Monday, October 17, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၂)

တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၆


            ဤအပိုင်းတွင် မြန်မာပြည်ပြန်စဉ် အလှူလုပ်ခဲ့သည့် အတွေ့အကြုံများ ရေးသားတင်ပြမည်ဖြစ်ပါသဖြင့် စင်ကာပူမှ အတွေ့အကြုံများ ပါမည်မဟုတ်ပါ။ ဤသည်များမှာလည်း ကျွန်တော့်ဘ၀တစ်စိတ်တစ်ပိုင်းဖြစ်ပါသဖြင့် ယခုကဲ့သို့ ထည့်သွင်းရေးခြင်းအပေါ် စာဖတ်သူများအနေနှင့် နားလည်ခွင့်လွှတ်ကြလိမ့်မည်ဟု ယူဆပါသည်။


(၄၂) မြန်မာပြည်သို့ အလည်ပြန်ခြင်း


            Union Alloy တွင် ၂ နှစ်လုပ်ပြီးသောအခါ ပင်ကလည်းပင်ပန်း၊ အိမ်ကိုလည်း လွမ်းလှပြီဖြစ်သဖြင့် မြန်မာပြည်သို့ အလည်ပြန်ပါသည်။ အိမ်သို့ပြန်သည့်ရက်မှာ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်။ အလုပ်ပြောင်းတာမဟုတ်ဘဲ ခွင့်နှင့်ပြန်တာ ဖြစ်သဖြင့် အလုပ်အတွက် ထည့်စဉ်းစားစရာမလို။ သည်တော့ တ၀ကြီးနေပစ်လိုက်၏။ ၂ လခွဲအကြာ၊ အောက်တိုဘာ ၇ ရက် နေ့မှ စင်ကာပူသို့ ပြန်လာခဲ့သည်။ ရုံးကလည်း အလုပ်များတော်တော်များများ ပြီးသွားပြီဖြစ်သဖြင့် နောက် ပရောဂျက်မရခင် စပ်ကြား လွတ်လွတ်လပ်လပ် နေခွင့်ပေးထားပါသည်။ ထို့ကြောင့် နောက်ကြောင်းပူစရာမလို။

            ပထမတစ်ခါ အတွေ့အကြုံရှိပြီးသားဆိုတော့ သည်တစ်ခေါက်အိမ်ပြန်ရတာ ယခင်တစ်ခေါက်ကလောက် အရသာ မပေါ်တော့ပါ။ ယခင်တစ်ခေါက် အိမ်ပြန်ရောက်စဉ်ကမူ တော်တော့်ကို ပျော်ခဲ့တာ ဖြစ်ပါ၏။ ပထမဆုံးအကြိမ် ဖြစ်သည်က တကြောင်း၊ ကိုယ်နှင့်အထာမကျသော ပတ်ဝန်းကျင်တွင် မနိုင်ရင်ကာ၊ အောင့်အည်းသည်းခံပြီး နေခဲ့ရတာကတကြောင်း ဆိုတော့ မြန်မာပြည်ပြန်ရတာ တော်တော်လေးကို အရသာရှိလှပါသည်။ မင်္ဂလာဒုံလေဆိပ်တွင် မိသားစုကို၊ ထို့ထက် သမီးကလေးကို တွေ့လိုက်ရတော့ နှလုံးစိတ်ဝမ်း ချမ်းမြေ့မှုကို သိသိသာသာ ခံစားရသည်။

            ယခုတစ်ခေါက်မူ အနည်းငယ် ရိုးသွားပြီဖြစ်သဖြင့် ပျော်ပင်ပျော်သော်လည်း ယခင်တစ်ခေါက်ကလောက် အရသာ မရှိတော့တာ ကိုယ့်ကိုယ်ကိုယ် သိနေပါသည်။ စင်ကာပူတွင် လေးနှစ်ကြာသွားပြီဆိုတော့ အတော်လေး နေသားကျသွားပြီ။

            မြန်မာပြည်တွင် ၂ လခွဲနေခဲ့စဉ်အတောအတွင်း အလုပ်တော်တော်များများ လုပ်ဖြစ်ခဲ့၏။ များသောအားဖြင့် ပရဟိတ လုပ်ငန်းများပင် ဖြစ်ပါသည်။ စနေဓမ္မမိတ်ဆွေများအဖွဲ့အတွက် အလှူကိစ္စများလိုက်လုပ်ခြင်း ဖြစ်သည်။

            ကျွန်တော်မပြန်မီ ကိုသောင်းတန်တို့ အရင်ပြန်သွားသည်။ သူပြန်တာ ဇူလိုင်လ ၁၅ ရက်နေ့။ သည်တော့ မြန်မာပြည် ပြန်ရောက်လျှင် ဘာတွေလုပ်ကြမည် ဆိုသည်ကို စင်ကာပူမှာကတည်းက ဆွေးနွေးခဲ့၏။ ကျွန်တော်က စကားလွန်ထားမှု ကြောင့် ချင်းပြည်နယ်သို့ မရောက်ရောက်အောင် သွားလှူမည့်အကြောင်းပြောသဖြင့် ကိုသောင်းတန်ကလည်း သူပါ လိုက်ခဲ့မည်ဆိုကာ ကြိုတင် အချိန်းအချက်လုပ်ကြခြင်း ဖြစ်ပါသည်။

            ကျွန်တော်မပြန်မီ ဇူလိုင် ၂၀ ရက်နေ့တွင် မိတ်ဆွေအားလုံးနှင့် ထပ်မံတွေ့ဆုံပါသည်။ အဘယ်ကြောင့်ဆိုသော် ယခု အလှူကိစ္စတွင် အလှူငွေကောက်ခံခြင်း၊ စုခြင်း၊ မြန်မာပြည်သို့ငွေပို့ခြင်း၊ အလှူရှင်စာရင်းများ ပြုစုခြင်း၊ မြန်မာပြည်မှ ဂုဏ်ပြုလွှာများ လက်ခံရယူကာ အလှူရှင်အားလုံးသို့ ဝေပေးခြင်း၊ အလှူရှင်စာရင်းများ ဖြန့်ဝေခြင်း စသည့်လုပ်ငန်းအ၀၀ကို ကျွန်တော် တစ်ဦးတည်း တာဝန်ယူလုပ်နေသည်ဖြစ်ရာ ထိုလုပ်ငန်းများကို မိတ်ဆွေများဖြစ်သော ကိုမြင့်သိန်း၊ ကိုရေချမ်း၊ ကိုဉာဏ်ပိုတို့အား စနစ်တကျ လွှဲပေးရန် ဖြစ်ပါသည်။ ကျွန်တော်က ကျွန်တော့် laptop နှင့် ကိုယ့်ဟာကိုယ် စာစီစာရိုက်၊ အီးမေးပို့ ဆိုတော့ ဘာမှ သိပ်ပြဿနာမရှိ။ အဆင်ပြေသည်။ သို့သော် ကျွန်တော့်မိတ်ဆွေများမှာ မရှိ။ သည်တော့ သည်ကိစ္စပါ ထည့်စဉ်းစားရသည်။ နောက်ပြီး ကျွန်တော်က စာရင်းဇယားများကို တိတိကျကျလုပ်သည်။ အမှားအယွင်းမခံ။ သည်တော့ သူတို့လုပ်လျှင်လည်း အမှားအယွင်း နည်းနိုင်သမျှနည်းစေရန် သေသေချာချာမှာခဲ့ရသည်။

            မပြန်ခင်ညတွင် ကိုမြင့်သိန်းက ကျွန်တော့်ဆီလိုက်အိပ်ကာ စာရွက်စာတမ်းအားလုံးကို လက်ခံရယူပါသည်။



(၄၃) မြန်မာပြည်တွင် အလှူကိစ္စများ ဆောင်ရွက်ခြင်း



            ၂၀၀၂ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကျွန်တော်တို့ လေယာဉ် ဆိုက်၏။ ခရီးရောက်မဆိုက် ညနေ ၄ နာရီခွဲတွင် ကိုသန်းအောင့်ကားကိုခေါ်ကာ ရန်ကုန်တစ်ဖက်ကမ်းရှိ ထန်းတစ်ပင်မြို့နယ်၊ တူးချောင်းကျေးရွာ မူလတန်းကျောင်းသို့သွားကာ ကျောင်းအခြေအနေနှင့် ကျွန်တော်တို့လှူထားသော စာသင်ခုံများကို သွားရောက်ကြည့်ပါသည်။   

            ကျောင်းမှာ အတော်ယိုယွင်းနေပြီ။ ယက်မများ၊ ထုပ်တန်းများမှာ ချစားပြီး ကျိုးနေသဖြင့် အချို့ယက်မများကို ကျွန်းယက်မများဖြင့် အစားထိုးထားတာ တွေ့ရပါသည်။ ကလေးများစာသင်ရန်လည်း စာသင်ခုံအလုံအလောက်မရှိ။ ကျွန်တော်တို့လှူထားသော ခုံ ၁၈ လုံးကို ကမ္ဗည်းထိုးထားတာ တွေ့ရသည်။ ထိုကျောင်းမှ တာဝန်ခံဆရာလေးက “ကျောင်းက ယက်မတွေ ကျိုးနေတာ ကြာပါပြီဗျာ။ ပိုက်ဆံမတတ်နိုင်တာနဲ့ ဒေါက်တွေခံပြီးထားရတာ။ ခု ဆရာတို့လှူလိုက်မှ ယက်မ အသစ်လဲနိုင်တယ်။ နောက်ပြီး တိုးချဲ့ဆောင်မှာလည်း ကြည့်ပါအုံး။ အကာထရံတွေက စုတ်နေပြီ။ အခင်းတွေကလည်း ပေါက်ပြဲနေလို့ အပေါက်ကျွံကျမှာတောင် စိုးရတယ်။ ခု စာသင်ခုံလေးတွေရသွားတော့ အတော်လေး အဆင်ပြေသွားတယ်။ အရင်တုံးကဆို ကြမ်းပြင်မှာမှောက်ရေးရတာ အဆင်မပြေဘူး။ ၀ါးကြမ်းအခင်းက ပေါက်ပြဲနေတော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်လေ။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ကျောင်းကို ထပ်လှူစေချင်သေးတယ်။” ဟု ပြောပါသည်။ ကျွန်တော် လည်းကြည့်ကောင်းအောင် ပြောခဲ့ရ၏။

