တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၎
တစ်နေ့တွင် Union Alloy ရုံးသို့ ကျွန်တော်တို့ပိုက်ကြီး ဖလန်းဆက်မှ ပြတ်ထွက်သွားကြောင်း SUT မှ သတင်းပို့ လာပါသည်။ ရုံးမှ ကျွန်တော်တို့ကို ဘာဖြစ်တာလဲ သွားကြည့်ကြစမ်းဟု ခိုင်းလိုက်၏။ အထက်တွင် ဖော်ပြခဲ့သော အအေးခံရေ များ ပို့ပေးသည့် ၇၂ လက်မပိုက်လိုင်းကြီးမှ ခွဲထွက်လာသော ၁၂ လက်မ ပိုက်လိုင်းခွဲတွင် ဆင်ထားသည့် ဘတ်တာဖလိုင်း ဗားကြီး (Butterfly valve) နှင့်အတူ ပိုက်မှာ ဖလန်းလည်ပင်းမှ ပြတ်ထွက်ပြီး ၁၀ မီတာခန့်ဝေးသော နေရာသို့ လွင့်ပျံကျ နေတာ တွေ့ရပါသည်။ ကျွန်တော်အတော်ပင် မျက်လုံးပြူးသွားပါ၏။
လူခြေတိတ်သော ညဘက် ပြတ်ထွက်တာကြောင့် တော်သေးသည်။ မဟုတ်ပါက ဤဗားကြီးထိမှန်လျှင် သေနိုင်ပါသည်။ ဤ ၁၂ လက်မဗားကြီးမှာ လွင့်မှန်တာကို အသာထားပြီး သည်အတိုင်း မ,လျှင်ပင် လူတစ်ဦး မနည်း မ,ယူရသော ဗားကြီးဖြစ်ပါသည်။ အကယ်၍သာ ဤဗားကြီးလွင့်ပျံကာ တစ်ဦးဦးကို မှန်မည်ဆိုပါက ၁၀ ပေါင်တူနှင့် ခေါင်းကို ထုသည်ထက်ဆိုးဦးမည်။ ကျွန်တော်တို့လည်း ဤပြတ်ထွက်နေသော ဗားနှင့်ဖိုက်ဘာဖလန်းကြီးကို အတွဲလိုက်ပြန်သယ် လာပါသည်။ ထုတ်လုပ်သူထံပို့ကာ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသည်ကို စုံစမ်းစစ်ဆေးခိုင်းရန် ဖြစ်၏။
သိပ်အထွေအထူးစဉ်းစားစရာမလိုပါ။ အဓိကဖြစ်နိုင်သည့်အကြောင်းမှာ water hammer ဖြစ်ပါသည်။ အကြောင်း တစုံတရာကြောင့် ပိုက်လိုင်းအတွင်း ဖိအားရုတ်တရက် မြင့်တက်လာခြင်း ဖြစ်၏။ ပိုက်လိုင်းအတွင်း ရေနှင့်အတူ အ၀တ်စ ကဲ့သို့သော အမှိုက်များဝင်လာကာ ရေလိုင်းကို ပိတ်နေမည်။ ဤသို့ပိတ်နေစဉ် ပိုက်လိုင်းအတွင်းရှိဖိအားမှာ လျော့ကျနေမည်။ သို့သော် ပန့်မှာအဆက်မပြတ်မောင်းနေသည်ဖြစ်ရာ နောက်ဖက်မှ တိုးလာသောဖိအားကို မခံနိုင်တော့သည့်အဆုံး ပိတ်နေသော အမှိုက်စများမှာ အရှိန်နှင့်ပွင့်ထွက်သွားစဉ် ပိုက်လိုင်းအတွင်း ဖိအားရုတ်တရက် မြင့်တက်လာခြင်း ဖြစ်နိုင်ပါသည်။ ပိုက်လိုင်းသေးလျှင် ကိစ္စမရှိ။ သို့သော် ယခုပိုက်လိုင်းကြီးမှာ အလွန်ကြီးမားရကား မြင့်တက်လာသော ဖိအားမှာ သိပ်မများစေကာမူ ရေထုထည်ကြောင့်ဖြစ်ပေါ်လာသော တွန်းအားမှာ အလွန်ပြင်းထန်ရကား ၁၂ လက်မပိုက်ကို ဖလန်းမှ ပြတ်ထွက်သည်ထိ ဖြစ်ပါလေတော့သတည်း။
စက်ရုံများမှ ပြန်လာသည့် ပူနေသောရေများကို heat exchanger များအတွင်း ပင်လယ်ရေနှင့် ပြန်လည် အအေးခံ ပါသည်။ ထိုပင်လယ်ရေများကိုမူ ပင်လယ်အတွင်း ပြန်လည်စွန့်ထုတ်သည်။ ဤလိုင်းများကို discharge line ဟု ခေါ်၏။ ထိုပိုက်ကြီးများမှာလည်း မသေးလှပါ။ ၂၄ လက်မပိုက်ကြီးများ ဖြစ်၏။ ထိုပိုက်ကြီးများကို အင်ဒိုနီးရှားမှ မှာယူတပ်ဆင်သည်။ ပိုက်လိုင်းတစ်ဖက်ကို ဖွင့်ထားလျှက် ပင်လယ်တွင်းသို့ ရေများလွှတ်၏။ ပိုက်လိုင်းမှာ တစ်ဖက်တွင် heat exchanger နှင့် ဆက်ထားသဖြင့် အပိတ်ဖြစ်၏။ တစ်ဖက်ပိတ်၊ တစ်ဖက်ပွင့်ဆိုတော့ ဖိအားကွာခြားမှု များလှ၏။ ထိုအခါ ရေထုတ်သော နေရာတွင် ပိုက်ကြီးမှာ တ၀ုန်းဝုန်းနှင့် ဒေါသတကြီး တုန်ခါနေပါတော့သည်။
ရေအထွက်နားတွင် သံပိုက်အထိန်းတန်းကြီးများပင် တပ်ဆင်ထားသော်လည်း ထိုသံယက်မကြီးများ အတင်းရုန်း ကန်နေသည်မှာ ကြောက်မက်ဖွယ်ပင် ဖြစ်ပါသည်။ ပမာပြရလျှင် မုန်ယိုကာ ဒေါသထွက်နေသော တောဆင်ရိုင်းကြီးကို သံမဏိကြိုးကြီးများနှင့် တုတ်ထားသည့်အလား ဖြစ်ပါသည်။
မူလက ဤပိုက်ကြီးများမှာ သံပိုက်ကြီးများဖြစ်ပါသည်။ သို့သော် သံတို့မည်သည် ပင်လယ်ရေနှင့်ထိလျှင် သံချေးတက်ကာ ခဏနှင့်ပေါက်ထွက်ခြင်း၊ သံချေးလွှာကြီးများ အလွှားလိုက်ကွာကျခြင်းတို့ကြောင့် သံပိုက်အစား ဖိုက်ဘာပိုက်နှင့် လဲလှယ်တပ်ဆင်ခြင်း ဖြစ်ပါသည်။ ဖိုက်ဘာပိုက်က သံချေးမတက်။ ပင်လယ်ရေဒါဏ်ကို ကောင်းကောင်း ခံနိုင်သည်။ ကျွန်တော် Union Alloy ရောက်ပြီး မရှေးမနှောင်းပင် ဤပိုက်လိုင်းကြီးများ လဲသည့်အလုပ်ကို လုပ်ရပါသည်။ ဤအကြောင်းကို အပိုင်း(၈) နောက်ဆုံးနားတွင် ရေးခဲ့ပြီးဖြစ်ပါသည်။ Heat exchanger စုစုပေါင်း ၄ လုံး ရှိသည်ဖြစ်ရာ အပိုင်း (၈) တွင်ရေးခဲ့သည်မှာ ပထမဆုံးအလုံး စတင်လဲစဉ်က အဖြစ်အပျက်ဖြစ်ပါသည်။ ပိုက်လိုင်းမှ ရေပို့ခြင်းကို ရပ်မသွားစေရန် တစ်လုံးပြီး တစ်လုံး ဖြုတ်လဲခြင်းဖြစ်၏။
ပိုက်လိုင်းများ ဆင်လိုက်၊ ပျက်သည့်လိုင်းများကို လိုက်ပြင်လိုက်။ သံပိုက်လိုင်းများနှင့် အစားလဲရမည်ဆို လဲလိုက်နှင့် ၂ နှစ်တာကာလ ကုန်ခဲ့ပါသည်။ ကျွန်တော့်မှာ ကျွန်းထဲနေ့တိုင်းသွားနေရသည်နှင့် သုံးလနေလို့ တစ်ခေါက်ပင် ရုံးကို မရောက်ဖြစ်ပါ။ သည်ကဲ့သို့ နေ့စဉ်အလုပ်လုပ်နေရင်းမှပင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ပရဟိတလုပ်ငန်းများလည်း လုပ်ဖြစ်အောင် လုပ်လိုက်ကြပါသေးသည်။ ကျွန်တော်တို့ လုပ်ခဲ့ကိုင်ခဲ့ပုံများကို ဤနေရာ၌ ထည့်သွင်းရေးသားပါမည်။
(၃၄) မိတ်ဆွေများကို စည်းရုံးကာ ပရဟိတလုပ်ငန်းများ လုပ်ကြခြင်း
