Tuesday, February 7, 2012

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၅)

တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၉


(၅၆) Seraya 2 Project ၌ လုပ်ရခြင်း



အမှန်ဆို သည် project အကြောင်း ကျွန်တော် သိပ်တောင် ကောင်းကောင်းမမှတ်မိတော့ပါ။ လုပ်ခဲ့ရတာတော့ အလွန် ပင်ပန်းပါသည်။ အလွန်ခေါင်းစားလှသော ပြဿနာများနှင့်လည်း ရင်ဆိုင်တိုးခဲ့ရ၏။ ကျွန်တော်တို့နှင့် တွဲလုပ်ခဲ့ရသော ကုမ္ပဏီများမှာ PEC, Gammon, Hiap Seng စသည်တို့ဖြစ်သည်။ ကျွန်တော်တို့ကုမ္ပဏီမှာက ၀န်ထမ်းအင်အားသိပ်ရှိလှသည် မဟုတ်။ ကျွန်တော်အပါအ၀င် supervisor နှစ်ယောက်၊ မန်နေဂျာတစ်ယောက်၊ သည်မျှသာ ဖြစ်၏။ ကျွန်တော်တို့ အလုပ်များ ကို sub-con ပေးကာ လုပ်ခြင်းဖြစ်သည်။ ကျွန်တော်တို့ sub-con မှာ Audex ဖြစ်သည်။ ကျွန်တော်တို့က ကြီးကြပ် ပေးရတာ ဖြစ်၏။


လုပ်ရသည်မှာ မြေပေါ်မြေအောက် ဖိုက်ဘာဂလပ်စ်ပိုက်လိုင်းများပြေးရခြင်း ဖြစ်ပါသည်။ သူက ဓါတုဗေဒစက်ရုံဆိုတော့ ဓါတု ဆေးရည်များ အစားခံနိုင်စေရန် ဖိုက်ဘာပိုက်များကို အတော်များများသုံးထားသည်။ သည်တော့ ကျွန်တော်တို့အလုပ်မှာ အတော်ကြီးသည်ဟု ဆိုနိုင်ပါသည်။ ၁လက်မပိုက်ကလေးများမှသည် ၁.၆ မီတာ အချင်းရှိသောပိုက်ကြီးများထိ ရှိ၏။ ပိုက်ကလေးများကတော့ သိပ်ပြဿနာမရှိပါ။ ကိုင်ရတွယ်ရလွယ်သည်။ ဖြတ်တောက်ရ၊ ဆက်ရ၊ ငြမ်းစင်ပေါ်တင်ရ စသဖြင့် အားလုံးလွယ်ကူသည်။ သို့သော်ပိုက်ကြီးများမှာ လုပ်ရကိုင်ရမလွယ်။ ပိုက်ကြီးများမှာ အတွင်း၌ လူတစ်ယောက် ကောင်းကောင်းလမ်းလျှောက်လို့ရသည်။



ပိုက်များမှာ အီတလီမှ Sarplast ပိုက်များဖြစ်သည်။ တော်ပါသေး၏။ ပိုက်ကြီးများကို ကျွန်တော်တို့က sub-con ပေးထား သဖြင့် အတော်ခေါင်းစားသက်သာသွားသည်။ ကျွန်တော်ကိုင်ရသည်မှာ အကြီးဆုံး ၁၆ လက်မ ပိုက်ဖြစ်၏။ များသော အားဖြင့်တော့ ၁ လက်မမှ ၈ လက်မအထိ ပိုက်များသာ ဖြစ်ပါသည်။ ထိုပိုက်များမှာ ပိုက်ကို စက်ဖြင့်စားကာ ကော် သုတ်ဆက်ခြင်းဖြစ်သဖြင့် သိပ်ခဲခဲယဉ်းယဉ်း မရှိလှပါ။ သို့သော် ၈ လက်မနှင့်အထက် ပိုက်ကြီးများကိုတော့ laminate လုပ်ဆက်ရသည်။


Laminate လုပ်သည်ဆိုခြင်းမှာ ပိုက်အဖျားပိုင်းကို သတ်မှတ်ထားသည့်အတိုင်းအတာအထိ grinder များဖြင့်စားထုတ်ကာ ပိုက် နှင့် ပိုက်၊ သို့မဟုတ် ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို ကော်သုတ်လိုက်၊ ဖိုက်ဘာအ၀တ်စကြီးများဖြင့် ပတ်လိုက်၊ ကော်ထပ်သုတ်လိုက် စသဖြင့် လိုအပ်သော အထူရအောင် လုပ်ရခြင်းကို ခေါ်ပါသည်။ ထိုကော်များမှာ ပိုလီယက်စတာကော် များ ဖြစ်၏။ အသားကိုထိလျှင် မီးစနှင့်ထိုးသကဲ့သို့ ပူသည်။ ထိုကော်မှထွက်သော ဓါတ်ငွေ့မှာလည်း မျက်စိအတွက်ရော၊ ကိုယ်တွင်း ကလီစာများအတွက်ပါ အန္တရာယ်များလှသည်။ လေအ၀င်အထွက်မရှိသော နေရာ၌လုပ်ရလျှင် မျက်စိများစပ်ကာ
အသက်ရှူရလည်း ခက်ခဲပါသည်။ ထိုကော်များနှင့်အလုပ်လုပ်တော့မည်ဆိုလျှင် လိုအပ်သော အကာအကွယ်များ ၀တ်ဆင် ရသည်။ မျက်မှန်၊ လက်ရှည်အင်္ကျီအထူ၊ ရှုးဘိနပ်၊ ရာဘာလက်အိတ် စသည်တို့နှင့် အရေးကြီးဆုံးမှာ အသက်ရှူကိရိယာ (Respirator) ကို မဖြစ်မနေ၀တ်ရန် ဖြစ်သည်။ ထို respirator တွင် လေစစ်များပါသည်။ လေစစ်များမှာ အလွန်ကောင်းလှ ရကား အပြင်မှ မည်မျှဆိုးသောအနံ့ဖြစ်နေပါစေ၊ ထို respirator သာဝတ်ထားပါက ဘာနံ့မှရရတော့ဘဲ ပကတိလေကောင်း လေသန့်ကို ရှူရမည် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်တို့ Seraya II တွင်လုပ်ခဲ့စဉ်က ဘာ respirator မှမပေးပါ။ သည်အတိုင်းလုပ်ရတာ ဖြစ်ပါသည်။ သို့အတွက် lamination လုပ်သည့်အခါများတွင် အလွန်မွှန်လှ၏။ အန္တရာယ် အလွန်များပါသည်။