            ထို့နောက် ကျောင်းမီးလောင်သွားသောကြောင့် ကျွန်တော်တို့ အရေးပေါ်လှူလိုက်ရသော လှိုင်သာယာရှိ၊ ကျွန်းကြီး ဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ သွားကြည့်ကြသည်။ ကျောင်းရောက်တော့ အတော်ပင် မှောင်နေပြီ။ ကျွန်တော် ရောက်သွားတော့ ဘုန်းကြီးက ၀မ်းသာအားရနှင့် ကျောင်းအခြေအနေကို ရှင်းပြပါသည်။ “ကျောင်းမီးလောင်သွားတော့ ဘုန်းကြီးတို့မှာ အတော်လေး ဒုက္ခရောက်တယ်။ ကပ္ပိယကြီးရေနွေးအိုးတည်ရင်း လောင်တာဆိုတော့ သာသနာရေးကလည်း ပိုက်ဆံချမပေးဘူး။ ဒီတော့ မီးလောင်ရာက ကျန်ခဲ့တဲ့ သစ်ကလေးတွေ၊ သွပ်တွေနဲ့ပဲ တဲလေးထိုးပြီး နေရတယ်။ ကလေးတွေလည်း စာသင်စရာနေရာမရှိဘူး။ ဒကာကြီးတို့ဆီက အလှူငွေရတော့မှ ဟောဒီအခင်းလေး ခင်းနိုင်တယ်။ ရှေ့ဘက်က ဘိနပ်ချွတ်လေးလည်း အကြမ်းထည်ရိုက်ပြီးသွားပြီ။ ပိုက်ဆံကမရှိတော့ ဒကာကြီးတို့ အလှူငွေနဲ့ပဲ တတ်နိုင်သမျှ ရအောင် ခြစ်ခြစ်ချုပ်ချုပ် လုပ်နေရတယ်။ ကလေးတွေတော့ မြေကြီးပေါ်မှာပဲ စာသင်နေရတယ်။ ခုံလေးတွေပြီးသွားမှ အဆင်ပြေလိမ့်မယ်။ မြေကြီးပေါ်မှာဆိုတော့ တစ်ချိန်လုံးခြေထောက်အေးနေတာ။ မမာရေး၊ မကျန်းရေး စိုးရိမ်ရတယ်။”

            ကျောင်းမှာ ဆောက်ပြီးခါစပင် ရှိသေးသည်။ နောက်ဖက်နှင့် ခေါင်းရင်းဘက်တွင်သာ အကာရှိပြီး ကျန်နှစ်ဘက်ကိုမူ သင်္ကန်းများကာလျှက် နေရပါသည်။ ကွင်းပြင်ဆိုတော့ လေတဟူးဟူးတိုက်နေသည်။ ကျွန်တော်တို့လှူထားသော ငွေမှ အချို့ အ၀က်ကို ကလေးများစာသင်ခုံအဖြစ်လုပ်မည် ဆိုပါသည်။ မီးလောင်သွပ်ပြားများကို ထုကာ သင်ပုန်းအဖြစ် လုပ်ထားသည်ကို တွေ့ခဲ့ရသည်။


            ကျွန်တော်ပြန်ရောက်တာ သတင်းကြားတော့ ကျွန်တော်မူလတန်းကျောင်းသားဘ၀က သင်ခဲ့ရသော ဆရာ ဦးထိန်ဝင်း ရောက်လာပါသည်။ သူက ယခု အင်းစိန် အ.ထ.က (၄) တွင် ကျောင်းအုပ်ဖြစ်နေ၏။ သူ ထန်းတစ်ပင်မြို့နယ်တွင် တာဝန်ကျစဉ် ရင်းနှီးခဲ့သော ဆရာမတစ်ဦးက ထန်းတစ်ပင်မြို့နယ်၊ အေးမြိ့ကျေးရွာမှ အ.မ.က ကျောင်းအုပ်ဖြစ်သည်။ ကျွန်တော်တို့ အလှူအကြောင်းသတင်းကြားသဖြင့် ထိုကျောင်းကလေးကိုလည်း လိုက်ကြည့်ကာ လှူစေချင်ကြောင်း လာခေါ်တာ ဖြစ်ပါသည်။

            သို့နှင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျွန်တော်တို့ဆရာ၊ တပည့်နှစ်ဦး အေးမြို့သို့ထွက်ခဲ့၏။ ပထမဦးစွာ ၂၂၆ ဘတ်စ်ကားကို ဂိတ်ဆုံးထိစီးကာ အနောက်ပိုင်းတက္ကသိုလ်သို့ သွားရသည်။ ထိုမှတဆင့် လမ်းလျှောက်ကာ ချောင်းဘက် ထွက်ခဲ့ကြ၏။ ဆရာကြိုတင်မှာ ထားသောကြောင့် ရွာမှ လှေတစ်စီး လာစောင့်နေသည်။ ကျွန်တော်တို့ရွာထဲဝင်တော့ ဆရာမ နှင့် ကျောင်းသားကျောင်းသူများအားလုံး ထွက်ကြိုကြပါသည်။

            အေးမြို့ကျောင်းမှာမူ ကျောင်းဟုပင်ဆိုရသော်လည်း ကျောင်းအစစ်မဟုတ်ပါ။ အိမ်ကိုကျောင်းလုပ်ပြီး စာသင်နေရခြင်းဖြစ်၏။ ကျောင်းသားဦးရေနှင့်စာလျှင် အလွန်ကျဉ်းလှသည်။ တစ်တန်းနှင့်တစ်တန်း နံရံတွေဘာတွေ ကာမထားနိုင်သဖြင့် ဆူညံပွက်လောရိုက်နေသည်။ အတန်းနှစ်တန်းကို မျက်နှာချင်းဆိုင်ထားကာ ကျောင်းသင်ပုန်းတစ်ချပ်ကို နှစ်တန်းလုံးအတွက် ရှေ့ရောနောက်ပါ သုံးသည်။ စာသင်ခုံဟူ၍ တစ်ခုံမှမရှိ။ အားလုံး ကြမ်းပြင်ပေါ်တွင် ကုန်းရေးကြရခြင်း ဖြစ်သည်။ ဆရာမအတွက်ပင် စားပွဲခုံမရှိ။ ထိုင်ခုံတစ်လုံးသာ ရှိသည်။ သူငယ်တန်းများအတွက် တိုးချဲ့ထားသော အဆောင်မှာကား ကြမ်းများကျိုးပေါက်လျှက် အကာကလည်း မလုံ။ မိုးရွာလျှင် စာမသင်နိုင်ဟု ဆရာမက ပြောပါသည်။ ကလေးများအတွက် အန္တရာယ်များလှ၏။ ကျောင်းအခြေအနေကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်း ဖြစ်မိပါသည်။

            နောင်နှစ်ကျရင်တော့ ကျောင်းဆောက်ဘို့ ရွာအပြင်မှာ တစ်နေရာစာပေးမယ်လို့ မြို့နယ်က ပြောတယ်။ ဒီတော့ ဒီကျောင်းကိုမပြင်စေချင်ဘူး။ စာသင်ခုံတွေနဲ့ ကျောင်းသင်ပုန်းတွေပဲ လှူစေချင်တယ်။ ကျောင်းသစ်ဆောက်ဖို့ကတော့ အစိုးရ က ချပေးမှ ဆောက်ရမှာပေါ့။ စာသင်ခုံတွေကျတော့ ကျောင်းသစ်ပြောင်းသွားလည်း ဆက်သုံးလို့ရတယ်လေ - ဟု ဆရာမနှင့် ရွာလူကြီးများက ပြောပါသည်။

            အပြန်တွင်လည်း လှေနှင့်ပင် ပြန်လိုက်ပို့ပါသည်။ ပြန်လာတော့ ငါတို့ဆီမှာ ဘာကြောင့် ဒီလိုတွေ၊ ဒီလောက်တောင် ဖြစ်နေရတာလဲ ဟု ကျွန်တော့်ခေါင်းတွင်း၌ မေးခွန်းပေါင်းများစွာ၊ မယုံကြည်နိုင်မှုပေါင်းများစွာဖြင့် မွန်းကြပ်၊ ရှုပ်ထွေး၊ နောက်ကျိလျှက်ရှိနေပါတော့သည်။


            သြဂုတ်လ ၅ ရက်နေ့တွင် ၂၀၀၂၊ ဇူလိုင်လက ထိုင်ခုံများ၊ သွပ်များ လှူဒါန်းခဲ့သော ရွှေပြည်သာ၊ အမှတ် (၁၀) အ.မ.က သို့သွားကြည့်ပါသည်။ ကျောင်းအုပ်မှာ ကျွန်တော် ၄ တန်းကျောင်းသားဘ၀က ကျွန်တော်တို့ရွာတွင် ကျောင်းအုပ် အဖြစ်တာဝန်ကျခဲ့သော ဆရာကြီး ဦးမောင်ကြည် ဖြစ်ပါသည်။ ဆရာမှာ ဘွဲ့တစ်ခု ရအောင်မယူနိုင်ခဲ့သဖြင့် ယခုထိ မူလတန်း ကျောင်းအုပ် အဖြစ်နှင့်သာ ရှိပါသေးသည်။ မကြာမီ အငြိမ်းစားယူတော့မည်။