အပိုင်း(၅) တွင် စနေဓမ္မမိတ်ဆွေများအဖွဲ့ ပေါ်ပေါက်လာပုံကို နိဒါန်းပျိုးခဲ့ပါသည်။ ဤအဖွဲ့ကလေး ဖြစ်လာသည်မှ စ၍ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် စနေနေ့ညနေတိုင်း Boon Lay MRT အောက်မှ ကျောက်ခုံများတွင် လေးငါးနှစ်ခန့် ကြာသည်ထိ မပျက်မကွက်ထိုင်ကာ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြပါသည်။
ကျွန်တော်တို့မှာ နိစ္စဒူဝ အလုပ်ချည်းလုပ်နေရသည်ဖြစ်ရာ စာများများဖတ်ဖို့ရာ အချိန်မရ။ သို့အတွက် အခြားသူများ ဘာတွေလုပ်နေသည် ဆိုသည်ကိုလည်း လေ့လာခွင့်မရပါ။ သို့သော်လည်း စနေဓမ္မမိတ်ဆွေများအဖွဲ့ ကိစ္စများ လုပ်ကိုင် ဆောင်ရွက်ရင်း၊ မေးရင်းမြန်းရင်းနှင့်မှ ကျွန်တော်တို့ကဲ့သို့ လစဉ်မဟုတ်တောင် အခြားသူများလည်း နီးစပ်ရာ သူငယ်ချင်းများ စုလျှက် မြန်မာပြည်မှ ဆင်းရဲနွမ်းပါးသည့် နေရာများသို့ ကြိုးကြားကြိုးကြား လှူနေကြောင်း ၀မ်းမြောက်ဖွယ်ကြားသိရပါသည်။ ဆရာကြီးဦးသုခ၏ ညွှန်ကြားမှုဖြင့်လှုပ်ရှားနေသော နာရေးကူညီမှုအသင်းသတင်း။ မင်္ဂလာဗျူဟာ ပရဟိတအသင်း၊ ဂျပန် ရောက် မြန်မာသူငယ်ချင်းတစ်စု၊ သင်္ဘောသားများ စသည်တို့သည်လည်း မိမိတို့အစီအစဉ်ဖြင့် လှုပ်ရှားဆောင်ရွက်နေကြ ပါသည်။ စင်ကာပူတွင်လည်း ကျွန်တော်တို့ကဲ့သို့ အဖွဲ့ကလေးများဖွဲ့ကာ လုပ်နေကြသည်မှာ နှစ်ဖွဲ့ သုံးဖွဲ့ခန့်ရှိပါသည်။ အခြား ကျွန်တော်မသိသော အဖွဲ့များလည်း ရှိနိုင်ပါသေးသည်။
မှတ်ချက်။ ။ ဤသည်မှာ ယခင် ၉ နှစ်ခန့်က အခြေအနေ ဖြစ်ပြီး ယခုမူ စင်ကာပူတွင် မြန်မာဦးရေ များလာသည်နှင့် အမျှ ပရဟိတအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ဘာသာရေးလှုပ်ရှားမှုများမှာ ၀မ်းမြောက်ဖွယ် များပြားလာသည်ကို တွေ့ရပါ သည်။ ထားဝယ်မိသားစု၊ အောင်လံသုခိတာ အသင်း၊ Save the Age၊ ဗုဒ္ဓဓမ္မသံဃ လောကအသင်းကြီး စသည်တို့ ဖြစ်၏။ အခြား ကျွန်တော်မသိသော GTI ကျောင်းဆင်း များက ကျောင်းအလိုက်အသင်းဖွဲ့ထားကာ မိမိတို့တက်ခဲ့သော ကျောင်းနှင့် မြို့၏ ကောင်းရာကောင်းကျိုးများ ဆောင်ကြဉ်း နေကြခြင်း၊ အချို့ကလည်း မိမိတို့ ဒေသအလိုက်အသင်းဖွဲ့ကာ မိမိတို့ ဒေသ ကောင်းကျိုးကို ဆောင်ကြဉ်းနေကြခြင်းများလည်း ရှိပါသေးသည်။
ကျွန်တော်တို့ စတင်လှူဒါန်းစဉ် ၂၀၀၃ - ၄ လောက်က အင်တာနက်စာမျက်နှာပေါ်တွင် Smile Children ဟူသော အမေရိကမှ အဖွဲ့တစ်ဖွဲလည်း project များချကာ လှူဒါန်းနေသည်ကို တွေ့ရပါသည်။ မော်လမြိုင်ဘက်မှ ကျောင်းများကို လှူခြင်း ဖြစ်၏။ သို့သော် နောက်ပိုင်းမတွေ့ရတော့ပါ။
ကျွန်တော်တို့ကဲ့သို့ပင် လစဉ်လှူဒါန်းနေသော စင်ကာပူမှ နောက်အဖွဲ့တစ်ခုမှာ ပုညသင်္ဂဟ အဖွဲ့ဖြစ်ပါသည်။ ဆရာဦးသောင်းတင်က ဦးဆောင်ကာ Keppel Shipyard မှ ကိုဇော်ကြီးတို့ ကိုခင်မောင်အေးတို့က အမာခံ လှုပ်ရှားသော အဖွဲ့ဖြစ်ပါသည်။ သူတို့က ဘာသာရေးအဆောက်အအုံများကို အဓိကထားလှူသည်။ ဥပမာ - ရှမ်းပြည်ဘက်တွင် ဗုဒ္ဓဘာသာ ဖြစ်လာသော ရွာကလေးများတွင် ဘုန်းကြီးကျောင်းမရှိ။ ဤသည်ကို သူတို့က ဘုန်းကြီးကျောင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသည်။ ကျောင်းထိုင်ဘုန်းကြီးမရှိလျှင်တောင် ရှာပေးလိုက်သေးသည်။ ၀မ်းမြောက်ဘွယ် ဖြစ်ပါ၏။
အစပိုင်းတွင် ကျွန်တော်တို့သူငယ်ချင်း ၅ ယောက် တစ်ယောက်လျှင် တစ်လ အစိတ်စုကာ လှူမည်ဟု တိုင်ပင်ထား ကြသော်လည်း နောက်ပိုင်း သူငယ်ချင်း၊ မိတ်ဆွေများထံမှပါ အလှူငွေကောက်ရန် သဘောတူကြပါသည်။ ထို့ကြောင့် မိမိနှင့်နီးစပ်ရာသူငယ်ချင်းများအား ကျွန်တော်တို့လုပ်ကိုင် ဆောင်ရွက်နေသည်များကို ရှင်းလင်းပြောပြကာ အလှူငွေ ထည့်ဝင်လာစေရန် စည်းရုံးကြပါသည်။ အချို့မှာ အားတက်သရော ထည့်ဝင်ကြ၏။ အချို့ကျတော့ ဟာ၊ ဟုတ်လား၊ ကောင်းတယ်ဗျာ။ ဆက်လုပ်ပါ ဟု ပါးစပ်နှင့်သာ အားပေးသွား၏။ လက်မပါ။ ကျွန်တော်နှင့် အလွန်ရင်းနှီးသော အချို့မိတ်ဆွေ များကိုပင်လျှင် စည်းရုံး၍မရ။ ထိုသူများမှာ ကျွန်တော်တို့ထက် လခပိုမများလျှင်တောင် မနည်းလှပါ။ ကျွန်တော်တို့ အဖွဲ့သို့ လစဉ်အလှူငွေထည့်နေသော အချို့ကောင်လေးများဆိုလျှင် တစ်နာရီမှ ၂ ကျပ်၊ ၂ ကျပ်ခွဲမျှသာရသော နေ့စားအလုပ်သမား လေးများ ဖြစ်ပါသည်။ လှူသည်ဆိုခြင်းမှာ မိမိအိပ်ကပ်ထဲမှ ပိုက်ဆံကို ကိုယ်မသိသောသူတစ်ဦးသို့ အသားလွတ် ပေးလိုက်ရ တာဖြစ်သည့်အတွက် စေတနာမပါဘဲ လစဉ်လှူဘို့ဆိုတာ မလွယ်လှပါ။ ပုဂ္ဂိုလ်ရေးရင်းနှီးမှုဖြင့် အားနာသောကြောင့် တခါတလေ ထည့်ချင်ထည့်မည်။ သို့သော် နောက်တစ်ခါကျ စကားပင် အစပ်မခံတော့ပါ။
အလှူခံရာတွင်လည်း သူများအရိပ်အခြည် ကြည့်ရသေးသည်။ ဒီလူ့အခြေအနေဘယ့်နဲ့လဲ၊ အလှူခံလို့ရနိုင်ခြေ ရှိသလား စသဖြင့် နည်းနည်းပါးပါး စကားတောက်ကြည့်ရသည်။ တစ်လလျှင် ထောင့်လေးငါးရာ၊ နှစ်ထောင်ရနေပါလျှက် ၅ ကျပ်လောက်လှူဘို့ရာ အလွန်ခဲယဉ်းနေသူများအား နောက်ထပ်စကားစပ်ရန် အကြောင်းမရှိတော့ပါ။ လှူသည်ဆိုသည့် နေရာတွင် လခနည်းတာများတာနှင့် အနည်းငယ်မျှသာ ဆိုင်ပါသည်။ စေတနာသာ အဓိက ဖြစ်၏။ ဘီယာကိုသာ တစ်ထိုင်တည်း ၁၄ - ၅ ကျပ်၊ ၂၀ ဘိုးသာ သောက်ချင်သောက်ရမည်။ လှူဘို့ ၅ ကျပ်ကိုတော့ လက်တွန့်ကြပါသည်။
ယခု (၂၀၁၀၊ ၂၀၁၁) စင်ကာပူမှ အဖွဲ့တစ်ဖွဲ့ကို နမူနာပြရလျှင် ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်း ဖြစ်၏။ ကျွန်တော်တို့ ECC Project တွင်လုပ်ခဲ့စဉ်က ထို ပရောဂျက်မှ မြန်မာလုပ်သားကလေးများစုကာ အဖွဲ့တစ်ဖွဲ့ဖွဲ့သည်။ အားလုံး ၀ပ်ပါမစ်များချည်းဖြစ်၏။ သူတို့က စနေနေ့ညတိုင်း မပျက်မကွက် ပုံမှန်ဝတ်ရွတ်သည်။ ထို့ပြင် မိမိတို့တတ်နိုင်သလောက် ထည့်ဝင်ကာ လတိုင်းလှူသည်။ ယခု သုံးနှစ်ပြည့်တော့မည်။ အများစုမှာ အခြေခံလစာ ၅၀၀ မှ ၁၀၀၀ ကြားသာ ရသူများ ဖြစ်ပါသည်။ အိုဗာတိုင်ကောင်းလျှင်တော့ တစ်ထောင်ကျော် နှစ်ထောင်လောက် ရသည်ပေါ့။ လခ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူတို့ပုံမှန်လှူကြသည်။ ချီးကျူးစရာပင်မဟုတ်ပါလော။
လူတိုင်းသည် ကိုယ့်သမိုင်းကိုယ် ရေးနေကြသည်ဖြစ်ရာ ကုန်ဆုံးသွားသော မိမိတို့ဘ၀တစ်လျှောက် ငါ လူတွေ အတွက် ဘာတွေ၊ ဘယ်လောက် လုပ်ပေးခဲ့ဖူးပြီလဲ။ ကိုယ်ကျိုးမဖက်၊ စေတနာသက်သက်ဖြင့် ပရဟိတကို ဘယ်လောက်များ စွမ်းဆောင်ခဲ့ပြီးပြီလဲ ဟု ကိုယ့်ကိုယ်ကိုယ် မေးဖူးပါသလားမိတ်ဆွေ။ သေလျှင် သည်ပစ္စည်းအားလုံး ထားခဲ့ရသည်ပင်မှန်စေ။ မသေသေးခင်တော့လည်း ပိုင်ဆိုင်လို့ရသမျှ ပိုင်ဆိုင်လိုသည်မှာ လူသဘာဝပင်မဟုတ်ပါလော။ သည်သဘောကို လွန်ဆန်၍ မရ။ သို့ပင်ဖြစ်စေ၊ ဆာလောင်နေသူအား မိမိစားမည့် ထမင်းလုပ်ထဲမှ အနည်းငယ်လောက်ခွဲပေးဘို့ မသင့်ပါသလော။ သည်မဖြစ်စလောက် ခွဲပေးလိုက်ခြင်းဖြင့် မိမိအကျိုးစီးပွားကို မည်သို့မျှ မထိခိုက်နိုင်စေကာမူ အချို့မှာကား ထိုသို့ ခွဲဝေပေးဘို့ရာ အလွန်ခဲယဉ်းကြသူများ ဖြစ်ပါသည်။
ကျော်ဟိန်း၏ အဓိပ္ပါယ်ရှိသောလူ ထဲကလို “လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက်။ သင်ဟာ သမိုင်းကြောင်းကောင်းဘို့ တစ်ခုခုလုပ်ခဲ့သလား”၊ စဉ်းစားဘို့ကောင်းပါသည်။ ကိုယ့်စားဝတ်နေရေး လုံးပမ်းနေရသည်နှင့် သူများကိစ္စ ဆောင်ကြဉ်းပေးဘို့အရေး မေ့ကုန်ရသည်။ ငယ်စဉ်က ကျောင်းတွင်သင်ခဲ့ရသည့် “ကောင်းမှုတစ်ခု၊ နေ့စဉ်ပြု” ဆိုတာ ဘယ်နှယောက်များ မှတ်မိပါသေးသနည်း။ မှတ်မိသည့်တိုင် သည်အတိုင်း လိုက်နာလုပ်ကိုင်သူ ဘယ်နှဦးများ ရှိပါ သနည်း။ ကလေးများကျောင်းနေစရိတ်၊ တစ်နေ့တခြား မြင့်တက်လာသည့် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်။ အမြဲတက်နေ သော ကုန်ဈေးနှုံးကြောင့် တက်လာသော စားဝတ်နေရေးစရိတ်များကြားတွင် ကိုယ့်ကိစ္စနှင့်ကိုယ် လုံးချာလည် လိုက်နေသည်။
ဤကဲ့သို့သော အခြေအနေများကြားမှပင် လစဉ်မပျက် လှူဒါန်းနေကြသော ကျွန်တော်တို့ အလှူရှင်များအားလုံးကို ကျွန်တော့်အနေနှင့် အလွန်ကျေးဇူးတင်လှပါသည်။ ကျွန်တော်တို့ လေးငါးယောက်ဆန္ဒရှိရုံနှင့် သည်မျှလှူဘို့ရန် မည်သို့မှ မဖြစ်နိုင်။ သူတို့ပံ့ပိုးမှုကြောင့်သာ အောင်မြင်ရသည်။
ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်များကို ၁၀၀ ခန့်ရှိသော အလှူရှင်အားလုံးသို့ ပြန်ပြောပြဘို့ရာ မလွယ်ပါ။ သူတို့ကို ဓါတ်ပုံနှင့် ဂုဏ်ပြုလက်မှတ်များလောက်သာ ပေးနိုင်သည်။ ထို့ကြောင့် ကျွန်တော်က စင်ကာပူတွင် ကျွန်တော်တို့ ဆွေးနွေးကြပုံ၊ အထူးသဖြင့် မြန်မာပြည်တွင် လှူသည့်နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပုံများကို အသေးစိတ် မှတ်တမ်းတင်ကာ အလှူရှင်များသို့ ဝေငှပါသည်။ ဤမှတ်တမ်းကို အခြားသူများ ဖတ်မိပါကလည်း ကျွန်တော်တို့ လုပ်ကိုင်နေသည်များကို အတုယူကာ ပရဟိတလုပ်ငန်းများလုပ်လိုစိတ် ပေါ်လာစေနိုင်ပါသည်။ အလှူရှင်များလည်း ဤမှတ်တမ်းကို ပြန်ဖတ်သည့်အခါတိုင်း မိမိတို့ကောင်းမှုကို ပြန်လည် ကြည်နူးနိုင်ပါသည်။
ပစ္စည်းဆိုပါကလည်း အသစ်ဆိုလျှင် အလွန်သုံး၍ကောင်းသည်။ တယုတယ ကိုင်တွယ်ကာ မြတ်မြတ်နိုးနိုး သုံးသည်။ ကျောင်းတက်ရာတွင်လည်း ကျောင်းဖွင့်စ၌ အလွန်တက်ကြွသည်။ လွယ်အိတ်ကလေးကလည်း အသစ်၊ စာအုပ် ကလေးတွေကလည်း အသစ်။ ဗလာစာအုပ်အသစ်ကလေးက ထွက်လာသော အနံ့ကလေးသည်ပင် ချစ်ဖွယ်၊ စွဲမက်စဖွယ် ဖြစ်ပါသည်။ ဤသည်မှာ သဘာဝပင်ဖြစ်၏။ ဤကဲ့သို့ပင် အဖွဲ့အစည်းများမှာလည်း ဖွဲ့စ၌ အဖွဲ့ဝင်အားလုံးပင် တက်တက် ကြွကြွနှင့် ပါဝင်လှုပ်ရှားကြ၊ ပြောဆိုဆွေးနွေးကြ။ သို့သော် နှစ်အတန်ကြာသွားလျှင် အီသွားကာ တစ်ဦးနှင့်တစ်ဦး အမြင်မကြည်လင်လာ၊ တွက်ကပ်လာ။ တက်တက်ကြွကြွ မရှိတော့တာ ဓမ္မတာပင်ဖြစ်ပါ၏။
ထိုကဲ့သို့ပင် ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများ အဖွဲ့မှာလည်း စတင်ပြီး လေးငါးနှစ်အတွင်း တက်တက်ကြွကြွနှင့် မနေမနား အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ကြသော်လည်း ၅ နှစ်နောက်ပိုင်းတွင်မူ အင်အားလျော့သွားပါသည်။ မြန်မာပြည် ပြန်သူပြန်၊ အခြားနိုင်ငံများသို့ သွားသူသွား၊ စင်ကာပူတွင်ပင်ရှိသေးသော်လည်း ကိုယ်ရောင်ဖျောက်သူဖျောက် နှင့် အတော်အင်အား ချိနဲ့သွားပါသည်။ သို့သော် ယခု ဆယ်စုနှစ်တစ်ခုတိုင်သည်ထိ ဆက်လက်ရပ်တည်နေနိုင်သေးသည့်အတွက် ပင် ကျွန်တော်က လုပ်ကိုင်ဆောင်ရွက်ပေးနေသူ သူငယ်ချင်းများအား အလွန်ကျေးဇူးတင်နေမိပါသည်။
ပထမဦးဆုံး စတင်အလှူငွေကောက်သည့်နေ့မှာ ၂၅-၈-၂၀၀၁ နေ့ဖြစ်ပါသည်။ သို့သော် စတင်စုစက အလှူငွေနည်း သေးသည့်အတွက် ဒီဇင်ဘာလ ရောက်မှစတင်လှူနိုင်ပါသည်။ ထိုစဉ်က အလှူငွေ ၆၂၂ ဒေါ်လာ ရ၏။ ထိုအချိန်က ငွေဈေးနှင့် ဆို မြန်မာငွေကျပ် ၂ သိန်းကျော် ဖြစ်ပါသည်။ ပထမဆုံးစတင်လှူခဲ့သည့် အကြောင်း အပိုင်း ၅ တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အများနှင့်လုပ်တာဖြစ်သည့်အတွက် အကျယ်အကျယ်မငြိမ်းဖွယ် မဖြစ်ရလေအောင် ကျွန်တော်က စာရင်းဇယားများ အားလုံးကို တိတိကျကျလုပ်ထားသည်။ မည်သူမည်သည့်နေ့က မည်မျှထည့်သည်။ ယခုလ စုငွေမည်မျှရသည်။ ငွေပေါက်ဈေး မည်မျှနှင့် ငွေမည်မျှကို မည်သည့်ဆိုင်မှ မည်သူသို့ မည်သည့်နေ့က လွှဲလိုက်သည်။ မည်သည့်နေရာသို့ မည်သူများသွားပြီး မည်ကဲ့သို့လှူလိုက်သည် စသဖြင့် ဖြစ်၏။ သွားရောက်လှူဒါန်း၍ ရိုက်ကူးလာသော ဓါတ်ပုံများကိုလည်း အယ်လ်ဘမ်ထဲတွင် ကဗ္ဗည်းထိုးကာ စနစ်တကျ သိမ်းထားသည်။ နှစ်ပတ်လည် ရေစက်ချပွဲများတွင် အလှူရှင်များအားလုံးကို ဖိတ်ကာ ထို ဓါတ်ပုံများပြကာ ရှင်းလင်း ပြောပြသည်။
လှူသည့်နေရာတွင် ကျွန်တော်တို့အားလုံး စိတ်တူကိုယ်တူ ဆုံးဖြတ်ထားသော မူတစ်ခု ရှိပါသည်။ ငွေသားလှူမှ အဆင်ပြေမည့် အချို့နေရာများမှလွဲ၍ မည်သည့်နေရာကိုမှ ငွေသားမလှူ။ မည်သူ့လက်ကိုမှ ငွေမအပ်။ ကိုယ်တိုင်ကိုယ်ကျ သွားကာ လိုအပ်သည့်ပစ္စည်းကို တိုက်ရိုက်ထောက်ပံ့ပေးရန် ဖြစ်ပါသည်။ ဤမူကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလာခဲ့ရာ အလှူသက်တမ်း ၁၀ နှစ်ပြည့်ခါနီး ယနေ့ထိတိုင် ဖြစ်၏။ လှူစ ပထမ ၄ နှစ်တွင် ကျွန်တော်တို့အားလုံးမှာ လူပျိုများချည်းဖြစ်ရာ ကိုယ်တိုင်ကိုယ်ကျ သွားနိုင်ခဲ့ကြသော်လည်း ယခုမူ အသီးသီးအိမ်ထောင်များကျကာ သားနှင့်မယားနှင့် ဖြစ်လာသောကြောင့် ကိုယ်တိုင်လုပ်ရန် အခက်အခဲများရှိလာသဖြင့် မိမိနှင့်ရင်းနှီးသူ ယုံကြည်စိတ်ချရသူများကို အလှူငွေ ပေးအပ်ကာ သွားရောက် လုပ်ကိုင်စေပါသည်။ ကျွန်တော်တို့မြန်မာပြည် ပြန်လျှင်မူ ကိုယ်တိုင်သာ သွားရောက်လှူဒါန်းလေ့ ရှိကြပါသည်။
အစပိုင်းတွင် သူငယ်ချင်းများစုစည်းကာ လှူခြင်းဖြစ်သည့်အတွက် မည်သည့်နာမည်မျှမခံပဲ သည်အတိုင်းလှူခြင်း ဖြစ်ပါသည်။ သို့သော် အလှူခံရာတွင်သော်လည်းကောင်း၊ လှူဒါန်းသည့်နေရာများက မေးလာလျှင်သော်လည်းကောင်း ဖြေရတာ မလွယ်ပါ။ ထို့ကြောင့် ကျွန်တော်က စနေနေ့တိုင်း တရားဓမ္မများဆွေးနွေးရာမှ ဖြစ်လာသည့် အဖွဲ့ကလေးဖြစ်သဖြင့် စနေဓမ္မမိတ်ဆွေများအဖွဲ့ ဟု အမည်ပေးလိုက်ပါသည်။
လှူသည့်နေရာရွေးချယ်ရာတွင်လည်း တတ်နိုင်သမျှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကာ လိုအပ်သည်များ ကိုပါတွက်ချက်လာလျှက် လှူခြင်းဖြစ်ပါသည်။ စုဆောင်းရလာသမျှသော ငွေကလေးကို တတ်နိုင်သမျှ ထိထိရောက်ရောက် ဖြစ်အောင် လှူပါသည်။ မြန်မာပြည်နှင့်ဖုံးဆက်ခ၊ ပစ္စည်းသယ်စရိတ်၊ လမ်းစရိတ် စသည့် အထွေထွေအသုံးစရိတ်ကို အလှူငွေ ထဲမှ မသုံးဘဲ ကျွန်တော်တို့သီးသန့်ထည့်ဝင်ငွေမှသာ သုံးပါသည်။ ဤအတွက် ကျွန်တော်တို့အမာခံများက တစ်လလျှင် ၁၀ သီးသန့်ထပ်စုပါသည်။
များသောအားဖြင့်တော့ လှူမည့်နေရာများကို အသေးစိတ်အချက်အလက်များဖြင့် စုဆောင်းထားကာ မည်သည့် နေရာသို့ မည်သည့်လတွင် လှူမည်ဟု ကြိုတင်သတ်မှတ်ထားပါသည်။ တစ်ခါတစ်ရံ သဘာဝဘေးအန္တရာယ်ကျသဖြင့် အရေးပေါ်အကူအညီလိုသည့်နေရာများကိုမူ အားလုံးသဘောတူညီချက်ဖြင့် အရေးပေါ် ချက်ခြင်းလှူကြပါသည်။
အလှူငွေစုသည့်အချိန်မှာ လခထုတ်ပြီးသည့် လဆန်းပထမပတ် ဖြစ်၏။ အလှူငွေစုံသည်နှင့် အလှူငွေကို အလှူရှင်စာရင်းနှင့်တကွ မြန်မာပြည်ရှိ အလှူကိစ္စလုပ်ကိုင်ပေးမည့်သူထံ ပို့ပါသည်။ အလှူငွေရလျှင်ရခြင်း ထိုသူကလည်း အချိန်ဆွဲမနေဘဲ လှူရမည့်နေရာသို့သွားကာ လိုသည့်ပစ္စည်းများဝယ်ခြမ်းကာ တပါတည်း ဆောင်ကြဉ်းပေးခဲ့ပါသည်။ မြန်မာပြည်ဘက်မှ အလှူကိစ္စများကို အများဆုံးလိုက်ပါ ဆောင်ရွက်ပေးသူမှာ ကျွန်တော့်အစ်မကြီး ဒေါ်ကျင်ကျင်နှင့် ကိုရေချမ်း၏ညီ ကိုမိုးကျော်ဌေးတို့ ဖြစ်ပါသည်။ အခြား ကိုနွယ်ဝင်း၏ ဆွေမျိုးများ၊ ကိုသောင်းတန်၏ အစ်ကို၊ ကိုမြင့်သိန်း၏ ဇနီးသည်၊ မောင်နှမ သားချင်းများ။ အခြားအလှူရှင်များ၏ အဆက်အသွယ်များလည်း အလျဉ်းသင့်သလို လိုက်ပါ ဆောင်ရွက် ပေးကြပါသည်။
ကျွန်တော်တို့လုပ်ပုံကို အကြမ်းဖျဉ်းပြောရလျှင် ပထမ အလှူခံလာသော နေရာသို့သွား၍ ရွာလူကြီးများ၊ တာဝန်ခံများနှင့် တိုင်ပင်ကာ ဘာလိုသလဲ ဆိုတာမေးပါသည်။ ထို့နောက် ထိုလိုအပ်သည့်အရာအတွက် မည်မျှကုန်ကျမည်၊ မည်မျှကြာမည်၊ မည်သို့လုပ်ရမည်၊ မည်သည့်အချိန်တွင်လိုအပ်သည် စသည်တို့ကို လက်သမား၊ ပန်းရံ စသည်တို့ခေါ်ကာ အသေးစိတ်တွက်ချက်ကြပါသည်။ ဥပမာ - ကျွန်တော်တို့လှူမည်ဟု ရွေးချယ်ထားသောနေရာမှာ အစိုးရမူလတန်းကျောင်း တစ်ခု ဖြစ်ပြီး ကျောင်းကို သွပ်အမိုးလှူရန် ဆုံးဖြတ်သည် ဆိုပါစို့။ သွပ်မိုးရန် သစ်မည်မျှလိုမည်၊ သွပ်မည်မျှ၊ သံမည်မျှ၊ သယ်ခ၊ လက်သမားခ စသည် အားလုံးကို တွက်ချက်သည်။
ထိုသတင်းအချက်အလက်များကို စင်ကာပူရှိ ကျွန်တော်တို့ထံ ပို့ပေးသည်။ ကျွန်တော်တို့က မည်သည့်လတွင်လှူရန် သင့်တော်သည်ဟု ဆုံးဖြတ်ကာ ထိုသတ်မှတ်ထားသောလတွင် အလှူငွေပို့သည်။ များသောအားဖြင့် အလှူငွေပို့သည့်ရက်မှာ လဆန်း ၁၀ ရက်နေ့ခန့်ဖြစ်၏။
ကျွန်တော်တို့က ပညာရေးနှင့် ကျန်းမာရေးကို အဓိကထားလှူသည်။ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။ သီလရှင်သင် ပညာရေးကျောင်းများ၊ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်း၊ ရေတွင်း၊ ရေကန် စသည်တို့ ဖြစ်ပါသည်။ ဘာသာရေးအဆောက်အအုံများ နှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များကို လှူတာနည်းပါသည်။ မလှူ သလောက်ပင် ဖြစ်၏။ ဤသည်မှာလည်း အကြောင်းရှိပါသည်။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အတော်များများက လှူသည်ဆိုရာတွင် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုန်းကြီးရဟန်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားများ၊ ပရိယတ္တိတက္ကသိုလ်များ၊ တရားပွဲများ စသည်တို့ကိုသာ လှူဘို့ရာ အားသန်သည်။ ဘုရားကိုရွှေချမည်ဆိုလျှင်သာ ထည့်ဝင်မည့်သူများသော်လည်း မူလတန်းကျောင်းမှာ အိမ်သာဆောက်ဘို့ ကိုမူ မည်သူမျှ စိတ်မ၀င်စားပါ။ ပိုက်ဆံထည့်ဘို့ အသာထား။ ပိုက်ဆံလာစုသူများကိုပင် ခပ်ရိုင်းရိုင်းပြောလွှတ်ကြသည်။
ကျွန်တော်တို့ရွာတွင် ကျွန်တော်က စာကြည့်တိုက်လေးတစ်ခု ထောင်ပေးထားသည်။ ၂၀၀၃ ခုနှစ်က ဖြစ်၏။ ဆောက်စက ဓနိမိုးဖြစ်သည်။ ရွာမှလူငယ်များစုကာ ထိုစာကြည့်တိုက်ကလေးကို သွပ်မိုးနိုင်ရန်အတွက် ရွာအတွင်းလှည့်ကာ အလှူငွေကောက်ကြသည်။ ဘုန်းကြီးကျောင်းအတွက်ဆို ထည့်မယ်၊ မင်းတို့စာကြည့်အတွက်တော့ မထည့်နိုင်ဘူးဟေ့ ဟု ပြောင်ပင်ပြောလွှတ်ကြပါသည်။ သိပ်မကြီးလှသော သည်အဆောက်အအုံကလေး သွပ်မိုးဘို့ရာ နှစ်အတန်ကြာ စုယူရပါသည်။
ကျွန်တော်တို့ပို့လိုက်သော အလှူငွေရပြီဆိုသည်နှင့် အစ်မကြီးက လှူရမည့်နေရာသို့သွားကာ ရွာလူကြီးများကို အကြောင်းလည်းကြား၊ လက်သမားလည်းငှား၊ ပစ္စည်းလည်းဝယ်။ ပစ္စည်းများကို ရွာသို့ပို့။ အကယ်၍ ကျောင်းကို သွပ်မိုးရမည် ဆိုလျှင် သွပ်များရောက်သည်နှင့် ချက်ခြင်းမိုးစေကာ ရက်ပိုင်းအတွင်း အပြီးလုပ်ခြင်း ဖြစ်ပါသည်။ နေရာက ရန်ကုန်နှင့် မနီး လျှင် ညအိပ်ညနေ သွားသင့် သွားရပါသည်။ သည့်အတွက် သွားလိုက်ပြန်လိုက် မလုပ်နိုင်။ ကရိကထများလှသည်။ တစ်ခေါက်တည်းနှင့် အပြီးလုပ်ရသည်။
သို့သော် မည်သည့်အရာသည် စင်းလုံးချောရှိပါမည်နည်း။ အဆင်ပြေသည့်နေရာများ အဆင်ပြေသလို။ ပြောရဆိုရ ဆက်ဆံရ။ လုပ်ရကိုင်ရ အင်မတန် လက်ပေါက်ကပ်သောနေရာများလည်း ရှိပါသည်။ ငွေသားမလှူဘူးဆို မလှူရဘူး ဟု ပြောလွှတ်သည့် နေရာများပင် ရှိပါသည်။ နောက်ပိုင်းတွင် ဤအကြောင်းများကို အသေးစိတ်ဖော်ပြပါမည်။
ကျွန်တော်တို့ လုပ်ပုံကိုင်ပုံများကို ပစ္စည်းဝယ်ဘောက်ချာများ၊ ငွေလက်ခံဖြတ်ပိုင်းများ၊ ဓါတ်ပုံများ စသည်တို့ဖြင့် အသေးစိတ် မှတ်တမ်းတင်ထားပါသည်။ ကျွန်တော်က ဤမှတ်တမ်းများကိုစုကာ scan ဆွဲပြီး soft copy ဖြင့် သိမ်းထား၏။ ယခင်ကမူ ထိုစာရွက်စာတမ်းများကို သိမ်းထားသေးသော်လည်း စာရွက်စာတမ်းများမှာ အလွန်များပြား လှသည်ဖြစ်ရာ ကျွန်တော်တို့လို နေရာအတည်တကျ မရှိသူများအဖို့ ထားရသိုရ၊ သိမ်းဆည်းရတာ မလွယ်လှပါ။ ထို့ကြောင့် အရေးကြီးသော စာရွက်စာတမ်းများ၊ ဓါတ်ပုံများ၊ ဂုဏ်ပြုလွှာများကိုသာ သိမ်းထားလျှက် အပြန်အလှန်ရေးကြသောစာများ၊ အလှူခံစာများ၊ ဘောက်ချာများကိုမူ ၂၀၀၅ ခုနှစ်တွင် (နှမြောပင်နှမြောသော်လည်း) အားလုံးပစ်လိုက်ပါသည်။ သို့သော် soft copy များကိုမူ CD ဖြင့် အလှူရှင်အားလုံးသို့ နှစ်ပတ်လည်ရေစက်ချပွဲများတွင် ဝေငှပေးခဲ့ပါသည်။
(၃၆) စနေဓမ္မမိတ်ဆွေများအဖွဲ့ လှူဒါန်းပုံ
၂၀၀၁ ဒီဇင်ဘာတွင် မော်လမြိုင်အရေပြားရောဂါ အထူးကုဆေးရုံသို့ ငွေ ကျပ် ၂ သိန်းလှူခဲ့ပြီး ၂၀၀၂ ဇန္န၀ါရီလတွင် အင်ဒိုနီးရှားနိုင်ငံတွင် တည်ဆောက်လျှက်ရှိသော ရွှေတိဂုံပုံတူစေတီတော်သို့ အရံစေတီတစ်ဆူအတွက် ငွေကျပ် တစ်သိန်း၊ ရန်ကုန်မြို့၊ သာကေတရှိ မှန်ကင်းပရဟိတဂေဟာသို့ ငွေကျပ် တစ်သိန်း လှူခဲ့ပါသည်။ မှန်ကင်းကျောင်းမှဆိုလျှင် သူတို့ကို လစဉ်လှူမည်မှတ်သဖြင့် အလွန်ဝမ်းသာနေသည်ဟု ကြားသိရသဖြင့် ကျွန်တော်တို့မှာ စိတ်ပင် မကောင်းကြပါ။ သို့သော် ကျွန်တော်တို့ရည်ရွယ်ချက်မှာ တစ်နေရာထဲ စောက်ချလှူမှာ မဟုတ်သည့်အတွက် မတတ်နိုင်ပါ။
၂၀၀၂ ဖေဖော်ဝါရီလတွင်မူ ကောက်ခံရရှိငွေမှာ စင်ကာပူဒေါ်လာ ၁၃၄၅ ထိ တိုးလာပါသည်။ ထိုအလှူငွေကို လေးမျက်နှာမြို့နယ်၊ ၀ါတောကွင်းကျေးရွာ မူလတန်းကျောင်းသို့ ကျပ်တစ်သိန်း၊ ရန်ကုန်၊ ကျောက်မြောင်း၊ အောင်မင်္ဂလာလမ်း ရှိ မင်္ဂလာသုခ ပါဠိတက္ကသိုလ်သို့ ကျပ်တစ်သိန်းသုံးထောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၀ိသာခါ သီလရှင်သင်မူလတန်းကျောင်းသို့ ကျပ်တစ်သိန်း၊ ပုလဲမြို့သစ်၊ မြသိင်္ဂီသီလရှင်သင် မူလတန်းကျောင်းသို့ ကျပ်တစ်သိန်း စသဖြင့် ခွဲဝေလှူဒါန်းလိုက်ကြသည်။
ဝါးတောကွင်းကျောင်းအတွက် စာသင်ခုံများ၊ ဆရာထိုင်ခုံများ၊ နာရီ၊ ကျောက်သင်ပုန်းကြိး စသည်တို့ လှူဒါန်းခဲ့၏။ လှူဒါန်းရာတွင် ကျွန်တော့်အစ်မကြီးက သစ်များကိုကိုယ်တိုင်ဝယ်၊ လက်သမားကိုယ်တိုင်ငှားကာ ကြပ်ကြပ်မတ်မတ် လုပ်ကိုင် ပေးခဲ့ခြင်းဖြစ်၏။ သီလရှင်သင် မူလတန်းကျောင်းများကား အတော်လေး အခြေအနေဆိုး၏။ မြသိင်္ဂီကျောင်းမှာ တဲပုတ် ကလေးထဲတွင် သီလရှင်များနေကာ တဲစုတ်ကလေးထဲတွင် ကလေးများကို စာသင်ပေးနေခြင်းဖြစ်၏။ သူတို့က ကျောင်းကောင်းကောင်းလေး ဆောက်ချင်သည်။ ယခုအလှူငွေကိုမူ အရေးပေါ်လိုနေသော စားစရိတ်ထဲထည့်လိုက်ရသဖြင့် ကျောင်းဆောက်ခန်း မရောက်ခဲ့။ ဆရာကြီးများက သူတို့မှာ မည်သည့်နေရာတွင် မည်သည့်ပစ္စည်းကို ဈေးချိုချိုဖြင့် ရမည်နည်း စနည်းနာကာ လိုက်ဝယ်နေရသဖြင့် ပစ္စည်းလှူမည့်အစား ငွေသားလှူရန် ပြောပါသည်။ ကလေးများ၏ စားဝတ်နေရေး တာဝန်ယူထားရသော သည် သီလရှင်ဆရာကြီးများမှာ မယုံစရာမရှိသဖြင့် ကိုရေချမ်းက သူတို့ပြောသလို ငွေသားသာ လှူခဲ့ပါသည်။
၂၀၀၂ မတ်လတွင် ကိုရေချမ်း မြန်မာပြည်ရှိ မိဘရပ်ထံ ခေတ္တပြန်ပါသည်။ သူမြန်မာပြည်၌ရှိနေစဉ် သာသနာရေး ၀န်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးအဖွဲ့မှ ဦးစီးမှုး ဦးတင်ထွဋ်နှင့် သွားတွေ့ကာ ကျွန်တော်တို့အလှူအကြောင်း ဂဃနဏ ပြောပြသောအခါ ဦးတင်ထွဋ်က မြန်မာတပြည်လုံးရှိ ဘုန်းတော်ကြီးသင်၊ သီလရှင်သင် ပညာရေးကျောင်းများ စာရင်းကို ပေးလိုက်ပါသည်။ ထို့ပြင် သူက သည်ကျောင်းများအကြောင်း သေသေချာချာသိသဖြင့်လည်း ကိုရေချမ်းကို ဘယ်ကျောင်းအခြေအနေကတော့ ဘယ်လိုရှိတယ်၊ ဘယ်ကျောင်းကတော့ အမြန်လှူနိုင်ရင် ပိုကောင်းမယ်။ ဘယ်ကျောင်းက တော့ တော်တော်လေး အခြေအနေဆိုးတယ် စသည်ဖြင့် လမ်းညွှန်လိုက်ပါသေး၏။ ထိုမျှသာမက ကိုရေချမ်း ထိုကျောင်းများသို့ အလှူကိစ္စများသွားရောက်ဆောင်ရွက်စဉ်လည်း လိုက်ခဲ့ပါသေးသည်။ တာဝန်အရသာမဟုတ်ဘဲ စေတနာ အပြည့်နှင့်ဆောင်ရွက်ပေးသော ပုဂ္ဂိုလ်ကြီးပါပေတည်း။
ကိုရေချမ်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသို့ လည်း သွားကာ ကျွန်တော်တို့အဖွဲ့အကြောင်း ရှင်းပြရာ လူမှုဝန်ထမ်းဦးစီးဌာနက တစ်နိုင်ငံလုံးမှ သူတို့လက်အောက်ရှိ ကလေးပြုစုရေးဌာနများ၊ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းများ၊ မသန်မစွမ်းသင်တန်း ကျောင်းများ၊ မျက်မမြင်ကျောင်း၊ နားမကြားကျောင်း၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများနှင့် အခြား ချို့တဲ့သော စေတနာ့ ၀န်ထမ်းအဖွဲ့အစည်းများစာရင်း အပြည့်အစုံကို ပေးခဲ့ပါသည်။
ကိုရေချမ်းက လှူမည်ဟု ကျွန်တော်တို့ ရွေးထားသောနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းကာ လိုအပ် သောပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ယူ။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူခဲ့၏။ တေဇာရာမ နှင့် တိုင်တစ်ရာ ဘုန်းတော်ကြီးသင်ကျောင်းများမှ လိုအပ်နေသော စာသင်ခုံများကို သူ့သူငယ်ချင်း လက်သမားများအား ခေါ်ယူလျှက် သူ့အိမ်၌ ပင် ပြုလုပ်စေပြီး ထိုခုံအားလုံးကို သူပိုင်ကားဖြင့် ကျောင်းများသို့ ကိုယ်တိုင်သွားလှူခဲ့သည်။ အခြားလှူဒါန်းပြီးသော နေရာများ သို့လည်း မျက်မြင်သွားရောက်ကြည့်ရှုကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ခဲ့သည်။
ကိုရေချမ်းသွားရောက်လှူခဲ့သော နေရာများမှာ ရွှေပြည်သာရှိ တေဇာရာမ ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း၊ အနောက်အုတ်ကျင်းကျောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိုင်တစ်ရာကျောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၀ိသာခါ သီလရှင်သင် မူလတန်းကျောင်း၊ ပုလဲမြို့သစ်ရှိ မြသိင်္ဂီသီလရှင်သင် မူလတန်းကျောင်း၊ ၀ါးတောကွင်းကျေးရွာ အ.မ.က တို့ဖြစ်ပါသည်။ ၀ါးတောကွင်းကျေးရွာသို့ သွားရောက်လှူဒါန်းစဉ်က အနီးအနားရှိကျောင်းများသို့လည်း သွားရောက်ကာ ဆင်းရဲနွမ်းပါးသော ကျောင်းများအခြေအနေကို ကြည့်ရှုမေးမြန်းစုံစမ်းကာ ဓါတ်ပုံများရိုက်ယူခဲ့ပါသည်။ ထိုကျောင်းများအနက် ပန်းတောကြီး အ.ထ.က နှင့် ပိန္နဲကွင်း အ.မ.က တို့ကို လှူဒါန်းရန် ရွေးချယ်ခဲ့သည်။ ထိုအတောအတွင်း ရေဖြူကျောင်းမှလည်း သတင်းကြား သဖြင့် လာရောက်ကာ ဓါတ်ပုံအချက်အလက်အပြည့်အစုံနှင့် ရှင်းလင်းပြောပြပြီး စာသင်ခုံများနှင့် ကျောက်သင်ပုန်းများ အလှူခံလာပါသည်။
ကျွန်တော်တို့အဖွဲ့တွင်လည်း ကိုကျော်နိုင်စိုး၊ ကိုဝင်းမြင့်၊ ကိုကျော်ဇော၊ ကိုတင်ကို၊ ကိုမိုးဦးတို့ ပူးပေါင်းပါဝင်လာကာ အင်အားတောင့်တင်းလာပါသည်။ အလှူကိစ္စများအား သူတစ်လက်၊ ငါတစ်လက်ဖြင့် တတ်နိုင်သည့်ဘက်မှ စုပေါင်းလုပ်ကြရာ ပျော်စရာ၊ စိတ်ချမ်းသာစရာ ကောင်းလှပါသည်။
(၃၇) ကိုရေချမ်းနှင့် အစ်မကြီးဒေါ်ကျင်ကျင်တို့ အလှူကိစ္စများ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပုံ
ကျွန်တော်တို့မှာ ဝေးလံခေါင်ဖျားသော ဒေသများ၊ အလှူရှင်များလက်လှမ်းမမီနိုင်သော နေရာများ၊ ဒေသခံပြည်သူတို့ ဆင်းရဲနွမ်းပါးလှသော ဒေသများကို ရွေးချယ်လှူဒါန်းသည်ဖြစ်ရာ ဆက်သွယ်ရေး၊ သွားလာရေး၊ အလှူပစ္စည်းများ ပေးပို့ရေး တို့တွင် အလွန်ခက်ခဲပါသည်။ သူ့အတွေ့အကြုံများကို ကိုရေချမ်းက အောက်ပါအတိုင်းပြောပြပါသည်။
“ကျွန်တော်ရယ် အစ်မကြီးရယ် မြသိင်္ဂီသီလရှင်ကျောင်းကို သွားတော့ အောင်မယ်လေး၊ ဝေးလိုက်တာ မပြောပါနဲ့ တော့ဗျာ။ ဘတ်စ်ကားကို ဂိတ်ဆုံးထိစီး။ ပြီးတော့ နာရီဝက်လောက် ဆက်ပြီး လမ်းလျှောက်ရသေးတယ်။ အဲဒီက ကျောင်းအုပ်ဆရာလေးက ပြောတယ်။”
“အရင်တုံးကတော့ ကျောင်းကို လမ်းနဲ့နီးနီးထားတာပါ။ ဒါပေမဲ့ လမ်းနဲ့နီးတော့ ပြဿနာတွေများတယ်။ သီလရှင်ဆိုတာ မိန်းကလေးတွေမို့ ထိန်းရတာ မလွယ်ပါဘူး။ ယောက်ျားလေးတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက်တွေ ဖြစ်လာရင် ကျောင်းသိက္ခာကျတယ်။ နောက်ပြီး တော်ကြာလူထွက်လိုက်၊ တော်ကြာသီလရှင်ပြန်ဝတ်လိုက်နဲ့ အရမ်းဇယားရှုပ်တယ်။ အဲဒါ ကြောင့်မို့လို့ ကျောင်းကို ဒီနေရာ ရွှေ့လိုက်ရတာပါ” တဲ့။
“ကျွန်တော်တို့က ငွေသားမလှူဘဲ ပစ္စည်းပဲလှူမယ်လို့ပြောတော့ ဆရာလေးက သူတို့လုပ်နေရပုံကို ရှင်းပြတယ်။ “ဆရာလေးတို့ကတော့ ပစ္စည်းအစား ငွေသားပဲ လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာလေးတို့က ဘယ်နေရာမှာ ဘာပစ္စည်းတွေ ဈေးကျသလဲ အမြဲစုံစမ်းနေပြီး ဈေးကျတဲ့ပစ္စည်းကို ချက်ခြင်းကောက်ဝယ်ထားလိုက်ရတာ။ ထင်းဈေးကျရင် ထင်း၊ ဆန်ဈေးကျရင် ဆန်၊ ဆီဈေးကျရင် ဆီ စသဖြင့်ပေါ့။ ဒီတော့ လက်ထဲမှာသာ ငွေရှိထားရင် ဈေးကျတဲ့ပစ္စည်းကို ချက်ခြင်းဝယ်ထားနိုင်တာပေါ့။” တဲ့။ ဒါနဲ့ ကျွန်တော်တို့လည်း ပိုက်ဆံပဲ လှူလိုက်တော့တယ်။ သူတို့က ကလေးတွေအတွက် တကယ်လုပ်နေကြရတာဆိုတော့ မဟုတ်တာ လုပ်မယ်မဟုတ်ပါဘူး။”
ဆက်လက်၍ ကိုရေချမ်းက -
နောက်ပြီး သူတို့ဒီကျောင်းကလေး ဆောက်ရပုံလည်း ပြောပြသေးတယ်။
“ဆရာလေးတို့နေတာက အားလုံး သီလရှင်ချည်းပဲဆိုတော့ ကျောင်းဆောက်ဖို့ လက်သမားငှားရင် လက်သမား ယောက်ျားလေးတွေနဲ့ သီလရှင်ပေါက်စတွေ ပြဿနာတက်လာနိုင်တယ်။ ဒါနဲ့ ဆရာလေးတို့ ဘယ်လက်သမားမှ မခေါ်ဘဲ ဒီကျောင်းလေးကို ကိုယ့်ဘာသာကိုယ် တိုင်ထူ။ ကိုယ့်ဘာသာကိုယ်မိုး။ ကိုယ့်ဘာသာပဲ ကာ ပေါ့။ အမိုးမိုးတော့ တိုင်ကီတွေ ဆင့်၊ သီလရှင်နှစ်ပါးက ကိုင်ထား။ ကျန်တဲ့တစ်ပါးက တက်မိုးပေါ့။ အနားမှာရှိတဲ့ ကျောင်းက ကိုယ်တော်တွေက ဆရာလေး တို့လုပ်ကိုင်နေတာ အမြင်မတော်တော့ ၀ိုင်းဝန်းလုပ်ပေးကြတယ်။ ဒီလိုနဲ့ ဒီကျောင်းလေး ဖြစ်လာရတာပဲ။”
“ကျောင်းက ၀ါးဆောင်လေးပါဗျာ။ အလှူရှင် ပါးရှားတော့ အတော်လေး ဆင်းရဲရှာတယ်။ သူတို့ကျောင်းက မိဘမဲ့ မိန်းကလေးတွေခေါ်ပြီး ကျွေးမွေး၊ အ၀တ်ဆင်ပေး၊ စာသင်ပေးတယ်။ အနီးအနားက ဆင်းရဲတဲ့ ကလေးမလေးတွေလည်း ခေါ်ပြီး စာသင်ပေးတယ်။ လူတွေကဗျာ။ ဘုန်းတော်ကြီးတွေ ကျရင်သာ ရက်ရက်ရောရောလှူချင်ကြတာ။ သီလရှင်တွေဆို သိပ်လှူချင်တာ မဟုတ်ဘူး။ သူတို့ခမျာ၊ ခံလို့ရတဲ့ ဆွမ်းဆန်လေးတွေ၊ အလှူငွေလေးတွေနဲ့ပဲ ရပ်တည်နေရရှာတာ။ ကျွန်တော့် သဘောအရဆိုရင် အဲဒီကျောင်းလေးကို တစ်ခေါက်လောက် ပြန်ပြီးလှူချင်သေးတယ်။”
ထို့ပြင် ၀ါးတောကွင်းကျေးရွာ အ.မ.က သို့စာသင်ခုံများလှူခြင်းအတွက် ရေစက်ချပွဲသို့ သွားရောက်ခဲ့ပုံကိုလည်း အောက်ပါအတိုင်း ပြန်ပြောပြပါသည်။
“ကျွန်တော်တို့ ၀ါးတောကွင်းကျောင်း ရေစက်ချပွဲကို လာမယ်ဆိုတာ အစ်မကြီးက ကြိုအကြောင်းကြားထားတော့ ကားလမ်းကို လာကြိုနေတာ လှည်းဆယ်စီးလောက်ရှိတယ်ဗျို့။ မနက် သုံးနာရီလောက်ကတဲက လာကြိုနေကြတာတဲ့။ ကားက ဘယ်အချိန်ဆိုက်မယ်မှန်း သေသေချာချာမသိတော့ အစောကြီးလာကြတာ။ ကျွန်တော်တို့ရောက်တော့ နေ့မွန်းတည့် ၁၂ နာရီရှိနေပြီ။ သူတို့ တစ်မနက်လုံး စောင့်နေရတာ။ ကျွန်တော်စီးတဲ့လှည်းကို မောင်းတဲ့ ကောင်လေးက ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ နွားတွေကလည်း ဒီကောင်လှည်းမမောင်းတတ်ဖူး ဆိုတာ သိတယ်ထင်ပါရဲ့ဗျာ။ တစ်တောင်လောက်မြင့်တဲ့ ကန်သင်းတွေပေါ်ဖြတ်ပြေး၊ ခြံတွေဝင်တိုး နဲ့ ကျွန်တော်တော့ တစ်ခါထဲနဲ့ နွားလှည်းဆို တပ်လန်သွားတာပဲဗျို့၊ ဟား ဟား ဟား။”
ဆက်လက်၍ -
“အလှူလုပ်ရတာ ပျော်စရာကောင်းပါတယ်ဗျာ။ တောသူတောင်သားတွေဆိုတော့ ဘာမှ ဟန်ဆောင်နေတာ မဟုတ်ဘူး။ ပြောလဲပွင့်ပွင့်လင်းလင်း၊ စားကြတာလဲ အားရပါးရ။ ဒါနဲ့ ညနေကျတော့ ကာလသားတစ်ဖွဲ့က အရက်သောက်ချင် တယ်ဆိုလို့ ကိုင်း၊ ကျွန်တော်တော့ မသောက်တတ်ဖူး။ ခင်ဗျားတို့သောက်ချင် သောက်ကြ ဆိုပြီး ငွေ ၃၀၀၀ ထုတ်ပေးလိုက် တယ်။ မနက်မိုးလင်းလို့ အစ်မကြီးသိတော့ ဆူလိုက်ပွက်လိုက်တာ မပြောပါနဲ့တော့ဗျာ။
ရေစက်ချပွဲပြီးတော့ ကျွန်တော်တို့ ရွာနီးချုပ်စပ်တွေ လိုက်ကြည့်ကြတယ်။ ပိန္နဲကွင်း၊ ကမ်းပြိုတောင်က ဘုန်းကြီး အလောင်းတောင် ၀င်ဖူးခဲ့သေးတယ်။ ပိန္နဲကွင်းကျောင်းမှာလည်း စာသင်ခုံက အလုံအလောက်မရှိတာကြောင့် စာသင်ခုံတွေ လှူမယ်လို့ ပြောခဲ့တယ်။ နောက်ပြီး ပန်းတောကြီးကျောင်းလည်း ရောက်ခဲ့သေးတယ်။ အဲဒီက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဦးက ကျောင်းက Multimedia Room အတွက် အလှူခံတယ်။ ကျွန်တော်လည်း သင့်တော်တဲ့ တစ်လမှာ လှူဘို့ သူငယ်ချင်းတွေဆီ အကြောင်းကြားလိုက်ပါမယ်လို့ ပြောခဲ့တယ်။”
ဝါးတောကွင်းမှ ပြန်လာပြီးနောက် ရန်ကုန်အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးသင်ကျောင်းများသို့ သွားရောက် လှူဒါန်းပါသည်။
ကိုရေချမ်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများစာရင်း စာအုပ်ကြီးပေးလိုက်သောအခါ ကျွန်တော်တို့က ကောင်းနိုးရာရာကျောင်းများ ရွေးပေးလိုက်သည်။ သို့သော် ထိုစာအုပ်၌ ကျောင်းနာမည်သာပါပြီး လိပ်စာအတိအကျမပါ။ ထိုအခါ ထိုကျောင်းများအတွက် အလှူငွေပို့လိုက်ပြီး လှူမည်လည်း ဆိုရော လိပ်စာမရှိသဖြင့် ဒုက္ခရောက်ရပုံကို ကိုရေချမ်းက အောက်ပါအတိုင်း ပြောပြပါသည်။
“ကိုအေးငြိမ်းတို့က တေဇာရာမ၊ အနောက်အုတ်ကျင်း နဲ့ တိုင်တစ်ရာကျောင်းတွေလှူမယ်ဆိုတော့ ဘယ်ကိုသွားရ မလဲ၊ ဘယ်သူ့ကိုဆက်သွယ်ရမလဲ ဘာမှ တိတိကျကျ မသိတော့ အစ်မကြီးတို့အနေနဲ့ လုပ်ရကိုင်ရတာ အတော် ဒုက္ခရောက် တယ်။ နောက်မှ သာထွန်းပြန့်က ဦးစီးမှုး ဦးတင်ထွဋ်နဲ့ဆက်မိတယ်။ ဦးတင်ထွဋ်ကတော့ အားတက်သရော အကူအညီ ပေးတယ်။ သူပဲအဲဒီကျောင်းတွေလိုက်ပို့၊ လှူဘို့လည်း သူပဲစီစဉ်ပေး၊ လှူတဲ့နေရာတွေကိုလည်း သူလိုက်လာတယ်။ သူ့စရိတ်နဲ့သူ လိုက်လုပ်ပေးတာ။ သူ့ကို အရမ်းကျေးဇူးတင်တယ်။ သူလိုက်လုပ်ပေးလို့ အကုန်အဆင်ပြေပေတာပဲ။ နို့မို့ဆိုဗျာ။ မြသိင်္ဂီလိုနေရာမျိုး လိပ်စာသိတောင် လိုက်ရှာဘို့လွယ်တာမဟုတ်ဘူး။”
ရွှေပြည်သာရှိ တေဇာရာမ၊ အနောက်အုတ်ကျင်း၊ ဓမ္မာစရိယ စသည့်ဘုန်းတော်ကြီးသင်ကျောင်းသို့ သွားရောက် လှူဒါန်းပုံကိုလည်း ကိုရေချမ်းက အောက်ပါအတိုင်း ဖောက်သည်ချပါသည်။
“ကျောင်းထိုင်ဆရာတော်က ရခိုင်လူမျိုးထင်တယ်ဗျ။ မိဘမဲ့ကလေးတွေကို ကျောင်းအိပ်ကျောင်းစား မွေးထားပြီး တခြား ဆင်းရဲတဲ့ကလေးတွေကိုတော့ နေ့တက်ခိုင်းတယ်။ ကျောင်းသားစုစုပေါင်း နှစ်ထောင်လောက် ရှိတယ်။ ဆရာဆရာမ တွေကိုတော့ လခပေးပြီး ငှားထားရတာတဲ့။ သူတို့လဲပဲ သိပ်တော့ လခမများကြပါဘူး။ ဒါပေမဲ့ ဘုန်းကြီးကလည်း သူတတ်နိုင် သလောက် ပေးရတာပဲ။ အဲဒီလိုပေးနိုင်ဘို့တောင် ကျောင်းသားလေးတွေဆီက ၅၀ - ၁၀၀ စသဖြင့် ကောက်ရသေးတယ်။ ဆရာ၊ ဆရာမတစ်ယောက်ကို လခ ၃ - ၄၀၀၀ လောက်ပဲရကြတာပါဗျာ။ ဆရာဆရာမအများစုက အဲဒီကျောင်းကအောင်သွား တဲ့ ကျောင်းသားဟောင်းတွေဖြစ်လို့ ဘုန်းကြီးက ကျောင်းမှာပဲ ပြန်ခန့်ထားတာ။ အဲဒီက တာဝန်ခံဆရာကြီးက M.Sc အောင်ပြီး သားတဲ့။ သူတောင်မှ လခ ၄၀၀၀ ပဲရတယ်။ ဒါပေမဲ့ သူလည်း သူ့ခံယူချက်နဲ့ သူပေါ့။ အဲဒီဆရာကြီးက ပြောတယ်။”
“သူငယ်ချင်းတွေက မင်းဘာလို့ ဒီလိုနေရာမျိုးမှာ လာထိုင်နေရသလဲ၊ တခြားကုမ္ပဏီတွေမှာလုပ်ရင် လခ တစ်သောင်းကျော်၊ နှစ်သောင်းရတယ် တဲ့။ ဒါပေမဲ့ ကျွန်တော်ဒီမှာလုပ်နေရင် နေစရာမပူရဘူး။ အချိန်တန်လို့ကျောင်းသွားရင် ထမင်းတစ်နပ်တော့ စားရတယ်။ နောက်ပြီး ကျောင်းသားတွေနဲ့ လုံးချာလည်လိုက်နေတော့ လဖက်ရည်ဆိုင်ထိုင်ဘို့၊ ဟိုဟို ဒီဒီ လျှောက်သွားဘို့ အချိန်မရှိတော့ အပိုကုန်စရာလည်း မရှိတော့ဘူး။ ဒီတော့ ကျွန်တော့်အတွက် အပိုစရိတ်စက ဘာကုန်စရာမှ မရှိတော့ဘူးလေ။ နောက်ပြီး မိဘမဲ့ကလေးတွေကို စာသင်ပေးရတော့ ကုသိုလ်အများကြီးရတယ်။ အဲဒါကြောင့် ကျွန်တော် ဒီမှာ မြဲနေတာ - တဲ့။”
ကျောင်းအခြေအနေကို ကိုရေချမ်းက အောက်ပါအတိုင်း ဆက်ပြောပြပါသည်။
“ကျောင်းက အလယ်တန်းကျောင်းဆိုတာ့ ၈ တန်းအောင်ပြီးတဲ့ ကလေးတွေကို အထက်တန်းကျောင်း ပို့တဲ့အခါ ကျောင်းအပ်ခ၊ စာအုပ်စာတမ်းကြေး၊ ကျောင်းဝတ်စုံစရိတ် စသဖြင့်ပေးဘို့ ငွေရေးကြေးရေးအခက်အခဲရှိတယ်။ ကျောင်းသား ကလည်း တစ်ယောက်ထဲမဟုတ်တော့ ငွေကလည်း မနည်းလှဘူး။ အလှူရှင်မရှိတဲ့အခါ ကျောင်းကို အကြွေးအပ်ထားရတာ တွေတောင်ရှိတယ်လို့ ဆရာတော်က မိန့်တယ်။ နောက်ပြီးတစ်နှစ်လုံးစာ ကျောင်းစရိတ်လည်း ထည့်တွက်ရသေးတယ်။ ဒါက တစ်နှစ်ထဲမဟုတ်ဘူး။ နှစ်တိုင်းကြုံနေရတဲ့ ပြဿနာ။ ဘုန်းကြီးက သူတတ်နိုင်သရွေ့ပဲ ကလေးတွေကို ကျောင်းထားပေးချင် တယ်။ ကလေးတွေကို ဘန်းပြပြီး အလှူခံတာမျိုးမလုပ်ချင်ဘူး။ နောက်ပြီး ကျောင်းမှာက အိမ်သာကောင်းကောင်းမရှိဘူးဗျ။ ကျွန်တော့်သဘောအရတော့ နောက်တစ်ခါလှူရင် အိမ်သာဆောက်ပေးစေချင်တယ်။”
အနောက်အုတ်ကျင်းကျောင်းမတော့ တစ်မျိုးဖြစ်သည်။ ကျောင်းတွင်လိုနေသည့် စာသင်ခုံ၊ စားပွဲစသည်များကို ဂျပန်မှ အလှူရှင်များလာရောက်လှူဒါန်းသွားပြီးဖြစ်၍ အားလုံးပြည့်စုံပြီ။ သို့သော် လိုအပ်နေသည်မှာ ဆရာဆရာမများကို လခ ပေးရေး ဖြစ်၏။ သို့အတွက် အလှူငွေအားလုံးကို ဆရာဆရာမများ လခပေးရန် စိုက်ထူထားသော ပညာရေး ငွေပဒေသာပင်ထဲ ထည့်ဝင်လိုက်သည်။ ထို့အတူပင် ဓမ္မာစရိယကျောင်းတွင်လည်း ဆရာတော်နှင့်တိုင်ပင်ကာ ကျောင်း၌လိုနေသေးသော ဆရာစားပွဲနှင့်ထိုင်ခုံ ၅ စုံ နှင့် ပိုသောငွေကို ပညာရေးငွေပဒေသာပင်ထဲ ထည့်ဝင်လိုက်သည်။
ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ပုံများကို မိတ်ဆွေများသို့ ပြန်လည်ဖောက်သည်ချသောအခါ သူတို့ကလလည်း အားတက်သရော အလှူငွေများထည့်ပါသည်။ အလှူခံသောနေရာများမှာ အလွန်များပြားလာရကား ရသောအလှူငွေများကို တစ်လနှစ်နေရာအစား တစ်လလျှင် ၄ နေရာခွဲဝေလှူရန် တိုင်ပင်ကြပါသည်။
ဆက်ပါဦးမည်။
၃-၉-၂၀၁၁၊ ညနေ ၄း၅၀ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027
No comments:
Post a Comment