မကိုင်ဘူးတဲ့ ညတွေကို ဖြတ်သန်းနေကြရတဲ့ ကံနည်း ၊ ဉာဏ်နည်း ၊ ဘ၀မွဲတဲ့ သူတွေ အများကြီးပါပဲ။ ဟိုတလော အညာကို မြွေဆေးတွေလှူဖို့ ကျွန်တော်ပြန်ခဲ့ပါတယ်။ ညနက်သန်းခေါင် ညီလေးနဲ့ ဆိုင်ကယ်နောက်ကစီးပြီး အညာရွာတွေကို အဖြတ်၊ လမ်းမှာ လက်နှိပ်ဓါတ်မီးမပါ၊ ဖိနပ်မပါပဲ ၀မ်းစာရေးအတွက် ည (၁၁) နာရီအထိ အိမ်ပြန်မရာက်နိုင်သေးတဲ့ သူတွေကို တွေ့ခဲ့ပါသေးတယ်။ ဒီလူတွေကိုမှ မြွေမကိုက်ရင် ဘယ်သူတွေကို မြွေကိုက်မှာတဲ့လဲ။ အဲဒီအချိန် ညနက်သန်းခေါင်ယံမှာ ကျေးလက် အဝေးပြေးလမ်းမကြီးပေါ်မှာ အသက် (၇၀) ခန့် အဖိုးနဲ့ အဖွား ဇနီးမောင်နှံ လက်နှိပ်ဓါတ်မီးမပါ ဖိနပ်မပါပဲ တုတ်တစ်ချောင်းရဲ့ အစွန်းတစ်ဘက်ကို အဖွားကရှေ့ကကိုင်၊ အဖိုးက နောက်က အစွန်းတစ်ဘက်ကိုကိုင်ပြီး ဒေါင့်တန်းကြီး လိုက်နေပါတယ်။ အဖိုးက မျက်စိသန်ပုံမပေါ်တော့ပါဘူး။ အဖွားက လမ်းကြောင်းခေါ်နေရတဲ့သဘောပါ။ အလှဆုံး မေတ္တာစစ်၊ အချစ်စစ် ပန်းချီကားတစ်ချပ်လိုပါပဲ။ ဆိုးလိုက်တဲ့ဘ၀တွေ။ အဲဒီည သန်းခေါင် ကျွန်တော်တို့ ဆိုင်ကယ်ဘီးပေါက်တော့ ကျေးလက်လမ်းပေါ်မှာပဲ ခရီးသွားဦးကြီးတစ်ဦးကိုတွေ့တော့ သူက ရွာလေးတစ်ရွာက စက်ဘီးဖာဆိုင်လေးကို လမ်းပြခေါ်သွားပြီးကူညီပါတယ်။ ကျွန်တော်တို့ ကျေးဇူးတင်စကားဆိုပြီး ဦးကြီး ဘယ်ကိုသွားမှာလဲမေးတော့ ဟိုးငါးမျက်နှာ ဘက်ကလွင်ပြင်ဆီကိုပါ၊ နောက်ထပ် (၈) မိုင်လောက်လျှောက်ရအုံးမယ်တဲ့။ လက်နှိပ်ဓါတ်မီးလဲမပါဘူး။ ဒီဒေသနဲ့ ဒီလမ်းခရီးမှာ မြွေတွေ သိပ်ပေါတာပဲနော်။ အန္တရာယ်ကြီးလိုက်တာလို့ပြောတော့ သူက ပြုံးနေပါတယ်။ သူ့အပြုံးတွေထဲမှာ ဒီလိုပါပဲဆိုတဲ့ သင်္ကေတတွေပါနေပါတယ်။ ကျွန်တော်က ကျေးဇူးဆပ်တဲ့အနေနဲ့ လက်နှိပ် ဓါတ်မီး ၀ယ်ပေးလိုက်မယ်ပြောတော့ ကျေးဇူးတင်ပါတယ်။ အဲဒီ လက်နှိပ်ဓါတ်မီးဝယ်မဲ့ငွေကိုပဲ ပေးပါ၊ သူဆန်ဝယ်သွားရမှာတဲ့ ။ ဒီလိုလူတွေအတွက် မြွေအန္တရယ် ကြိုတင်ကာကွယ်ဖို့၊ လက်နှိပ်ဓါတ်မီးဆောင်ဖို့၊ လည်ရှည်ဖိနပ်စီးဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့ ကမ်းဝေး နှင်းဆီနဲ့ ဆောင်းညအိပ်မက်ရှည်တွေပါပဲ။
တကယ်တော့ မွဲမွဲတေတေ ကိုယ့်တိုင်းပြည်၊ ပေပေဆိုးဆိုး ကိုယ့်လူမျိုး တွေပါပဲ။ ဘယ်သူ့ကိုမှ အပြစ်ပုံမချတော့ပဲ အပြုသဘောနဲ့ပဲ လုပ်စရာရှိတာတွေကို ညီညီညွတ်ညွတ်နဲ့ လုပ်ကြရအောင်နော်။ ငယ်ငယ်တုံးက မြန်မာဖတ်စာထဲကလိုပေါ့ “ဇွန်ပန်းရုံအနီး၊ နွံထဲ၌ လှည်းဘီးကျွံနေသည်။ ကူ၍တွန်းပေးကြပါ။ လေးလွန်း၍ မတွန်းနိုင်ဘူးလား။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ကို သတိရ ရမှာပါဘဲ။
ကျေးဇူးတော်အရှင် မင်းကွန်းတိပိဋက ဆရာတော်ကြီး သြ၀ါဒလိုပါပဲ။ “တာဝန်သိသူမှာ တာဝန်ရှိပါတယ်၊ တာဝန်ရှိသူမှာ တာဝန်ပိပါလိမ့်မယ်။ တာဝန်မသိသူမှာ တာဝန်မရှိပါ။ တာဝန်မရှိသူမှာ တာဝန်မပိပါဘူး” တဲ့။
ကျွန်တော်တို့ တာဝန်သိကြရအောင်လေ……..
မေတ္တာဖြင့်……
ကျော်ဝဏ္ဏ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မိတ်ဆွေများခင်ဗျား -
ကျွန်တော့်ကို အထင်မကြီးပါနှင့်။ ကျွန်တော်ကား လေသမားဖြစ်၏။ ဤမြွေဆိပ်ဖြေဆေးအတွက် ကိုယ်ဖိရင်ဖိလုပ်ကြသူများ မှာ - ကိုကျော်ဝဏ္ဏ၊ ကိုသောင်းတန်၊ ကိုမြင့်သိန်း၊ ဒေါ်ခင်စန်းယု၊ မဆုရည်မွန်၊ အထူးအားဖြင့် မြန်မာပြည်ဘက်မှ -မယမင်းသိန်း တို့ဖြစ်ပါသည်။
လာမည့် မတ်လ ၇ ရက်၊ တပေါင်းလပြည့်နေ့တွင် စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲ လုပ်ပါမည်။ ဤအတွက်လည်း အထက်ဖော်ပြပါ ပုဂ္ဂိုလ်များမှ အင်တိုက်အားတိုက် ဆောင်ရွက်နေပါသည်။ လောလောဆယ် အလှူငွေ စင်ကာပူဒေါ်လာ တစ်သောင်းနှင့် တစ်ထောင်နီးပါး ရရှိထားပြီဖြစ်ပါသည်။ မြွေဆိပ်ဖြေဆေးတစ်လုံးလျှင် ၉၀၀၀ ကျပ်ဟု သိရ၏။ သို့အတွက် မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၇၆၀ ကျော်ဝယ်နိုင်ပါလိမ့်မည်။ အလှူခံထားသောနေရာများမှာ ၃၁ နေရာရှိ၏။ ယခုစာရင်း အတိုင်းဆိုပါက တစ်နေရာလျှင် မြွေဆိပ်ဖြေဆေး အလုံး အစိတ်ခန့် လှူနိုင်ပါလိမ့်မည်။
မိတ်ဆွေများခင်ဗျား -
ကျွန်တော်တို့အား ကဖျဲကရုန်းလုပ်သူများဟု အထင်မမှားကြပါလင့်။ အောက်ပါ မှတ်တမ်းမှတ်ရာများကို ကြည့်ကြပါကုန်။ ဤစာများကို pdf မှ jpeg ပြန်ပြောင်း။ နောက်ပြီး တစ်ပုံစီ blog ပေါ်ပြန်တင် ဆိုသည့်အလုပ်မှာ မည်မျှလက်ဝင်ကြောင်း ကိုယ်တိုင်လုပ်ဖူးသူများမှ သိပေလိမ့်မည်။ သို့အတွက် ယခုတင်ပေးလိုက်သည်မှာ နမူနာမျှသာ ဖြစ်ပြီး စာရွက်စာတမ်း အားလုံး (စည်းဝေးပွဲမှတ်တမ်းများ၊ အလှူငွေစာရင်းများ၊ ဆေးဝယ် ဘောက်ချာများ၊ အလှူခံစာများ၊ ဓါတ်ပုံများ၊ ဆေးကုသမှု မှတ်တမ်းများ စသည်) ကိုမူ မြွေဆိပ်ဖြေဆေးအတွက် လှူဒါန်းသူ အလှူရှင်များသို့ DVD ဖြင့် ဝေပေးမည်ဖြစ်ပါကြောင်း။
ကျေးဇူးတင်ပါသည်။
၁၀-၂-၂၀၁၂ ည ၁၁ နာရီ ၁၀ မိနစ်
Tel: 97303027
Blk 663D, Jurong West St. 65
#15-233
Singapore 644663
No comments:
Post a Comment