            ကျွန်တော်က လမ်းမသိ။ အဖေကြီးက ဆရာအိမ်ကိုအလည်လာစဉ် သေသေချာချာမေးထားလိုက်သဖြင့် သူသိသည် ဆိုကာ ကျွန်တော့်ကို လမ်းပြလိုက်ပို့သည်။ ဘတ်စ်ကားစီးပြီး အတွင်းသို့နာရီဝက်ကျော် လမ်းလျှောက် ၀င်ရသည်။ ကျောင်းရောက်တော့ ဆရာမရှိ။ စည်းဝေးပွဲရှိသဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ သွားနေသည်ဟု ဆိုသည်။ ကျွန်တော်တို့လည်း ဆရာပြန်ရောက်သည်ထိ စောင့်နေပါသည်။ အတော်ကြာတော့ စက်ဘီးစီးလျှက် ဆရာရောက်လာ၏။ ဆရာရောက်လာတော့ ၀မ်းသာအားရနှင့် ရှေးဟောင်းနှောင်းဖြစ်များ အရင်ပြောကြပါသည်။ ကျွန်တော် ၄ တန်းအောင်ပြီး ကွင်းကောက်ကျောင်းသွား တက်ကတည်းက ဆရာနှင့်မတွေ့ရသည်မှာ ယခုချိန်ထိ ဖြစ်ပါသည်။ ကျောင်းအခြေအနေကို ဆရာကြီးက အောက်ပါအတိုင်း ပြောပြပါသည်။

            “ကျောင်းသားဦးရေနဲ့ ကျောင်းနဲ့ မျှတော့မျှပါရဲ့။ ဒါပေမဲ့ ခုံက မလောက်ဘူး။ ကလေးတွေအတွက် ကစားစရာ နဲ့ စာဖတ်စရာ နေရာမရှိဘူး။ စာဖတ်ခန်းလေး လုပ်ချင်နေတာ ကြာပြီ။ ဒီမှာက အကုန်လုံး ရဲဝန်ထမ်းတွေချည်းဆိုတော့ ချို့ငဲ့ကြတယ်။ လှူဘို့မပြောနဲ့။ စားစရာတောင် အနိုင်နိုင်လုပ်နေကြရတယ်။ အဲ - ဟိုအဆောင်လေးလည်း ဆောက်လို့သာ ပြီးသွားရော ပိုက်ဆံမရှိလို့ မမိုးနိုင်ဘူး။ ခု မောင်အေးငြိမ်းတို့လှူလိုက်မှ မိုးဖြစ်တော့တယ်။ ပိုတဲ့ငွေကို အကာတချို့လည်း ကာလိုက်နိုင်တယ်။ ခုံလေးတွေနဲ့ဆိုတော့ ကလေးတွေလည်း စာကောင်းကောင်းသင်လို့ရတာပေါ့။ မောင်အေးငြိမ်းနဲ့ စနေဓမ္မ မိတ်ဆွေများအဖွဲ့ကို အရမ်းကျေးဇူးတင်ပါတယ်။”


(၄၄) မန္တလေးတိုင်းနှင့်မကွေးတိုင်းတွင် အလှူကိစ္စများ ဆောင်ရွက်ခြင်း


            စင်ကာပူတွင် ရှိစဉ် မိတ်ဆွေတစ်ဦးက သူတို့ရုံးမှ overhead projector ကို ပစ်တော့မည်ဖြစ်သဖြင့် လိုချင်လျှင် ရောင်းမည်ဖြစ်ကြောင်း ပြောရာ ကျွန်တော်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့လှူရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူဒေါ်လာ ၇၀ ပေးကာ ၀ယ်ထားလိုက်ပါသည်။ သည်ပုံးကြီးကို ရန်ကုန်အပြန်သယ်လာတော့ လေဆိပ်တွင် အကောက်ခွန်မှ ရစ်၏။ မြန်မာထုံးစံဖြင့် ပြေလည်အောင် ဖြေရှင်းပေးလိုက်တော့မှ လွယ်လွယ်ကူကူသွင်းလို့ရသည်။

            မြန်မာပြည်အထက်ပိုင်းတွင် စနေဓမ္မမိတ်ဆွေများအဖွဲ့အတွက် အလှူကိစ္စများဆောင်ရွက်ရန် သွားတော့ သည်ပုံးကြီး ပါ သယ်သွားသည်။ ၂၀၀၂ သြဂုတ်လ ၁၁ ရက်နေ့တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့လာကာ သည် projector ကို လှူ၏။ ဆရာကြီး (ပါမောက္ခချုပ် ဒေါက်တာကျော်သန်း) က ပေးအပ်ပွဲလေး ကျင်းပပေးပါသည်။ ကျွန်တော့်မိတ်ဆွေ ဆရာ၊ ဆရာမများ စုံစုံလင်လင်တက်ရောက်လာကြပါသည်။ ကျွန်တော်က သူတို့ကို ကျွန်တော် projector လှူရခြင်း၏ ရည်ရွယ်ချက် ကို ပြောပြပါသည်။

            “စိုက်ပျိုးရေးတက္ကသိုလ်ကို ကျွန်တော် overhead projector လှူတာ ရည်ရွယ်ချက်နှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ကျောင်းမှာ seminar တွေဘာတွေလုပ်တဲ့အခါ အဆင်ပြေပြေသုံးနိုင်အောင်လို့။ နောက်တစ်ခုကပိုအရေးကြီးပါတယ်။ ကျွန်တော်ဒီလိုလှူလိုက်ခြင်းဖြင့် ငါတို့လည်း ဘာလေးလှူနိုင်မလဲ လို့ အားကျလာအောင်ပါ။ အဲဒီလိုအတွေးမျိုးရသွားပြီး တစ်ယောက်တစ်ခု ၀ိုင်းကြ၀န်းကြရင် ပိုပြီး ပြည့်စုံတဲ့တက္ကသိုလ်ကြီး ဖြစ်လာမယ်။ ခုလာတဲ့ ဆရာ၊ ဆရာမတွေထဲက တစ်ယောက်နှစ်ယောက်လောက် ဒီလိုအတွေးမျိုးရသွားရင် ကျွန်တော်ကျေနပ်ပါပြီ။

            နောက် လှူတယ်ဆိုတာမှာ ပိုက်ဆံဆိုတာထက် စေတနာပိုအရေးကြီးပါတယ်။ အင်္ဂလိပ်စကားပုံလေးတစ်ခု ရှိပါတယ်။ “How you pay is more important than how much you pay.” တဲ့။ ကိုယ့်မှ ထမင်းစားဘို့ အနိုင်နိုင်ဆိုရင် တော့လဲ ဘယ်လိုလှူမလဲပေါ့။ ဒါပေမဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကနေ နိုင်ငံခြားကို ပညာတော်သင်သွားကြတဲ့ ဆရာ၊ ဆရာမ တွေ အများကြီးပါ။ ဘယ်သူတွေလဲဆိုတာ ကျွန်တော်အားလုံးလိုလို သိပါတယ်။ လှူ့လည်းလှူ၊ ကိုယ့်အကျိုးလည်းမထိခိုက် ပေါ့။ လုပ်လို့ရတာပဲ။ တစ်ယောက်ထဲမတတ်နိုင်ရင် ၅ ယောက်ပေါင်းလှူမယ်ဆို မဖြစ်နိုင်ဘူးလား။”

            ကျွန်တော်ပြောတာ တစ်နာရီနီးပါးကြာပါသည်။ အခမ်းအနားပြီးသွားသောအခါ မိတ်ဆွေဆရာ၊ ဆရာမများက ကျွန်တော်တို့အဖွဲ့၏ ဆောင်ရွက်ချက်ကို ၀မ်းမြောက်ဝမ်းသာ ချီးကျူးကြပါသည်။ ညပိုင်းတွင် အနီးရှိ ရေဆင်းအထက်တန်း ကျောင်းမှ မိတ်ဆွေ ဆရာ၊ ဆရာမများလာကာ သူတို့ကျောင်းအတွက် အလှူခံပါသည်။ ကျောင်းမှာ အထက်တန်းကျောင်း ဆိုသော်လည်း အခင်းမရှိ။ မြေကြီးက မညီညာသည့်အတွက် စားပွဲနှင့်ထိုင်ခုံများ မကြာခဏ ကျိုးပဲ့သည်။ ပိုက်ဆံမတတ်နိုင် သဖြင့် ခုံအကျိုးများကို မပြင်နိုင်။ ကျောင်းတွင် ခုံအကျိုးအပဲ့များ အများကြီးစုပုံနေသည်။ ကျွန်တော်လည်း မိတ်ဆွေများကို ပြန်လည်ပြောပြကာ အဆင်ပြေမည့်တစ်လတွင် လှူပါမည်ဟု အာမခံခဲ့ပါသည်။
              

            နောက်တစ်နေ့နံနက် ၆ နာရီတွင် အဝေးပြေးကားငယ်ဖြင့် ရေဆင်းမှဆက်လက် ထွက်ခွါခဲ့၏။ လမ်းပြအဖြစ် ဒေါ်ဆိုးရင်ကို အဖော်ခေါ်ခဲ့သည်။ ပျော်ဘွယ်တွင် နတ်မောက်သို့သွားသောကားကို ပြောင်းစီးရသည်။ ကားမှာ ကားကြီးဖြစ် သော်လည်း ဆန်အိတ်နှင့် ခရမ်းချဉ်သီးခြင်းတောင်းများတင်ထားသဖြင့် ကားဝမ်းတစ်ခုလုံးပြည့်ကြပ်နေကာ လူစီးစရာနေရာ မရှိပါ။ ထိုအိတ်များပေါ်တွင် ၀ါးကပ်ခင်းလျှက် လူများက ၀ါးကပ်များပေါ်မှ ဖြစ်သလိုလိုက်ပါကြရသည်။ ခရီးအစတွင် အဆင် ပြေမည်ကဲ့သို့ရှိ၏။ သို့သော် အတန်ငယ်သွားမိ၍ လမ်းတွင်ဆင်းမည့်ခရီးသည်က သူ့ဆန်အိတ်များကို ချသောအခါ ပြဿနာ တက်တော့သည်။ ဆန်အိတ်များချရန် ဆန်အိတ်များပေါ်ထိုင်နေရသူ ခရီးသည်အားလုံး အောက်သို့ဆင်းပေးရသည်။ ဆန်အိတ်များချပြီးနောက် ၀ါးကပ်ပြန်ခင်းကာ ခရီးသည်များပြန်တက်၏။ သည်တွင် သူ့နေရာ ကိုယ့်နေရာလုကာ ရန်ဖြစ်ကြပါသည်။ နေရာကကြပ်၊ ထိုင်လို့ကအဆင်မပြေရသည့်ကြားထဲ သူတို့အော်ကြီးဟစ်ကျယ်၊ နင်ပဲငဆ ဆဲဆို နေကြသည်မှာ အလွန်စိတ်ညစ်စရာ ကောင်းပါသည်။

            ခရီးသည်တစ်ယောက်ဆင်းတိုင်း သူ့အထုပ်များချရန် အားလုံးဆင်းပေးရသည်။ သည်လိုဆင်းလိုက်၊ တက်လိုက်လုပ် ရသည်မှာ ဘယ်နှခါမှန်းကို မသိတော့ပါ။ ကားစပယ်ယာ မိုက်ရိုင်းလိုက်ပုံမှာလည်း ပြောစရာမရှိ။ သူကသာ ကွမ်းများကို နီရဲနေအောင်စားပြီး ကွမ်းတံတွေးများကို ဟိုနားပျစ်ကနဲ၊ သည်နား ပျစ်ကနဲထွေးနေသည်။ ခရီးသည်များကွမ်းစားသောအခါ ဆဲလိုက်ဆိုလိုက်သည်မှာ နားမခံသာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးများကား အလွန်သည်းညည်းခံတတ်သူများ ဖြစ်သော ကြောင့်သာ ကားစပယ်ယာနှင့် ဖက်ရန်မဖြစ်ကြတော့သည်။

            ဟိုနားရပ်လိုက်၊ သည်နားဆင်းလိုက်နှင့်ပင် နတ်မောက်မြို့နယ်၊ စခန်းမကျေးရွာသို့ ည ၈ နာရီခန့်တွင် ရောက်သတည်း။ ကျွန်တော်တို့ရောက်သည် သတင်းကြားတော့ ရွာမှကျေးရွာဥက္ကဌ၊ ကျောင်းအုပ်နှင့် ရွာလူကြီးများ ရောက်လာပါသည်။ ကျွန်တော်က လာရခြင်းအကြောင်းရှင်းပြသည်။ နောက်နေ့နံနက်တွင် ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းကျောင်းသို့ သွားကြည့်သည်။ ကျောင်းအုပ်ဆရာကြီး ဦးစောလှသောင်က ရွာမှာအလွန်ဆင်းရဲလှကြောင်း၊ ရွာသားများတွင် လယ်မရှိ။ ကိုင်းမှာလည်း ၀မ်းစာကိုပင်ပြည့်အောင် မဖြည့်ပေးနိုင်သည့်အတွက် အခြားဘေးဘီကုန်ကျစရာ များ ဘာမှမလုပ်နိုင်။ သို့အတွက် လက်ရှိကျောင်းနှင့်ပင် ဖြစ်သလိုနေရကြောင်းများ ပြောပြပါသည်။

            ကျောင်းမှာ သွပ်မိုး၊ ပျဉ်ထောင်ဆိုတော့ သိပ်မဆိုးလှ။ သို့သော် စာသင်ခုံ  လုံးဝမရှိ။ ဆရာကြီးက စာသင်ခုံများ လှူစေချင်သည်။ ကျွန်တော်လည်း ကျောင်းကိုဓါတ်ပုံရိုက်၊ သိချင်သည်များမေးပြီး အဆင်ပြေသည့်အချိန် လှူပါမည်ဟု ပြောခဲ့၏။

နောက်နေ့တွင် စခန်းမ မှ နတ်မောက်သို့ ခရီးဆက်ခဲ့သည်။ ကားမရှိသဖြင့် လမ်းဘေးဇရပ်ပေါ်၌ တစ်နေ့လုံး ကားစောင့်နေရ၏။ ထိုအနီးတွင်ဖွင့်ထားသည့် ထမင်းဆိုင်၌ပင် နေ့လည်စာ စားကြသည်။ ဘာဟင်းများရနိုင်သလဲ ဟု မေးသော် ကြက်သားဟင်း ရှိသည်ဟု ဆို၏။ သို့နှင့် ဒေါ်ဆိုးရင်နှင့် ကျွန်တော် အနှီတစ်မျိုးတည်းသော ကြက်သားဟင်းနှင့် စားကြသည်။ ကျွန်တော့် တစ်သက်တာ စားဖူးသမျှ အစားအစာများထဲတွင် အညံ့ဆုံးဟင်းလျာပင် ဖြစ်ပါတော့သည်။ ကျွန်တော့်မှာ ထမင်းပန်းကန်တစ်ဝက်ပင် ကုန်အောင်မစားနိုင်။ ရွာမှာ လေးအိမ်တန်း ထင်ပါသည်။ မေ့နေပြီ။
            နောက်တော့ ထော်လာဂျီတစ်စီးလာသည်နှင့် တက်လိုက်ခဲ့သည်။ နတ်မောက်သို့ ညနေ ၄ နာရီလောက် ရောက်၏။ ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်ပြတိုက်တို့သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ညစာကို တရုတ်ဆိုင်မှ ခေါက်ဆွဲကြော် မှာစားကြသည်။ နတ်မောက်မှ ခေါက်ဆွဲကြော်မှာလည်း လေးအိမ်တန်းတွင်စားခဲ့ရသည့် ကြက်သားဟင်းထက် သာတယ်ဆိုရုံ ကလေးမျှ ဖြစ်ပါ၏။ ၀က်ဆီကဲ့သို့သော ဆီများစေးကပ်ကပ်နှင့် ဘယ်လိုမှ စားလို့အဆင်မပြေပါ။ ယနေ့အတွေ့အကြုံကား ကျွန်တော့်ဘ၀၌ တော်တော်နှင့်မေ့လို့မရမည့်နေ့များတွင် တစ်နေ့အပါအ၀င် ဖြစ်ပေတော့မည်။


            နောက်နေ့တွင် နတ်မောက်မှ မကွေး၊ မကွေးမှ မင်းဘူး၊ မင်းဘူးမှစလင်းသို့ ခရီးဆက်ခဲ့၏။ စလင်းသို့ နေ့လည် ၂ နာရီခွဲတွင်ရောက်သည်။ စလင်း၌ ကိုသောင်းတန် အဆင်သင့်စောင့်နေသည်။ ညနေစောင်းသော် စလင်းနှင့်မလှမ်းမကမ်းတွင် ရှိသော မြေမိကုန်း အ.မ.က သို့ စက်ဘီးကိုယ်စီနှင့် သွားရောက်လေ့လာကြသည်။ ကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်လှတုတ် ဖြစ်၏။ ကျွန်တော်တို့က ကျောင်းသို့လှူရန် ရည်မှန်းထားကြောင်း၊ သို့အတွက် လက်သမားခေါ်ကာ ကျောင်းအခင်းနှင့် အကာအတွက် မည်မျှကုန်ကျမည်ကို တွက်ချက်ထားလိုက်ပါရန် ဆရာမကြီးအား မှာခဲ့ပါသည်။ ကျောင်းမှအပြန်တွင် ဆေးရုံ ကြီးသို့ ၀င်ကြပါသည်။ ကျွန်တော်တို့က စနေဓမ္မမိတ်ဆွေများအဖွဲ့အနေနှင့် ယခုလတွင် ဤဆေးရုံကြီးသို့လှူဒါန်းရန် ရှိပါကြောင်း၊ သို့အတွက် ဆေးရုံတွင်လိုအပ်သည်များကို အကြံပေးပါရန် ဆရာဝန်ကြီးနှင့်ဆွေးနွေးရာ ဆရာဝန်ကြီးက ယခုမူ မှောင်နေပြီ ဖြစ်သဖြင့် လင်းလင်းချင်းချင်းမြင်နိုင်ရန် နက်ဖြန်မနက်မှလာပါရန်၊ ဆေးရုံအခြေအနေနှင့် လူနာများကို မျက်မြင် ကိုယ်တွေ့ကြည့်ပြီးမှ ဘာလှူမည်ဆိုသည်ကို ဆုံးဖြတ်ပါဟု ဆိုသဖြင့် ပြန်ခဲ့ကြပါသည်။

            နောက်နေ့နံနက်တွင် မြေမိကုန်းကျောင်းသို့ သွားကြ၏။ မနေ့ကမှောင်နေတော့ သိပ်မမြင်ရ။ ယခုကြည့်လိုက်တော့မှ ကျောင်းမှာ အခြေအနေတော်တော်ဆိုးမှန်း မြင်ရသည်။ ကျေးရွာဥက္ကဌနှင့် ဆရာမကြီးတို့က ကျောင်းအခြေအနေကို အောက်ပါအတိုင်းရှင်းပြပါသည်။

“ကျောင်းမှာက အကာမရှိတော့ ဆောင်းတွင်းဘက်ဆို လေတိုက်ပြီးအေးလွန်းလို့ စာမသင်နိုင်ဘူး။ မိုးတွင်းမှာလည်း မိုးသည်းရင် မိုးပက်ပြီး စာမသင်နိုင်ဘူး။ အခင်းကလည်း မြေကြီးအခင်းဆိုတော့ မညီမညာမို့ ရှိစုမဲ့စုခုံးလေးတွေ အကုန် ကျိုးကုန်ပြီ။ ရွာကဆင်းရဲတော့ အလှူငွေက ကောက်လို့မရ၊ အစိုးရဆီ ပြင်ဆင်စရိတ်တင်ထားတာလဲ ကြာလှပြီ။ ခုထိ ကျမလာ ဘူး။”  

သည်တော့ ကျွန်တော်နှင့်ကိုသောင်းတန်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နောက်လမှာ လှူမယ် ဟု တစ်ထိုင်ထဲဆုံးဖြတ်လိုက်ကြပါတော့သတည်း။ ဆရာမကြီးက မနေ့က ကျွန်တော်တို့မှာထားသည့်အတိုင်း လက်သမား ဆရာနှင့် တွက်ချက်ထားသည့် ခန့်မှန်းကုန်ကျစရိတ်စာရွက်ကို ပေးလိုက်ပါသည်။  

            နံနက် ၁၀ နာရီတွင် ဆေးရုံကြီးသို့ သွားကြည့်ကြပါသည်။ စာရေးကြီးဦးထွေးက ဆေးရုံခွဲစိတ်ခန်းတွင် လေအေးစက် ပျက်နေသဖြင့် ခွဲစိတ်ရာတွင် ဆရာဝန်ကြီးရောလူနာပါ အဆင်မပြေကြောင်း၊ အထူးသဖြင့် နွေရာသီတွင် ပူကပူ၊ ညှီစော်ကနံ၊ ချွေးသံကတရွှဲရွှဲ၊ ခွဲစိတ်ခန်းတံခါးက ဖွင့်လို့မရနှင့် အလွန်ဒုက္ခရောက်သဖြင့် ခွဲစိတ်ခန်းလေအေးပေးစက်ကိုသာ လှူစေလို ကြောင်းပြောလာပါသည်။ ကျွန်တော်တို့လည်း လှူမည့်ငွေပမာဏနှင့် အဆင်ပြေမည်ဆိုလျှင် တပ်ဆင်ပေးပါမည်ဟု ပြောခဲ့ ကြ၏။ ဆေးရုံတွင် မြို့ထဲမှအလှူရှင်တစ်ဦးလှူထားသော မီးစက်ရှိကြောင်းလည်း ပြောပါသည်။

            နေ့ခင်း ထမင်းစားအပြီး လဖက်ရည်သောက်ကြစဉ် ပွိုင့်လဖက်ရည်ဆိုင်ပိုင်ရှင် ဆရာပိန်က သူ့တွင်ရှိသော မြန်မာ့ဓန စာအုပ်ပေးသဖြင့် ရှာကြည့်ကြရာ မြင်းကောင်ရေ ၁.၅ ရှိ ဂျီဂျီအိုင်အမျိုးအစား လေအေးပေးစက်မှာ နှစ်သိန်းမျှသာ ရှိသဖြင့် ထို စက်ကိုဝယ်ယူလှူဒါန်းကာ ပိုသောငွေကို ဆေးရုံတက်နေသော ဆင်းရဲသည့်လူနာများကို လှူဒါန်းရန် ဆုံးဖြတ်လိုက်ကြပါသည်။ လှူမည်ဆိုတော့ ကိုပိန်က ၀မ်းသာအားရနှင့် “အဆင်သင့်လိုက်တာဗျာ။ ကိုလင်းရယ် မနက်ဖြန်ရန်ကုန်သွားလိမ့်မယ်။ ကျွန်တော် သူ့ကိုခေါ်လိုက်မယ်” ဟု ဆိုကာ ဖုံးဆက်၏။ ကိုလင်းလည်း ချက်ခြင်းရောက်လာသည်။ ကျွန်တော်တို့လည်း လေအေးစက် အမျိုးအစား၊ ဈေးနှုံး၊ ဆိုင်နာမည် စသည်တို့ကို စာနှင့်လည်းရေး၊ ပါးစပ်နှင့်လည်း သေသေချာချာမှာလိုက် ပါသည်။ ကိုလင်းက သူရန်ကုန်ရောက်ရောက်ချင်း ၀ယ်ကာ စလင်းကားနှင့် ပြန်ထည့်ပေးလိုက်ပါမည်။ ၂၁ ရက်နေ့လောက် ပစ္စည်းရောက်ပါလိမ့်မည်ဟု ဆို၏။

            ပစ္စည်းကိစ္စပြီးတော့ ကျွန်တော်နှင့်ကိုသောင်းတန်တို့ ဆေးရုံသွားကာ ပိုသောပိုက်ဆံကို ဆေးရုံတက်နေသော လူနာ ၁၃ ဦးအား တစ်ဦးလျှင် လေးထောင်ကျော်ဖြင့် စုစုပေါင်း ငွေ ငါးသောင်းလေးထောင်ကျော်ကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလိုက်ကြ ပါသည်။ ၀မ်းမြောက်ဖွယ်ကောင်းပေစွ။ 

            သြဂုတ်လ ၁၈ ရက်နေ့တွင် စလင်းရွှေကျောင်းဆရာတော် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ပရဟိတဂေဟာသို့ သွားကြည့်ကြသည်။ ဆရာတော်က ရန်ကုန်ကြွနေသဖြင့် မရှိ။ ရှိသော ဦးပဉ္ဇင်းတစ်ပါးအား ကျွန်တော် တို့အလှူအကြောင်း ရှင်းလင်းပြောပြကာ ကျောင်းရှိကျောင်းသားဦးရေ၊ ဆရာဆရာမများအခြေအနေစာရင်း၊ ကျောင်းတွင် လိုအပ်နေသောပစ္စည်းစာရင်း နှင့် ခန့်မှန်းကုန်ကျစရိတ် စသည်တို့ကို ယူခဲ့သည်။ ဦးပဉ္ဇင်းက ဆရာတော်၏ သဘောထားကို ပြောပြပါသည်။

            “ဆရာတော်က တော်တော်လေး မျှော်လင့်ထားတာဗျ။ သူက ကလေးတွေကို စာသင်ပေးရုံလောက်တင် မဟုတ်ဘူး။ စာဘက်မှာမထူးချွန်တဲ့ကလေးတွေကို လက်သမားအတတ်၊ ပန်းရံအတတ် စတဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေပါ သင်ပေးချင်တယ်။ အခု အဲဒီအုတ်မြစ်ချထားတဲ့နေရာမှာ နှစ်ထပ်ကျောင်းဆောက်မယ်။ ကျောင်းအတွက်ပုံလည်း ဆွဲပြီးပြီ။ အလှူခံစာအုပ်တွေ လုပ်ပြီးတော့လည်း ဖြန့်ထားတယ်။ ကျောင်းဆောက်ဖို့ကတော့ ငွေတော်တော်လိုလိမ့်မယ်။ ကျောင်းပြီး သွားရင်တော့ သေသေချာချာသင်နိုင်ပြီပေါ့။” ကျွန်တော်နှင့် ကိုသောင်းတန်တိုင်ပင်ကာ နောက်လတွင်လှူမည်ဖြစ်ကြောင်း ဦးပဉ္ဇင်းကို ပြောခဲ့ပါသည်။

             နေ့လည်ဘက်တွင် ကန်ပက်လက်မှဟုဆိုသော ဆေးရုံမှကောင်လေးတစ်ယောက်ထံသွားပြီး ကန်ပက်လက်သို့ မည်ကဲ့သို့သွားရမည်ကို စုံစမ်းကြပါသည်။ ကိုသောင်းတန်၏အသိ သမ၀ါယမဦးစီးမှူးဟောင်း ဒေါ်အေးမြင့်က တည်းခိုရေး အဆင်ပြေစေရန် ကန်ပက်လက်မှ သူ့အသိများထံ စာရေးပေးလိုက်ပါသည်။


(၄၅) ချင်းပြည်နယ်သို့ သွားရောက်ကြခြင်း


            စင်ကာပူတွင်ရှိစဉ် စနေဓမ္မမိတ်ဆွေများ စကားဝိုင်း၌ ကျွန်တော်က ပြည်နယ်မြို့လေးများတွင်ပါ သွားရောက်လှူရ မကောင်းဘူးလားဟု စကားစမိသည်မှ စ၍ ကန်ပက်လက်ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို လှူရန် ဆတ်ဆော့မိပါသည်။ နောင်တွင် အခြားသူများက ကန်ပက်လက်ခရီး အလွန်ခက်သည် ပြောသဖြင့် ကန်ပက်လက်အစား အခြားနေရာများ ကို လှူရန်ပြောသော် မိတ်ဆွေများက ကျုပ်တို့က အလှူရှင်တွေကို ကန်ပက်လက်လှူမယ်လို့ စကားကျွံပြီးသား ဖြစ်နေပြီဗျ ဟု အပြစ်တင်ပါသည်။ ဤသည်ကိုမခံနိုင်သော ကျွန်တော်က ကိုင်း၊ ဒီလိုမှဖြစ်နေရင်လဲ မြန်မာပြည်ပြန်တဲ့အခါ ကိုယ်ကိုယ်တိုင် သွားလှူမယ်ကိုယ့်လူ ဟု ဇွတ်အတင်းတိုးပါသည်။ ကိုသောင်းတန်ကတော့ မသွားစေချင်ပါ။ သို့သော် ကျွန်တော့်မှာ မဟုတ်သည့်နေရာတွင် အလွန်ခေါင်းမာတတ်သူ ဖြစ်သည့်အတွက် မဖြစ်ဖြစ်အောင်သွားမည် ဟု တင်းခံနေ၏။ ဒါဆိုရင် ကိုအေးငြိမ်းသွားတဲ့အခါ ကျွန်တော်ပါလိုက်ခဲ့မယ် ဟု ကိုသောင်းတန်က ပြောပါသည်။

            ယခု မြန်မာပြည်ပြန်ရောက်ခိုက် သူနှင့်ကျွန်တော် အချိန်းအချက်ပြုကာ ကန်ပက်လက်သို့သွားရန် စိုင်းပြင်းကြခြင်း ဖြစ်ပါသည်။ ကျွန်တော်ကျွံခဲ့မိသော စကားအတွက် နောင်တမရပါ။ ကန်ပက်လက်သို့ ကျေကျေနပ်နပ်ပင် သွားခဲ့ပါသည်။ သည့်အတွက်လည်း ဒေသန္တရဗဟုသုတ အများကြီးရပါသည်။ အနို့ ဘာကိစ္စမှမရှိဘဲ သည်လောက်ခက်ခဲသည့်ခရီးကို တကူးတက မည်သူသွားပါမည်နည်း။

            ၂၀၀၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကန်ပက်လက်ခရီးစ၏။ ကိုသောင်းတန်နှင့်ကျွန်တော် ကျောပိုးအိတ် တစ်ယောက်တစ်လုံးနှင့် စလင်းမှ နံနက် ၈ နာရီခွဲထွက်သောကားဖြင့် ဆိပ်ဖြူသို့လိုက်ပါခဲ့ကြသည်။ တံတားထိပ်တွင်ဆင်း၍ မေးမြန်းပြီး ကားဂိတ်သို့လာကာ ကားစောင့်၏။ ၉ နာရီခွဲသော် ကန်ပက်လက်သွားမည်ဆိုသော B.M ကားကြီးတစ်စီး ကုန်အပြည့်နှင့်ဆိုက်လာသဖြင့် ကြပ်ကြပ်တည်းတည်းပင် လိုက်ခဲ့ကြသည်။ လမ်းတွင် ကန်ဇွန်းမရွာ၌ နေ့လည်စာ စားကြ သည်။ မိုးတွင်းကလည်းဖြစ်ပြန်၊ မြေလမ်းကလည်းဖြစ်ပြန်ဆိုတော့ လမ်းဆိုးလိုက်သည်မှာ ပြောစရာမရှိ။

            ကားကမရုန်းနိုင်သောအခါ ကျွန်တော်တို့ခရီးသည်များပါ ၀ိုင်းကြ၀န်းကြရသည်။ ကားဘီးချော်နေသော နေရာများ၌ ၀ိုင်းတွန်းကြ၊ လမ်းကိုကျောက်ခဲများ ဖို့ကြနှင့် ကုသိုလ်တော့ အတော်ရပါသည်။ နဂါးပွက်တောင်ရောက်သော် ကားဘီး လေစိမ့်သဖြင့် ဘီးဖာရပြန်သည်။ မည်သည့်အချိန်မှ ကန်ပက်လက် ရောက်မည်မှန်းမသိသဖြင့် ညနေစာ စားလိုက်ကြပါသည်။ ဤညနေစာကိုလည်း ကျွန်တော့်မှာ မနိုင့်ရင်ကာ ကျိတ်မှိတ်မြိုချရပါသည်။ အဘယ်ကြောင့်ဆိုသော အကာအရံမရှိသော ချက်ပြုတ်သည့်နေရာကို အတိုင်းသား မြင်နေရသောကြောင့် ဖြစ်၏။ အစားအသောက်နှင့် ပတ်သက်၍ ညစ်ပတ်လျှင် ကျွန်တော်က အလွန်ရွံတတ်သည်။ တောင်ပေါ်ဖြစ်၍ ရေကလည်းရှားပြန်၊ တောသူတောင်သားတို့သဘာဝ ညစ်ကလည်း ညစ်ပတ်ပြန် ဆိုတော့ တွေးသာကြည့်ပါတော့ခင်ဗျား။

            မြေကြီးပေါ်ချထားသော ငြုပ်ဆုံကို သေသေချာချာကြည့်လျှင် လွန်ခဲ့သောဆယ်ရက်ခန့်က ထုထောင်းထားသော ငြုပ်သီးဖတ်များကို တွေ့ရပါလိမ့်မည်။ ၀ါးကြမ်းပြင်အစွန်း၌ တင်ထားသော စဥ့်နှီးတုံးမှာ စတင်ခုတ်စဉ်ကတည်းက ယနေ့ထိတိုင် တစ်ခါမှ ဆေးဖြစ်သေးဟန်မတူ။ မလှမ်းမကမ်း သစ်ပင်ခြေရင်းတွင်မူ ယခု ကျွန်တော်တို့စားနေသော ကြက်၏ ယခင်ဘ၀က အမွေးအတောင်များနှင့် ကလီစာများကို တွေ့ရပါသည်။ ကြက်သားဟင်းအိုးအကြောင်းတော့ စကားမစပ်ပါနှင့်။ ထင်းမီးနှင့်နေ့တိုင်းချက်ကာ ရေရှားသဖြင့် ချွေတာရေးစနစ်ဖြင့် ဆေးကြောထားသည့်ဟင်းအိုး ဖြစ်သည်ဆိုတော့။ သို့သော် ညစ်ပေမင့် လေးအိမ်စုတွင် စားခဲ့ရသောဟင်းထက် သူကပိုကောင်းသဖြင့် တော်သေးသည် ဆိုရမည်။     

            ကိုသောင်းတန်ကိုကြည့်လိုက်တော့ ဆာဆာနှင့်မြိန်ရေရှက်ရေ စားနေတာတွေ့ရပါသည်။ ကောင်းပေစွ။

            ဘီးဖာပြီး ဆက်လက်ချီတက်ခဲ့ကြပြန်ရာ ညနေ ၆ နာရီခွဲ၊ ဆင်ခေါင်းစခန်းသို့ရောက်သော် ကားမှ Universal Joint ကျိုးသဖြင့် ကျွန်ုပ်တို့ခရီးရှည်ဇာတ်လမ်း ဤတွင် တစ်ခန်းရပ်သတည်း။ Universal Joint ဟူသည် ကားအင်ဂျင်မှ ဘီးများသို့ ပါဝါ ပို့ပေးသော ၀င်ရိုးအဆက်ဖြစ်လေရာ ဤအဆက်မကောင်းသမျှ ကာလပတ်လုံး ဘယ်လိုအကြောင်းနှင့်မှ ကားသွားလို့ ရနိုင်စရာမရှိပါ။ နောက်ကားလာဘို့ဆိုတာ ဝေးသေးသည်။ ဆော သို့ရောက်ရန်ကလည်း အတော်လှမ်းသေး၏။ ကားဆရာများမှာမူ တခြားရွေးစရာလမ်းမရှိသဖြင့် သည် universal joint အကျိုးကို ဂဟေဆော်ရန် ဆောသို့ ခြေလျင်ခရီး နှင်သတည်း။  

            ကျွန်တော်တို့အဖို့မူ သည်စခန်းတွင် ၀င်ရိုးကျိုးသည်ကိုပင် ကျေးဇူးတင်ရပါဦးမည်။ စခန်းဆိုတော့ ရေနွေးကလေး ဘာလေးသောက်လို့ရသည်။ တောကြီးမျက်မဲထဲ၌ဆိုလျှင် ဘာရှိမည်နည်း။ သို့ဖြင့် ကျွန်တော်တို့ ဒုက္ခသည်တစ်စုလည်း အနီးရှိ တဲကလေးများသို့သွားကာ ရေနွေးသောက်ရင်း ရောက်တတ်ရာရာများ ပြောဆို၊ အချိန်ဖြုန်းရပါတော့သည်။ 

            ကျွန်တော်တို့နှင့် အတူလိုက်ပါလာသူ အစ်မကြီးတစ်ဦးကမူ “သူတို့မို့လို့ လူမနီးသူမနီး၊ ဒီလောက်ဝေးတဲ့ တောကြီး ခေါင်ခေါင်ထဲ လာနေနိုင်ကြတယ်။ ဘာဖြစ်လို့များ နီးနီးနားနား မနေနိုင်ကြတယ်မသိ။ ကျွန်မမောင်လေးက ဆောက မိန်းကလေးနဲ့ အိမ်ထောင်ကျတယ်။ အခု အသည်းအသန်ဖျားနေတယ်ဆိုလို့ ကြေးနန်းရလို့လိုက်လာတာ။ ကျွန်မက ၀န်ထမ်း ဆိုတော့ ခွင့်ရက်သိပ်ရတာမဟုတ်ဘူး။ ဒီလိုပဲ တစ်ရက်၊ တစ်ရက်နဲ့ ရက်တွေပွန်းလှပြီ။ . . . .” စသဖြင့် မဆုံးနိုင်သော ငြီးချင်း ရှည်ကို သီဖွဲ့နေပါသည်။

            ကျွန်တော့်အဖို့မူ ငြီးနေလည်း အကျိုးထူးမည်မဟုတ်သဖြင့် ထိုစခန်းမှလူများ၏ ဘ၀အကြောင်း တစ်ယောက်ပြီး တစ်ယောက် စပ်စုနေသည် ဟူသတတ်။  အတူလိုက်လာသူ အဖော်များအားလည်း ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ စသဖြင့် ငယ်ငယ်တုံးက သင်ခဲ့ရသော ဖတ်စာအတိုင်း စကားလက်ဆုံ ကျနေပါလေ၏။

            ည ၈ နာရီခန့်တွင် နောက်မှလိုက်လာသော ဟိုင်းလပ်ကားကလေးမီလာ၍ ကျွန်တော်တို့မှာ ကြပ်ကြပ်တည်းတည်း နှင့်ပင် ဆက်လိုက်လာခဲ့သည်။ ဆောသို့ရောက်သော် ည ၁၀ နာရီတီးနေပြီ။ ခေတ္တနား၊ လဖက်ရည်သောက်ပြီး ကန်ပက်လက် သို့ ဆက်တက်လာခဲ့၏။ မိုးကလည်း ဆောမှ စထွက်ပါပြီဆိုကတည်းက မည်သည့်အချိန်ကတည်းက ညိုးထားသည်မသိ။  သည်းသည်းမည်းမည်း မနားတမ်း ရွာပါတော့သည်။ ကားက အမိုးမရှိ။ မိုးတော်တော်ရွာလာတော့ တာလပတ်ဖြင့် မိုးပေးသည်။ သို့သော် အထဲသို့မိုးရေများ စီးကျသည်ဖြစ်ရာ မထူးလှပါ။ ကျွန်တော်တို့အားလုံးမှာ ၀တ်လာသော အ၀တ်များသာမက ပါလာသော အိတ်များအားလုံး ရွှဲစိုကုန်ပါသည်။

            ဒုက္ခသုက္ခများစွာနှင့်ပင် ညသန်းခေါင်းကျော်၊ ၁၂ နာရီခွဲခန့်တွင် ကန်ပက်လက်သို့ ရောက်သတည်း။ အချိန်ကလည်း လင့်။ မိုးကလည်းသည်း နှင့်။ ကျွန်တော်နှင့်ကိုသောင်းတန်မှာ မိုးထဲရေထဲ ဘယ်ကိုသွားကြမလဲဟု တိုင်ပင်ရပါသည်။ နောက် တော့ “ကိုင်း၊ အချိန်ဆွဲနေလို့ မဖြစ်ပေဘူး။ ဘုန်းကြီးကျောင်းကို လှူရအောင်လာတဲ့ကိစ္စ၊ ဘုန်းကြီးကျောင်းဆီ သွားတည်းတာ ပဲ အကောင်းဆုံးဖြစ်လိမ့်မယ်။ အိပ်နေလည်း နှိုးရတော့မှာပဲ။ မတတ်နိုင်ဘူး။” ဟု ဆိုကာ ဘုန်းကြီးကျောင်းသို့ ၀င်ကြပါသည်။

            ကျွန်တော်တို့ဝင်သွားသော် ကျောင်းသားလေးတစ်ဦး ထွက်လာသဖြင့် ဘုန်းကြီးကို သွားနှိုးခိုင်းရသည်။ ဦးပဉ္ဇင်း နှစ်ပါး ထွက်လာ၏။ ကျွန်တော်တို့က လာရင်းကိစ္စ အကျဉ်းရုံးပြီးရှင်းပြရသည်။ ခေတ္တမျှ စကားစနေပြောအပြီး ကျွန်တော်တို့ လည်း ချမ်းလှသဖြင့် အိပ်ရန်ပြင်ရသည်။ ဦးပဉ္ဇင်းများက “ဒါယိကာကြီးတို့ချမ်းလိမ့်မယ်၊ စောင်လေးငါးထပ်သာ ခြုံပြီးအိပ်ကြ ပေတော့။ ကျုပ်တို့ရောက်စကလည်း ဒီလိုပဲ၊ ချမ်းလို့ စောင်လေးငါးထပ်ခြုံအိပ်ရတာပဲ” ဟု ဆိုကာ စောင်များထုတ်ပေးပါသည်။ ကျွန်တော်တို့လည်း ဘာဘာညာညာတွေးမနေအား။ ချမ်းလှသည်နှင့် စောင်များခြုံပြီးကွေးလိုက်ရာ မိုးလင်းမှ တစ်ရေးနိုးတော့သည်။


(၄၆) ကန်ပက်လက်၌ လှူဒါန်းကြခြင်း


            နောက်နေ့တွင်လည်း တစ်နေ့လုံးမိုးရွာနေပါသည်။ ကျွန်တော်တို့မှာ ၀တ်လာသော အ၀တ်များလည်း မိုးစို။ အိတ်ထဲမှ အ၀တ်များအားလုံးလည်း မိုးစို ဆိုတော့ ၀တ်စရာမရှိ။ ထို့ကြောင့် အိပ်ယာမှ ထထခြင်း ပထမဦးဆုံးလုပ်ရသည်မှာ အ၀တ်များ ကို ခြောက်သွားအောင် မီးကင်ရခြင်း ဖြစ်ပါသည်။ အတော်လေး ခြောက်သွားတော့မှ ကျောင်းပေါ်တက် နံနက်စာစားရင်း ဦးဇင်းများနှင့် စကားစနေပြောရသည်။

            သည်ဦးဇင်းများမှာ ကျောင်းထိုင်ဘုန်းကြီးများမဟုတ်။ ရန်ကုန်နှင့် မန္တလေးပါဠိတက္ကသိုလ်များမှ ကျောင်းပြီးသဖြင့် ကျမ်းပြုရန်ရောက်နေသော ဦးပဉ္ဇင်းများ ဖြစ်ကြောင်း သိရပါသည်။ ဘွဲ့များမှာ နှစ်ပါးစလုံး ဦးဥတ္တမ ချည်းဖြစ်၏။ တစ်ပါးမှာ စလင်းမှ ဖြစ်ပြီး နောက်တစ်ပါးမှာ တပ်ကုန်းမှ ဖြစ်သည်ဟု ဆိုပါသည်။

            ဦးဥတ္တမ(စလင်း) က အောက်ပါအတိုင်း ရှင်းပြပါသည်။

            “ဦးပဉ္ဇင်းတို့က ကျမ်းပြုရအောင်လာတာဆိုတော့ ၂ နှစ်ပဲနေရမယ်။ ၂ နှစ်ပြီးရင် နောက်ထပ် ကျမ်းပြုမဲ့ နှစ်ပါး ရောက်လာလိမ့်မယ်။ ဒါပေမဲ့ ဦးဇင်းကတော့ ခဏနေရသည်ဖြစ်စေ၊ ရောက်တုံးခဏ တတ်နိုင်သမျှ ကလေးတွေအတွက် ကောင်းအောင်လုပ်ပေးသွားမယ်။ ဓမ္မာရုံတစ်ခုဆောက်ဘို့လည်း အားယူနေတယ်။ တရားပွဲလေးဘာလေး ကျင်းပလို့ရတာ ပေါ့။ နောက်တော့ ၀ိပဿနာတရားပွဲတွေ ကျင်းပပေးပြီး တရားစခန်းဖွင့်ဘို့လည်း ကြံထားတယ်။ အခု ဟောဟိုမှာ စာသင်ပေး နေတဲ့ ဆရာလေးက ဘွဲ့ရပြီးပြီ။ ဆရာ၊ ဆရာမ စုစုပေါင်း ၅ ယောက်ရှိတယ်။ ပညာဒါနပေးကြရတယ်ပေါ့။ ဒီနှစ်မှာ ကိုရင် ၁၀ ပါး၊ ကျောင်းသား ၄၈ ယောက်၊ ကျောင်းသူ ၂၀။ စုစုပေါင်း ၇၈ ယောက် ရှိလာတယ်။ မနှစ်တုံးက ၅၉ ယောက်ပဲရှိတယ်။ အောက်ထပ်ကိုတော့ ပရဟိတလုပ်ထားတယ်။ အနီးအနားက မိဘမဲ့ကလေးတွေခေါ်ပြီး စောင့်ရှောက်ထားတာ။ အလှူရှင်ရှား တော့ ကလေးတွေခမျာ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ သနားစရာလေးတွေပါဗျာ။”

            ကျွန်တော်တို့ အောက်ထပ်ရှိ ကလေးများနေရာကို သွားကြည့်ကြသည်။ ကလေးများမှာ အ၀တ်အစား မလုံ့တလုံ။ အနွေးထည်နှင့် စောင်များမလောက်င။ နေရသည်မှာလည်း လုံလုံခြုံခြုံမရှိ။ အစားဆိုတာကရော။ သူတို့အဖို့တော့ စားစရာ ရှိနေတာပဲ တော်လှပြီ။ ရွေးစရာမရှိ။ ဘာပဲစားရစားရ။ ဗိုက်ပြည့်ဘို့က ပိုအရေးကြီးသည်။ ကလေးများအား စိတ်မကောင်းစွာ ကြည့်ခဲ့ကြပြီး မြို့ထဲလျှောက်ကြသည်။

            အပေါ်အင်္ကျီများကလည်း မခြောက်သေး။ အေးကလည်းအေးလှသည်နှင့် ဦးဇင်းများပေးထားသော စောင်ကြီးများ ခြုံလျှက် စလင်းမှ ဒေါ်အေးမြင့်ပေးလိုက်သော စာအရ ဦးမြမောင်းတို့အိမ်သို့ ကျောင်းမှကိုရင်လေးကို လိုက်ပို့ခိုင်းရသည်။ စာဖတ်ပြီးသော် ဦးမြမောင်းက ပြာပြာသလဲနှင့် “ဟာ၊ ဆရာတို့၊ ညကတည်းက လာရောပေါ့ဗျာ။ ဘယ်အချိန်ရောက်ရောက်၊ လာသာလာခဲ့ပါ။ အားနာစရာမရှိပါဘူး။” ဟု ဆိုကာ အနွေးထည်များ ထုတ်ပေး၏။ ကျွန်တော်တို့မှာ ချမ်းကလည်းချမ်း၊ စောင် ကြီးများခြုံထားရတာကလည်း မတင့်တယ်လှသဖြင့် ဟန်ပင်မဆောင်နိုင်။ ပေးလာသော အနွေးထည်များကို ချက်ခြင်းပင် ကောက်ကက် ၀တ်လိုက်ကြ၏။ ဦးမြမောင်းက ကိုရင်လေးကို ကျောင်း၌ထားခဲ့သော ကျွန်တော်တို့အိတ်များအား သွားယူ စေကာ သူ့အိမ်တွင်တည်းစေပါသည်။ ၎င်းတို့ကား တောသူတောင်သားများဖြစ်သဖြင့် ဧည့်ဝတ်ကျေလှသည်။ ဘုန်းကြီးများ ကဲ့သို့ ကျွန်တော်တို့ကို အစစအရာရာ လုပ်ကိုင်ပေးနေရာ ကျွန်တော်တို့မှာ အလွန်အားနာရ၏။

            (စကားဖြတ်၍ပြောပါဦးမည်။ မိတ်ဆွေများခင်ဗျား။ မြန်မာတွေ မကောင်းကြောင်း မပြောပါနှင့်။ ကိုယ်နှင့်တစ်ခါမှ မတွေ့ဖူးသော တစိမ်းသက်သက်ကို ကိုယ့်မိဘများသဖွယ် ပြုစုတာ သည်ကမ္ဘာတွင် မြန်မာပဲရှိမည်ထင်ပါသည်။ ကျွန်တော်က အခြားတိုင်းပြည်များသို့ မရောက်ဖူးသဖြင့် မသိပါ။ ဆင်ခေါင်းစခန်းတွင် ကားပျက်တော့ ထိုစခန်းမှ လူများကလည်း သူတို့ တတ်နိုင်သလောက် ရေနွေးများကြိုကာ ကျွန်တော်တို့ကို ဧည့်ခံပါသည်။ လဖက်၊ ထန်းလျက် စသည်တို့သာရှိပါက လဖက် များဖြင့်ပါ ဧည့်ခံပါလိမ့်မည်။ ဤသည်မှာ အလွန်အင်မတန် ချစ်စရာကောင်းသော ကျွန်တော်တို့ မြန်မာစိတ်ထား နှင့် ရိုးရာ ယဉ်ကျေးမှုပင် မဟုတ်ပါလော။)

            ကျွန်တော်တို့က ကန်ပက်လက်သို့လာရခြင်း အကြောင်းကိုရှင်းပြသော် ဦးမြမောင်းက မ.ယ.က (မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဌ ဦးတင်ကျော်အေးကို ခေါ်ပေးပါသည်။ ဥက္ကဌလည်း ချက်ခြင်းရောက်ချလာ၏။ ကျွန်တော်တို့က သူတို့ကို ကျွန်တော်တို့လာရခြင်းအကြောင်း နှင့် သည်ဒေသတွင် ကျန်းမာရေး၊ ပညာရေး စသည်တို့ အတွက် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်ချက်များရှိမရှိ မေးပါသည်။ သူတို့က ကျွန်တော်တို့ကို ဆေးရုံသို့ခေါ်သွားပြီး ပြပါသည်။ ခရီးလွန်နေသောကြောင့် ဆရာဝန်ကြီးမရှိ။ သူနာပြုဆရာမများသာ ရှိပါသည်။ ဦးတင်ကျော်အေးက ဆေးရုံတွင် ဆောက်လုပ်ဆဲ ဓါတ်မှန်ခန်းမှာ ပိုက်ဆံပြတ်နေသဖြင့် ဆက်မဆောက်နိုင်ပဲ တန်းလန်းကြီးဖြစ်နေကြောင်း၊ သူတို့ဆီမှာလည်း ဆက်ဆောက်ရန် ရံပုံငွေမရှိကြောင်း၊ လက်ရှိဓါတ်မှန်စက်မှာ ဆရာဝန်ကြီး၏ ဓါတ်မှန်စက်ဖြစ်ကြောင်း၊ ဆရာဝန်ကြီးက ဓါတ်မှန်ခန်းရှိလျှင်တော့ သူပြောင်းသွားသောအခါ ဤစက်ကိုလှူခဲ့မည်။ ဓါတ်မှန်ခန်းမရှိလျှင်မူ မလှူနိုင်ဟု ပြောကြောင်း စသဖြင့် ရှင်းပြပါသည်။

            သည်တော့ ကျွန်တော်တို့ တခြားဘာမှ အထွေအထူးစဉ်းစားမနေတော့ပါ။ လောလောဆယ်လိုနေသည့် ဤဓါတ်မှန် ခန်း အတွက်သာ လှူခဲ့ရန် ဆုံးဖြတ်လိုက်ကြပါသည်။ ထို့နောက် နေ့ခင်းတစ်ခေါက်ပြန်လာမည်။ အလှူငွေလက်ခံရန် အဆင်သင့်ပြင်ထားပါရန် မှာခဲ့ပြီး ဘုန်းကြီးကျောင်းသို့ ထွက်ခဲ့ကြသည်။

            မိုးမှာ တဖွဲဖွဲရွာနေပြီး မိုးနှင်းများလည်း ကျနေပါသည်။ နေသာသည်ဟု မရှိ။ ကျွန်တော်တို့မှာ အေးသဖြင့် ဦးမြမောင်း ပေးထားသော အနွေးထည်ကို မချွတ်တမ်းဝတ်ထားရ၏။ ဘုန်းကြီးကျောင်းသို့ရောက်သော် ကျောင်းသားကလေးများကို စုဝေး စေလျှက် အလှူငွေပေးအပ်ပွဲကလေး ကျင်းပသည်။ အလှူငွေမှာ ၂၆၅၀၀၀ ဖြစ်၏။ စာရွက်ဖြူတစ်ရွက်ပေါ်တွင် အလှူငွေ လက်ခံရရှိကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအဖြစ် ရေးပြီး ဂုဏ်ပြုလွှာပေးအပ်ပွဲပါ လုပ်လိုက်သည်။ ပြီးလျှင် အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကြ၏။ မိုးရွာနေသဖြင့် ဓါတ်ပုံရိုက်ချင်သော်လည်း စိတ်ရှိလက်ရှိ မရိုက်ခဲ့ရပါ။

            နေ့လည်စာကို ဦးမြမောင်းတို့အိမ်တွင် စားပြီးသော် ဆေးရုံသို့ထွက်ခဲ့ကြသည်။ ဆေးရုံရောက်သော် ဆရာမများနှင့် စာရေးကြီးတို့က အလှူငွေပေးအပ်ပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောပါသည်။ ထို့နောက် ဓါတ်မှန်ခန်းအတွက် ကျပ် နှစ်သိန်း၊ မီးစက်မောင်းရန် ဆီဖိုးအတွက် ၁၁၀၀၀ ကျပ်၊ ဆေးရုံတက်နေသော လူနာ ၁၇ ဦးသို့တစ်ဦးလျှင် ၄၀၀၀ နှုံးဖြင့် ၆၄၀၀၀ ကျပ်ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့ပါသည်။ လူနာများမှာ ကျွန်တော်တို့ ဘာလုပ်လို့ လုပ်နေမှန်းပင်မသိ။ သူတို့ကို ပိုက်ဆံလာပေးသောအခါ အကြောင်သား ငေးကြည့်နေကြပါသည်။ အချို့လည်း အံ့သြလျှက်။ နောက်မှ သူတို့အချင်းချင်း တီးတိုးတီးတိုး ပြောနေတာတွေ့ရပါသည်။

            ဂုဏ်ပြုလွှာပေးအပ်အပြီး လဖက်ရည်သောက်ရင်း စကားစနေပြောကြပါသည်။ ဦးမြမောင်းက -

“ကျွန်တော်တို့ဆီက ဝေးလံခေါင်ဖျားဆိုတော့ အလှူရှင်ဘယ်ရှိလိမ့်မလဲဗျာ။ မနှစ်တုံးက ပုဂံကတဲ့။ လေ့လာရေးအဖွဲ့တစ်ဖွဲ့ လာတယ်။ ကျွန်တော်တို့အခြေအနေကို မြင်တော့ သူတို့ပါသမျှနဲ့ လှူတယ်။ ပထမတော့ ၅ သောင်းလှူမလို့ပဲ။ နောက်တော့ လမ်းစရိတ်ပဲ ချန်ထားပြီး ကျန်တဲ့ ၇ သောင်းကို အကုန်လှူခဲ့တယ်။ အခု ဆရာတို့လာလှူတာ ကျွန်တော်တို့အဖို့တော့ တကယ့် အိပ်မက်ပါပဲဗျာ။ အံ့လည်းသြ၊ ၀မ်းလည်း အရမ်းသာပါတယ်။ အနို့ ကိုယ့်စရိတ်နဲ့ကိုယ် ဒီလောက်ဝေးတဲ့နေရာကို လာလှူတယ် ဆိုတာ ကျွန်တော့်တစ်သက် ဘယ်ကြားဖူးလို့လဲဗျာ။ ဆရာတို့အဖွဲ့ကိုတော့ ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။”

            ထို့နောက် မိုးရွာထဲမှာပင် ဦးမြမောင်းက သူ့ခြံသို့လိုက်ပို့ပါသည်။ ခြံမှာ ၆ ဧကကျော်ကျယ်ပြီး လက်ဖက်၊ လိမ္မော်၊ ကျွဲကောနှင့် အခြားသီးနှံများစိုက်ပျိုးထားသည်မှာ အားကျစရာဖြစ်ပါသည်။ ကြက်များလည်း အကောင် ၁၅၀ လောက် မွေးထား၏။ ခြံထဲတွင် ခြံထွက် နာနတ်သီး၊ သရက်သီးများ ချကျွေး၏။ နာနတ်သီးများမှာ အလွန်ချိုလှပေရာ ကျွန်တော်လည်း စားကောင်းကောင်းနှင့် နင်းကန်စားလေ၏။ ကိုသောင်းတန်ကတော့ သိပ်မစား။ နာနတ်သီးတန်ခိုးနှင့် ညကျတော့ ၀မ်းတွေ လျှောတော့သည်။ မနက်ကျမှ ကိုသောင်းတန်ကို တိုးတိုးတိတ်တိတ်ပြောပြီး ၀မ်းပိတ်ဆေးသောက်ရ၏။ ညက မကြာခဏ အိမ်သာထသွားရသဖြင့် အိပ်ရေးမ၀သောကြောင့် တစ်ကြောင်း၊ ၀မ်းလျှောသဖြင့် အားနည်းတာက တစ်ကြောင်းကြောင့် လူမှာ ညောင်နာနာ ဖြစ်နေသည်။ ခင်ဗျားဆိုတာ၊ ကိုယ့်ဟာကိုယ် ချင့်ချိန်မစားဘူး၊ ခြံထွက် ခြံထွက်ဆိုပြီး တခါထဲ နင်းကန်စားတာပဲ ဟု ကိုသောင်းတန်က ပွစိပွစိလုပ်၏။

            ကျွန်တော်တို့ခရီးစဉ်မှာ ခုမှ အစပဲရှိသေးသည်။ ဆက်လုပ်စရာများ အများအပြား ကျန်သေးသည်။ နေမကောင်းလို့ မဖြစ်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ကျွန်တော့်မှာ ဘာမှမပြောသာ။ ကိုသောင်းတန်ကိုသာ မချိသွားဖြဲကြည့်နေရလေသည်။



ဆက်ပါဦးမည်။


အေးငြိမ်း

၁၇-၁၀-၂၀၁၁၊ ည ၁၀း၃၀ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027
Email: y_nyein@yahoo.com.sg

No comments: