စင်ကာပူတွင် ရေထိန်းသိမ်းမှုဆိုင်ရာ ပြဌာန်းထားသော ဥပဒေမှာ Water Pollution Control And Drainage Act ဖြစ်၏။ သို့သော် ထိုဥပဒေကို Environmental Protection And Management Act (EPMA) ဖြင့် အစားထိုးလိုက်သည်။ ထို့ပြင် ၎င်းနှင့် ဆက်စပ် ပတ်သက်နေသော အခြားဥပဒေများမှာ -
v Environmental Protection And Management (Trade Effluent) Regulation
v Sewerage and Drainage Act
v Sewerage and Drainage (Sanitary Works) Regulation
v Sewerage and Drainage (Sewerage Treatment Plants) Regulation,
v Sewerage and Drainage (Surface Water Drainage) Regulation
v Sewerage and Drainage (Trade Effluent) Regulation
v Code of Practice on Sewerage and Sanitary Works
v Code of Practice on Surface Water Drainage,
v Singapore Standard CP 48 : Code of Practice for Water Services - တို့ ဖြစ်ပါသည်။
သို့ဆိုလျှင် Act နှင့် Regulation ဘာကွာသနည်း။ ရိုးရိုးသားသားပြောရလျှင် ကျွန်တော်အရမ်းနားမလည်ပါ။ ဥပဒေပညာရှင် များသာ သေသေချာချာ ဂဃနဏရှင်းပြနိုင်ပါလိမ့်မည်။
ကျွန်တော် အင်တာနက်တွင် ရှာလို့ရသလောက်ကတော့ Act ကို ပါလီမန်က အတည်ပြု ပြဌာန်းပေးလိုက်သည်။ Regulation ကမူ ပါလီမန်၏ အတည်ပြုချက်မလို။ သို့သော် အသိအမှတ်ပြု အဖွဲ့အစည်းမှ အတည်ပြုပေးရမည် ဟု ဆိုသည်။ Regulation ဟူသည် Act တွင်ပြဌာန်းထားသည်များကို ပိုမိုပြီးအသေးစိတ်ကျစွာ ပံ့ပိုးပေးသည်။ Act က ဒါ လုပ်ရမည် ဆိုသည်။ သို့သော် လုပ်နည်းလုပ်ဟန်များကို ပြောပြမထား။ သည်လုပ်နည်းလုပ်ဟန်များကို Regulation က ပြဌာန်းပေးသည်။ အသေးစိတ် အချက်အလက်များကို ကိန်းဂဏန်းများနှင့်တကွ Code of Practice က သတ်မှတ်ပေးသည်။ ဤသည်မှာ ကျွန်တော် နားလည်သမျှ ဘာသာပြန်ပေးလိုက်ခြင်း ဖြစ်ပါ၏။
ဤဥပဒေများကို မည်သည့်အတွက်ပြဌာန်းထားပါသနည်း။
အဓိကမှာ ရေထု မညစ်ညမ်းစေရေးအတွက် ဖြစ်ပါသည်။ စင်ကာပူတွင် မညစ်ညမ်းအောင် ထိမ်းသိမ်းရမည့် အဓိက ရေ သုံးမျိုးရှိ၏။
၁။ ကန်ရေ (Lake Water)
၂။ မိုးရေ (Ground Water)
၃။ ပင်လယ်ရေ (Sea Water) တို့ ဖြစ်သည်။
ထိုရေများ၏ အရည်အသွေးကို အဓိက ထိန်းသိမ်းသည်မှာ ရူပ (Physical), ဓါတု (Chemical), ဇီဝ (Biological) သုံးမျိုးဖြစ်၏။
သို့ဆိုလျှင် အဘယ်ကြောင့် သည်ရေထုကို မညစ်ညမ်းအောင် ထိန်းသိမ်းဘို့လိုပါသနည်း။ ကျွန်တော်ရေးခဲ့သော “စင်ကာပူ ရေ” ပို့စ်တွင် စင်ကာပူသည် ရေကို အလွန်အမင်းဂရုစိုက်ထိန်းသိမ်းနေရကြောင်း၊ ရေပြဿနာမရှိအောင် မည်ကဲ့သို့ လုပ်နေကြောင်းများ ရေးခဲ့သည်။ ထို့ပြင် ဘုရားသခင်ပေးသော (အဲလေ ယောင်လို့) ကောင်းကင်မှကျလာသော မိုးရေကို တစ်စက်တစ်ပေါက်ကလေးမှ အလဟဿမဖြစ်ရအောင် အထူးဂရုစိုက် ထိန်းသိမ်းနေကြောင်းရေးခဲ့သည်။ သည်ရေများသည် ရေညစ်များဖြစ်သွားလျှင် မည်ကဲ့သို့သုံးမည်နည်း။ ပြန်သန့်အောင်လုပ်နေရတာနှင့် မလိုလားအပ်သော အလုပ်ပိုတွေ လုပ်ရမည်။ ပိုက်ဆံတွေ ပိုကုန်မည်။
သည်တော့ ရေကို မညစ်အောင် တတ်နိုင်သမျှ ထိန်းနိုင်အောင် ဥပဒေချမှတ်ရသည်။ မလုပ်ချင်သူများကို ဒါဏ်ရိုက်မည်။ ထောင်ချမည်။ (သည်လိုမလုပ်လို့မရ။ ခုပဲကြည့်ပါလား။ ဥပဒေအသက်မ၀င်သော ကျွန်ုပ်တို့ချစ်လှစွာသော မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်တွင် တရုတ်တို့က သူတို့အဖေပေးသော အမွေကဲ့သို့ ကျွန်ုပ်တို့တောအုပ်များကို ခုတ်ချင်သလိုခုတ်၊ ထုတ်ချင်သလိုထုတ်၊ တောကောင်များကို သတ်ချင်သလိုသတ် လုပ်နေကြသည်။ သည်လူများကို ဘယ်ဥပဒေဘက်တော်သား များ ဂရုစိုက် အရေးယူနေပါသနည်း။ အရေးယူမည့် သူများကို အမေရိကန်ဒေါ်လာလေး နည်းနည်းပါးပါးပေးပြီး နှုတ်ပိတ် ထားသည်။ သည်တော့ အနှီ တာဝန်ရှိပုဂ္ဂိုလ်ကြီးများက ဟေ့၊ ငါ့ဟာငါ လုပ်ချင်ရာလုပ်မယ်။ ဘယ်ခွေးမှ လူမထင်ဘူးကွ ဟု မိုက်ကြေးခွဲလေသည်။ သည်းခံပါခင်ဗျား။ လူကြားထဲမျက်ရည်ကျသည့် ပြန်ကြားရေးဝန်ကြီးလို ခံစားချက်တွေ ပြင်းထန် သွားသည်။)
ရေမညစ်ညမ်းအောင် လုပ်ရသည့် ရည်ရွယ်ချက် ၄ မျိုးရှိ၏။
၁။ စင်ကာပူရေအရင်းအမြစ်ကို ကာကွယ်ထိန်းသိမ်းရန်
၂။ ရေကိုသုံးလို့ရနိုင်သည့် အရည်အသွေးရှိနေအောင် ထိန်းထားရန်
၃။ ရေကြောင့်ဖြစ်နိုင်သော ရောဂါဘယများ မပြန့်ပွားစေရန်
၎။ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရန်
အင်မတန်ပျင်းစရာကောင်းလှသည့် ဥပဒေကြီးကို ပြန်ရေးပြရန် ရည်ရွယ်ရင်းမရှိပါ။ စိတ်ဝင်စားကြလိမ့်မည်ဟုလည်း မထင်ပါ။ ဖတ်ချင်သူများတော့ http://statutes.agc.gov.sg/ တွင် ဖွင့်ဖတ်နိုင်ပါသည်။
ဤနေရာတွင် သိသင့်သိထိုက်သည့် အချက်များကိုသာ ကောက်နုတ်ဖော်ပြပေးသွားပါမည်။
၁။ စင်ကာပူနိုင်ငံအတွင်း ဖောက်လုပ်ထားသော ရေမြောင်းများကို ဘုတ်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ မည်သူတစ်ဦးတစ်ယောက်မှ ပြင်ဆင်ခြင်း၊ ပိတ်ဆို့ခြင်း၊ လမ်းလွဲခြင်း၊ ဖောက်လုပ်ခြင်း စသည်မလုပ်ရ။ အကယ်၍ မသိလို့လုပ်မိသည် ဖြစ်အံ့။ ဘုတ်အဖွဲ့မှ ချမှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြန်လည်ပြင်ဆင်ပေးရမည်။
ဤဥပဒေကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်အံ့။ စင်းဒေါ်လာ ၂၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ တပ်ရိုက်မည်။
၂။ ရေမြောင်းအနီး သို့မဟုတ် အပေါ် သို့မဟုတ် အတွင်းတွင် လုပ်စရာကိုင်စရာများ ပေါ်လာသည်ဖြစ်အံ့။
လုပ်ကိုင်မည့် ကန်ထရိုက်တာသည် ရေမြောင်းအတွင်း၊ အပေါ်၊ ဖြတ်လျှက် မည်သည့်အကာအရံ၊ အတားအဆီးမှ မဆောက်လုပ်ရ။ ရေစီးရေလာကို ထိခိုက်စေမည့် မည်သို့သော အရာကိုမှ ဆောက်လုပ်ခွင့်မပြု။ ရေမြောင်းခြံစည်းရိုး၊ လူဝင်ပေါက် (Manhole), ရေမြောင်းနံရံ၊ ၀ါယာလိုင်း၊ ပိုက် စသည်တို့ကို ဘုတ်အဖွဲ့၏ ခွင့်ပြုချက် တစုံတရာမရဘဲ လုံးဝ ပြင်ဆင်ခြင်း၊ ဖျက်ခြင်း၊ ဆောက်လုပ်ခြင်း မပြုရ။
ဤဥပဒေကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်အံ့။ စင်းဒေါ်လာ ၂၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ တပ်ရိုက်မည်။
၃။ နေအိမ်၊ တိုက်တာ၊ အဆောက်အဦ၊ ခြံဝင်းတို့တွင် ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဖောက်လုပ်ထားသော ရေမြောင်းများ မရှိပါက ဘုတ်အဖွဲ့က ရေမြောင်းများကို မည်သည့်ရက်အတွင်း အပြီးဖောက်လုပ်ရမည် ဟု သတိပေးစာ ပို့ပါ လိမ့်မည်။ ထိုရက်အတွင်း အပြီးဖောက်ပါလေ။
၎။ ရေမြောင်းများကို ထိခိုက်စေမည့်၊ သို့မဟုတ် ရေမြောင်းအတွင်းစီးသွားမည့် ရေ၏ ရေစီးရေလာကို ထိခိုက်စေမည့် မည်သည့် အပြုအမူ၊ ဆောက်လုပ်ရေးကိုမှ ခွင့်မပြု။ အကယ်၍ မိမိလုပ်ဆောင်မှုကြောင့် ပျက်စီးခဲ့သည့်ဖြစ်အံ့။ ဘုတ်အဖွဲ့မှ ချမှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြန်လည်ပြင်ဆင်ပေးရမည်။
ဤဥပဒေကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်အံ့။ စင်းဒေါ်လာ ၂၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ တပ်ရိုက်မည်။
၅။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့သည် ရေမြောင်းကို ဖျက်မိသည်ဖြစ်အံ့။ စင်းဒေါ်လာ ၄၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ၊ သို့မဟုတ် ၃ လထက်မပိုသော ထောင်ဒါဏ် သို့မဟုတ် ထောင်ဒါဏ်ငွေဒါဏ် နှစ်ရပ်လုံး တပ်ရိုက်နိုင်သည်။ ဘုတ်အဖွဲ့မှ ချမှတ် ထားသော စံနှုံးများနှင့်အညီ ရေမြောင်းကို မူလအခြေအနေရောက်သည်ထိ မိမိစရိတ်ဖြင့်မိမိ သတ်မှတ်ထားသော အချိန်အတွင်း ပြန်လည်ပြင်ဆင်ပေးရမည်။
ရေမြောင်းဆိုတိုင်း ရမ်းသမ်းဖောက်ထားတာ မထင်ပါနှင့်။ သည်ရေမြောင်းအတိုင်းအတာကို သူသူငါငါ လူတကာတွက်လို့ ရတာ မဟုတ်။ ဒါလေးများဟု အထင်မသေးလိုက်ပါနှင့်။ နှစ်ပေါင်းများစွာ စုဆောင်းတွက်ချက်၊ သုတေသနပြုကာ ရလာသော အချက်အလက်များကို မူတည်၍ QECP (Qualified Erosion Control Professional) က တွက်ထားတာဖြစ်သည်။ QECP ဟူသည် PE (Professional Engineer) ဖြစ်၏။ QECP ဖြစ်ရန် သင်တန်းထပ်တက်ရသည်။
ရေမြောင်းအရွယ်တွက်ခြင်းကို ဗဟုသုတရအောင် အနည်းငယ်ပြောပြပါမည်။
ရေမြောင်းအရွယ်အစားတွက်ချက်ရန် အောက်ပါအချက်များစုဆောင်းရ၏။
၁။ ထိုရေမြောင်းအတွင်း ၀င်ရောက်လာမည့်မိုးရေများ စီးဆင်းလာမည့်ဧရိယာ (catchment area – A)
၂။ ထိုဒေသ၏ coefficient of runoff (C)
၃။ ရေမြောင်းအတွင်း စီးဝင်လာမည့် ရေထုထည် (Q – Discharge at the point)
၎။ time of concentration - tc - ရေမြောင်းအတွင်း ရေစ၀င်လာသည်မှ ရေမြောင်းမှ ပြန်ထွက်သွားသည်ထိ ကြာချိန်
၅။ ထိုဒေသအတွက် မိုးရေချိန်လက်မ ( mm/hr) (ဒီဇိုင်းလုပ်ထားသည့်နှစ်အတွင်း)
၆။ ထိုဒေသ၏ Peak Runoff (မိုးအများဆုံးရွာချိန်တွင် စီးဝင်လာသော အများဆုံးမိုးရေပမာဏ)
၇။ အထက်ပါအချက်များပေါ် မူတည်တွက်ချက်ထားသော ရေမြောင်းအတွင်း စီးသွားမည့် ရေပမာဏ
၈။ ထိုအချက်များပေါ်မူတည်ပြီးမှ ရေမြောင်းအကျယ်အ၀န်းကို Manning’s Formula ဖြင့်တွက်ပါသည်။
(ကျွန်တော်ကလည်း တစ်ခုခုရေးလိုက်တိုင်း မြန်မာပြည်မှ ဟာသများကို သွားသွား သတိရမိပါသည်။ ဤနေရာတွင်လည်း ရန်ကုန်မြို့၊ စည်ပင်သာယာမှ ထုတ်သော ပျက်လုံးတစ်ခုကို မိတ်ဆွေများအား ဖောက်သည်ချပါအံ့။
ယမန်နှစ်က စည်ပင်မှ ဆောက်လုပ်ရေးကန်ထရိုက်များသို့ ဥပဒေတစ်ခု ထုတ်ပြန်သည်။ အသစ်ဆောက်လုပ်သော မည်သည့် တိုက်တွင်မဆို ရှေ့တွင် ၅ ပေအကျယ်၊ ၅ ပေအနက် ရေမြောင်း ဖောက်ပေးရမည်။ မဖောက်သူများကို ဆောက်လုပ်ခွင့် ပါမစ် မချပေးဟု ဆို၏။ သည်အခါ ကိုဆောက်လုပ်ရေးတို့က ဆရာတို့ရယ် ကြုပ်ကျက်လဲ လိပါဗျာ။ ကျွန်တော်တို့က သည် ၅ ပေ လောက်ကျယ်တဲ့မြောင်းကြီးဖောက်လိုက်တော့ ကျန်တဲ့သူတွေက အရမ်းဝမ်းသာမှာပေါ့ဗျာ။ ဘေးနားရှိသမျှ အိမ်တွေက ကျွန်တော်တို့ရေမြောင်းကြီးထဲ ရှိသမျှ အမှိုက်တွေလာသွန်မယ်။ အနားမှာရှိတဲ့ ရေမှန်သမျှလည်း ကျွန်တော်တို့မြောင်းထဲပဲ လာစုတော့မှာပေါ့ဗျာ။ သည်တော့ ကျွန်တော်တို့က သည်မြောင်းကြီးကို ရေကူးကန် ဒါမှမဟုတ် အမှိုက်ကျင်း လို့ ဆိုင်းဘုတ်ထောင်ထားတာ ပိုသဘာဝကျပါလိမ့်မယ် ဟု ကွန်ပလိန်း တက်လေသတည်း။ ခုတော့ ဒီဥပဒေ ဘယ်လိုနေသလဲ ဆိုတာ ကျွန်တော်မသိတော့ပါ။ သည်ဥပဒေ ထုတ်ပြန်သော လူကြီးမင်းများ၏ ခေါင်းထဲ ဦးဏှောက်အစား ဘာတွေ ရှိနေပါလိမ့်ဆိုတာ သိချင်လှပါဘိ။)
အင်ဂျင်နီယာမဟုတ်သူ စာရှုသူများကို အားနာပါသည်။ သည်းခံပါခင်ဗျာ။ ဗဟုသုတရစေရုံမျှ ရည်ရွယ်ပါသည်။
ထိုကဲ့သို့ တွက်ချက်ပြီးမှ ရေမြောင်းအကျယ်မည်မျှ၊ အနက်မည်မျှ၊ slope (ဆင်ခြေလျှော ဟု ခေါ်နိုင်ပါသည်။) မည်မျှ၊ (ဆိုလိုသည်မှာ မည်မျှ နိမ့်လျှောလုပ်ထားသည်။)၊ မည်သည့်နေရာများမှ ရေများဝင်လာမည်၊ မည်သည့်နေရာများမှ ရေများ ထွက်သွားမည်။ ရေအ၀င်အကျယ်၊ ရေထွက်ဝ အကျယ် စသည်တို့ကို PUB သို့ တင်ရသည်။ PUB က သည်အတိုင်း ဆောက်မည်၊ မဆောက် စသည် ဆုံးဖြတ်ပေးသည်။ သူတို့ဆုံးဖြတ်ချက်အတိုင်း သတ်မှတ်ထားသော စံချိန်စံညွှန်းများအရ ကန်ထရိုက်တာများက ဆောက်သည်။
အထက်တွင် သတ်မှတ်ထားသောစံချိန်စံညွှန်းများ ဆိုသည့် စကားလုံးကို သုံးလေးကြိမ်မျှ တွေ့ခဲ့ရပါလိမ့်မည်။ ဒါဆို သည် သတ်မှတ်ထားသောစံချိန်စံညွှန်းတွေကို ဘယ်မှာ သွားကြည့်မည်နည်း။ ဟို့ အစပိုင်းတွင် ဖော်ပြခဲ့သော ဥပဒေ၊ နည်းဥပဒေများထဲမှ တစ်ခုဖြစ်သော Code of Practice on Surface Water Drainage တွင် အသေးစိတ် ဖော်ပြထား ပါသည်။ ဖတ်လိုသူများ PUB website တွင် အခမဲ့ download လုပ်ယူနိုင်ပါ၏။ Download လုပ်ဖို့ရှာရမှာ ပျင်းလိုက်တာဗျာ။ ကျွန်တော့်ဆီပို့ပေးစမ်းပါဆိုလျှင်လည်း အီးမေးလေးသာ ပစ်လိုက်ပါ။ ကျွန်တော်ပို့ပေးပါမည်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို ကန်ထရိုက်ရပြီ ဆိုပါစို့။ ပစ္စည်းစု၊ လက်နက်ကိရိယာတွေစု၊ လူစု။ စုံပြီဆိုတာနှင့် စကြမယ် ဟေ့ လုပ်လို့မရ။
အလုပ်စနိုင်ရန် လိုအပ်သော စာရွက်စာတမ်းများ ပြင်ရသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြ အတည်ပြုချက် ရယူရသည်။ သူတို့ခွင့်ပြုထားသော စာရွက်စာတမ်းများ ပြည့်စုံမှသာ လုပ်ငန်းစလို့ရသည်။ အလီဘာဘာ လုပ် ပြီး စလို့ကတော့ ကွိသွားမည်။ ဗဟုသုတရစေရန် အနည်းငယ်မျှ ဖောက်သည်ချပါအံ့။
လုပ်ငန်းတစ်ခု စတော့မည်ဆိုပါက လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး Safety Plan (SMS – Safety Management System), ECP (Environmental Control Programme) ကို သက်ဆိုင်ရာ NEA စသည်သို့ လုပ်ငန်းမစမီ ၂ ပတ်ကြို တင်ရသည်။ သူတို့က ကြိုက်ပြီ ဆိုပြီး approve လုပ်ပေးလိုက်မှ လုပ်ငန်းစလို့ရသည်။
(ကျွန်တော် ECC တွင်လုပ်စဉ်ကတော့ သည်ဟာကြီးကို slide presentation နှင့်ပြင်သွားပြီး လူကြီးမင်းများကို ရှင်းလင်း ပြသ ရသည်။ သူတို့မေးသမျှ ပြန်ဖြေရသည်။)
သည်ဟာများကိုလည်း တွေ့ရာလူ ကောက်ကက်ရေးလို့ရတာမဟုတ်။ လက်မှတ်ရ Safety Officer ၊ ECO (Environmental Control Officer) စသူတို့မှသာ ပြင်ရသည်။ လက်မှတ်မရှိသူ အကြင်သူတစ်ဦးတစ်ယောက်သည် ဤစီမံချက်ကို ရေးသည် ဖြစ်ပါအံ့။ ဒါဏ်ငွေ စင်းဒေါ်လာ ၅၀၀၀ တပ်ရိုက်နိုင်သည်။
သည် ECP ဆိုသည်ကို အနှစ်ချုပ်ရလျှင် ဆောက်လုပ်ရေးလုပ်ငန်းမှ ထွက်လာသော မြေစာ၊ အမှိုက်သရိုက်များကို မည်ကဲ့သို့ ထိန်းသိမ်းမည်၊ မည်ကဲ့သို့ စွန့်ပစ်မည်၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မည်ကဲ့သို့ စီမံထားသည် စသည်တို့ ဖြစ်သည်။ အခြား ကိစ္စများ ဘေးဖယ်ထားလျှက် ရေနှင့်ပတ်သက်၍ စီမံရပုံလေး ကို ပိုပြီး အသေးစိတ်ရသော် အောက်ပါတို့ပါဝင်၏။
Erosion Control Measure - ဆောက်လုပ်ရေးကြောင့်ဖြစ်စေ၊ မိုးကြောင့်ဖြစ်စေ မြေကြီးများတိုက်စားခြင်းမှ မည်ကဲ့သို့ ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားသည်။
Sediment Control Measure - ဆောက်လုပ်ရေးလုပ်ငန်းထဲမှ ထွက်လာသော ရွှံ့ရေညစ်များ ပြင်ပသို့မထွက်ရလေအောင် မည်သို့စီမံထားသည်။ ထိုရွှံ့ရေများကို ရေမြောင်းများအတွင်း စွန့်ထုတ်နိုင်လောက်သည့်ရေအရည်အသွေး ရလာအောင် မည်သို့ စီမံထားသည် စသည်တို့ ပါပါသည်။
ဆောက်လုပ်ရေးပဲကွာ ဘယ်ရွှံ့နဲ့ကင်းနိုင်ပါ့မလဲ။ သည်တော့ သည်ဆိုဒ်ထဲကထွက်လာတဲ့ကားတွေ ဘီးမှာရွှံ့ပေတာ ဘာဆန်းသလဲ ဟု ဂျစ်ကန်ကန်လုပ်လို့မရ။ နင့်ဟာနင် ဘီးတင်မကလို့ ကားတစ်စီးလုံးပဲ ပေပေ။ ငါတို့လမ်းပေါ်ရောက် လာရင်တော့ လုံးဝသန့်နေရမယ်။ ငါတို့လမ်းတွေကို ရွှံ့တစ်စက်မှ မစင်စေရဘူး ဟု LTA (Land Transport Authority) က လာပြီး ဒါဏ်ရိုက်ပါလိမ့်မည်။
LTA ဒါဏ်ရိုက်မှာကနောက်။ PUB က ဆော်ပလော်တီးမှာ အရင် ဖြစ်ပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဖြစ်စေ၊ မိုးရေကြောင့်ဖြစ်စေ ထွက်လာသော ရွှံ့ရေများကို ရေမြောင်းများအတွင်း သည်အတိုင်း စွန့်ထုတ် ပစ်လို့မရ။ သောက်ကျိုးနည်း။ ဆောက်လုပ်ရေးလုပ်ငန်းအားလုံးသာ သည်အတိုင်းရွှံ့ရေတွေ ထုတ်နေရင် ငါတို့ရေကန်တွေ ရွှံ့ကန်တွေ ဖြစ်ကုန်တော့မှာပေါ့ ဟု PUB က ဥပဒေဖြင့်တားထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းများမှ ရေမြောင်းများအတွင်းသို့ စွန့်ထုတ်မည့်ရေသည် အမှုန်အမှိုက်ပါဝင်မှု အများဆုံး 50 ppm ဟု သတ်မှတ်ထားပါသည်။ လူပြိန်းနားလည်အောင်ပြောရလျှင် ထို 50ppm ဟူသည် ကျွန်တော်တို့မြစ်လယ်မှ ခပ်သောက်နေသော ရေထဲတွင် ပါနေသည့်အမှုန်ပမာဏလောက်သာ ဖြစ်ပါသည်။ မြစ်လယ်မှ ရေသည်ပင် 50ppm ထက် ပိုချင် ပိုပါလိမ့်ဦးမည်။ ပီဘိ မဖြစ်စလောက် အမှုန် အနယ်ပမာဏ ဖြစ်ပါသည်။ သည်တော့ ဆောက်လုပ်ရေးလုပ်ငန်းက ထွက်လာသည့်ရွှံ့ရေများကို မြောင်းထဲဖောက်ချလို့ရအောင် ဦးစွာ လုံးဝကြည်လင်သွားအောင် treatment လုပ်ရပါသည်။
မလုပ်တော့ ဘာဖြစ်သလဲကွာဟု ဘုမတောပါနှင့်။ ရေထွက်ပေါက်တွင် CCTV တပ်ထားသည်။ ဟင်းဟင်း။ လုပ်ရဲ လုပ်ကြည့်ပေါ့။ အနှီ 50ppm ထက်ကျော်သည်ဆိုပါစို့။ ဒါဏ်ငွေ ၁၀၀၀ လောက်ပေးလိုက်ပါ။ နောက်တစ်ခါ ထပ်မိသည် ဆိုပါစို့။ ၂၅၀၀ ဖြစ်သွားမည်။
ရွှံ့ရေများကို ရေသန့်ဖြစ်လာအောင် လုပ်ပေးသောစက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Sewerage နှင့် Sanitary တို့အတွက်လည်း သည်အတိုင်းပြဌာန်းထားပါသည်။ လျော်ကာမယ်ကာမဟုတ်။ အလွန်တိကျစွာ ပြဌာန်းထားခြင်း ဖြစ်ပါသည်။
သည်ဥပဒေ စည်းမျဉ်းများကို သက်ဆိုင်သူ ဆောက်လုပ်ရေးသမားများ သိထားဘို့ လိုပါသည်။ အသင်မိတ်ဆွေတို့ အတွက်မူ သြော် - ဒါတွေ ဒီလိုရှိပါလားဟု သိရုံလောက်သာ ပြောလိုရင်းဖြစ်သဖြင့် ထပ်မံလျှာမရှည်တော့ပါ။
ကျွန်တော် မြန်မာပြည်ပြန်ရောက်လျှင်လည်း သည်လို ကျကျနနလေး လုပ်ချင်ပါသည်။ လေ့လာချင်လို့ပါ ဆိုသူများ အထက်ဖော်ပြပါစာအုပ်များကို ဖတ်ရှုလေ့လာနိုင်ပါကြောင်း။ မရှင်းတာ နားမလည်တာများရှိလျှင် Civil Engineer ကြီးများထံ ချဉ်းကပ် မေးမြန်းနိုင်ပါသည်။
ခဏလေးနေပါဦး။ အနည်းငယ် ထပ်မံလျှာရှည်ရလျှင် စင်ကာပူသည် ရေအတွက်သာမကသေး။
လေထုညစ်ညမ်းမှု (Air Pollution Control)
မြေထုညစ်ညမ်းမှု (Earth Pollution Control)
ဆူညံမှု (Noise Pollution Control)
အကောင်ပလောင်များ ထိန်းသိမ်းမှု (Vector Control) (ထိုအကောင်ပလောင်များတွင် ကြွက်၊ ခြင်၊ ယင် စသည်တို့ပါသည်။)
- စသည်တို့ကိုလည်း ဥပဒေအသီးသီးဖြင့် ထိန်းထားပါကြောင်း။
အေးငြိမ်း
25/09/2011, 10:47 pm
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027
1 comment:
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အားရပါးရ ဖတ် မှတ် သွားပါတယ်။
အရမ်းတန်ဖိုးရှိတဲ့  ပို့ စ်ကလေးပါ။
ဆက်လက်ပြီးစာတွေအများကြီးရေးသားနိုင်ပါစေ-
Post a Comment