နောက်တစ်ခု၊ ဖိုက်ဘာဖျင်စများမှာ ဖန်စများနှင့် ဓါတုပစ္စည်းများရောကာ ယက်လုပ်ထားခြင်းဖြစ်သဖြင့် အလွန်ယားပါသည်။ ထိုဖျင်စများနှင့် အလုပ်လုပ်လျှင် ဖန်စသေးသေးကလေးများမှာ လေထဲ၌ လွင့်ပျံနေသည်ဖြစ်ရာ အ၀တ်လပ်နေသော ခန္ဓာကိုယ်အနှံ့အပြားသို့ လာရောက် ကပ်ငြိပါသည်။ ထိုအခါ အလွန်ယား၏။ တောမှလူများ ခွေးလယားသီးကို သိပါလိမ့်မည်။ ခွေးလယားသီးတွင် အမွေးကလေးများပါ၏။ ထိုအမွေးကလေးများနှင့် ထိမိလျှင် ယားလို့အမျိုးမဆုံးတော့။ ယခု ကျွန်တော်တို့ ဖိုက်ဘာဖျင်စမှာလည်း ခွေးလယားသီးမွေးနှင့် အလားတူပင်ဖြစ်၏။


ထို့ပြင်လည်း အချို့ဆေးများမှာ ရေနှင့်ဆင်တူသည်။ ထို့ကြောင့် ထိုဓါတုဆေးများကို အစားအသောက်များ ထည့်သော ဗူး၊ ပုလင်း (ဥပမာ - ရေပုလင်း) များနှင့် မထည့်ရ။ အန္တရာယ်များလှသည်။ ဥပမာ အက်ဆီတုန်းမှာ အနံ့ကိုသာ မရှူရပါက ရေကဲ့သို့ပင်ဖြစ်၏။ MEKP (Catalyst) မှာလည်း ရေနှင့် အလွန်ဆင်တူသည်။ ထိုဆေးများကို ရေပုလင်းနှင့် ထည့်မိပါက မသိသူတစ်ဦး သောက်မိလျှင် အသက်အန္တရာယ် စိုးရိမ်ရပါသည်။ MEKP မှာ မည်မျှပြင်းသနည်းဟူမူ ထိုဆေးသာ ကျပါက သစ်သားပြားမှာ မီးလောင်သကဲ့သို့ ကျွမ်းသွားပါသည်။


တစ်ခါသော် ကျွန်တော်တို့တစ်သိုက် ပိုက်စင်ကြီးပေါ်တွင် လုပ်နေကြ၏။ နေကလည်းပူ၊ ရေကလည်း အလွန်ဆာလှသည်။ တစ်ယောက်က အက်ဆီတုန်းကို ရေပုလင်းနှင့်ထည့်ထားသည်။ ပုလင်းပေါ်၌ ဘာစာမှ ရေးမထား။ ပင်ကလည်း ပင်ပန်း၊ ရေကလည်း ငတ်လာသဖြင့် ကျွန်တော်တို့အထဲမှ Ah Heng မှာ ထို အက်ဆီတုန်းထည့်ထားသော ပုလင်းကို ရေမှတ်ကာ မမေးမစမ်းဘဲ ကောက်ကက်မော့လိုက်၏။ ပါးစပ်ထဲရောက်မှ အက်ဆီတုန်းမှန်းသိသည်။ တစ်ချို့တစ်ဝက်တောင် ဗိုက်ထဲ ၀င်ကုန်လောက်ပြီ။ သည်တော့မှ ပိုက်စင်ပေါ်မှ အမြန်ဆင်းကာ ရေများများသောက်ရသည်။ အလွန် အန္တရာယ်များလှ၏။


မှတ်ချက်။           


ဓါတုဆေးရည်များကို မည်သည့်အခါမှ အစားအသောက်ဗူး၊ ခွက်၊ ပုလင်းများနှင့် မထည့်ပါနှင့်။ ထည့်ထားသည့် ဗူး၊ ခွက်၊ ပုလင်းများကို ဆေးနာမည် ထင်ထင်ရှားရှားရေးထားပါ။ လွယ်လင့်တကူမထားပါနှင့်။ ကလေးများမီသည့်နေရာတွင် မထားပါနှင့်။ အစားအသောက်များနှင့် ရောမထားပါနှင့်။ အိမ်၌ထားလျှင် အိမ်သားအားလုံးကို အသိပေးထားပါ။ ဓါတုဆေးများ ကိုင်ပြီးတိုင်း လက်ဆေးပါ။ ဖြစ်နိုင်လျှင် လက်ချည်းမကိုင်ပါနှင့်။ လက်အိတ်ဝတ်ပြီး ကိုင်ပါ။ အစားမစားမီ လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ ဆေးကိုင်ပြီးလျှင် လက်မဆေးဘဲ အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းများ မလုပ်ပါနှင့်။


အဆိုးဆုံးမှာကား ဆေးစပ်မှားခြင်းဖြစ်၏။ ထိုဓါတုဆေးရည်များမှာ Resin နှင့် Catalyst ဟု နှစ်မျိုးလာပါသည်။ သူ့ချည်း ထားလျှင် မခဲ။ နှစ်မျိုးစပ်လိုက်မှ ခဲသည်။ ဤသို့စပ်ရာတွင် အချိုးအစား အလွန်အရေးကြီး၏။ ပုံမှန်အားဖြင့် Resin အဆ ၁၀၀ လျှင် Catalyst ၁.၃ ဆ ခန့်ရောရသည်။ ဤအချိုးကို မိုးအေးနေလျှင် အနည်းငယ်ပိုပြီး နေပူနေလျှင် အနည်းငယ်လျှော့ထည့်ရ ၏။ ဤသည်မှာ အတွေ့အကြုံနှင့် အများကြီးဆိုင်သည်။ ကော်စပ်သူသည် တွေးချင်ရာတွေးပြီး ငေးချင်ရာ ငေးနေလို့မရ။ သူ့အလုပ်ကို အာရုံစိုက်လုပ်ရန် လိုသည်။ Catalyst မထည့်ရသေးတာကို ထည့်ပြီးသားမှတ်ပြီး မထည့်လိုက်လျှင် ကော်မခြောက်တော့။ ထည့်ပြီးသားကို မေ့ကာ မထည့်ရသေးဘူး အထင်နှင့် ထပ်ထည့်လျှင်လည်း ဒုက္ခ။ ကော်များ အခြောက် မြန်သွားသဖြင့် အလုပ်လုပ်ရတာ အဆင်မပြေ။ သူတစ်ယောက်မှားတာနှင့် တစ်ဖွဲ့လုံး ဒုက္ခများမည်။ မလိုအပ်သော အလုပ်ပိုများ လုပ်ရမည်။


မည်မျှဆိုးသနည်းဟူမူ အကယ်၍ ထိုကော်စပ်သော သကောင့်သားသည် ကော်ထဲသို့ Catalyst မေ့ပြီးမထည့်မိ ဆိုပါစို့။ ထိုသို့ မထည့်မိခြင်းမှာ ပုံးတိုင်းတော့မဟုတ်။ တစ်ပုံးတစ်လေသာ ဖြစ်လေရာ အောက်ဆုံးလွှာများနှင့် အပေါ်ဆုံးလွှာများမှာ ခြောက်သော်လည်း အလယ်မှ အလွှာများမှာ မခြောက်တော့။ သည်အခါ အလွန်အင်မတန် ဒုက္ခများပါသည်။ ဖိုက်ဘာသားမှာ စိုနေပြီး လုံးဝမခြောက်လျှင် သည်အတိုင်းခွာထုတ်လိုက်လို့ ရသည်။ ကျန်နေသော ဆေးများကို Acetone ခေါ် ဓါတုချွတ်ဆေး နှင့် ဆေးလိုက်လျှင် ကိစ္စပြီး၏။ ဘာမှ မခဲယဉ်း။ လုံးဝခြောက်သွားလျှင်လည်း ကျောက်စက်တိုက်လို့ရသည်။


မစိုမခြောက်၊ ပျဉ်းတွဲတွဲကြီးဖြစ်နေပြီဆိုလျှင်တော့ သေပြီဆရာ။ ထိုမစိုမခြောက် ဖိုက်ဘာသားများမှာ အလွန်အင်မတန် ယားလှ၏။ လုပ်ရတာ မလွယ်ရသည့်ကြားထဲ ယားကလည်း အင်မတန်ယားလေတော့ ကျွန်တော်တို့မှာ ငိုချင်စိတ်ပေါက်ပါ၏။ ဟို ကော်စပ်သောကောင်မှာ မသက်သာဘူးအောက်မေ့ပေတော့။ အပြောခံရသည်သာမက သူ့ကို အဓိက ကျောက်စက် တိုက်ခိုင်းသည်ဖြစ်ရာ ငနဲမှာ မစားသာပါ။


နောက်ပြီး ကော်စပ်တာဆိုပေမင့် တစ်ပုံးတည်း စပ်ရတာမဟုတ်။ ပိုက်ကြီးလျှင်ကြီးသလို ပိုက်ဆက်တစ်ခုလျှင် ကော်ပုံး အစိတ်၊ သုံးဆယ်ခန့်စပ်ရသည်ဖြစ်ရာ သတိမလွတ်စေရန် အလွန်အရေးကြီးသည်။ အချိုးအစားမှားလို့လည်း မရ။ ပိုက်တစ်ဆက်လျှင် နာရီဝက်ခန့်လုပ်ရလေရာ ထိုနာရီဝက်အတွင်း ကော်မခြောက်ဘို့ အလွန်အရေးကြီးသည်။ လုပ်နေတုံး ကော်ခြောက်သွားလျှင် သေပေရော့။


ထို့ပြင်လည်း laminate လုပ်အပြီး တစ်နာရီအတွင်း အသားမှာ လုံးဝခြောက်သွားရမည်။ တစ်နာရီကျော်သည့်တိုင် မခြောက် လျှင် ဒုက္ခကောင်းကောင်းများတော့သည်။ ယားကလည်းယား၊ ပူကလည်းပူသည့် ဓါတုဆေးများနှင့် လုပ်ရကိုင်ရတာ အတော် မသက်သာပါ။ ထို့ပြင် ထိုဆေးများ၏ အန္တရာယ်ကိုကာကွယ်ရန် ပလတ်စတစ် အပေါ်ဝတ်ရုံကြီးများ၊ ခမောက်၊ မျက်နှာဖုံး (face shield)၊ ရာဘာလက်အိတ်များ ၀တ်ဆင်ထားရသည့် ဒုက္ခမှာလည်း မသေးလှ။


မိတ်ဆွေများခင်ဗျား။ သည်ကိစ္စမျိုးဆိုတာ စာဖြင့်ရေးပြလို့ ခံစားရနိုင်သည့် အရာမဟုတ်။ လက်တွေ့လုပ်ကြည့်မှ မည်မျှဒုက္ခ များကြောင်း သိနိုင်ပါသည်။ သည်တော့ အတော်မလွယ်သည့်ကိစ္စပေကပဲ ဟုသာ မှတ်လိုက်ပါတော့ခင်ဗျား။


အမှန်မှာ ထိုပိုက်ကြီးများမှာ မူလက O Ring Joint ဖြစ်သည်။ ပိုက်ဆက်တစ်ခုနှင့်တစ်ခု ရာဘာကွင်းများထည့်ကာ စွပ်ပြီး ဆက်ရခြင်းဖြစ်၏။



ဖြစ်ပုံက ပိုက်အားလုံးဆင်ပြီးသွားသော အခါ ရေထည့်စမ်းသည်။ ပိုက်သေးလျှင် ဘာမှပြဿနာပေါ်စရာမရှိ။ ခုတော့ ပိုက်ကြီး တွေက ဧရာမပိုက်ကြီးတွေဆိုတော့ ရေကို ဖိအားတင်လိုက်သည်နှင့်အမျှ ပိုက်အပေါ်သက်ရောက်သောအားမှာ အလွန်ကြီး လာလေရကား သတ်မှတ်ထားသည့်ဖိအားမတိုင်မီပင် ထို O Ring Joint များ ပြုတ်ထွက်ကာ ရေများ ဒလဟော သွန်ကျကုန် တော့သတည်း။


ထိုအခါ အဆက်အားလုံးကို Laminate လုပ်ရန် ဖြစ်လာတော့သည်။ ပိုက်လိုင်းအပ်ရမည့်ရက်ကို အသေသတ်မှတ်ထားသည် ဖြစ်ရာ ကျွန်ုပ်တို့မှာ လူအင်အားကို နှစ်ဆိုင်းခွဲလျှက် နေ့ရောညပါ ၂၄ နာရီ လုပ်ကြရလေတော့၏။ ပင်ပန်းလိုက်ပုံများ ပြော၊ မပြောချင်ပါ။



(၅၇) နယ်သာလင်ကြီးများနှင့် တွဲလုပ်ရခြင်း


အထက်တွင် ဖော်ပြခဲ့သလို ကျွန်တော့်မှာ ယခင်က အသာလေး ပါးစပ်နှင့်စားလာတာဖြစ်၏။ Tellus ၌ ၂ နှစ်လုပ်ခဲ့စဉ်က လည်း QC ဆိုတော့ ကိုယ်တိုင်လုပ်ရတာမဟုတ်။ ကိုယ်က လိုချင်တာကို ဖိုမင်များသို့ပြောလိုက်ရုံသာဖြစ်သည်။


ကိုယ်တိုင်ကိုယ်ကျချရသည်မှာ Union Alloy ရောက်မှဖြစ်၏။ သို့သော် ဤကဲ့သို့လက်တွေ့လုပ်ရသည့်အခါကျတော့မှ ကျွန်တော့်မှာ ပိုက်အကြောင်းကို ကောင်းကောင်းနားလည်လာရတာ ဖြစ်ပါသည်။ ပညာများစွာရသည်ဖြစ်သောကြောင့် ပင်ပန်းသည်ဆိုစေ၊ ကျွန်တော်လုပ်ရတာ ကျေနပ်ပါသည်။ လက်တွေ့ကြုံရသော ပြဿနာများမှာ ကျောင်းစာထဲ၌ ပါသည် မဟုတ်။ ကိုယ်ပိုင်ဦးဏှောက်ကိုသုံးကာ ဖြေရှင်းရသည်။


ဤတွင် ကျွန်တော့်ချို့ယွင်းချက်မှာ ကျွန်တော်က ဖြတ်ထိုးဉာဏ်ကောင်းသူမဟုတ်။ ဉာဏ်နီဉာဏ်နက် မထုတ်တတ်။ အရာရာ စာအုပ်ကြီးကိုသာ အားကိုးတတ်သည်။ အခါများစွာပင် အလုပ်သမားကလေးများထံမှ ကျွန်တော် အကြံဉာဏ်များ ယူရ တတ်ပါသည်။ သူတို့ကို အထင်သေးလို့မရ။ သူတို့တွင်လည်း ကျွန်တော့်ထက်သာသော အကြံဉာဏ်များရှိတတ်သည်။ ထို့ကြောင့် အခက်အခဲ၊ အကြပ်အတည်းများနှင့် ကြုံရလျှင် ကိုယ်တစ်ယောက်တည်း ဆုံးဖြတ်တာထက်၊ သူတို့နှင့် တိုင်ပင်ကာ ၀ိုင်းဝန်းအဖြေရှာသည်။


ကျွန်တော်နှင့်တွဲလုပ်ရသည်မှာ PEC ဖြစ်၏။ ထိုကုမ္ပဏီမှ အပိန့် ဆိုသူ တရုတ်ဖစ်တာကလေးမှာ အလွန်တော်သည်။ သို့သော် သူသိထားတာ ပြန်ဝေမျှမပေးချင်။ တစ်ခါသော် ၁၆ လက်မပိုက်၏ Elbow ကြီးကို Dummy Support ထောက်ရန် ဖြစ်လာ၏။ ထိုစဉ်က Dummy Support ကို မည်သို့တွက်ရမည်မှန်း ကျွန်တော်မသိ။ ကျွန်တော် အပိန့်ကို မေးသောအခါ နောက်နေ့တွင် သူက ပိုက်ဖြတ်ရန် တွက်ပြီးသား ကိန်းဂဏန်းများ ယူလာသည်။ ကျွန်တော်လိုချင်သည်မှာ ဂဏန်းများမဟုတ်။ တွက်နည်း ဖြစ်၏။ ကျွန်တော်က ငါ့ကိုပုံသေနည်းပေးပါလားကွာ ဟုတောင်းသောအခါ ငါလည်းမသိဘူးကွ။ Calculator ထဲမှာ program နဲ့ထည့်ထားတာ ဟု ဖိန့်ပါသည်။ သူတကယ်ပြောတာလား၊ မပေးချင်၍ညာတာလား ကျွန်တော်မသိပါ။ မပေးချင်သည့်ကိစ္စ အတင်းလည်း မေးမနေတော့ပါ။ နောက်မှ လေ့လာရင်း၊ မေးမြန်းရင်း သိလာရတာဖြစ်ပါသည်။


မြေအောက်တွင်ပြေးသော ပိုက်များလုပ်ရတာ အလွန်လက်ဝင်လှပါသည်။ လုပ်ရတာ မခဲယဉ်းသော်လည်း စင်ကာပူလို မိုးမပြတ်ရွာနေသော တိုင်းပြည်အတွက်တော့ ဒုက္ခများလှ၏။ လုပ်နေတုံးမိုးရွာလာသဖြင့် ပိုက်ချထားသည့်မြောင်းထဲ ရေများ ၀င်လာလျှင် ဘာမှလုပ်လို့မရတော့။ ရေများကို စုပ်ထုတ်ပစ်ရ။ ပိုက်ကိုခြောက်အောင် စောင့်ရ၊ အပူပေးရ စသဖြင့် အလွန် စိတ်ညစ်စရာ ကောင်းပါသည်။ ဖိုက်ဘာပိုက်က ရေထိလို့မရ။ ထိုမျှသာမက လေထုထဲ၌ ရေငွေ့ပါဝင်နှုံးများနေလျှင်ပင် လုပ်၍မရပါ။ ထို့ကြောင့် ပိုက် နှင့် ပိုက်ဆက်ပစ္စည်းများ လုံးဝခြောက်နေရန် အရေးကြီးပါသည်။ ပိုက်ခြောက်အောင် မစောင့်နိုင်ဘဲ အလျင်စလို သွားလုပ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်ခြင်းမည်၏။ ပိုက်ခြောက်အောင်စောင့်တာ နာရီဝက် ကြာသည်ဆိုပါစို့။ ခြောက်အောင်မစောင့်ဘဲ အလျင်စလိုလုပ်သဖြင့် အဆက်မကောင်း၍ ပြန်လုပ်ရပါက သုံးနာရီနှင့် မပြီးပါ။


ကျွန်တော်တို့လုပ်ရသော ပိုက်များမှာ အီတလီပိုက်များဖြစ်၏။ သို့သော် ပိုက်ဆင်ခြင်းကို ကြီးကြပ်သူများမှာ နယ်သာလန် နိုင်ငံမှ ဖြစ်သည်။ ကုမ္ပဏီနာမည်မှာ Grootint ဖြစ်၏။ တကယ့် လူကြမ်းကြီးများဖြစ်သည်။ ပြောတာဆိုတာရော၊ လုပ်တာ ကိုင်တာပါ ကြမ်းကြမ်းတမ်းတမ်းဖြစ်၏။ သူတို့ကို ကြည့်လိုလျှင် အင်္ဂလိပ်ကားထဲမှ ကောင်းဘွိုင်မင်းသားများကို ကြည့်ပါ။ ထိုအတိုင်းဖြစ်၏။ ကျွန်တော်ကညှက်တော့ သူတို့နှင့်ယှဉ်လိုက်လျှင် ကျွန်တော့်မှာ သူတို့ ထက်ဝက်လောက်သာရှိသည်။ သို့သော် သူတို့က ပွင့်ပွင့်လင်းလင်းဆိုတော့ ခင်ဘို့ကောင်းပါသည်။


ကျွန်တော်မှတ်မိနေသူများမှာ Ad (အာ့ဒ်)၊ Goove (ဂူဗီ)၊ Hans (ဟန်စ်) တို့ဖြစ်၏။ ကျွန်တော်နှင့် ပလဲနံပသင့်သူမှာ အာ့ဒ် ဖြစ်သည်။ အရပ်အရှည်ကြီးနှင့် စကားကို ပလုံးပထွေးပြောသည်ဖြစ်ရာ သူ့စကားကို နားလည်အောင် မနည်းနားထောင်ယူရ သည်။ ဂူဗီက ၀ူးဝါးဝူးဝါး၊ အလွန်ဆဲဆို၊ ကြိမ်းမောင်းတတ်သူဖြစ်၏။ ဟန်စ်က လူအေး။ သူတို့နှစ်ယောက် တစ်ခန်းထဲအတူ နေရတော့ အဆင်မပြေ။ မကြာခဏ ပြဿနာတက်သည်။


အာ့ဒ်ထံမှ ဖိုက်ဘာပိုက်နှင့်ပတ်သက်၍ ကျွန်တော်များစွာ ပညာရသည်။ ကျွန်တော်မသိတာများကို သူက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ သဘောပင်ကောင်းသော်လည်း ဟန်စ်က အင်္ဂလိပ်စကားကို လည်လည်ဝယ်ဝယ်မပြောတတ်။ ထို့ကြောင့် သူ့ကို သိပ်အားမကိုးရ။ ဂူဗီနားတော့ ကျွန်တော်သိပ်မကပ်ပါ။ သူ့ဆီက ရတာနည်းနည်း။ အဆဲခံရတာက များများဖြစ်၏။


သူတို့က ဥရောပမှလာခြင်းဖြစ်သဖြင့် လခ အလွန်များသည်။ အာ့ဒ် ပြောပြသဖြင့် သူတို့ရသောလခမှာ တစ်သောင်းအထက် ဖြစ်ကြောင်း သိရသည်။ ထိုမျှသာမက သူတို့က သူတို့သုံးသမျှ (ဖုံးဘိုး၊ ဟိုတယ်ခ၊ တက္ကစီခ၊ စားစရိတ်၊ သောက်စရိတ်၊ ၀ယ်တာခြမ်းတာမှန်သမျှ) အကုန်စာရင်းတင်တောင်းသည်။ ထို့ကြောင့် သူတို့ရသည်ဆိုသောလခမှာ သပိတ်ဝင်၊ အိတ်ဝင် ရခြင်းဖြစ်သည်။ ကျွန်တော်တို့မှာတော့ မဖြစ်စလောက်လခနှင့် ရှိသမျှအသုံးစရိတ်အကုန်နှုတ်သည့်အခါ ကျန်ကောင်းကျန်ရာ ကျန်တာဖြစ်သည်။ ဒါတောင် မြန်မာပြည်မှာလုပ်တာထက်စာလျှင် အများကြီးပိုရသည် ဆိုရပါမည်။


သူတို့က ဘီယာကို စိတ်ကြိုက်သောက်သည်။ လူကောင်ကြီးတွေက ထွားတော့ တစ်ခါသောက်လျှင် သုံးလုံးလောက်တော့ အသာလေးကုန်၏။ ကျွန်တော်လည်း ယခင်က ဘီယာကို နှစ်နှစ်ခြိုက်ခြိုက်သောက်ပါသည်။ သို့သော် ပိုက်ဆံကိုငဲ့နေရတာနှင့် မကြာခဏ မသောက်ဖြစ်သလို သောက်သည့်အခါများတွင်လည်း တစ်ဝတပြဲ မသောက်ဖြစ်ပါ။ တစ်လုံးလောက်ကုန်လျှင် တော်ရောပေါ့ကွာ ဆိုကာ ရပ်လိုက်သည်ချည်း ဖြစ်ပါ၏။


သည် project တွင်လုပ်ရတာ ပင်ပန်းသည်ဆိုသော်လည်း မြိုးမြိုးမြက်မြက်ကလေး အကျိုးခံစားခွင့်ရပါသည်။ သည်တုံးက ကျွန်တော့ basic pay မှာ ၁၅၀၀ ဖြစ်၏။ သို့သော် အိုဗာတိုင်နှင့်ပေါင်းလိုက်သော် တစ်လ ၃၅၀၀ ခန့်ထုတ်ရပါသည်။ ထိုလခမှာ အသားတင်ရခြင်းဖြစ်၏။ ၀ပ်ရှော့တွင်နေခြင်းဖြစ်သဖြင့် နေစရိတ်မကုန်။ ရေခ၊ မီးခမကုန်။ ဖုံးလည်းပေးထားသဖြင့် ဖုံးဘိုးလည်းမကုန်။ အင်တာနက်လည်း ပေးထားသည်။ သွားဘို့လာဘို့လည်း လော်ရီရှိသည်။ ထို့ကြောင့် ကျွန်တော်တို့ ကုန်တာဆိုလို့ မြန်မာပြည်နှင့်ဖုံးပြောသည့်အတွက် ဖုံးကဒ်ခ၊ ထမင်းချက်ပြုတ်စားသည့်အခ သာ ဖြစ်၏။ တစ်ပတ်လျှင် ၇ ရက်ပတ်လုံး အလုပ်ဆင်းရတာဆိုတော့ အပြင်ထွက်ဘို့ အချိန်မရှိ။ သို့မို့ကြောင့် အပြင်ဗာဟီရလည်း ဘာမှ သိပ်ကုန်စရာမရှိ။


ခြုံပြောရလျှင် အားလုံးအသုံးစရိတ်နှုတ်ပြီးတောင်မှ လကုန်လျှင် လက်ထဲ၌ သုံးထောင်ကျော်လောက် အသားတင်ကျန်သည်။ သည်တော့လည်း လုပ်ရတာ ပင်ပန်းရကျိုးနပ်ပါသည်။ စင်ကာပူနေခဲ့သည့် ဆယ်နှစ်ကျော်ကာလတစ်လျှောက်လုံး ပိုက်ဆံ များများ အသားတင်ရတာဆို၍ ဤတစ်ချိန်သာရှိခဲ့ဖူးပါသည်။ နောက်ပိုင်း လခများလာသည်ဆိုစေ။ အသုံးစရိတ်များ နှုတ်လိုက်လျှင် အသားတင် နှစ်ထောင်တောင် မကျန်ပါ။ ထို့ကြောင့် ဤတစ်ခေါက် နှစ်နှစ်ပြည့်၍ အိမ်ပြန်သည့်အခါ အိမ်တစ်လုံးဝယ်ပြီးသည့်ပြင် လက်ထဲ၌ အမေရိကန် ဒေါ်လာ ၅၀၀၀ ကျော် စုမိသေး၏။ ဤမျှသာမက ကျွန်တော်အလွန် သဘောကျသော Compac လက်ပ်တော့၊ ဆောင်းဘောက်စ်၊ ပရင်တာ၊ စကင်နာ၊ ကင်မရာ စသည်တို့ကိုလည်း စိတ်ကြိုက် ၀ယ်ခဲ့ပါသေးသည်။ 


ထိုကာလများတွင် အလှူအတန်းကိစ္စများလည်း များစွာလုပ်ဖြစ်သေး၏။ များစွာလုပ်သဖြင့် များစွာမှား၏။ ယခု အကြီးအကျယ် မှားခဲ့သော ထိုအမှားအကြောင်း ပြန်ပြောင်းဖောက်သည်ချပါမည်။



(၅၈) ကွန်ပြူတာများ လှူဒါန်းခြင်း




နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန် ဟူသော မြန်မာစကားရှိ၏။ ကျွန်ုပ်ကား မနှိုင်းမချိန်ပဲ ကိုယ်စိတ်ထင်ရာ ဇွတ်လုပ်တတ်သည့် ဗာလနံ - လူမိုက် ဖြစ်ချေသည်။ ကျွန်ုပ်၏ မစဉ်းစား၊ မဆင်ခြင်၊ မဝေဖန်၊ မတွေးတောပဲ ခေါင်းမာစွာ ဇွတ်အတင်းလုပ်မှုကြောင့် ၇ ရက် သားသမီးတို့ ဒုက္ခများနှင့် နပန်းလုံးခဲ့ရပုံကို ကျွန်တော်မှတ်မိသမျှ မခြွင်းမချန်၊ ခရေစေ့တွင်းကျ ဖောက်သည်ချပါအံ့။ နောင်လာနောက်သားတို့ ကျွန်တော့်အမှားပေါ်မှ သင်ခန်းစာယူကြပါကုန်။


တစ်နေ့သ၌ ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့သို့ လစဉ်ပုံမှန်အလှူငွေများ ထည့်ဝင်လှူဒါန်းနေသည့် ပင်နင်စူလာ ပလာဇာ၊ ပြုံးတရာဆင့်ရောင်းဝယ်ရေးမှ မရီတာက ကျွန်တော့်အား ကိုအေးငြိမ်းတို့ မြန်မာပြည်က ကျောင်းတွေကို လှူချင်ရင် ကွန်ပြူတာ အလုံး ၁၀၀ လောက်ရမယ်။ ကျွန်မပြောပေးမယ်။ ယူမလား ဟုဆို၏။


ကျွန်တော်လည်း သည်ကွန်ပြူတာများကို မြန်မာပြည်တွင်း မည်ကဲ့သို့ တင်သွင်းရမည်။ ဤကဲ့သို့တင်သွင်းရန် မည်သည့် စာရွက်စာတမ်း အထောက်အထားများလိုသည်။ ပါမစ်၊ လိုင်စင်စသည်တို့ရရန် မည်ကဲ့သို့ လုပ်ရသည် စသဖြင့် ရှေ့ရေး နောက်ရေး ဘာမှမတွေးဘဲ အာ၊ ရရင် ယူသပေါ့ဗျာ ဟု ခပ်လွယ်လွယ်ပြောလိုက်၏။ အနို့ ကွန်ပြူတာ အလုံး ၁၀၀ ဆိုတာ နည်းတာမှတ်လို့။ တစ်ကျောင်း နှစ်လုံးလှူလျှင်ပင် ကျောင်း ၅၀ မှ ကလေးများ ကွန်ပြူတာဆိုတာ ဘာလဲဟု မြင်နိုင်ခွင့်ရှိမည် ဟု တွက်ဆကာ အစဉ်းစား၊ အဆင်ခြင်းမရှိ ရမ်းသမ်းခေါင်းငြိမ့်လိုက်တာ ဖြစ်ပါသည်။


ဇာတ်လမ်းက ဤမှ စသည်။


ကွန်ပြူတာက ရမည်ဆိုတာတောင် ထုတ်ပေးမည့်ပုဂ္ဂိုလ်က ဘယ်သွားနေလို့၊ တော်ကြာဘာဖြစ်လို့ စသဖြင့် တော်တော်နှင့် မရ။ ကျွန်တော်ကလည်း ကျောင်းတွေကို ကွန်ပြူတာတွေလှူမည်ဟု လေလုံးထွားထားသည်ဖြစ်ရာ ကွန်ပြူတာများ မရမချင်း မရီတာတို့ဆီ သွား မျက်နှာပြောင်တိုက်ရသည်။ ကြာတော့ မျက်နှာများပင်ပူလာပါ၏။ ကွန်ပြူတာရမည်ဟု ပြောတာ ၂၀၀၃ ခုနှစ် သြဂုတ်လ။ တကယ်ရတာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီမှဖြစ်၏။ ခြောက်လကျော်ကြာသည်။ ၂၀၀၃ ခုနှစ် နှစ်ကုန်တွင် ကျွန်တော်မြန်မာပြည်သို့ အလည်ပြန်သွားသည်။ ကွန်ပြူတာများတကယ်ရလာတော့ ကျွန်တော်စင်ကာပူမှာမရှိ။ မရီတာ က ကိုမြင့်သိန်းတို့နှင့် ဆက်သွယ်ကာ ကွန်ပြူတာများ ထုတ်ပေးသည်။ ကိုမြင့်သိန်းက ကွန်ပြူတာများသယ်လာပြီး ကျွန်တော်နေသည့် Union Alloy မှ ၀ပ်ရှော့တွင် လာထားပေးသည်။ ဤနေရာတွင် အခန်း ၄ ခန်းရှိရာ တစ်ခန်းလွတ်နေ သဖြင့် လွတ်နေသောအခန်းတွင်း သွင်းထားလိုက်ခြင်း ဖြစ်၏။


တကယ်ရလာတာက Pentium II ၇၆ လုံး ဖြစ်ပါသည်။ သို့သော် မူလအလှူရှင်များက ကလေးဝတောရကျောင်းသို့ အလုံး (၂၀) လှူပေးပါဆိုသဖြင့် ၅၆ လုံးကျန်သည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ၅ လုံးလှူရန် မှန်းထားသဖြင့် အစိုးရ အထက်တန်း၊ အလယ်တန်းကျောင်းများအတွက် ၅၁ လုံးသာရမည်ဖြစ်သည်။


ကွန်ပြူတာများရမည် ဆိုကတည်းက ကျွန်တော်နှင့် မိတ်ဆွေသူငယ်ချင်းများက မိမိတို့ အသိမိတ်ဆွေ ကျောင်းများသို့ ဆက်သွယ်အလှူခံခိုင်းသည်။ သည်တွင် ဆရာဦးထိန်ဝင်း၏ အခန်းကဏ္ဍကို မဖော်ပြ၍မရ။ ဆရာဦးထိန်ဝင်းဆိုတာ ကျွန်တော် သုံးတန်းကျောင်းသားဘ၀က စာသင်ပေးခဲ့သူ မူလတန်းဆရာဖြစ်၏။ ထိုအချိန်က ရန်ကင်း အ.လ.က (၃) တွင် ကျောင်းအုပ် ဖြစ်နေသည်။ သူက သည်လိုလူမှုရေးကိစ္စမျိုးများဆိုလျှင် အားကြိုးမာန်တက် လုပ်ကိုင်ပေးသူဖြစ်၏။ သူက ကျွန်တော်တို့ ကွန်ပြူတာများ လှူမည်ဆိုတော့ ဟိုကျောင်းလုပ်ပါအုံးဟ၊ ဒီကျောင်းလှူပါအုံးဟ ဟု ကျောင်းစာရင်းများပေး၏။ သူ့ဆီမှရသော ကျောင်းများမှာ အတော်များသည်။ ကျွန်တော်ကျောင်းတက်ခဲ့သည့် လေးမျက်နှာ အ.ထ.က နှင့် ကွင်းကောက် အ.ထ.က များကိုလည်း မမေ့ မလျော့ထည့်ရသည်။ ကွန်ပြူတာဆိုတော့ အသိမိတ်ဆွေ ဆရာ၊ ဆရာမများကလည်း လာအလှူခံကြ သည်။ ကိုသောင်းတန်ကလည်း သူတို့စလင်း နှင့် အနီးအနားမှ ကျောင်းများကို အလှူခံစေသည်။ စုစုပေါင်း ၅၁ ကျောင်းမှ ကွန်ပြူတာ ၁၁၇ လုံး အလှူခံလာ၏။


ထိုအထဲတွင် ကော့မှုး၊ အောင်ဇဗ္မူလူငယ်ပရဟိတကျောင်း၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ၊ အောင်ပရဟိတ ကျောင်း၊ မိထ္တီလာ၊ စက်ဦးဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း၊ မကွေးမြို့၊ ဆုကြီးပန်တောင် သီလရှင်သင် အလယ်တန်း ကျောင်း၊ မွန်ပြည်နယ်၊ ဆိပ်ဖူးတောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စသည်တို့ ပါသည်။ သို့သော် ထိုနေရာများသို့ မလှူဖြစ်ခဲ့ပါ။ ရလာသောကွန်ပြူတာမှာ နည်းနေသဖြင့် အစိုးရကျောင်း ၂၈ ကျောင်းသို့ ၄၄ လုံးသာ လှူခဲ့နိုင်ပါသည်။


သျှင်နည်းရာ အဂ္ဂလူထွက် ဟူသော စကားကဲ့သို့ ကျွန်တော်တို့ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ရယူခဲ့ရသော ထို ကွန်ပြူတာ အစုတ်ပလုပ်ကလေးများကို အချောင်နှိုက်ချင်ကြသူများလည်း ရှိပေသေးရာ မတတ်သာသည့်အဆုံး ကျွန်တော်တို့မှာ ထို မောင်မင်းကြီးသားများသို့ ပေးလိုက်ရပါချေသေး၏။ မူလက ၇၆ လုံးရတာမှန်သော်လည်း နာဂလိုဏ်ဂူသို့ အလုံး ၂၀ ပေးလိုက် ရသဖြင့် ၅၆ လုံးသာကျန်သည်။ ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ တစ်လုံး ပေးခဲ့သည်။ သည်အလုံးကတော့ ကျွန်တော်တို့ ကွန်ပြူတာများ ထုတ်ယူရရှိရေးတွင် အစွမ်းကုန်ဆောင်ရွက်ပေးခဲ့သူ ဦးသောင်းရွှေအား ကျွန်တော်တို့က သူ့ရုံးတွင် သုံးရန် ပေးခဲ့တာဖြစ်ပါသည်။


ပညာရေးဝန်ကြီးဌာန ခွဲတမ်းဟုဆိုကာ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် နှင့် ရန်ကုန် ပညာရေးဌာနများအတွက် ၂ လုံးစီ တော်ကောက်သွား၏။ နောက် ၂ လုံးကတော့ ဘယ်လူကြီးကဆိုပါလိမ့် သူတို့ သူရဲတန်းရွာအတွက် ဆိုကာ ၂ လုံးကို အနိုင်ကျင့်ယူသွားပါသည်။ သူရဲတန်းရွာသို့ ရောက်မရောက်ဆိုတာတော့ သူမှ သိပေလိမ့်မည်။ ဒုဗိုလ်ချုပ်ကြီး မောင်ဘို ဆိုသူကလည်း (သူ့မြေးများ အိမ်တွင် အပျင်းပြေ ကစားရန် ထင်ပါသည်) ၃ လုံးကို သိမ်းပိုက်တော်မူပြန်၏။ သြော် - ကျောင်းက ကလေးတွေ သုံးပါစေဟဲ့၊ ငါတို့ အဆင့်နဲ့ ဒီ့ထက်ကောင်းတာတွေ ၀ယ်သုံးနိုင်တာပဲ ဟု မတွေး။ မိမိ၏ ပုခုံးပေါ်မှ ကြယ်ပွင့်ကြီးများကို အားနာတော်မမူဘဲ ဓါးပြတိုက်သကဲ့သို့ အတင်းယူသွားခြင်းအတွက် ထိုသူများ၏ စိတ်သဘောထား များကို ကျွန်တော် ယခုအချိန်အထိ နားမလည်နိုင်ရိုးအမှန် ဖြစ်ပါသည်။


ဒါတောင် ကွန်ပြူတာ ပေးအပ်ပွဲတွင် ၀တ်ကောင်းစားလှများ ၀တ်ဆင်ထားကာ ပုခုံးထက်မှ ဟန်းဘက်ကြီးကို လွှဲကာလွှဲကာ နှင့် လက်ကိုင်ဖုံးကို ဟန်တပြပြနှင့် ကိုင်ဆောင်လာသူ အမျိုးသမီးတစ်ဦးက သူတို့ ကလေးဝတောရ နာဂလိုဏ်ဂူကျောင်း အတွက် နောက်ထပ် ၅ လုံးကို အတင်းအကြပ်ယူမည် လုပ်နေသဖြင့် နဂိုကမှ အလွန်အင်မတန် စိတ်တိုတတ်သူ ကျွန်တော်နှင့် ထိပ်တိုက်တိုးပါသည်။


ဒီမယ်မမ၊ ခင်ဗျား အဲဒီကွန်ပြူတာတွေ ထိရဲရင်ထိကြည့်ပါ။ အေးငြိမ်းဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ စက္ကန့်မဆိုင်းပဲ သိသွား ရစေ့မယ် ဟု ထိုအမျိုးသမီးရှေ့တည့်တည့်ရပ်ကာ လူမိုက်လုပ်ပါလေ၏။ ထိုအခါ ထိုအမျိုးသမီးလည်း ရှုးရှုးရှဲရှဲဖြင့် လက်ထဲ၌ ဟန်တပြပြနှင့်ကိုင်လာသော လက်ကိုင်ဖုံးကို တစ်ခါဖြင့် လူရှေ့မှာ ကြွားလို့ရပါပေါ့ ဟု ဟန်ကျပန်ကျဖွင့်ပြီးသကာလ ဘယ်သူ့ ထံသို့မှန်းမသိ ဖုံးများ တစ်ဦးပြီး တစ်ဦးထံ ဆက်ပါ၏။ ကျွန်ုပ်ကား လက်စွမ်းပြရန်အတွက် ၎င်းဘေးတွင် လက်ပိုက်ကာ ရပ်ကြည့်နေလျှက် ကြိုက်တဲ့နေရာထိ တက်လို့ရတယ်။ မဟုတ်တာမှန်လို့ကတော့ နည်းနည်းလေးမှ သည်းခံမှာ မဟုတ်ဘူး။ ဘယ့်နဲ့ဗျာ။ လူများတကာတွေ လေးငါးခြောက်လလောက် ဒုက္ခသုက္ခခံလုပ်လို့ ရလာတဲ့ဟာ၊ ခုမှ သူကအသာလင့်၊ အသင့် လာယူချင်ရတယ်လို့။ ကျလဲကျပါပေရဲ့ - ဟုလည်း ကြိမ်းလိုက်ပါသေး၏။


လမ်းစရှိသရွေ့ဖုံးများဆက်ပြီးသွားသောအခါ ထို အနံကြီးကွင်းကျယ် အမျိုးသမီးမှာ လာကြဟေ့၊ သွားကြမယ်၊ သိကြသေးတာ ပေါ့ ဟု ဆိုကာ သူ့လူများကိုခေါ်ကာ သူတို့ရစရာရှိသော ကွန်ပြူတာ အလုံး ၂၀ ကို သယ်လျှက် ဆောင့်ကြီးအောင့်ကြီးနှင့် ပြန်သွားပါလေ၏။ ကျွန်ုပ်မှာမူကား လက်စွမ်းမပြလိုက်ရသောကြောင့် အောင့်သက်သက်နှင့် ကျန်ခဲ့ရသော ဟူသတတ်။ ဘေးမှ ရပ်ကြည့်နေသော ဦးသောင်းရွှေနှင့် ဆရာဆရာမများမှာ ကျွန်တော့်အား ကောင်းချီးထောမနာ ပြုကြကုန်၏။ မှတ်ပလား၊ အဲလိုမိန်းမမျိုးတွေ၊ အဲလိုလုပ်ပေးမှ ဟု ၀မ်းသာလှိုက်လှဲဖြစ်ကြကုန်၏။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမကိုသာ ၅ လုံးပေးလိုက်ရလျှင် သူတို့ကျောင်းများထဲမှ ထပ်ပဲ့ကုန်ဦးမည် ဖြစ်သောကြောင့်တည်း။


သည်းခံပါခင်ဗျား။ ပြောချင်လွန်းအားကြီးသဖြင့် ရှေ့ကျော်ရောက်သွားသည်။ ဤသည်မှာ နောက်ဆုံးအဆင့်ဖြစ်သည်။ ဤအဆင့်ရောက်ရန် ဒုက္ခသုက္ခပေါင်းများစွာဖြင့် ဖြတ်ကျော်ခဲ့ရသော အဆင့်များကို ချန်ခဲ့၍မဖြစ်။ ယခု ကျွန်တော်တို့ကြုံခဲ့ရ သော မြန်မာပြည် ကြိုးနီစနစ်နှင့် ကွန်ပြူတာဒုက္ခများအကြောင်း ပြန်ပြောင်းဖောက်သည်ချပါအံ့။


ဆက်ပါဦးမည်။


အေးငြိမ်း
၇-၂-၂၀၁၂၊ ည ၉း၃၀ နာရီ

No comments: